← Chapters

အခန်း ၂၀၀၆

Vol. 134 Ch. 2006

အခန်း ၂၀၀၆

Vol. 134 Ch. 2006

အခန်း (၂၀၀၆ )

ရွှမ်ကျန့်နတ်ဘုရင်တို့၏ မျှော်လင့်ချက်

လုချန်းသည် ရွှမ်ကျန့်နတ်ဘုရင်နှင့် တို့လူစုကို နောက်တစ်ကြိမ် စူးစိုက်ကြည့်လိုက်၏။ ထိုသူများသည် ခမ်းနားသော ကောင်းကင်ခန်းမ ရှိနေခြင်းကြောင့် သူ့ဘက်မှ ဗြောင်ကျကျ မရပ်တည်ရဲကြသော်လည်း နဂိုကတည်းက သူ့ကို ထောက်ခံအားပေးသည့်ဘက်သို့ ယိမ်းခဲ့ကြသူများ ဖြစ်သည်။

သူတို့၏ သူ့အပေါ် သစ္စာရှိမှုမှာ ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ရာခိုင်နှုန်းအထက်တွင် ရှိနေသည်။

ထို့နောက် လုချန်းက

“ပြောပါဦး... ဘာတွေ ဖြစ်နေတာလဲ”

ဟု ဆိုလိုက်သည်။

အကယ်၍ သူတို့သာ အကြံကုန်နေခြင်း မရှိခဲ့လျှင် သူ့ထံသို့ လာရောက်ရှာဖွေကြမည် မဟုတ်ပေ။ ယင်းက ထျန်းရှ နတ်ဘုရား နိုင်ငံသည် ပျက်စီးခြင်းအခြေသို့ ဆိုက်ရောက်နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။

လုချန်းသည် တောင်ပိုင်းနယ်အတွင်း မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာအချို့ကို သိထားသည်။

ကြယ်မြစ် နတ်သခင်က ကိုယ့်ကိုယ်ကို ချိပ်ပိတ်တော့မည်ဟု ကြေညာခဲ့သည့် အချိန်မှစ၍ တောင်ပိုင်းနယ်တစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွားခဲ့ရသည်။ ခမ်းနားသော ကောင်းကင်ခန်းမအား အာခံလိုသော အင်အားကြီးမားသည့် အချို့အင်အားစုများ စတင်လှုပ်ရှားလာကြ၏။ အကြောင်းမှာ နယ်မြေတစ်ခု၏ အချုပ်အခြာအာဏာပိုင် အင်အားစု ဖြစ်လာရန် အလိုမရှိသော မဟာအင်အားကြီးအုပ်စု ဟူ၍ မရှိသောကြောင့် ဖြစ်သည်။

အင်အားစုတစ်စုသည် နယ်မြေတစ်ခု၏ အချုပ်အခြာအာဏာပိုင် ဖြစ်လာနိုင်ပါက ထိုနယ်မြေ၏ ကံစွမ်းအား အများစုမှာ ထိုအချုပ်အခြာအာဏာပိုင်အင်အားစုထံသို့ စုစည်းသွားမည်ဖြစ်သည်။

တောင်ပိုင်းနယ်၏ ကစဉ့်ကလျားဖြစ်မှုများကြောင့် အားနည်းသော အင်အားစုအမြောက်အမြားသည် ဝါးမြိုခံရခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ထျန်းရှ နတ်ဘုရား နိုင်ငံသည် နတ်ဘုရားနိုင်ငံတစ်ခု ဖြစ်သော်လည်း နတ်ဘုရင်တစ်ပါးပင် မဟုတ်သေးသော လုကျင်၏ အုပ်ချုပ်မှုအောက်တွင်တော့ ၎င်းသည် မြိန်ရှက်ဖွယ် အသားတုံးတစ်တုံးမျှသာ ဖြစ်ပေသည်။

အင်အားချဲ့ထွင်ရန် ရည်ရွယ်ထားသော ထိုအင်အားစုများ ထျန်းရှ နတ်ဘုရား နိုင်ငံကို မျက်စီကျလာမှာက သံသယဖြစ်ဖွယ်မရှိပေ။

လုချန်းသည် အခြေအနေ အရပ်ရပ်ကို ဉာဏ်မျက်စိဖြင့် အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

ထို့နောက် ရွှမ်ကျန့်နတ်ဘုရင်က

“ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ခန်းမသခင် ကိုယ့်ကိုယ်ကို ချိပ်ပိတ်မယ်လို့ ကြေညာကတည်းက တောင်ပိုင်းနယ်ရဲ့ အခြေအနေတွေဟာ ပိုပြီးတော့ ကစဉ့်ကလျား ဖြစ်လာခဲ့ပြီး ထျန်းရှ နတ်ဘုရား နိုင်ငံရဲ့ အခြေအနေကလည်း ပိုဆိုးရွားလာခဲ့ပါတယ်။”

“ထျန်းရှ နတ်ဘုရား နိုင်ငံအတွင်းမှာ မိစ္ဆာနတ်တွေရဲ့ အရေအတွက်ဟာလည်း ထိုးတက်သွားခဲ့ပါတယ်။”

“မကြာသေးမီက သွေးလင်းယုန်ခန်းမ ပေါ်ပေါက်လာပြီး သူတို့ရဲ့ တပ်တွေဟာ တစ်လမပြည့်ခင် အချိန်အတွင်းမှာပဲ ချီယန်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပစ်ခဲ့ပါတယ်။”

“အဲဒီနောက်မှာတော့ သွေးလင်းယုန်ခန်းမဟာ ထျန်းရှ နတ်ဘုရား နိုင်ငံကို စတင်နယ် မြေချဲ့ထွင်လာခဲ့ပါတယ်။”

“သွေးလင်းယုန်ခန်းမရဲ့ မိစ္ဆာနတ်တွေ ခြေချတဲ့နေရာတိုင်းမှာ သွေးချောင်းစီးခဲ့ပြီး သူတို့ သိမ်းပိုက်လိုက်တဲ့ မြို့တွေမှာရှိတဲ့ ဖြောင့်မတ်သောနတ် တစ်ပါးမှ အသက်ရှင်ခွင့်မရခဲ့ပါဘူး။”

“အခုဆိုရင် ထျန်းရှ နတ်ဘုရား နိုင်ငံရဲ့ နယ်မြေအတော်များများဟာ သွေးလင်းယုန်ခန်းမရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပါပြီ။ ဒါကိုသာ ဆက်ပြီးခွင့်ပြုထားရင် ထျန်းရှ နတ်ဘုရား နိုင်ငံဟာ ဧကန်မုချ ပျက်စီးသွားပါလိမ့်မယ်။”

“ထျန်းရှ နတ်ဘုရား နိုင်ငံကို ကယ်တင်ပေးဖို့ ချန်ဘုရင်ကို တောင်းပန်ပါတယ်။”

ထိုအရာကို ကြားလျှင် လုချန်းက တည်ငြိမ်စွာဖြင့်

“ထျန်းရှ နတ်ဘုရား နိုင်ငံရဲ့ ကံစွမ်းအားဟာ ကျဆင်းနေခဲ့တာ ကြာပါပြီ။ နိုင်ငံ ပျက်စီးသွားဖို့ဆိုတာ အနှေးနဲ့အမြန် ဖြစ်လာမယ့် ကိစ္စပဲလေ။”

“ဒါ့အပြင် ကျုပ်ကလည်း အခြားနတ်ဘုရားနိုင်ငံတစ်ခုကို တည်ထောင်ပြီးသွားပြီမို့ ထျန်းရှ နတ်ဘုရား နိုင်ငံရဲ့ ကံကြမ္မာဟာ ကျုပ်နဲ့ မဆိုင်တော့ပါဘူး။”

ရွှမ်ကျန့်နတ်ဘုရင် ခဏခန့် မှင်တက်သွားသည်။

လုချန်းက အခြားနတ်ဘုရားနိုင်ငံတစ်ခုကို တည်ထောင်ခဲ့တယ် ဟုတ်လား။

ယင်းက လုချန်း၏ ကံစွမ်းအားသည် သူအသစ်တည်ထောင်ထားသော နိုင်ငံနှင့် ချိတ်ဆက်သွားပြီဖြစ်ကြောင်း ပြသနေပြီး ထျန်းရှ နတ်ဘုရား နိုင်ငံ၏ ကျဆုံးမှုမှာ လုချန်းအပေါ် သက်ရောက်မှုရှိမည်မဟုတ်သောကြောင့် သူ့အနေနှင့် ထျန်းရှ နတ်ဘုရား နိုင်ငံကို ကယ်ဆယ်ရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။

သူ သတိပြန်ဝင်လာပြီးနောက် ရွှမ်ကျန့်နတ်ဘုရင်က ကပျာကယာဖြင့်

“ဘုရင်ကြီးအနေနှင့် ထျန်းရှ နတ်ဘုရား နိုင်ငံကို ကယ်တင်ဖို့ မရွေးချယ်ရင်တောင်မှ နိုင်ငံရဲ့ ပြည်သူလူထုကို ကယ်တင်ပေးဖို့ ကျုပ် တောင်းပန်ချင်ပါတယ်။”

“သွေးလင်းယုန်ခန်းမဟာ သတ်ဖြတ်ခြင်းကို ပျော်မွေ့ပါတယ်။ အကယ်၍ ထျန်းရှ နတ်ဘုရား နိုင်ငံဟာ လုံးဝကျဆုံးသွားခဲ့ရင် နိုင်ငံတစ်နိုင်ငံလုံး ငရဲခန်းတစ်ခန်း ဖြစ်လာပြီး ကုဋေချီတဲ့ ပြည်သူတွေဟာ တောင်လိုပုံတဲ့ အလောင်းကောင်တွေ ဖြစ်သွားပါလိမ့်မယ်။”

လုချန်းသည် ထျန်းရှ နတ်ဘုရား နိုင်ငံ၏ အရှင်အဖြစ် ပြန်လည်လာရောက်လိမ့်မည်ဟု ရွှမ်ကျန့်နတ်ဘုရင်နှင့် သူ၏ အပေါင်းအပါများ မျှော်လင့်ခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း လုချန်းသည် အခြားနိုင်ငံတစ်နိုင်ငံ၏ အရှင်သခင် ဖြစ်နေပြီဖြစ်သောကြောင့် သူတို့၏ မျှော်လင့်ချက်များ မပြည့်ဝနိုင်တော့ပေ။

ထျန်းရှ နတ်ဘုရား နိုင်ငံ၏ နိဂုံးမှာ ရှောင်လွှဲ၍မရနိုင်တော့သဖြင့် သူတို့ ဇွတ်မတောင်းဆိုလိုတော့သော်လည်း နိုင်ငံ ပျက်စီးသွားလျှင်ပင် ယင်း၏ ပြည်သူလူထု အစုလိုက်အပြုံလိုက် အသတ်ခံရ၍မဖြစ်ပေ။

အမှန်စင်စစ် ဤအရာသည် ထျန်းရှ နတ်ဘုရား နိုင်ငံ၏ သာမန်ပြည်သူလူထုအတွက်သာမက ယင်းအတွင်းရှိ ကျင့်ကြံသူ မိသားစုများအတွက်လည်း ဖြစ်သည်။ ကျင့်ကြံသူမိသားစုများကို ကိုယ်စားပြုသော ရွှမ်ကျန့်နတ်ဘုရင်နှင့် အပေါင်းအပါများသည် သာမန်လူသားများ၏ အသက်ကို အရေးမပါဟု မှတ်ယူထားကြပြီး သာမန်လူသားများကို လူဟုပင် သတ်မှတ်ခြင်း မရှိကြပေ။

လုချန်းက ခပ်အေးအေးပင် “လောလောဆယ် ကျုပ်က နတ်ဘုရင်ခံ အဆင့်မှာပဲ ရှိပါသေးတယ်။ ခင်ဗျားတို့ ကျုပ်အကူအညီကို လာတောင်းတာ လူမှားသွားတာ နေမှာပါ။”

ရွှမ်ကျန့်နတ်ဘုရင်က ချက်ချင်းဆိုသလိုပင်

“ဘုရင်ကြီး... မဟုတ်ပါဘူး။ ဘုရင်ကြီးဟာ အခုဆိုရင် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးမှာ ကျော်ကြားနေတာပါ။ ဘုရင်ကြီးသာ တောင်းဆိုရင် နတ်သခင်တွေဟာ ကူညီဖို့ ဧကန်မုချ လိုလားကြမှာပါ။”

“သွေးလင်းယုန်ခန်းမမှာ နတ်သခင်တစ်ပါးပဲ ရှိတာပါ။ အကယ်၍ ဘုရင်ကြီးသာ နတ်သခင် တစ်ပါး ဒါမှမဟုတ် နှစ်ပါးကို ကြားဝင်ကူညီပေးဖို့ ဖျောင်းဖျပေးနိုင်ရင် သူတို့ဟာ သွေးလင်းယုန်ခန်းမကို ခြောက်လှန့်နိုင်ပြီး မဆင်မခြင် လှုပ်ရှားမှုတွေကို တားဆီးနိုင်ပါလိမ့်မယ်။”

လုချန်းက

“သွေးလင်းယုန်ခန်းမမှာ နတ်သခင်တစ်ပါး ရှိတယ် ဟုတ်လား။”

ရွှမ်ကျန့်နတ်ဘုရင်က

“ဟုတ်ပါတယ်... ဘုရင်ကြီး အဲ့ဒီ နတ်သခင်ကို မှတ်မိနိုင်ပါလိမ့်မယ်။ သူက သွေးလင်းယုန်ခန်းမရဲ့ ခန်းမသခင်ပါပဲ။”

“လျှို့ဝှက်လဝန်း နန်းတော်မှာ ဘုရင်ကြီးနဲ့ တိုက်ခိုက်ပြီးနောက် သူဟာ သွေးလင်းယုန်ခန်းမကို ပြန်သွားပြီး တံခါးပိတ်ကျင့်ကြံခဲ့ပါတယ်။ ဘယ်လိုကြောင့်လဲတော့ မသိရပေမဲ့ သူဟာ ရုတ်တရက်ပဲ နတ်သခင် အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။”

လုချန်း အနည်းငယ် အံ့အားသင့်သွား၏။ ထိုစဉ်က သူ၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှု၏ ပြင်းအားမှာ အလွန်ကြီးမားလှသည်။ သွေးမိစ္ဆာ နတ်ဘုရင်သည် လွတ်မြောက်သွားရုံသာမက ကံကောင်းထောက်မစွာပင် အခွင့်အလမ်းအချို့ကြောင့် နတ်သခင်အဆင့်သို့ပင် တက်ရောက်သွားခဲ့ခြင်း ဖြစ်နိုင်သည်။

ဤအရာက လုချန်းကို ထူးထူးခြားခြား စိုးရိမ်ပူပန်မှု မဖြစ်စေသဖြင့် သူက

“သွေးလင်းယုန်ခန်းမက မိစ္ဆာနတ် အင်အားစုတစ်ခုပဲ။ အဲ့ဒီမှာ အသစ်ပေါ်ထွက်လာတဲ့ နတ်သခင်တစ်ပါး ရှိနေတာကို တောင်ပိုင်းနယ်ရဲ့ မဟာအင်အားကြီးအုပ်စုတွေက ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။”

“ခင်ဗျားတို့ ခမ်းနားသော ကောင်းကင်ခန်းမ ဒါမှမဟုတ် တောင်ပိုင်းနယ်ရဲ့ မဟာအင်အားကြီးအုပ်စုတွေဆီ တိုက်ရိုက် အကူအညီတောင်းခံသင့်တယ်။”

ထိုအရာကို ကြားရလျှင် ရွှမ်ကျန့်နတ်ဘုရင်၏ မျက်နှာတွင် ခါးသီးသော အမူအရာ ပေါ်လာပြီး

“ဘုရင်ကြီး... ကျုပ် တို့ အဲဒီအင်အားကြီးအုပ်စုတွေဆီ အကူအညီတောင်းဖို့ လူတွေ စေလွှတ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ သူတို့က ထျန်းရှ နတ်ဘုရား နိုင်ငံအတွက် အချိန်မပေးနိုင်ကြပါဘူး။”

တောင်ပိုင်းနယ်၏ မတူညီသော အင်အားစုများသည် အချုပ်အခြာအာဏာပိုင်နေရာအတွက် ပြိုင်ဆိုင်နေကြသဖြင့် သွေးလင်းယုန်ခန်းမကို ကိုင်တွယ်ရန် မအားလပ်ကြပေ။

တစ်ဖက်တွင်တော့ အချို့သော မဟာအင်အားကြီးအုပ်စုများသည် သွေးလင်းယုန်ခန်းမကို အခြားအင်အားစုများကို အားနည်းစေမည့် ဓားတစ်လက်အဖြစ် ရှုမြင်ကြသည်။ သွေးလင်းယုန်ခန်းမ ချဲ့ထွင်လာသည်နှင့်အမျှ ၎င်းတို့နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ရှိလာမည်ကို မျှော်လင့်ထားကြသော်လည်း သွေးလင်းယုန်ခန်းမက အခြားသူများ၏ ကံစွမ်းအားနှင့် အင်အားကို လျှော့ချပေးလိမ့်မည်ဟုလည်း တစ်ဖက်က မျှော်လင့်နေကြသည်။

အထူးသဖြင့် လောလောဆယ်အထိ တောင်ပိုင်းနယ်ကို ထိန်းချုပ်ထားသော ခမ်းနားသော ကောင်းကင်ခန်းမ ဖြစ်သည်။ နတ်သခင်တစ်ပါး ရှိနေသော မိစ္ဆာနတ်ဂိုဏ်းတစ်ဂိုဏ်း ပေါ်ပေါက်လာခြင်းအား ခမ်းနားသော ကောင်းကင်ခန်းမအနေနှင့် တုံ့ပြန်မှုတစ်ခု ပြုလုပ်ရန် လိုအပ်သည်။

တောင်ပိုင်းနယ်၏ မဟာအင်အားကြီးအုပ်စုများ၏ ရည်မှန်းချက်များကို သိထားသဖြင့် ခမ်းနားသော ကောင်းကင်ခန်းမသည် သွေးလင်းယုန်ခန်းမကို အသုံးချကာ အခြားသူများကို အားနည်းစေရန် အချိန်ဆွဲနေခြင်း ဖြစ်သည်။ အကြောင်းမှာ နတ်သခင်တစ်ပါးတည်းသာ ရှိသော သွေးလင်းယုန်ခန်းမသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ အဆင့်အတန်းကို တကယ် ခြိမ်းခြောက်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

ဤကဲ့သို့ လျစ်လျူရှုထားခြင်းကြောင့်ပင် ထျန်းရှ နတ်ဘုရား နိုင်ငံ၏ ကျဆုံးမှုမှာ လက်တစ်ကမ်းအလိုသို့ ရောက်နေသော်လည်း မည်သည့်မဟာအင်အားကြီးအုပ်စုကမှ ကြားဝင်စွက်ဖက်ရန် အလိုမရှိကြခြင်း ဖြစ်သည်။

ဤအချက်ကပင် ရွှမ်ကျန့်နတ်ဘုရင်နှင့် အပေါင်းအပါများကို နတ်ဘုရင်တစ်ပါးပင် မဟုတ်သေးသော လုချန်းထံသို့ လာရောက်အကူအညီတောင်းရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။ သူတို့သည် လုချန်းနှင့် နတ်သခင်များအကြား ရှိသော အဆက်အသွယ်များကို မျှော်လင့်ချက်ထားကြသည်။

လက်ရှိတွင် မတူညီသော အုပ်စုများမှ နတ်သခင် တစ်ဒါဇင်ကျော်သည် နေဝင်တောင်တန်းတွင် ရှိနေကြပြီး အကယ်၍ လုချန်းသာ သူတို့ကို လှုပ်ရှားရန် စည်းရုံးနိုင်ပါက သွေးလင်းယုန်ခန်းမသည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်တော့မည် မဟုတ်ပေ။

လုချန်း ထိုအရာကို စဉ်းစားလိုက်၏။ သူနှင့် သွေးလင်းယုန်ခန်းမကြား ရန်ငြိုးများ ရှိသဖြင့် သူ့ အနေနှင့် သွေးလင်းယုန်ခန်းမကို အရေးယူချင်သည်ကတော့ အမှန်ပင်။

သို့သော် သူတို့၏ အမြတ်ဖြတ် ခြေမှုန်းရန် ခက်ခဲသော အနေအထားကြောင့် မတူညီသော အင်အားစုများမှ နတ်သခင်များကို မိစ္ဆာနတ်သခင်တစ်ပါးအား ဆန့်ကျင်တိုက်ခိုက်ရန် ကူညီပေးဖို့ စည်းရုံးခြင်းက ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သည်။

အထူးသဖြင့် မဟာလမ်းစဉ် ကပ်ဘေးသည် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သောကြောင့် အများစုသည် တိုက်ပွဲဝင်ရန် အလိုမရှိကြပေ။ အကယ်၍ သူတို့သာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပါ ပြန်လည်ကောင်းမွန်ရန် ခက်ခဲလှသည်။

အထူးသဖြင့် မိစ္ဆာနတ်သခင်တစ်ပါးနှင့် ရင်ဆိုင်ရမည် ဆိုပါက သူတို့ ကံဆိုးစွာနှင့် ပျက်စီးခြင်း ဆိုက်ရောက်သွားနိုင်သည်။

မိစ္ဆာနတ်များသည် ကျင်စဉ်အဆင့်တူသော ဖြောင့်မတ်သောနတ်များနှင့် ယှဉ်လျှင် အဆမတန် ပိုအစွမ်းထက်ကြသည်။

အတန်ကြာ စဉ်းစားပြီးနောက် ထျန်းရှ နတ်ဘုရား နိုင်ငံ၏ လူထု၏ အသုံးဝင်ပုံကို လုချန်း တွေးတောမိလိုက်၏။ ချင်နိုင်ငံသည် လူဦးရေ လိုအပ်နေသည်။

ပိုများပြားသော လူဦးရေသည် ကံစွမ်းအားကို မြှင့်တင်ပေးနိုင်သည်။

လုချန်း တိတ်ဆိတ်နေသည်ကို မြင်လျှင် ရွှမ်ကျန့်နတ်ဘုရင်နှင့် အပေါင်းအပါများ ပို၍ ပူပန်လာကြသည်။ လုချန်း သဘောတူရန် မဖြစ်နိုင်ကြောင်း သူတို့ နားလည်ထားသော်လည်း ထျန်းရှ နတ်ဘုရား နိုင်ငံသည် အသက်ငင်နေပြီ ဖြစ်သဖြင့် လုချန်း သည်သာ သူတို့၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်နေဆဲပင်။

အကယ်၍ လုချန်းကသာ သူတို့ကို ကူညီရန် ငြင်းပယ်ခဲ့လျှင် ထျန်းရှ နတ်ဘုရား နိုင်ငံသည် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ငရဲခန်းအစစ်အမှန် ဖြစ်လာပေလိမ့်မည်။

--

…………

All Chapters