အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း ၈၃
ချင်ဟွိုင်ယွီကို ဆဲဆိုပြီးနောက် ဟယ်ယွီရွှိန်သည် ရဲစခန်းသို့ အပြေးအလွှား သွားရောက်ခဲ့သည်။ သူမသည် ရဲအရာရှိများထံတွင် ဟယ်ယွီကျူးကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးရန် တောင်းပန်ချင်သည်။
သို့သော် ရဲစခန်းသို့ ရောက်ရှိသည်နှင့်တပြိုင်နက် ရဲအရာရှိများက ဟယ်ယွီကျူးသည် သီတင်းတစ်ပတ်ကြာ စိတ်ကူးအတွေးအခေါ်ပိုင်းဆိုင်ရာ ပညာပေးမှု ခံယူရမည်ဖြစ်ကြောင်း အသိပေးလာသည်။
စိတ်ကူးအတွေးအခေါ်ပိုင်းဆိုင်ရာ ပညာပေးမှု မခံယူရသေးသရွေ့ လုံးဝ လွှတ်ပေးမည် မဟုတ်ပေ။ အခြားနည်းလမ်းမရှိသဖြင့် သူမသည် အကျိုးအမြတ်မရှိဘဲ လှည့်ပြန်လာခဲ့ရသည်။
ယခုအချိန်တွင် အချိန်လည်း မစောတော့ဘဲ တဖြည်းဖြည်း မှောင်မိုက်လာခဲ့ပြီ ဖြစ်သည်။ သူမ၏ စိတ်အခြေအနေကဲ့သို့ပင် မည်သည့် အရောင်အသွေးမျှ မရှိတော့ပေ။ ဝမ်းနည်းကြေကွဲမှုများကြားတွင် သူမသည် လူသူကင်းမဲ့သော လမ်းလေးပေါ်၌ ဖြည်းညင်းစွာ လျှောက်လာသည်။
မကြာမီတွင် အချိန်က ညဆယ်နာရီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် လမ်းမပေါ်၌ မှိန်ပျပျ လမ်းမီးတိုင် အနည်းငယ်သာ ရှိတော့သည်။
လမ်းပေါ်တွင် လူအချို့က ဟယ်ယွီရွှိန်ကို တစ်ချက်တစ်ချက် လှမ်းကြည့်တတ်ကြသော်လည်း လမ်းမတစ်လျှောက်လုံးတွင် လူသူကင်းမဲ့သလောက်ပင် ဖြစ်နေသည်။
ဟယ်ယွီရွှိန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး အိမ်ပြန်ရောက်မှ ထပ်မံ စဉ်းစားတော့မည်ဟု ရည်ရွယ်လိုက်ချိန်တွင် ရုတ်တရက် မျက်နှာချင်းဆိုင်မှ လူမိုက်သုံးဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုသုံးဦးမှာ မျက်နှာတွင် ကျောက်ပေါက်မာများ ပြည့်နှက်နေပြီး ဟယ်ယွီရွှိန်ကို တစ်ချက်တစ်ချက် မကောင်းသော အပြုံးများဖြင့် အကဲခတ်ကြည့်ရှုနေကြသည်။
ဟယ်ယွီရွှိန်သည်လည်း ထိုလူအချို့ကို သတိပြုမိသွားသည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် အလျင်အမြန် ခေါင်းငုံ့ကာ သူတို့ကို မကြည့်ရဲတော့ဘဲ အိမ်ပြန်မည့် ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လှမ်းလိုက်သည်။ သို့သော် လူမိုက်တစ်ဦးက ဟယ်ယွီရွှိန်၏ရှေ့တွင် ပြုံးစိစိဖြင့် ပိတ်ရပ်လာမည်ဟု မည်သူ ထင်မှတ်ထားခဲ့မည်နည်း။
"ညီမလေး ဒီလောက်တောင် နောက်ကျနေပြီကို အိမ်မပြန်သေးတာဆိုတော့ အပြင်ထွက်လည်တာပဲ ဖြစ်ရမယ်။ အစ်ကိုတို့နဲ့ အတူတူ လိုက်လည်မလား"
ဟယ်ယွီရွှိန်မှာ အနည်းငယ် ကြောက်ရွံ့သွားသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ငါ အိမ်ပြန်တော့မလို့ နင်တို့ လည်ချင်ရင် တခြားလူ သွားရှာကြ"
"တခြားလူ သွားရှာရမယ်… ဒါပေမဲ့ အစ်ကိုတို့က ညီမလေးနဲ့ပဲ လည်ချင်တာလေ"
လူမိုက်သုံးဦးက အချင်းချင်း ကြည့်ကာ သဘောပေါက်စွာဖြင့် ညစ်ညမ်းစွာ ရယ်မောလိုက်ကြသည်။
"ဖယ်ကြ…ငါ ခုနလေးတင်ကမှ ရဲစခန်းကနေ ပြန်ထွက်လာတာ…နင်တို့သာ မဖယ်ဘူးဆိုရင် ငါ လူအော်ခေါ်လိုက်မှာနော်"
ဟယ်ယွီရွှိန်မှာ လန့်ဖျပ်သွားပြီး အသံတွင်လည်း အနည်းငယ် ထိတ်လန့်နေမှုများ ပါဝင်နေသည်။ သို့သော် မည်သူ ထင်မှတ်ထားခဲ့မည်နည်း…ရဲစခန်းကို အကြောင်းပြလိုက်သော်လည်း ထိုသုံးဦးမှာ မကြောက်ရွံ့သည့်အပြင် ပြုံးရွှင်နေကြသေးသည်။
"ရဲစခန်း ဟုတ်လား… အစ်ကိုတို့က ရဲစခန်းကို မသိတာမှ မဟုတ်တာ၊ မနေ့ကမှ ရဲစခန်းကနေ ထွက်လာတာဆိုတော့ အထဲကိုတောင် နည်းနည်း လွမ်းနေပြီ"
"ဟားဟားဟား ဒါမှမဟုတ် ညီမလေးက အစ်ကိုတို့ကို အထဲ ပြန်ဝင်သွားအောင် ကူညီပေးမလား"
ပြောပြီးသည်နှင့် ထိုလူအချို့က အော်ဟစ် ရယ်မောလိုက်ကြသည်။ ဤခေတ်ကြီးတွင် လူဆိုးများ မရှိသည်တော့ မဟုတ်ပေ။ CCTV စနစ်များ မရှိသောကြောင့် ညမှောင်လာသည်နှင့် မကောင်းသူများ ထွက်လာတတ်ကြသည်။
ဟယ်ယွီရွှိန်၏ ရင်ထဲတွင်လည်း ကြောက်ရွံ့လာသည်။ သို့သော် သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာပင် ရုတ်တရက် အမှောင်ထဲမှ ခပ်တိုးတိုး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
"ရဲစခန်းထဲ ဝင်ချင်ရင် ငါ ကူညီပေးမယ်လေ"
စကားသံ အဆုံးတွင် ခန့်ညားသော ပုံရိပ်တစ်ခုက လူအချို့၏အရှေ့တွင် ပေါ်လာသည်။
မှိန်ပျပျ မီးရောင်အောက်တွင် ထိုအမျိုးသား၏ ပခုံးများက လူကို အလွန် ယုံကြည်အားထားလောက်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
"ကောင်စုတ်လေး မင်းကများ"
"မြန်မြန် လစ်စမ်း… မဟုတ်ရင် ဒီအဘိုးကြီး စိတ်တိုလာရင် မင်းကို သေအောင် ရိုက်ပစ်မယ်"
လူမိုက်သုံးဦးက အရိပ်ကို မြင်လိုက်ရသဖြင့် ရဲအရာရှိဟု ထင်မှတ်ခဲ့သော်လည်း တစ်ဖက်လူမှာ လူငယ်လေးတစ်ဦးသာ ဖြစ်ပြီး တစ်ယောက်တည်း ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် ရဲတင်းလာကြသည်။ သို့သော် လူမိုက်များ၏ စကားပင် မဆုံးသေးချေ။ သူတို့ကို ကြိုဆိုလိုက်သည်မှာ ကျယ်လောင်သော ပါးရိုက်သံ သုံးချက်ပင် ဖြစ်သည်။
ဖြန်း… ဖြန်း… ဖြန်း
ကျယ်လောင်သော ပါးရိုက်သံ သုံးချက် ထွက်ပေါ်လာပြီးနောက် လူမိုက်သုံးဦး၏ ပါးစပ်များမှာ ဖောင်းကာ ယောင်လာသည်။
"ခွေးကောင် လက်ပါရဲတယ်ပေါ့၊ မင်းက သေချင်နေ..."
ခေါင်းဆောင်ဖြစ်သူ လူမိုက်က အနည်းငယ် ကြောင်အမ်းသွားပြီး တစ်ဖက်လူက ဤမျှ ရက်စက်မည်ဟု ထင်မထားခဲ့ပေ။ ထို့ကြောင့် ဒေါသတကြီး ဆဲဆိုကာ တစ်ဖက်လူကို သေချာပေါက် ရိုက်နှက်ရန် ပြင်ဆင်လိုက်သည်။ သို့သော် လူမိုက်အချို့မှာ သိသာစွာပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခြင်း ဖြစ်သည်။
သုံးစက္ကန့် အကြာတွင် လူမိုက်သုံးဦးလုံး မှောက်လျက် လဲကျသွားကြသည်။ ပြင်းပြင်းထန်ထန် အရိုက်ခံရပြီးနောက် သုံးဦးစလုံးက တစ်ဖက်လူမှာ အစွမ်းအစများကို ဖုံးကွယ်ထားသော သိုင်းပညာရှင်တစ်ဦးမှန်း သိရှိသွားကြသည်။ မည်သည်မျှ မတွေးတောတော့ဘဲ ချက်ချင်း လှည့်ပြေးကြတော့သည်။
ထိုလူများ ထွက်ပြေးသွားပြီးနောက် ဟယ်ယွီရွှိန်သည် ကြောက်လန့်တကြားဖြင့် မျက်စိရှေ့ရှိ အမျိုးသားကို တစ်ချက် ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာတွင်ပင် ရင်ထဲ၌ ကျေးဇူးရှင်ကို အလွန် ကျေးဇူးတင်နေမိသည်။
မည်သို့ပင်ဖြစ်စေ မည်သည့်မိန်းကလေးမဆို လုံခြုံမှုအပြည့် ပေးစွမ်းနိုင်သော အမျိုးသားများအပေါ် မျက်စိကျတတ်ကြသည်သာ ဖြစ်သည်။
သို့သော် နောက်တစ်စက္ကန့်တွင်ပင် ထိုအမျိုးသား၏ ရုပ်သွင်ကို မြင်လိုက်ရပြီးနောက် ဟယ်ယွီရွှိန်မှာ နေရာမှာပင် ကြက်သေသေသွားသည်။
"ချန်... ချန်ကောဟွား"
ဟယ်ယွီရွှိန်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
မှန်ပေသည်၊မျက်စိရှေ့ရှိ အမျိုးသားမှာ စက်ရုံမှူးယန်နှင့်အတူ ဟယ်ယွီကျူးကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော ချန်ကောဟွားပင် ဖြစ်သည်။
ဟယ်ယွီကျူးကို ရဲစခန်းသို့ ခေါ်ဆောင်သွားပြီးနောက် ချန်ကောဟွားနှင့် စက်ရုံမှူးယန်တို့သည် အရက်အနည်းငယ် သောက်ကြပြီးနောက် အိမ်ပြန်ရန် ရွေးချယ်ခဲ့ကြသည်။ သို့သော် ထင်မှတ်မထားဘဲ အပြန်လမ်းတွင် မိန်းကလေးတစ်ဦးကို လူမိုက်များက နှောင့်ယှက်နေသည့် အသံကို ကြားလိုက်ရသည်။
ထို့ကြောင့် ဘာမှမတွေးတောတော့ဘဲ ချက်ချင်း ဝင်ရောက် ကူညီလိုက်ခြင်း ဖြစ်သည်။ သို့သော် သူကိုယ်တိုင်လည်း ထင်မှတ်မထားသည်မှာ သူ ကယ်တင်လိုက်သော မိန်းကလေးမှာ အခြားသူမဟုတ်ဘဲ ဟယ်ယွီရွှိန် ဖြစ်နေခြင်းပင် ဖြစ်သည်။
ဟယ်ယွီရွှိန်ကို မြင်လိုက်ရချိန်တွင် ချန်ကောဟွားမှာ အနည်းငယ် ကြောင်အမ်းသွားသည်။ မည်သို့ပင်ဖြစ်စေ ယခုလေးတင်ကမှ မိမိကိုယ်တိုင် ဟယ်ယွီကျူးကို အကျဉ်းထောင်ထဲသို့ ပို့ဆောင်ခဲ့ပြီး ယခု သူ၏ ညီမနှင့် တွေ့ဆုံရသဖြင့် အနည်းငယ်တော့ အားနာမိသည်။
သို့သော် အားနာသည်က အားနာသည်သာ…ဟယ်ယွီရွှိန်နှင့် ပတ်သက်၍မူ သူ၏ ရင်ထဲတွင် မည်သည့် ရွံရှာမှုမျှ မရှိပေ။ မည်သို့ပင်ဖြစ်စေ ဟယ်ယွီရွှိန်မှာ သနားစရာကောင်းသော ဇာတ်ကောင်အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။
မူရင်းဇာတ်လမ်းတွင် ဟယ်ယွီရွှိန်သည် ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ ဟယ်တာ့ချင်း၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး ဟယ်ယွီကျူးနှင့်သာ တစ်ယောက်ကိုတစ်ယောက် အားကိုးကာ နေထိုင်ခဲ့ရသည်။ သို့သော် ဟယ်ယွီကျူးဆိုသည့် ဤအရူးမှာ မျက်လုံးထဲတွင် မုဆိုးမမိသားစုကိုသာ မြင်ပြီး မိမိ၏ ညီမအရင်းကိုမူ လုံးဝ ဂရုမစိုက်ခဲ့ပေ။
မူရင်းဇာတ်လမ်းထဲတွင် ပန့်ကန့်က ကြက်ခိုးစားချိန်၌ သူကိုယ်တိုင် အိမ်ထဲတွင် ပုန်းကာ ကြက်စွပ်ပြုတ် သောက်နေခဲ့သကဲ့သို့ပင် ဖြစ်သည်။
ထို့နောက် ရွှီတမောင်းက အိမ်တိုင်ရာရောက် ပြဿနာလာရှာချိန်တွင် သူက ဟယ်ယွီရွှိန်အတွက် ချက်ပေးထားခြင်းဖြစ်ကြောင်း ပြောဆိုသည်။ သို့သော် ဟယ်ယွီရွှိန်မှာ ထိုနေ့က အိမ်တွင် လုံးဝ မရှိခဲ့ပေ။ ဤကြက်စွပ်ပြုတ်မှာ သူကိုယ်တိုင် သောက်ရန်အတွက် ဖြစ်ကြောင်း ထင်ရှားလှ၏။
သို့သော် ဤသို့ဖြစ်နေသည့်တိုင် ဟယ်ယွီရွှိန်က ဟယ်ယွီကျူး၏ နေထိုင်မှုဘဝ ပြဿနာများကို ဖြေရှင်းရာတွင် ကူညီပေးနေဆဲပင် ဖြစ်သည်။ ဥပမာအားဖြင့် သူမကို စွန့်ပစ်သွားခဲ့သော ဟယ်တာ့ချင်း ပြန်ရောက်လာချိန်တွင် သူမက သူတို့ သားအဖနှစ်ဦး၏ ပဋိပက္ခကို ဖြေရှင်းပေးရန် ကြိုးစားခဲ့သေးသည်။
အိမ်ရာဝင်းအတွင်းရှိ အောက်ခြေလွတ်နေသော တိရစ္ဆာန်များနှင့် နှိုင်းယှဉ်ပါက ဟယ်ယွီရွှိန်က အတော်လေး ကောင်းမွန်သောသူဟု ဆိုနိုင်သည်။ ထို့ကြောင့် သူမ၏ အဖြစ်အပျက်များအပေါ် သနားမိခြင်း ဖြစ်သည်။
ချန်ကောဟွားအကြောင်းကို ပြန်ဆက်ရလျှင် ဟယ်ယွီရွှိန်က သူ၏ နာမည်ကို ခေါ်လိုက်ပြီးနောက် ချန်ကောဟွားကလည်း မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
"ဒီလောက်တောင် နောက်ကျနေပြီကို အိမ်မှာမနေဘဲ တစ်ယောက်တည်း အပြင်မှာ ဘာထွက်လုပ်နေတာလဲ"
ပြောပြီးသည်နှင့် ဟယ်ယွီရွှိန်က သူမ၏ အစ်ကိုဖြစ်သူကို ချင်ဟွိုင်ယွီက ရဲစခန်းရောက်အောင် ဒုက္ခပေးခဲ့သည့် ကိစ္စကို ရုတ်တရက် သတိရသွားသည်။ ယင်းကို တွေးမိပြီးနောက် ဟယ်ယွီရွှိန်က နာကြည်းစွာဖြင့် ပြောလိုက်သည်။
"ငါအစ်ကိုက သူများဒုက္ခပေးလို့ အကျဉ်းထောင်ထဲ ရောက်သွားပြီ၊ ငါ စိတ်မကောင်းဖြစ်လို့ အပြင်ထွက် လမ်းလျှောက်လို့ မရဘူးလား"
ဟယ်ယွီရွှိန်က ဤသို့ ပြောလိုက်သဖြင့် ချန်ကောဟွားက သူ့အား သွယ်ဝိုက်သောနည်းဖြင့် ရည်ရွယ်ပြောဆိုနေသည်ဟု ထင်မှတ်သွားသည်။ ခဏတာမျှ မည်သို့ ပြန်ဖြေရမည်ကို မသိဖြစ်သွားသည်။ သို့သော် ဟယ်ယွီရွှိန်ကမူ သူမဘာသာ ဆက်လက် ပြောဆိုနေသည်။
"ချင်ဟွိုင်ယွီ ဒီမိန်းမယုတ်က တအား အောက်တန်းကျတာပဲ၊ အောက်တန်းကျတဲ့ ဈေးပေါတဲ့ မိန်းမတစ်ယောက်ဖြစ်ပါလျက်နဲ့ ငါ့အစ်ကိုက ဘယ်လိုများ မျက်စိကန်းပြီး သူ့ရဲ့ ညှို့စားမှုကို ခံလိုက်ရတာလဲ မသိဘူး"
"ငါ့အစ်ကိုက အစ်ကိုကောဟွားဆီကနေ သေချာလေး သင်ယူဖို့ တကယ် လိုအပ်နေပြီ"
ဟယ်ယွီရွှိန်၏ စကားများမှာ အတုအယောင် မဟုတ်ပေ။ သူမက ချန်ကောဟွားကို တကယ်ပင် လေးစားအားကျနေခြင်း ဖြစ်သည်။ အမျိုးသားချင်း တူတူပင်ဖြစ်သော်လည်း ချန်ကောဟွားက လူကဲခတ် အလွန်တော်သည်။ ချင်ဟွိုင်ယွီနှင့် လူတွေ့တစ်ကြိမ် ဆုံဖူးရုံဖြင့် ဤမိန်းမမှာ လူကောင်းမဟုတ်မှန်း သိရှိသွားသည်။
ယခု ရန်ဖြစ်ရာတွင်လည်း ဤမျှ တော်နေသဖြင့် သူမအစ်ကိုထက် အများကြီး သာလွန်သည်။
ထို့ကြောင့် သူမသည်လည်း ဟယ်ယွီကျူးကို ချန်ကောဟွားထံမှ များများ သင်ယူစေချင်ပြီး သူ၏ အစွမ်းအစ ဆယ်ပုံတစ်ပုံလောက် ရှိပါက ဤမျှ ဒုက္ခရောက်မည် မဟုတ်ဟု တွေးတောနေမိသည်။
ချန်ကောဟွားအကြောင်းကို ပြန်ဆက်ရလျှင် ဟယ်ယွီရွှိန်၏ စကားကို ကြားလိုက်ရပြီးနောက် သူ၏ ရင်ထဲတွင် ပို၍ပင် အားနာသွားသည်။
မိမိကိုယ်တိုင်က သူမ၏ အစ်ကိုဖြစ်သူကို ဒုက္ခပေးခဲ့သော်လည်း သူမက မိမိကို ချီးကျူးနေသေးသည်။ မျက်နှာမည်မျှပင် ထူပါစေ ဤသို့သော ချီးကျူးမှုမျိုးကိုမူ ခံနိုင်ရည် မရှိတော့ချေ။ ဤသို့ဖြင့် သူတို့နှစ်ဦးလည်း အိမ်ရာဝင်းသို့ ပြန်ရောက်လာခဲ့ကြသည်။
လမ်းတစ်လျှောက်လုံးတွင် စကားများများစားစား မပြောဖြစ်ခဲ့သော်လည်း ဤခရီးစဉ်အတွင်း ဟယ်ယွီရွှိန်က ချင်ဟွိုင်ယွီအပေါ် အတော်လေး အငြိုးကြီးကြောင်းကို ချန်ကောဟွား သိရှိသွားသည်။ နောင်တွင် ဤအချက်ကို အသုံးချနိုင်ကောင်း အသုံးချနိုင်ပေလိမ့်မည်။ ဤသို့ တွေးတောလျက် သူတို့နှစ်ဦးလည်း ကိုယ့်အိမ်ကိုယ် ပြန်ခဲ့ကြသည်။
အိမ်ပြန်ရောက်ပြီးနောက် ချန်ကောဟွားသည် ကိုယ်လက်သန့်စင်ပြီးနောက် မကြာမီမှာပင် အနားယူလိုက်တော့သည်။
တစ်ညတာသည် တိတ်ဆိတ်စွာ ကုန်လွန်သွားသည်။ နေ့သစ်တစ်နေ့ ရောက်ရှိလာချိန်တွင် ရင်းနှီးကျွမ်းဝင်သော အသံတစ်သံက ထပ်မံ ထွက်ပေါ်လာသည်။
"တင်းတောင်…နေ့သစ်တစ်နေ့ ရောက်ရှိလာပါပြီ။ အိမ်ရှင်က ဝင်ရောက်စာရင်းသွင်းမှာလား"
"ဝင်ရောက် စာရင်းသွင်းမယ်"
ချန်ကောဟွား၏ အဖြေနှင့်အတူ စနစ်၏ အသိပေးသံက ထပ်မံ ထွက်ပေါ်လာသည်။
"တင်းတောင်"
"အိမ်ရှင် ဝင်ရောက် စာရင်းသွင်းတာ အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်"
"ငွေသား ဆယ်ရွက်၊ တောကြက်ဥ အလုံးတစ်ထောင်၊ အမဲသားစည်သွပ်ဘူး တစ်ရာ၊ အပ်ချုပ်စက်လက်မှတ် တစ်စောင်၊ ဆတိုးကတ် ဆယ်ကတ်၊ စိုက်ပျိုးမွေးမြူရေးခြံ နေရာလွတ် အဆင့်မြှင့်တင်ရေးလက်မှတ် တစ်စောင် ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"
စနစ်၏ အသိပေးသံကို ကြားလိုက်ရပြီးနောက် မူလက အိပ်မှုန်စုံမွှား ဖြစ်နေသော ချန်ကောဟွားမှာလည်း အတော်လေး လန်းဆန်းသွားသည်။ မကြာသေးမီကပင် နေထိုင်မှုဘဝမှာ ပို၍ သက်သောင့်သက်သာ ရှိလာသည်။ ရိုးရှင်းသော ဝင်ရောက်စာရင်းသွင်းရုံမျှဖြင့် ဤမျှ များပြားသော ဆုလာဘ်များကို ရရှိနေသည်။
အမဲသားစည်သွပ်ဘူးဆိုသည်မှာ ရှားပါးသော အရာဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ တစ်ဘူးလျှင် ငါးမူးခန့် ပေးရသည်။ ဘူးတစ်ရာဆိုလျှင် ယွမ်ငါးဆယ်ခန့် ကျသင့်ပေမည်။
ဤအမဲသားစည်သွပ်ဘူးမှာ လက်မှတ်မရှိလျှင် ဝယ်၍ပင် မရနိုင်ချေ။ အကယ်၍ မှောင်ခိုဈေးတွင် သွားရောက်ရောင်းချပါက အနည်းဆုံး အဆပေါင်းများစွာ မြတ်နိုင်သည်။
အပ်ချုပ်စက်လက်မှတ်အကြောင်းကို ဆက်ပြောရလျှင် ၎င်းမှာလည်း ငွေပေး၍ပင် ဝယ်ရခက်သော အရာဖြစ်သည်။ သံမဏိစက်ရုံ တစ်နှစ်လုံးတွင်မှ အလုံးရေ အနည်းငယ်သာ ခွဲတမ်းရရှိကြောင်း သိထားရေပမည်။ ဤခေတ်ကြီးတွင် အပ်ချုပ်စက်မှာ စက်ဘီးကဲ့သို့ပင် အလွန် ရှားပါးသော အရာဖြစ်ပြီး စက်ရုံခေါင်းဆောင်များသာလျှင် ပိုင်ဆိုင်နိုင်ခွင့် ရှိသည်။
ဤခေတ်ကြီး၏ လည်ပတ်နိုင်သော ပစ္စည်းသုံးမျိုးနှင့် အသံမြည်သော ပစ္စည်းတစ်မျိုး ဆိုသည်မှာ အပ်ချုပ်စက်၊ လက်ပတ်နာရီ၊ စက်ဘီး၊ ဓာတ်ပြားဖွင့်စက်တို့ကို ဆိုလိုခြင်း ဖြစ်သည်။ ဓာတ်ပြားဖွင့်စက်မှလွဲ၍ ပစ္စည်းကြီးလေးမျိုးမှာ ချန်ကောဟွားလက်ထဲတွင် အစုံအလင် နီးပါး ရှိနေပြီဟု ဆိုနိုင်သည်။
ချန်ကောဟွားက မည်သည့်အချိန်တွင် အပ်ချုပ်စက်နှင့် ဓာတ်ပြားဖွင့်စက်ကိုပါ ရယူနိုင်မည်နည်းဟု တွေးတောနေမိသည်။ ထိုအချိန်ရောက်လျှင် မိမိ အလုပ်သွားလုပ်ချိန်တွင် ဇနီးဖြစ်သူက အိမ်၌ သီချင်းနားထောင်ရင်း အဝတ်အစားများ ချုပ်လုပ်နိုင်မည် ဖြစ်သည်။
ဆတိုးကတ်နှင့် စိုက်ပျိုးမွေးမြူရေးခြံ အဆင့်မြှင့်တင်ရေးလက်မှတ်နှင့် ပတ်သက်၍မူ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အနည်းငယ် လေ့လာကြည့်ပြီးနောက် ဤအရာနှစ်ခုလုံးမှာ အလွန် အံ့အားသင့်ဖွယ်ကောင်းသော အရာများဖြစ်ကြောင်း ချန်ကောဟွား သိရှိသွားသည်။
ဆတိုးကတ် - ရည်ရွယ်ချက်ရှိရှိ အသုံးပြုလိုက်ရုံဖြင့် သတ်မှတ်ထားသော အရာဝတ္ထုကို နှစ်ဆ တိုးပွားသွားစေနိုင်သည်။
စိုက်ပျိုးမွေးမြူရေးခြံ နေရာလွတ် အဆင့်မြှင့်တင်ရေးလက်မှတ် - အသုံးပြုပြီးနောက် စနစ်နေရာလွတ်ကို စိုက်ပျိုးမွေးမြူရေးခြံ နေရာလွတ်အဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပြီး နေရာလွတ်အတွင်း ပစ္စည်းများ သိမ်းဆည်းနိုင်ရုံသာမက သက်ရှိများကိုပါ မွေးမြူနိုင်ကာ သဘာဝ စိုက်ပျိုးမွေးမြူရေးခြံတစ်ခု ဖန်တီးနိုင်မည် ဖြစ်သည်။
ထင်ရှားသည်မှာ ဤအရာနှစ်ခုလုံးမှာလည်း ကုန်ပစ္စည်းများနှင့် ဆက်စပ်နေခြင်းပင် ဖြစ်သည်။ ဆတိုးကတ်ဖြစ်စေ သဘာဝ စိုက်ပျိုးမွေးမြူရေးခြံ နေရာလွတ်ဖြစ်စေ ကုန်ပစ္စည်းများကို မပြတ်တမ်း တိုးပွားလာစေနိုင်သည်။ သို့သော် လက်ရှိတွင် နေရာလွတ်အတွင်းရှိ ကုန်ပစ္စည်းများမှာ လုံလောက်နေပြီ ဖြစ်သည်။
ချန်ကောဟွားက နောင် လိုအပ်ချိန်ရောက်မှ အသုံးပြုတော့မည်ဟု တွေးတောကာ ဝင်ရောက်စာရင်းသွင်း၍ ရရှိလာသော ပစ္စည်းများအားလုံးကို စနစ်နေရာလွတ်ထဲတွင်သာ သိမ်းဆည်းထားလိုက်သည်။
……
အခြားတစ်ဖက် ဟုန်ရှင်းသံမဏိစက်ရုံတွင် ယနေ့သည် ဝယ်ယူရေးဌာနမှူး ရွေးချယ်ပွဲအတွက် နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်။
ကြေညာသင်ပုန်းဘေးတွင် စားပွဲငယ်တစ်လုံး ချထားပြီး ဘေးပတ်လည်တွင် ဖြတ်သန်းသွားလာနေသော အလုပ်သမားများဖြင့် ပြည့်ကြပ်နေသည်။ အားလုံးက ဤရွေးချယ်ပွဲတွင် ပါဝင်ရန် စာရင်းပေးသွင်းချင်နေကြသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဝယ်ယူရေးဌာနမှူးဆိုသည်မှာ လူကြိုက်များသော နေရာတစ်ခု ဖြစ်သည်။
ပုံမှန်အချိန်များတွင် ဝယ်ယူရေးစာရင်း ရေးဆွဲရန်သာ တာဝန်ယူရပြီး ကုန်ပစ္စည်း အများအပြားနှင့်လည်း ထိတွေ့ခွင့် ရရှိသည်။ လစာကောင်းပြီး အလုပ်ပူပင်စရာနည်းပါးကာ ပြင်ပဝင်ငွေများလည်း ရှာဖွေနိုင်သော အလုပ်ကောင်းတစ်ခု ဖြစ်သည်။ စက်ရုံရှိ မည်သူကမှ မိမိကိုယ်တိုင် ရွေးချယ်ခံရရန် မမျှော်လင့်ဘဲ နေမည်နည်း။
စက်ရုံသို့ အလုပ်လာဆင်းသော ချန်ကောဟွားသည်လည်း လူအုပ်ထဲသို့ တိုးဝင်သွားပြီးနောက် စာရင်းတွင် သူ၏ နာမည်ကို ရေးသွင်းလိုက်သည်။
သူ စာရင်းပေးသွင်းနေချိန်မှာပင် စာရင်းပေးသွင်းပြီးခါစဖြစ်သော လျိုဟိုင်ကျုံးကို မြင်တွေ့လိုက်ရသည်။ အရည်အချင်းမရှိဘဲ အရာရှိဖြစ်ချင်နေသော လျိုဟိုင်ကျုံးကလည်း စာရင်းပေးသွင်းထားသည်။
ချန်ကောဟွားမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း မည်သည့်စကားမျှ ထပ်မပြောခဲ့ပေ။ မည်သို့ပင်ဖြစ်စေ စက်ရုံတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူတိုင်း စာရင်းပေးသွင်းနိုင်သည်။
ထိုအချိန်ရောက်၍ ရွေးချယ်ခံရခြင်း ရှိမရှိမှာမူ ခေါင်းဆောင်များက မည်သို့ ရွေးချယ်မည်ဆိုသည့်အပေါ်တွင် မူတည်နေသည်။
စာရင်းပေးသွင်းပြီးနောက် ချန်ကောဟွားလည်း အလုပ်သွားလုပ်တော့သည်။ လျိုဟိုင်ကျုံးမှာမူ ဌာနမှူးလီကို ရုံးခန်းအပေါက်ဝတွင် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေသည်။
ယခုအချိန်တွင် သူသည် ထိုင်မရထမရ ဖြစ်နေပြီး အိတ်ကပ်ထဲမှ တစ်ပိဿာတန် ဝက်သားလက်မှတ်တစ်စောင်နှင့် တာ့ထွမ်ကျဲနှစ်ရွက်ကို အကြိမ်ကြိမ် စမ်းသပ်ကြည့်နေသည်။
ဤပစ္စည်းများမှာ သူ ချွေတာကာ စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။ ဝယ်ယူရေးဌာနမှူး နေရာကို လုယူရန်အတွက် သူသည် ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် ပြုလုပ်ခဲ့ကြောင်း ဆိုနိုင်သည်။ ဒါက သူ မည်မျှ အလေးထားကြောင်းကို သိသာစေသည်။
သို့သော် ဒုတိယစက်ရုံမှူးလီက လုံးဝ ရောက်မလာသဖြင့် လျိုဟိုင်ကျုံး၏ ရင်ထဲတွင်လည်း ဗြောင်းဆန်နေသည်။ သို့သော် ထိုအချိန်မှာပင် ဒုတိယစက်ရုံမှူးလီက မျက်လုံးမှိတ်ကာ စင်္ကြံလမ်းဘက်မှ လျှောက်လာသည်ကို အတိအကျ တွေ့လိုက်ရသည်။
"ဌာနမှူးလီ မင်းကို မျှော်နေရတာ မျက်စိကို ကျွတ်ကျမတတ်ပါပဲ"
လျိုဟိုင်ကျုံးက မြင်လိုက်ရသည်နှင့် အလျင်အမြန် ဆီးကြိုပြီး မျက်လုံးထဲတွင် ဖားယားမှုများ ပြည့်နှက်နေသည်။
"မင်းက ဘယ်သူလဲ"
ဒုတိယစက်ရုံမှူးလီက တစ်ဖက်လူမှာ အနည်းငယ် မျက်မှန်းတန်းမိသော်လည်း မည်သူဖြစ်ကြောင်းကိုမူ လုံးဝ စဉ်းစား၍မရပေ။
"ဌာနမှူးလီ မင်းက လူကြီးဆိုတော့ မေ့တတ်တာပေါ့။ ငါက စက်ရုံက အဆင့်ခုနစ် သတ္တုဖြတ်တောက်ရေး ပညာရှင် လျိုဟိုင်ကျုံးပါ။ အရင်တစ်ခေါက်က ငါတို့ စက်ရုံမှာ အတူတူ အရက်သောက်ဖူးတယ်လေ"
လျိုဟိုင်ကျုံးက ရင်းနှီးဟန်ဆောင်ကာ ဆက်ဆံရေး တည်ဆောက်ပြီး သူ့ကိုယ်သူ အလျင်အမြန် မိတ်ဆက်လိုက်သည်။
ဒုတိယစက်ရုံမှူးလီက ဟန်ဆောင်ပန်ဆောင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ မှတ်မိခြင်း ရှိမရှိမှာ သူကိုယ်တိုင်သာ သိရှိပေမည်။
"ဌာနမှူးလီ ငါ မင်းဆီ လာတာက အခုတလော အတူတူ ထမင်းမစားဖြစ်တာနဲ့ မင်းနဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါ"
ပြောရင်းနှင့် လျိုဟိုင်ကျုံးက လက်မှတ်နှင့် တပ်ထွမ်ကျဲတို့ကို တိတ်တဆိတ် ကမ်းပေးလိုက်သည်။
ဌာနမှူးလီက တစ်ဖက်လူ ကမ်းပေးလာသော လက်မှတ်ကို မြင်လိုက်ရချိန်တွင် တစ်ဖက်လူမှာ လက်ဆောင်လာပေးခြင်းဖြစ်ကြောင်း သိရှိလိုက်ပြီး၊ ယနေ့တွင် ဝယ်ယူရေးဌာနမှူး ရွေးချယ်ပွဲ ရှိနေသည်ကို ပြန်လည် တွေးတောမိကာ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သိရှိသွားသည်။
မည်သည့် တွေဝေမှုမျှ မရှိဘဲ ပစ္စည်းများကို အိတ်ကပ်ထဲသို့ အလျင်အမြန် ထည့်သွင်းလိုက်သည်။ ထို့နောက် မျက်နှာပေါ်ရှိ အပြုံးများမှာ တားဆီးမရအောင် ပေါ်လွင်လာသည်။
ဤခေတ်ကြီးတွင် အကောင်းမြင်စိတ်ထားကို မြှင့်တင်ရန်နှင့် အဂတိလိုက်စားမှုများကို တားဆီးရန် တိုက်တွန်းထားသည်။ အထူးသဖြင့် လျိုဟိုင်ကျုံး၏ လုပ်ရပ်မျိုးကို လုံးဝ ခွင့်မပြုနိုင်ပေ။
သို့သော် ဒုတိယစက်ရုံမှူးလီ၏ အမြင်တွင်မူ လျိုဟိုင်ကျုံး၏ လုပ်ရပ်မှာ အလွန် သိတတ်နားလည်လွန်းနေသည်။ စက်ရုံအတွင်း လျိုဟိုင်ကျုံးကဲ့သို့ သိတတ်နားလည်သူမှာ အလွန် နည်းပါးလှသည်။ထို့ကြောင့် ဒုတိယစက်ရုံမှူးလီက အလွန် ကျေနပ်အားရစွာဖြင့် ပြောဆိုလိုက်သည်။
"ရဲဘော်လျို မင်းက စက်ရုံက ဝန်ထမ်းဟောင်းတစ်ယောက်ပါ၊ စက်ရုံအတွက် မင်း လုပ်ပေးခဲ့တဲ့ အကျိုးဆောင်မှုတွေကို အားလုံးက မျက်မြင်ကိုယ်တွေ့ပါပဲ၊ဒီတစ်ကြိမ် ဝယ်ယူရေးဌာနမှူး ရွေးချယ်ပွဲမှာ မင်းကို အထက်ခေါင်းဆောင်တွေဆီ ငါ အကြံပြုပေးပါ့မယ်"
"အခု အလုပ်လုပ်ရမယ့် အချိန်ရောက်ပြီဆိုတော့ မင်းရဲ့ လုပ်ငန်းခွင်ကို မြန်မြန် ပြန်သွားလိုက်ပါတော့"
ဒုတိယစက်ရုံမှူးလီက လျိုဟိုင်ကျုံး၏ ပခုံးကို ပုတ်ကာ မင်းကတော့ ကိုယ့်လူပါပဲ ဆိုသည့် မျက်နှာအမူအရာမျိုး ပြုလုပ်လိုက်သည်။
ဤမြင်ကွင်း ပေါ်ထွက်လာပြီးနောက် လျိုဟိုင်ကျုံး၏ မျက်နှာပေါ်တွင် ဝမ်းသာအားရဖြစ်သော အမူအယာ ပေါ်လာသည်။ တစ်ဖက်လူက စကားကို ဤမျှအထိ ပြောဆိုနေပြီဖြစ်ရာ အကယ်၍ နားမလည်သေးပါက အလွန် မိုက်မဲလွန်းရာ ကျပေမည်။
ထို့ကြောင့် ခေါင်းတညိတ်ညိတ်ဖြင့် ကျေးဇူးတင်စကားများ ပြောဆိုပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြန်သွားတော့သည်။ မိမိကိုယ်တိုင် ဌာနမှူး ဖြစ်နေပြီဟုပင် ထင်မှတ်နေသကဲ့သို့ ဖြစ်နေသည်။
လျိုဟိုင်ကျုံး လုပ်ငန်းခွင်သို့ ပြန်ရောက်သွားပြီးနောက် သူ၏ လေလုံးထွားကာ ကြွားလုံးထုတ်တတ်သော အကျင့်မှာ ထပ်မံ ပေါ်လာပြန်သည်။
အလုပ်သမားများရှေ့တွင် အထက်ခေါင်းဆောင်က မည်သို့ ချီးကျူးခဲ့ကြောင်းကို စတင် လေလုံးထွားတော့သည်။ ဤတွင် စက်ရုံရှိ အလုပ်သမားများထံမှ အမျိုးမျိုးသော မြှောက်ပင့်ချီးကျူးသံများက သူ့ထံသို့ ရောက်ရှိလာသည်။
"ဆရာလျို မင်းက သာမန်လူမဟုတ်ဘူးလို့ ငါ ပြောသားပဲ။ ဒီဌာနမှူးနေရာက မင်းနဲ့ သေချာပေါက် ထိုက်တန်တာပါ"
"ငါ ကြည့်ရတာ အခုပဲ အခေါ်အဝေါ် ပြောင်းလိုက်ရင် ကောင်းမယ်၊ ဌာနမှူးလျိုလို့ တိုက်ရိုက် ခေါ်လိုက်တော့မယ်"
"ဌာနမှူးလျို မင်း တာဝန်ယူပြီးရင် နောက်ဆိုရင် ငါတို့ကို များများ စောင့်ရှောက်ပေးပါဦး"
လျိုဟိုင်ကျုံး၏ နှုတ်ခမ်းထောင့်များက အဆက်မပြတ် တွန့်ကွေးနေပြီး တစ်ကိုယ်လုံးလည်း လေထဲပျံဝဲနေသကဲ့သို့ ဖြစ်လာသည်။ မြှောက်ပင့်ချီးကျူးသံများကြားတွင် ချက်ချင်းပင် လမ်းပျောက်သွားခဲ့တော့သည်။
ဤသို့ဖြင့် အချိန်က ထမင်းစားချိန်သို့ ရောက်ရှိလာသည်။ ထမင်းစားချိန် ရောက်သောအခါ ချန်ကောဟွားသည်လည်း ဝယ်ယူရေးဌာနမှ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ စားသောက်ဆောင်သို့ ရောက်ရှိလာသည်။
ဤတစ်ကြိမ်တွင် လူအုပ်ထဲရှိ လျိုဟိုင်ကျုံးနှင့် အတိအကျ သွားဆုံနေသည်။ လျိုဟိုင်ကျုံးက လူအများ၏ ဝိုင်းရံမှုကို ခံနေရသော်လည်း ချန်ကောဟွားမှာမူ သူငယ်ချင်း အနည်းငယ်နှင့်အတူ အတော်လေး အထီးကျန်နေပုံပေါ်သည်။
ထိုအချက်က ပုံမှန်အားဖြင့် ချန်ကောဟွားကို အထင်မကြီးတတ်သော လျိုဟိုင်ကျုံးအား အတိုင်းမသိ ဝမ်းသာသွားစေသည်။ မျက်လုံးများ ကလယ်ကလယ် လုပ်ကာ ချန်ကောဟွားအား လက်ယပ်ခေါ်လိုက်သည်။
"ကောဟွား မင်းလည်း ဒီတစ်ကြိမ် ဝယ်ယူရေးဌာနမှူး ရွေးချယ်ပွဲမှာ စာရင်းပေးထားတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေ ပြောတာ ကြားတယ်"
ချန်ကောဟွားက အေးတိအေးစက် တစ်ချက်ကြည့်လိုက်ပြီး ထိုအဘိုးကြီး၏ ဗိုက်ထဲတွင် တွေးနေသည်ကို သိရှိလိုက်သည်။ တဖက်သူသည် ပုံမှန်အားဖြင့် အိမ်ရာဝင်းထဲတွင် မိမိ၏ အနိုင်ကျင့်မှုကို အမြဲ ခံနေရသူ ဖြစ်သည်။
ယခု မည်သည့်အကြောလွဲသွားသည်မသိ မိမိရှေ့တွင် လာရောက် ဟန်ရေးပြချင်နေသည်။ ထင်သည့်အတိုင်းပင် လျိုဟိုင်ကျုံးက စတင် ဟန်ရေးပြတော့သည်။
"ကောဟွား ငါမင်းကို ပြောတာမဟုတ်ဘူး၊ မင်းက သတ္တုဖြတ်တောက်ရေး ပညာကနေ ဝယ်ယူရေးဌာနကို ပြောင်းသွားပေမဲ့ ရွေးချယ်ခံရဖို့ သေချာတယ်လို့တော့ မဆိုလိုဘူးနော်"
"လူငယ်တွေဆိုတာ အမြင့်ကြီးကို မမှန်းသင့်ဘူး၊ ကိုယ့်ကိုယ်ကိုယ် သေချာလေး ကြိုးစားအားထုတ်သင့်တယ်၊ ဒါမှသာ ခေါင်းဆောင်တွေရဲ့ အလေးထားမှုကို ခံရမှာ"
ချန်ကောဟွား၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မရှိဘဲ သူ့ကို အေးတိအေးစက် တစ်ချက်သာ ကြည့်လိုက်သည်။ ထို့နောက် အလွန် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"လက်ဆောင် ပေးလိုက်ပြီလား"
ပြောပြီးသည်နှင့် လျိုဟိုင်ကျုံးမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ လူဒီလောက်များတာကို လက်ဆောင်ပေးသည်ဟု ပြောဆိုနေခြင်းက သူ၏ အရည်အချင်းကို ငြင်းပယ်နေခြင်း ဖြစ်သည်။
"ဘာ လက်ဆောင်ပေးတာလဲ၊ ငါက ကိုယ့်အရည်အချင်းနဲ့ကိုယ် ရပ်တည်တာကွ"
လျိုဟိုင်ကျုံးက ဒေါသတကြီး ပြောလိုက်သည်။ သို့သော် ချန်ကောဟွားက လုံးဝ မမြင်ဟန်ဆောင်နေသည်။
"လက်ဆောင် ဘယ်လောက် ပေးလိုက်ရလဲ"
"မင်း"
လျိုဟိုင်ကျုံးမှာ သွားကြိတ်ကာ ဒေါသထွက်နေသည်။ ခဲရာခဲဆစ် ဟန်ရေးပြခွင့်ရသည်ကို ဤမျှအထိ မျက်နှာသာ အပေးမခံရချေ။ ထိုအချက်က သူ့ကို အလွန် ဒေါသထွက်သွားစေသည်။
"ဌာနမှူးလျို မင်း ဒေါသမထွက်ပါနဲ့၊ မင်း ဝယ်ယူရေးဌာနမှူး ဖြစ်လာရင် သူ့ကို ကိုင်တွယ်လို့ ရပြီမဟုတ်လား"
ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်များက လျိုဟိုင်ကျုံးကို ဖျောင်းဖျလိုက်ကြသည်။ ထိုအချိန်တွင် ချန်ကောဟွားက ထမင်းစားပြီးသွားပြီဖြစ်သဖြင့် စားသောက်ဆောင်မှ ထွက်ခွာသွားသည်။
လျိုဟိုင်ကျုံးက ချန်ကောဟွား ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ ရင်ထဲတွင် အလွန်တရာ မကျေမနပ် ဖြစ်နေသည်။ သို့သော် အခြားသူများ ပြောသည်မှာ မှန်သည်။ ဝယ်ယူရေးဌာနမှူး ဖြစ်လာပါက ချန်ကောဟွားလောက်လေးကို ကိုင်တွယ်ရန်မှာ သူ့လက်ထဲတွင် လွယ်ကူနေမည် ဖြစ်သည်။ ထိုသို့ တွေးမိပြီးနောက် ချန်ကောဟွားနှင့် အဆင့်တူ သဘောမထားတော့ချေ။ ထို့အစား ဘေးရှိ တပည့်ဖြစ်သူအား သူ့အတွက် ထမင်းယူခိုင်းလိုက်သည်။
ပြောရမည်ဆိုလျှင် ဤဟန်ပန်မှာ ခေါင်းဆောင်ကြီးတစ်ဦး၏ ဟန်ပန်မျိုး အနည်းငယ်တော့ ရှိနေသည်။
သို့သော်လည်း လျိုဟိုင်ကျုံး မသိရှိသည်မှာ သံမဏိစက်ရုံ အစည်းအဝေးခန်းမအတွင်း၌ ဝယ်ယူရေးဌာနမှူး ရွေးချယ်ခြင်းနှင့် ပတ်သက်၍ စက်ရုံတစ်ခုလုံးရှိ ခေါင်းဆောင်များ၏ အလေးထားမှုကို ခံရပြီး ဒုတိယစက်ရုံမှူးလီ တစ်ဦးတည်းကသာ ဆုံးဖြတ်နိုင်ခြင်း မဟုတ်ပေ။
ယခုလက်ရှိတွင် စက်ရုံမှူးယန် တက်ရောက်ရုံသာမက မူလ ဒါရိုက်တာဖြစ်သူ လုံကျန့်ဟွာပင်လျှင် ဤအစည်းအဝေးကို တက်ရောက်နေကြောင်းပင် ဖြစ်သည်။အခန်း ၈၄
သံမဏိစက်ရုံ အစည်းအဝေးခန်းမထဲတွင် စက်ရုံရှိ ခေါင်းဆောင် အားလုံး ရှိနေကြသည်။ ရည်ရွယ်ချက်မှာ စက်ရုံအတွက် ဝယ်ယူရေးဌာနမှူးအသစ် တစ်ဦး ရွေးချယ်ရန် ဖြစ်သည်။ ဦးဆောင်သူ စက်ရုံမှူးယန်က အားလုံး ရောက်ရှိလာသည်ကို မြင်တွေ့ရသဖြင့် အစည်းအဝေးကို စတင်လိုက်သည်။
"ကဲ အားလုံးလည်း စုံပြီဆိုတော့ ဒီနေ့ ငါတို့ အတွင်းရေး အစည်းအဝေး ခေါ်ရတာက ဝယ်ယူရေးဌာနမှူးအသစ် ရွေးချယ်ဖို့အတွက်ပဲ"
"အားလုံးရဲ့ ရှေ့မှာ ရှိနေတာက ဒီတစ်ကြိမ် စာရင်းပေးသွင်းထားသူတွေရဲ့ စာရင်းပဲ၊အားလုံးပေါင်း ရဲဘော် တစ်ရာသုံးဆယ့်ခုနစ်ယောက် ပါဝင်ယှဉ်ပြိုင်ကြမှာ… အားလုံးပဲ ကိုယ့်ရဲ့ ထင်မြင်ချက်တွေကို ဆွေးနွေးပေးကြပါ"
စက်ရုံမှူးယန်က ပြောဆိုပြီးနောက် ဒုတိယစက်ရုံမှူးလီက ပြုံးရွှင်စွာဖြင့် စကားဆက်လိုက်သည်။
"ဒီတစ်ကြိမ်မှာ ဒီလောက်များပြားတဲ့ ရဲဘော်တွေ ပါဝင်ကြလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး၊ ဒါကိုကြည့်ခြင်းအားဖြင့် ငါတို့ စက်ရုံက ဝန်ထမ်းတွေ အားလုံးက တော်တော်လေး တက်ကြွကြတာကို တွေ့ရတယ်"
"ဒါပေမဲ့ ပါဝင်ယှဉ်ပြိုင်တဲ့ ဝန်ထမ်းတွေ များပြားပေမဲ့ ဒီရက်ပိုင်း ငါ့ရဲ့ လေ့လာစောင့်ကြည့်မှုအရ ငါတို့ စက်ရုံမှာ ဆရာကြီးလျိုဟိုင်ကျုံးလို့ ခေါ်တဲ့သူတစ်ယောက်က ဝယ်ယူရေးဌာနမှူးနေရာကို တာဝန်ယူဖို့ အထူး သင့်တော်တယ်ဆိုတာ တွေ့ရှိရတယ်"
"အရင်က ဌာနမှူးက ဝယ်ယူရေးအပိုင်းမှာ လာဘ်စားခဲ့တယ်၊ အခွင့်အရေးယူပြီး အမြတ်ထုတ်တဲ့ အရင်းရှင် အပြုအမူတွေတောင် လုပ်ခဲ့သေးတယ်၊ ဒါပေမဲ့ ဒီဆရာလျိုကတော့ စက်ရုံမှာ ဆယ်နှစ်ကျော် အလုပ်လုပ်ခဲ့ရုံသာမကဘဲ အဆင့်ခုနစ် သတ္တုဖြတ်တောက်ရေး ပညာရှင်လည်း ဖြစ်တယ်၊ ဝယ်ယူရေးပစ္စည်းတွေအကြောင်းကိုလည်း အလွန် ကျွမ်းကျင်ပြီး လူမှုဆက်ဆံရေးမှာလည်း အထူး တည်ငြိမ်ရင့်ကျက်သူ ဖြစ်တယ်"
"လုံးဝ ယုံကြည်စိတ်ချရတဲ့ ဝန်ထမ်းကောင်း တစ်ယောက်ပဲ…ဒါကြောင့်မို့ ဆရာလျိုက ဝယ်ယူရေးဌာနမှူး ဖြစ်လာဖို့ အရည်အချင်း ပြည့်မီတယ်လို့ ငါ ယူဆတယ်"
ဒုတိယစက်ရုံမှူးလီ ပြောဆိုပြီးနောက် အစည်းအဝေးခန်းမအတွင်းရှိ ခေါင်းဆောင်အတော်များများကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ဤခေါင်းဆောင်များထဲတွင် ဒုတိယစက်ရုံမှူးလီနှင့် ရင်းနှီးသူများ ပါဝင်သကဲ့သို့ လျိုဟိုင်ကျုံးက ပုံမှန်အချိန်များတွင် လက်ဆောင်ပေးထားသူများလည်း ပါဝင်သည်။
စက်ရုံမှူးယန်က အစည်းအဝေးခန်းမအတွင်းရှိ ခေါင်းဆောင် ထက်ဝက်ကျော်က ခေါင်းညိတ် ထောက်ခံသည်ကို မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် သူ၏ အမြင်တွင် မမျှော်လင့်ထားသည့် အပြောင်းအလဲ မရှိပါက နောက်ထပ် ဝယ်ယူရေးဌာနမှူးမှာ လျိုဟိုင်ကျုံးပင် ဖြစ်လာမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူက စက်ရုံမှူး ဖြစ်သော်လည်း ဝန်ထမ်းခန့်အပ်ရေးတွင် ခေါင်းဆောင်အများစု၏ ဆန္ဒကို မလွန်ဆန်နိုင်ပေ။ သို့သော် ယခုလက်ရှိတွင် ဒါရိုက်တာလုံ ရှိနေသည်။ သူကသာ အဓိက အဆုံးအဖြတ်ပေးနိုင်သူ ဖြစ်သည်။ မည်သည့် ဆုံးဖြတ်ချက်မဆို သူ၏ သဘောတူညီချက် လိုအပ်သည်။ ထို့ကြောင့် စက်ရုံမှူးယန်က လုံကျန့်ဟွာအား လှည့်၍ မေးမြန်းလိုက်သည်။
"ဒါရိုက်တာလုံ မင်းရဲ့ သဘောထားကရော ဘယ်လိုရှိလဲ မသိဘူး"
ဒုတိယစက်ရုံမှူးလီက ပြုံးလိုက်သည်။ သူ၏ အမြင်တွင် လုံကျန့်ဟွာအနေဖြင့် လျိုဟိုင်ကျုံး ဝယ်ယူရေးဌာနမှူး ဖြစ်လာမည့်ကိစ္စကို ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။
မည်သို့ပင်ဆိုစေ ဝယ်ယူရေးအပိုင်းတွင် ယုံကြည်စိတ်ချရသူကိုသာ တာဝန်ပေးအပ်ရန် အလိုအပ်ဆုံး ဖြစ်သည်။ ထိုသို့မဟုတ်ပါက ပြဿနာကြီးကြီးမားမား ဖြစ်ပေါ်လာလျှင် ဒါရိုက်တာအနေဖြင့်လည်း တာဝန်မှ ကင်းလွတ်နိုင်မည် မဟုတ်ပေ။
သို့သော် လုံကျန့်ဟွာက မျက်မှောင်အနည်းငယ် ကြုတ်လျက် တစ်စုံတစ်ခုကို စဉ်းစားနေပုံပေါ်သည်။ ခဏကြာပြီးနောက် သူက သက်ပြင်းတစ်ချက်ချကာ ပြောဆိုလိုက်သည်။
"မရဘူး လျိုဟိုင်ကျုံးက တခြားရာထူးကို တာဝန်ယူလို့ရပေမဲ့ ဝယ်ယူရေးဌာနမှူး ရာထူးကိုတော့ လုံးဝ တာဝန်ယူလို့ မရဘူး"
လုံကျန့်ဟွာ၏ စိုးရိမ်ပူပန်မှုကလည်း သဘာဝကျသည်။ ပြီးခဲ့သည့်အကြိမ်က သူနှင့် စက်ရုံမှူးတို့သည် ဟယ်ယွီကျူးကို ဖမ်းဆီးရန် အိမ်ရာဝင်းသို့ သွားရောက်ခဲ့ကြောင်း သိထားရမည်ဖြစ်သည်။
ထိုအချိန်တွင် လျိုဟိုင်ကျုံးနှင့် အတိအကျ ဆုံတွေ့ခဲ့ပြီး ဟယ်ယွီကျူး၏ စာရိတ္တအကြောင်းကို မေးမြန်းခဲ့သည်။ လျိုဟိုင်ကျုံးနှင့် ဟယ်ယွီကျူးတို့သည် အချိန်ကြာမြင့်စွာ အတူနေထိုင်လာခဲ့သော်လည်း သူက ရင်ဘတ်ကို ပုတ်ကာ ဟယ်ယွီကျူးသည် ယုံကြည်စိတ်ချရသော ရဲဘော်ကောင်း တစ်ဦးဖြစ်ကြောင်း ပြောဆိုဝံ့သည်။
ဒါပေမဲ့ တကယ်ရော ရဲဘော်ကောင်း ဖြစ်ခဲ့လို့လား
ဟယ်ယွီကျူးက နိုင်ငံတော်ပိုင် ပစ္စည်းများကို ခိုးယူကာ လျိုဟိုင်ကျုံးအား အခါအားလျော်စွာ ဝေငှပေးခဲ့ခြင်းကြောင့်သာ ဤကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်လောက်ပေမည်။ ထိုအချက်ကြောင့် လုံကျန့်ဟွာသည် လျိုဟိုင်ကျုံးကို လုံးဝ မယုံကြည်တော့ချေ။
ဒါရိုက်တာတစ်ဦးအနေဖြင့် လုံကျန့်ဟွာတွင် ဗီတိုအာဏာ ရှိသည်။
ဒုတိယစက်ရုံမှူးလီသည် လုံကျန့်ဟွာ၏ စရိုက်ကို သိရှိထားပြီး စက်ရုံအတွင်း သူ၏ အာဏာကိုလည်း သိရှိထားသည်။ ထို့ကြောင့် လျိုဟိုင်ကျုံး၏ ကိစ္စမှာ လုံးဝ ပျက်စီးသွားပြီဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ထို့ကြောင့် သူက မေးမြန်းလိုက်သည်။
"ဒါရိုက်တာလုံ ဒါဆို မင်းအမြင်မှာ ဘယ်သူက သင့်တော်မလဲ"
လုံကျန့်ဟွာက စာရင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လူတစ်ဦးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"သူပဲ ဖြစ်ရမယ်၊ ခဏနေရင် အသံလွှင့်သူကို ကြေညာခိုင်းလိုက်"
ထိုသို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပြီးနောက် အားလုံးက သိချင်စိတ်ဖြင့် အနားသို့ တိုးသွားကာ မည်သူက ဤမျှ အရည်အချင်းရှိ၍ လုံကျန့်ဟွာ၏ အသိအမှတ်ပြုမှုကို ရရှိသွားကြောင်းကို သိချင်နေကြသည်။
သို့သော် နာမည်ကို မြင်လိုက်ရချိန်တွင် အားလုံးက နားမလည်နိုင် ဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ လုပ်သက် မများပြားသကဲ့သို့ မည်သည့် ထူးခြားချက်မျှ မရှိသည့် လူငယ်လေးတစ်ဦးသာ ဖြစ်နေသောကြောင့် ဖြစ်သည်။
သို့သော် စက်ရုံမှူးယန်က ထိုနာမည်ကို မြင်လိုက်ရချိန်တွင်မူ သဘောပေါက်နားလည်သွားသော အမူအရာမျိုး ပေါ်လာသည်။
ထင်ရှားသည်မှာ ထိုသူသည်လည်း သူ၏ အသိအမှတ်ပြုမှုကို ရရှိထားသူ ဖြစ်သည်။ ထို့ကြောင့် သူလည်း ဘာမှ ထပ်ပြောမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဒါရိုက်တာက စီစဉ်ထားခြင်းဖြစ်ရာ လက်ရှိတွင် အစီအစဉ်ချမှတ်ပေးရန်သာ လိုအပ်သည်။
ထိုသို့ဖြင့် ဤရွေးချယ်ပွဲ အစည်းအဝေးကို အားလုံး၏ သဘောတူညီချက်ဖြင့် အတည်ပြုလိုက်သည်။ ကျန်ရှိနေသည်မှာ ဝါဒဖြန့်ချိရေးဌာနမှ စက်ရုံတစ်ခုလုံးကို ကြေညာပေးရန်သာ ကျန်ရှိတော့သည်။
ဤသို့ဖြင့် အလုပ်လုပ်ချိန်များက အလွန် လျင်မြန်စွာ ကုန်လွန်သွားသည်။ ခဏချင်းပင် အလုပ်ဆင်းချိန်သို့ ရောက်ရှိလာသည်။ အလုပ်ဆင်းချိန် ရောက်ရှိလာသောအခါ ရင်းနှီးကျွမ်းဝင်နေသော ယွီဟိုင်ထန်၏ အသံ ထွက်ပေါ်လာသည်။
"ရဲဘော်တို့ အားလုံးပဲ မင်္ဂလာပါ၊ အခု အရေးကြီးတဲ့ ကြေညာချက်တစ်ခုကို ကြားဖြတ် ကြေညာပါ့မယ်၊ ဒီနေ့ ဝယ်ယူရေးဌာနမှူး ခန့်အပ်မှု သတင်းနဲ့ ပတ်သက်လို့…."
ထိုအသံ ထွက်ပေါ်လာပြီးနောက် ထိုနေရာရှိ လူအားလုံးက လက်ထဲရှိ အလုပ်များကို ရပ်တန့်လိုက်ကြသည်။ ခန့်အပ်မှု ရလဒ်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ စက်ရုံက ဤမျှ အရေးကြီးသော ဝယ်ယူရေးဌာနမှူး နေရာကို မည်သူ့အား ပေးအပ်မည်ကို အားလုံးက အလွန် သိချင်နေကြသည်။
သေချာပေါက် သိချင်နေသော ဝန်ထမ်းများအပြင် စိတ်လှုပ်ရှားနေသော ဝန်ထမ်းလည်း ရှိနေသည်။ ထိုသူမှာ အလုပ်ရုံထဲမှ လျိုဟိုင်ကျုံးတို့ပင် ဖြစ်သည်။ ဝန်ထမ်းအများအပြားက လျိုဟိုင်ကျုံး၏ ဘေးတွင် စုရုံးနေကြပြီး အဆက်မပြတ် ဂုဏ်ပြုစကားများ ပြောဆိုကာ မျက်နှာလိုမျက်နှာရ လုပ်နေကြသည်။ ထို့ကြောင့် လျိုဟိုင်ကျုံးမှာ နှာခေါင်းပေါက်ဖြင့် လူကိုကြည့်ကာ အလွန်ကို ဝင့်ကြွားနေသည်။
တစ်ရုံတည်း အလုပ်လုပ်နေသော ရီကျုံးဟိုင်က ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် မနေနိုင်ဘဲ အနည်းငယ် မနာလို ဖြစ်သွားသည်။ သူက အဆင့်ကိုး သတ္တုဖြတ်တောက်ရေး ပညာရှင် ဖြစ်သော်လည်း အငြိမ်းစားယူရတော့မည် ဖြစ်သောကြောင့် စာရင်းပေးသွင်းခွင့် မရှိပေ။ လျိုဟိုင်ကျုံးမှာမူ အငြိမ်းစားယူရန် နှစ်အနည်းငယ် လိုသေးသည်။
သို့သော် ဤမျှများပြားသော လူများက လျိုဟိုင်ကျုံးကို ဝိုင်းရံထားကြလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဤသည်က သူ ဝယ်ယူရေးဌာနမှူး သေချာပေါက် ဖြစ်လာမည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
အားလုံး၏ တုံ့ပြန်မှုများ အမျိုးမျိုး ဖြစ်ပေါ်နေချိန်မှာပင် ယွီဟိုင်ထန်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
"စက်ရုံရှိ ခေါင်းဆောင်အားလုံးရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်အရ ဝယ်ယူရေးဌာနမှူးအသစ်အဖြစ် ရဲဘော်ချန်ကောဟွားကို ခန့်အပ်လိုက်ပါတယ်"
"ရာထူးအပြောင်းအလဲကြောင့် ဝန်ထမ်းချန်ကောဟွားရဲ့ လစာကို မူလ ၂၇.၅ ယွမ်ကနေ ၈၇.၅ ယွမ်အထိ တိုးမြှင့်လိုက်ပါတယ်"
ကြေညာချက် အဆုံးသတ်သွားပြီးနောက် စက်ရုံရှိ လူအားလုံးမှာ ချက်ချင်းပင် ဆူညံသွားကြသည်။
အထူးသဖြင့် လျိုဟိုင်ကျုံး၏ ဘေးရှိ လူများမှာဆိုလျှင် သူတို့၏ မျက်နှာများမှာ ပြောမပြတတ်အောင်ပင် အရှက်ကွဲသွားကြသည်။ အချိန်အတော်ကြာအောင် ဌာနမှူးအစစ် မဟုတ်သည့်သူကို မျက်နှာလိုမျက်နှာရ လုပ်နေခဲ့ခြင်းဖြစ်သည်။ ချက်ချင်းပင် အားလုံးက လှောင်ပြောင်သံများဖြင့် လျိုဟိုင်ကျုံး၏ ဘေးမှ လူစုခွဲသွားကြသည်။
လျိုဟိုင်ကျုံး၏ မျက်နှာမှာ အလွန်တရာ မည်းမှောင်နေသည်။ ဌာနမှူးလီက မနက်ကမှ လက်ဆောင်ကို လက်ခံထားခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အချိန်များတွင်လည်း ခေါင်းဆောင် အတော်များများကို မျက်နှာလိုမျက်နှာရ လုပ်ထားသည်။
ဘယ်လိုလုပ်ပြီး ဝယ်ယူရေးဌာနမှူး ဖြစ်လာသူက ချန်ကောဟွား ဖြစ်နေရတာလဲ
"သေချင်တဲ့ ချန်ကောဟွား"
"ခေါင်းဆောင်ကို လက်ဆောင်ကြီး ပေးလိုက်တာ သေချာတယ်"
"ဒီခွေးကောင်က ငါ့အလုပ်ကို ဒီလို ဖျက်ဆီးရက်တယ်ပေါ့"
"မရဘူး ငါ ဒီကောင်စုတ်လေးကို သေချာပေါက် တိုင်ရမယ်"
လျိုဟိုင်ကျုံး၏ ရင်ထဲတွင် ဒေါသများ အပြည့်ဖြစ်နေသည်။ အဆုံးတွင် ဒေါသမထိန်းနိုင်ဘဲ သတိလစ်သွားခဲ့တော့သည်။ သို့သော် ကံကောင်းထောက်မစွာ သဘောကောင်းသော အလုပ်သမားများက သူ့ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ သို့မဟုတ်ပါက ယခုအချိန်တွင် ကွယ်လွန်သွားလောက်ပြီ ဖြစ်သည်။
ဘေးရှိ ရီကျုံးဟိုင်သည်လည်း ကြေညာချက်ကို ကြားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးမှာ အလွန် တည်ငြိမ်နေသည်။ သို့သော် သေချာကြည့်မည်ဆိုပါက သူ၏ တည်ငြိမ်နေသော မျက်နှာအောက်တွင် နောင်တရမှုများ ပြည့်နှက်နေကြောင်းကို တွေ့နိုင်သည်။
ကျားကျန်းရှီနှင့်အတူ ချန်ကောဟွားကို အဘယ်ကြောင့် အရူးတစ်ယောက်လို ဖယ်ကြဉ်ခဲ့မိသနည်းဟု နောင်တရနေခြင်း ဖြစ်သည်။
အကယ်၍ အတိတ်ကာလက ချန်ကောဟွားအပေါ် အနည်းငယ်မျှ ပိုမို ကောင်းမွန်စွာ ဆက်ဆံခဲ့မည်ဆိုလျှင် ယခု သူ၏ အရည်အချင်းများအရ နောင်တွင် ပြုစုစောင့်ရှောက်ရေး ပြဿနာမှာ သူ၏ စကားတစ်ခွန်းတည်းဖြင့် ပြေလည်နိုင်မည် ဖြစ်သည်။ သူသည် ပြုစုစောင့်ရှောက်မည့်သူအဖြစ် ဟယ်ယွီကျူးကို အဘယ်ကြောင့် ရွေးချယ်ခဲ့မိသနည်းဟု နောင်တရနေမိသည်။
ပြုစုစောင့်ရှောက်မည့်သူအဖြစ် ရှားကျူးကို အဘယ်ကြောင့် ရှာဖွေခဲ့မိသနည်းဟု ပို၍ပင် နောင်တရနေမိသည်။ ရှားကျူးမှာ ရဲစခန်းထဲသို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ချန်ကောဟွားနှင့် နှိုင်းယှဉ်မည်ဆိုပါက လုံးဝကို နံရံပေါ် တင်၍မရသော ရွှံ့ဗွက်တစ်ခုသာ ဖြစ်သည်။
ချင်ဟွိုင်ယွီမှာမူ ကြောင်အမ်းနေသည်။ သူမ သတိပြန်ဝင်လာချိန်တွင် သူမ တစ်ကိုယ်လုံး အခြေအနေ မကောင်းတော့ပေ။ အဘယ်ကြောင့်ဆိုသော် ချန်ကောဟွား၏ ဘဝမှာ အဘယ်ကြောင့် ပို၍ပို၍ ပြည့်စုံလာရကြောင်းကို သူမ လုံးဝ နားမလည်နိုင်သောကြောင့် ဖြစ်သည်။
ပုံမှန်အားဖြင့် အိမ်ရာဝင်းထဲတွင် အစားအသောက် အသုံးအဆောင်များ ကောင်းမွန်သည်ကို ထား၍ရေသးသည်။ယခု စက်ရုံတွင်လည်း အဆင့်ဆင့် တိုးတက်လာသည်။ ဝယ်ယူရေးဌာနမှူး ရာထူးကိုပင် တာဝန်ယူနိုင်သည်။ သူက ယခုနှစ်မှသာ အလုပ်ရုံမှ ဝယ်ယူရေးဌာနသို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိထားရမည်။ ရက်အနည်းငယ်သာ ရှိသေးသော်လည်း စီမံခန့်ခွဲရေးအဖွဲ့သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ချင်ဟွိုင်ယွီ၏ စိတ်ကို မည်သို့ မပေါက်ကွဲစေဘဲ နေနိုင်မည်နည်း။ အထူးသဖြင့် အတိတ်ကာလက လူချင်းတွေ့ဆုံချိန်တွင် အိမ်အမည်ပေါက်စာရင်းတွင် နာမည်ထည့်ခိုင်းခဲ့သည့် စည်းကမ်းချက်ကို တွေးမိသောအခါ ချင်ဟွိုင်ယွီသည် အလွန်တရာ ရယ်စရာကောင်းသည်ဟုသာ ခံစားလိုက်ရသည်။
အကယ်၍ ဤနေရာသည် စက်ရုံသာ မဟုတ်ပါက သူမသည် မိမိကိုယ်ကို ပါးနှစ်ချက်လောက် ပြင်းပြင်းထန်ထန် ရိုက်ပစ်ချင်နေမိသည်။ သို့သော် အဆုံးတွင်တော့ အားအင်ကုန်ခမ်းစွာ သက်ပြင်းချခြင်း အဖြစ်သို့သာ ပြောင်းလဲသွားခဲ့ရသည်။
မြင်ကွင်းအခြေအနေကို ဆက်ပြောရလျှင် ယွီဟိုင်ထန်က ကြေညာချက် ဖတ်ကြားပြီးနောက် သံမဏိစက်ရုံတစ်ခုလုံးရှိ လူသုံးထောင်ကျော်က ချန်ကောဟွားသည် ဝယ်ယူရေးဌာနမှူးအသစ် ဖြစ်ကြောင်း သိရှိသွားကြသည်။
အရင်က လျိုဟိုင်ကျုံးကို ဝိုင်းရံထားသော အလုပ်သမားများ အားလုံး လူစုခွဲသွားကြပြီး ထိုအထဲမှ အလုပ်သမား အတော်များများက မျက်နှာလိုမျက်နှာရ အပြုံးများဖြင့် ချန်ကောဟွားထံ သွားရောက်ကာ မျက်နှာလိုမျက်နှာရ လုပ်ရန် တွေးတောနေကြသည်။
ချန်ကောဟွားက အခြားသူများ၏ အတွေးများကို မသိရှိပေ။ သို့သော် သူ၏ ရင်ထဲတွင်လည်း အလွန် ပျော်ရွှင်နေသည်။ အဘယ်ကြောင့်ဆိုသော် စက်ရုံ၏ စီမံခန့်ခွဲရေးအဖွဲ့သို့ ရောက်ရှိလာခြင်းမှာ သူ၏ ဆန္ဒဖြစ်ရုံသာမက ဇနီးဖြစ်သူ၏ ဆန္ဒလည်း ဖြစ်သောကြောင့်ပင် ဖြစ်သည်။
လက်ရှိတွင် မိမိ၏ ရည်မှန်းချက်ကို အောင်မြင်စွာ ရရှိသွားပြီဖြစ်ရာ ချင်ကျင်းယွီသာ သိရှိသွားပါက အလွန် ပျော်ရွှင်သွားလိမ့်မည်ဟု သူ ယုံကြည်သည်။
သို့သော်လည်း ချန်ကောဟွား မသိရှိသည်မှာ အိမ်တွင်လည်း သတင်းကောင်းက သူ့ကို စောင့်ကြိုနေကြောင်းပင် ဖြစ်သည်။