← Chapters

အခန်း ၂၀၀၈

Vol. 134 Ch. 2008

အခန်း ၂၀၀၈

Vol. 134 Ch. 2008

အခန်း (၂၀၀၈ )

ထျန်းရှ နတ်ဘုရား နိုင်ငံသို့ ပြန်လည်ရောက်ရှိခြင်း

ရောက်ရှိနေကြသော နတ်သခင်များလည်း ထျန်းရှ နတ်ဘုရား နိုင်ငံကို ခဏခန့် စောင့်ကြပ်ပေးရုံသာ ဆိုပါက အပန်းမကြီးလှကြောင်း စိတ်ထဲ၌ တွေးတောလိုက်ကြ၏။ သူတို့အနေနှင့် မည်သည့်အရာမှ လုပ်ဆောင်ရန် မလိုပဲ လုချန်းက သူတို့ကို ကျေးဇူးကြွေး တင်ရှိသွားမည် ဖြစ်၏။ ထိုကဲ့သို့ အပင်ပန်းခံစရာ မလိုပဲ ရနိုင်သည့် အကျိုးအမြတ်မျိုးမှာ အလွန် ရှားပါးလှသည်ဟု ဆိုရပေမည်။

ချက်ချင်းပင် နတ်သခင်တစ်ပါးက

“မိစ္ဆာနတ်ဆိုင်ရင် လူတိုင်းက ဝိုင်းဝန်း သုတ်သင်ရှင်းလင်းရမှာပဲ။ ဒါက မိတ်ဆွေလုရဲ့ ကိစ္စတင် မဟုတ်ပဲ ကျုပ်တို့ရဲ့ ကိစ္စလည်း ဖြစ်လို့ ကျုပ်တို့ သဘောတူတာပေါ့။”

“ပြီး‌တော့ သာမန် မိစ္ဆာနတ်သခင် တစ်ပါးပဲမို့လို့ သိပ်ပြီးတော့ ခြိမ်းခြောက်မှု မရှိပါဘူး။ ဒါပေမဲ့လည်း လက်ရှိ ထျန်းရန် နတ်ဘုရား နယ်မြေထဲမှာ ရင်လေးစရာ အကောင်းဆုံး အန္တရာယ်ကတော့ သတ္တဝါဆန်းတွေပဲ ဖြစ်နေသေးတယ်လို့ ထင်တယ်။”

“မကြာသေးခင်က တောင်ပိုင်းနယ်က ပိုပြီးတော့ ကစဉ့်ကလျား ဖြစ်လာတယ်။ အဲဒီနောက်ကွယ်မှာ သတ္တဝါဆန်းတွေက လက်သည်တရားခံ ဖြစ်နေမလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ကျုပ်တို့ ထျန်းဟန်ဂိုဏ်းဆီကို မိတ်ဆွေ လုရဲ့ ကိုယ်ပွားတစ်ခု စေလွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျုပ်တို့ဂိုဏ်းထဲမှာ ဒုက္ခပေးနေတဲ့ သတ္တဝါဆန်းတွေ ရှိလာခဲ့ရင် မိတ်ဆွေလု ရှိနေ‌တော့ နှိမ်နင်းရ ပိုလွယ်ကူပြီး ဒုက္ခပေးတဲ့ သတ္တဝါဆန်းတွေကို ကျုပ်တို့ ချက်ချင်း ချိပ်ပိတ်နိုင်မှာပါ။ မိတ်ဆွေ လု ဘယ်လို ထင်ပါသလဲ။”

ရောက်ရှိနေကြသော နတ်သခင်များသည် လုချန်း သူတို့အပေါ် ကျေးဇူးကြွေး တင်စေရန်သာ ရည်ရွယ်ခြင်း မဟုတ်ချေ။ တစ်ချက်ခုတ် နှစ်ချက်ပြတ် အနေနှင့် တစ်ဖက်တွင်လည်း သူတို့သည် ပေါ်ထွက်လာနိုင်သည့် သတ္တဝါဆန်းများကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ပြီး အခြားတစ်ဖက်တွင်မူ လုချန်းကို ဝှက်ဖဲတစ်ခုအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံသည် သတ္တဝါဆန်းများကို ချိပ်ပိတ်ရုံသာမက အခြားအရာများကိုပါ လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။

ထိုနတ်သခင်၏ စကားကို ကြားလျှင် လုချန်းက ကွေ့ဝိုက်မနေပဲ

“မှန်ပါတယ်... ကျုပ်တို့ သတ္တဝါဆန်းတွေကို မုချ ကာကွယ်ရပါလိမ့်မယ်။ ဒီလိုလုပ်ရင် ဘယ်လိုလဲ... ထျန်းရှ နတ်ဘုရား နိုင်ငံရဲ့ ကိစ္စရပ်တွေ ပြီးဆုံးသွားတဲ့အခါ ခင်ဗျားတို့ရဲ့ အင်အားစုတွေဆီကို ကျုပ် ကိုယ်ပွား အနည်းငယ် စေလွှတ်ပေးပါ့မယ်။”

လုချန်း၏ စကားကို ကြားရလျှင် နတ်သခင် ငါးပါးလုံး ဝမ်းသာအားရ ပြုံးရွှင်သွားကြပြီး ၎င်းတို့အနက်မှ တစ်ပါးက

“ဒါကတော့ အရမ်းကောင်းတာပေါ့။

ကျုပ်တို့ ထျန်းရှ နတ်ဘုရား နိုင်ငံဆီကို ချက်ချင်းပဲ ထွက်ခွာသင့်တယ်။”

ထို့နောက် နတ်သခင်များသည် လုချန်းကို ခေါ်ဆောင်ကာ ထျန်းရှ နတ်ဘုရား နိုင်ငံသို့ ဦးတည်ရန် ပြင်ဆင်လိုက်ကြ၏။

လုချန်းသည် အစပိုင်းတွင် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ ပုံစံကို အသုံးပြုလိုသော်လည်း သေချာ စဉ်းစားကြည့်ပြီးနောက် ထိုနတ်သခင်များ၏ ရှေ့မှောက်၌ ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာကို အသုံးပြုခြင်းသည် ပညာရှိရာ မရောက်ကြောင်း သဘောပေါက်သွားသည်။

သူတို့ရှေ့၌ အသုံးပြု ပြလိုက်လျှင် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ ပုံစံဖြင့် မည်သည့်နေရာသို့မဆို ရောက်ရှိသွားနိုင်ကြောင်း အားလုံး သိသွားကြမည် ဖြစ်သည်။ ထိုအခါ တစ်စုံတစ်ယောက်က ၎င်းကို လောဘဇောတက် မက်မောလာမည်မှာ ဧကန်မုချ ဖြစ်၏။

ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာသည် နောင်အနာဂတ်တွင် သူ့အတွက် အလွန် အသုံးဝင်လာဦးမည် ဖြစ်ရာ ၎င်းကို ဖော်ပြခြင်း မပြုပဲ လျှို့ဝှက်ထားခြင်းက အကောင်းဆုံးပင်။

ထို့ပြင် နတ်မြို့တော်အတွင်း၌ ထျန်းရှ နတ်ဘုရား နိုင်ငံသို့ ရောက်ရှိနိုင်သော တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံ ရှိနေသဖြင့် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာကို အသုံးပြုရန် မလိုအပ်ပေ။

ထို့နောက်တွင် သူတို့သည် ခမ်းနားသော ကောင်းကင်ခန်းမရှိ နတ်မြို့တစ်ခုမှတစ်ဆင့် ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုကာ ထျန်းရှ နတ်ဘုရား နိုင်ငံ၏ မြို့တော်သို့ ရွှေ့ပြောင်းလိုက်ကြသည်။

လုချန်းနှင့် နတ်သခင် ငါးပါးတို့ ထျန်းရှ နတ်ဘုရား နိုင်ငံသို့ ရောက်ရှိလာသည်နှင့် ချက်ချင်းပင် ၎င်းတို့၏ နတ်သခင် အရှိန်အဝါများကို ထုတ်ဖော်လိုက်ပြီး သွေးလင်းယုန်ခန်းမနှင့် သွေးမိစ္ဆာ နတ်သခင်တို့ကို ခြိမ်းခြောက် သတိပေးလိုက်ကြ၏။

……

ထိုအချိန် အတောအတွင်းမှာပင်။

ထျန်းရှ နတ်ဘုရား နိုင်ငံ၏ နတ်မြို့တစ်ခု၌ ဖြစ်၏။

ကောင်းကင်ယံ မြင့်မားသော နေရာတွင်။

သွေးမိစ္ဆာ နတ်သခင်သည် မြို့တစ်မြို့လုံး၏ နာကျည်းမှု စွမ်းအားများကို စုပ်ယူနေ၏။ အောက်ခြေတွင်မူ အလောင်းများ သွေးပင်လယ်ဝေကာ အနှံ့အပြား လဲလျောင်းနေပြီး နေရာတိုင်း၌ ပျက်စီးယိုယွင်းမှုများ ပြည့်နှက်နေပေသည်။

ထိုအခိုက်အတန့်တွင် သူသည် အလွန် စွမ်းအားကြီးမားသော အရှိန်အဝါ ငါးခုကို ရုတ်တရက် အာရုံခံမိလိုက်၏။

သွေးမိစ္ဆာ နတ်သခင်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ထျန်းရှ နတ်ဘုရား နိုင်ငံ၏ မြို့တော် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

သူ အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။

ထျန်းရှ နတ်ဘုရား နိုင်ငံတွင် အဘယ်ကြောင့် နတ်သခင် ငါးပါး ရုတ်တရက် ပေါ်ပေါက်လာသနည်း။

ထိုနတ်သခင်များက မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

အဘယ်ကြောင့်ဆိုသော် သူသည် ထျန်းရှ နတ်ဘုရား နိုင်ငံတွင် နတ်သခင်များ ရှိကြောင်း တစ်ခါမှ မကြားဖူးခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍ ထျန်းရှ နတ်ဘုရား နိုင်ငံတွင် နတ်သခင်များ ရှိနေခဲ့ပါက ယခုကဲ့သို့သော ဆိုးရွားလှသည့် အခြေအနေအထိ ဆုတ်ယုတ်လာစရာ အကြောင်းမရှိပေ။

သူတို့က ဖြတ်သန်းသွားရုံသက်သက် ဖြစ်နေမလား။

အကယ်၍ ဖြတ်သန်းသွားရုံသာ ဆိုလျှင်လည်း ၎င်းတို့၏ အရှိန်အဝါများကို ထုတ်ဖော်ရန် မလိုအပ်ပေ။ ထို့ပြင် နတ်သခင် ငါးပါးစလုံးက အရှိန်အဝါများကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ခြင်းမှာ မြှားဦးက သူ့ထံသို့ ဦးတည်လာခြင်းဖြစ်‌ကြောင်း ထင်ရှားသည်။

သွေးမိစ္ဆာ နတ်သခင်၏ မျက်နှာအမူအရာ အလွန် လေးနက်သွားတော့သည်။ အကယ်၍ နတ်သခင် တစ်ပါး သို့မဟုတ် နှစ်ပါးသာ ဆိုပါက ပြဿနာမရှိသော်လည်း၊ နတ်သခင် ငါးပါးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရလျှင်တော့ သွေးဘိုးဘေး၏ အကူအညီမပါပဲ သူ အနိုင်ရရန် အခွင့်အရေးက လုံးဝမရှိသလောက် ပျောက်ဆုံးနေသည်။

သို့သော်လည်း သွေးဘိုးဘေး၏ စွမ်းအင်အားလုံးသည် သူ၏ ကိုယ်ပွားထံသို့သာ အာရုံစိုက်ထားရသဖြင့် လောလောဆယ် ဝင်ရောက် လှုပ်ရှားနိုင်ခြေ မရှိချေ။

ထိုအရာက သွေးမိစ္ဆာ နတ်သခင်ကို စိတ်ပျက်စေကာ ရင်ထဲ၌ မကျေမနပ်မှုတစ်ခု ခံစားရစေသည်။ သူသည် ထျန်းရှ နတ်ဘုရား နိုင်ငံ တစ်ခုလုံးကို ဝါးမြိုကာ ၎င်း၏ နတ်သက်ရှိ အားလုံးကို သူ၏ ကျင့်စဉ်အတွက် အာဟာရများအဖြစ် ပြောင်းလဲပစ်တော့မည် ဖြစ်သည်။ ထိုသို့ ထမင်းလုပ် ပါးစပ်နား ရောက်ခါနီး အချိန်တွင်ပင် နတ်သခင် ငါးပါး ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

သို့သော်လည်း ပြန်လည် စဉ်းစားကြည့်လျှင် ထိုနတ်သခင် ငါးပါးသည် သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိပုံ မပေါ်ချေ။

အကယ်၍ တိုက်ခိုက်ရန် တကယ် ဆန္ဒရှိပါက အရှိန်အဝါများကိုသာ ထုတ်ဖော်ပြမည့်အစား ယခုအချိန်တွင် သူတို့ ဝင်ရောက် တိုက်ခိုက်နေလောက်ပြီ ဖြစ်သည်။ သူတို့သည် သူ့ကို သတိပေးနေခြင်း သက်သက်သာ ဖြစ်မည့် ပုံရ၏။

တောင်ပိုင်းနယ်မြေ၌ ကစဉ့်ကလျား ဖြစ်နေခြင်းနှင့်အတူ မဟာလမ်းစဉ် ကပ်ဘေးကလည်း မပြီးဆုံးသေးပဲ လျှို့ဝှက်ဆန်းကြယ်သော အင်အားစုများ၏ လမ်းစဉ်အပေါ် တိုက်စားမှုများမှာလည်း ပိုမိုပြင်းထန်လာနေသဖြင့် မည်သည့် နတ်သခင်မှ ယခုကဲ့သို့သော အချိန်မျိုးတွင် ဒဏ်ရာ အနာတရ မဖြစ်လိုကြကြောင်း သွေးမိစ္ဆာ နတ်သခင် ချက်ချင်း သဘောပေါက်သွားသည်။ ထိုနတ်သခင် ငါးပါးသည် ဒဏ်ရာရရှိမည်ကို မလိုလားသောကြောင့် ၎င်းတို့၏ အရှိန်အဝါများကို ထုတ်ဖော်ပြကာ သူ့ကို ထျန်းရှ နတ်ဘုရား နိုင်ငံမှ ထွက်ခွာသွားရန် ဖိအားပေးနေခြင်း ဖြစ်နိုင်သည်။

သွေးမိစ္ဆာ နတ်သခင် ခဏခန့် စဉ်းစားလိုက်မိသည်။ နတ်သခင် ငါးပါးလုံးက သူ့ကို သတိပေးရန်အတွက် တစ်ပြိုင်နက်တည်း အရှိန်အဝါများ ထုတ်ဖော်လိုက်ခြင်းမှာ ထျန်းရှ နတ်ဘုရား နိုင်ငံ၌ ထူးခြားသော ရတနာ တစ်ခုခု ရှိနေ၍ ဖြစ်မလား။

သူကိုယ်တိုင်ကျတော့ အဘယ်ကြောင့် ရှာမတွေ့ခဲ့ရသနည်း။

အကယ်၍ ထျန်းရှ နတ်ဘုရား နိုင်ငံ၌ တကယ် ထူးခြားသော အရာတစ်ခု ရှိနေခဲ့ပါက စောစောစီးစီးကပင် သူ ရှာဖွေတွေ့ရှိထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် သွေးလင်းယုန်ခန်းမ ထျန်းရှ နတ်ဘုရား နိုင်ငံအတွင်းသို့ ထိုးဖောက် ဝင်ရောက်နေသည်မှာ ကာလအတော်ကြာ နေခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်၏။

နောက်ဆုံးတွင် သွေးမိစ္ဆာ နတ်သခင်သည် ထျန်းရှ နတ်ဘုရား နိုင်ငံ၌ မည်သည့် ထူးခြားချက် ရှိသနည်းဆိုသည်ကို မြင်တွေ့လိုသဖြင့် ခြေတလှမ်းဆုတ်သည့် အနေနှင့် ထျန်းရှ နတ်ဘုရား နိုင်ငံမှ ခဏခန့် ထွက်ခွာသွားရန် ရွေးချယ်လိုက်တော့သည်။

နတ်သခင် ငါးပါး ထျန်းရှ နတ်ဘုရား နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဖြစ်ရာ အကယ်၍ ဤနေရာတွင် အခွင့်အလမ်းကောင်းများ တကယ် ရှိနေပါက ထိုနတ်သခင်များသည် နောက်ထပ် လှုပ်ရှားမှုများကို မုချ ပြုလုပ်လာကြပေလိမ့်မည်။

နတ်သခင် ငါးပါး နောက်ထပ် ဘာဆက်လုပ်မလဲ ဆိုသည်ကိုသာ ထျန်းရှ နတ်ဘုရား နိုင်ငံအတွင်းရှိ သူလျှိုများကို မျက်စိဒေါက်ထောက် အနီးကပ် စောင့်ကြည့်ခိုင်းထားရန် လိုအပ်သည်။

ထိုအတွေးနှင့်အတူ သွေးမိစ္ဆာ နတ်သခင်သည် ချက်ချင်း ထရပ်လိုက်ပြီး သွေးနီရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထျန်းရှ နတ်ဘုရား နိုင်ငံမှ လျှပ်စီးလက်သလို ထွက်ခွာသွာ တော့သည်။

…..

ထိုအချိန် အတောအတွင်းမှာပင်။

ထျန်းရှ နတ်ဘုရား နိုင်ငံ၏ မြို့တော် ကောင်းကင်ယံထက်တွင် ဖြစ်၏။

နတ်သခင်များသည် ထိုစိတ်မသက်မသာ ဖြစ်ဖွယ် အရှိန်အဝါများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို အာရုံခံမိမှသာ နောက်ဆုံးတွင် ရင်ထဲက အလုံးကြီးကျသလို သက်ပြင်းချနိုင်ကြတော့သည်။ သွေးမိစ္ဆာ နတ်သခင်ဘက်က တကယ် တိုက်ခိုက်လာနိုင်ခြေ အလွန် နည်းပါးကြောင်း သိသော်လည်း သူသည် မိစ္ဆာနတ်တစ်ပါး ဖြစ်နေဆဲ ဖြစ်ရာ အကယ်၍ သူ ရူးသွပ်သွားပါက သူတို့ကို မထင်မှတ်ပဲ တိုက်ခိုက်လာနိုင်ပေသည်။

နတ်သခင်တစ်ပါးက လုချန်းကို

“မိစ္ဆာနတ်သခင်ကတော့ ထွက်ခွာသွားပြီ ထင်တယ်။ ခင်ဗျား လုပ်စရာရှိတာ မြန်မြန် လုပ်ပါ။ ဆယ်နှစ် ကြာပြီးတဲ့နောက် ကျုပ်တို့ ကင်းလှည့်ရမယ့် အလှည့် ရောက်လာလိမ့်မယ်။”

နေဝင်တောင်တန်းကို ကင်းလှည့်စောင့်ကြပ်ခြင်းက သူတို့ အစကတည်းက ဆုံးဖြတ်ထားခဲ့သော ကိစ္စ ဖြစ်သည်။ နတ်သခင်များ အလှည့်ကျ ကင်းစောင့်ရမည် ဖြစ်ရာ သူတို့သည် ထျန်းရှ နတ်ဘုရား နိုင်ငံကို ထာဝရ စောင့်ရှောက်ပေးနိုင်မည် မဟုတ်ချေ။

လုချန်းက

“ကောင်းပါပြီ။ ဒါဆိုရင် အားလုံးကို ဒုက္ခပေးရပါဦးမယ်။”

ပြောပြီးသည်နှင့် လုချန်းသည် ထျန်းရှ နတ်ဘုရား နိုင်ငံ၏ ဝန်ကြီးများ အားလုံးနှင့် အထက်တန်းလွှာ မိသားစုများကို ဆင့်ခေါ်လိုက်၏။

ထျန်းရှ နတ်ဘုရား နိုင်ငံ၏ ဝန်ကြီးများနှင့် ထိုအထက်တန်းလွှာ မိသားစုများသည် လုချန်းက နတ်သခင် ငါးပါးကို ထျန်းရှ နတ်ဘုရား နိုင်ငံသို့ ခေါ်ဆောင်လာခဲ့ကြောင်း သိရလျှင် ၎င်းတို့ တစ်ဦးစီ၏ စိတ်ထဲ ပူတစ်လှည့် အေးတစ်လှည့်၊ ထိတ်လန့်မှု ဝမ်းမြောက်မှုတို့ ရောပြွမ်းနေသော ခံစားချက်များ ဖြစ်ပေါ်လာကြတော့သည်။

၎င်းတို့ ထိတ်လန့်ရခြင်းမှာ ထျန်းရှ နတ်ဘုရား နိုင်ငံ၏ တော်ဝင်မိသားစုဝင်များ မကျန်ရှိတော့သလောက် ဖြစ်နေချိန်တွင် ထိုဝန်ကြီးများနှင့် အထက်တန်းလွှာ မိသားစုများက ရုပ်သေး ဧကရာဇ်တစ်ပါးကို တင်မြှောက် ထားခဲ့သောကြောင့် ဖြစ်၏။

လုချန်း ထျန်းရှ နတ်ဘုရား နိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့်အခါ သူတို့နှင့် စာရင်းဟောင်းများ ရှင်းလင်းမှာကို စိုးရိမ် ထိတ်လန့်နေကြခြင်းဖြစ်သည်။

၎င်းတို့ ဝမ်းမြောက်ရခြင်း ကတော့ လုချန်းသည် နတ်သခင် ငါးပါးနှင့်အတူ ပြန်လည် ရောက်ရှိလာသောကြောင့် ဖြစ်၏။ ထိုနတ်သခင် ငါးပါး၏ စောင့်ကြပ်ကြည့်ရှုမှု အောက်တွင် သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များသည် ထျန်းရှ နတ်ဘုရား နိုင်ငံသို့ ထပ်မံ ကျူးကျော် တိုက်ခိုက်ရဲကြတော့မည် မဟုတ်ပေ။

ထိုဝန်ကြီးများနှင့် အထက်တန်းလွှာ မိသားစုများ၏ စိုးရိမ်ပူပန်မှုများက အခြေအမြစ် မရှိသည်တော့ မဟုတ်ပေ။ လုချန်းအနေနှင့် ထျန်းရှ နတ်ဘုရား နိုင်ငံ၏ တော်ဝင်မိသားစုအပေါ် သံယောဇဉ် အမြောက်အမြား မရှိသော်လည်း သူသည် တော်ဝင်မိသားစုဝင် တစ်ဦး ဖြစ်နေဆဲ ဖြစ်ရာ လက်ပိုက်ကြည့်ပြီး မည်သည့်အရာမှ မလုပ်ပဲ နေနိုင်ခြေ မရှိပေ။

နတ်သခင် ငါးပါး ရှိနေခြင်းကြောင့် ထျန်းရှ နတ်ဘုရား နိုင်ငံ၏ အထက်တန်းလွှာ မိသားစုများသည် မည်သည့် ပြဿနာမှ မဖန်တီးနိုင်ကြတော့ချေ။ ထျန်းရှ နတ်ဘုရား နိုင်ငံကို သစ္စာဖောက်ခဲ့ကြသူ အားလုံးကို အမြစ်ပြတ် ရှင်းလင်း သုတ်သင်ရန် တစ်လပင် မပြည့်သော အချိန်သာ လုချန်း ယူခဲ့သည်။

ထျန်းရှ နတ်ဘုရား နိုင်ငံ၏ သစ္စာဖောက်များကို ရှင်းလင်းပြီးနောက် လုချန်းသည် ထျန်းရှ နတ်ဘုရား နိုင်ငံ၏ ကံစွမ်းအားများကို ဆက်ခံရန် စတင် ကြိုးပမ်းလိုက်တော့သည်။ ထိုနိုင်ငံ၏ ကံစွမ်းအားများ ဆုတ်ယုတ်ကျဆင်း နေခဲ့သော်လည်း နတ်ဘုရား နိုင်ငံတစ်ခု အနေနှင့် သာမန် နတ်ဂိုဏ်းများနှင့် နှိုင်းယှဉ်ပါက များစွာ ပို၍သိပ်သည်းနေဆဲ ဖြစ်ပေသည်။

ကံစွမ်းအားများကို စုပ်ယူနေစဉ်မှာပင် လုချန်းသည် ထျန်းရှ နတ်ဘုရား နိုင်ငံ၏ ပြည်သူများကို နတ်မြို့အချို့ အတွင်းသို့ ရွှေ့ပြောင်းပေးရန် လူဦးရေ ရွှေ့ပြောင်းခြင်း လုပ်ငန်းစဉ်ကို စတင် စဉ်းစား ဆောင်ရွက်ခဲ့သည်။

ထိုဆယ်နှစ်တာ ကာလအတွင်း လုချန်းသည် ထျန်းရှ နတ်ဘုရား နိုင်ငံ၏ ပြည်သူများကို ချင်နတ်ဘုရား နိုင်ငံသို့ ပို့ဆောင်ရန်အတွက် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာကို စဉ်ဆက်မပြတ် အသုံးပြုခဲ့သည်။

--

………..

All Chapters