အခန်း ၂၀၁၀
Vol. 134 Ch. 2010
အခန်း (၂၀၁၀ )
ရွေးချယ်ခံထားရသူ
လုချန်းသည် ထျန်းရှနတ်ဘုရားနိုင်ငံ၏ မြို့တော်ကို တည်နေရာရွှေ့ပြောင်းပေးပြီးနောက် နတ်သခင်ငါးပါး၏ ဂိုဏ်းများဆီသို့ သူ၏ကိုယ်ပွားအချို့ကို ချက်ချင်း စေလွှတ် ပေးလိုက်သည်။
ယခုအခါ ထျန်းရှနတ်ဘုရားနိုင်ငံတွင် ကျန်ရစ်ခဲ့သောအရာမှာ လူသူ အဆောက်အဦး ကင်းမဲ့သော တွင်းကြီးများသာဖြစ်ပြီး ၎င်းတို့သည် တဖြည်းဖြည်းနှင့် ရေကန်များအဖြစ်သို့ ပြောင်းလဲနေကြသည်။ အထက်ကောင်းကင်မှ ကြည့်လျှင် ထျန်းရှနတ်ဘုရားနိုင်ငံတွင် ရေကန်ကြီးများ မှိုလိုပေါက်သကဲ့သို့ အနှံ့အပြား ဖြစ်ပေါ်နေသည်ကို တွေ့ရနိုင်သည်။
ကောင်းကင်ယံရှိ သွေးမိစ္ဆာ နတ်သခင်သည် အောက်ခြေမှ ရေကန်များကို မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် ငုံ့ကြည့်နေခဲ့သည်။
ခဏခန့်ကြာပြီးနောက် သွေးမိစ္ဆာ နတ်သခင် သတိပြန်ဝင်လာခဲ့သည်။
ထားလိုက်ပါတော့...
၎င်းသည် နောက်ဆုံးတော့ နတ်ဘုရားနိုင်ငံတစ်ခုမျှသာ ဖြစ်သည်။ တောင်ပိုင်းနယ်သည် အတိုင်းအဆမရှိ ကျယ်ပြောလှပြီး ထျန်းရှနတ်ဘုရားနိုင်ငံတစ်ခုတည်းကသာ လွှမ်းမိုးထားသည် မဟုတ်ပေ။
သို့သော်လည်း အခြားနယ်မြေများကို သိမ်းပိုက်ခြင်းက ကောင်းကင်ကိုလှေကားထောင်တက်သကဲ့သို့ ခက်ခဲလှ၏။ အထူးသဖြင့် နတ်သခင်များ အုပ်ချုပ်သော နယ်မြေများ ဖြစ်သည်။
သွေးမိစ္ဆာ နတ်သခင် ထျန်းရှနတ်ဘုရားနိုင်ငံမှ ထွက်ခွာခါနီး ဆဲဆဲတွင်ပင် ရုတ်တရက် မြေပြင်ကြီး အက်ကွဲလာခဲ့သည်။ ခဏအကြာတွင် ထျန်းရှနတ်ဘုရားနိုင်ငံ တည်ရှိခဲ့သောနေရာ၌ အောက်ခြေကိုပင် မမြင်ရသော ချောက်နက်ကြီးတစ်ခု ပေါ်လာခဲ့သည်။
ချောက်နက်ကြီးထဲမှ ထူထပ်လှသော နတ်စွမ်းအားများ တိုးထွက်လာ၏။ အောက်ခြေမှ ပြောင်းလဲမှုကို တွေ့မြင်လိုက်ရသဖြင့် သွေးမိစ္ဆာ နတ်သခင်တစ်ယောက် ခဏခန့် ဆွံ့အသွားခဲ့သည်။
ဘာတွေ ဖြစ်ပျက်နေတာလဲ။
သွေးမိစ္ဆာ နတ်သခင် တုံ့ပြန်ရန် အချိန်မရခင်မှာပင် ထိုဧရာမ ချောက်နက်ကြီးထဲမှ နက်မှောင်သော ကစဉ့်ကလျားစွမ်းအားများ ပေါက်ကွဲထွက်လာကြောင်း သိလိုက်ရသည်။ ထိုအက်ကွဲကြောင်းကြီးသည် ကစဉ့်ကလျားပင်လယ်နှင့် ဆက်သွယ်သွားကာ ချောက်နက်ကြီးအတွင်းသို့ ကစဉ့်ကလျား စွမ်းအားများ စီးဝင်လာခဲ့ခြင်းဖြစ်ကြောင်း ထင်ရှား၏။
ထျန်းရန်နတ်ဘုရားနယ်မြေသည် အစကပင် ကစဉ့်ကလျားပင်လယ်ဖြင့် ဝန်းရံထားခြင်းဖြစ်ပြီး မြေကြီးအက်ကွဲပါက ကစဉ့်ကလျားစွမ်းအားများ မလွဲမသွေ စီးဝင်လာမည်ဖြစ်သည်။
ဟိုးယခင် အင်အားစုအားလုံး တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းပြီး နတ်ဆိုးဧကရာဇ်ကို ဝိုင်းရံတိုက်ခိုက်စဉ်ကလည်း မြောက်ပိုင်းနယ်၏ မြေပြင်သည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပြီး ကစဉ့်ကလျားစွမ်းအားများ ထျန်းရန်နတ်ဘုရားနယ်မြေအတွင်းသို့ စီးဝင်ခဲ့ဖူးသည်။
ပုံမှန်အားဖြင့် ကစဉ့်ကလျားစွမ်းအားများသည် ထျန်းရန်နတ်ဘုရားနယ်မြေအတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိပေ။ အကြောင်းမှာ ဝန်းရံထားသော နတ်စွမ်းအားများက ပိတ်ဆို့ထားသောကြောင့် ဖြစ်သည်။
ထို့ပြင် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဉ်တွင် ပြန်လည်ကုစားနိုင်သော လုပ်ဆောင်ချက်ရှိပြီး ဒေသတွင်း ပြဿနာများကို လျင်မြန်စွာ ပြုပြင်ကာ ကစဉ့်ကလျားစွမ်းအားများကို မောင်းထုတ်ပစ်လေ့ရှိသည်။
သို့သော် ယခုအခါ ရုတ်တရက် ပေါ်ပေါက်လာသော ချောက်နက်ကြီးထဲမှ ကစဉ့်ကလျားစွမ်းအားများ အဆက်မပြတ် ထွက်ပေါ်နေသော်လည်း ကောင်းကင်လမ်းစဉ်က ၎င်းကို ပြုပြင်ရန် စိတ်ဝင်စားပုံမရပေ။
ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသောအခါ သွေးမိစ္ဆာ နတ်သခင် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ သူသည် မိစ္ဆာနတ်တစ်ပါး ဖြစ်သော်လည်း ထျန်းရန်နတ်ဘုရားနယ်မြေအတွက် စိုးရိမ်မိသွားသည်။
အဆုံးတွင်တော့ သူသည်လည်း ထျန်းရန်နတ်ဘုရားနယ်မြေတွင် နေထိုင်နေခြင်းဖြစ်၍ အကယ်၍ ကြီးမားသော ကပ်ဘေးတစ်ခုခု ဖြစ်ပွားခဲ့ပါက သူလည်း ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ပေ။
ကစဉ့်ကလျားစွမ်းအားများ၏ ဖိအားကို ခံစားလိုက်ရသဖြင့် သွေးမိစ္ဆာ နတ်သခင်သည် ထျန်းရှနတ်ဘုရားနိုင်ငံမှ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။
ထျန်းရှနတ်ဘုရားနိုင်ငံမှ ထူးဆန်းသော ဖြစ်ရပ်သည် တောင်ပိုင်းနယ်ရှိ အင်အားစုအသီးသီး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပြီး ထျန်းရန်နတ်ဘုရားနယ်မြေတွင် ရုတ်တရက် ပေါ်ပေါက်လာသော ချောက်နက်ကြီးကို စုံစမ်းစစ်ဆေးရန် လူများ စေလွှတ်ခဲ့ကြသည်။
ချောက်နက်ကြီး၏ သတင်းသည် တောမီးပမာ ထျန်းရန်နတ်ဘုရားနယ်မြေတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။ လုချန်းသည် ထိုသတင်းကို ကြားလျှင် သူ၏တောင်ပိုင်းနယ်ရှိ ကိုယ်ပွားကို ထျန်းရှနတ်ဘုရားနိုင်ငံဆီသို့ စေလွှတ်လိုက်သည်။
…..
ကောင်းကင်ယံရှိ လုချန်းသည် အောက်ဘက်ရှိ ဧရာမ ချောက်နက်ကြီးကို ငုံ့ကြည့်လိုက်ပြီး ကစဉ့်ကလျားစွမ်းအားများ အဆက်မပြတ် လှိုင်းထနေသည်ကို တွေ့မြင်လျှင် သူ၏မျက်ခုံးကို တွန့်လိုက်မိသည်။
ထျန်းရှနတ်ဘုရားနိုင်ငံမှ နတ်မြို့တော်များကို ရွှေ့ပြောင်းလိုက်ခြင်းကြောင့် ဤနေရာမှာ ချောက်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်နိုင်သည်ဟု သူ သံသယဝင်မိသည်။
ကံကောင်းသည်မှာ ကစဉ့်ကလျားစွမ်းအားများသည် ချောက်နက်ကြီး၏ ပတ်ဝန်းကျင်၌သာ သောင်းကျန်းနေပြီး ထျန်းရန်နတ်ဘုရားနယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်း မရှိပေ။ အကြောင်းမှာ ၎င်း၏ နတ်စွမ်းအားများက ဖိနှိပ်ထားသောကြောင့် ဖြစ်သည်။
ထိုချောက်နက်ကြီးနှင့် ပတ်သက်၍ ဇဝေဇဝါ ဖြစ်နေစဉ် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဉ်က ၎င်းကို ပြုပြင်ရန် မည်သည့်လက္ခဏာမှ မပြပဲ ထိုအတိုင်း ဆက်ရှိနေခွင့်ပြုထားသည်ကို လုချန်း သတိပြုမိသွားသည်။
မြောက်ပိုင်းနယ်၏ ကုန်းမြေကြီးကို နတ်သခင်များတိုက်ပွဲက အပိုင်းပိုင်း ဖျက်ဆီးခဲ့စဉ်ကတော့ ကောင်းကင်လမ်းစဉ်သည် ၎င်းကို လျင်မြန်စွာ ပြန်လည်ပြုပြင်ပေးခဲ့သည်။
ကောင်းကင်လမ်းစဉ်တွင် ပြဿနာတစ်ခုခု ရှိနေတာလား။
သို့မဟုတ် ကောင်းကင်လမ်းစဉ်ကိုယ်တိုင်ပင် ဤချောက်နက်ကြီးကို မပြုပြင်နိုင်တော့တာလား။
လုချန်းသည် သူ၏နဖူးကို ပွတ်လိုက်ပြီး လက်ရှိတွင် သူသည် နတ်ဘုရင်တစ်ပါးသာ ဖြစ်သေးကြောင်း သတိချပ်ကာ သူ၏စွမ်းအား တိုးတက်စေရန်သာ အာရုံစိုက်လိုက်တော့သည်။
…
မြောက်ပိုင်းနယ်။
နဝမကောင်းကင်တက္ကသိုလ်။
ရွှမ်ချင်းယွမ်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ၏ ကံစွမ်းအားများ ဒီရေကျသလို ဆုတ်ယုတ်နေသည်ကို ခံစားလိုက်ရကာ ထျန်းရန်နတ်ဘုရားနယ်မြေမှ စွမ်းအားတစ်ခုက သူမကို မောင်းထုတ်ရန် ကြိုးစားနေသည်ကိုလည်း ခံစားလိုက်ရသည်။
ရွှမ်ချင်းယွမ်က လေထုထဲသို့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ဧကရာဇ်တစ်ပါးကို ထျန်းရန်နတ်ဘုရားနယ်မြေကနေ မောင်းထုတ်ဖို့ တွေးနေတာကတော့ စိတ်ကူးယဉ်နေတာပဲ။”
ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဉ်က သူမကို မောင်းထုတ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ရွှမ်ချင်းယွမ် သဘောပေါက်လိုက်သည်။ အကြောင်းမှာ ၎င်းသည် နတ်ဧကရာဇ်နှစ်ပါးကို တစ်ပြိုင်နက်တည်း မထောက်ပံ့နိုင် သောကြောင့် ဖြစ်သည်။
ထို့နောက် သူမကိုယ်သူမ တည်ငြိမ်အောင် နတ်စွမ်းအားများကို လှည့်ပတ်လိုက်ပြီး ကောင်းကင်လမ်းစဉ်၏ စွမ်းအားကို တွန်းလှန်လိုက်သည်။
ထိုခဏတွင် နတ်သခင်တစ်ပါး ရွှမ်ချင်းယွမ်၏ ရှေ့တွင် ပေါ်လာပြီး သူမက
“ဘာကိစ္စလဲ”
ထိုနတ်သခင်သည် မှတ်ဉာဏ်ပုလဲတစ်လုံးကို ထုတ်ယူလိုက်ပြီး
“ကောင်းကင်မိန်းကလေး... ဒါက တောင်ပိုင်းနယ်က ရရှိတဲ့ လတ်တလော သတင်းပါ။”
ရွှမ်ချင်းယွမ်သည် သူမ၏ လက်ကို မြှောက်ကာ မှတ်ဉာဏ်ပုလဲကို အသက်သွင်းရန် နတ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ၎င်း၏ အကြောင်းအရာကို ကြည့်ပြီးနောက် သူမ အတွေးနက် သွားခဲ့သည်။
ကောင်းကင်လမ်းစဉ်သည် တကယ်ပင် စွမ်းအားကုန်ခမ်းနေပြီး ဤမျှကြီးမားသော ချောက်နက်ကြီးကို ပြုပြင်ခြင်းမပြုပဲ ထိုအစား သူမကို ထျန်းရန်နတ်ဘုရားနယ်မြေမှ မောင်းထုတ်ရန်သာ အာရုံစိုက်နေသည်။
ကောင်းကင်လမ်းစဉ်က သူမကို ဆန့်ကျင်နေသဖြင့် ၎င်းကို သန့်စင်ရန်ခြင်းက ပို၍စိန်ခေါ်မှုကြီးမားလာလိမ့်မည်။
ထိုပြဿနာက မသေးပေ။
ထို့နောက် ရွှမ်ချင်းယွမ်သည် ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို အသုံးပြု၍ ကောင်းကင်လမ်းစဉ်ကို နောက်ဆုံးတွင် သန့်စင်နိုင်ခြင်း ရှိမရှိ သိနိုင်ရန် ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်လိုက်သည်။
မကြာမီ သူမ၏ရှေ့တွင် နတ်စွမ်းအားထုတစ်ခု ပေါ်လာပြီး မှန်တစ်ချပ်အဖြစ် ပုံပေါ်လာသော်လည်း ၎င်းက မည်သည့်အရာကိုမှ ပြသခြင်းမရှိပေ။
ထိုအရာကို ရွှမ်ချင်းယွမ် မျှော်လင့်ထားပြီးဖြစ်သည်။ သူမသည် တွက်ချက်ခြင်းပညာကို အလုံးစုံကျွမ်းကျင်သေးခြင်း မရှိသဖြင့် အရာအားလုံးကို ကြိုတင်မမြင်နိုင်တာကို သူမ သိထားသည်။
သို့သော် သူမသည် ထိုမျှနှင့် ရပ်မနေပဲ နတ်ဧကရာဇ် ရှီယွဲ့ကို တွက်ချက်လိုက်ရာ မှန်ထဲတွင် နတ်ဧကရာဇ် ရှီယွဲ့သည် ကလေးတစ်ယောက်ကို ပွေ့ချီကာ ကောင်းကင်ယံသို့ ငေးကြည့်နေပြီး ကောင်းကင်လမ်းစဉ်၏ အငွေ့အသက်လည်း ရှိမနေခြင်းကို လျင်မြန်စွာ ပြသလာခဲ့သည်။
ဒါက အနာဂတ်တွင် နတ်ဧကရာဇ် ရှီယွဲ့သည်လည်း ကောင်းကင်လမ်းစဉ်ကို ဘယ်သောအခါမှ သန့်စင်နိုင်မည် မဟုတ်ကြောင်း ညွှန်ပြနေသည်။
ခဏခန့် စဉ်းစားပြီးနောက် ရွှမ်ချင်းယွမ်သည် လုချန်းကို တွက်ချက်ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ သူသည် သူမ၏ ကောင်းကင်လမ်းစဉ် သန့်စင်ခြင်း လုပ်ငန်း အတွက် အကြီးမားဆုံးသော အဟန့်အတား ဖြစ်လာနိုင်သည်ဟု သံသယဝင်သောကြောင့် ဖြစ်သည်။
မှန်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ခြောက်ခြားဖွယ် ကောင်းကင်ယံတွင် အမျိုးသားတစ်ဦးသည် ထျန်းရန်နတ်ဘုရားနယ်မြေတစ်ခုလုံးကို ကျောခိုင်းလျက် များပြားလှစွာသော သတ္တဝါဆန်းများကို ဓားရှည်တစ်လက်ကို ကိုင်စွဲကာ ရင်ဆိုင်နေခဲ့သည်။
အရင်တစ်ခေါက်က လုချန်း၏ တည်နေရာကို တွက်ချက်၍ မရခဲ့ဖူးသဖြင့် ယခု လုချန်း၏ အနာဂတ်နမိတ်ကို တွေ့မြင်လိုက်ရခြင်းက ရွှမ်ချင်းယွမ်ကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
ထင်ရှားတာက လုချန်း၏ အနာဂတ်သည် ယခင်က ဖုံးကွယ်ခြင်း ခံထားရသော်လည်း ယနေ့တွင်တော့ သူမ ၎င်းကို အလုံးစုံ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
ထို့နောက် သူမ၏ မှန်ထဲတွင် ကောင်းကင်လမ်းစဉ် စွမ်းအား၏ အစအနတစ်ခု ပေါ်လာသည်ကို သတိပြုမိပြီး ဖြစ်ပျက်နေသည့်အရာကို သူမ နားလည်သွားခဲ့သည်။
ထို့နောက် သူမ၏ အငွေ့အသက်များ မီးဟုန်းဟုန်းတောက်သကဲ့သို့ တောက်လောင်လာပြီး ဧကရာဇ်၏ ဖိအားများက ထျန်းရန်နတ်ဘုရားနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားကာ ရွှမ်ချင်းယွမ်က အေးစက်စွာဖြင့်
“သူ့ကို ရွေးချယ်လိုက်တာကိုး။”
ဤမြင်ကွင်းကို ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဉ်က ပြသထားခြင်းဖြစ်ပြီး ၎င်းက လုချန်းကို ကယ်တင်ရှင်အဖြစ် ရွေးချယ်ထားကြောင်းကို ရွှမ်ချင်းယွမ် နားလည်လိုက်သည်။
ထိုအချက်က ဘာကြောင့် ကောင်းကင်လမ်းစဉ်သည် သူမကို ထျန်းရန်နတ်ဘုရားနယ်မြေမှ မောင်းထုတ်ရန် ကြိုးပမ်းနေရကြောင်း ရှင်းပြနေသည်။
ရွှမ်ချင်းယွမ် ထုတ်လွှတ်လိုက်သော ဧကရာဇ်၏ ဖိအားကို ထျန်းရန်နတ်ဘုရားနယ်မြေအတွင်းရှိ လူအားလုံး ခံစားလိုက်ရသဖြင့် မည်သူက သူမကို ဤမျှအထိ အမျက်ဒေါသထွက်အောင် လုပ်လိုက်သနည်းဟု ဇဝေဇဝါ ဖြစ်ကုန်ကြတော့သည်။
--