← Chapters

အခန်း ၂၀၀၂

Vol. 134 Ch. 2002

အခန်း ၂၀၀၂

Vol. 134 Ch. 2002

အခန်း( ၂၀၀၂ )

နတ်သခင် ကောင်းကင်လင်းယုန်၏ ကံကြမ္မာ

မြေပြင်ပေါ်ရှိ ဝဲကရက်ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ခံစားမိလိုက်သဖြင့် နတ်သခင် ကောင်းကင်လင်းယုန်၏ မျက်နှာသည် ရုတ်တရက် သွေးမရှိသလို ဖြူလျော်ပျက်ယွင်းသွားကာ ဤအရှိန်အဝါသည် နတ်သခင် တစ်ပါး၏ အရှိန်အဝါ မဟုတ်နိုင်ကြောင်း ထင်ထင်ရှားရှား ရိပ်မိလိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် နတ်သခင် ကောင်းကင်လင်းယုန်၏ ခန္ဓာကိုယ်မှာ ထိုနေရာ၌တင် ကျောက်ရုပ်ပမာ ချိပ်ပိတ် ချုပ်နှောင်ခံလိုက်ရသကဲ့သို့ မလှုပ်ရှားနိုင်အောင် ဖြစ်သွားရတော့သည်။

ထိုသို့သော ခံစားချက်မျိုးကို သူသည် နတ်ဧကရာဇ် ယူလန်၏ ရှေ့မှောက်တွင်သာ တစ်ကြိမ်မျှ ခံစားဖူးခဲ့ခြင်း ဖြစ်၏။

နတ်... နတ်ဧကရာဇ်...

ဤမိစ္ဆာနတ်၏ နောက်ကွယ်တွင် နတ်ဧကရာဇ် တစ်ပါး တကယ် ရှိနေသည်ဟု ဆိုလိုခြင်းလား။

ဤအရာက မည်သို့ ဖြစ်နိုင်မည်နည်း။

ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း၌ မိစ္ဆာနတ်ဟူသည် အမြဲတမ်း လမ်းဖြတ်ကူးသော ကြွက်တစ်ကောင်ကဲ့သို့ လူတိုင်း၏ ဝိုင်းဝန်း နှိပ်ကွပ်ခြင်းကို ခံရစမြဲ ဖြစ်၏။

မိစ္ဆာနတ်တစ်ပါး၏ နောက်ကွယ်တွင် နတ်ဧကရာဇ် တစ်ပါး မည်သို့ ရှိလာနိုင်မည်နည်း။

သူက နတ်ဧကရာဇ်အဆင့်သို့ အသစ်တက်လှမ်းနိုင်ခဲ့ခြင်းလား။

မိစ္ဆာနတ်တစ်ပါး ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ကို သူ အဘယ်ကြောင့် တစ်ခါမှ မကြားဖူးရသနည်း။

ယေဘုယျအားဖြင့်တော့ နတ်သခင်များ နတ်ဧကရာဇ်အဆင့်သို့ ချိုးဖျက် တက်လှမ်းသည့်အခါတွင် ကြီးမားသော လှုပ်ခတ်မှုကြီး ဖြစ်ပေါ်လေ့ရှိ၏။

နတ်ဆိုးဧကရာဇ် သူမ၏ နတ်ဧကရာဇ် ကျင့်စဉ်အဆင့်ကို ပြန်လည် ရရှိတုန်းက ဖြစ်စေ၊ နတ်သခင် ရှီယွဲ့က ဧကရာဇ်အဆင့်သို့ ချိုးဖျက် တက်လှမ်းတုန်းက ဖြစ်စေ၊ ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးက ချက်ချင်းပင် အာရုံခံ သိနိုင်ကြသည်။

နှစ်ပေါင်း ကုဋေချီသော ကာလတစ်လျှောက်တွင် နတ်ဆိုးဧကရာဇ်နှင့် နတ်သခင် ရှီယွဲ့တို့မှအပ နတ်ဧကရာဇ် ဖြစ်လာသည့် တတိယမြောက် ပုဂ္ဂိုလ်ဟူ၍ ရှိမနေခဲ့ဘူး မဟုတ်ပါလား။

သို့မဟုတ် ထိုသူသည် နတ်ဧကရာဇ် ယူလန်ကဲ့သို့ သူ့ကိုယ်သူ ချိပ်ပိတ်ထားသော ဧကရာဇ်တစ်ပါး ဖြစ်နေ၍လား။

ထိုသို့ ဆိုလျှင်တော့ ဤအခြေအနေကို ရှင်းပြ၍ ရနိုင်ပေသည်။

သို့သော်လည်း ယခုသည် ထိုအရာများကို တွေးတော ပူပန်နေရမည့် အချိန်မဟုတ်ပေ။

သူသည် ဤနေရာမှ ယခုချက်ချင်း အသက်လုကာ အမြန်ဆုံး ထွက်ပြေး လွတ်မြောက်ရမည် ဖြစ်၏။

နတ်သခင် ကောင်းကင်လင်းယုန်သည် သူ၏ နတ်စွမ်းအားအားလုံးကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး အာကာသကို တိုက်ရိုက် ဆုတ်ဖြဲကာ ထွက်ပြေးရန် အားထုတ်လိုက်တော့သည်။

သို့သော် နတ်သခင် ကောင်းကင်လင်းယုန်ကို အံ့အားသင့်သွားစေသည်က ယခုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်တွင်းရှိ နတ်စွမ်းအားများသည် ရေခဲပမာ အေးခဲသွားသကဲ့သို့ ဖြစ်ပေါ်နေပြီး မည်သို့မှ လှုံ့ဆော်၍ မရနိုင်တော့ခြင်း ဖြစ်၏။

နောက်တစ်ခဏတွင်တော့ သူ၏ စိတ်အာရုံထဲ၌ အသံတစ်သံ ပဲ့တင်ထပ်လာသည်။

“ခင်ဗျား ဒီကို ရောက်လာမှတော့ ကျုပ်ရဲ့ သွေးပွဲတော်အဖြစ် အသုံးတော်ခံလိုက်စမ်းပါ။”

ထိုစကားသံ ဆုံးသွားသည်နှင့်အတူ နတ်သခင် ကောင်းကင်လင်းယုန်သည် သူ ရောက်ရှိနေသည့် အရပ်ဒေသတစ်ခုလုံး ရုတ်တရက် နေဝင်သွားသလို မှောင်မိုက် သွားသည်ကို မြင်တွေ့လိုက်ရ၏။

သူသည် ခေါင်းကို အသာမော့၍ ကြည့်လိုက်ရာ ကောင်းကင်ယံမှ အလွန်ကြီးမားလှသော သွေးလက်ဝါးကြီးတစ်ဖက် အောက်သို့ တည့်တည့် ထိုးဆင်းလာနေသည်ကို တွေ့လိုက်ရတော့သည်။

နတ်သခင် ကောင်းကင်လင်းယုန်၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်ခြင်း၏ ခံစားချက်များ ချက်ချင်း ထင်ဟပ်သွားတော့သည်။

သူက ပျာပျာသလဲနှင့်ပင် တောင်းပန်တိုးလျှိုးလိုက်၏။

“ခွင့်လွှတ်...”

သို့သော်လည်း နတ်သခင် ကောင်းကင်လင်းယုန်၏ စကားမဆုံးနိုင်ခင်မှာပင် ထိုကြီးမားလှသော သွေးလက်ဝါးကြီးသည် တည့်တည့် ထိုးဆင်းလာပြီး နတ်သခင် ကောင်းကင်လင်းယုန်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ တောင်တန်းများအားလုံးသည်လည်း ပြင်းထန်လှသော လေလှိုင်း ဒဏ်ကြောင့် လုံးဝ ကြေမွကာ ပြားပြားဝပ်သွားရတော့သည်။

ဖုန်မှုန့်များသည် အမြင့်ပေ သောင်းချီအောင် လွင့်ပျံ တက်သွားပြီး ဥက္ကာပျံကြီးတစ်ခု ကမ္ဘာမြေပေါ်သို့ ကျရောက် ပေါက်ကွဲသွားသကဲ့သို့ ထင်မှတ်ရပေသည်။

သူရှေ့မှောက်ရှိ မြင်ကွင်းကို မြင်တွေ့လိုက်ရလျှင် သွေးမိစ္ဆာ နတ်သခင်လည်း သူ၏ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိတော့သည်။

သူသည် သွေးဘိုးဘေး၏ အစွမ်းထက်မြက်မှုကို သိထားသော်လည်း သွေးဘိုးဘေး၏ ပထမဆုံးသော တိုက်ကွက်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါ ရင်ထဲ၌ တုန်လှုပ်ခြင်းများ ဖြစ်ပေါ်လာရဆဲပင်။

တကယ်တော့ သွေးဘိုးဘေး၏ ဤတိုက်ကွက်သည် အခြားသော နတ်သခင်များ၏ တိုက်ကွက်နှင့် သိသိသာသာ ကွာခြားမှု မရှိသကဲ့သို့ ထင်ရသည်။

အစွမ်းစ အတန်ငယ်ရှိသော နတ်သခင်တစ်ပါးပင် ဤမျှလောက်သော ဖျက်ဆီးမှုကို ပြုလုပ်နိုင်စွမ်း ရှိ၏။

သို့သော်လည်း သွေးဘိုးဘေး၏ တိုက်ကွက်အတွင်း ပါရှိသော စွမ်းအားကတော့ မည်သည့် နတ်သခင်၏ အစွမ်းကုန် ထုတ်သုံးထားသည့် တိုက်ကွက်ထက်မဆို ဧကန်မုချ သာလွန်လှ၏။

ဤပျက်ဆီးမှုအဆင့်က နတ်သခင်တစ်ပါးနှင့် ဆင်တူနေရခြင်း အကြောင်းရင်းမှာ သူ၏ စွမ်းအားအားလုံးကို စုစည်းပြီး နတ်သခင် ကောင်းကင်လင်းယုန်၏ ခန္ဓာကိုယ်ထဲသို့သာ ကွက်တိ ထိုးနှက်လိုက်သောကြောင့် ဖြစ်သည်။

သွေးဘိုးဘေး၏ တိုက်ကွက်နှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် နတ်သခင် ကောင်းကင်လင်းယုန်၏ ခန္ဓာကိုယ်လည်း မှုန့်မှုန့်ညက်ညက် ကြေမွ ပျက်စီးသွားရတော့သည်။

ဖုန်မှုန့်များ ငြိမ်သက်သွားသည့်အခါ ထိုတွင်းကြီးထဲ၌ ရွှေရောင် တောက်ပနေသော နတ်ဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။

မည်သို့မှ တုံ့ဆိုင်းခြင်း မရှိပဲ နတ်သခင် ကောင်းကင်လင်းယုန်သည် ချက်ချင်းပင် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲကာ အဝေးသို့ ထွက်ပြေး တိမ်းရှောင်သွားတော့သည်။

သို့‌သော် သွေးဘိုးဘေးသည် နတ်သခင် ကောင်းကင်လင်းယုန်အား လွတ်မြောက်ခွင့် ပေးမည် မဟုတ်တာကတော့ ဧကန်မုချပင်။

နောက်တစ်ခဏ၌ ကောင်းကင်ထက်တွင် ကြီးမားလှသော သွေးနီရောင် ဝဲကရက်ကြီးတစ်ခု ပေါ်ပေါက်လာပြီး နတ်သခင် ကောင်းကင်လင်းယုန်၏ နတ်ဝိညာဉ်သည် ကြောက်မက်ဖွယ်ရာ စုပ်ယူမှု အားလှိုင်းတစ်ခု၏ ဖမ်းစားခြင်းကို ချက်ချင်း ခံလိုက်ရတော့သည်။

နတ်သခင် ကောင်းကင်လင်းယုန်လည်း ပျာပျာသလဲ အော်ဟစ် အသနားခံလိုက်ရတော့သည်။

“စီနီယာ... အသက်ချမ်းသာပေးတော်မူပါ...”

သွေးဘိုးဘေးကတော့ နတ်သခင် ကောင်းကင်လင်းယုန်၏ အော်ဟစ် အသနားခံမှုကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

ကောင်းကင်ထက်ရှိ သွေးနီရောင် ဝဲကရက်ကြီးသည် ရုတ်တရက် ပိုမိုကျယ်ပြန့်လာပြီး စုပ်ယူမှု စွမ်းအားမှာလည်း အဆမတန် မြင့်တက်လာရာ နတ်သခင် ကောင်းကင်လင်းယုန်၏ နတ်ဝိညာဉ်သည် ဆက်လက် တောင့်ခံနိုင်ခြင်း မရှိတော့ပဲ ထိုသွေးနီရောင် ဝဲကရက်ကြီးထဲသို့ တည့်တည့် စုပ်ယူခြင်း ခံလိုက်ရတော့သည်။

မကြာမီ အချိန်အတွင်းမှာပင် သွေးနီရောင် ဝဲကရက်ကြီး ပျောက်ကွယ်သွားပြီး ကောင်းကင်ပြင်ကြီးသည်လည်း နဂိုကအတိုင်း ပြန်လည် ဆိတ်ငြိမ်သွားတော့သည်။

သွေးမိစ္ဆာ နတ်သခင်သည် လန့်ဖျပ်ကာ အသိစိတ် ပြန်ဝင်လာပြီးနောက် သွေးလင်းယုန်ခန်းမ အတွင်းရှိ ကမ္ဘာငယ်လေးထဲသို့ အပြေးအလွှား ပြန်လည် ဝင်ရောက်သွားတော့သည်။

……

သွေးလင်းယုန်ခန်းမ၏ ကမ္ဘာငယ်လေးအတွင်း။

သွေးဘိုးဘေးသည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီဖြစ်ရာ ထိုကမ္ဘာလောကထဲတွင် သူ၏ မျက်လုံးနှစ်လုံးသည် ထွန်းလင်းတောက်ပနေသော နေမင်းနှစ်စင်းကဲ့သို့ ထင်မှတ်ရပေသည်။

သွေးမိစ္ဆာ နတ်သခင်က သွေးဘိုးဘေးအား ရိုသေစွာ ဂါရဝပြုလိုက်၏။

“သွေးဘိုးဘေးကို ဂါရဝပြုပါတယ်။ တံခါးပိတ် ကျင့်စဉ်စခန်းမှ အောင်မြင်စွာ ထွက်လာခြင်းကို ကြိုဆိုပါတယ်။”

သွေးလင်းယုန်ခန်းမ၏ အကြီးအကဲများနှင့် တပည့်များအားလုံးသည်လည်း မြေပြင်ထက်တွင် စိုးရိမ်တကြီး ဝပ်စင်းနေကြပြီး အနည်းငယ်မှပင် မလှုပ်ရှားရဲကြပေ။

သွေးဘိုးဘေးထံမှ ထွက်ပေါ်လာသော ဖိအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ကျင့်ကြံခြင်း အားနည်းသော တပည့်အချို့ကတော့ သတိလစ် မေ့မြောသွားကြသည်။

သွေးဘိုးဘေးသည် သွေးလင်းယုန်ခန်းမ၏ ကမ္ဘာငယ်လေးတစ်ခုလုံးကို တစ်ချက် ခြုံငုံကြည့်ရှုလိုက်ပြီးနောက် သူ၏ အကြည့်များက သွေးမိစ္ဆာ နတ်သခင်ထံသို့ ကျရောက် စူးစိုက်သွားတော့သည်။

သူသည် နတ်သခင် ကောင်းကင်လင်းယုန်၏ နတ်ဝိညာဉ်ကို သန့်စင်ပြီးစီးသွားခဲ့သဖြင့် လုချန်းနှင့် ပတ်သက်သည့် အချို့သောအကြောင်းအရာများနှင့် လျှို့ဝှက်လဝန်း ကျောင်းတော်၏ လျှို့ဝှက်ချက်အချို့ကိုပါ သိနားလည်သွားခဲ့ခြင်း ဖြစ်သည်။

နောက်တစ်ခဏ၌ ကောင်းကင်ယံထက်တွင် ခေါင်းလောင်းသံကြီးကဲ့သို့ လေးလံထိုင်းမှိုင်းလှသော အသံကြီး ပဲ့တင်ထပ်လာခဲ့သည်။

“သွေးမိစ္ဆာ ... ခင်ဗျားကို ကျုပ်ပေးအပ်ခဲ့တဲ့ တာဝန်ကို ဘာဖြစ်လို့ အခုထိ ပြီးမြောက်အောင် မစွမ်းဆောင်နိုင်သေးတာလဲ”

သွေးမိစ္ဆာ နတ်သခင်လည်း ပျာပျာသလဲနှင့်ပင်

“ဘိုးဘေး... ကျုပ်လည်း တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ပါတယ်ဘုရား။ အဓိက အခက်အခဲကတော့ လုချန်းမှာ ကိုယ်ပွားတွေ အလွန် များပြားလွန်းတာကြောင့် ဘယ်အရာက သူရဲ့ ပင်မကိုယ် ဖြစ်မှန်း ခွဲခြားရ ခက်ခဲနေပြီး သူရဲ့ ပင်မကိုယ်ကလည်း တစ်နေရာရာမှာ ပုန်းအောင်းနေပုံရလို့ပါပဲ။”

သွေးမိစ္ဆာ နတ်သခင်၏ အကြောင်းပြချက်ကို ကြားလျှင် သွေးဘိုးဘေး နှာခေါင်းရှုံ့သွားကာ အေးစက်စွာ ပြောလိုက်၏။

“အသုံးမကျတဲ့ကောင်”

ထိုသို့ ပြောဆိုရင်းနှင့်ပင် သွေးဘိုးဘေး၏ နဖူးပြင်ထက်မှ “နတ်ဘုရားသွေး” တစ်စု ထွက်ပေါ်လာလေသည်။

ထိုနတ်ဘုရားသွေးသည် မကြာမီ အချိန်အတွင်းမှာပင် နတ်သခင် ကောင်းကင်လင်းယုန်၏ အသွင်သဏ္ဌာန်သို့ ကူးပြောင်းသွားပြီး နတ်သခင်အဆင့် တစ်ပါး၏ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများကိုပါ ထုတ်လွှတ်နေတော့၏။

ကမ္ဘာငယ်လေးအတွင်း၌ နတ်သခင်အဆင့်၏ အရှိန်အဝါ ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသဖြင့် ဝိညာဉ်ရိပ် နတ်ဘုရင်သည် ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ရာ ကောင်းကင်ယံ၌ နတ်သခင် ကောင်းကင်လင်းယုန်၏ ခန္ဓာကိုယ် ပေါ်ပေါက်လာသည်ကို မြင်တွေ့လိုက်ရပြီး သူ့ကို လုံးဝ မှင်တက် အံ့အားသင့်သွားစေတော့သည်။

“နတ်သခင် ကောင်းကင်လင်းယုန်” ကိုယ်ပွားက သွေးမိစ္ဆာ နတ်သခင်ကို

“ဒါက ကျုပ်ရဲ့ ကိုယ်ပွားပဲ။ ကျုပ် အခုချက်ချင်း လျှို့ဝှက်လဝန်း ကျောင်းတော်ဆီကို ဦးတည်သွားမယ်။ ကျုပ်ရဲ့ ကိုယ်ပွား ပြန်လည်ရောက်ရှိလာတဲ့ အချိန်ကျရင် သွေးလင်းယုန်ခန်းမက တောင်ပိုင်းနယ်တစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်လိမ့်မယ်လို့ ကျုပ် မျှော်လင့်တယ်။”

သွေးမိစ္ဆာ နတ်သခင်က သွေးဘိုးဘေးအား ပျာပျာသလဲနှင့်ပင် တင်လျှောက်လိုက်၏။

“ကျုပ် သွေးဘိုးဘေး၏ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်။”

သွေးဘိုးဘေးသည် သွေးမိစ္ဆာ နတ်သခင်နှင့် ထပ်မံ၍ စကားတစ်ခွန်းမှ ပြောဆိုမနေတော့ပေ။

သူသည် သူ၏ မျက်လုံးများကို ပြန်လည် ပိတ်လိုက်ပြီးနောက် “နတ်သခင် ကောင်းကင်လင်းယုန်”၏ ကိုယ်ပွားကို ထိန်းချုပ်၍ သွေးလင်းယုန်ခန်းမမှ ထွက်ခွာသွားစေတော့သည်။

နတ်သခင် ကောင်းကင်လင်းယုန်၏ နတ်ဝိညာဉ်ကို သန့်စင်ပြီးနောက် သွေးဘိုးဘေးသည် လျှို့ဝှက်လဝန်း ကျောင်းတော်၌ လုချန်း၏ ကိုယ်ပွားများ ရှိနေရုံတင်မကပဲ ပို၍ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေကြောင်းကိုပါ ရှာဖွေတွေ့ရှိသွားခဲ့သည်။

ထိုအရာမှာ လျှို့ဝှက်လဝန်း ကျောင်းတော်၏ တားမြစ်နယ်မြေအတွင်း၌ သူ့ကိုယ်သူ ချိပ်ပိတ်ထားသော ဧကရာဇ်တစ်ပါး ရှိနေခြင်းပင်။

အကယ်၍ ထိုဧကရာဇ်၏ စွမ်းအား အားနည်းဆုတ်ယုတ်နေပြီ ဖြစ်ပါက သူသည် ထိုဧကရာဇ်၏ မူလအစစွမ်းအားကို ဝါးမြိုပစ်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် သူကိုယ်သူ ပြန်လည် အားပြည့်လာစေနိုင်မည် ဖြစ်သည်။

…

လျှို့ဝှက်လဝန်း ကျောင်းတော်။

ကောင်းကင်တောင်ထိပ်။

ယခုအခါ နတ်သခင် ကောင်းကင်သည် အရာအားလုံးကို အလုံးစုံ လွှတ်ချလိုက်ပြီဖြစ်၏။ တစ်စိတ်တစ်ပိုင်းမှာ သူမ၏ စွမ်းအား တိုးတက်လာမှုကို မတွန်းလှန်နိုင်ခြင်းကြောင့် ဖြစ်ပြီး ကျန်တစ်စိတ်တစ်ပိုင်းမှာတော့ သူမ ယခင်က ဖိနှိပ်ချုပ်တည်းထားခဲ့သော အလိုဆန္ဒများ အပြည့်အဝ ပေါက်ကွဲထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်။

သူမသည် သတိရှိနေဆဲဖြစ်ပြီး မည်သည့်အရာကို ပြုလုပ်နေသည်ကို ကောင်းစွာ သိနေသော်လည်း စွမ်းအားအပေါ် တောင့်တလှသော သူမ၏ ဆန္ဒကိုတော့ မချုပ်တည်းနိုင်တော့ပေ။

သူမ အနေနှင့် အလွန်တရာ အရှက်‌ရသော ခံစားချက်မျိုး ဖြစ်ပေါ်နေသော်လည်း ကျင့်ကြံခြင်းလုပ်ငန်း၌ လုချန်းနှင့် စိတ်တူကိုယ်တူ ပူးပေါင်း ဆောင်ရွက်ရန်သာ ရွေးချယ်လိုက်တော့သည်။

ယခုအခိုက်အတန့်တွင်တော့ နတ်သခင် ကောင်းကင်၏ ခရမ်းရောင် မျက်ဝန်းစုံသည် လုချန်းထံသို့သာ စူးစိုက်ကြည့်ရှုနေပြီး မျက်ရည်အဝိုင်းသားနှင့် ရှိနေကာ သူမ၏ မျက်နှာထက်တွင်လည်း စိတ်ပါလိုလားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

တစ်ချိန်က အလွန် မာနကြီးပြီး ခပ်စိမ်းစိမ်း နေတတ်သော နတ်သမီးတစ်ပါးကို ဤကဲ့သို့သော အခြေအနေမျိုးဖြင့် မြင်တွေ့လိုက်ရသည့်အခါ လုချန်း သူကိုယ်သူ ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

ယွမ်ယုတိနှင့် နတ်သခင် ကောင်းကင်တို့သည် စရိုက်ပိုင်းဆိုင်ရာတွင် အတန်ငယ် ဆင်တူကြသော်လည်း နတ်သခင် ကောင်းကင်၌ သူမ၏ ကိုယ်ပိုင် ထူးခြား ဆန်းပြားသော ဆွဲဆောင်မှု ရှိနေသည်ကိုတော့ ဧကန်မုချ ဝန်ခံရပေမည်။

လုချန်းက နတ်သခင် ကောင်းကင်ကို ပြုံးလျက်ပင် မေးမြန်းလိုက်၏။

“ယုတိက ကျုပ်ရဲ့ အဖော်အဖြစ် ကျင့်ကြံဖို့ ဘာဖြစ်လို့ သဘောတူခဲ့လဲဆိုတာကို အခုတော့ ခင်ဗျား နားလည်သွားပြီ မဟုတ်လား။”

လုချန်း၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ လုချန်းက သူမကို ကဲ့ရဲ့လှောင်ပြောင်နေသည်ဟု နတ်သခင် ကောင်းကင် ချက်ချင်းပင် ခံစားမိလိုက်တော့သည်။

သို့သော်လည်း လှောင်ပြောင်နေခြင်း ဖြစ်နေပါစေဦးတော့ ယခုအချိန်တွင်တော့ သူမ အနေနှင့် သည်းခံမြိုသိပ်ထားရုံမှတစ်ပါး အခြားမရှိပေ။

နတ်သခင် ကောင်းကင်က လုချန်းကို အေးစက်သော လေသံဖြင့်

“အခု... ကျွန်မကို... ဧကရာဇ်အဆင့် ရောက်ရှိမယ့် နည်းလမ်းကို... ပြောပြလို့ ရပြီလား”

လုချန်းက

“ဧကရာဇ်အဆင့်ကို တက်လှမ်းမယ့် နည်းလမ်းက အလွန်ပဲ ရိုးရှင်းပါတယ်။ အဲဒါကတော့ ကျုပ်နဲ့အတူ စုံတွဲကျင့်စဉ်ကို ပူးတွဲကျင့်ကြံပြီး မဟာလမ်းစဉ် အားလုံးကို သဘောပေါက် နားလည်အောင် ကြိုးစားဖို့ပါပဲ။ ခင်ဗျားသာ လမ်းစဉ်အားလုံးကို ထွင်းဖောက်သိမြင်သွားတဲ့ အခါကျရင် အဲ့ဒီထဲကနေ ခင်ဗျားရဲ့ ကိုယ်ပိုင် ဧကရာဇ်အဆင့် ရောက်ရှိမယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားလိမ့်မယ်။”

--

All Chapters