အခန်း ၂၀၀၁
Vol. 134 Ch. 2001
အခန်း (၂၀၀၁)
ထိပ်တိုက်ရင်ဆိုင်ခြင်း
သွေးမိစ္ဆာ နတ်သခင်၏ စကားများကို ကြားလိုက်ရသော်လည်း နတ်သခင် ကောင်းကင်လင်းယုန်၏ မျက်နှာပေါ်တွင် အကြောက်တရား၏ အရိပ်အယောင် တစ်စက်မှပင် ရှိမနေခဲ့ပဲ တည်ငြိမ်နေခဲ့သည်။ သာမန်နတ်တစ်ဦးအနေနှင့် မိစ္ဆာနတ်တစ်ပါးနှင့် ရင်ဆိုင်ရပါက များစွာထိတ်လန့်တုန်လှုပ်သွားနိုင်သည်။
အကြောင်းမှာ မိစ္ဆာနတ်များ ကျင့်ကြံသည့် နတ်နိယာမသည် ဖြောင့်မတ်သောနတ်များ၏ နတ်နိယာမကို ဖားကို မြွေမျိုသကဲ့သို့ နှိပ်ကွပ်နိုင်စွမ်း ရှိသောကြောင့် ဖြစ်၏။ ထို့ကြောင့် တူညီသောကျင့်စဉ်အဆင့်တွင် အခြားနည်းလမ်းများ မရှိပါက ဖြောင့်မတ်သောနတ်သည် မိစ္ဆာနတ်ကို ယှဉ်နိုင်လေ့မရှိပေ။
သို့သော် ယခုတော့ ရေစီးတစ်ခါ ရေသာတစ်လှည့်ဆိုသလို ခေတ်ကာလများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အတိတ်ကာလက နတ်ဆိုးဧကရာဇ်ကို ဝိုင်းဝန်းတိုက်ခိုက်ရန်အတွက် အင်အားစုအသီးသီးသည် လုချန်း ဖြန့်ဝေခဲ့သော ‘နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ’ ကို လေ့လာခဲ့ကြပြီး ၎င်းကျမ်းစာသည် မိစ္ဆာစွမ်းအားများအပေါ် ထိတ်လန့်ဖွယ်ရာ နှိပ်ကွပ်နိုင်စွမ်း ရှိပေသည်။
နတ်သခင် ကောင်းကင်လင်းယုန်သည်လည်း နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို သဘာဝအတိုင်းပင် ကောင်းစွာ လေ့လာသင်ယူခဲ့ပြီး ဖြစ်ရာ သူ၏ နတ်စွမ်းအားက သွေးမိစ္ဆာ နတ်သခင်ကို ဖိနှိပ်ထားနိုင်သည်ကို ခပ်ရေးရေး အာရုံခံမိနေသဖြင့် သူ စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိပေ။
သွေးမိစ္ဆာ နတ်သခင်သည် နတ်သခင် ကောင်းကင်လင်းယုန် တုန်လှုပ်ခြင်းမရှိသည်ကို တွေ့မြင်လျှင် လျှပ်စီးလက်သကဲ့သို့ ဦးအောင် စတင် တိုက်ခိုက်လိုက်ပြီး
“သွေးမိစ္ဆာလက်သည်း...”
ဟု အော်ဟစ်လိုက်သည်။
လေထုထဲရှိ ထူထပ်လှသော သွေးရောင်စွမ်းအားများ စုစည်းသွားပြီး တောင်ကြီးတစ်လုံးအလား ကြီးမားလှသော သွေးနီရောင် လက်သည်းကြီးတစ်ခုအသွင်သို့ ပြောင်းလဲကာ နတ်သခင် ကောင်းကင်လင်းယုန်ထံသို့ ချက်ချင်း ထိုးနှက် တိုက်ခိုက်လိုက်တော့သည်။
နတ်သခင် ကောင်းကင်လင်းယုန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နည်းနည်းမှ တုံ့ဆိုင်းမှု မရှိပဲ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ချက်ချင်းပင် အသုံးပြုလိုက်သည်။ နောက်တစ်ခဏ၌ စိမ့်တော၏ အထက် ကောင်းကင်ယံတွင် ကြယ်တာရာများအလား ထောင်ပေါင်းများစွာသော မီးအိမ်နီများ ပေါ်ထွက်လာပြီး ထိုမီးအိမ်များမှ ထွက်ပေါ်လာသော အလင်းတန်းများသည် လေထုထဲရှိ သွေးရောင်စွမ်းအားများကို အစဉ်မပြတ် ဖျောက်ဖျက်ပစ်နေတော့သည်။
မီးအိမ်နီများ ပေါ်ထွက်လာသည့် တစ်ပြိုင်နက် သွေးမိစ္ဆာ နတ်သခင်သည် သူ၏ မိစ္ဆာစွမ်းအားများ ဖိနှိပ်ခံလိုက်ရသည်ကို ထင်ရှားစွာ အာရုံခံမိလိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအား စီးဆင်းမှုသည်လည်း အလွန်တရာ နှေးကွေး ထစ်ငေါ့သွားခဲ့သည်။
သွေးမိစ္ဆာ နတ်သခင်သည် လျှို့ဝှက်လဝန်း ကျောင်းတော်ကို တိုက်ခိုက်စဉ်က လုချန်း အသုံးပြုခဲ့သော နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို မျက်စိထဲတွင် ကွင်းကွင်းကွက်ကွက် ချက်ချင်းပင် ပြန်လည်အမှတ်ရသွားခဲ့သည်။
သူ သတိပြန်ဝင်လာပြီးနောက် မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်စွာ ရယ်မောရင်း
“ခင်ဗျားက သူနဲ့ ပတ်သက်မှု ရှိနေတာကိုး... ကောင်းတယ်... သိပ်ကောင်းတာပေါ့...”
“ကျုပ် ခင်ဗျားရဲ့ အရေခွံကို ခွာ... အရိုးတွေကို ထုတ်ပြီး ခင်ဗျားရဲ့ နတ်အာရုံဝိညာဉ်ကို မုချ ဝါးမြိုပစ်မယ်...”
လုချန်း၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုက သူ့အပေါ် အရိပ်မည်းတစ်ခု ချန်ရစ်ထားခဲ့သဖြင့် သူသည် လုချန်းကို ကလဲ့စားချေရန် အမြဲတစေ အိပ်မက်မက်နေခဲ့သော်လည်း ကံဆိုးစွာဖြင့် လုချန်း၏ ပင်မကိုယ် ရှိရာနေရာကို သူ မသိခဲ့ပေ။ ထို့ပြင် လုချန်း၏ သရုပ်မှန်သည် ထူးခြားဆန်းပြားလွန်းသဖြင့် ကိုယ်တိုင် ကလဲ့စားချေရန် မဖြစ်နိုင်သလောက် ဖြစ်နေသည်ဟု သူ ခံစားနေရသည်။
သူ၏အနေနှင့် လုချန်းကို ကိုယ်တိုင် မသတ်နိုင်လျှင်ပင် လုချန်းနှင့် ပတ်သက်သူတစ်ဦးကို ရှင်းလင်းရပါက အနည်းဆုံးတော့ စိတ်ကျေနပ်မှုတစ်ခု ရစေလိမ့်မည်။
သွေးမိစ္ဆာ နတ်သခင်၏ ပထမဆုံး စကားလုံးများကို ကြားလိုက်ရသည့်အခါ နတ်သခင် ကောင်းကင်လင်းယုန် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားရပြီး
‘သူနဲ့ ပတ်သက်တယ် ဟုတ်လား’
သွေးမိစ္ဆာ နတ်သခင် ပြောဆိုလိုက်သည့် ‘သူ’ ဆိုသည်မှာ မည်သူနည်းဟု တွေးတောနေမိသည်။
နတ်သခင် ကောင်းကင်လင်းယုန် အနေနှင့် နက်နက်ရှိုင်းရှိုင်း တွေးတောရန် အချိန်မရခင်မှာပင် သွေးမိစ္ဆာ နတ်သခင်၏ ဒုတိယမြောက် စကားစုဖြစ်သော
“အရေခွံခွာ... အရိုးထုတ်ပြီး နတ်အာရုံဝိညာဉ်ကို ဝါးမြိုပစ်မယ်...”
ဆိုသည့် စကားက သူ့ကို ဒေါသအိုးပေါက်ကွဲသွားစေခဲ့သည်။
မိစ္ဆာနတ်ကလေး တစ်ပါးက ဤမျှအထိ မောက်မာရဲတင်းလှချည်လား။
အကယ်၍ သူသာ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ကျင့်ကြံမထားခဲ့ပါက ဤမိစ္ဆာနတ်ကို မယှဉ်နိုင်မှာ စိုးရိမ်ရနိုင်သော်လည်း ယခုတော့ မိစ္ဆာနတ်တစ်ပါးကို မဆိုထားနှင့် နတ်သခင်အဆင့်ရှိသည့် ကောင်းကင်နတ်ဆိုးတစ်ကောင်ကိုပင် သူ ဖိနှိပ်ထားနိုင်သည်။
ထို့နောက် နတ်သခင် ကောင်းကင်လင်းယုန်သည် ကောင်းကင်ယံရှိ ထိုမီးအိမ်များကို လှုပ်ရှားစေလိုက်ရာ မီးအိမ်များမှ ထွက်ပေါ်လာသော နီရဲသည့် အလင်းရောင်များသည် သွေးမိစ္ဆာ နတ်သခင်ထံသို့ ပင်လယ်လှိုင်းလုံးကြီးများအလား ဖိသိပ်ချေမှုန်းသွားခဲ့တော့သည်။
သွေးမိစ္ဆာ နတ်သခင်သည် တိုးကပ်လာနေသော မီးအိမ်များကို တည်ငြိမ်စွာ စိုက်ကြည့်နေပြီး နောက်တစ်ခဏ၌ သူ၏ သွေးရောင်စွမ်းအားအားလုံးကို လှုံ့ဆော်လိုက်ကာ အေးစက်စွာ နှာခေါင်းရှုံ့ရင်း
“မိစ္ဆာရိပ်တစ်ထောင်...”
ဟု အော်ဟစ်လိုက်သည်။
သူ၏ စကားဆုံးသည်နှင့် ကောင်းကင်ယံတွင် ဗိုလ်ခြေထောင်သောင်းအလား များပြားလှစွာသော သွေးမိစ္ဆာ နတ်သခင်၏ ပုံရိပ်များ ရုတ်တရက် ပေါ်ထွက်လာ၏။ ပုံရိပ်တစ်ခုချင်းစီသည် သွေးမိစ္ဆာ နတ်သခင်နှင့် တူညီသော ဖိအားများကို ထုတ်လွှတ်နေကြသည်။
ထိုကိုယ်ပွားများက သွေးမိစ္ဆာ နတ်သခင်၏ ပင်မကိုယ်နှင့် ထပ်တူကျသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်ကို ခံစားလိုက်ရသဖြင့် နတ်သခင် ကောင်းကင်လင်းယုန်လည်း အနည်းငယ် တုန်လှုပ်သွားမိခြင်းကို မတားဆီးနိုင်ခဲ့ပေ။
နတ်သခင် ကောင်းကင်လင်းယုန်သည် သူ၏ စိတ်ခံစားချက်ကို အမြန်ပင် တည်ငြိမ်အောင် လုပ်လိုက်၏။ ဤအရာများသည် ကြောက်ရွံ့နေစရာမလိုသည့် အာရုံလွှဲပြောင်းသည့် ကိုယ်ပွားများမှသာ ဖြစ်သည်။
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို အသက်သွင်းပြီးနောက် ပတ်ဝန်းကျင်နယ်ပယ်တစ်ခုလုံးကို နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ အစွမ်းဖြင့် ချိပ်ပိတ်ထားပြီးဖြစ်ရာ ထိုကိုယ်ပွားများသည်လည်း မီးအိမ်များမှ ထွက်ပေါ်လာသော နီရဲသည့် အလင်းတန်းများ၏ ဖိနှိပ်ခြင်းကို ဧကန်မုချ ခံရမည်သာ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ရှိ မီးအိမ်များမှ ထွက်ပေါ်လာသော အလင်းတန်းများ သွေးမိစ္ဆာ နတ်သခင်၏ ကိုယ်ပွားများနှင့် ထိတွေ့မိသောအခါ မျှော်လင့်ထားသည့်အတိုင်းပင် မီးကိုရေနှင့် လောင်းသကဲ့သို့ ထိုကိုယ်ပွားများအတွင်း၌ ရှိနေသော မိစ္ဆာစွမ်းအားများကို ငြိမ်းသက်ဖျက်ဆီးပစ်တော့သည်။
သို့သော် နတ်သခင် ကောင်းကင်လင်းယုန် အသုံးပြုသည့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် ဖိနှိပ်ခြင်း အာနိသင်သာ ရှိပြီး လေထုထဲရှိ မိစ္ဆာစွမ်းအားများကို စုပ်ယူနိုင်စွမ်းမရှိပေ။ ထို့ကြောင့် မိစ္ဆာစွမ်းအားများ အလွန် ထူထပ်များပြားလာသည့်အခါ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ ဖိနှိပ်နိုင်စွမ်း အာနိသင်သည် အနည်းငယ် အားနည်းသွားပုံရသည်။
ယခု နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် လုချန်း အသုံးပြုခဲ့သည်နှင့် လုံးဝဥဿုံ ကွဲပြားခြားနားနေသည်ကို သွေးမိစ္ဆာ နတ်သခင် သတိပြုမိသွားခဲ့သည်။ သူ တို့ လျှို့ဝှက်လဝန်း နန်းတော်ကို တိုက်ခိုက်စဉ်က လုချန်း အသုံးပြုခဲ့သော နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် မိစ္ဆာစွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိခဲ့၏။
သွေးမိစ္ဆာ နတ်သခင်အတွက်တော့ မိစ္ဆာစွမ်းအားများကို စုပ်ယူနိုင်သော နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက သိသာထင်ရှားစွာပင် ပို၍ခြိမ်းခြောက်မှု ရှိခဲ့သည်။ အထူးသဖြင့် လုချန်းသည် မိစ္ဆာစွမ်းအားများကို သူ၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်ခဲ့သဖြင့် မိစ္ဆာနတ်တစ်ပါးနှင့်ပင် ခွဲခြား၍ မရနိုင်လုနီးပါး ဖြစ်ခဲ့သည်။
နတ်သခင် ကောင်းကင်လင်းယုန် အသုံးပြုနေသည့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် မပြည့်စုံသော ကျင့်စဉ်အပိုင်းအစတစ်ခုမှသာ ဖြစ်ကြောင်း သိသွားပြီးနောက် သွေးမိစ္ဆာ နတ်သခင်လည်း အချိန်ထပ်မဖြုန်းတီးတော့ရန် ဆုံးဖြတ်လိုက်တော့သည်။
ဝူး… ဝူး… ဝူး…
သွေးမိစ္ဆာ နတ်သခင်၏ ထောင်ပေါင်းများစွာသော မိစ္ဆာခန္ဓာကိုယ်များသည် နတ်သခင် ကောင်းကင်လင်းယုန်ထံသို့ ဝံပုလွေ အုပ်ကဲ့သို့ တဟုန်ထိုး ပြေးဝင်သွားကြ၏။ ထိုမိစ္ဆာခန္ဓာကိုယ်များမှ မိစ္ဆာစွမ်းအားများသည် မီးအိမ်အလင်းတန်းများနှင့် ထိတွေ့မိသောအခါ အငွေ့ပျံကာ အဖြူရောင်မီးခိုးများ ထွက်ပေါ်လာစေခဲ့သော်လည်း သွေးမိစ္ဆာ နတ်သခင်၏ ကိုယ်ပွားများသည် လုံးဝ ကြောက်ရွံ့ခြင်းမရှိပဲ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ ထူးခြားဆန်းပြားမှုဒဏ်ကို ကျောက်ဆောင်ပမာ ကြံ့ကြံ့ခံနေကြသည်။
သွေးမိစ္ဆာ နတ်သခင်သည် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ ထူးခြားဆန်းပြားမှုအောက်တွင်ပင် သူ့ထံသို့ ရဲရဲဝံဝံ တိုးဝင်လာသည်ကို တွေ့မြင်လျှင် နတ်သခင် ကောင်းကင်လင်းယုန်လည်း သူ၏ ကျမ်းစာရှိ သွေးမိစ္ဆာ နတ်သခင်အပေါ် ဖိနှိပ်နိုင်စွမ်း၏ အကန့်အသတ်ကို ကောင်းစွာ သဘောပေါက်သွားခဲ့သည်။
တုံ့ဆိုင်းခြင်းမရှိပဲ နတ်သခင် ကောင်းကင်လင်းယုန်သည် သူ၏ နိယာမ ပုံရိပ်ကို ဆင့်ခေါ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း၌ ကီလိုမီတာထောင်ချီ မြင့်မားသော ရွှေရောင်လင်းယုန် နိယာမ ကိုယ်ထည်ကြီးတစ်ခု နတ်သခင် ကောင်းကင်လင်းယုန်၏ နောက်တွင် ပေါ်ထွက်လာခဲ့တော့သည်။
နတ်သခင် ကောင်းကင်လင်းယုန်သည် ထိုနိယာမပုံရိပ်ကို ထိန်းချုပ်ကာ အတောင်ပံများကို အစဉ်မပြတ် ခတ်ခတ်လိုက်ရာ မိုးသီးမိုးပေါက်ကျသည့်နှယ် ထောင်ပေါင်းများစွာသော အလင်းဓားသွားများသည် သွေးမိစ္ဆာ နတ်သခင် ကိုယ်ပွားများ၏ မိစ္ဆာခန္ဓာကိုယ်များဆီသို့ တိုးဝင်သွားခဲ့၏။
သန့်စင်ခြင်းစွမ်းအားများ ရောနှောနေသော အလင်းဓားသွားများသည် သွေးမိစ္ဆာ နတ်သခင်၏ မိစ္ဆာခန္ဓာကိုယ်များနှင့် ထိတွေ့မိသောအခါ ဓားချက် တစ်ချက်တည်းဖြင့်ပင် မိစ္ဆာခန္ဓာကိုယ်တစ်ခုစီ မှုန့်မှုန့်ညက်ညက် ကြေမွ ပျက်စီးသွားတော့သည်။ ထို့နောက်တွင် ထောင်ပေါင်းများစွာသော မိစ္ဆာခန္ဓာကိုယ်များ လေထုထဲ၌ ပျက်စီးပျောက်ကွယ်သွားပြီး ထွက်ပေါ်လာသော မိစ္ဆာစွမ်းအားများသည် မိုးတိမ်ထုကြီးအလား ကီလိုမီတာ ရာနှင့်ချီသော နယ်ပယ်တစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့တော့သည်။
သွေးမိစ္ဆာ နတ်သခင်၏ မိစ္ဆာခန္ဓာကိုယ်များကို သူ၏ အလင်းဓားများက ဤမျှလွယ်ကူစွာ ချေမှုန်းနိုင်သည်ကို တွေ့မြင်ရသဖြင့် နတ်သခင် ကောင်းကင်လင်းယုန်သည် စိတ်အေးလက်အေးဖြစ်ကာသတိကို တစ်ဖန် ပြန်လည် လျှော့ချလိုက်မိသည်။
ထိုမိစ္ဆာခန္ဓာကိုယ်များသည် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိသဖြင့် တစ်စုံတစ်ခု ထူးခြားမှု ရှိလိမ့်မည်ဟု သူ အစောပိုင်းက ထင်မှတ်ခဲ့သော်လည်း ယခုတော့ ထိုသို့မဟုတ်ကြောင်း ထင်ရှားနေပေသည်။
သွေးမိစ္ဆာ နတ်သခင်၏ မိစ္ဆာခန္ဓာကိုယ်များကို အရေးမပါဟု နတ်သခင် ကောင်းကင်လင်းယုန် သတ်မှတ်လိုက်သည့် အခိုက်အတန့်မှာပင် နက်မှောင်သော မိစ္ဆာစွမ်းအားများ ဖုံးလွှမ်းနေသည့် ဟင်းလင်းပြင်ထဲ၌ သွေးမိစ္ဆာ နတ်သခင်၏ အသံတစ်သံ ရုတ်တရက် ပဲ့တင်ထွက်ပေါ်လာခဲ့၏။
“ နတ်ဘုရား မိုးကြိုး...”
မျက်စိတစ်မှိတ်အတွင်း မိစ္ဆာစွမ်းအားများ ဖုံးလွှမ်းနေသော နယ်ပယ်တစ်ခုလုံးတွင် နက်မှောင်သော လျှပ်စီးကြောင်းများ လှိုင်းထလာပြီး ကမ္ဘာပျက်တော့မည့်အလား မြောက်မြားစွာသော အနက်ရောင် လျှပ်စီးနဂါးကြီးများ လေထုထဲတွင် ဟိန်းဟောက် လှုပ်ရှားလာကြတော့သည်။ ထိုလျှပ်စီးနဂါးကြီးများထံမှ ထွက်ပေါ်လာသော ဖိအားကို ခံစားလိုက်ရသဖြင့် နတ်သခင် ကောင်းကင်လင်းယုန်၏ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားပြီး အလျင်အမြန် ရှောင်တိမ်းလိုက်သော်လည်း ထိုလျှပ်စီးနဂါးများ၏ အရှိန်က အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် သူ တုံ့ပြန်ရန် အချိန်မရခင်မှာပင် လျှပ်စီးနဂါးတစ်ကောင်က သူ့ထံသို့ တိုက်ရိုက် လာရောက်ရိုက်ခတ်ခဲ့သဖြင့် နတ်သခင် ကောင်းကင်လင်းယုန်လည်း သွေးတစ်ပွက် အန်ထုတ်လိုက်ရတော့သည်။
နတ်သခင် ကောင်းကင်လင်းယုန်၏ မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွား၏။ သွေးမိစ္ဆာ နတ်သခင်၏ နတ်ဘုရားမိုးကြိုးသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဓားနှင့်မွှန်းသကဲ့သို့ ပြင်းထန်စွာ ဒဏ်ရာရစေရုံသာမက သူ၏ နတ်ဝိညာဉ်ကိုပါ ထိခိုက်ပျက်စီးစေခဲ့သည်။
မဟုတ်သေးပေ ...
သူနှင့် ဆက်လက်ပြီး ထိပ်တိုက်ရင်ဆိုင်၍ မဖြစ်တော့ပေ။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက သွေးမိစ္ဆာ နတ်သခင်ကို ဖိနှိပ်ထားနိုင်သော်လည်း ၎င်း၏ ဖိနှိပ်နိုင်စွမ်းက အလွန် ထိရောက်မှု မရှိတော့သဖြင့် သူ ချက်ချင်းပင် ထွက်ခွာသွားရန် လိုအပ်နေပြီ ဖြစ်သည်။
နတ်သခင် ကောင်းကင်လင်းယုန်သည် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို တစ်ဖန် ပြန်လည် လှုံ့ဆော်လိုက်ရာ ကောင်းကင်ယံရှိ မီးအိမ်များမှ နီရဲသော အလင်းတန်းများ တောက်ပစွာ လင်းလက်လာပြီး
သူ၏ ခန္ဓာကိုယ်တွင်း နတ်စွမ်းအားများ ထပ်မံ၍ ချုပ်တည်းခံလိုက်ရသည်ကို သွေးမိစ္ဆာ နတ်သခင် ခံစားလိုက်ရသည်။
သို့သော် ဤအရာက ခဏတာမျှသာ အာနိသင်ရှိမည် ဖြစ်၏။ နတ်သခင် ကောင်းကင်လင်းယုန်သည် ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ သူ၏ နိယာမ ပုံရိပ်ကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိပဲ အဟုန်ပြင်းစွာဖြင့် အဝေး မိုးကုတ်စက်ဝိုင်းဆီသို့ ထွက်ပြေး တိမ်းရှောင်သွားတော့သည်။
ယေဘုယျအားဖြင့် နတ်သခင်များအကြား တိုက်ပွဲများသည် အနိုင်အရှုံးကို ဆုံးဖြတ်ရန် အချိန်အတော်ကြာ တိုက်ခိုက်ရလေ့ရှိ၏။ နတ်သခင် ကောင်းကင်လင်းယုန်အနေနှင့် အသာစီးမရရှိခဲ့သော်လည်း သွေးမိစ္ဆာ နတ်သခင်နှင့် တိုက်ကွက်ပေါင်း ရာနှင်ချီ ဆက်လက်တိုက်ခိုက်နိုင်သည်မှာ အသေအချာပင် ဖြစ်သည်။
သို့သော် မဟာလမ်းစဉ် ကပ်ဘေး ကျရောက်နေသော ယခုလို ခေတ်ကာလမျိုးတွင် ဒဏ်ရာမရရန် သတိထားရမည် ဖြစ်သည်။ အကြောင်းမှာ ယခုခောတ်တွင် ဒဏ်ရာများ ပြန်လည်ကောင်းမွန်ရန် ခက်ခဲရုံသာမက သူ၏ သက်တမ်းကုန်ဆုံးခြင်းကို ပိုမိုမြန်ဆန်စေသောကြောင့် ဖြစ်၏။
နတ်သခင် ကောင်းကင်လင်းယုန်အနေနှင့် တောင်ပိုင်းနယ်တွင် ကျန်ရစ်နေခဲ့ခြင်းမှာ လောကပြင်ပမှ မဟာစွမ်းအားရှင်ကြီး ချန်ရစ်ခဲ့သော အမွေအနှစ်များကို ရှာဖွေရန် သက်သက်သာ ဖြစ်ပြီး ဤနေရာ၌ အသက်ပျောက်ပျက်သွားရန် လုံးဝ ဆန္ဒမရှိပေ။
သို့သော် နတ်သခင် ကောင်းကင်လင်းယုန် ထွက်ပြေးရန် ပြင်လိုက်သည့် အခိုက်အတန့်မှာပင် ပတ်ဝန်းကျင်ရှိ အာကာသဟင်းလင်းပြင်တစ်ခုလုံး ချက်ချင်းပင် ချိပ်ပိတ်သွားခဲ့ပြီး အောက်ဘက်ရှိ ဝဲကရက်ကြီးထဲမှ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း၌ ကောင်းကင်ယံတစ်ခုလုံး နက်မှောင်သော သွေးနီရောင်အဖြစ် ပြောင်းလဲသွားပြီး နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ ထူးခြားဆန်းပြားမှုများသည်လည်း လေထဲလွင့်သည့်ဂွမ်းစကဲ့သို့ ချက်ချင်းပင် ပျောက်ကွယ်သွားကာ မီးအိမ်များအားလုံး မီးခိုးငွေ့များအသွင် ပြောင်းလဲသွားခဲ့တော့သည်။
--
…........