← Chapters

အခန်း ၂၀၀၅

Vol. 134 Ch. 2005

အခန်း ၂၀၀၅

Vol. 134 Ch. 2005

အခန်း (၂၀၀၅ )

ထျန်းရှနတ်ဘုရားနိုင်ငံကို ကယ်တင်ပေးပါ

နတ်သခင် ယွမ်မုန့်သည် လျှို့ဝှက်လဝန်း ကျောင်းတော်အတွင်းသို့ မည်သူအတိအကျ ဝင်ရောက်လာသည်ကို သိနိုင်ရန် သူမ၏ နတ်အာရုံကို အသုံးပြု၍ ကျောင်းတော် တစ်ခုလုံးကို စုံစမ်းစစ်ဆေးလိုက်၏။

သို့သော် သူမ၏ နတ်အာရုံဖြင့် လျှို့ဝှက်လဝန်း ကျောင်းတော်တစ်ခုလုံးကို အပ်ကျမတ်ကျ ရှာဖွေခဲ့သော်လည်း မည်သည့်ထူးခြားသောလူကိုမှ ရှာမတွေ့ခဲ့ပေ။

လုချန်းနှင့် နတ်သခင် ကောင်းကင်တို့၏ အရေးကိစ္စများကို သူမ ချောင်းမြောင်းစုံစမ်းခဲ့မိခြင်းကြောင့် လုချန်း မကျေမနပ် ဖြစ်သွားကာ လျှို့ဝှက်လဝန်း ကျောင်းတော်အပေါ် အငြိုးအတေး ထားရှိသွားခြင်းကြောင့် ကံစွမ်းအားများ ဒီရေကျသကဲ့သို့ ကျဆင်းသွားရလေသလားဟု နတ်သခင် ယွမ်မုန့် စိတ်နှလုံးထဲ ဇဝေဇဝါ ဖြစ်မသွားပဲ မနေနိုင်တော့ပေ။

လုချန်းသည် အနာဂတ်တွင် ထျန်းရန်နတ်ဘုရားနယ်မြေ၏ အထွတ်အထိပ်၌ ရပ်တည်မည့်သူ ဖြစ်ရာ သူ၏ စိတ်အကြံအစည်များက လျှို့ဝှက်လဝန်း ကျောင်းတော်၏ ကံစွမ်းအားအပေါ် တကယ်ပင် သက်ရောက်မှု ရှိနိုင်ပေသည်။

သို့သော် သူမအနေနှင့် နတ်သခင် ကောင်းကင်ထံသို့ သတင်းစကား ပါးရုံသာ ပြုလုပ်ခဲ့ပြီး သူတို့နှစ်ဦးကို ဇွတ်အတင်းအတင်းအကျပ် ခွဲခွာစေခဲ့ခြင်းမျိုး မဟုတ်ပေ။

သူမက နတ်အာရုံကို အသုံးပြု၍ သူတို့ကို ချောင်းမြောင်းကြည့်ရှုခဲ့ရုံမျှဖြင့် လုချန်းအနေနှင့် လျှို့ဝှက်လဝန်း ကျောင်းတော်အပေါ် ရန်ငြိုးအာဃာတ ထားမည် မဟုတ်ပေ။

ပြီးခဲ့သည့်အကြိမ်က လုချန်းနှင့် ရှုကျင့်ရှူးတို့ကို သူမ အတင်းအကျပ် ခွဲခွာစေခဲ့စဉ်ကပင် လုချန်းက လျှို့ဝှက်လဝန်း ကျောင်းတော်အပေါ် အာဃာတ မထားခဲ့ပေ။

ထို့ထက် ပို၍အရေးကြီးသည်မှာ ခုနက ပြင်းထန်သော ဘေးအန္တရာယ် အရိပ်အယောင်တစ်ခုကို သူမ ရုတ်တရက် ခံစားလိုက်ရခြင်း ဖြစ်ပြီး ထိုအန္တရာယ်ကို ယခု ရှာမတွေ့တော့ခြင်း ဖြစ်၏။ အကယ်၍ လုချန်းက လျှို့ဝှက်လဝန်း ကျောင်းတော်၏ ကံစွမ်းအားကို ကျဆင်းစေခဲ့ခြင်း ဖြစ်ခဲ့လျှင် လုချန်း ရှိနေသေးသည့်အတွက် ထိုအန္တရာယ် အငွေ့အသက်လည်း ရှိနေရမည် ဖြစ်၏။

သူမအနေနှင့် ထိုအန္တရာယ် အငွေ့အသက်ကို ခဏခန့်သာ ခံစားလိုက်ရခြင်းဖြစ်သည်။ လျှို့ဝှက်လဝန်း ကျောင်းတော်သို့ အစွမ်းထက်သော ဖြစ်တည်မှုတစ်ခု လျှပ်စီးလက်သကဲ့သို့ ရုတ်တရက် ရောက်ရှိလာပြီး သူမ မရိပ်မိစေရန် ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားခြင်းသာ ဖြစ်နိုင်သည်။

လျှို့ဝှက်လဝန်း ကျောင်းတော်၏ ကံစွမ်းအားများ ရုတ်တရက် ကျဆင်းသွားခြင်းမှာ သာမန်ကိစ္စ မဟုတ်ပေ။ အကယ်၍ ပြဿနာ၏ အရင်းအမြစ်ကို အမြန်ဆုံး ရှာမတွေ့ပါက လျှို့ဝှက်လဝန်း ကျောင်းတော်သည် ကြီးစွာသော ပြဿနာနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိ၏။

ဤအရေးကိစ္စကို သူတို့၏ ဘိုးဘေးထံသို့ ဧကန်မုချ အစီရင်ခံရမည် ဖြစ်၏။

သို့သော် သူတို့၏ ဘိုးဘေးမှာ လက်ရှိတွင် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေသဖြင့် ယခုအချိန်တွင် ဆက်သွယ်ရန် ကြိုးစားခြင်းက သူမကို နိုးကြားလာစေမည် မဟုတ်သည့်အပြင် အကယ်၍ သူမသည် ကျင့်စဉ်၏ အရေးကြီးသော အဆင့်သို့ ရောက်ရှိနေချိန်တွင် အနှောင့်အယှက် ဖြစ်သွားပါက မည်သို့လုပ်မည်နည်း။

နတ်သခင် ယွမ်မုန့် အချိန်အတော်ကြာ ခေါင်းခဲအောင် စဉ်းစားခဲ့သော်လည်း ကောင်းသော အဖြေတစ်ခုမှ ထွက်မလာခဲ့ပေ။ အဆုံး၌ လျှို့ဝှက်လဝန်း ကျောင်းတော်၏ ကံစွမ်းအား ကျဆင်းမှုနောက်ကွယ်မှ တရားခံကို ရှာဖွေနိုင်ခြင်း ရှိ၊ မရှိ သိနိုင်ရန် ပထမဦးစွာ လျှို့ဝှက် စုံစမ်းစစ်ဆေးရန်သာ သူမ ဆုံးဖြတ်လိုက်တော့၏။

….

သွေးဘိုးဘေးသည် နတ်သခင် ကောင်းကင်လင်းယုန်၏ မှတ်ဉာဏ်အတိုင်း လိုက်လံရင်း ကောင်းကင်လင်းယုန်တောင်ထိပ်သို့ ရောက်ရှိလာခဲ့၏။

သူ လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ရောက်ရှိသည်နှင့် ကျောင်းတော်အတွင်း၌ ကြီးမားသော ထိတ်လန့်ဖွယ်ရာ တစ်ခုခု ရှိနေသကဲ့သို့ သူ၏ ဝိညာဉ်သည် မထိန်းချုပ်နိုင်စွာ တုန်လှုပ်သွား၏။

လောကပြင်ပမှ လာသူဖြစ်သည့် သွေးဘိုးဘေးကို ဤအရာက အလွန် စိတ်မသက်မသာ ဖြစ်စေသည်။ သူ့ကို ထိတ်လန့်တုန်လှုပ်စေနိုင်သည့် တစ်ခုတည်းသောအရာမှာ လုချန်း သို့မဟုတ် မဟာစွမ်းအာကြီး ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်နိုင်သည်။

သွေးဘိုးဘေးသည် ပလ္လင်ထက်၌ ကျောက်ရုပ်ပမာ ထိုင်ရင်း လျှို့ဝှက်လဝန်း ကျောင်းတော်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော မဟာစွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး နေထိုင်နေခြင်း ဖြစ်နိုင်သည်ဟု တွေးတော ခန့်မှန်းမိနေတော့၏။

အကယ်၍ ထိုသို့သာ ဖြစ်ပါက သူ့အနေနှင့် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ရန်စခြင်းမှ ကင်းဝေးအောင် ရှောင်ကြဉ်ရမည် ဖြစ်၏။

မဟုတ်သေးဘူး။

ဒါ မဖြစ်နိုင်ပေ...

အကယ်၍ တကယ်ပင် လျှို့ဝှက်ဆန်းကြယ်သော မဟာစွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး ရှိနေပါက ပြင်ပလူတစ်ဦးဖြစ်သည့် သူကိုယ်တိုင် လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ဝင်ရောက်လာကတည်းက ထိုသူသည် သူ၏ တည်ရှိမှုကို ရိပ်မိပြီး အရေးယူ ဆောင်ရွက်ပြီးလောက်ပြီ ဖြစ်၏။

လျှို့ဝှက်ဆန်းကြယ်သော မဟာစွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးအတွက်တော့ သူကဲ့သို့သော ဝိညာဉ်နယ်ပယ်မှ သတ္တဝါတစ်ဦးသည် မြိန်ယှက်ဖွယ်ဟင်းလျာပမာ အလွန် အာဟာရဖြစ်စေမည့် အရာ ဖြစ်ပေသည်။ ထျန်းရန်နတ်ဘုရားနယ်မြေကဲ့သို့သော နေရာမျိုးတွင် ဝိညာဉ်နယ်ပယ်မှ ဒေသခံသတ္တဝါများမှာ တောတွင်းမှ ရှားပါးမျိုးစိတ်များကဲ့သို့ အလွန်ပင် ရှားပါးလှသဖြင့် ထိုမဟာစွမ်းအားကြီး ပုဂ္ဂိုလ်အနေနှင့် ဝါးမြိုလိုသည့် စိတ်အာသီသကို တားဆီးနိုင်မည် မဟုတ်ပေ။

အကယ်၍ လျှို့ဝှက်ဆန်းကြယ်သော မဟာစွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါက သူ၏ မသိစိတ်ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည့်အရာမှာ လုချန်းပင် ဖြစ်ရပေမည်။

လုချန်းအကြောင်းကို တွေးမိသည်နှင့် သွေးဘိုးဘေး၏ လက်သီးများ အလိုလို ဆုပ်သွား၏။

သူသည် သူ၏ စိတ်လှုပ်ရှားမှုများကို အစွမ်းကုန် ဖိနှိပ်လိုက်၏။ နတ်သခင် ကောင်းကင်၏ မှတ်ဉာဏ်အရ လုချန်းသည် အစက လျှို့ဝှက်လဝန်း ကျောင်းတော်၌ ကိုယ်ပွားတစ်ခု ထားရှိခဲ့ဖူးသည်။

ထိုကိုယ်ပွား နန်းတော်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သော်လည်း လုချန်း၏ အခြားသော ကိုယ်ပွားတစ်ခု နန်းတော်သို့ ပြန်လည် ရောက်ရှိနေခြင်းလည်း ဖြစ်နိုင်သည်။

သူ၏ ဝိညာဉ် တုန်လှုပ်သွားရခြင်းမှာ သူ၏ မသိစိတ်က လုချန်း၏ အငွေ့အသက်ကို ခံစားမိလိုက်ခြင်းကြောင့် ဖြစ်နိုင်မလား။

လုချန်း၏ ပင်မကိုယ်ကို ရှာမတွေ့မချင်း သူအနေနှင့် သတိကြီးစွာ ထားရမည်ဖြစ်ပြီး သူ၏ သရုပ်မှန်ကို ထုတ်ဖော်၍ မဖြစ်သေးပေ။

လုချန်း၏ ပင်မကိုယ်သည် သူ၏ အစွမ်းများကို မည်မျှအထိ ပြန်လည် မြှင့်တင်နိုင်ခဲ့သည်ကို သူ သေချာမသိသေးပေ။ အကယ်၍ အချိန်မတန်မီ သူကိုယ်သူ ထုတ်ဖော်မိပါက မြက်ပင်ကို လှုပ်မိ၍ မြွေကို လန့်စေသကဲ့သို့ ဖြစ်သွားနိုင်သည်။

သူ့အတွက် လက်ရှိ အရေးကြီးဆုံး အလုပ်က နတ်ဧကရာဇ် ယူလန်၏ အခြေအနေကို အကဲခတ်ရန် ဖြစ်၏။ အကယ်၍ သူမ၏ အခြေအနေ ဆိုးရွားနေပါက သူ တိုက်ရိုက် တိုက်ခိုက်ပြီး ဝါးမြိုပစ်နိုင်ကာ သူ၏ စွမ်းအားများကို လျင်မြန်စွာ ပြန်လည် ကောင်းလာစေမည် ဖြစ်၏။ ထိုအချိန်ကျလျှင်တော့ လုချန်း၏ ပင်မကိုယ်က စွမ်းအားအချို့ ပြန်လည် ရရှိထားလျှင်ပင် သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။

သို့သော် နတ်ဧကရာဇ် ယူလန်သည် လျှို့ဝှက်လဝန်း ကျောင်းတော်၏ နက်ရှိုင်းသော တားမြစ်မြေအတွင်း၌ ရှိနေပြီး ထိုနေရာသို့ နန်းတော်သခင် နတ်သခင် ယွမ်မုန့် တစ်ဦးတည်းသာ ဝင်ရောက်နိုင်သဖြင့် သူ ဝင်ရောက်ရန် လွန်စွာ ခက်ခဲလှသည်။

အတင်းအကျပ် ဝင်ရောက်ရန်ကလည်း မဖြစ်နိုင်ပေ။ အကြောင်းမှာ လျှို့ဝှက်လဝန်း ကျောင်းတော်အတွင်း၌ နည်းဗျူဟာ ပုံစံများစွာ ရှိနေသည့်အပြင် နတ်သခင် အမြောက်အမြားလည်း ရှိနေသောကြောင့် ဖြစ်၏။ သူ၏ လက်ရှိ ကိုယ်ပွား၏ စွမ်းအားသည် ထိုမျှများပြားသော နတ်သခင်များကို ရင်ဆိုင်ရန် မလုံလောက်သဖြင့် အခြား နည်းလမ်းတစ်ခု ကြံဆရမည် ဖြစ်၏။

…..

တောင်ပိုင်းနယ်။

သက်တံဖြူနတ်မြို့။

လုစံအိမ်။

နေဝင်တောင်တန်း၏ ချိပ်ပိတ်မှုကို သတ္တဝါဆန်းများ ဖောက်ထွက်လာခြင်းမှ ကာကွယ်ရန် လုချန်းသည် ဤနေရာ၌ ကိုယ်ပွားတစ်ခု ထားရှိခဲ့၏။ ထိုကိုယ်ပွားကတော့ အချိန်အများစုတွင် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေလေ့ရှိသည်။

နေဝင်တောင်တန်းကို စောင့်ကြည့်နေကြသည့် နတ်သခင်များသည် ချိပ်ပိတ်မှု အားနည်းလာသည်ကို အာရုံခံမိသည့် အခါမျိုးတွင်သာ လုစံအိမ်မှ လုချန်း ထွက်ခွာလေ့ရှိ၏။

ညနေခင်းအချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေသော အဆောင်အတွင်းသို့ နေဝင်ဆည်းဆာ၏ အလင်းရောင်များ ဖြာကျနေ၏။ အဆောင်တစ်ခုလုံးသည် သုဿာန်တစပြင်ပမာ လုံးဝ တိတ်ဆိတ်လျက် ရှိနေ၏။

သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်ယံထက်မှ နတ်လှေတစ်စင်း လုစံအိမ်ဆီသို့ ရုတ်တရက် မြှားတစ်စင်းပမာ အရှိန်အဟုန်ပြင်းစွာ မောင်းနှင်လာခဲ့၏။

နတ်လှေ လုစံအိမ်နှင့် ပို နီးကပ်လာသည်နှင့်အမျှ မိုးကုတ်စက်ဝိုင်းဆီမှ ဖြူဖွေးသော အလင်းတန်းတစ်ခု ပျံသန်းလာပြီး နောက်တစ်ခဏ၌ လူရိပ်တစ်ခုက နတ်လှေကို တားဆီးလိုက်၏။

သက်တံဖြူနတ်မြို့ မြို့တော်ဝန်က နတ်လှေပေါ်မှလူများကို

“ဘယ်သူလဲ။”

ရောက်ရှိလာသူမှာ သက်တံဖြူ နတ်မြို့ မြို့တော်ဝန် ဖြစ်၏။ သူသည် လုချန်း၏ အရေးပါမှုကို နားလည်ထားသဖြင့် ပြင်ပလူများ လုချန်းနှင့် တွေ့ဆုံလိုပါက ပုံမှန်အားဖြင့် သူ့ထံမှတဆင့် ပထမဆုံး ဖြတ်သန်းရလေ့ရှိသည်။

လမ်းကို ပိတ်ဆို့ထားသူ ရှိနေသည်ကို တွေ့မြင်လျှင် နတ်လှေပေါ်မှ လူများ လျင်မြန်စွာ ဆင်းသက်လိုက်ကြပြီး နတ်လှေကို သိမ်းဆည်းလိုက်ကြ၏။ ထိုအခါ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး သက်တံဖြူ နတ်ဘုရင်ထံသို့ ချဉ်းကပ်လာခဲ့၏။

ဆံပင်ဖြူ အဘိုးအိုက သက်တံဖြူ နတ်ဘုရင်ကို

“ကျုပ် တို့က ထျန်းရှနတ်ဘုရားနိုင်ငံကပါ။ ချန်ဘုရင်ကို တွေ့ဆုံဖို့ လာခဲ့တာပါ။”

ထိုအရာကို ကြားလျှင် သက်တံဖြူ နတ်ဘုရင်သည် ထိုနေရာရှိ လူများကို စူးစူးစိုက်စိုက် တစ်ချက်ကြည့်လိုက်၏။

သက်တံဖြူ နတ်ဘုရင်က ထိုလူများကို

“ဒီမှာ ခဏစောင့်ပါ။”

ထိုသို့ပြောပြီးနောက် သက်တံဖြူ နတ်ဘုရင်သည် လုစံအိမ်၏ တံခါးဝသို့ ပျံသန်းသွားပြီး ရိုသေစွာဖြင့်

“လုချန်း... ထျန်းရှနတ်ဘုရားနိုင်ငံက လူတစ်ယောက် လာတွေ့ပါတယ်။ တွေ့ချင်ပါသလား။”

လုချန်း တစ်ချိန်က ထျန်းရှနတ်ဘုရားနိုင်ငံ၏ မင်းသားတစ်ပါး ဖြစ်ခဲ့ဖူးကြောင်း သက်တံဖြူ နတ်ဘုရင် သိထားသဖြင့် နတ်ဘုရားနိုင်ငံမှ လူများ ရောက်ရှိလာသည့်အခါ သူတို့အား မောင်းထုတ်ရန် မသင့်တော်ဟု ယူဆ၏။ ထိုအရာက လုချန်း၏ ဆုံးဖြတ်ချက်အပေါ်၌သာ မူတည်သည်။

…..

လုစံအိမ်၏ ကျင့်စဉ်ခန်းမအတွင်း၌။

လုချန်းသည် သူ၏ မျက်လုံးများကို ဆတ်ခနဲ ဖွင့်လိုက်သည်။

ထျန်းရှနတ်ဘုရားနိုင်ငံမှ လူများ သူ့ကို လာရောက်ရှာဖွေနေသည်ကို ကြားလိုက်ရသဖြင့် သူ အလွန် နားမလည် ဖြစ်သွား၏။ သူတို့က သူ့ထံမှ ဘာကို လိုချင်နေကြသနည်း။

တောင်ပိုင်းနယ်မှ ထွက်ခွာလာကတည်းက သူသည် ထျန်းရှနတ်ဘုရားနိုင်ငံနှင့် ပတ်သက်သမျှ အဆက်အသွယ် အားလုံးကို ဖြတ်တောက်ခဲ့ပြီး ဖြစ်၏။

ထို့ပြင် သူ၏ လက်ရှိ ထူးခြားသော အခြေအနေအရ ထျန်းရှနတ်ဘုရားနိုင်ငံမှ လူများတွင် အသိတရား ရှိပါက သူ့ကို လာရောက်ရှာဖွေ ဝံ့ကြမည် မဟုတ်ပေ။

စူးစမ်းလိုစိတ်ဖြင့် လုချန်း ကျင့်စဉ်ခန်းမအတွင်းမှ ထွက်ခွာလာခဲ့၏။ သူ အပြင်သို့ ခြေချလိုက်သည်နှင့် ကောင်းကင်ယံထက်မှ နတ်များ ချက်ချင်းပင် ဆင်းသက်လာကြတော့သည်။

လုချန်း ထိုလူအုပ်ကို ကြည့်လိုက်ရာ ရောက်ရှိနေသူအချို့နှင့် သူ အနည်းငယ် ရင်းနှီးပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ အထူးသဖြင့် ရွှမ်ကျန့်နတ်ဘုရင်ကို သူ ကောင်းစွာ သိနေ၏။

လုချန်းက ရွှမ်ကျန့်နတ်ဘုရင်ကို

“ရွှမ်ကျန့်နတ်ဘုရင်... ဘာလို့ လာရှာတာလဲ။”

ရွှမ်ကျန့်နတ်ဘုရင်က မည်သည့်စကားမှ မဆိုပဲ ထျန်းရှနတ်ဘုရားနိုင်ငံမှ အခြားသူများကို ဦးဆောင်ကာ ဒူးထောက်လိုက်၏။

ရွှမ်ကျန့်နတ်ဘုရင်က

“ကျုပ်တို့ ထျန်းရှနတ်ဘုရားနိုင်ငံကို ကယ်တင်ပေးဖို့ ချန်ဘုရင်ကို တောင်းပန်ပါတယ်။”

ဒါက...

ဤမြင်ကွင်းကို တွေ့မြင်လျှင် လုချန်း မှင်တက်မိမှင်တက်သွား၏။

သူတို့က သူ့ကို ထျန်းရှနတ်ဘုရားနိုင်ငံကို ကယ်တင်ခိုင်းနေကြခြင်းလား။

ထျန်းရှနတ်ဘုရားနိုင်ငံမှာ ဘာများ ဖြစ်ပျက်နေသနည်း။

လုချန်း သတိပြန်ဝင်လာပြီးနောက် သူ မရယ်ပဲ မနေနိုင်တော့ပေ။

လုချန်းက ရွှမ်ကျန့်နတ်ဘုရင်ကို

“ပြီးခဲ့တဲ့အကြိမ်က ထျန်းရှနတ်ဘုရားနိုင်ငံက လျှို့ဝှက်လဝန်း နန်းတော်ကို ဝိုင်းရံပိတ်ဆို့ခဲ့တာကို ခင်ဗျားတို့ မှတ်မိဦးမှာပါ။”

ထိုစဉ် နတ်ဘုရင်ခံတစ်ဦးက လုချန်းကို

“ချန်ဘုရင်... အဲဒါက လုကျင်တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပြီး ထျန်းရှနတ်ဘုရားနိုင်ငံက သန်းထောင်ပေါင်းများစွာမကတဲ့ လူတွေနဲ့ ဘာမှမပတ်သက်ပါဘူး။ ကျုပ် တို့ တောင်းပန်ပါတယ်။ ချန်ဘုရင်အနေနှင့် ထျန်းရှနတ်ဘုရားနိုင်ငံရဲ့ မင်းသားတစ်ပါး ဖြစ်ခဲ့ဖူးတာကို ထောက်ထားပြီး နိုင်ငံရဲ့ ပြည်သူတွေကို ကယ်တင်ပေးပါဦး။”

ထိုအရာကို ကြားလျှင် လုချန်း၏ မျက်နှာ ညိုမှောင်သွား၏။ အကြောင်းမှာ သူသည် ယခုလို ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်ကိုင်ခြင်းပုံစံမျိုးကို အမုန်းဆုံး ဖြစ်သောကြောင့် ဖြစ်၏။

သို့သော် ထျန်းရှနတ်ဘုရားနိုင်ငံမှ လူများ သူ့ထံသို့ အကူအညီ လာရောက်တောင်းခံရလောက်အောင် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း ဆိုသည်ကိုလည်း သူ အတော်ပင် စူးစမ်းလိုစိတ် ပြင်းပြစွာ ဖြစ်ပေါ်နေမိတော့၏။

--

………….

All Chapters