အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
အခန်း (၁၈၁) လက်ထပ်ခြင်း၊ နာကျည်းမုန်းတီးမှု
ဤအခိုက်အတန့်တွင် ရှုချွမ်းကိုယ်တိုင်ပင် အတိုင်းထက်အလွန် ရင်တဖိုဖိုဖြင့် စိုးရိမ်ပူပန်နေမိသည်။
ဘဝနှစ်ခုစလုံးတွင် သူက ဤကဲ့သို့သောအခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်ရာ မည်သည့်အတွေ့အကြုံမျှ ရှိမနေခဲ့ပေ။
အချိန် ၁၅ မိနစ်ခန့်အထိ ကုန်ဆုံးသွားခဲ့သော်လည်း နင်ချန်ထျန်းမှာ သူ၏တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိသေးပေ။
ရှုချွမ်းမှာ သာ၍ပင် စိုးရိမ်လာမိပြီး နင်ယို့ချီ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ရာ သူ၏နဖူးပြင်မှ ချွေးစေးများပင် စီးကျလာတော့သည်။
နင်ယို့ချီကလည်း စိုးရိမ်တကြီးဖြင့် ဖခင်ဖြစ်သူ နင်ချန်ထျန်းကို ကြည့်နေခဲ့သည်။
ရှုချွမ်း၏ လုပ်ရပ်မှာ အနည်းငယ် ရုတ်တရက်ဆန်လွန်းသော်လည်း သူမ၏စိတ်ထဲတွင် မည်သည့်ငြင်းဆန်လိုစိတ်မျှ မရှိဘဲ သူမ၏နှလုံးသားမှာ လွန်ခဲ့သောအချိန်ကတည်းက ရှုချွမ်းထံသို့ ပေးအပ်ထားပြီးသား ဖြစ်၏။
ဖခင်ဖြစ်သူ၏ သဘောတူညီချက် ရရှိမှသာလျှင် သူတို့၏ဆက်ဆံရေးက မိဘများ၏ထောက်ခံမှုကို ရရှိပြီး တရားဝင်မည် ဖြစ်သည်။
အမွေး တိုင်တစ်တိုင်စာမျှ အချိန် ထပ်မံကုန်ဆုံးသွားခဲ့သည်။
ထိုအချိန်တွင် ရုတ်တရက် နင်ချန်ထျန်းထံမှ ပြိုင်ဘက်ကင်းလှသော အော်ရာ တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ရှုချွမ်းအပေါ်သို့ သဲသဲမဲမဲ ဖိနှိပ်ချလိုက်ရာ သူ၏အသက်ရှူသံများ ပြတ်တောက်သွားခဲ့ရပြီး ဒူးထောက်ကျသွားစေခဲ့တော့သည်။
"မင်းတို့နှစ်ယောက် အတူတူရှိခွင့်ပေးဖို့ ငါ့ကို သဘောတူစေချင်တာလား"
နင်ချန်ထျန်းက အထက်စီးမှနေ၍ မေးလိုက်သည်။
"ဟုတ်ပါတယ်"
နင်ချန်ထျန်း၏ ဖိအားများကြောင့် ဦးခေါင်းကိုပင် မော့မရနိုင်လောက်အောင် ဖြစ်နေခဲ့ရသော်လည်း ရှုချွမ်း၏ လေသံမှာ အလွန်တရာ ပြတ်သားခိုင်မာနေခဲ့ပြီး မထောင်လွှားသလို နှိမ့်ချလွန်းခြင်းလည်း မရှိခဲ့ပေ။
သူ ဆုံးဖြတ်ထားပြီးသားအရာကို မည်သူမျှ ပြောင်းလဲနိုင်မည်မဟုတ်ပေ။
နင်ချန်ထျန်းပင်လျှင် ဖြစ်စေ။
သို့သော်လည်း ယခုအချိန်၌ နင်ချန်ထျန်း၏ သဘောထားကြောင့် ရှုချွမ်းမှာ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။
"ကောင်းပြီ... ငါ သဘောတူတယ်"
နင်ချန်ထျန်းက သူ့ကို အမျိုးမျိုး အကျပ်ကိုင်လိမ့်မည်ဟု ရှုချွမ်း တွေးထင်ထားခဲ့ပြီး ယင်းအတွက်လည်း ပြင်ဆင်ထားခဲ့သည်။
သို့သော်လည်း နင်ချန်ထျန်းက ဤမျှလောက် ရိုးရှင်းစွာ သဘောတူလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
အကျပ်ကိုင်သည်ဆိုသည်မှာ ယခုတင် ထုတ်လိုက်သော ခဏတာ အော်ရာ မျှသာ ဖြစ်ပေသည်။
နင်ချန်ထျန်း၏ စကားသံအဆုံး၌ပင် ထိုအကန့်အသတ်မဲ့ ဖိအားကြီးမှာ တိတ်ဆိတ်စွာ ကွယ်ပျောက်သွားခဲ့ပြီး ရှုချွမ်းလည်း ချက်ချင်းပင် မတ်တတ်ထရပ်လိုက်တော့သည်။
သူမ၏ နုနယ်ချောမွေ့လှသော လက်ကလေးကို ဆုပ်ကိုင်ထားရင်း သူတို့နှစ်ဦး၏ မျက်ဝန်းချင်း ဆုံမိသွားကြရာ နှစ်ဦးစလုံး၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုနှင့် ဝမ်းမြောက်မှုများ ပြည့်နှက်နေခဲ့တော့၏။
နင်ချန်ထျန်းက ၎င်းတို့နှစ်ဦးကို ကြည့်ပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူက ရှုချွမ်းအပေါ် တစ်ရာရာခိုင်နှုန်း အပြည့်အဝ စိတ်ကျေနပ်မှု ရှိပေသည်။
အဆင့်အတန်းအရ ကြည့်မည်ဆိုလျှင် အရှေ့ပိုင်းဒေသ၏ ပထမ မြင့်မြတ် နယ်မြေ၏ သူတော်စင်သားတော် လောင်းလျာနှင့် သူ၏ တာ့ဝေမင်းဆက်မှ တော်ဝင်သမီးတော်တို့မှာ လိုက်ဖက်ညီလှသော စုံတွဲတစ်တွဲဟု ဆိုနိုင်သည်။
စွမ်းဆောင်ရည်အရ ကြည့်မည်ဆိုလျှင်လည်း ရှုချွမ်းက သူ၏ တာ့ဝေဧကရာဇ်မင်းဆက်ကို ကာလရှည်ကြာ ခြိမ်းခြောက်နေခဲ့သော လျှို့ဝှက်အန္တရာယ်ကြီးကို ကူညီဖြေရှင်းပေးခဲ့ပြီး တာ့ဝေမင်းဆက်တစ်ခုလုံးကို လုံးဝ လွတ်မြောက်စေခဲ့သည်။
ဤသည်က တာ့ဝေဧကရာဇ်မင်းဆက်တစ်ခုလုံးအတွက် အတိုင်းမသိ ကြီးမားလှသော ကျေးဇူးတရား ဖြစ်ပေသည်။
ဤအချက်နှစ်ခုအပေါ်တွင် အခြေခံရုံမျှဖြင့်တင် ရှုချွမ်းက သူ၏သမီးဖြစ်သူကို လက်ထပ်ရန် အပြည့်အဝ အရည်အချင်း ပြည့်မီနေခဲ့ချေပြီ။
သို့သော်လည်း အကယ်၍ ၎င်းတို့နှစ်ဦးစလုံးက အပြန်အလှန် စိတ်ရင်းမှန်ဖြင့် ချစ်မြတ်နိုးကြခြင်း မဟုတ်ပါက နင်ချန်ထျန်းအနေဖြင့် ရှုချွမ်း၏ တောင်းဆိုမှုကို သဘောတူခဲ့မည် မဟုတ်ပေ။
၎င်းတို့နှစ်ဦး၏ မျက်ဝန်းများထဲမှ နက်ရှိုင်းလှသော ချစ်ခြင်း ကို မြင်တွေ့ခဲ့ရခြင်းကြောင့်သာ သူ သဘောတူပေးခဲ့ခြင်း ဖြစ်သည်။
သမီးဖြစ်သူ၏ ဆန္ဒသာ ဖြစ်ပါက သူသည် သမီးဖြစ်သူအပေါ် အကြီးမားဆုံးသော လေးစားမှုကို ပေးအပ်မည် ဖြစ်၏။
"ရှုချွမ်း... ဒီနေ့ကစပြီး ငါ့သမီးကို မင်းလက်ထဲ အပ်လိုက်ပြီ"
"တကယ်လို့ နောင်အနာဂတ်မှာ ယို့ချီသာ မင်းဆီကနေ စိတ်မကောင်းစရာ တစ်ခုခု ကြုံတွေ့ရမယ်ဆိုရင် ငါ မင်းကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး"
"ကြားလား..."
နင်ချန်ထျန်းက ပြတ်သားစွာ ပြောလိုက်သည်။
သူတို့အတူရှိရန် သူ သဘောတူပေးခဲ့သော်လည်း မည်သို့ပင်ဆိုစေ နင်ယို့ချီမှာ သူ၏ ရတနာကဲ့သို့ အချစ်ရဆုံးသော သမီးဖြစ်ရာ သူမအား စိတ်ဆင်းရဲစရာ မည်သည့်အရာမျှ မကြုံတွေ့စေလိုပေ။
"ဧကရာဇ်နင်ရဲ့ ယုံကြည်မှုကို ကျွန်တော် လုံးဝ ပျက်ပြားစေမှာ မဟုတ်ပါဘူး"
"ဒီနေ့ကစပြီး ကျွန်တော် ယို့ချီကို ကျွန်တော့် အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်သွားပါ့မယ်"
"တကယ်လို့ ကျွန်တော် ကတိဖျက်ခဲ့ရင် ကောင်းကင်ရဲ့ ပြစ်ဒဏ်ခတ်မှုကို ခံယူပါ့မယ်"
ရှုချွမ်းက ယောက်ျားကောင်းတစ်ဦး၏ ကတိသစ္စာကို တည်ကြည်လေးနက်စွာ ပြုလုပ်လိုက်သည်။
"ကောင်းပြီ"
"မင်းပြောတဲ့စကားကို ငါ မှတ်ထားမယ်"
နင်ချန်ထျန်းက ခေါင်းညိတ်လိုက်ပြီး ရှုချွမ်းကို အပြည့်အဝ အသိအမှတ်ပြုလိုက်တော့၏။
"မင်းတို့နှစ်ယောက် သွားကြတော့... ငါ ခဏလောက် တစ်ယောက်တည်း နေချင်တယ်"
"နောက် သုံးရက်ကြာရင် ဝိညာဉ်စမ်းရေတွင်းဆီကို လိုက်ပို့ပေးမယ့်လူ ရောက်လာလိမ့်မယ်"
နင်ချန်ထျန်းက လက်ကို ဝှေ့ယမ်းလျက် ရှုချွမ်းနှင့် နင်ယို့ချီတို့ကို ထွက်ခွာရန် အချက်ပြလိုက်သည်။
သူ၏ အချစ်ရဆုံးသော သမီးရတနာလေးမှာ တခြားယောက်ျားတစ်ဦး၏ လက်ထဲသို့ ပါသွားခဲ့ပြီဖြစ်ရာ ဧကရာဇ်နင် ဖြစ်နေခဲ့လျှင်ပင် စိတ်တည်ငြိမ်သွားစေရန် တစ်ဦးတည်း အချိန်အနည်းငယ် ယူရပေဦးမည်။
ရှုချွမ်းကလည်း အကဲခတ်တော်သူဖြစ်သဖြင့် နင်ယို့ချီ၏ လက်ကို ဆွဲကိုင်ကာ နင်ချန်ထျန်းကို မနှောင့်ယှက်တော့ဘဲ အိပ်ခန်းအတွင်းမှ ထွက်လာခဲ့တော့သည်။
နန်းတော်အပြင်ဘက်သို့ ရောက်ရှိချိန်တွင် ၎င်းတို့နှစ်ဦးမှာ တင်းကျပ်စွာ ပွေ့ဖက်လိုက်ကြ၏။
"ယို့ချီ... ကို မင်းကို သေချာပေါက် ပျော်ရွှင်အောင် ထားပါ့မယ်" ရှုချွမ်းက ကတိပေးလိုက်သည်။
"အင်း...ကျွန်မ ရှင့်ကို ယုံပါတယ်" နင်ယို့ချီက တိုးညှင်းလှသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
ရှုချွမ်းက သူမအပေါ် ထားရှိသော စိတ်ရင်းမှန်ကို သူမလည်း မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။
ထို့သို့မဟုတ်ပါက ရှုချွမ်းက နင်ချန်ထျန်း ကတိပေးထားသော အဖိုးတန်လှသည့် အခွင့်အရေးကို သူမအတွက်နှင့် ဖြုန်းတီးပစ်လိမ့်မည် မဟုတ်ပေ။
၎င်းအခွင့်အရေးက မည်မျှအထိ တန်ဖိုးရှိကြောင်း နင်ယို့ချီ ကောင်းစွာ သိသည်။
တခြားသော မည်သူမဆို ထိုအခွင့်အရေးကို ရရှိရန်အတွက် ရူးသွပ်သွားနိုင်သော်လည်း ရှုချွမ်းကမူ သူမအတွက်သာ အသုံးပြုခဲ့သည်။
ဤမျှနှင့်တင် လုံလောက်လှပေပြီ။
နှစ်ဦးနှစ်ဖက် တူညီသော ချစ်ခြင်းမေတ္တာဟူသည်မှာ ဤမျှလောက် ရိုးရှင်းပြီး ရှင်းလင်းလှပေသည်။
တစ်ဖက်တွင်မူ အိပ်ခန်းအတွင်း၌ ၎င်းတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် နင်ချန်ထျန်းက အိပ်ခန်းအတွင်းရှိ လျှို့ဝှက်ယန္တရားတစ်ခုကို ဖွင့်လိုက်သည်။
ထိုယန္တရား၏ အနောက်တွင် လျှို့ဝှက်အခန်းတစ်ခု ရှိနေခဲ့၏။
နင်ချန်ထျန်းက ထိုအခန်းအတွင်းသို့ လျှောက်လှမ်းသွားခဲ့ရာ ၎င်းအတွင်းရှိ အပူချိန်မှာ အလွန်တရာ အေးစက်နေခဲ့ပြီး ပျံ့လွင့်နေသော မြူနှင်းများမှာ အရာအားလုံးကို အေးခဲစေနိုင်စွမ်း ရှိသည်။
လျှို့ဝှက်အခန်း၏ အလယ်ဗဟိုတည့်တည့်တွင် ရေခဲခေါင်းတလားတစ်ခု ရှိနေခဲ့ပြီး ထိုရေခဲခေါင်းတလားထံမှ အေးစက်လှသော မြူနှင်းများ ဖြာထွက်နေခြင်း ဖြစ်သည်။
ထိုခေါင်းတလားအတွင်း၌ နင်ယို့ချီနှင့် ရှစ်ဆယ်ရာခိုင်နှုန်း ခန့် တူညီလှသော အလွန်လှပချောမောသည့် အမျိုးသမီးတစ်ဦး လဲလျောင်းနေခဲ့သည်။
သူမက သေဆုံးနေခြင်းလည်း မဟုတ်သလို ရှင်သန်နေခြင်းလည်း မဟုတ်ဘဲ တိတ်ဆိတ်စွာ လဲလျောင်းနေခြင်း ဖြစ်၏။
နင်ချန်ထျန်းက ထိုရေခဲခေါင်းတလားဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့ပြီး အမျိုးသမီး၏ ပါးပြင်လေးကို အသာအယာ ပွတ်သပ်လိုက်သည်။
"ယန်အာ... ကို တို့သမီးလေးက အခု အရွယ်ရောက်နေပြီ"
"သမီးလေးက သူမ သဘောကျတဲ့ ခင်ပွန်းလောင်းကို ရှာတွေ့သွားခဲ့ပြီ"
"ကို အဲဒီကလေးကို ကြည့်ပြီးပြီ၊ တကယ်ကို စိတ်ကျေနပ်မိတယ်။ ဒါကြောင့် သူတို့ အတူတူရှိခွင့်ပေးဖို့ သဘောတူလိုက်ပြီ..."
နင်ချန်ထျန်းက ခေါင်းတလားအတွင်းရှိ အမျိုးသမီးကို ညင်သာနူးညံ့စွာဖြင့် တီးတိုး ပြောနေခဲ့သည်။
အကယ်၍ တခြားသောသူများသာ ဤပုံစံကို မြင်တွေ့ရလျှင် ပါးစပ်အဟောင်းသား ဖြစ်သွားကြပေလိမ့်မည်။
မိုင်ပေါင်းထောင်ချီသော နယ်မြေကို စိုးမိုးအုပ်ချုပ်နေသည့် တာ့ဝေဧကရာဇ်က ဤကဲ့သို့သော နူးညံ့ပျော့ပျောင်းသည့် အမူအရာမျိုးကို မည်သည့်အချိန်၌ ပြသဖူးပါသနည်း။
သို့သော်လည်း နင်ချန်ထျန်း၏ စကားသံများက မည်သည့်တုံ့ပြန်မှုကိုမျှ ရရှိနိုင်မည်မဟုတ်သည်မှာ သေချာလှပေသည်။
ကြည်လင်သော မျက်ရည်တစ်စက်က သူ၏မျက်ဝန်းထောင့်မှ ဖြည်းညှင်းစွာ စီးကျလာခဲ့သည်။
ယောက်ျားတစ်ဦး၏ မျက်ရည်မှာ လွယ်လွယ်နှင့် မကျတတ်ဘဲ အလွန်တရာ ဝမ်းနည်းကြေကွဲရချိန်တွင်မှသာ ကျဆင်းတတ်ခြင်း ဖြစ်၏။
သူ၏ မျက်ရည်များမှာ ဝမ်းမြောက်ခြင်းကြောင့်လော သို့မဟုတ် ကြေကွဲခြင်းကြောင့်လောဟူသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။
.....
အခြားတစ်ဖက်တွင်မူ ကျန်းယွမ်မင်းသားကြီးနန်းတော်အတွင်း၌ လျိုချီက ပင်မခန်းမအတွင်း၌ ထိုင်နေခဲ့ပြီး သူ၏မျက်နှာမှာ လွန်စွာ ညိုမှိုင်းနေခဲ့ကာ ပတ်ဝန်းကျင် လေထုကြီးမှာလည်း အလွန်အမင်း တင်းကျပ်လေးလံနေခဲ့သည်။
ခန်းမအတွင်းရှိ အစေခံများ၊ အစောင့် များနှင့် မင်းသား၏ ဆွေမျိုးများအားလုံးမှာ သူတို့နေရာ၌ တုန်တုန်ယင်ယင်ဖြင့် မတ်တတ်ရပ်နေကြပြီး ခေါင်းများကို ငုံ့ထားကြကာ အနည်းငယ်မျှပင် မလှုပ်ရှားရဲကြပေ။
လျိုချီက လက်ရှိအချိန်၌ အလွန်အမင်း ဒေါသထွက်နေသဖြင့် ဤအချိန်တွင် မည်သူမျှ သူ့ကို သွား၍ မဆွရဲကြခြင်း ဖြစ်သည်။
ထိုသေမင်းတမျှ တိတ်ဆိတ်နေသော အခြေအနေကို လူတစ်ဦး ရောက်ရှိလာခြင်းက ဖြတ်တောက်လိုက်တော့၏။
မင်းသားနန်းတော်၏ အပြင်ဘက်မှနေ၍ တန်ဖိုးကြီးလှသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက အစောင့် များ၏ တားဆီးမှုကို ဂရုမစိုက်ဘဲ လူတစ်စုနှင့်အတူ ဒေါသတကြီး ဝင်ရောက်လာခဲ့သည်။
သူမက ခန်းမအတွင်း ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် အဓိကနေရာတွင် ထိုင်နေသော လျိုချီကို တိုက်ရိုက် မေးခွန်းထုတ်လိုက်တော့၏။
"လျိုချီ... ငါ့သား ယန်ရှန်း ဘယ်မှာလဲ"
ထိုအမျိုးသမီး၏ မေးမြန်းမှုကို ရင်ဆိုင်လိုက်ရချိန်တွင် လျိုချီ၏ ညိုမှိုင်းနေသော မျက်နှာမှာ သာ၍ပင် ကြည့်ရဆိုးသွားခဲ့သည်။
"သူ သေသွားပြီ"
သူက အေးစက်စွာဖြင့် ဤစကားလုံးနှစ်လုံးကိုသာ ပြောလိုက်သည်။
"ဘာ..."
"နင် ဘာပြောလိုက်တာလဲ..."
ထိုအမျိုးသမီးမှာ လျိုချီ၏ စကားကို ကြားလိုက်ရချိန်တွင် ပထမဦးစွာ ထိတ်လန့်သွားခဲ့ပြီးနောက် မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။ နောက်ဆုံးတွင်မှ လျိုချီ၏ ပြောကြားချက်ကို သူမ အပြည့်အဝ နားလည်သွားခဲ့တော့၏။
"ယန်ရှန်းက သေသွားပြီလား... သေသွားပြီ"
"ယန်ရှန်း... ငါ့သား ယန်ရှန်းလေး"
သူ့ သားဖြစ်သူ သေဆုံးသွားသည့် သတင်းကို ကြားလိုက်ရလျှင် ထိုအမျိုးသမီးမှာ ချက်ချင်းပင် အတိုင်းထက်အလွန် ဝမ်းနည်းကြေကွဲသွားခဲ့ပြီး ငိုကြွေးတော့၏။
ဤအမျိုးသမီးမှာ ယန်ရှန်း၏ မိခင်ဖြစ်ပြီး လျိုချီ၏ အစ်မအရင်း ဖြစ်သည်။
"ဘယ်သူလဲ... ဘယ်သူက ငါ့ရဲ့သားကို သတ်လိုက်တာလဲ"
"အဲဒီလူသတ်သမား ဘယ်မှာလဲ။ ငါ့သားအတွက် ကလဲ့စားချေဖို့ ငါ သူ့ကို သေချာပေါက် သတ်ရမယ်"
"လျိုချီ... နင်က တကယ့်ကို အသုံးမကျတဲ့ အမှိုက်ပဲ။ နင့်တူ အသတ်ခံလိုက်ရတာကို နင်က ဒီနေရာမှာ ထိုင်နေနိုင်သေးတယ်ပေါ့လေ"
ခဏမျှ ကြေကွဲဝမ်းနည်းပြီးနောက် ထိုအမျိုးသမီးမှာ ဒေါသတကြီးဖြင့် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်ကာ ရူးသွပ်သွားခဲ့တော့သည်။
သူမက သားဖြစ်သူကို သတ်သွားသော လူသတ်သမားကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ဆွဲဖြဲပစ်ချင်နေခဲ့ခြင်း ဖြစ်သည်။
"တော်စမ်း"
"ငါ ယန်ရှန်းအတွက် ကလဲ့စားချေမှာပါ၊ ဒါပေမဲ့ အခု မဟုတ်သေးဘူး"
"ဒီကိစ္စကို သေချာ စဉ်းစားဖို့ လိုတယ်"
လျိုချီက သူ၏အစ်မဖြစ်သူ၏ အော်ဟစ်သောင်းကျန်းနေမှုကို တိုက်ရိုက်ပင် ဖြတ်တောက်လိုက်တော့သည်။
သူကကော ရှုချွမ်းကို မသတ်ချင်ဘဲ နေပါမည်လော။
သူ၏ တစ်ဦးတည်းသော သားဖြစ်သူမှာ ရှုချွမ်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီး ယခုအချိန်အထိပင် ရုပ်အလောင်းကို မြေမချရသေးပေ။
သူက ဤကလဲ့စားကို သေချာပေါက် ပြန်လည်တောင်းဆိုရပေလိမ့်မည်။
သို့သော်လည်း တော်ဝင်မြို့တော်အတွင်း၌ သူက လှုပ်ရှားခွင့် မရှိပေ။
ဤသည်က သူ့ကို လွန်စွာ စိတ်ပျက်အားမရ ဖြစ်စေခြင်းပင် ဖြစ်၏။
အခန်း (၁၈၂) ဝိညာဉ်စမ်းရေတွင်း၊ အထူးခံစားခွင့်
သုံးရက်တာအချိန်က မျက်တောင်ဖျတ်ခနဲအတွင်း ကုန်ဆုံးသွားခဲ့သည်။
ဤသုံးရက်အတွင်း ရှုချွမ်းက နင်ယို့ချီကိုခေါ်ကာ တော်ဝင်မြို့တော်တစ်ခုလုံးသို့ လျှောက်လည်ခဲ့သည်။
သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာလည်း ပိုမိုနက်ရှိုင်းလာခဲ့ပြီး ခွဲခွာ၍မရလောက်အောင်ပင် သံယောဇဉ်တွယ်သွားခဲ့ကြချေပြီ။
ထို့အပြင် ဤသုံးရက်အတွင်း၌ပင် ရှုချွမ်းက သူ၏အစေခံမိန်းကလေး ဖြစ်သော ကျိုးလင်းအာ ကိုလည်း သွားရှာခဲ့သည်။
ရှုချွမ်း မျက်စိမမှားခဲ့ပေ။
သူ ရှေးဟောင်းစစ်မြေပြင်အတွင်း ရောက်ရှိနေသည့် အချိန်အတောအတွင်း၌ ကျိုးလင်းအာက တည်းခိုခန်းတွင် သေမတတ် ကြိုးစားကျင့်ကြံနေခဲ့ပြီး ဘာမှမရဘဲ ထွက်ပြေးသွားခြင်းမျိုး မရှိခဲ့ပေ ။
ဤမျှတိုတောင်းလှသော အချိန်အတွင်း၌ပင် သူမက မည်သည့်ကျင့်ကြံခြင်းမှမရှိသော သေမျိုး ဘဝမှနေ၍ ချီစုစည်း ခြင်းနယ်ပယ်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။
ဤကျင့်ကြံခြင်းအမြန်နှုန်း မှာ ရှုချွမ်း၏ ယခင်က ထက်ပင် ကျော်လွန်နေခဲ့၏။
ဤသည်က ကျိုးလင်းအာ၏ ထူးခြားသော အဆင့်အတန်းနှင့် သူမ၏ ပင်ကိုယ်ကံတရား ကြောင့် ဖြစ်သလို တစ်ဖက်တွင်လည်း သူမကျင့်ကြံသော ကျင့်စဉ်၏ စွမ်းအားနှင့် လုံလောက်သော ကျင့်ကြံခြင်းအရင်းအမြစ်များကြောင့်လည်း ပါဝင်ပေသည်။
ဤနှစ်ခုစလုံးက မရှိမဖြစ် လိုအပ်လှသည် မဟုတ်ပါလော။
သို့သော်လည်း ရှုချွမ်းက သူထွက်ခွာချိန်၌ ကျိုးလင်းအာကို ချက်ချင်း ခေါ်မသွားခဲ့သေးပေ။
လက်ရှိရှုချွမ်းအတွက်မူ ချီစုစည်း ခြင်းနယ်ပယ် ကျင့်ကြံခြင်းက မည်သည့်အကူအညီမျှ မပေးနိုင်ပေ ။
သူမကို အနား၌ ခေါ်ထားခြင်းက ဝန်ထုပ်ဝန်ပိုးဖြစ်စေရုံမှတစ်ပါး အခြားမရှိနိုင်ပေ။
ထို့ကြောင့် ရှုချွမ်းက ကျိုးလင်းအာကို သူ၏ သရုပ်မှန်တိုကင် အား ပေးအပ်ကာ တော်ဝင်မြို့တော်ရှိ ထိုက်ယိမြင့်မြတ်နယ်မြေ ၏ အခြေစိုက်စခန်းသို့ သွားရောက်စေခဲ့ပြီး ၎င်းနေရာရှိ လူများကို ကျိုးလင်းအာအား ထိုက်ယိမြင့်မြတ် နယ်မြေအတွင်းသို့ ပို့ဆောင်ကာ သေချာကျင့်ကြံခိုင်းရန် ညွှန်ကြားခဲ့သည်။
သူမ၏ ကျင့်ကြံခြင်းနယ်ပယ် လုံလောက်သော အဆင့်သို့ ရောက်ရှိမှသာလျှင် သူ ရှုချွမ်း၏ အစေခံအဖြစ် ရပ်တည်ရန် အရည်အချင်း ပြည့်မီပေလိမ့်မည်။
သုံးရက်ပြည့်သည်နှင့်တစ်ပြိုင်နက် လူတစ်ဦး ရောက်ရှိလာပြီး ရှုချွမ်းနှင့် နင်ယို့ချီတို့ကို နင်မျိုးနွယ်စု၏ ဝိညာဉ်စမ်းရေတွင်းဆီသို့ ခေါ်ဆောင်သွားခဲ့တော့သည်။
လမ်းပြအစေခံ၏ ဦးဆောင်မှုဖြင့် ရှုချွမ်းနှင့် အခြားသူများမှာ ပင်မအဖွဲ့ကြီးနှင့် မကြာမီ ပြန်လည်ပူးပေါင်းမိကြ၏။
ရှေးဟောင်းစစ်မြေပြင်မှ အသက်ရှင်ကျန်ရစ်ခဲ့သော ပါရမီရှင်များအားလုံး၏ မျက်နှာပေါ်တွင် ဝမ်းမြောက်လှသော အမူအရာများ ပြည့်နှက်နေကြပြီး ၎င်းတို့၏ စိတ်လှုပ်ရှားမှုများကို အထင်အရှား မြင်တွေ့နေရသည်။
တာ့ဝေဧကရာဇ်မင်းဆက်၏ ဘိုးဘေး ပိုင်နယ်မြေမှာ နင်မျိုးနွယ်စု၏ ဘိုးဘေး မြေလည်း ဖြစ်ပေသည်။
ရှုချွမ်းက နင်ယို့ချီ၏လက်ကို ကိုင် ကာ တောင်တန်းများနှင့် လယ်ကွင်းများကို ဖြတ်သန်းလျက် နင်မျိုးနွယ်စု၏ ဘိုးဘေး ပိုင်နယ်မြေအတွင်းသို့ လျှောက်လှမ်းဝင်ရောက်ခဲ့ကြသည်။
ဤနေရာက အလွန်တရာ ဆိတ်ငြိမ်လှ၏။
ရှုချွမ်းက ဤနေရာကို အလွန် အစွမ်းထက်သော အကာအကွယ်အစီအရင်တစ်ခုဖြင့် စောင့်ရှောက်ထားကြောင်းကိုလည်း သတိပြုမိသည်။
မည်သူမဆို ကျူးကျော်ဝင်ရောက်ရန် ကြိုးစားပါက အစီအရင်၏ စွမ်းအားဖြင့် ချက်ချင်း အပိုင်းပိုင်းအစစ ဖြတ်တောက်ခံရပေလိမ့်မည်။
လမ်းပြသူပါမှသာလျှင် ၎င်းတို့အနေဖြင့် အတွင်းသို့ လှမ်းဝင်နိုင်ခြင်း ဖြစ်သည်။
ရှုချွမ်းနှင့် အဖွဲ့က ဘိုးဘေး ပိုင်နယ်မြေ၏ နက်ရှိုင်းရာအပိုင်းရှိ ချိုင့်ဝှမ်းကြီးတစ်ခုဆီသို့ မကြာမီ ရောက်ရှိလာခဲ့ကြသည်။
ထိုချိုင့်ဝှမ်းကြီးအတွင်း၌ ငှက်သံလေးများ တွန်ကျူးနေကြပြီး ပန်းရနံ့များ သင်းပျံ့နေကာ တစ်နှစ်ပတ်လုံး နွေဦးရာသီကဲ့သို့ အမြဲ စိမ်းလန်းစိုပြည်နေပြီး ဆန်းကြယ် လှသော သားရဲကောင်လေးများ ပြေးလွှားဆော့ကစားနေကြရာ နတ်သက်ကြွေရာ နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ ရှိနေခဲ့၏။
ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးနေရာတွင်မူ အရွယ်အစားမျိုးစုံရှိသော ရေကန်ငယ်လေးများနှင့် ရေကန်ကြီးအချို့ ရှိနေခဲ့သည်။
ကန်ရေပြင်မှာ အလွန်နက်ရှိုင်းလှပြီး အတိုင်းအဆမရှိလှပေ။
အကြီးမားဆုံးသော ကန်ကြီးထံမှနေ၍ ရေစီးကြောင်းများ ဆက်တိုက် ထွက်ပေါ်လာကာ တခြားသော ကန်ငယ်လေးများအတွင်းသို့ ဖြည်းညှင်းစွာ စီးဝင်နေခဲ့သည်။
ဤရေကန်များထံမှနေ၍ အကန့်အသတ်မဲ့လှသော မူလချီများ ဖြာထွက်နေခဲ့၏။
၎င်းအနားသို့ တိုးကပ်သွားပြီး ပြင်းပြင်းရှူသွင်းလိုက်ရုံမျှဖြင့်တင် လူကို လန်းဆန်းကာ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားရစေသည်။
ရှုချွမ်းနှင့် အဖွဲ့မှာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေစဉ်အတွင်း ၎င်းတို့ကို ခေါ်ဆောင်လာသော လမ်းပြက စတင်၍ ပြောလိုက်သည်။
"ပါရမီရှင်တို့... ဒီနေရာကတော့ ငါတို့ နင်မျိုးနွယ်စုရဲ့ ဝိညာဉ်စမ်းရေတွင်း တည်ရှိရာနေရာပဲ"
"မင်းတို့ အခု မြင်တွေ့နေရတဲ့ ရေကန်တွေကတော့ အပြင်ကမ္ဘာက လူတွေ ခေါ်ကြတဲ့ 'ခန္ဓာကိုယ်သန့်စင်ကန်'တွေပေါ့"
"ဒီကန်တွေထဲကို ဝင်ပြီး စမ်းရေတွေနဲ့ ခန္ဓာကိုယ်ကို စိမ်လိုက်မယ်ဆိုရင် မင်းတို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပြီး အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာစေသလို မင်းတို့ရဲ့ ပါရမီအရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်မယ့် အခွင့်အလမ်း ရှိတယ်"
ဤစကားကို ကြားလိုက်ရလျှင် ရောက်ရှိနေသော ပါရမီရှင်များမှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြတော့သည်။
၎င်းတို့ မျှော်လင့်တောင့်တနေခဲ့သည်မှာလည်း ခန္ဓာကိုယ်သန့်စင်ပြီး အခြေခံမြှင့်တင်နိုင်မည့် ဤအခွင့်အလမ်းပင် မဟုတ်ပါလော။
အကယ်၍ ကံကောင်းထောက်မစွာဖြင့် သူတို့၏ ပါရမီအရည်အသွေးကိုပါ မြှင့်တင်နိုင်ခဲ့လျှင် ပို၍ပင် ကောင်းမွန်ပေဦးမည်။
ရှုချွမ်းက ပတ်ဝန်းကျင်ရှိ ရေကန်များကို လှည့်လည်ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
ကောင်းကင်နှင့်မြေကြီး ၏ မူလချီ အနည်းငယ် ကြွယ်ဝရုံမျှသာရှိပုံရသော ဤသာမန်ကြည်လင်လှသည့် ကန်ရေပြင်က တကယ်ပဲ ဤမျှလောက် စွမ်းရည် ရှိပါသလော။
"မင်းတို့ အခု ဝင်လို့ရပြီ"
"ဒါပေမဲ့ ကြိုပြောထားရမယ်... လူတစ်ယောက်က သူ့ဘဝသက်တမ်းမှာ ဒီဝိညာဉ်စမ်းရေတွင်းထဲကို တစ်ကြိမ်ပဲ ဝင်ခွင့်ရှိတယ်။ တကယ်လို့ အကြိမ်ကြိမ် ဝင်စိမ်မယ်ဆိုရင် ၎င်းရဲ့ အာနိသင် ပျောက်သွားမယ့်အပြင် ခန္ဓာကိုယ်ကိုပါ ပြန်လည်ထိခိုက်စေနိုင်တဲ့ တုံ့ပြန်မှုဖြစ်ပေါ်လာလိမ့်မယ်"
"ဒီသတိပေးချက်ကို မလိုက်နာတဲ့သူကတော့ ကို့ဘာသာ အကျိုးဆက်ကို ခံယူကြရုံပဲ"
ဤကဲ့သို့ သတိပေးရခြင်းအကြောင်းမှာ ယခင်က ထိုသို့သော သာဓကများ ရှိခဲ့ဖူးခြင်းကြောင့် ဖြစ်၏။
အချို့သော အင်အားကြီးမားပြီး ဩဇာညောင်းလှသော မိသားစုကြီးများက ဝိညာဉ်စမ်းရေတွင်း၏ ရေကို ရရှိကာ သူတို့၏ သားသမီးများကို သန့်စင်ပေးခဲ့ကြသည်။
သို့သော် ဝိညာဉ်စမ်းရေ၏ စွမ်းရည်ကို သိရှိသွားပြီးနောက် အချို့သောသူများမှာ အတောမသတ်နိုင်သော လောဘစိတ်ကြောင့် ထပ်မံ၍ ကြိုးစားခဲ့ကြရာ နောက်ဆုံးတွင် ဆိုးရွားလှသော အကျိုးဆက်များကို ကြုံတွေ့ခဲ့ကြရသည်။
အမှန်ပင်။
လမ်းပြအစေခံ၏ စကားသံအဆုံး၌ပင် အချို့သောသူများ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်သန့်စင်ကန်များ၏ အနီးအနားမှနေ၍ တိတ်ဆိတ်စွာ နောက်ဆုတ်သွားခဲ့ကြသည်။
၎င်းတို့အားလုံးမှာ ယခင်က ဝိညာဉ်စမ်းရေတွင်းဖြင့် သန့်စင်ခြင်းကို ခံယူဖူးပြီးသား ပါရမီရှင်များဖြစ်ကြရာ ယခုအခါတွင်မူ လက်လျှော့လိုက်ကြရုံမှတစ်ပါး အခြားမရှိပေ ။
သို့သော်လည်း ဤကဲ့သို့သော အခွင့်အရေးကြီးတစ်ခုက သူတို့၏ လက်ထဲမှ လျှောကျသွားခြင်းကို မည်သူမဆို လက်ခံရန် ခက်ခဲလှပေသည်။
ထို့ကြောင့် ၎င်းတို့ထဲမှ တစ်ဦးက စတင်၍ မေးလိုက်၏။
"တကယ်လို့ ကျွန်တော်တို့ကိုယ်တိုင် ဝင်သန့်စင်လို့ မရဘူးဆိုရင် ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ ဝိညာဉ်စမ်းရေဝေစုကို အပြင်ကို ယူသွားလို့ ရပါသလား"
ဤစကားကို ကြားလျှင် နောက်ဆုတ်သွားခဲ့ကြသော လူအနည်းငယ်မှာ မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် လမ်းပြကို စိုက်ကြည့်လိုက်ကြတော့သည်။
"ရတာပေါ့"
လမ်းပြအစေခံမှာ အထက်မှ အမိန့်ရရှိထားပြီးသားဖြစ်ပုံရရာ မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ၎င်းတို့၏ တောင်းဆိုမှုကို သဘောတူပေးလိုက်သည်။
ထိုလူအနည်းငယ်မှာ အတိုင်းထက်အလွန် ဝမ်းမြောက်သွားကြပြီး ချက်ချင်းပင် သူတို့၏ ရတနာပစ္စည်းများကို ထုတ်ယူကာ ၎င်းတို့ရရှိမည့် ဝိညာဉ်စမ်းရေဝေစုကို စုပ်ယူသိမ်းဆည်းလိုက်ကြတော့၏။
၎င်း၏ အာနိသင်မှာ ကန်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်စိမ်သည်ကို မမှီနိုင်သော်လည်း ဘာမှမရရှိဘဲ ပြန်ရသည်နှင့် နှိုင်းယှဉ်လျှင် ၎င်းတို့အနေဖြင့် ကျေနပ်လှပေပြီ။
ကျန်ရှိနေသော တခြားသူများမှာမူ လမ်းပြအစေခံ စကားပြောပြီးသည်နှင့် စိတ်မထိန်းနိုင်ကြတော့ဘဲ အနီးနားရှိ ရေကန်တစ်ခုစီကို ရှာဖွေကာ ဝုန်းခနဲ ခုန်ဝင်လိုက်ကြတော့သည်။
၎င်းနောက် တစ်ဦးပြီးတစ်ဦး ခန္ဓာကိုယ်သန့်စင်ကန်များအတွင်းသို့ အသီးသီး ဝင်ရောက်သွားကြတော့၏။
ဤနေရာ၌ ရေကန်ပေါင်း ဒါဇင်ချီ၍ ရှိနေသဖြင့် လူတစ်ဦးလျှင် ကန်တစ်ခုစီ သီးသန့်အသုံးပြုရန် လုံးဝ လုံလောက်လှပေသည်။
ရှုချွမ်းကလည်း ဤနင်မျိုးနွယ်စု ဝိညာဉ်စမ်းရေတွင်း၏ ဆန်းကြယ်မှုကို ခံစားကြည့်ရန်အတွက် အတွင်းသို့ ဝင်ရန် ပြင်ဆင်လိုက်သည်။
ထို့အတူ ဤစမ်းရေတွင်းအတွင်း၌ တည်ရှိနေသော ချူဖန်ပိုင်ဆိုင်ရမည့် အခွင့်အရေးကြီးဖြစ်သည့် စမ်းရေတွင်း၏ အနှစ်သာရကိုလည်း ရှာဖွေရပေဦးမည်။
သို့သော်လည်း ဤနေရာတွင် ရေကန်များစွာ ရှိနေသဖြင့် ရှုချွမ်းမှာ မည်သည့်နေရာမှ စတင်၍ ရှာဖွေရမည်ကို မသိဘဲ အနည်းငယ် အခက်တွေ့နေခဲ့ရသည်။
ရှုချွမ်း စိတ်ဝင်စားနေသည့်အရာမှာ အထက်ဘက်အကျဆုံးနေရာတွင် တည်ရှိနေသော ပင်မကန်ကြီး ဖြစ်ပေသည်။
ထိုကန်ကြီးမှာ အောက်ဘက်ရှိ ရေကန်အားလုံး၏ မြစ်ဖျားခံရာ ဇာစ်မြစ်ဖြစ်သဖြင့် ထိုကန်အတွင်းရှိ ဝိညာဉ်စမ်းရေမှာ သေချာပေါက် ပို၍ အစွမ်းထက်မည် ဖြစ်၏။
သို့သော် အစကတည်းက လမ်းပြအစေခံသည် ထိုကန်ကြီးအကြောင်းကို တစ်ချက်မျှ ထည့်မပြောခဲ့သဖြင့် တခြားသူများကို ဝင်ခွင့်မပြုလိုကြောင်း ထင်ရှားလှပေသည်။
ထို့ပြင် ရှုချွမ်းက ထိုကန်ကြီး၏ ပတ်ပတ်လည်တွင် အစွမ်းထက်သော အစီအရင်တစ်ခုဖြင့် ကာကွယ်ထားကြောင်းကိုလည်း ကောင်းစွာ အာရုံခံမိသည်။
သူ၏ လက်ရှိကျင့်ကြံခြင်းနယ်ပယ်ဖြင့် ထိုအစီအရင်ကို ချိုးဖျက်ရန် လုံးဝ မဖြစ်နိုင်ပေ ။
ဒါက ရှုချွမ်းကို အနည်းငယ် နှမြောတောင့်တမိစေသည်။
သို့သော်လည်း မကြာမီအချိန်အတွင်း သူ၏ နှမြောတောင့်တမှုများ ပျောက်ကွယ်သွားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် နင်ယို့ချီက စတင်၍ လှုပ်ရှားလိုက်ခြင်းကြောင့် ဖြစ်သည်။
"ဒီအောက်က ရေကန်တွေရဲ့ ရေအရည်အသွေးက သာမန်ပါပဲ... ကျွန်မ ရှင့်ကို ပင်မကန်ကြီးဆီ ခေါ်သွားပေးမယ်"
ပြောပြီးသည်နှင့် နင်ယို့ချီက ရှုချွမ်းကို ဆွဲခေါ်ကာ ထိုပင်မကန်ကြီးဆီသို့ တိုက်ရိုက် ဦးတည်လျှောက်လှမ်းသွားခဲ့တော့သည်။
ကန်အနားသို့ ရောက်ရှိချိန်တွင် နင်ယို့ချီက သူမ၏ တော်ဝင်တိုကင် ကို ထုတ်ယူကာ အကာအကွယ်အစီအရင်ကို တိုက်ရိုက်ပင် ဖွင့်လိုက်ပြီး ရှုချွမ်းကို အတွင်းသို့ ခေါ်ဆောင်သွားခဲ့တော့၏။
ဤမြင်ကွင်းက ပတ်ဝန်းကျင်ရှိ ပါရမီရှင်များအားလုံးကို အားကျမနာလိုစိတ်များဖြင့် ပြည့်နှက်သွားစေခဲ့တော့သည်။ ထိုပင်မခန္ဓာကိုယ်သန့်စင်ကန်၏ စွမ်းရည်မှာ အဆမတန် ထူးခြားဆန်းပြားကြောင်း လူတိုင်း သိရှိကြသော်လည်း ၎င်းတို့မှာ ငေးကြည့်ရုံမျှသာ တတ်နိုင်ပြီး ဝင်ရောက်ခွင့် မရှိကြပေ ။
ယခုအခါ ရှုချွမ်းက နင်ယို့ချီ၏ ဦးဆောင်မှုဖြင့် ၎င်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားနိုင်သည်ကို မြင်လျှင် ၎င်းတို့အနေဖြင့် မည်သို့လျှင် အားမကျဘဲ နေနိုင်ပါမည်နည်း။
"ကဲ... စီနီယာအစ်ကို ရှုချွမ်း၊ ကန်ထဲကို ဝင်လိုက်တော့လေ" နင်ယို့ချီက ပြောလိုက်သည်။
သူမက လွန်ခဲ့သောအချိန်ကတည်းက ဤပင်မကန်အတွင်း၌ သန့်စင်ခြင်းကို ခံယူဖူးပြီးသားဖြစ်ရာ ယခုအခါ သူမအတွက် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိတော့ပေ ။
သူမ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ရှုချွမ်းကို အဖော်ပြုပေးရန်အတွက်သာ ဖြစ်သည်။
ရှုချွမ်းက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ... ကို ဝင်ပြီ"
သူ ပြော ကာ အကြီးမားဆုံးသော ထိုပင်မခန္ဓာကိုယ်သန့်စင်ကန်ကြီးအတွင်းသို့ ဝုန်းခနဲ ခုန်ဝင်လိုက်တော့သည်။
သူ ရေထဲသို့ ရောက်ရှိပြီး အောက်ဘက်သို့ နစ်မြုပ်သွားချိန်တွင် ရှုချွမ်းက အဆုံးစွန်သော သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရ၏။
ဤအခိုက်အတန့်တွင် သူက အကန့်အသတ်မဲ့လှသော သမုဒ္ဒရာကြီးအတွင်း၌ ကူးခတ်နေသည့် ငါးကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့ရပြီး နူးညံ့လှသော ရေလှိုင်းလေးများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အဆက်မပြတ် ဆေးကြောပေးနေသကဲ့သို့ ခံစားရစေသည်။
သူ၏ ခြေလက်အင်္ဂါများနှင့် အရိုးအဆစ်များအားလုံး ပွင့်သွားခဲ့ရပြီး ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များအားလုံးလည်း ပွင့်ဟလျက် လျှော့ချသွားခဲ့ကြ၏။
ကောင်းကင်နှင့်မြေကြီး ၏ မူလချီများက သူ၏ သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းဖြင့် စီးဝင်လာခဲ့ကြပြီး အလွန်တရာ တည်ငြိမ်ခိုင်မာနေခဲ့ပြီးသားဖြစ်သော သူ၏ အခြေခံအုတ်မြစ်ကြီးမှာပင် ဤအခြေအနေအောက်၌ သိသိသာသာ ပြောင်းလဲလျက် အဆက်မပြတ် ဆေးကြောသန့်စင်ခြင်းကို ခံရတော့သည်။