အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း (၈၇)
"အစ်ကိုရေ အစ်ကို့ဆီမှာ ကြက်ဥတွေ အများကြီးပဲနော်။ ငါကို နည်းနည်းလောက် ရောင်းပေးလို့ ရမလား"
"ငါ တစ်လုံးကို ငါးပြားနဲ့ ဝယ်မယ်လေ၊ ရမလား"
"ဈေးကွက်ထဲမှာ တစ်လုံးကို ကိုးမူးတောင် ရောင်းနေတာ၊ ဒီငါးပြားဆိုတဲ့ ဈေးက သိပ်ကို အဓိပ္ပာယ်မရှိလွန်းဘူးလား"
"အစ်ကို ငါ့ ကလေးကို အရသာမြည်းကြည့်ဖို့အတွက် နှစ်လုံးသုံးလုံးလောက် ဝယ်ချင်လို့ပါ၊ နည်းနည်းလောက် ဈေးလျှော့ရောင်းပေးလို့ရမလား"
လမ်းတစ်လျှောက်တွင် သွားလာနေကြသော လမ်းသွားလမ်းလာများအားလုံးက ချန်ကောဟွားထံမှ ကြက်ဥများကို ဝယ်ယူလိုကြသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ အားလုံးကို သူက တစ်ယောက်ပြီးတစ်ယောက် ငြင်းပယ်လိုက်သည်။
ဒါကလည်း အလွန် ရိုးရှင်းလှသည်။ ဤကြက်ဥများမှာ သိပ်ပြီး တန်ဖိုးမကြီးလှသော်လည်း ချန်ကောဟွား၏ လက်ထဲတွင်မူ နိုင်ငံတော်ပိုင်ပစ္စည်းများ ဖြစ်နေသည်။ အခြားသူများ ဝယ်ယူလိုလျှင်လည်း အခြေခံအားဖြင့် မဖြစ်နိုင်ပေ။ နိုင်ငံတော်၏ အသိအမှတ်ပြုချက်ကို ရရှိရန် လိုအပ်သည်။ သို့မဟုတ်ပါက တရားမဝင်သော လုပ်ရပ်တစ်ခုသာ ဖြစ်သွားပေမည်။
ဤအချိန်တွင် ချန်ကောဟွားသည် ခြံဝင်းကြီး၏ တံခါးပေါက်ဆီသို့ ရောက်ရှိလာသည်။ အရှေ့ခြံဝင်းရှိ ရေကန်တွင် ဟင်းသီးဟင်းရွက်များ ဆေးကြောနေသော တတိယအန်တီကြီးသည် ချန်ကောဟွား၏ စက်ဘီးပေါ်တွင် အပြည့်တင်လာသော ကြက်ဥများကို အမှတ်မထင် မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားပြီး
"ဒီလောက်များတဲ့ ကြက်ဥတွေ၊ အရေအတွက် ဘယ်လောက်တောင် ရှိမလဲ" ဟု ဆိုလိုက်သည်။
ချန်ကောဟွားက ရယ်မောလိုက်ပြီး "ရှစ်ရာကျော်လောက် ရှိမယ်" ဟု ပြန်ဖြေလိုက်သည်။
ရှီး…..
တတိယအန်တီကြီးမှာ လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ ထို့နောက်တွင်မူ နက်ရှိုင်းသော အားကျမှုများသာ ဖြစ်ပေါ်လာတော့သည်။
သို့သော် အားကျလျှင်လည်း တိတ်တဆိတ်သာ အားကျနိုင်ပေမည်။ အကြောင်းမှာ ချန်ကောဟွားသည် ဝယ်ယူရေးဌာနမှူး ဖြစ်နေပြီဖြစ်ကြောင်းကို သူမ မနေ့ကတည်းက သိထားပြီးဖြစ်ရာ ဤကြက်ဥများသည် သူ အခြားနေရာများမှ ဝယ်ယူစုဆောင်းလာခြင်းဖြစ်ကြောင်း သေချာနေသောကြောင့် ဖြစ်သည်။
ချန်ကောဟွားသည် တတိယအန်တီကြီးကို ဂရုမစိုက်တော့ဘဲ စက်ဘီးကိုတွန်းလျက် မိမိအိမ်ရှိရာ အလယ်ခြံဝင်းဆီသို့ သွားလိုက်သည်။
အလယ်ခြံဝင်း၏ဘေးတွင် ကျားမိသားစု ရှိသည်။ ကျားကျန်းရှီသည် တံခါးဝတွင် ဖိနပ်ချုပ်နေစဉ် ကျွိကျွိကျာကျာ မြည်နေသော စက်ဘီး ဘီးလိမ့်သံကို ကြားလိုက်ရကာ သူမ၏ တြိဂံပုံစံ မျက်လုံးအစုံက လှမ်းကြည့်လာသည်။
ထို့နောက် ရက်စက်ကြမ်းကြုတ်ပုံပေါက်သော နှုတ်ခမ်းများက အနည်းငယ် ပွင့်ဟသွားပြီး အံ့ဩလွန်း၍ ဖိနပ်ပင် ဆက်မချုပ်နိုင်တော့ဘဲ အတန်ကြာမှသာ မနေနိုင်ဘဲ ရေရွတ်လိုက်မိတော့သည်။
"ဒီလောက်များတဲ့ ကြက်ဥတွေကို ရနိုင်တယ်ဆိုတော့၊ ဒီဝယ်ယူရေးဌာနမှူးဆိုတာ တကယ်ကို ကောင်းတာပဲ"
"အဖွား သား ကြက်ဥ စားချင်တယ်"
ဘေးတွင်ရှိနေသော ပန့်ကန့်က ကျားကျန်းရှီ၏ အင်္ကျီကို ဆွဲလျက် မျှော်လင့်တကြီး မျက်လုံးများဖြင့် ပြောလိုက်သည်။
ကျားကျန်းရှီက သိပ်မတွေးတော့ဘဲ ဖိနပ်ကို ချထားလိုက်ပြီး
"ကောင်းပြီလေ မင်းအမေကို ကြက်ဥ သွားယူခိုင်းဖို့ အဖွား ပြောလိုက်မယ်" ဟု ပြောလိုက်သည်။
......
ထိုအချိန်တွင် ချန်ကောဟွားသည်လည်း စက်ဘီးကို အိမ်ထဲတွင် ရပ်ထားလိုက်သည်။ ချင်ကျင်းယွီကို ပစ္စည်းများ ထွက်ယူရန် သူ မခေါ်ရသေးခင်မှာပင် ချန်မိသားစု၏ တံခါးဝတွင် လူရိပ်တစ်ခု ပေါ်လာသည်။
"ကောဟွားရေ"
ချန်ကောဟွားက ခေါင်းလှည့်ကြည့်လိုက်ရာ ရောက်လာသူမှာ ချင်ဟွိုင်ယွီ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ
"အင်း ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။
"ကောဟွား နင် အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာတင် ဒီလောက်များတဲ့ ကြက်ဥတွေ ရလာမယ်လို့ မထင်ထားဘူး၊ ငါ့ကို ကြက်ဥ နည်းနည်းလောက် ရောင်းပေးလို့ ရမလား၊ ငါ တစ်မူးကို သုံးလုံးနှုန်းနဲ့ ဝယ်မယ်လေ ဘယ်လိုလဲ"
ပြီးခဲ့သည့်ရက်များအတွင်း ချန်မိသားစုနှင့် ပြဿနာမဖြစ်သလို သူမကိုယ်တိုင်ကလည်း ငွေပေး၍ ဝယ်ယူခြင်းဖြစ်သောကြောင့် တစ်ဖက်လူက လုံးဝငြင်းပယ်မည်မဟုတ်ဟု ချင်ဟွိုင်ယွီက တွေးထင်ထားသည်။
ချန်ကောဟွားကတော့ အနည်းငယ် ရယ်ချင်စရာကောင်းသည်ဟုသာ ခံစားလိုက်ရသည်။
ဒီချင်ဟွိုင်ယွီက စက်ရုံရဲ့ကြက်ဥတွေကို ကြားဖြတ်လုချင်နေတာပဲ
နိုင်ငံတော်ပိုင်ပစ္စည်းများကို အခြေခံအားဖြင့် ရောင်းချ၍မရနိုင်သည်ကို အရင်မပြောလျှင်ပင် ရောင်းချ၍ ရနိုင်သည်ဟုဆိုဦးတော့ တစ်မူးကို သုံးလုံးဆိုသည်မှာ ရယ်စရာ ဈေးနှုန်းဖြစ်ေနသည်။
သူမ ပြောသည့်အတိုင်းဆိုလျှင် တစ်လုံးကို သုံးပြားကျော်မျှသာ ကျပေမည်။ ဝမ်ဖူကျင်းဘက်ကို မပြောနှင့် ကုန်စည်ထောက်ပံ့ရေး သမဝါယမအသင်းတွင်ပင် ဤမျှဈေးပေါသော ကြက်ဥမျိုး မရှိနိုင်ပေ။
"ကောဟွား နင် ဒီလောက်များတဲ့ ကြက်ဥတွေ ရလာတာပဲ၊ သုံးလုံးလောက် ရောင်းပေးလိုက်ရုံနဲ့ ဘာမှမဖြစ်ပါဘူး၊ စက်ရုံကလည်း နင် ဘယ်လောက်ရလာတယ်ဆိုတာ သိမှာမှ မဟုတ်တာ"
စကားပြောနေစဉ်အတွင်း ချင်ဟွိုင်ယွီက မသိမသာဖြင့် မျက်ခုံးပင့်ပြလိုက်သေးသည်။ သေချာသည်မှာ အမှန်တကယ်တွင် သူမ၏ ဤသို့သောလုပ်ရပ်မှာ ကြက်ဥအတွက်ပင် မဟုတ်ပေ။ အနည်းငယ် တွေးကြည့်လိုက်သည်နှင့် ချင်ဟွိုင်ယွီက ဘာအကြံအစည်ရှိနေသည်ကို ချန်ကောဟွား နားလည်သွားသည်။
ကျားမိသားစု၏ အကြီးမားဆုံးသော ထောက်တိုင်ကြီးဖြစ်သည့် ဟယ်ယွီကျူးမှာ ယခုအချိန်အထိ ရဲစခန်းတွင် ထိုင်နေရဆဲဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ အပြင်ကို ထွက်လာနိုင်လျှင်တောင် အလုပ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် ဆိုသည်မှာ မသေချာလှပေ။
ထို့ကြောင့် ချင်ဟွိုင်ယွီက ကြက်ဥလိုချင်သည်မှာ အတုသာဖြစ်ပြီး အခြားသူတစ်ယောက်ဆီမှ သွေးစုပ်ရန်ရည်ရွယ်ထားသည်မှာ အစစ်အမှန်ပင် ဖြစ်သည်။ သို့သော် သူမ ပြောခဲ့သည့်အထဲတွင် မှန်ကန်နေသည့် အချက်တစ်ချက်တော့ရှိသည်။
ယင်းမှာ ဝယ်ယူရေးဌာနမှ ဝန်ထမ်းများသည် အပြင်တွင် ပစ္စည်းမည်မျှ အတိအကျ ဝယ်ယူသည်ကို စက်ရုံခေါင်းဆောင်များပင် မသိနိုင်ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဝယ်ယူရေးပိုင်းအနေဖြင့် ဝယ်ယူရန် တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။ ဖြတ်တောက်ချန်လှပ်ထားသော အပိုင်းနှင့်ပတ်သက်၍မူ ငွေပြန်လည်ဖြည့်တင်းပေးနိုင်ပါက အဆင်ပြေသည်။ ချန်ကောဟွားက ဌာနမှူးတစ်ယောက် ဖြစ်နေသည်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
ကိန်းဂဏန်းအချက်အလက်အချို့ ကိုက်ညီမှု မရှိလျှင်ပင် ဘာမှမဖြစ်လှပေ။ ထိုအချိန်ရောက်လျှင် သယ်ယူပို့ဆောင်ရေးတွင် ပျက်စီးဆုံးရှုံးမှုအချို့ ရှိသည်ဟု ပြောလိုက်ရုံဖြင့် ရပြီဖြစ်သည်။ ယုတ္တိရှိသော အတိုင်းအတာတစ်ခုအတွင်း၌ ရှိနေသရွေ့ စက်ရုံက စုံစမ်းစစ်ဆေးမည် မဟုတ်ပေ။
သို့သော် ချန်ကောဟွားက မထင်မှတ်ထားမိသည်မှာ ချင်ဟွိုင်ယွီဆိုသည့် သွေးစုပ်မည့်သူက ဤအရာကိုပင် တွက်ချက်နေခြင်းဖြစ်သည်။
သူက အေးစက်စက် တစ်ချက်ရယ်မောလိုက်ပြီး "မရဘူး၊ ဒါက စက်ရုံရဲ့ ပစ္စည်းတွေ၊ အများပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေပဲ" ဟု ပြောလိုက်သည်။
"ကောဟွား အဲဒါကို ငါ သိတယ်၊ နင်က ဌာနမှူးပဲလေ၊ စက်ရုံကို ပြန်ရောက်ရင် မသိမသာလေး ဖုံးကွယ်ထားလိုက်ရုံနဲ့ ရနေတာပဲကို၊ ပြီးတော့ ငါက အရသာခံဖို့ သုံးလုံးလောက်ပဲ လိုတာပါ"
ချင်ဟွိုင်ယွီက မျှော်လင့်တကြီးဖြင့် ပြောလိုက်သည်။
ထိုသို့ ပြောပြီးသည်နှင့် သူမက အိတ်ကပ်ထဲမှ တစ်မူးကို ထုတ်ယူလိုက်ရာ သူမကိုယ်တိုင် စေတနာအပြည့်ဖြင့် လာကြောင်း ပြောနေသည့်အလားပင်ဖြစ်သည်။
"မရဘူး။ အရင်က ဟယ်ယွီကျူးလည်း မင်းကို ထမင်းသယ်ပေးလို့ ရဲစခန်းထဲ ရောက်သွားရတာ မဟုတ်ဘူးလား၊ ဒီလို ရှေ့က သင်ခန်းစာ ရှိနေတာတောင် ငါက အများပိုင်ပစ္စည်းကို မင်းကို ဘယ်ပေးရဲပါ့မလဲ"
ချန်ကောဟွားက ခိုင်မာပြတ်သားသော စကားလုံးများဖြင့် ငြင်းပယ်လိုက်သည်။ အကယ်၍ အခြား အိမ်နီးချင်းများသာဆိုလျှင် ချန်ကောဟွားက လက်ကမ်းကူညီပေးရန် ရွေးချယ်မိမည်ဖြစ်သည်။
သို့သော် ချင်ဟွိုင်ယွီဆိုသည့် ကြာပန်းဖြူမလို သွေးစုပ်သည့်သူကတော့ ဝေးဝေးေနလျှင် အကောင်းဆုံးဖြစ်သည်။ တစ်မိသားစုလုံး အကြီးအငယ်မရွေး တိရစ္ဆာန်အလား အကောင်တွေချည်းသာ ဖြစ်သည်။
သူတို့ မိသားစုကို ကူညီလိုက်လျှင် ကျေးဇူးကို သိတတ်မည် မဟုတ်သည့်အပြင် ဒုက္ခပေးရန် နည်းလမ်းပေါင်းစုံဖြင့် ကြံစည်ကြဦးမည်ဖြစ်သည်။
အရင်က ဟယ်ယွီကျူးက အကောင်းဆုံး ဥပမာတစ်ခုပဲ
ထို့အပြင် ယခင်က ချိန်းတွေ့သည့် ကိစ္စတွင် ချင်ဟွိုင်ယွီသည် ရုပ်ဝတ္ထုပစ္စည်းများကိုသာ မက်မောသော မိန်းမတစ်ယောက်ဖြစ်ကြောင်း ချန်ကောဟွား စောစောကတည်းက သိရှိထားပြီး ဖြစ်သည်။ သူမအပေါ် ကောင်းပေးခြင်းက တစ်ဖက်လူကို အခွင့်အရေးပေးကာ အတင့်ရဲလာစေရုံသာရှိပေမည်။
"အများပိုင် ပစ္စည်းကို ဘယ်သူမှ ထိလို့ မရဘူး၊ မဟုတ်ရင် မင်းလည်း အထဲကို ဝင်သွားရနိုင်တယ်၊ ငါက မင်းကောင်းဖို့အတွက် ပြောနေတာ" ချန်ကောဟွားက စကားတစ်ခွန်း ဖြည့်စွက်ပြောလိုက်သည်။
ငါက မင်းကောင်းဖို့အတွက်ဟု ဆိုသည့် ဤကျင့်ဝတ်ပိုင်းဆိုင်ရာ ချုပ်ချယ်မှုစကားက ချင်ဟွိုင်ယွီအား အခက်အခဲကို သိရှိကာ နောက်ဆုတ်သွားစေနိုင်မည်ဟု မူလက ထင်မှတ်ထားသည်။ သို့သော် မည်သူသိမည်နည်း။ ချင်ဟွိုင်ယွီက အကြီးအကျယ် တုန်လှုပ်ခံစားသွားရသည့် အမူအရာမျိုး ဖြစ်သွားသည်။
ထို့နောက် ပတ်ဝန်းကျင်တွင် လူမရှိသည်ကို မြင်လိုက်ရသောအခါ သူမ၏ လက်ဖြင့် ရင်ဘတ်အပေါ်ဆုံးရှိ ကြယ်သီးကို လျင်မြန်စွာ ဖြုတ်လိုက်သည်။ ထို့နောက် မျက်လုံးအိမ်အတွင်း၌ မီးတောက်များ ရှိနေသကဲ့သို့ ချန်ကောဟွားကို စူးစိုက်ကြည့်လာသည်။
နင်က ငါကောင်းဖို့အတွက် လုပ်ပေးသလို ငါလည်း နင်ကောင်းဖို့အတွက် လုပ်ပေးနိုင်တယ်ဟု ပြောနေသည့်အလားပင်ထင်ရသည်။
သို့သော် ယခုအခါ ချန်ကောဟွား၏ လုပ်ငန်းခွင်မှာ တရှိန်ထိုး တိုးတက်နေပြီး မကြာမီ ကိုယ်ပိုင် ရင်သွေးလေးလည်း ရရှိတော့မည်ဖြစ်ရာ အလွန်တရာ အောင်မြင်ပျော်ရွှင်နေချိန်ဟု ဆို၍ရနိုင်သည်။
သူမလို ပျက်စီးနေသော မိန်းမတစ်ယောက်ကို မည်သို့လုပ်ပြီး သဘောကျနိုင်မည်နည်း။ နောင်ခေတ်တွင် ပြောစမှတ်ပြုကြသော စကားတစ်ခွန်းလိုပင်၊
နေအနောက်သို့ ဝင်ချိန်မှာ အဖော်မပြုဘဲ အရှေ့ကနေ ပြန်လည်ထွက်ပေါ်လာချိန်ကျမှ ရောက်လာရအောင် မင်းက ဘယ်သူမို့လို့လဲ
သူက တစ်ချက်လေးမျှပင် မကြည့်တော့ဘဲ အိမ်တံခါးကို ဖွင့်လိုက်ပြီးနောက် ကြက်ဥခြင်းတောင်းကို ပိုက်လျက် အိမ်ထဲသို့ဝင်သွားလိုက်သည်။
ထိုအရာများကို လုပ်ဆောင်ပြီးနောက် ချန်ကောဟွားက
"အရှက်မရှိတဲ့မိန်းမ၊ ငါ့အိမ်နဲ့ ဝေးဝေးမှာ သွားနေစမ်း" ဟု ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။
ဒုန်း
ပြောပြီးသည်နှင့် အိမ်တံခါးကို ပိတ်လိုက်သည်။
မျက်နှာတစ်ခုလုံး မကျေမနပ်ဖြစ်ကာ ဒေါသထွက်နေသော ချင်ဟွိုင်ယွီသာ ကျန်ရစ်တော့သည်။
ချန်ကောဟွားက ဤမျှအထိ ရက်စက်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားပေ။ ကိုယ်တိုင် ကြက်ဥဝယ်မည်ဟု ကမ်းလှမ်းသည်ကိုပင် မရောင်းရက်ဖြစ်နေသည်။ ပို၍ အရေးကြီးသည်မှာ သူမက ကြယ်သီးတစ်လုံးပင် ဖြုတ်ပေးလိုက်သေးသည်။ ဤကဲ့သို့သော ဆက်ဆံမှုကို ရှားကျူးပင် မရရှိဖူးပေ။
အကယ်၍ ရှားကျူးသာ မြင်လိုက်ရပါက အရှက်မရှိဘဲ ဘာမဆို အကုန်လုပ်ပေးမိမည်မှာ သေချာလှသည်။ သို့သော် ချန်ကောဟွားကမူ အားလုံးကို မြင်တွေ့ပြီးနောက်တွင်ပင် သူမကို အရှက်မရှိဟု ဆဲဆိုသွားသေးသည်။
ဒီလိုမျိုးဆိုရင် ဘယ်သူကများ ခံနိုင်ရည်ရှိပါ့မလဲ
ထို့ကြောင့် ချင်ဟွိုင်ယွီသည် မျက်ရည်ဝဲလျက်ဖြင့် ထွက်ခွာသွားတော့သည်။
တစ်ချိန်ထဲတွင်ပင် သူမသည် ချန်ကောဟွားအား လုံးဝ မုန်းသွားပြီး နောင်တွင် သူ၏လက်ထဲ၌ အားနည်းချက် အမိအရရှာရမည်ဟုလည်း စိတ်ထဲတွင် တွက်ဆနေသည်။
သို့သော် သူမ ထွက်သွားပြီး မကြာမီမှာပင် ချန်ကောဟွား၏ အိမ်ထဲတွင်လည်း ထမင်းဟင်း စတင် ချက်ပြုတ်နေပြီဖြစ်သည်။ မူလက ထမင်းဟင်း ချက်ပြုတ်ခြင်းမှာ ဘာမှမထူးခြားလှပေ။ သို့သော် ချန်ကောဟွား၏ အိမ်ထဲမှ ပြင်းထန်သော ကြက်ဥကြော်နံ့များ ပျံ့လွင့်လာလိမ့်မည်ကို မည်သူသိနိုင်မည်နည်း။
ဤတစ်ကြိမ်တွင် ချင်ဟွိုင်ယွီ၏ စိတ်နေသဘောထားမှာ လုံးဝကို ပေါက်ကွဲသွားပြီဟု ဆိုရပေမည်။အခန်း (၈၈)
ချင်ဟွိုင်ယွီ ထွက်သွားပြီးနောက် ချန်ကောဟွားသည် ထမင်းဟင်း စတင် ချက်ပြုတ်လေတော့သည်။ ယခုအခါ ချင်ကျင်းယွီတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ရာ သဘာဝကျစွာပင် ပေါ့ပေါ့တန်တန် နေ၍မရနိုင်ပေ။
ဆန်ဆေး၍ ထမင်းပေါင်းကာ ကြက်ကိုသတ်ပြီး ဟင်းရည် ချက်ပြုတ်လိုက်သည်။ ထိုအရာများအပြင် ချန်ကောဟွားသည် ချင်ကျင်းယွီ နှစ်သက်စွာစားတတ်သော ငရုတ်သီး ကြက်ဥကြော်ကိုလည်း သီးသန့် ချက်ပြုတ်ပေးသည်။
ဤသည်မှာ စနစ်ထဲရှိ ကြက်မများမှ ဥထားသော ကြက်ဥများဖြစ်ပြီး အလုံးရေ တစ်ထောင်ကျော်မျှပင် ရှိနေလေရာ မစားဘဲထားလျှင် အလဟဿသာ ဖြစ်သွားပေမည်။ မိန်းမနှင့်ကလေးကို အရင်ဆုံး အရသာခံစားခွင့် ပေးရမည်မှာသေချာလှသည်။
ဝက်ဆီတစ်ဇွန်းကို ခပ်၍ ဒယ်အိုးထဲသို့ ထည့်လိုက်ပြီးနောက် ကြက်ဥများကို မွှေးပျံ့လာသည်အထိ ကြော်လိုက်သည်။ ထို့နောက် ငရုတ်သီးနှင့် ဆားတို့ကို ထည့်၍ အရသာ ဖြည့်စွက်လိုက်ရာ ချက်ချင်းပင် ဆွဲဆောင်မှုရှိလှသော မွှေးရနံ့တစ်ခုက ချန်ကောဟွား၏ အိမ်ထဲမှ ပျံ့လွင့်ထွက်ပေါ်လာသည်။
ရုတ်တရက်ပင် ခြံဝင်းကြီးအတွင်းရှိ အိမ်ထောင်စုတိုင်းက အနံ့ကို ရရှိသွားကြသည်။
"အရမ်း မွှေးတာပဲ"
"ဒါ ဘယ်သူ့အိမ်ကလဲ၊ ကြက်သားနံ့ရော ကြက်ဥကြော်နံ့ပါ ရနေတယ်"
"ချန်ကောဟွားပဲ၊ သေချာပေါက် ချန်ကောဟွားပဲဖြစ်ရမယ်။ ဒီနေ့ သူ ဝယ်ယူရေးပစ္စည်းတွေနဲ့ အိမ်ပြန်လာတာကို ခုနလေးတင် ငါ မြင်လိုက်တယ်"
"သူက စက်ရုံအတွက် ဝယ်ပေးရတာ မဟုတ်ဘူးလား၊ ပထမဆုံးနေ့မှာတင် အများပိုင်ပစ္စည်းကို ရဲရဲတင်းတင်း စားရဲတယ်ဆိုတော့ ဒါက အဂတိလိုက်စားတာပဲ"
"ဘာ အဂတိလိုက်စားတာလဲ၊ ဝယ်ယူရေးမှူးက သတ်မှတ်ချက် ပြည့်မီအောင် လုပ်ဖို့ပဲ လိုတာလေ၊ ပိုနေတဲ့ပစ္စည်းတွေကို ကိုယ်တိုင် ဖြတ်ယူထားတာကို သူများတွေက ဘာပြောနိုင်မှာလဲ၊ ဒါ့အပြင် သူက ဌာနမှူးတောင် ဖြစ်နေသေးတာကို"
"ဒီရာထူးက တကယ်ကို ဇိမ်ကျတာပဲ"
......
ကျားမိသားစုတွင် ဆဲဆိုခံလိုက်ရသော ချင်ဟွိုင်ယွီသည် အိမ်ပြန်ရောက်၍ မကြာမီမှာပင် ချန်မိသားစုဆီမှ ဆွဲဆောင်မှုရှိလှသော မွှေးရနံ့တစ်ခုကို ရရှိလိုက်သည်။သူမ မည်မျှပင် မကျေမနပ် ဖြစ်သွားရသည်ကို ပြောနေစရာပင် မလိုတော့ပေ။ မရောင်းဘူးဟု ပြောပြီးနောက် တစ်ဖက်လှည့်သည်နှင့် သူတို့ဘာသာသူတို့ စားသောက်နေကြသည်။
ဤချန်ကောဟွားက သူမ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။ နှိပ်စက်ညှဉ်းပန်းမှုများကို အလုံအလောက် ခံစားလိုက်ရပြီးဖြစ်၍လည်းဖြစ်နိုင်သည်။
ဤတစ်ကြိမ် မကျေမနပ်ဖြစ်ပြီးနောက် သူမ၌ အမုန်းတရားများစွာ မရှိတော့ဘဲ ချန်ကောဟွား၏ မိသားစု နေထိုင်ကောင်းမွန်နေခြင်းကို အသားကျသွားပြီဖြစ်သည့်အလား ပုံပေါက်နေသည်။ သို့သော် မပြောင်းလဲသော အချက်တစ်ချက်တော့ရှိနေသည်။
ချန်ကောဟွား၏ဘဝက ပို၍ မျှော်လင့်ချက်ရှိလာကာ ပို၍ သာယာချမ်းမြေ့လာလေလေ သူမ၏ စိတ်ထဲတွင် နောင်တရမှုများကို တားဆီး၍ မရနိုင်လေလေ ဖြစ်နေသည်။
ယခုအခါ သူတို့မှာ အသားဟင်းများ အဆက်မပြတ် စားနေရပြီး စားမကုန်နိုင်သော ကြက်ဥများလည်း ရှိနေသည်။ စားဝတ်နေရေးအတွက် လုံးဝ ပူပန်စရာမလိုတော့ပေ။ ဤသည်မှာ သူမ အိပ်မက်ထဲတွင်ပင် အမြဲလိုချင်သော ဘဝမျိုးပင် ဖြစ်သည်။
သို့သော် အစောပိုင်းနှစ်များက သူမကိုယ်တိုင် ချန်ကောဟွားကို ငြင်းပယ်မိပြီး အိပ်မက်ထဲက ဘဝကို ကိုယ်တိုင် ဖျက်ဆီးပစ်သည်ကို ပြန်လည် တွေးမိပြီးနောက် ချင်ဟွိုင်ယွီသည် မိမိကိုယ်ကို ပါးအကြိမ်ကြိမ် ရိုက်ပစ်ချင်စိတ်များပင် ဖြစ်ပေါ်လာသည်။
ထိုအချိန်က မျက်စိ မည်မျှပင် ကန်းနေ၍ ကျားတုန်းရွှီဆိုသည့် လူကို သဘောကျမိရသနည်း။
"သေနာကောင် ချန်ကောဟွား၊ ဒီလောက်များတဲ့ ကြက်ဥတွေ ရလာတာကို သုံးလုံးလောက်တောင် မရောင်းပေးချင်ဘူး၊ ပြီးတော့ အများပိုင်ပစ္စည်း ဆိုပြီးတောင် ပြောသွားသေးတယ်"
ကျားကျန်းရှီက အေးစက်စွာ နှာမှုတ်လိုက်ပြီး "တကယ်ပဲ မရောင်းနိုင်ဘူးဆိုရင် သူကိုယ်တိုင်က ဘယ်လိုလုပ် ခိုးစားနေတာလဲ"
"အမေရေ သူတို့က ကြက်ဥရအောင် ယူနိုင်တဲ့ အရည်အချင်းရှိမှတော့ ငါတို့ကို မရောင်းပေးဘူးဆိုတဲ့ အခွင့်အရေးလည်း ရှိနေတာပဲလေ၊ ငါတို့လည်း ဘာမှလုပ်လို့မရပါဘူး"
ချင်ဟွိုင်ယွီက သက်ပြင်းတစ်ချက် ချလိုက်သည်၊ ထိုအရာက ရွေးချယ်စရာ မရှိတော့ခြင်းလား သို့မဟုတ် နောင်တရနေခြင်းလားဆိုသည်ကိုမူ မည်သူမှ မသိနိုင်ပေ။
"ဘာမှလုပ်လို့မရဘူး ဟုတ်လား၊ ဘယ်လိုလုပ် ဘာမှလုပ်လို့မရဖြစ်ရမှာလဲ၊ ဒီတိရစ္ဆာန်ကောင်က စက်ရုံက ပစ္စည်းတွေကို ခိုးစားရဲမှတော့ သူ့ကို တန်ဖိုးပြန်ပေးဆပ်ခိုင်းရမှာပေါ့"
ကျားကျန်းရှီက အေးစက်စွာ နှာမှုတ်လိုက်သည်။ "ချင်ဟွိုင်ယွီ နင် မနက်ဖြန် စက်ရုံကိုသွားပြီး သူ့ကို တိုင်တန်းလိုက်၊ ချန်ကောဟွားက စက်ရုံရဲ့ ပစ္စည်းတွေကို အဂတိလိုက်စားနေပါတယ်လို့ ပြောလိုက်"
ချင်ဟွိုင်ယွီ၏ မှေးမှိန်နေသော မျက်လုံးအစုံက အရောင်လက်သွားပြီးနောက် ခေါင်းညိတ်လိုက်ကာ စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။
"ချန်ကောဟွား နင် ငါ့ကို ကြက်ဥ မရောင်းပေးတာက ထားလိုက်ပါတော့၊ ငါ့ကိုတောင် စော်ကားရဲသေးတယ်၊ နင်လည်း ဘာမှမစားရအောင် ငါ သေချာပေါက် လုပ်ပစ်မယ်"
ဆုံးဖြတ်ချက် ချပြီးနောက် ချင်ဟွိုင်ယွီသည် ပြောင်းဖူးပေါက်စီကို ကိုင်ကာ ကိုက်စားလေတော့သည်။
......
"မိန်းမ မင်း စားပြီးရင် အိပ်ရာပေါ်မှာ သွားလှဲပြီး ကိုယ်ဝန်ကို ဂရုစိုက်တော့လေ၊ ဒီနေရာကို ငါပဲ ရှင်းလင်းလိုက်မယ်"
စားသောက်ပြီးနောက် မိုးလည်း မှောင်သွားပြီ ဖြစ်သည်။ ချန်ကောဟွားကလည်း ချင်ကျင်းယွီကို အနားယူစေလိုက်သည်။ ထို့နောက် ပန်းကန်ခွက်ယောက်များကို ရှင်းလင်းကာ ရေချိုးပြီးနောက် ချန်ကောဟွား၏ အသိစိတ်လေး လှုပ်ရှားသွားကာ စနစ်၏ နေရာလွတ်ထဲသို့ ရောက်ရှိသွားသည်။
စိုက်ပျိုးမွေးမြူရေးခြံ နေရာလွတ်မှာ နဂိုပုံစံအတိုင်းပင် ရှိနေသည်။ မြက်ခင်းပြင်များ၊ ငါးကန်များ၊ တိရစ္ဆာန်များကို ခြံခတ်မွေးမြူနိုင်သော နေရာများအပြင် ရေလွှမ်းနေသော လယ်ကွင်းများပါ ရှိနေသည်။
ဤဧရိယာထဲတွင် ကြက်များကိုသာ မွေးမြူထားသည်။ ယနေ့အတွက် ရိတ်သိမ်းရရှိမှုများကို စစ်ဆေးကြည့်လိုက်သည်။ ဤတစ်ရက်တာ အချိန်အတွင်း ကြက်ဥ အလုံးတစ်သောင်းနှင့် ကြီးထွားပြီးသော ကြက်အရှင်အကောင်တစ်ထောင် ရရှိလိုက်သည်။
ထိုအရာများသည် ယနေ့ တစ်ရက်တာ၏ ရိတ်သိမ်းရရှိမှုမျှသာ ဖြစ်ပြီး ယခင်က စာရင်းသွင်း၍ စုဆောင်းထားသော ပစ္စည်းများကိုပါ ထပ်ပေါင်းလိုက်ပါက ထိုပစ္စည်းများမှာ သုံးမကုန်နိုင်လောက်အောင် ပိုမိုများပြားလာမည် ဖြစ်သည်။
ဤစိုက်ပျိုးမွေးမြူရေးခြံနေရာလွတ်၏ အလားအလာများကို အပြည့်အဝ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်းကို ချန်ကောဟွား သိရှိထားသည်။ နောင်တွင် ဝက်၊ ငါး၊ သိုး၊ နွား စသည့် တိရစ္ဆာန်များကို မွေးမြူရန် အခွင့်အရေးရှိသေးပြီး စပါးအချို့ စိုက်ပျိုးလျှင်ပင် ပြဿနာမရှိနိုင်ပေ။
ဤသို့ဆိုလျှင် မဟာစိုက်ပျိုးမွေးမြူရေးခြံတစ်ခုအဖြစ် သတ်မှတ်၍ ရနိုင်၏။ ဝယ်ယူရေးဌာနမှူး၏ ရာထူးနေရာကို အားကိုး၍ ဤပစ္စည်းများကို ဝယ်ယူမည့်သူ ရှိနေသရွေ့ အဆက်မပြတ်သော ငွေကြေးများ ရရှိနေမည်ဖြစ်သည်။
ကြက်ဥကိုသာ သီးသန့် ဥပမာပေး၍ ပြောရမည်ဆိုလျှင် ကြက်ဥတစ်လုံးကို ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူပါက အကြမ်းဖျင်းအားဖြင့် ငါးပြားမှ ရှစ်ပြားအထိ ရှိသည်။ ထိုကြက်ဥ အလုံးတစ်သောင်းဆိုလျှင် ယွမ်ငါးရာမှ ယွမ်ရှစ်ရာအထိပင် ဖြစ်သည်။ ကြက်မကြီးများ စသည်တို့ကိုပါ ထပ်မံ ရောင်းချမည်ဆိုလျှင် တစ်ရက်လျှင် ငွေတစ်ထောင်ကို အလွယ်တကူပင် ကျော်လွန်သွားနိုင်သည်။
ချန်ကောဟွား၏ စိတ်ထဲတွင် အလွန်တရာ ဝမ်းသာသွားသည်။ စာရင်းသွင်း၍ လက်မှတ်များ ရရှိသည်။ ကျေးလက်ဒေသမှ ငွေကြေးများ ရရှိသည်။ ဤသို့ဆိုလျှင် တရှိန်ထိုး တိုးတက်လာမည်ဖြစ်သည်။
ဤသို့ဖြင့် ဝမ်းသာကြည်နူးနေသော စိတ်ခံစားချက်ကို ပိုက်လျက် ချန်ကောဟွားသည် ပျော်ရွှင်စွာပင် အိပ်ပျော်သွားလေတော့သည်။
......
ဒုတိယနေ့ မနက်တွင် နိုးထလာပြီး ချန်ကောဟွားသည် အိပ်ရာမှ မထသေးဘဲ စိုက်ပျိုးမွေးမြူရေးခြံ နေရာလွတ်ကို စစ်ဆေးကြည့်လိုက်သည်။
မနေ့က ကြက်ဥများကို သိုလှောင်ရုံ နေရာလွတ်ထဲသို့ သိမ်းဆည်းပြီးသွားပြီဖြစ်သည်။ ယနေ့ စိုက်ပျိုးမွေးမြူရေးခြံ နေရာလွတ်ထဲတွင် တောင်လိုပုံနေသော လတ်ဆတ်သည့် ကြက်ဥများ ထပ်မံထွက်ပေါ်လာပြန်သည်။ ယခင်အတိုင်းပင် ကြက်ဥ အလုံးတစ်သောင်း ဖြစ်သည်။ ကြက်ဥများကို သိမ်းဆည်းပြီးနောက် ချန်ကောဟွားက အိပ်ရာမှထကာ မျက်နှာသစ်လိုက်သည်။
ချင်ကျင်းယွီမှာ ကိုယ်ဝန်ရှိနေသဖြင့် အအိပ်ပိုမက်လာသည်။ ထို့ကြောင့် ကြက်ဥနှစ်လုံးနှင့် ဆန်ပြုတ်တစ်ပန်းကန်ကို ရိုးရှင်းစွာ စားသောက်ပြီးနောက် ချန်ကောဟွားသည်လည်း စက်ဘီးကို တွန်းလျက် စက်ရုံသို့ သွားရန် ပြင်ဆင်လိုက်သည်။
ချင်ဟွိုင်ယွီနှင့် နှိုင်းယှဉ်ပါက သူ သံမဏိစက်ရုံသို့ သွားရောက်မှုမှာ အနည်းငယ် နောက်ကျနေသည်။
ထို့ကြောင့် ချင်ဟွိုင်ယွီသည် စက်ရုံသို့ ရောက်ရှိလာပြီးနောက် စက်ရုံမှူးရုံးခန်းဆီသို့ လျှောက်သွားရာ ချန်ကောဟွားကို မမြင်တွေ့ရသလို သူနှင့် ခင်မင်ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များကလည်း မမြင်တွေ့ရပေ။
အကြောင်းမှာ စက်ရုံမှူးရုံးခန်းသည် ခေါင်းဆောင်များ ရုံးထိုင်ရာ နေရာဖြစ်ပြီး စက်ရုံ၏ အရေးကြီးသော နေရာတွင် ပါဝင်နေသောကြောင့်ပင်ဖြစ်ကာ သာမန် ဝန်ထမ်းများသည် ဤနေရာသို့ လာရောက်ခွင့် မရှိပေ။
"ရဲဘော် မင်း ဒီကိုလာတာ ဘာကိစ္စရှိလို့လဲ"
ရုံးခန်းအဆောက်အအုံသို့ ရောက်ရှိလာသည်နှင့် လုံခြုံရေးဌာနမှ ဝန်ထမ်းများက တားဆီးလိုက်သည်။
"မင်္ဂလာပါ ငါက သံမဏိစက်ရုံ နံပါတ်ခုနစ် အလုပ်ရုံက အလုပ်သမား ချင်ဟွိုင်ယွီပါ။ ငါက စက်ရုံဝန်ထမ်းတွေရဲ့ အလုပ်ကိစ္စ ပြဿနာတွေကို တင်ပြဖို့ ညွှန်မှူးလီကို လာရှာတာပါ" ဟု ချင်ဟွိုင်ယွီက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။
ညွှန်မှူးလီဆိုသည်မှာ ဒုတိယစက်ရုံမှူးလီပင် ဖြစ်သည်။
သူသည် စက်ရုံမှူးယန်နှင့် မတူပေ။ စက်ရုံမှူးယန်က ဦးတည်ချက်ကြီးများနှင့် ထုတ်လုပ်ရေးပိုင်းကို တာဝန်ယူပြီး ဒုတိယစက်ရုံမှူးလီကမူ စီမံခန့်ခွဲရေးနှင့် ထောက်ပံ့ရေးပိုင်းကို အဓိက တာဝန်ယူရသည်။
ချင်ဟွိုင်ယွီက ခေါင်းဆောင်ထံသို့ ပြဿနာများ တင်ပြရန် လာခြင်းဖြစ်ကြောင်း လုံခြုံရေးဌာနမှ ဝန်ထမ်းများ ကြားလိုက်ရသောအခါ အလုပ်သမားတစ်ဦးဦးကို တိုင်တန်းရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိသာထင်ရှားနေသည်။ ထို့ကြောင့် စကားမများတော့ဘဲ သူမကို ညွှန်မှူးလီ၏ ရုံးခန်းသို့ ခေါ်ဆောင်သွားသည်။
ညွှန်မှူးလီက မျက်လုံးများကို မှေးလျက် ချင်ဟွိုင်ယွီအား အကဲခတ်ကြည့်လိုက်ပြီး
"လာ ထိုင်ပါဦး ရဲဘော်၊ မင်းကို ငါ မျက်မှန်းတန်းမိသလိုပဲ။ မင်းက နံပါတ်ခုနစ် အလုပ်ရုံက ချင်ဟွိုင်ယွီ မဟုတ်လား" ဟု ရယ်မောကာ ပြောလိုက်သည်။
သံမဏိစက်ရုံမှ ဝန်ထမ်းအများစုမှာ အမျိုးသားများဖြစ်ပြီး အမျိုးသမီးအရေအတွက်မှာ နှိုင်းယှဉ်ကြည့်ပါက နည်းပါးလှသည်။ အထူးသဖြင့် လှပသော အမျိုးသမီးများဆိုလျှင် ပို၍ပင်နည်းပါးလှ၏။
ညွှန်မှူးလီမှာမူ မူလကတည်းက မိန်းမလိုက်စားသူတစ်ဦး ဖြစ်သည်။ ချင်ဟွိုင်ယွီကဲ့သို့သော အလှမယ်လေးကို သဘာဝကျစွာပင် သတိထားမိနေသည်။ ယခုချင်ဟွိုင်ယွီ ပေါ်လာသည်နှင့် သူ၏ မျက်လုံးများသည် ချက်ချင်းပင် အရောင်လက်သွားသည်။
အကယ်၍ လုံခြုံရေးဌာနမှ ဝန်ထမ်းများသာ ဘေးတွင် မရှိနေပါက သူသည် လက်ပါခြေပါ ဖြစ်သွားနိုင်ခြေရှိသည်။
"ဟုတ်ပါတယ် ညွှန်မှူးလီ ငါက ချင်ဟွိုင်ယွီပါ၊ စက်ရုံမှာ အဂတိလိုက်စားနေတဲ့သူ ရှိလို့ တိုင်တန်းချင်လို့ပါ"
ချင်ဟွိုင်ယွီသည် စက်ရုံခေါင်းဆောင်တစ်ဦးက သူမ၏နာမည်ကို ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ သဘာဝကျစွာပင် အလွန် စိတ်လှုပ်ရှားသွားသည်။
ဤစကား ထွက်ပေါ်လာသည်နှင့် ညွှန်မှူးလီ၏ ပြုံးရွှင်နေသောမျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားသည်။ မူရင်းဇာတ်လမ်းထဲတွင် သူသည် အဂတိလိုက်စားရာတွင် အတော်ဆုံးသူတစ်ဦး ဖြစ်သည်။ ယခု ဝန်ထမ်းတစ်ဦးက တိုင်တန်းလာသည်ကို မြင်လိုက်ရသောအခါ သဘာဝကျစွာပင် မနေနိုင်ဘဲ စိုးရိမ်လာတော့သည်။
တစ်ဖက်လူ၏ မျက်နှာအမူအရာ မကောင်းဖြစ်သွားသည်ကို ချင်ဟွိုင်ယွီ တွေ့လိုက်ရသောအခါ ညွှန်မှူးလီက ဤကိစ္စကို မစွက်ဖက်ချင်ဟု ထင်မှတ်သွားပြီး
"ညွှန်မှူးလီ ငါ ချန်ကောဟွားကို တိုင်ချင်လို့ပါ" ဟု ကမန်းကတန်း ပြောလိုက်သည်။
"ဘယ်သူ ချန်ကောဟွား ဟုတ်လား"
ညွှန်မှူးလီက မျက်မှောင်ကြုတ်လိုက်ပြီး သေချာ မကြားလိုက်သကဲ့သို့ ဖြစ်သွားသည်။
ချင်ဟွိုင်ယွီက သူ၏ အမူအရာကို အခြေခံအားဖြင့် သတိမထားမိပေ။
"ဟုတ်ပါတယ် သူပဲ၊ သူက ဝယ်ယူရေးဌာနမှူး ဖြစ်လာတော့ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး စက်ရုံရဲ့ ပစ္စည်းတွေကို အဂတိလိုက်စားနေတာ၊ မနေ့ကတင်ပဲ သူ ဝယ်လာတဲ့ ကြက်ဥတွေကို စက်ရုံကို မအပ်ဘဲ အိမ်ကို အကုန်ယူသွားပြီး ခြံဝင်းထဲမှာ ကြွားကြွားဝါဝါနဲ့ ကြက်ဥကြော်စားတယ်၊ ကြက်စွပ်ပြုတ်တွေ လုပ်စားနေတယ်"
ချင်ဟွိုင်ယွီ ပြောလို့ ပြီးသွားသည်နှင့် ဒုတိယစက်ရုံမှူးလီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ ဝမ်းသာသွားသည်။
ချန်ကောဟွားက စက်ရုံ၏ ပစ္စည်းများကို ရဲရဲတင်းတင်း စားရဲသည်မှာ ဟယ်ယွီကျူး ကျူးလွန်သည့် အမှားမျိုးကို ကျူးလွန်လိုက်ခြင်း ဖြစ်သည်။ လောလောဆယ်တွင် ဒါရိုက်တာလုံလည်း မရှိနေသဖြင့် ဤတစ်ကြိမ်တွင် သူ့ကို မည်သူကမှ ကာကွယ်ပေးနိုင်မည် မဟုတ်တော့ပေ။
ထိုသို့ဆိုလျှင် ဝယ်ယူရေးဌာနမှူးဆိုသည့် ဤအဆီအနှစ်များသော ရာထူးနေရာကြီး လစ်လပ်သွားမည်ဖြစ်ရာ အကယ်၍ လျိုဟိုင်ကျုံးကဲ့သို့သော ဝန်ထမ်းများသာ ဤသတင်းကို သိသွားပါက သူနှင့် အဆက်အသွယ် လာလုပ်ကြမည့် အချိန်များ ရှိလာမည်ဖြစ်သည်။
ထိုအချိန်ကျလျှင် အကျိုးအမြတ်များ မနည်းမနော ရရှိနိုင်မည်ကို တွေးမိလျှင်ကြောက်စရာပင် ဖြစ်သည်။ ဒုတိယစက်ရုံမှူးလီက ပျော်ရွှင်စွာဖြင့် တွေးတောနေသည်။
"ငါ သိပါပြီ။ မင်း အလုပ်ခွင်ကို အရင် ပြန်သွားတော့"
ခေါင်းဆောင်က ဤသို့ ပြောနေချိန်တွင် ချင်ဟွိုင်ယွီမှာ ရွေးချယ်စရာမရှိတော့ဘဲ ခေါင်းညိတ်ကာ အလုပ်ခွင်သို့ ပြန်သွားရုံသာ ရှိတော့သည်။
သို့သော် သူမ အလုပ်ရုံသို့ ပြန်လာချိန်တွင် ချန်ကောဟွားသည်လည်း စက်ရုံသို့ ရောက်ရှိလာသည်။ သူမ ရုံးခန်းအဆောက်အအုံမှ ထွက်လာသည့် မြင်ကွင်းကို အတိအကျပင် မြင်တွေ့လိုက်ရသည်။
......