အခန်း (၁၈၅-၁၈၆)
Vol. 19 Ch. 185-186
အခန်း (၁၈၅) စုပ်ယူခြင်း၊ သန့်စင်ခြင်း
ရှုချွမ်းက စမ်းရေတွင်း၏ မူလ ကို သူ၏လက်ထဲ၌ ဖမ်းဆုပ်ထားလိုက်သည်။
စမ်းရေတွင်း၏ မူလ မှာ ဤအချိန်တွင် အသိစိတ် ရရှိနေပြီ ဖြစ်ရာ နဂါးတံခါးကို ကျော်ဖြတ်ရန် သက်သက်သာ မွေးဖွားလာခဲ့သော ယခင်နဂါးငါးကြင်းများနှင့် လုံးဝမတူတော့ပေ။
ထို့ကြောင့် ဖမ်းဆီးခြင်း ခံလိုက်ရပြီးနောက်တွင် ၎င်းက သဘာဝအတိုင်းပင် လွတ်မြောက်ရန် ကြိုးပမ်းတော့သည်။
ထို့ကြောင့် ရှုချွမ်း ဖမ်းဆုပ်လိုက်သည့် အခိုက်အတန့်၌ပင် စမ်းရေတွင်း၏ မူလက ရှုချွမ်း၏ လက်အတွင်းမှ ရုန်းထွက်ရန် အတင်း စတင်ရုန်းကန်တော့သည်။
ခေတ္တမျှအတွင်း ရေမျက်နက်ပြင်မှာ လှိုင်းတံပိုးကြီးများ ထကြွလာပြီး ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သည်။
စမ်းရေတွင်း၏ မူလက ဤလှိုင်းများကို အသုံးပြု၍ ရှုချွမ်းအား လက်လွှတ်လိုက်စေရန်နှင့် ထိုအခွင့်အရေးဖြင့် လွတ်မြောက်ရန် ကြံစည်နေခြင်း ဖြစ်၏။
သို့သော်လည်း ရှုချွမ်းက သူဖမ်းမိထားသော ငှက်ကို အလွယ်တကူ ပြန်လွှတ်ပေးမည့်သူမျိုး ဖြစ်ပါမည်လော။
၎င်းမှာ လုံးဝ မဖြစ်နိုင်ပေ ။
သူက 'ဝမ်ကျီဓား' ကို တိုက်ရိုက်ဆင့်ခေါ်လိုက်ပြီး ဓားချက်တစ်ချက်တည်းဖြင့် ပိုင်းဖြတ်လိုက်ရာ တစ်ကမ္ဘာလုံး ချက်ချင်းပင် ကြည်လင်တောက်ပသွားကာ ငြိမ်းချမ်းတိတ်ဆိတ်သွားခဲ့တော့သည်။
“ကောင်ဆိုးလေး... ရုန်းထွက်ချင်နေတုန်းပဲလား”
“ငါသာ မင်းကို လွှတ်ပေးလိုက်ရင် ဒီနေ့ရက်တွေအားလုံး ငါ စောင့်ဆိုင်းခဲ့ရတာတွေက အလကား ဖြစ်သွားမှာပေါ့”
ရှုချွမ်းက သူ၏လက်ထဲတွင် ရုန်းကန်နေသော စမ်းရေတွင်း၏ မူလ ကို ကြည့်ကာ အထင်သေးသလို ပြောလိုက်သည်။
ရေအောက်ထဲတွင်မူ ရွှမ်လျဲ့သည်လည်း ရုတ်တရက် ပေါ်ထွက်လာခဲ့သော နဂါးမျိုးနွယ်စုဝင်ကို လုံးဝ အပြတ်ရှင်းပစ်လိုက်ပြီး ဖြစ်ကာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုပစ်လိုက်ပြီ ဖြစ်သည်။
အစမှအဆုံးတိုင်အောင် ထိုနဂါးမျိုးနွယ်စုဝင်မှာ စကားတစ်လုံးမျှပင် ပြောခွင့်မရလိုက်ဘဲ အသက်ပျောက်သွားခဲ့ရရှာသည်။
မိစ္ဆာသားရဲကမ္ဘာမှာ ဤသို့ပင် ဖြစ်ပေသည်။
မဟုတ်လျှင် မင်းက ငါ့ကိုစား၊ သို့မဟုတ်လျှင် ငါက မင်းကိုစားခြင်းသာ ဖြစ်၏။
၎င်းတို့က သူတို့၏ ကျင့်ကြံခြင်းကို မြှင့်တင်ရန်အတွက် တစ်ကောင်နှင့်တစ်ကောင် ဝါးမြိုကြသည်။
အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ်ဖြစ်သော ရွှမ်လျဲ့ကဲ့သို့ သားရဲကြီးပင်လျှင် ဤစည်းမျဉ်းမှ ကင်းလွတ်ခြင်း မရှိပေ။
“အာ... တကယ့်ကို အရသာရှိပြီး အားရစရာကောင်းလိုက်တာ”
ရွှမ်လျဲ့က ကျေနပ်အားရစွာဖြင့် အော်ဟစ်လိုက်သည်။
နှစ်ပေါင်းများစွာတိုင်အောင် သူက ရှေးဟောင်း ရွှေရောင်နန်းတော်ကြီးကို သယ်ဆောင်ကာ နေရာအနှံ့ လှည့်လည်သွားလာနေခဲ့ရခြင်း ဖြစ်သည်။
ရှေးဟောင်း နန်းတော် ပွင့်သည့်အချိန်တိုင်း စည်းကမ်းချိုးဖောက်သော သတ္တဝါအချို့ကို ဝါးမြိုခွင့်ရသည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ စားသောက်ခွင့်မရခဲ့ပေ။
သူ၏ပါးစပ်မှာ ပြာလုမတတ် အရသာ ကင်းမဲ့နေခဲ့သည်ဟုပင် ပြောနိုင်သည်။
ယခုအခါ ဤမူလရေကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ရေဝိညာဉ်များနှင့် ဝိညာဉ်ငါးအမြောက်အမြားကို စားသုံးခွင့်ရခဲ့ရုံသာမက ကောင်းကင်ဘုရင်နယ်ပယ်နှင့် ယှဉ်နိုင်သော နဂါးမျိုးနွယ်စုဝင်တစ်ကောင်ကိုပါ ဝါးမြိုခွင့်ရခဲ့သဖြင့် သူ အလွန်တရာ ကျေနပ်မိတော့သည်။
“ကဲပါ... ဗိုက်ဝပြီဆိုရင်လည်း မြန်မြန်သွားကြစို့၊ နောက်ပိုင်း တခြားကျွမ်းကျင်သူတွေ ရောက်လာရင် ငါတို့ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး” ရှုချွမ်းက သတိပေးလိုက်သည်။
ဤမူလရေကမ္ဘာအတွင်းရှိ မူလချီများမှာ အလွန်တရာ ကြွယ်ဝလှပြီး ရေဝိညာဉ်များနှင့် ဝိညာဉ်ငါးများ ပြည့်နှက်နေသဖြင့် ဤနေရာရှိ သန်မာ သော သတ္တဝါများမှာ ဤနဂါးတစ်ကောင်တည်းသာ ရှိမည်မဟုတ်သည်မှာ သေချာသည်။
ယခင်က ရွှမ်လျဲ့က ရှုချွမ်းကို သယ်ဆောင်ကာ စမ်းရေတွင်း၏ မူလ ကို လိုက်လံရှာဖွေနေစဉ်အတွင်း ဆန်းကြယ်လှသော နေရာအချို့ကို တွေ့ရှိခဲ့ပြီး ထိုနေရာများရှိ သတ္တဝါများ၏ ခွန်အားမှာ ရွှမ်လျဲ့ထက် အနည်းငယ်မျှပင် အားမနည်းလှပေ။
ထို့ပြင် ထိုသတ္တဝါကြီးများက ဤစမ်းရေတွင်း၏ မူလ အပေါ် စိတ်မဝင်စားဟု ရှုချွမ်းအနေဖြင့် အာမမခံနိုင်ပေ။
ထို့ကြောင့် လက်ရှိ အရေးအကြီးဆုံးအလုပ်မှာ ဤနေရာမှ အမြန်ဆုံး ထွက်ခွာပြီး ဘေးကင်းသောနေရာတစ်ခုကို ရှာဖွေကာ စမ်းရေတွင်း၏ မူလ ကို တိုက်ရိုက် စုပ်ယူရန် ဖြစ်သည်။
ထိုသို့ လုပ်ပြီးမှသာ လုံးဝ ဘေးကင်းသွားမည် ဖြစ်ပေသည်။
“ကောင်းပြီ... မြန်မြန်သွားကြစို့” ရွှမ်လျဲ့က သဘောတူ ခေါင်းညိတ်လိုက်သည်။
သူသည်လည်း ကောင်းကျိုးဆိုးကျိုးကို ကောင်းစွာ နားလည်သဖြင့် ရှုချွမ်း ပြောသော အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်ကို ရိပ်မိပေသည်။
ဤမူလရေကမ္ဘာကြီး တည်ရှိခဲ့သည်မှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်နေပြီဖြစ်ရာ ၎င်းအတွင်းရှိ အစွမ်းထက် ကျွမ်းကျင်သူ အရေအတွက်မှာ နည်းပါးမည် မဟုတ်ပေ။
ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ်ရှိသော ပုဂ္ဂိုလ်များပင် တည်ရှိနေနိုင်ခြေ ရှိသည်။
ရွှမ်လျဲ့က ရှုချွမ်းကို တင်ဆောင်ကာ အမြန်ဆုံး ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီး ဝေးကွာသောနေရာဆီသို့ ပြေးထွက်သွားခဲ့တော့သည်။
ပြေးလွှားနေစဉ်အတွင်း သူက သူနှင့် ရှုချွမ်းတို့၏ အော်ရာ များကို ဖျောက်ဖျက်ခဲ့ပြီး မည်သည့်သဲလွန်စမျှ ချန်မထားခဲ့ပေ။
ရှုချွမ်းတို့ ထွက်ခွာသွားပြီး မကြာမီအချိန်မှာပင် နဂါးခေါင်းနှင့် လူခန္ဓာရှိသော သတ္တဝါကြီးတစ်ကောင်က ဂူကြီး၏ အရှေ့၌ ပေါ်ထွက်လာခဲ့ပြီး ထိုနေရာကို တည်ကြည်မည်းမှောင်သော မျက်နှာထားဖြင့် ကြည့်လိုက်တော့သည်။
ရေထဲတွင် လုံးဝ ပျောက်ကွယ်မသွားသေးသော နဂါးမျိုးနွယ်စု၏ သွေးအငွေ့အသက်ကို ခံစားမိပြီးနောက် ၎င်းက ပို၍ပင် ဒေါသထွက်သွားခဲ့ရသည်။
၎င်းနောက် တစ်ခုခုကို ရှာဖွေတွေ့ရှိသွားသည့်အလား ၎င်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ရေအောက်ခြေရှိ အလွန်တရာ ဆိတ်ငြိမ်သော နေရာတစ်ခုမှ ကမ္မနယ်ပယ်ရှိ ငါးရှဉ့်မိစ္ဆာသားရဲတစ်ကောင်မှာ ၎င်း၏လက်ထဲသို့ တိုက်ရိုက် ဖမ်းဆီးခြင်း ခံလိုက်ရသည်။
“ပြောစမ်း... ငါ့ရဲ့ မျိုးနွယ်စုဝင်ကို ဘယ်သူ သတ်ပစ်လိုက်တာလဲ” နဂါးခေါင်းနှင့် လူခန္ဓာရှိသော သတ္တဝါကြီးက ၎င်း၏လက်ထဲရှိ ငါးရှဉ့်သားရဲကို ဒေါသတကြီး မေးလိုက်၏။
ငါးရှဉ့်သားရဲက ထိုအလွန်အမင်း ပြင်းထန်လှသော ဖိအားကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။
“ဒါ... ဒါက ကောင်းကင်ဘုရင်နယ်ပယ်က သတ္တဝါတစ်ကောင်နဲ့ လူသားတစ်ယောက် ပါ”
“သူတို့က စောစောက ရောက်လာတဲ့ နဂါးမျိုးနွယ်စုဝင် ကျွမ်းကျင်သူကို သတ်ပြီး ဝါးမြိုပစ်လိုက်ကြသလို စမ်းရေတွင်းရဲ့ မူလ ကိုလည်း ယူသွားကြပါတယ်”
၎င်းက မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို မည်သည့်အရာမျှ ဖုံးကွယ်မထားရဲဘဲ အမှန်အတိုင်း ဖွင့်ဟဝန်ခံလိုက်တော့သည်။
“ဟမ့်... ငါ့ရဲ့ မျိုးနွယ်စုဝင်ကို သတ်ရဲတယ်ပေါ့၊ ဘယ်သူပဲဖြစ်ဖြစ် သေရမယ်” နဂါးခေါင်းနှင့် လူခန္ဓာရှိသော သတ္တဝါကြီးက ဒေါသတကြီး ဟောက်လိုက်ပြီး ၎င်း၏လက်ထဲရှိ ငါးရှဉ့်သားရဲကို ချက်ချင်း ညှစ်သတ်ပစ်လိုက်သည်။
၎င်းနောက် မျက်လုံးများကို မှိတ်လိုက်ကာ တစ်ခုခုကို အာရုံခံလိုက်ပြီးနောက် ကောင်းကင်ယံသို့ ပျံတက်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။
ငါးရှဉ့်သားရဲမှာမူ သေဆုံးသွားသည့် အချိန်အထိ သူသိသမျှ အရာအားလုံးကို အမှန်အတိုင်း ပြောပြခဲ့ပါလျက်နှင့် ဘာကြောင့် သတ်ဖြတ်ခြင်း ခံလိုက်ရသလဲဆိုသည်ကို နားမလည်နိုင်ရှာပေ။
ထိုနေရာနှင့် မလှမ်းမကမ်းမှ ရောက်ရှိလာကြသော သတ္တဝါများက နဂါးခေါင်းနှင့် လူခန္ဓာ ကျွမ်းကျင်သူကြီး၏ သတ်ဖြတ်လိုသော အရှိန်အဝါကို ခံစားမိကြသဖြင့် အသီးသီး လမ်းကြောင်းလွှဲကာ ဂူကြီးဆီသို့ ဦးမတည်ကြတော့ပေ။
၎င်းတို့က ငါးရှဉ့်သားရဲကဲ့သို့ ကံဆိုးမည့်ဘေးမှ ဝေးဝေးရှောင်ရှားလိုကြခြင်း ဖြစ်သည်။
......
အခြားတစ်ဖက်တွင်မူ ရွှမ်လျဲ့၏ လမ်းပြမှုအောက်၌ ရှုချွမ်းက ယခင်နေရာနှင့် မိုင်ပေါင်းသောင်းချီ ကွာဝေးသော ရေအောက်မီးတောင်ကြီးတစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုမီးတောင်အတွင်းရှိ ဒေသခံ မိစ္ဆာသားရဲကို သတ်ဖြတ်ပြီးနောက် လူနှင့်သားရဲတို့က ထိုနေရာကို သိမ်းပိုက်လိုက်ကြတော့၏။
ရှုချွမ်းက ပတ်ဝန်းကျင်၌ မည်သည့်ကျွမ်းကျင်သူ၏ တည်ရှိမှုကိုမျှ အာရုံမရရှိသည့်အပြင် သတ္တဝါ အလွန်နည်းပါးသဖြင့် ဘေးကင်းသော နေရာတစ်ခုဖြစ်ကြောင်း အတည်ပြုလိုက်သည်။
“ငါ ဒီနေရာမှာပဲ စမ်းရေတွင်းရဲ့ မူလ ကို စုပ်ယူပြီး သန့်စင်ဖို့ စီစဉ်ထားတယ်၊ ရွှမ်လျဲ့... မင်း ငါ့ကို စောင့်ရှောက်ပေးပါဦး” ရှုချွမ်းက ညွှန်ကြားလိုက်သည်။
ဤအရာက ရှုချွမ်းအတွက် အလွန်တရာ အရေးကြီးသဖြင့် မည်သည့်အမှားအယွင်းနှင့် နှောင့်ယှက်မှုမျိုးကိုမျှ ခွင့်ပြု၍မရပေ။
“ကောင်းပြီ... မင်း စိတ်အေးလက်အေးနဲ့ သန့်စင်ပါ၊ ဘယ်လူသား ဒါမှမဟုတ် ဘယ်မိစ္ဆာသားရဲကမှ မင်းကို မနှောင့်ယှက်နိုင်စေရဘူး” ရွှမ်လျဲ့က ယုံကြည်မှုအပြည့်ဖြင့် ကတိပေးလိုက်သည်။
သူ၏ အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ် ခွန်အားနှင့် မျိုးဆက် အားသာချက်များ ပေါင်းစပ်လိုက်လျှင် ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ပေါ်မလာသရွေ့ မည်သည့်ကောင်းကင်ဘုရင်နယ်ပယ်မျှ သူ၏ပြိုင်ဘက် ဖြစ်လာလိမ့်မည် မဟုတ်ပေ။
“ဒါဆို မင်းကိုပဲ အားကိုးရတော့မယ်” ရှုချွမ်းက ခေါင်းညိတ်လိုက်ပြီးနောက် မီးတောင်၏ ချော်ရည်ပူများထဲသို့ ငုပ်လျှိုးဝင်ရောက်သွားခဲ့တော့သည်။
သူက နေသူတော်စင် ခန္ဓာကို ပိုင်ဆိုင်ထားသဖြင့် ဤမျှလောက်သော ချော်ရည်အပူချိန်မှာ သူ့ကို အနည်းငယ်မျှပင် အန္တရာယ်မပြုနိုင်သည့်အပြင် သူ၏ ကျင့်ကြံခြင်းအတွက်ပင် ကြီးစွာသော အထောက်အကူ ဖြစ်စေဦးမည် ဖြစ်သည်။
ချော်ရည်များထဲသို့ ဝင်ရောက်လိုက်ချိန်တွင် ရှုချွမ်းက ရေထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ ခံစားလိုက်ရပြီး ယခင် ရေထဲတွင် ရှိနေစဉ်ကထက် များစွာ သက်တောင့်သက်သာ ရှိနေခဲ့သည်။
သူက ချော်ရည်ပူများထဲမှ ဆိတ်ငြိမ်သော နေရာတစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက် တင်ပျဉ်ခွေထိုင်ကာ စမ်းရေတွင်း၏ မူလ ကို စတင်၍ သန့်စင်ရန် ပြင်ဆင်လိုက်တော့သည်။
သူက စိတ်ချရစေရန်အတွက် ရှေးဟောင်း ရွှေရောင်နန်းတော်ကို ထုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လွင့်မြောစေကာ အကာအကွယ်ပေးထားလိုက်သည်။
၎င်းနောက် 'အနန္တဝိညာဉ်အိုး' ကို ထုတ်ယူကာ စမ်းရေတွင်း၏ မူလ ကို ၎င်းအတွင်းသို့ ထည့်သွင်းပြီး တိုက်ရိုက် စတင်လည်ပတ်စေလိုက်တော့သည်။
စမ်းရေတွင်း၏ မူလက အသိစိတ် ရရှိကာစသာ ရှိသေးပြီး စကားမပြောနိုင်သေးသော်လည်း အနန္တဝိညာဉ်မီးဖို ၏ သန့်စင်ခြင်း အစွမ်းကို ခံစားရချိန်တွင် ကြောက်ရွံ့တုန်လှုပ်သော ခံစားချက်များ ထွက်ပေါ်လာကာ အော်ဟစ်မြည်တမ်းတော့သည်။
ရှုချွမ်းကမူ ၎င်းအပေါ် မည်သည့်သနားညှာတာမှုမျှ ရှိမနေခဲ့ပေ။
သိုင်းတာအိုကျင့်ကြံခြင်းလမ်းစဉ်ဟူသည်မှာ ရန်သူအပေါ် သနားညှာတာခြင်းက ကို့ကိုကိုယ် နှိပ်စက်ခြင်းပင် ဖြစ်သည်။
သိုင်းတာအိုကျင့်ကြံခြင်းကို တိုးတက်စေမည့် အသုံးဝင်သောအရာ မှန်သမျှက သူ၏ သန်မာရေးအတွက် အရင်းအမြစ်များ ဖြစ်လာရပေမည်။
သူ၏ စိတ်ထဲတွင် မည်သည့်သနားစရာ ခံစားချက်မျိုးမျှ ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။
သူ၏ မျက်ဝန်းထဲတွင် ပို၍ သန်မာလာစေရန်ဟူသော ဆန္ဒတစ်ခုတည်းသာ ရှိသည်။
အနန္တဝိညာဉ်မီးဖို ၏ သန့်စင်မှုအောက်တွင် စမ်းရေတွင်း၏ မူလက မည်သည့်အသံမျှ ထပ်မံမပြုလုပ်နိုင်တော့ဘဲ သန့်စင်လှသော စွမ်းအားများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့တော့သည်။
အချိန်အခါ ကောင်းမွန်လာသည်ကို မြင်လျှင် ရှုချွမ်းက အနန္တဝိညာဉ်မီးဖို ထဲသို့ ခုန်ဝင်လိုက်ပြီး ထိုစွမ်းအားများကို တစ်ငုံတည်းဖြင့် မြိုချလိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် ထိုစွမ်းအားများက ရှုချွမ်း၏ ခြေလက်အင်္ဂါများနှင့် အရိုးအဆစ်များဆီသို့ ပျံ့နှံ့သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အဆက်မပြတ် သန့်စင်ပေးတော့သည်။
“ကောင်းလိုက်တာ... ဒါက ငါလိုချင်တဲ့ ခံစားချက်မျိုးပဲ”
ယခင်ကလည်း ပါရမီအရည်အသွေး မြှင့်တင်ခြင်းကို ကြုံတွေ့ဖူးသဖြင့် ရှုချွမ်းက ဤခံစားချက်နှင့် မစိမ်းလှပေ။
သူက ဤခံစားချက်ကို အလွန်ပင် နှစ်သက်မိသေးသည်။
ရှုချွမ်းက အနန္တဝိညာဉ်မီးဖို ၏ အကူအညီဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အထူး စွမ်းအားများကို အလွန်တရာ မြန်ဆန်သော အရှိန်အဟုန် ဖြင့် စတင်စုပ်ယူလိုက်တော့သည်။
အခန်း (၁၈၆) ပါရမီအရည်အချင်း မြင့်မားလာခြင်း
ရှုချွမ်းက စမ်းရေတွင်း၏ မူလ မှ ထွက်ပေါ်လာသော စွမ်းအားများကို အနည်းငယ်မျှပင် အလဟဿမဖြစ်စေရန် 'မဟာယန်ကျင့်စဉ်'ကို အပြည့်အဝ လည်ပတ်စေလိုက်သည်။
ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ မူလချီများက ထောင်ပေါင်းများစွာသော စစ်သည်တော်များ တိုက်ပွဲဝင်နေကြသည့်အလား ပြင်းထန်စွာ စီးဆင်းလာခဲ့၏။
“ဘုန်း”
အဆုံးမဲ့လှသော စွမ်းအားများက ရှုချွမ်း၏ ခန္ဓာကိုယ်အတွင်း၌ တိုးဝှေ့ရိုက်ခတ်နေပြီး တစ်ခုပြီးတစ်ခုသော အတားအဆီး အားလုံးကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်တော့သည်။
ရှုချွမ်း၏ ခန္ဓာကိုယ်လည်း နီရဲတောက်ပသော အလင်းတန်းများ ဖြာထွက်လာခဲ့သည်။
ဤခံစားချက်မှာ ဖော်ပြမတတ်အောင်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
ရှုချွမ်းက သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို ရှင်းလင်းစွာ အာရုံခံသိနိုင်သဖြင့် သာ၍ပင် စိတ်လှုပ်ရှားလာခဲ့ရသည်။
သို့သော်လည်း ခေတ္တမျှ သက်တောင့်သက်သာ ရှိသွားပြီးနောက် စမ်းရေတွင်း၏ မူလ မှ ထွက်ပေါ်လာသော ထူးခြားသည့် စွမ်းအားများက ရုတ်တရက်ပင် ပြင်းထန်လာပြီး သောင်းကျန်းလာခဲ့ပြန်သည်။
၎င်းက ရှုချွမ်း၏ ခန္ဓာကိုယ်အတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ဖြစ်နေ၏။
သို့သော်လည်း ဤကဲ့သို့သော အခွင့်အရေးကြီး သူ့အရှေ့သို့ ရောက်ရှိနေပြီဖြစ်ရာ ရှုချွမ်းအနေဖြင့် မည်သို့လျှင် လက်လျှော့ပါမည်နည်း။
သူက ထိုစွမ်းအားကို မဆုတ်မနစ်သော ဇွဲဖြင့် ထပ်မံ၍ အတင်း စုပ်ယူပစ်လိုက်သည်။
အနန္တဝိညာဉ်မီးဖို၏ အကူအညီကြောင့် မြန်ဆန်လှသော်လည်း အလွန်တရာ နာကျင်ပြီး အန္တရာယ်ကြီးမားလှပေသည်။
“ငါ့အတွက် သန့်စင်ပေး စမ်း”
ရှုချွမ်းက ဝိညာဉ် ကို အမြင့်ဆုံးအဆင့်အထိ စုစည်းကာ အော်ဟစ်လိုက်သည်။
နာကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများဟူသည်မှာ ခေတ္တခဏသာ ဖြစ်၏။
အကယ်၍ သူသာ ဤအခက်အခဲကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဆိုပါက သူ၏ ပါရမီက အရှေ့ဘက်ဒေသ၊ မဟာကမ္ဘာမြေကြီး၏ လူသားမျိုးနွယ်စုတစ်ခုလုံးနှင့် ဖရိုဖရဲ နယ်ပယ်တစ်ခုလုံးတွင်ပင် ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
ရှုချွမ်းက မလျော့သော ဇွဲလုံ့လ ရှိသူတစ်ဦး ဖြစ်ပေသည်။
အကယ်၍ ဤဇွဲလုံ့လသာ မရှိခဲ့လျှင် သူက အားနည်းလှသော အပြင်စည်းတပည့်ဘဝမှ ယခုကဲ့သို့သော အမြင့်ဆုံးအဆင့်သို့ တက်လှမ်းလာနိုင်လိမ့်မည် မဟုတ်ပေ။
ငရဲဘုံကဲ့သို့ ဆိုးဝါးလှသော သူ၏ အတိတ်ဘဝက သူ့အား မလှုပ်မယှက်နိုင်သော နှလုံးသားနှင့် မပျက်စီးနိုင်သော စိတ်ဓာတ်ခိုင်မာမှုကို ရှေးကတည်းက သွန်းလုပ်ပေးခဲ့ပြီး ဖြစ်သည်။
ခိုင်မာသော စိတ်ဓာတ်နှင့် မလှုပ်မယှက်သော နှလုံးသား ရှိမှသာ သိုင်းတာအို၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနိုင်မည်ဟု ရှုချွမ်းက အမြဲတစေ ယုံကြည်ထားခဲ့သည်။
သာမန်လူများ မခံစားနိုင်သော နာကျင်မှုနှင့် ညှဉ်းပန်းမှုများကို အံတုရင်း ရှုချွမ်းက ထိုအထူး စွမ်းအားများကို အစွမ်းကုန် စုပ်ယူခဲ့ရာ နောက်ဆုံးတွင် ကောင်းကင်ယံမှ တိမ်တိုက်များ ကွဲအက်သွားပြီး အလင်းရောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ချေပြီ။
စမ်းရေတွင်း၏ မူလ မှ စွမ်းအား အားလုံးကို ရှုချွမ်းက လုံးဝ ခြေဖျက် ပစ်လိုက်နိုင်ပြီ ဖြစ်သည်။ ဤသည်မှာ စမ်းရေတွင်း၏ မူလ ကို ရှုချွမ်းက လုံးဝ စုပ်ယူနိုင်ခဲ့ပြီဟု ဆိုလိုခြင်းပင်။
“ဖြောက်... ဖြောက်...”
ပဲလှော်လှော်နေသည့်အလား မြည်ဟည်းသံများက ရှုချွမ်း၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
သူ၏ အရိုးများနှင့် သွေးကြော များမှာ အဆက်မပြတ် သန့်စင်မြှင့်တင်ခြင်းကို ခံနေရ၏။
စမ်းရေတွင်း၏ မူလ ရဲ့ အကျိုးအာနိသင် အပြည့်အဝကို ရှုချွမ်း မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။
“ငါ့အတွက် ပွင့်စမ်း”
ဤအခိုက်အတန့်တွင် ရှုချွမ်းက သူ၏ ပါရမီကို ပိတ်ဆို့ထားသော အတားအဆီးကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
ထိုစွမ်းအားများ၏ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်မှုအောက်တွင် ရှုချွမ်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ဘုန်း”
မီးတောင်ပေါက်ကွဲသွားသည့်အလား သူက ဤမဖျက်ဆီးနိုင်သော အတားအဆီးကြီးကို လုံးဝ ချိုးဖျက်ပစ်လိုက်နိုင်ပြီ ဖြစ်သည်။
ဤအခိုက်အတန့်၌ပင် ရှုချွမ်း၏ ပါရမီက 'ပြိုင်ဘက်ကင်း ' အဆင့်မှ 'အထွတ်အထိပ်'အဆင့်သို့ တိုက်ရိုက် ကူးပြောင်းသွားခဲ့တော့သည်။
ဤအဆင့်မှာ စနစ်အတွင်း၌ အဆင့်မြင့်ဆုံး ပါရမီအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ရှုချွမ်း၏ ပါရမီ မြင့်တက်သွားသည့် အခိုက်အတန့်၌ပင် စနစ်၏ သတိပေးချက်တစ်ခုက သူ၏မျက်စိအရှေ့၌ ပေါ်ထွက်လာခဲ့၏။
【ဂုဏ်ယူပါတယိ သခင်၊ သခင်၏ ပါရမီမှာ 'အထွတ်အထိပ်' အဆင့်သို့ မြှင့်တင်ခြင်း ခံရပြီး ဖြစ်သဖြင့် စနစ်မှ ပေးအပ်သော သိုင်းတာအိုကျင့်ကြံခြင်းနယ်ပယ် တက်လှမ်းခြင်း ဆုလာဘ်ကို ရရှိထားပါသည်။ အဆင့်တက်လှမ်း ခြင်းကို ယခုပင် စတင်လိုပါသလား။】
【မှတ်ချက် - ဤအဆင့်တက်လှမ်း ခြင်းသည် မည်သည့်ဘေးထွက်ဆိုးကျိုး သို့မဟုတ် လျှို့ဝှက်အန္တရာယ်မျှ ချန်ထားခဲ့မည်မဟုတ်ဘဲ သခင်ကိုယ်တိုင် ကျင့်ကြံ၍ အဆင့်တက်လှမ်းခြင်းနှင့် ထပ်တူထပ်မျှ ဖြစ်သဖြင့် စိတ်ချလက်ချ ရှိနိုင်ပါသည် 】
ဤသတိပေးချက်ကို မြင်လျှင် ရှုချွမ်း၏ မျက်ဝန်းများမှာ ချက်ချင်း တောက်ပသွားခဲ့ရသည်။
စနစ်၏ ဆုလာဘ်တွင် ဤကဲ့သို့ ကောင်းမွန်သောအရာ ပါဝင်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အဆင့်တက်လှမ်းခြင်းကို သူ ဧကန်မုချ လုပ်ဆောင်ရပေမည်။ ယခုအခါ သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ တက်လှမ်း ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သင့်တော်သော အခွင့်အလမ်းကိုသာ ရှာမတွေ့သေးခြင်း ဖြစ်၏။
သို့သော် ယခုမူ ထိုအခွင့်အလမ်းက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလော။
ချက်ချင်းပင် ရှုချွမ်းက တွန့်ဆုတ်မနေတော့ဘဲ စနစ်ကို စိတ်ထဲမှနေ၍ တိတ်တဆိတ် အမိန့်ပေးလိုက်သည်။
“အဆင့်တက်လှမ်း ခြင်းကို ချက်ချင်း စတင်လိုက်”
သူ၏ ပါရမီ မြင့်တက်လာခြင်းမှ ရရှိသော ကံကြမ္မာအရှိန်အဟုန်၊ စနစ်၏ ဆုလာဘ်တို့နှင့် ပေါင်းစပ်ကာ သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ တိုက်ရိုက်ပင် တက်လှမ်း တော့မည် ဖြစ်သည်။
ထိုသို့ ဖြစ်လာပါက ရှုချွမ်းက ဤအရှေ့ဘက်ဒေသ၌ အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရပေလိမ့်မည်။
သူက ထိုက်ယိမြင့်မြတ်နယ်မြေ၏ သူတော်စင် ရာထူးနေရာကို တရားဝင် စတင်ယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။
ရှုချွမ်းက ဤရာထူးကို မရမက ရယူရန် သန္နိဋ္ဌာန်ချထား၏။
ထိုရာထူးကို သူ့ထံမှ လုယူရန် ကြံစည်သူ မည်သူ့ကိုမဆို ရှုချွမ်းက ညှာတာနေလိမ့်မည် မဟုတ်ပေ။
တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံ နေစဉ်အတွင်း စနစ်၏ စွမ်းအားများက သူ့အား ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။
မည်သည့်နားလည်မှုကိုမျှ ထပ်မံလုပ်ဆောင်ရန် မလိုတော့ဘဲ ရှုချွမ်းတွင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ တက်လှမ်းရန် လိုအပ်သော အရည်အချင်းများ ပြည့်စုံနေခဲ့ပြီ ဖြစ်သည်။
စနစ်၏ ဆုလာဘ်ကြောင့် ရှုချွမ်း၏ အော်ရာ မှာ အဆက်မပြတ် မြင့်တက်လာခဲ့၏။
“ဘုန်း” ခနဲ မြည်ဟည်းသံနှင့်အတူ...
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်၏ အတားအဆီးကြီးမှာ ပွင့်ထွက်သွားခဲ့ပြီး ဤမူလရေကမ္ဘာအတွင်းရှိ မူလချီများက ရှုချွမ်း၏ ခန္ဓာကိုယ်အတွင်းသို့ အလုအယက် တိုးဝှေ့ဝင်ရောက်လာခဲ့တော့သည်။
ဤပြောင်းလဲမှုကြီးက အပြင်တွင် စောင့်ဆိုင်းနေသော ရွှမ်လျဲ့၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့၏။
“ဒုက္ခပဲ”
ရွှမ်လျဲ့က စိတ်ထဲမှနေ၍ မကောင်းကြောင်း ရိပ်မိလိုက်သည်။
ဤမူလရေကမ္ဘာအတွင်း ဤမျှလောက်ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခြင်းက အခြားသူများ၏ သတိပြုမိခြင်းကို ဧကန်မုချ ခံရပေလိမ့်မည်။
မကြာမီအချိန်အတွင်း မိစ္ဆာသားရဲများ လာစုံစမ်းကြတော့မည်ဖြစ်ရာ သူတို့ လုံးဝ ဖော်ထုတ်ခြင်း ခံရတော့မည် ဖြစ်သည်။
သို့သော်လည်း ရွှမ်လျဲ့က ရှုချွမ်း၏ ကျင့်ကြံခြင်း အမြန်နှုန်း ကြောင့် အလွန်တရာ တုန်လှုပ်အံ့ဩသွားခဲ့ရသည်။
ယခုခေတ် လူသားမျိုးနွယ်စုများမှာ ဤမျှလောက်အထိ ထူးဆန်းအံ့ဩစရာ ကောင်းနေကြပြီလော။
ဤကျင့်ကြံခြင်း တိုးတက်မှုနှုန်းမှာ လုံးဝ ယုတ္တိမရှိလှပေ။
သူ ရှုချွမ်းနှင့် စတင်တွေ့ဆုံချိန်က အခြားတစ်ဖက်သူမှာ အားနည်းလှသော ကောင်လေးတစ်ယောက်သာ ရှိသေးသည်ကို သိထားရပေမည်။
ယခု မည်မျှကြာသွားခဲ့သနည်း။
သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ပင် စတင်တက်လှမ်း နေခဲ့ပြီ ဖြစ်သည်။
တုန်လှုပ်မိသော်လည်း ရွှမ်လျဲ့က စိတ်ထဲမှနေ၍ အနည်းငယ် ဝမ်းသာမိသေးသည်။
ရှုချွမ်း ကျင့်ကြံခြင်း မြန်ဆန်လေလေ၊ သူက ဧကရာဇ်အရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည့် မိစ္ဆာသားရဲ ကျင့်စဉ်ကို သာ၍ စောစီးစွာ ရရှိလေလေ ဖြစ်ပေလိမ့်မည်။
ဤသည်မှာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိသော အခြေအနေ ဖြစ်၏။
ထိုနေရာနှင့် မိုင်ပေါင်းတစ်သိန်းခန့် ကွာဝေးသော နေရာတွင်မူ နဂါးခေါင်းနှင့် လူခန္ဓာရှိသော အစွမ်းထက် သတ္တဝါကြီးသည်လည်း ကောင်းကင်ယံ၌ ပေါ်ထွက်လာသော ဧရာမ ဝဲကယက်ကြီးကို သတိပြုမိသွားခဲ့သည်။
“မင်းတို့က ဒီနေရာမှာ ပုန်းနေကြတာကိုး... ငါ့ရဲ့ မျက်စိအောက်မှာတင် အဆင့်တက်လှမ်းရဲတယ်ပေါ့၊ တကယ့်ကို ကောင်းတယ်” ၎င်း၏ မျက်နှာမှာ ဒေါသတကြီး ဖြစ်နေခဲ့သည်။
လမ်းတစ်လျှောက်တွင် သူက ရှုချွမ်းနှင့် ရွှမ်လျဲ့တို့ကို လိုက်လံဖမ်းဆီးရန် လမ်းအမှားများစွာကို ပတ်ခဲ့ရသည်။
ထိုအရာများမှာ ရွှမ်လျဲ့က သူတို့၏ခြေရာကို ဖျောက်ဖျက်ရန် ချန်ထားခဲ့သော ကြိုတင်ကာကွယ်မှုများ ဖြစ်၏။
ကံဆိုးစွာဖြင့် ဤနဂါးမျိုးနွယ်စုဝင် ကျွမ်းကျင်သူက ထိုထောင်ချောက်အားလုံးကို နင်းမိခဲ့သည်။
ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူ မည်သည့်အချိန်က ဤကဲ့သို့ လှည့်စားခြင်းကို ခံဖူးပါသနည်း။
ဤအခိုက်အတန့်တွင် သူ၏မျက်နှာမှာ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး ထိုလူသားကို ဖမ်းဆီးကာ အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန်သာ ဆန္ဒရှိတော့သည်။
သို့သော်လည်း ရှုချွမ်းကမူ လက်ရှိတွင် ဤအရာအားလုံးကို မသိရှိသေးပေ။
သူက အရပ်မျက်နှာ အသီးသီးမှ ဝင်ရောက်လာသော ကောင်းကင်နှင့်မြေကြီး ၏ မူလချီများကိုသာ အာရုံစိုက် စုပ်ယူနေခဲ့သည်။
ဤမူလရေကမ္ဘာတွင် အခြားအရာများ မပေါများသော်လည်း ကောင်းကင်နှင့်မြေကြီး ၏ မူလချီမှာမူ အလွန်တရာ ကြွယ်ဝလှပေသည်။
မဟုတ်လျှင် နင်မျိုးနွယ်စု၏ ဘိုးဘေး ပိုင်မြေထဲသို့ စီးဝင်သွားသော မူလချီ အနည်းငယ်မျှဖြင့် ထိုရေချိုးကန် ဒါဇင်ပေါင်းများစွာကို ဖြစ်ပေါ်စေနိုင်လိမ့်မည် မဟုတ်ပေ။
နာရီအနည်းငယ် ကြာမြင့်သွားပြီးနောက် ရှုချွမ်းက သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့သည်။
ခန္ဓာကိုယ်အတွင်းရှိ တိုးဝှေ့လှုပ်ရှားနေသော ကျယ်ပြန့်လှသည့် နေမင်းမူလချီများကို ခံစားရင်း ရှုချွမ်းကအတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့ရ၏။
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သူ ရောက်ရှိသွားခဲ့ချေပြီ။
၎င်းမှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၁ သာ ရှိသေးသော်လည်း ရှုချွမ်းက ယခုအခါ သူ၏ခွန်အားအပြည့်ကို ထုတ်ဖော်လိုက်ပါက အထွတ်အထိပ် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုပင် အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေသည်။
ယခင်ကကဲ့သို့ ခက်ခက်ခဲခဲ ရုန်းကန်နေရန် မလိုတော့ပေ။
သူက ကောင်းကင်ဘုရင်နယ်ပယ် အဆင့်၁ ကျွမ်းကျင်သူတစ်ဦးနှင့်ပင် ရင်ဆိုင်ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
သူက သူ၏ ဘဝဇာတ်ညွှန်းကို ထပ်မံ၍ ဖွင့်ကြည့်လိုက်ရာ ၎င်းအတွင်းရှိ အချက်အလက်များမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
【အမည် - ရှုချွမ်း】
【မျိုးနွယ် -လူသားမျိုးနွယ်စု】
【နယ်ပယ် - ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့်၁】
【ပါရမီ - အထွတ်အထိပ် (ထိပ်တန်းအဆင့် ပါရမီ)】
【ကံကြမ္မာ - ကံကြမ္မာကို ဆန့်ကျင်သူ (ရွှေ)၊ သိုင်းပညာရှင် (ရွှေ)၊ တိုက်ပွဲတိုင်းတွင် ပြိုင်ဘက်ကင်း (ရွှေ)၊ ကံတရားကို ပြောင်းပြန်လှန်သူ (ရွှေ)၊ ကံကြမ္မာသားတော်အတု (ရွှေ)၊ တစ်ချက်ထိုး လူသား (ခရမ်း)၊ လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်း (ခရမ်း)၊ ဓားဝိညာဉ်မျိုးစေ့ (အနီ)၊ ကံတရားကို ပြောင်းပြန်လှန်ခြင်း (အနီ)၊ ပြိုင်ဘက်ကင်းပြီး သန့်စင်ခြင်း(အနီ)၊ နိယာမ များနှင့် ယှက်နွယ်သူ (အနီ)၊ သမာဓိချီ (အပြာ)၊ ထူးကဲသော ထိန်းချုပ်မှု (ခရမ်း)၊ သတ်ဖြတ်ခြင်း အရှိန်အဝါ နှလုံးသား (ခရမ်း)၊ ပြိုင်ဘက်ကင်း နတ်ဘုရားဝိညာဉ် (ခရမ်း)၊ သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း (ခရမ်း)】
【နတ်ဘုရားစွမ်းရည် - ရွှေကျီးကန်း သက်တံ့အသွင်ပြောင်းခြင်း၊ နေမင်းအစစ်အမှန်မီးတောက် ၊ အဆတစ်ရာ တိုးပွားစေခြင်း၊ အရာအားလုံးကို ထိုးထွင်းသိမြင်ခြင်း】
【ဘဝဇာတ်ညွှန်း - “အနန္တနိယာမ နတ်ဘုရားကျင့်စဉ်”၊ “အနန္တဝိညာဉ်တို့၏ ဘိုးဘေး”၊ “သိုင်းပညာဖြင့် ကောင်းကင်ကို ဖျက်ဆီးခြင်း” တို့နှင့် ပေါင်းစည်း မှုအခြေအနေ】
【ဘဝလမ်းကြောင်း - သင်သည် ကံကြမ္မာကို ဆန့်ကျင်သူဖြစ်သဖြင့် အတိတ်နှင့် အနာဂတ်ကို မသိရှိနိုင်ပါ】
【အခွင့်အလမ်း - သင်သည် ကံကြမ္မာကို ဆန့်ကျင်သူဖြစ်သဖြင့် အတိတ်နှင့် အနာဂတ်ကို မသိရှိနိုင်ပါ】
.....
ရှုချွမ်းက လက်ရှိ သူ့ကိုယ်သူ အလွန်ပင် ကျေနပ်မိသည်။
အနန္တ ဝိညာဉ်မီးဖို နှင့် ရှေးဟောင်း ရွှေရောင်နန်းတော်တို့ကို သိမ်းဆည်းလိုက်ပြီးနောက် ရှုချွမ်းက လှုပ်ရှားလိုက်ရာ မီးတောင်၏ အပြင်ရှိ ရွှမ်လျဲ့၏ အရှေ့သို့ ချက်ချင်း ရောက်ရှိသွားခဲ့တော့သည်။
ရှုချွမ်းကသူ့အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်ကာ ပြောလိုက်၏။ “လာစမ်း... ငါနဲ့ တစ်ချက်လောက် တိုက်ခိုက်ကြည့်ရအောင်”