← Chapters

အခန်း ၂၀၀၇

Vol. 134 Ch. 2007

အခန်း ၂၀၀၇

Vol. 134 Ch. 2007

အခန်း (၂၀၀၇ )

နတ်သခင်များကို အကူအညီ တောင်းခံခြင်း

လုချန်းသည် ရွှမ်ကျန့်နတ်ဘုရင်တို့လူစုကို အခြေအနေကို အကဲခတ်သလို တစ်ချက်ပြန်ကြည့်ပြီးနောက်

“မဟာလမ်းစဉ် ကပ်ဘေးက မပြီးဆုံးသေးဘူး။ ဘယ်နတ်သခင်ကမှ ဒီလိုအချိန်မျိုးမှာ ကိုယ့်ထမင်းကိုယ်စားပြီး ဒဏ်ရာအနာတရ ဖြစ်မခံချင်ကြဘူး။ ကျုပ်ကိုယ်တိုင် ဝင်ပါရင်တောင် နတ်သခင်တစ်ပါးပါးက ထျန်းရှနတ်ဘုရားနိုင်ငံကို ကူညီလိမ့်မယ်လို့ အသေအချာ မပြောနိုင်ဘူး။”

“အဲဒီနတ်သခင်တွေအတွက်တော့ ထျန်းရှနတ်ဘုရားနိုင်ငံဆိုတာ အရေးမပါတဲ့ တည်ရှိမှုတစ်ခုပဲ။ အဲဒီလို အဖိုးမတန်တဲ့ အရာတစ်ခုအတွက်နဲ့ နတ်သခင်တစ်ပါးပါးက မိစ္ဆာနတ်တစ်ပါးကို ဆန့်ကျင်ပြီး သူ့အသက်ကို စွန့်စားလိမ့်မယ်လို့ ခင်ဗျားတို့ ထင်နေတာလား။”

လုချန်း၏ စကားများကို ကြားရလျှင် ရွှမ်ကျန့် နတ်ဘုရင်တို့လူစုလည်း စကားတစ်ခွန်းမှ မဟနိုင်ပဲ ငြိမ်သက်သွားကြတော့သည်။

အမှန်စင်စစ် လက်ရှိတွင် နတ်သခင်အများစုသည် သူတို့၏ နိဂုံး စောစောစီးစီး ရောက်ရှိလာမည်ကို စိုးရိမ်သဖြင့် ‘ကြောက်တတ်မှ အသက်ရှည်’ ဆိုသလို အလွန် သတိကြီးစွာ ထားနေကြရသည်။

ထိုနတ်သခင်များနှင့် မသက်ဆိုင်သည့် ကိစ္စများကို ထားဦးတော့...

သူတို့ကိုယ်ပိုင် နတ်ဂိုဏ်းများ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင်ပင် ချက်ချင်း လှုပ်ရှားချင်မှ လှုပ်ရှားကြပေလိမ့်မည်။ ထိုမျှ အားနည်းသည့် အင်အားစုတစ်ခုကို ကူညီဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ရွှမ်ကျန့်နတ်ဘုရင်တို့လူစု၏ ရင်ထဲရှိ နောက်ဆုံး မျှော်လင့်ချက် အလင်းတန်းလေးလည်း လေထဲက မီးအိမ်လို တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရတော့သည်။

သို့သော် ထိုအခိုက်အတန့်တွင် လုချန်းက ဆက်လက်၍

“ထျန်းရှနတ်ဘုရားနိုင်ငံ ပျက်စီးသွားဖို့ဆိုတာ အနှေးနဲ့အမြန် ဖြစ်လာမယ့် ကိစ္စတစ်ခုပဲ။ ခင်ဗျားတို့ ပြန်ရောက်တဲ့အခါ ထျန်းရှနတ်ဘုရားနိုင်ငံကနေ အားလုံး အတူတူ ဆုတ်ခွာဖို့ ပြင်ဆင်ထားကြပါတော့။”

ထိုအရာကို ကြားလျှင် ရွှမ်ကျန့်နတ်ဘုရင်သည် ရင်ထဲတွင် လေးလံလှစွာဖြင့် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိတော့သည်။

သူတို့သည်လည်း ထျန်းရှနတ်ဘုရားနိုင်ငံမှ ထွက်ခွာရန် စဉ်းစားခဲ့ဖူးသော်လည်း ဘယ်ကို သွားရမည်နည်း။ ထို့ပြင် ထျန်းရှနတ်ဘုရားနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ စုဆောင်းလာခဲ့သည့် အခြေခံအဆောက်အအုံများနှင့် ရတနာပစ္စည်းများ ရှိနေသည်။ အချို့အရာများကို ယူဆောင်သွားနိုင်သော်လည်း အချို့အရာများကိုတော့ ချန်ထားခဲ့ရပေလိမ့်မည်။

လုချန်းက ဆက်ပြောလိုက်သည်။

“ခင်ဗျားတို့ သွားစရာ နေရာမရှိရင် အရိုင်းနယ်မြေကို ရွှေ့ပြောင်းလာလို့ ရပါတယ်။ ကျုပ် တည်ထောင်ထားတဲ့ နတ်ဘုရားနိုင်ငံက အရိုင်းနယ်မြေမှာ ရှိတာ။ အခုဆို နတ်စွမ်းအားတွေ ပြန်လည် နိုးထလာပြီမို့ အရိုင်းနယ်မြေရဲ့ နတ်စွမ်းအားကလည်း အလွန်ကို သိပ်သည်း ကြွယ်ဝနေပါပြီ။”

“ကျုပ် နတ်သခင် အချို့ကို ရှာပြီး သူတို့ကို ထျန်းရှနတ်ဘုရားနိုင်ငံဆီ သွားခိုင်းလိုက်မယ်။ အဲ့ဒါက သွေးမိစ္ဆာနတ်သခင်ကို ကြောက်ရွံ့သွားအောင် ဟန့်တား ခြိမ်းခြောက်နိုင်လိမ့်မယ်။ ခင်ဗျားတို့က ဒီအခွင့်အရေးကို သုံးပြီး ထျန်းရှနတ်ဘုရားနိုင်ငံကနေ ထွက်ခွာနိုင်မှာပါ။”

သူ့တွင် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ ပုံစံ ရှိသဖြင့် ထျန်းရှနတ်ဘုရားနိုင်ငံမှ လူများကို ချင်နတ်ဘုရားနိုင်ငံသို့ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း တည်နေရာရွှေ့ပြောင်းပေးနိုင်သည်။

အရိုင်းနယ်မြေတွင် မြေနေရာ ရှားပါးမှု လုံးဝမရှိသလို လက်ရှိတွင် ချင်နတ်ဘုရားနိုင်ငံ၌ လူဦးရေ အလွန်နည်းပါးနေသေးသည်။ အကယ်၍ ထျန်းရှနတ်ဘုရားနိုင်ငံမှ လူများသာ ချင်နတ်ဘုရားနိုင်ငံသို့ ပူးပေါင်းလာပါက ၎င်း၏ ကံစွမ်းအား ဧကန်မုချ အဆမတန် မြင့်တက်လာပေလိမ့်မည်။

ထို့ပြင် သူသည် ထိုအခွင့်အရေးကို အသုံးချကာ ထျန်းရှနတ်ဘုရားနိုင်ငံမှ လူ တစ်ဦးချင်းစီ၏ ကံစွမ်းအားကို စုပ်ယူနိုင်သည်။ သူသည် ထျန်းရှနတ်ဘုရားနိုင်ငံတစ်ခုလုံး၏ ကံစွမ်းအားကိုပါ စုပ်ယူနိုင်မည့် အခွင့်အရေးကိုပင် ရရှိနိုင်ပေသည်။

သွေးမိစ္ဆာနတ်သခင်ကို ခြိမ်းခြောက်ရန် နတ်သခင်များကို ဖိတ်ခေါ်သည့် ကိစ္စကတော့ သူ့အတွက် ပြဿနာတစ်ခု မဟုတ်ပေ။ လက်ရှိအချိန်တွင် နတ်သခင်အများစုမှာ အခြားနတ်သခင်များနှင့် အသက်စွန့် မတိုက်ခိုက်လိုကြသော်လည်း အကယ်၍ နတ်သခင်အမြောက်အမြားသာ ထျန်းရှနတ်ဘုရားနိုင်ငံသို့ သွားရောက်ကြပါက သွေးမိစ္ဆာနတ်သခင်သည် ထိုမျှများပြားသော နတ်သခင်များ၏ အရှိန်အဝါကို ခစားမိရုံဖြင့် သဘာဝအတိုင်း မိုက်ရူးရဲဆန်စွာ လှုပ်ရှားရဲတော့မည် မဟုတ်ပေ။

ထိုနတ်သခင်များသည် သူ၏ တောင်းဆိုမှုကို သဘောတူလိမ့်မည်ဟု လုချန်း လုံးဝ ယုံကြည်ထားသည်။ လက်ရှိတွင် အမျိုးမျိုး‌သော အင်အားစုများသည် သူ၏ ကိုယ်ပွားတစ်ခုကို ရရှိရန် လိုလားနေကြသဖြင့် သူ့တွင် တကယ်ပင် သြဇာအာဏာ အတော်အတန် ရှိနေသည်။

ရွှမ်ကျန့်နတ်ဘုရင်တို့လူစုသည် လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားကြပြီးနောက် ရွှမ်ကျန့်နတ်ဘုရင်က

“ဘုရင်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျုပ် ပြန်သွားပြီး ဒီအကြောင်းအရာကို အခြားသူတွေကို လက်ဆင့်ကမ်း အသိပေးလိုက်ပါ့မယ်။”

ထိုအခိုက်အတန့်တွင် လုချန်းက စူးစမ်းလိုစိတ်ဖြင့်

“ဒါနဲ့... လက်ရှိ လုကျင်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ။”

လုချန်းသည် လုကျင်ကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းလိုသော်လည်း ဤအတိုင်း ဆက်သွားပါက လုကျင်၏ နိဂုံး အဆင်ပြေချောမွေ့လှမည် မဟုတ်ကြောင်း သူ ရိပ်မိထားသည်။

နတ်ဘုရင်အဆင့်ပင် မရှိသည့် ဧကရာဇ်တစ်ပါး ဖြစ်သော လုကျင်သည် ထျန်းရှနတ်ဘုရားနိုင်ငံရှိ ကျင့်ကြံသူ မိသားစုကြီးများကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်စွမ်း မရှိပေ။

အစပိုင်းတွင် သွေးလင်းယုန်ခန်းမသည် လုကျင်နှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိခဲ့ပြီး သွေးလင်းယုန်ခန်းမ၏ ထျန်းရှနတ်ဘုရားနိုင်ငံအတွင်း မီးရှို့၊ သတ်ဖြတ်၊ လုယက်မှုများသည် ထျန်းရှနတ်ဘုရားနိုင်ငံရှိ ကျင့်ကြံသူ မိသားစုကြီးများကို ဒေါသအမျက် ထွက်စေခဲ့မှာ အသေအချာပင် ဖြစ်သည်။ ထိုမိသားစုကြီးများသည် လုကျင်ကို ပစ်မှတ်ထားကြပေလိမ့်မည်။

လုကျင်သည် ယခု ထိုမိသားစုကြီးများ၏ လက်ချက်ဖြင့် သေဆုံးသွားလောက်ပြီ ဖြစ်သည်။

လုချန်း၏ မေးခွန်းကို ကြားလျှင် ရွှမ်ကျန့်နတ်ဘုရင် ခဏခန့် ဝေခွဲမရ ဖြစ်သွားသော်လည်း နောက်ဆုံးတွင်

“သွေးလင်းယုန်ခန်းမက ထျန်းရှနတ်ဘုရားနိုင်ငံကို ကျူးကျော်ဝင်ရောက်လာပြီးနောက် သူ့ကို အဲ့ဒီမိသားစုကြီးတွေက အကျယ်ချုပ် ချထားခဲ့ကြတာပါ။ အစပိုင်းမှာတော့ အဲဒီမိသားစုတွေက သူ့ကို သုံးပြီး သွေးလင်းယုန်ခန်းမနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ကြံစည်ခဲ့ပေမဲ့ သွေးလင်းယုန်ခန်းမဘက်က မိသားစုကြီးတွေရဲ့ အညံ့ခံမှုကို လက်ခံဖို့ စိတ်ကူးမရှိခဲ့သလို လုကျင်လည်း သူ့ရဲ့ တန်ဖိုးကို ဆုံးရှုံးသွားခဲ့ရပါတယ်။ အဲဒီလိုနဲ့ ဒေါသအလျောက် အဲဒီမိသားစုထဲက လူတစ်ယောက်က သူ့ကို သတ်ပစ်လိုက်တာပါပဲ...”

ဟု မကွယ်မဝှက် ပြောလိုက်တော့သည်။

ထိုသို့ ပြောပြီးနောက် ရွှမ်ကျန့်နတ်ဘုရင်သည် စကားကို ခဏရပ်ကာ လုချန်း၏ တုံ့ပြန်မှုကို အကဲခတ်ရန် ကြည့်လိုက်၏။

မည်သို့ပင်ဖြစ်စေ လုကျင်သည် ဘုရင်တစ်ပါး ဖြစ်ခဲ့သည်။ သူသည် ရန်သူများ၏ လက်ချက်ဖြင့် သော်လည်းကောင်း၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းဖြင့် သော်လည်းကောင်း သေဆုံးနိုင်သော်လည်း သူတို့၏ လူများလက်ထဲတွင်‌တော့ မသေဆုံးသင့်ပေ။

ရွှမ်ကျန့်နတ်ဘုရင်သည် လုချန်းနှင့် လုကျင်တို့အကြား ရန်ငြိုးရန်စ ရှိသည်ကို သိသော်လည်း လုချန်းသည် တစ်ချိန်က ထျန်းရှနတ်ဘုရားနိုင်ငံ၏ တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် လုကျင်ကို ပြစ်မှားစော်ကားခဲ့သည့် မိသားစုကြီးများကို ရှင်းလင်းပစ်ပြီး တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ရန် အကြောင်းပြချက် ရှိနေသည်။

ထိုအခိုက်အတန့်တွင် လုချန်း၏ မျက်နှာအမူအရာသည် အလွန် တည်ငြိမ်နေပြီး အနည်းငယ်မှပင် အံ့အားသင့်ခြင်း မရှိပေ။ နတ်ဘုရင်အဆင့်ပင် မရှိသော လုကျင်သည် သူတို့၏ ဂိုဏ်းများအတွင်း နတ်ဘုရင်များ ရှိနေကြသည့် ကျင့်ကြံသူ မိသားစုကြီးများနှင့် ရင်ဆိုင်ရချိန်တွင် ထိုမိသားစုကြီးများက သူတို့၏ ရှင်သန်မှုအတွက် ထျန်းရှနတ်ဘုရားနိုင်ငံ၏ တော်ဝင်မိသားစုကို သစ္စာဖောက်ကြမည်မှာ ဧကန်မုချ ရှောင်လွှဲ၍မရသော အရာပင် ဖြစ်သည်။

သို့သော် ထိုအကြောင်းကို ပြောရလျှင် ထိုမိသားစုကြီးများသည် ဘုရင်တစ်ပါးကို သတ်ဖြတ်ပြီးနောက် ကံကောင်းစွာဖြင့် လွတ်မြောက်သွား၍ မရနိုင်ပေ။ ပထမအကြိမ် ရှိခဲ့လျှင် ဒုတိယအကြိမ်လည်း ရှိလာပေလိမ့်မည်။

အကယ်၍ သူတို့ကို မဆုံးမခဲ့ပါက ထိုမိသားစုကြီးများ ချင်နတ်ဘုရားနိုင်ငံသို့ ရောက်ရှိလာသည့်အခါ သူတို့၏ အဆင့်အတန်းနှင့် နေရာကို သိကြတော့မည် မဟုတ်ပေ။

ထိုသို့ တွေးတောပြီးနောက် လုချန်းက ရွှမ်ကျန့်နတ်ဘုရင်ကို

“ခင်ဗျား ပြန်သွားတဲ့အခါ အဲဒီမိသားစုတွေရဲ့ စာရင်းကို ပြုစုပြီး ကျုပ်ကို ပေးပါ။”

ရွှမ်ကျန့်နတ်ဘုရင်ကလည်း

“ဟုတ်ကဲ့ပါ ဘုရင်ကြီး။”

လုချန်းက

“ကောင်းပြီ... ခင်ဗျားတို့ ပြန်နိုင်ပါပြီ။ ကျုပ်လည်း မကြာခင် ထျန်းရှနတ်ဘုရားနိုင်ငံဆီကို လာခဲ့မယ်။”

ထိုအရာကို ကြားရသော်လည်း ရွှမ်ကျန့်နတ်ဘုရင်တို့လူစု၏ ရင်ထဲ စိုးရိမ်ပူပန်နေကြဆဲ ဖြစ်သည်။ သူတို့သည် တကယ်တော့ လုချန်းနှင့်အတူ ထျန်းရှနတ်ဘုရားနိုင်ငံသို့ ပြန်ချင်ကြခြင်း ဖြစ်၏။

ထျန်းရှနတ်ဘုရားနိုင်ငံ၏ အခြေအနေမှာ အလွန် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။ အကယ်၍ လုချန်းကသာ ကူညီပေးမည့် နတ်သခင်များကို အမြန်ဆုံး မရှာဖွေနိုင်ပါက ထျန်းရှနတ်ဘုရားနိုင်ငံတစ်နိုင်ငံလုံး မကြာမီ ပျောက်ကွယ်သွားနိုင်သည်။

သို့သော် အသေအချာ စဉ်းစားပြီးနောက် သူတို့ စကားအများကြီး မပြောတော့ပေ။ လုချန်းက သဘောတူပြီးဖြစ်၍ သူသည် မကြာမီ ထိုနတ်သခင်များထံသို့ သွားရောက်ပေလိမ့်မည်။

ထို့ကြောင့် ထျန်းရှနတ်ဘုရားနိုင်ငံ၏ နတ်မြို့များရှိ နတ်များအားလုံး ဆုတ်ခွာနိုင်ဖို့ သေချာစေရန်နှင့် ချင်နတ်ဘုရားနိုင်ငံသို့ ပြောင်းရွှေ့ဖို့ ပြင်ဆင်ရန် သူတို့ အမြန်ဆုံး ပြန်သွားသင့်သည်။

ထို့နောက်တွင်ရွှမ်ကျန့်နတ်ဘုရင်တို့လူစုသည် ထျန်းရှနတ်ဘုရားနိုင်ငံသို့ ချက်ချင်းပင် ပြန်သွားကြတော့သည်။

ရွှမ်ကျန့်နတ်ဘုရင် ထွက်ခွာသွားပြီးနောက် လုချန်းသည် ဘေးမှ တစ်ချိန်လုံး စောင့်ကြည့်နေသည့် သက်တံဖြူနတ်ဘုရင်ကို ကြည့်ကာ

“လက်ရှိ သက်တံဖြူနတ်မြို့မှာ ဘယ်နတ်သခင်တွေ ရှိနေလဲ။”

သက်တံဖြူနတ်ဘုရင်သည် လုချန်းနှင့် ရွှမ်ကျန့်နတ်ဘုရင်တို့၏ စကားပြောဆိုမှုကို နားထောင်နေခဲ့သဖြင့် လုချန်း နောက်ထပ် ဘာလုပ်ရန် အစီအစဉ်ရှိသည်ကို သိပြီးဖြစ်ရာ

“ခဏစောင့်ပါဦး မိတ်ဆွေလု... ကျုပ် သူတို့ဆီကို အသံလွှင့်ပြီး သတင်း ပို့လိုက်ပါ့မယ်။”

မကြာမီမှာပင် သက်တံဖြူနတ်ဘုရင်၏ အသံလွှင့်ချက် ထိုနတ်သခင်များ၏ နားထဲသို့ ရောက်ရှိသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံ၌ နတ်သခင်ငါးပါး ပေါ်လာခဲ့ပြီး ၎င်းတို့ထဲမှ တစ်ပါးက

“မိတ်ဆွေလု... ကျုပ်တို့ကို ဘာကိစ္စကြောင့် ရှာဖွေရတာလဲဆိုတာ သိပါရစေ။”

ဟု မေးမြန်းလိုက်သည်။

လုချန်းက တည်ငြိမ်စွာပင်

“တောင်ပိုင်းနယ်မှာ မိစ္ဆာနတ်သခင်တစ်ပါး ပေါ်ထွက်လာပြီး သူ့ရဲ့အင်အားစုက လက်ရှိမှာ ထျန်းရှနတ်ဘုရားနိုင်ငံကို တိုက်ခိုက်နေတယ်။ ခင်ဗျားတို့အားလုံး သိကြတဲ့အတိုင်း ကျုပ်က ထျန်းရှနတ်ဘုရားနိုင်ငံမှာ မွေးဖွားခဲ့တာမို့ အဲ့ဒီနေရာက ကျုပ်ရဲ့ ဇာတိမြေလို့ ပြောလို့ရတယ်။ ကျုပ်ရဲ့ဇာတိမြေ သွေးချောင်းစီးနေတာကို ကျုပ် မကြည့်ရက်ဘူး။ ဒါကြောင့် ခင်ဗျားတို့ဆီကနေ အကူအညီတချို့ တောင်းခံချင်ပါတယ်။”

ထိုအရာကို ကြားလျှင် နတ်သခင်ငါးပါး၏ မျက်နှာများ မိုးမှောင်သွားသလို အလွန် လေးနက်သွားကြတော့သည်။

မိစ္ဆာနတ်သခင်လား။

လုချန်းက သူတို့ကို မိစ္ဆာနတ်သခင်ကို ကိုင်တွယ်ခိုင်းချင်နေတာလား။

ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်။

သူတို့သည် လုချန်းနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်လိုကြပြီး နောင်တစ်ချိန်တွင် လုချန်းက သူတို့၏ အင်အားစုများ၌ ကိုယ်ပွားတစ်ခု လာရောက်ထားရှိပေးရန် မျှော်လင့်နေကြသော်လည်း မိစ္ဆာနတ်သခင်တစ်ပါးနှင့် ရင်ဆိုင်ရမည့် အန္တရာယ်က အလွန်ကြီးမားလွန်းလှသည်။ လုချန်းနှင့် ဆက်ဆံရေးကောင်းတစ်ခု ရရှိရန်အတွက် သက်သက်နှင့်တော့ သူတို့၏ အသက်ကို စွန့်စားလိုခြင်း မရှိကြပေ။

သူတို့၏ အတွေးကို လုချန်း ကောင်းစွာနားလည်သဖြင့် ဆက်လက်၍

“မှန်ပါတယ်... ကျုပ် ခင်ဗျားတို့ကို အဲဒီမိစ္ဆာနတ်သခင်ကို သတ်ခိုင်းနေတာ မဟုတ်ပါဘူး။ ထျန်းရှနတ်ဘုရားနိုင်ငံဆီ သွားပြီး သူ့ကို ခဏ ဟန့်တားခြိမ်းခြောက်ပေးဖို့ပဲ တောင်းဆိုတာပါ။”

“ခင်ဗျားတို့သာ ထျန်းရှနတ်ဘုရားနိုင်ငံမှာ သွားရောက် စောင့်ကြပ်ပေးဖို့ လိုလိုလားလား ရှိမယ်ဆိုရင် အဲဒီမိစ္ဆာနတ်သခင်က ဆက်လက် တိုက်ခိုက်ရဲတော့မှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။ ခင်ဗျားတို့ အဲဒီမှာ ရှိနေတဲ့ အချိန်အတွင်းမှာ ကျုပ်က ထျန်းရှနတ်ဘုရားနိုင်ငံက လူတွေအားလုံးကို ဘေးကင်းရာဆီ ရွှေ့ပြောင်းပေးမှာပါ။”

လုချန်း၏ ရှင်းပြချက်ကို ကြားရမှသာ နတ်သခင်ငါးပါးလည်း လုချန်းက သူတို့ကို ထျန်းရှနတ်ဘုရားနိုင်ငံ၌ ခဏခန့် အခြေစိုက် စောင့်ကြပ်ပေးစေလိုခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သွားကြ၏။ အစောပိုင်းက လုချန်းက သူတို့ကို မိစ္ဆာနတ်သခင်နှင့် တိုက်ခိုက်ရန် တောင်းဆိုမှာကို စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။

--

……….

All Chapters