အခန်း (၁၈၃-၁၈၄)
Vol. 19 Ch. 183-184
အခန်း (၁၈၃) ဝိညာဉ်ကန်အတွင်း ဆေးကြောသန့်စင်ခြင်း၊ မူလရေကမ္ဘာ
ခန္ဓာကိုယ်သန့်စင်ကန်အတွင်း၌ ရှုချွမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြည်လင်တောက်ပသော အလင်းတန်းများ ဖြာထွက်နေပြီး ပတ်ဝန်းကျင်သို့ ပျံ့လွင့်နေခဲ့သည်။
ရှုချွမ်း၏ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းနှင့် ပိုမိုပြည့်စုံအသက်ဝင်လာခဲ့၏။
၎င်းကို မြင်လျှင် ရှုချွမ်းက သူ၏ ကျင့်စဉ်ကို အပြည့်အဝ လည်ပတ်စေကာ ကောင်းကင်နှင့်မြေကြီး ၏ မူလချီများနှင့် ဝိညာဉ်စမ်းရေတွင်းထဲမှ ထူးခြားသော ဒြပ်စင်များကို စုပ်ယူလိုက်တော့သည်။
သုံးရက်မျှ ကြာမြင့်သွားပြီးနောက်တွင်မှ ရှုချွမ်းက သူ၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားကြောင်း ခံစားလိုက်ရသည်။
သူ မည်မျှပင် ကြိုးစား၍ စုပ်ယူစေကာမူ ဤဝိညာဉ်စမ်းရေထံမှ မည်သည့်အကျိုးကျေးဇူးမျှ ထပ်မံမရရှိနိုင်တော့ပေ။
ဤအခိုက်အတန့်တွင် ဝိညာဉ်စမ်းရေဖြင့် သန့်စင်ခြင်းခံထားရသော ရှုချွမ်း၏ ခန္ဓာကိုယ်မှာ နောက်ထပ် အထွတ်အထိပ်အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး သူ၏ အခြေခံအုတ်မြစ်မှာလည်း ပို၍ပင် ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။
သူက သူ၏ လက်ရှိကျင့်ကြံခြင်းနယ်ပယ်၌ ရရှိနိုင်သော အကြွင်းမဲ့ အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိရန် နီးကပ်သွားခဲ့ချေပြီ။
ရှုချွမ်းတွင် မည်သည့်နှမြောတောင့်တမှုမျှ မရှိတော့ဘဲ ကျင့်ကြံခြင်းကို ရပ်တန့်ကာ မတ်တတ်ရပ်လိုက်တော့သည်။
နောက်တစ်ဆင့်အနေဖြင့် အရေးကြီးသောအလုပ်ကို စတင်ရပေတော့မည်။
ရှုချွမ်းက စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။
'ချူဖန်ရဲ့ အခွင့်အရေးကြီးက အတိအကျ ဘယ်နေရာမှာ ရှိနေတာလဲမသိဘူး'
'ဘာပဲဖြစ်ဖြစ်... ဒီဝိညာဉ်စမ်းရေတွင်းတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ရှာရပါစေဦး၊ အဲဒီ စမ်းရေတွင်းရဲ့ မူလ ကိုတော့ သေချာပေါက် ရှာဖွေရမယ်'
ထိုအရာက ပါရမီအရည်အသွေးကို မြှင့်တင်ပေးနိုင်သော နတ် ရတနာတစ်ပါးဖြစ်ရာ ယခုလက်ရှိ သာမန်ဝိညာဉ်စမ်းရေနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်ပေ။
ရှုချွမ်းက ဤစမ်းရေတွင်း၏ မူလ ကို သေချာပေါက် ရှာဖွေတွေ့ရှိရမည်ဟု စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။
လက်ရှိတွင် သူ၏ကျင့်ကြံခြင်းမှာ သာမန်ပါရမီရှင်များထက် များစွာကျော်လွန်နေပြီး ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး၏ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ရှုချွမ်း၏ စိတ်ထဲတွင် အမြဲတစေ အနှောင့်အယှက်ဖြစ်စေသော အရာတစ်ခု ရှိနေခဲ့သေး၏။
၎င်းမှာ သူ၏ ပါရမီအရည်အသွေးပင် ဖြစ်သည်။
သူ၏ ပါရမီကို 'ပြိုင်ဘက်ကင်း'အဆင့်အထိ မြှင့်တင်ပြီးကတည်းက ရှုချွမ်း၏ ပါရမီအရည်အသွေးမှာ မည်သည့်ပြောင်းလဲမှုမျှ ရှိမနေခဲ့တော့ပေ။
ဤအဆင့်မှာ အလွန်တရာ အစွမ်းထက်ပြီး အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ထိပ်တန်းစာရင်းဝင် ဖြစ်နေခဲ့သော်လည်း ဤမျှလောက်နှင့်တင် မလုံလောက်သေးပေ။
ကျန်ရှိသော အခြားဒေသကြီးလေးခုတွင် သူထက်မြင့်မားသော ပါရမီအရည်အသွေးရှိသည့် ပါရမီရှင်များ သေချာပေါက် ရှိနေနိုင်သည်။
ထို့အပြင် မဟာကမ္ဘာ၏ အပြင်ဘက်ကမ္ဘာထဲတွင်မူ သူထက်သာလွန်သော ပါရမီရှင်များမှာ ရေတွက်၍ပင် မရနိုင်လောက်အောင် ရှိနေကြမည်ဖြစ်ရာ တွေးနေရန်ပင် မလိုတော့ပေ။
ထို့ကြောင့် ဤဝိညာဉ်စမ်းရေတွင်းထဲရှိ စမ်းရေတွင်း၏ မူလ ကို ရှုချွမ်းအနေဖြင့် သေချာပေါက် လက်ဝယ်ပိုင်ဆိုင်ရမည် ဖြစ်သည်။
ထိုသို့တွေးပြီးနောက် ရှုချွမ်းမှာ တုံ့ဆိုင်းမနေတော့ဘဲ လှုပ်ရှားလိုက်ကာ ဤဝိညာဉ်စမ်းရေတွင်း၏ ဗဟိုချက်ဆီသို့ ဦးတည်လိုက်တော့သည်။
ဤစမ်းရေတွင်း၏ မူလက ဝိညာဉ်စမ်းရေတွင်းအတွင်းမှ မွေးဖွားလာခြင်းဖြစ်သဖြင့် စမ်းရေတွင်း၏ မြစ်ဖျားခံရာ ဇာစ်မြစ်မှ စတင်ရှာဖွေလျှင် သေချာပေါက် လွဲချော်မည်မဟုတ်ပေ။
အကယ်၍ ကံကောင်းခဲ့လျှင် အလွန်လွယ်ကူစွာပင် ရှာတွေ့နိုင်ပေလိမ့်မည်။
ဒါက သူ၏ ကံတရားပေါ်တွင်သာ မူတည်ပေသည်။
ရှုချွမ်းက ဝိညာဉ်စမ်းရေ စီးဆင်းရာလမ်းကြောင်းအတိုင်း အောက်ဘက်သို့ ပို၍ နက်ရှိုင်းစွာ ငုပ်လျှိုးဆင်းသွားခဲ့သည်။
သို့သော် ဤနေရာက အောက်ခြေမရှိသကဲ့သို့ ဖြစ်နေပြီး ရှုချွမ်းတစ်ယောက် မည်မျှအထိ ငုပ်ဆင်းခဲ့သည်မသိသော်လည်း ဝိညာဉ်စမ်းရေ၏ မြစ်ဖျားခံရာကိုမူ မြင်တွေ့ရခြင်း မရှိသေးပေ။
ထို့ပြင် ပိုမိုနက်ရှိုင်းစွာ ငုပ်ဆင်းလေလေ ရှုချွမ်းအနေဖြင့် ပြင်းထန်သော ဖိအားတစ်ခုကို တဖြည်းဖြည်း ခံစားလာရလေလေ ဖြစ်သည်။ ပို၍ နက်ရှိုင်းလေ၊ ဖိအားက ပို၍ ကြီးမားလေ ဖြစ်၏။
အတန်ကြာ အချိန်ကုန်ဆုံးသွားပြီးနောက် ရှုချွမ်းက ပြူးထွက်နေသော ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရပ်တန့်လိုက်သည်။
အောက်ဘက်ရှိ ရေကန်အောက်ခြေမှာမူ အတိုင်းအဆမရှိ နက်ရှိုင်းနေဆဲပင်။
ရှုချွမ်းမှာ အသက်ကို ပြင်းပြင်းရှူသွင်းရင်း သူ၏ ခွန်အားများကို ပြန်လည်ဖြည့်တင်းရန် ယွမ်ကျောက်တုံးတစ်တုံးကို ကိုင်ထားလိုက်သည်။
ဤမျှလောက် နက်ရှိုင်းသောနေရာ၏ ဖိအားကို ရှုချွမ်းကိုယ်တိုင်ပင် တောင့်ခံရန် အနည်းငယ် ခက်ခဲလာခြင်း ဖြစ်သည်။
တစ်နာရီခန့်အထိ အပြည့်အဝ အနားယူပြီးနောက်တွင်မှ ရှုချွမ်းက ခွန်အားများ ပြန်လည်ပြည့်ဝလာခဲ့သည်။
သူက ဝိညာဉ်စမ်းရေတွင်း၏ မသိရသေးသော မြစ်ဖျားခံရာဆီသို့ ဆက်လက်၍ နက်ရှိုင်းစွာ စူးစမ်းငုပ်လျှိုးသွားခဲ့ပြန်သည်။
နောက်ထပ် အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ အရပ်မျက်နှာအနှံ့မှ ရိုက်ခတ်လာသော ဖိအားများကို ရှုချွမ်းတစ်ယောက် လုံးဝ တောင့်မခံနိုင်တော့မည့် ဆဲဆဲအချိန်တွင် အောက်ဘက်မှ အလင်းစက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ရှုချွမ်း၏ အာရုံကို ဖမ်းစားလိုက်တော့သည်။
ထိုအလင်းရောင်ကို မြင်လိုက်ရချိန်တွင် ရှုချွမ်း၏ မျက်ဝန်းများ တောက်ပသွားခဲ့ပြီး စိတ်ထဲတွင် ဝမ်းမြောက်မှုများ ပြည့်နှက်သွားခဲ့ရသည်။
နောက်ဆုံးတော့ သူ မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရချေပြီ။
အကယ်၍သာ ထပ်မံ၍ ရှာမတွေ့ခဲ့ပါက ရှုချွမ်းအနေဖြင့် လက်လျှော့လိုက်တော့မည် ဖြစ်သည်။
စမ်းရေတွင်း၏ မူလ က ဤရေကန်ထဲတွင် မရှိခြင်းများ ဖြစ်နေမလားဟုပင် တွေးမိတော့မည့် အခြေအနေ ဖြစ်သည်။
ရှုချွမ်းက အမြန်နှုန်း ကို ရုတ်တရက် မြှင့်တင်လိုက်ပြီး ထိုအလင်းရောင်ဆီသို့ ဦးတည်လိုက်တော့၏။
သူ ထိုအလင်းရောင်ကို ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ရှုချွမ်းက သူ၏ အမြင်အာရုံများ ဝေဝါးသွားခဲ့ရပြီး ပတ်ဝန်းကျင်မြင်ကွင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
၎င်းနောက် အဆုံးမရှိသော လိမ့်ပတ်ချာလည်မှုများ ဖြစ်ပေါ်လာခဲ့ရာ ရှုချွမ်း၏ သန်မာ လှသော ခွန်အားဖြင့်ပင် စိတ်မထိန်းနိုင်ဘဲ ခေါင်းမူးနောက်ကာ အော့အန်ချင်စိတ်များ ပြင်းထန်စွာ ပေါ်ပေါက်လာခဲ့ရသည်။
မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်ချိန်တွင် ရှုချွမ်းကို ကြိုဆိုနေသည်မှာ ကမ္ဘာသစ်တစ်ခု ဖြစ်ပေသည်။
ရေများသာရှိသည့် မြေအောက်ရေကမ္ဘာကြီးတစ်ခုပင်
ဤရေပြင်များမှာ အပြင်ရှိ ဝိညာဉ်စမ်းရေများနှင့် ခြားနားခြင်းမရှိသည့်အပြင် ၎င်းအတွင်း၌ ပါဝင်သော ကောင်းကင်နှင့်မြေကြီး ၏ မူလချီများနှင့် ထူးခြားသော ဒြပ်စင်များမှာ ပို၍ပင် ကြွယ်ဝပြည့်စုံနေသေးသည်။
တကယ်တော့ ခန္ဓာကိုယ်သန့်စင်ကန်အတွင်းရှိ ရေများမှာ ဤကမ္ဘာကြီးထဲမှနေ၍ စီးထွက်သွားခြင်း ဖြစ်ပေသည်။
ထို့ပြင် ရှုချွမ်း အစောပိုင်းက မြင်တွေ့ခဲ့ရသော အလင်းရောင်မှာ ဤကမ္ဘာကြီးနှင့် ခန္ဓာကိုယ်သန့်စင်ကန်တို့ကို ဆက်သွယ်ပေးထားသည့် ဆုံမှတ်တစ်ခုဖြစ်ပြီး 'ရေမျက်စိ'ဟုလည်း ခေါ်ဆိုနိုင်သည်။
ရှုချွမ်းက သူရှာဖွေနေသော စမ်းရေတွင်း၏ မူလ မှာ ဤကမ္ဘာကြီးထဲတွင် ရှိနေမည်ဟု ကြိုတင်အာရုံရလိုက်သည်။
ဤသည်က ရှာပုံတော်ဖွင့်စဉ်က မတွေ့ဘဲ ဘာမှမရည်ရွယ်ဘဲ ရှာဖွေမိချိန်တွင်မှ အလွယ်တကူ ကံထူးသွားခြင်းမျိုးပင် မဟုတ်ပါလော။
ရှုချွမ်းမှာ စိတ်ထဲတွင် အနည်းငယ် ရင်လှုပ်ရှားသွားခဲ့ရသည်။
အတန်ကြာ စဉ်းစားပြီးနောက် ရှုချွမ်းက ရွှမ်လျဲ့ကို အပြင်သို့ ထုတ်လိုက်သည်။
ဆန်းကြယ် လှသော ကမ္ဘာသစ်တစ်ခု ဖြစ်သဖြင့် မည်သည့်အန္တရာယ်မျိုး ရှိနေမည်ကို မသိနိုင်ရာ ဘေးကင်းစေရန်အတွက် သူ၏ ကိုယ်ရံတော်ကြီးကို အပြင်သို့ ထုတ်ထားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သူ့ကိုယ်သူ ဘေးကင်းအောင် ကာကွယ်ခြင်းလည်း ဖြစ်သည်။
ရွှမ်လျဲ့ အပြင်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ရှုချွမ်းကို စတင်၍ ညည်းတွားတော့သည်။
"ကောင်လေးရှု... မင်းက တကယ့်ကို သစ္စာမရှိတဲ့ကောင်ပဲ။ ငါ့ကို မင်းနဲ့အတူ ခေါ်သွားမယ်လို့ ပြောပြီးတော့ အဲဒီ ရှေးဟောင့း ရွှေရောင်နန်းတော်ကြီးထဲမှာ ဒီလောက်တောင် ကြာအောင် ပိတ်လှောင်ထားရလား"
ရှုချွမ်းက သူ့ကို ရှေးဟောင်း နန်းတော်ကမ္ဘာထဲတွင် ပိတ်လှောင်ထားခဲ့သဖြင့် ရွှမ်လျဲ့မှာ ပျင်းလွန်း၍ ရူးမတတ် ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။
ယခင်ကဆိုလျှင် သူ ဘာမှလုပ်စရာမရှိသည့်အချိန်၌ အိပ်စက်နေနိုင်သော်လည်း ယခုအခါတွင်မူ နန်ချန်းယုနှင့် ထားရှိခဲ့သော ကတိကို ဖြည့်ဆည်းရန်အတွက် သူ အနည်းငယ်မျှပင် လက်လွတ်စပယ် မနေရဲပေ။
သို့သော်လည်း ရှုချွမ်းက လွန်ခဲ့သောရက်အနည်းငယ်အတွင်း ပြိုင်ဘက်ကင်း အင်အားကြီးပုဂ္ဂိုလ်များ ရှိနေသည့်နေရာများသို့ လှည့်လည်သွားလာနေခဲ့သဖြင့် လူမိမခံရစေရန်အတွက် သူက ထို ရှေးဟောင်း နန်းတော်ကမ္ဘာထဲတွင်သာ အောင့်အည်း၍ နေခဲ့ရသည်။
"ကဲပါ... လျှောက်ညည်းမနေနဲ့တော့၊ ဒီနေရာမှာ ဘာအန္တရာယ်ရှိလဲဆိုတာ သေချာ ကြည့်စမ်းဦး"
ရှုချွမ်းက ကြားဖြတ်၍ ပြောလိုက်သည်။
လိပ်ကြီးတစ်ကောင် စိတ်ကောက်နေသည်ကို သူ ထိုင်ကြည့်မနေချင်ပေ။
ထိုစကားကို ကြားလျှင် ရွှမ်လျဲ့က စိတ်ကောက်ခြင်းကို ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို စတင်၍ စူးစမ်းကြည့်လိုက်တော့သည်။
အစောပိုင်းက သူက ရှုချွမ်းကိုသာ အပြစ်တင်ရန် အာရုံစိုက်နေခဲ့သဖြင့် ပတ်ဝန်းကျင်အခြေအနေကို မကြည့်ရသေးပေ။
သူ သေချာကြည့်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့ရတော့၏။
"ကောင်လေးရှု... မင်း တကယ်ပဲ ဒီနေရာကို ရောက်လာတာလား"
၎င်းကို ကြားလျှင် ရှုချွမ်းက ချက်ချင်းပင် ခေါင်းလှည့်ကာ မေးလိုက်သည်။
"မင်း ဒီနေရာကို သိတာလား"
အကယ်၍ ရွှမ်လျဲ့သာ ဤနေရာက ဘာလဲဆိုသည်ကို သိရှိပါက နောက်ဆက်တွဲကိစ္စများမှာ များစွာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။
ရှုချွမ်းက သူ့ကို မေးမြန်းသည်ကို မြင်လျှင် ရွှမ်လျဲ့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"သေချာတာပေါ့... ငါ သိတာပေါ့၊ ဒီနေရာက ငါတို့ ရေမျိုးနွယ်စုရဲ့ မြင့်မြတ်နယ်မြေပဲ"
"ဆက်ပြော"
ရွှမ်လျဲ့က စကားကို တစ်ဝက်နှင့် ရပ်တန့်လိုက်သည်ကို မြင်သဖြင့် ရှုချွမ်းက တိုက်တွန်းလိုက်သည်။
လူတွေက ဘာဖြစ်လို့ စကားကို တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်ကာ လူကို ရင်ခုန်အောင် လုပ်ရသည်ကို ဝါသနာပါနေကြသနည်း။
ရွှမ်လျဲ့က ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်လက်၍ ရှင်းပြသည်။
"ဒီနေရာကို 'မူလ ရေကမ္ဘာ' လို့ ခေါ်တယ်၊ ငါတို့ ရေမျိုးနွယ်စုရဲ့ စီနီယာကြီးတစ်ဦးဖြစ်တဲ့ 'အနန္တမူလ ရေမိခင်'က ဖန်တီးတည်ဆောက်ခဲ့တာပဲ"
"ဒီကမ္ဘာထဲမှာ ကုန်းမြေရယ်လို့ မရှိဘဲ ရေထုသက်သက်ပဲ ရှိတာကြောင့် ရေမျိုးနွယ်စုတွေအတွက်တော့ နိဗ္ဗာန်ဘုံပဲပေါ့၊ ရေမျိုးနွယ်စုဝင်တိုင်းရဲ့ ဘဝသက်တမ်းတစ်လျှောက် အကြီးမားဆုံး အိပ်မက်ကတော့ မူလရေကမ္ဘာထဲကို ဝင်ရောက်ခွင့်ရဖို့ပဲ၊ ဒါပေမဲ့ သူတို့ထဲက အများစုကတော့ ဘဝတစ်ခုလုံး ရှာဖွေရင်တောင် အဝင်ဝကို ရှာမတွေ့ကြဘူး။ ငါကိုယ်တိုင်တောင် မျိုးရိုးစဉ်ဆက် မှတ်ဉာဏ်တွေထဲမှာပဲ မြင်ဖူးတာ၊ အပြင်မှာ တကယ် မရောက်ဖူးဘူး။ ကောင်လေးရှု... မင်းက အဝင်ဝကို ရှာတွေ့ပြီး ဒီကမ္ဘာထဲအထိ ရောက်အောင် ဝင်နိုင်ခဲ့လိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး"
ရှုချွမ်းက ဤစကားကို ကြားရလျှင် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
မျက်စိတစ်ဆုံး ရေပြင်များသာ ရှိနေသော ဤကမ္ဘာကြီးတွင် ဤမျှလောက် ကြီးမားလှသော နောက်ခံရာဇဝင် ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။
"ပြီးတော့ကော... ဒီကမ္ဘာက ဘာတွေ ထူးခြားလို့ မင်းတို့ ရေမျိုးနွယ်စုရဲ့ မြင့်မြတ်နယ်မြေ ဖြစ်ရတာလဲ"
ရှုချွမ်းက လိုချင်သောပန်းတိုင်ကို မရမချင်း လက်မလျှော့မည့် ပုံစံမျိုးဖြင့် ဆက်၍ မေးလိုက်သည်။
"မူလရေကမ္ဘာထဲမှာ အမျိုးမျိုးသော ရေဝိညာဉ် တွေနဲ့ ဝိညာဉ်ငါးတွေ ပြည့်နှက်နေတယ်။ အဲဒါတွေကို စားလိုက်ရင် ကျင့်ကြံခြင်းနယ်ပယ်ကို တိုးတက်စေရုံတင်မကဘဲ သွေးမျိုးဆက်ကိုပါ ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီကို ဆင့်ကဲပြောင်းလဲစေနိုင်တယ်"
"ဒါ့အပြင် ဒီမူလရေကမ္ဘာထဲမှာ ကျင့်ကြံမယ်ဆိုရင် ရေမျိုးနွယ်စုတွေရဲ့ ကျင့်ကြံခြင်းအမြန်နှုန်း က အပြင်ကမ္ဘာထက် အနည်းဆုံး နှစ်ဆလောက် ပိုမိုမြန်ဆန်လိမ့်မယ်"
"နောက်ပြီး ဒီနေရာမှာ အငြင်းပွားမှုတွေ လုံးဝမရှိသလောက် ရှားပါးပြီး ပဋိပက္ခတွေလည်း ဖြစ်ပွားလေ့မရှိဘူး။ ဒါကြောင့်မို့လို့ ဒါက ရေမျိုးနွယ်စုဝင်အားလုံး စိတ်ကူးယဉ် အမျှော်လင့်ဆုံး မြင့်မြတ်နယ်မြေ ဖြစ်နေရတာပေါ့"
ရွှမ်လျဲ့၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင်မှ ရှုချွမ်းက ဤမူလရေကမ္ဘာအကြောင်းကို အနည်းငယ် နားလည်သဘောပေါက်သွားခဲ့တော့သည်။
"ဒါဆိုရင်တော့... စမ်းရေတွင်းရဲ့ မူလ က ဒီကမ္ဘာကြီးထဲမှာ သေချာပေါက် ရှိနေမှာပဲ"
အခန်း (၁၈၄) နဂါးတံခါးကို ကျော်ဖြတ်သော ငါး၊ စမ်းရေတွင်း၏ မူလ
“ငါ စမ်းရေတွင်းရဲ့ မူလ ကို ရှာနေတာ... မင်း အဲဒါကို ရှာပေးနိုင်မလား” ရှုချွမ်းက ရွှမ်လျဲ့ကို မေးလိုက်သည်။
အကယ်၍ ရွှမ်လျဲ့သာ စမ်းရေတွင်း၏ မူလ တည်ရှိမှုကို အာရုံခံနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ရွှမ်လျဲ့က ခေါင်းခါပြကာ ငြင်းပယ်သည့် အဖြေကိုသာ ပေးခဲ့၏။
“ဒီမူလရေ ကမ္ဘာထဲမှာတော့ ရေဝိညာဉ်တွေနဲ့ ဝိညာဉ်ငါးတွေအားလုံးရဲ့ တည်ရှိမှုကို အာရုံခံလို့မရဘူး။ အရာအားလုံးက ကံတရားနဲ့ အခွင့်အလမ်းပေါ်မှာပဲ မူတည်တာ”
“မင်းရှာနေတဲ့ စမ်းရေတွင်းရဲ့ မူလ လည်း ထို့အတူပဲ ဖြစ်လိမ့်မယ်ထင်တယ်”
“ဒါဆိုရင်တော့ ဖြည်းဖြည်းချင်းပဲ ရှာရတော့မှာပေါ့... သွားကြစို့၊ အောက်ကို ဆင်းပြီး သွားကြည့်ရအောင်” ရှုချွမ်းက မတတ်သာဘဲ ခေါင်းခါလိုက်မိသည်။
သေချာတယ်၊ ဤကဲ့သို့သော နတ် ရတနာတစ်ပါးကို အလွယ်တကူ ရရှိနိုင်မည် မဟုတ်ပေ။
အကယ်၍သာ လွယ်လွယ်ကူကူ ရနိုင်မည်ဆိုပါက နတ် ရတနာဟု ခေါ်ဆိုလိမ့်မည် မဟုတ်ပါလော။
“ပွင့်စမ်း” ရှုချွမ်းက ခပ်တိုးတိုး အော်ဟစ်လိုက်လျှင် သူ၏ခြေဖဝါးအောက်ရှိ ရေမျက်နှာပြင်မှာ ချက်ချင်းပင် ဘေးဘယ်ညာသို့ ကွဲအက်သွားတော့သည်။
၎င်းနောက် ရှုချွမ်းက ရွှမ်လျဲ့၏ ကျောကုန်းပေါ်တွင် ထိုင်လိုက်ပြီး ရေအောက်သို့ ငုပ်လျှိုးဝင်ရောက်သွားခဲ့ရာ သူတို့၏ ပုံရိပ်မှာ ရေမျက်နှာပြင်ထက်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တော့သည်။
ရေထဲသို့ ရောက်ရှိသွားသည်နှင့် ပတ်ဝန်းကျင် အခြေအနေမှာ ထပ်မံ၍ သိသိသာသာ ပြောင်းလဲသွားခဲ့ပြန်သည်။
မြင်ကွင်းတစ်ခုလုံးမှာ ဆန်းပြားဆန်းကြယ်လှပြီး ရေထုကြီးမှာ အရောင်အသွေး စုံလင်လှသော အလင်းတန်းများကို ဖြာထွက်နေစေခဲ့၏။
ရွှမ်လိပ်ဖြစ်သော ရွှမ်လျဲ့ ရှိနေသဖြင့် ဤမျှလောက် နက်ရှိုင်းသော ရေအောက်ထဲတွင်ပင် ရှုချွမ်း၏ အဝတ်အစားများမှာ လုံးဝ စိုစွတ်ခြင်းမရှိဘဲ ခြောက်သွေ့နေခဲ့သည်။
ခါတိုင်းဆိုလျှင် ရှုချွမ်း တစ်ခါမျှ မမြင်ဖူးသော ဆန်းကြယ် လှသည့် ငါးမျိုးစုံမှာ သူတို့အနားမှ ဖြတ်သန်းကူးခတ်သွားကြ၏။
သို့သော်လည်း ဤကူးခတ်နေသော ငါးများမှာ ကြာကြာ အသက်မရှင်လိုက်ရဘဲ ရွှမ်လျဲ့၏ ပါးစပ်ကြီးအတွင်းသို့ အငမ်းမရ ဝါးမြိုခြင်းကို ခံလိုက်ကြရသည်။
“မင်း ဒီအတိုင်းပဲ ဆက်စားနေမယ်ဆိုရင် ဒီရေထဲက ငါးတွေအားလုံး မျိုးတုံးသွားလိမ့်မယ်” ရှုချွမ်းက စနောက်လိုက်သည်။
“မင်း ဘာသိလို့လဲ... ဒါတွေက ဝိညာဉ်ငါးတွေကွ၊ ကျင့်ကြံခြင်းအတွက် အများကြီး အထောက်အကူပြုတယ်။ ငါလို အဆင့်မျိုးအတွက် အသုံးမဝင်ဘူးဆိုပေမဲ့ အရသာကတော့ တကယ့်ကို ရှယ်ပဲ” ရွှမ်လျဲ့က ပြန်လည်ချေပလိုက်၏။
မူလရေကမ္ဘာသို့ ရောက်ရှိလာရန် မလွယ်ကူလှသဖြင့် သူ အဝအပြဲ စားသောက်ရပေမည်။
အပြင်ကမ္ဘာတွင်မူ သူ ဤကဲ့သို့ မြိန်ရှက်စွာ စားသုံးနိုင်ရန် ဤမျှလောက်များပြားသော ဝိညာဉ်ငါးများ မရှိပေ။
သို့သော်လည်း ရွှမ်လျဲ့ စားသုံးမှု များပြားလာသည်နှင့်အမျှ ဤဝိညာဉ်ငါးများသည်လည်း နိုးနိုးကြားကြား ရှိလာခဲ့ကြပြီး ရွှမ်လျဲ့ ရှိနေသည့်နေရာကို တိုက်ရိုက် ရှောင်ကွင်းသွားကြကာ ဤကပ်ဆိုးဘုရင်ကြီးကို လာ မဆွပေးကြတော့ပေ။
ရှုချွမ်းကမူ ၎င်းကို ဂရုမစိုက်ဘဲ ရွှမ်လျဲ့ကို ရေထဲတွင် ဦးတည်ချက်မရှိ လျှောက်သွားရန်သာ ညွှန်ကြားထားလိုက်သည်။
ရှုချွမ်းက အခွင့်အလမ်းရောက်ရှိလာပါက သူကိုယ်တိုင် တကူးတက လိုက်မရှာလျှင်ပင် ထိုအခွင့်အလမ်းက သူ့ထံသို့ အလိုအလျောက် ရောက်ရှိလာလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။
သို့သော်လည်း ရှုချွမ်းက အချိန်ဖြုန်းမနေခဲ့ပေ။
မူလရေကမ္ဘာအတွင်းရှိ ကောင်းကင်နှင့်မြေကြီး ၏ မူလချီမှာ အလွန်တရာ ကြွယ်ဝလှပြီး အထူးသဖြင့် ရေထုအတွင်း၌ သာ၍ပင် ထူးခြားလှသဖြင့် ကျင့်ကြံခြင်းအတွက် ရှားပါးလှသော မြင့်မြတ် နယ်မြေတစ်ခု ဖြစ်နေခဲ့သည်။
ဤရေထဲတွင် ကျင့်ကြံရခြင်းက ရှုချွမ်းအား အဆုတ်တစ်ခုလုံး အေးမြကြည်လင်သွားသကဲ့သို့ ခံစားရစေပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ ချွေးပေါက်များ ပွင့်ဟသွားကာ ဖော်ပြမတတ်အောင် သက်တောင့်သက်သာ ရှိစေခဲ့သည်။
သုံးရက်တာ ကုန်ဆုံးသွားပြီးနောက်တွင် ရွှမ်လျဲ့က ရှုချွမ်းကို ခေါ်ဆောင်ကာ မြေအောက်ကမ္ဘာ၏ နေရာအနှံ့နီးပါးသို့ စူးစမ်းလေ့လာခဲ့ပြီး ဖြစ်သည်။
လမ်းခရီးတစ်လျှောက်တွင် ရှုချွမ်းက ရေဝိညာဉ်များနှင့် ဝိညာဉ်ငါးများစွာကို ကြုံတွေ့ခဲ့ရ၏။
သူက အချို့ကို အိတ်ထဲသို့ သိမ်းဆည်းခဲ့ပြီး ကျန်ရှိသောအရာများကိုမူ ရွှမ်လျဲ့က ဝါးမြိုပစ်ခဲ့သည်။
သို့သော်လည်း စမ်းရေတွင်း၏ မူလ ကိုမူ ယခုထက်တိုင် ရှာမတွေ့သေးပေ။
ဤသည်က ရှုချွမ်းကို အနည်းငယ် ပျင်းရိ ငြီးငွေ့လာစေပြီး စိတ်ပျက်မိစေသည်။
ကံကောင်းထောက်မစွာဖြင့် ဇွဲရှိသူက အောင်မြင်မြဲ ဖြစ်ပေရာ ရှုချွမ်းနှင့် ရွှမ်လျဲ့တို့ ဤနေရာတွင် စမ်းရေတွင်း၏ မူလ တကယ်ပဲ ရှိပါသလောဟု သံသယဝင်လာကြသည့် အချိန်၌ပင် ဆန်းကြယ် လှသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ကြတော့သည်။
ဤနေရာတွင် ရေအောက်ဂူကြီးတစ်ခု ရှိနေပြီး ၎င်းပတ်ပတ်လည်၌ ရေအောက်သတ္တဝါပေါင်း မြောက်မြားစွာ စုဝေးနေကြရာ ရေတစ်စက်ပင် တိုးမပေါက်နိုင်လောက်အောင် အလွန်တရာ အုံခဲနေကြပြီး တစ်ခုခုကို စောင့်ဆိုင်းနေကြသည့်ပုံစံ ရှိနေ၏။
ရုတ်တရက်ဆိုသလို ကောင်းကင်နှင့်မြေကြီး ၏ အဆုံးမဲ့လှသော မူလချီများက ထိုဂူကြီးထဲမှနေ၍ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဝိညာဉ်စမ်းရေ အမြောက်အမြားနှင့်အတူ ပန်းထွက်လာခဲ့တော့သည်။
၎င်းနောက်တွင် အနက်ရောင် အရိပ်တစ်ခုက ဂူထဲမှနေ၍ ဝုန်းခနဲ ပြေးထွက်လာခဲ့၏။
၎င်းမှာ ပေရာချီ ရှည်လျားလှသော ဧရာမ ငါးကြင်းကြီး တစ်ကောင် ဖြစ်ပေသည်။
ထိုငါးကြင်းကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် အထက်သို့ ခုန်တက်လိုက်ရာ ကောင်းကင်ယံ၌ တံခါးချပ် ကဲ့သို့သော အရာတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ငါးကြင်းကြီးက ထိုတံခါးကို ဖြတ်ကျော်နိုင်ရန် အတင်း ရုန်းကန်လှုပ်ရှားကာ ခုန်တက်ခဲ့သော်လည်း နှမြောစရာကောင်းစွာဖြင့် နောက်ဆုံးအဆင့်တွင် တံခါးကို မကျော်ဖြတ်နိုင်ဘဲ ရေထဲသို့ ပြန်လည်ကျဆင်းသွားခဲ့ရရှာသည်။
ထိုသို့ ခုန်တက်လိုက်ခြင်းက ၎င်း၏ ခွန်အားအားလုံးကို ကုန်ဆုံးသွားစေခဲ့ပုံရ၏။
ရေထဲသို့ ကျဆင်းသွားသည့် အခိုက်အတန့်တွင်ပင် ၎င်း၏ခန္ဓာကိုယ်မှာ ချက်ချင်း အပိုင်းပိုင်း ကွဲအက်သွားခဲ့တော့သည်။
၎င်းကို ကြိုတင်စောင့်ဆိုင်းနေကြသော ရေဝိညာဉ်များနှင့် ဝိညာဉ်ငါးမျိုးစုံတို့မှာ ချက်ချင်းပင် အလုအယက် ရှေ့သို့တိုးကာ ထိုငါးကြင်းကြီး၏ အကြွင်းအကျန်အားလုံးကို ဝါးမြိုပစ်ကြတော့၏။
“ဒါက... နဂါးငါးကြင်းလား”
“ဒီနေရာမှာ ဒီလိုအရာ ရှိနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး” ရွှမ်လျဲ့က ၎င်းကို မြင်လျှင် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိသည်။
ဤနဂါးငါးကြင်းဟူသည်မှာ မူလရေကမ္ဘာတစ်ခုလုံး၏ မူလ ပင် ဖြစ်ပေသည်။
ကောင်းကင်ယံရှိ နဂါးတံခါးကို ကျော်ဖြတ်နိုင်သရွေ့ ၎င်းက နာမ်ကမ္ဘာမှ ရုပ်ကမ္ဘာသို့ ကူးပြောင်းကာ 'ရေမူလ' အဖြစ်သို့ အသွင်ပြောင်းလဲသွားနိုင်စွမ်း ရှိသည်။
“ကောင်လေး... မင်းရှာနေတဲ့ စမ်းရေတွင်းရဲ့ မူလက ဒီနေရာမှာပဲ ရှိနေတာ ဖြစ်ရမယ်”
ရှုချွမ်းကလည်း ဤမြင်ကွင်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။
ဤမျှလောက် ကြာအောင် ရှာဖွေပြီးနောက် နောက်ဆုံးတော့ သူ သဲလွန်စအချို့ကို ရရှိခဲ့ချေပြီ။
နဂါးတံခါးကို ကျော်ဖြတ်နိုင်မည့် နဂါးငါးကြင်းတစ်ကောင် ပေါ်လာသရွေ့ သူရှာဖွေနေသော စမ်းရေတွင်း၏ မူလက သူ၏လက်ဝယ်သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်နှင့်အမျှ ထိုဂူထဲမှနေ၍ နဂါးငါးကြင်းများ ပိုမိုထွက်ပေါ်လာကြပြီး နဂါးတံခါးကို ကျော်ဖြတ်ရန် အသီးသီး ကြိုးပမ်းခဲ့ကြသည်။
သို့သော်လည်း ခြွင်းချက်မရှိဘဲ ၎င်းတို့အားလုံးမှာ နောက်ဆုံးခြေလှမ်းတွင်သာ ကျရှုံးခဲ့ကြရရှာ၏။
၎င်းတို့သည် နောက်ဆုံးတွင် ရေထဲရှိ သတ္တဝါများအတွက် အာဟာရအဖြစ်သာ ပြောင်းလဲသွားခဲ့ကြရသည်။
ရေအောက်သတ္တဝါအားလုံး အဝအပြဲ စားသောက်ခွင့် ရရှိခဲ့ကြပြီး ရွှမ်လျဲ့ကိုယ်တိုင်ပင် ရှေ့သို့တိုးကာ အမြောက်အမြား ဝင်စားလိုက်သေးသည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ ဂူထဲမှ ထွက်ပေါ်လာသော နဂါးငါးကြင်း အရေအတွက်မှာ တဖြည်းဖြည်း နည်းပါးသွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးတွင် နာရီအနည်းငယ်ကြာမှ တစ်ကောင်သာ ထွက်ပေါ်လာတော့ပြီး နောက်ပိုင်းတွင်မူ တစ်ကောင်မျှ ထွက်မလာတော့ပေ ။
ရေအောက်ရှိ ရေဝိညာဉ်များနှင့် ဝိညာဉ်ငါးများသည်လည်း အဝစားသောက်ပြီးကြပြီဖြစ်၍ တဖြည်းဖြည်း လူစုခွဲသွားကြရာ ဤနေရာတွင် ထပ်မံစုဝေးခြင်း မရှိကြတော့ပေ။
နေရာတစ်ခုလုံးမှာ ယခင်ကကဲ့သို့ ပြန်လည်ဆိတ်ငြိမ်သွားခဲ့တော့သည်။
ရှုချွမ်းကမူ တိတ်ဆိတ်စွာသာ စောင့်ဆိုင်းနေခဲ့သည်။ စမ်းရေတွင်း၏ မူလက ဤနေရာမှ မွေးဖွားလာခြင်းဖြစ်၍ သူ ဤနေရာ၌သာ ဆက်လက်စောင့်ဆိုင်းနေမည် ဖြစ်၏။
ထိုဂူကြီးထဲမှလည်း ကောင်းကင်နှင့်မြေကြီး ၏ မူလချီများ ပန်းထွက်လာခြင်း မရှိတော့ပေ။
နောက်ဆုံးအခိုက်အတန့်တွင်မူ ယခင်ငါးကြင်းများနှင့် နှိုင်းယှဉ်လျှင် အရွယ်အစား များစွာ သေးငယ်လှသော နဂါးငါးကြင်းတစ်ကောင်က သူတို့၏ မျက်စိအရှေ့၌ ပေါ်ထွက်လာခဲ့သည်။
၎င်းက သူ၏ ခွန်အားရှိသမျှဖြင့် အထက်သို့ ခုန်တက်လိုက်ပြီး အမြီးကို အပြင်းအထန် ခါယမ်းကာ ယခင်နဂါးငါးကြင်းများ မလုပ်ဆောင်နိုင်ခဲ့သော စွမ်းဆောင်ချက်ကြီးကို အံ့ဩဖွယ်ရာ အောင်မြင်အောင် လုပ်ဆောင်သွားခဲ့တော့သည်။
၎င်းက နဂါးတံခါးကို ကျော်ဖြတ်သွားခဲ့ချေပြီ။
၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နဂါးတစ်ကောင်၏ ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး နဂါးဦးချိုများ ထွက်ပေါ်လာခဲ့သည်။
ရှုချွမ်း၏ စိတ်ထဲတွင် ဤအရာက သူ ဤမျှလောက် ကြာအောင် ရှာဖွေနေခဲ့သော အခွင့်အရေးကြီးဖြစ်သည့် စမ်းရေတွင်း၏ မူလ ပင် ဖြစ်ကြောင်း အာရုံရလိုက်၏။
ချက်ချင်းပင် ရှုချွမ်းက ၎င်းကို ဖမ်းယူရန် လက်ကို လှမ်းဆန့်လိုက်တော့သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် မျှော်လင့်မထားသော အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့၏။
ဧရာမ သတ္တဝါကြီးတစ်ကောင်က ရေထဲမှနေ၍ ဝုန်းခနဲ ပြေးထွက်လာခဲ့ပြီး ၎င်း၏အမြီးဖြင့် လွှဲရိုက်လိုက်ရာ ရှုချွမ်းကို တိုက်ရိုက်ပင် လွင့်ထွက်သွားစေခဲ့သည်။
ရေအောက်ထဲတွင် မိုင်ပေါင်းများစွာအထိ လွင့်ထွက်သွားပြီးနောက်တွင်မှ ရေအောက် ကျောက်တောင်ကြီးတစ်ခုနှင့် ဝင်ဆောင့်မိကာ ရပ်တန့်သွားခဲ့ရသည်။
ရှုချွမ်းမှာ ဒေါသချောင်းချောင်း ထွက်သွားခဲ့ရ၏။
မည်သည့်အကောင်က သူ့၏ အခွင့်အရေးကို လာရောက်လုယူရဲသနည်း၊ တကယ့်ကို သေတွင်းရှာနေခြင်းပင်။
သူ ခေါင်းလှည့်ကြည့်လိုက်ရာ တစ်ကိုယ်လုံး ဖြူဖွေးနေပြီး မြွေတစ်ကောင်နှင့် ပုံသဏ္ဌာန်တူသော်လည်း အတောင်ပံ လေးစုံ ပါရှိကာ ဝမ်းဗိုက်တွင် ထက်မြလှသော ခြေသည်း လေးခု ပါရှိသည့် ဆန်းကြယ် လှသော သတ္တဝါကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။
ရှုချွမ်းကို လွင့်ထွက်အောင် ရိုက်ပစ်လိုက်သည်မှာ ဤအကောင်ပင် ဖြစ်ပေသည်။
“နဂါးမျိုးနွယ်စုလား” ရှုချွမ်း အံ့အားသင့်သွားခဲ့ရသည်။
နဂါးမျိုးနွယ်စုဝင်များက တကယ်ပဲ ဤနေရာတွင် နေထိုင်နေကြပါသလော။
ဤမျိုးစိတ်မှာ မဟာကမ္ဘာမြေကြီးပေါ်မှ ကွယ်ပျောက်သွားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ရာ ၎င်းတို့ ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ထို့ပြင် ဒီအကောင်က ကောင်းကင်ဘုရင်နယ်ပယ် သို့ ရောက်ရှိရန် လက်တစ်ကမ်းအလိုအထိ အဆမတန် နီးကပ်နေသော နဂါးတစ်ကောင် ဖြစ်ပေသည်။
၎င်းသည်လည်း စမ်းရေတွင်း၏ မူလကို လုယူရန် ရောက်ရှိလာခြင်း ဖြစ်ရမည်ဖြစ်ပြီး ၎င်းအကူအညီဖြင့် ကောင်းကင်ဘုရင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် မျှော်လင့်နေပုံရသည်။
သို့သော်လည်း ရှုချွမ်းအတွက်မူ ဤအကောင်က နဂါးမျိုးနွယ်စုဖြစ်စေ၊ ဘာဖြစ်စေ ဂရုစိုက်မနေပေ။
သူ၏ အခွင့်အရေးကို လာလုယူရဲသော မည်သူမဆို သေဒဏ်နှင့်သာ ထိုက်တန်ပေသည်။
ချက်ချင်းပင် ရှုချွမ်းက ရွှမ်လျဲ့ကို အော်ဟစ် အမိန့်ပေးလိုက်တော့သည်။
“ရွှမ်လျဲ့... အဲဒီကောင်ကို ငါ့ အတွက် သတ်ပေးပါ ”
ရေအောက်ထဲတွင် ရှုချွမ်း၏ ခွန်အားမှာ ဤနဂါးကို ယှဉ်နိုင်ရန် မလွယ်ကူလှသဖြင့် ရွှမ်လျဲ့ကို လှုပ်ရှားခိုင်းခြင်းက သူကိုယ်တိုင် လုပ်ဆောင်သည်ထက် များစွာ ပိုမိုလွယ်ကူပေလိမ့်မည်။
“ကောင်းပြီ” ဤစကားကို ကြားလျှင် ရွှမ်လျဲ့ သူ၏ အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ်၏ စွမ်းအားကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး ထိုနဂါးကြီးကို ဖိနှိပ်လိုက်တော့သည်။
၎င်းသည် နဂါးကြီးကို မတ်တတ်ပင် မရပ်နိုင်လောက်အောင် ပြင်းထန်စွာ ဖိနှိပ်ထားခြင်း ဖြစ်၏။
၎င်းနောက်တွင် ရွှမ်လျဲ့ ၎င်း၏ ပါးစပ်ကြီးဖြင့် ပြင်းထန်စွာ ကိုက်ခဲလိုက်ပြီး နဂါးကြီးကို တိုက်ရိုက်ပင် နှစ်ပိုင်းပြတ်သွားအောင် ဆုတ်ဖြဲပစ်လိုက်တော့သည်။
“အာဝူး” ကမ္ဘာပျက်မတတ် ပြင်းထန်လှသော နာကျင်စွာ အော်ဟစ်သံကြီးတစ်ခုက နဂါးကြီး၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။
သေဘေးနှင့် ရင်ဆိုင်နေရသဖြင့် ၎င်းက အတင်း ရုန်းကန်လှုပ်ရှားခဲ့သော်လည်း ဤအရာအားလုံးက အချည်းနှီးသာ ဖြစ်ခဲ့ရရှာ၏။
၎င်းက ရွှမ်လျဲ့၏ ဝါးမြိုခြင်းကို ဖြည်းဖြည်းချင်း ခံနေရပြီး လုံးဝ ပြန်လည်မခုခံနိုင်တော့ပေ။
ဤအခြေအနေကို မြင်လျှင် အထက်ဘက်ရှိ စမ်းရေတွင်း၏ မူလက လွတ်မြောက်ရန်အတွက် ထွက်ပြေးရန် ပြင်ဆင်တော့သည်။
သို့သော်လည်း ထိုသို့ဖြစ်ရန် ဖြစ်နိုင်ပါမည်လော။
ရှုချွမ်းက ၎င်းအတွက် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ခြင်း မဟုတ်ပါလော။
သူက ရေထဲမှနေ၍ ဝုန်းခနဲ ပြေးထွက်လိုက်ပြီး စမ်းရေတွင်း၏ မူလ ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ဦးတည်ကာ ၎င်းကို မရမက ဖမ်းယူရန် လှုပ်ရှားလိုက်တော့၏။