အခန်း (၁၈၉-၁၉၀)
Vol. 19 Ch. 189-190
အခန်း (၁၈၉) ထိတ်လန့်ဖွယ်ရာ တိုက်ခိုက်မှုကြီး
ဤအခိုက်အတန့်တွင် တိုက်ပွဲကို အချိန်ဆွဲနေရန် လုံးဝမသင့်တော်သဖြင့် ရှုချွမ်းနှင့် ရွှမ်လျဲ့တို့က အမြန်ဆုံး အရှိန်နှုန်းဖြင့် ထွက်ပြေးခဲ့ကြသည်။
“အဲ့ဒီမှာ ရပ်စမ်း”
အောင်းပင်းက ဒေါသတကြီး အော်ဟစ် လိုက်ရင်း သူတို့နောက်သို့ ထပ်မံ၍ လိုက် မီရန် ကြိုးပမ်းတော့သည်။
သို့သော်လည်း ရွှမ်လျဲ့က သူ၏ အသက်ဘေးမှ လွတ်မြောက်နိုင်မည့် ထွက်ပြေးခြင်းကျင့်စဉ် ကို အစွမ်းကုန် ထုတ်ဖော်နေခြင်း ဖြစ်ရာ အမြန် နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းသဖြင့် အောင်းပင်းအနေဖြင့် ခေတ္တမျှအတွင်း လှမ်း၍ မမှီနိုင်သေးပေ။
သူက အမှီမလိုက်နိုင်သော်လည်း သူတို့၏ နောက်ကျောဘက်သို့ ထပ်ကြပ်မကွာ ကပ်လျက် လိုက်ပါလာပြီး မည်သည့် အခွင့်အရေးမျှ မပေးပေ။
“စောင့်နေလိုက်စမ်း... ရေမျက်စိရောက်ဖို့ သိပ်မလိုတော့ဘူး၊ အဲ့ဒီအချိန်ကျရင် မင်း ငါတို့ကို ဘယ်လို လိုက်မလဲ ကြည့်ရသေးတာပေါ့” ရှုချွမ်းက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။
သူတို့သာ ရေမျက်စိအတွင်းသို့ ဝင်ရောက်သွားနိုင်ပါက အောင်းပင်းသည် လိုက်လိုသော်လည်း လိုက်နိုင်တော့မည် မဟုတ်ပေ။
သူက ဤမူလရေကမ္ဘာမှ လုံးဝ ထွက်ခွာနိုင်စွမ်း မရှိပေ ။
အကယ်၍ သူသာ အပြင်ဘက်သို့ ခြေတစ်လှမ်း လှမ်းထွက်ဝံ့ပါက ကမ္ဘာ့နိယာမ များ၏ တန်ပြန်တိုက်ခိုက်ခြင်းကို ဧကန်မုချ ခံရပေလိမ့်မည်။
ဤသို့ တွေးတောရင်း ရှုချွမ်းနှင့် ရွှမ်လျဲ့တို့က အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းခဲ့ကြရာ မကြာမီအချိန်အတွင်းမှာပင် ရေမျက်စိ တည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့တော့သည်။
သို့သော်လည်း အောင်းပင်းက ၎င်းတို့၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပုံရပြီး သူ၏ လိုက်ခြင်း ကို ရုတ်တရက် ရပ်တန့်လိုက်တော့သည်။
ရှုချွမ်း နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူ၏ ဘဝတွင် မေ့ရက်နိုင်စရာမရှိသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။
အောင်းပင်းက သူတို့၏ နောက်ကျောဘက်တွင် မရှိတော့ဘဲ ကမ္ဘာမြေကြီးတစ်ခုလုံး ကတ္တရာစေးကဲ့သို့ မည်းမှောင်သွားခဲ့ပြီး ဧရာမ တွင်း နက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုတွင်း နက်ကြီးအတွင်း ဟင်းလင်းပြင်များမှာ အဆက်မပြတ် ပြိုကွဲပျက်စီးလိုက်၊ ပြန်လည်ကောင်းမွန်လာလိုက်နှင့် ထပ်မံ ပြိုကျပျက်စီးနေခဲ့သည်။
ထိတ်လန့်ဖွယ်ရာ စုပ်ယူအားကြီးက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမြိုနေခဲ့တော့၏။
ဤတွင်းနက်ကြီးက ဤကမ္ဘာအတွင်းရှိ အရာအားလုံးအပြင် ထွက်ပြေးရန် ကြံစည်နေသော ရှုချွမ်းနှင့် ရွှမ်လျဲ့တို့ကိုပါ တိုက်ရိုက် ဝါးမြိုပစ်ရန် ရည်ရွယ်နေသည့်အလားပင်။
“ဘုရားရေ... ဒီကောင်က သူ့အသက်ကိုပါ ရင်းပြီး တိုက်ခိုက်နေတာပဲ”
ရှုချွမ်းက အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ အကယ်၍ အောင်းပင်းသာ ဤအတိုင်း ဆက်လက် လုပ်ဆောင်နေပါက ဤကမ္ဘာတစ်ခုလုံး ပြိုကျပျက်စီးသွားပြီး တွင်းနက်ကြီး၏ ဝါးမြိုခြင်းကို ခံရပေလိမ့်မည်။
အဆင့်၁ ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ စွမ်းအားမှာ တကယ့်ကို ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
ရှုချွမ်းက ဤတွင်းနက်ကြီးအောက်တွင် သူ ဘေးကင်းကင်းနှင့် အသက်ရှင်နိုင်မည်ဟုပင် အာမမခံရဲတော့ပေ။
ဤတွင်းနက်၏ စွမ်းအားမှာ သူ၏ သိနားလည်မှုကို ကျော်လွန်နေခဲ့ပြီ ဖြစ်ရာ ၎င်းက ကောင်းကင်နှင့်မြေကြီး ကို ဖျက်ဆီးပစ်နိုင်သော စစ်မှန်သော တည်ရှိမှု ဖြစ်ပေသည်။
၎င်း၏ ရည်ရွယ်ချက်မှာ သူတို့နှစ်ဦးကို သတ်ပစ်ရန်သာ ဖြစ်သည်။
ရှုချွမ်းက ဤအခိုက်အတန့်တွင် သူ့ကိုယ်သူ ဂုဏ်ယူရမလို ကံဆိုးသည်ဟု မှတ်ယူရမလို မခွဲခြားနိုင်တော့ပေ။
“မြန်မြန် ရေမျက်စိထဲ ဝင်ကြစို့၊ အခုမှ မသွားရင် ငါတို့ တကယ်ပဲ သွားလို့ရတော့မှာ မဟုတ်ဘူး”
တွင်းနက်ကြီး လုံးဝ ဖြစ်ပေါ်လာတော့သည်ကို မြင်ရပြီးနောက် ရှုချွမ်းပင်လျှင် ထိုစုပ်ယူအားကို တွန်းလှန်ရန် ခက်ခဲလာခဲ့ပြီ ဖြစ်သည်။
“တင်းတင်းဆုပ်ထားစမ်း”
ရွှမ်လျဲ့သည်လည်း အခြေအနေ၏ စိုးရိမ်ရမှုကို ကောင်းစွာ နားလည်သဖြင့် မဆိုင်းမတွဘဲ လှုပ်ရှားလိုက်တော့သည်။
သူက ရှုချွမ်းကို တင်ဆောင်ကာ အလင်းတန်းတစ်ခုအဖြစ်သို့ တိုက်ရိုက် အသွင်ပြောင်းလဲလိုက်ပြီး ရေမျက်စိအတွင်းသို့ တိုးဝင်ကာ ဤမူလရေကမ္ဘာမှ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။
သို့သော်လည်း အောင်းပင်းက သူတို့ကို ထိုမျှလောက် အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။
“ထွက်ပြေးဖို့ မစဉ်းစားနဲ့တော့၊ မင်းတို့နှစ်ယောက်လုံး သေကြစမ်း”
အောင်းပင်း၏ အသံက တွင်းနက်ကြီးအတွင်းမှ ဟိန်းထွက်လာခဲ့သည်။
၎င်းနောက်တွင် ထိုတွင်းနက်ကြီးက လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့ပြီး အမည်းစက်လေးတစ်ခုအဖြစ် ပြောင်းလဲကာ ရေမျက်စိအတွင်းသို့ လွင့်ပျံဝင်ရောက်သွားခဲ့သည်။
၎င်းနောက် ထိုအမည်းစက်လေးမှာ ရုတ်တရက် ပြန်လည်ပွင့်ထွက်လာခဲ့ပြီး ၎င်းအတွင်းမှ အဆုံးမဲ့လှသော အနက်ရောင် အလင်းတန်းများ ဖြာထွက်လာခဲ့၏။
“ဘန်း”
ပေါက်ကွဲသံကြီး တစ်ချက် မြည်ဟည်းသွားခဲ့သည်။
အောင်းပင်းကိုယ်တိုင် ရေမျက်စိအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိသော်လည်း သူ၏ တိုက်ခိုက်မှုမှာမူ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။
သူက ဤတွင်းနက် ပေါက်ကွဲမှုစွမ်းအားဖြင့် ရှုချွမ်းနှင့် ရွှမ်လျဲ့တို့ကို ရေမျက်စိအတွင်း၌တင် တိုက်ရိုက် ပေါက်ကွဲသေဆုံးစေရန် ကြံစည်ခဲ့ခြင်း ဖြစ်ပေသည်။
တွင်းနက်ကြီး ပွင့်ထွက် ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် ဟင်းလင်းပြင်ကြီး အပိုင်းပိုင်း ကြေမွသွားခဲ့ပြီး ထိတ်လန့်ဖွယ်ရာ စွမ်းအားလှိုင်းလုံးကြီးမှာ ရှုချွမ်းနှင့် ရွှမ်လျဲ့တို့အပေါ်သို့ တိုက်ရိုက် လွှမ်းခြုံသွားခဲ့တော့သည်။
ဤအရာအားလုံးမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ရာ ရှုချွမ်းအနေဖြင့် အကာအကွယ်အတွက် ရှေးဟောင်း ရွှေရောင်နန်းတော်ကြီးကို ထုတ်ယူရန်ပင် အချိန်မရလိုက်ပေ။
သူက ထိုစွမ်းအားလှိုင်းကြီး ကပ်ပါလာသည်ကို မျက်စိဖြင့်သာ စောင့်ကြည့်နေနိုင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ရွှမ်လျဲ့၏ တုံ့ပြန်မှုမှာ လျင်မြန်လှသဖြင့် သူ၏ လိပ်ခွံကြီးကို အသုံးပြုကာ ရှုချွမ်းအား ကာကွယ်ပေးထားလိုက်သည်။
သို့သော်လည်း ရွှမ်လျဲ့၏ ကာကွယ်ပေးမှု ရှိနေခဲ့ပါလျက်နှင့် ဤထိတ်လန့်ဖွယ်ရာ ပေါက်ကွဲမှုအောက်တွင် ရှုချွမ်းက ပြင်းထန်သော ဒဏ်ရာကို ရရှိသွားခဲ့ရသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကလီစာများမှာ စုတ်ပြဲသွားခဲ့ပြီး ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ထွက်လာခဲ့ကာ ချက်ချင်းပင် သတိလစ် မေ့မြောသွားခဲ့ရတော့သည်။
ရွှမ်လျဲ့သည်လည်း ဤအချိန်တွင် အခြေအနေ မကောင်းလှပေ။
ဤပေါက်ကွဲမှုအောက်တွင် သူ၏ လိပ်ခွံကြီးမှာ နေရာအနှံ့ အက်ကွဲသွားခဲ့ပြီး ခန္ဓာကိုယ်အတွင်းပိုင်းမှာလည်း ဖရိုဖရဲ ဖြစ်သွားခဲ့ရကာ နေရာအနှံ့ ထိခိုက်ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့သည်။
သူ ကောင်းကင်ဘုရင်နယ်ပယ်သို့ ရောက်ရှိလာခဲ့သည့် အချိန်မှစ၍ ယခုကဲ့သို့ အသက်အန္တရာယ် စိုးရိမ်ရလောက်သည့် ပြင်းထန်သော ဒဏ်ရာမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။
အကယ်၍ ရွှမ်လျဲ့၏ သဘာဝအရ ခိုင်မာလှသော လိပ်ခွံကြီးနှင့် သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်၏ အကာအကွယ်သာ မရှိခဲ့ပါက ရှုချွမ်းနှင့် ရွှမ်လျဲ့တို့သည် ယနေ့တွင် အောင်းပင်း၏ တိုက်ခိုက်မှုအောက်၌ ဧကန်မုချ အသက်ပျောက်သွားကြပေလိမ့်မည်။
တစ်ဖက်တွင်မူ မူလရေကမ္ဘာအတွင်း ကျန်ရစ်ခဲ့သော အောင်းပင်းက သူ၏ စွမ်းအားအပြည့် တိုက်ခိုက်မှုက ရှုချွမ်းနှင့် ရွှမ်လျဲ့တို့ကို မသတ်နိုင်ခဲ့သည်ကို မြင်တွေ့လိုက်ရသဖြင့် သူ၏ နှလုံးသားအတွင်းရှိ မုန်းတီးမှုနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ဖုံးကွယ်၍မရအောင် ဖြစ်နေခဲ့သည်။
သို့သော်လည်း သူက အပြင်သို့ ထွက်၍မရသဖြင့် မူလရေကမ္ဘာအတွင်း၌သာ အချည်းနှီး ဒေါသထွက်လျက် ကျန်ရစ်ခဲ့ရတော့သည်။
သူက အမျိုးမျိုးသော နတ်ဘုရားစွမ်းရည်များကို အရူးအမူး အသက်သွင်းလိုက်ရာ မူလရေကမ္ဘာတစ်ခုလုံးမှာ ချက်ချင်းပင် ပျက်စီးခြင်း နယ်ပယ်သို့ ရောက်ရှိသွားခဲ့တော့သည်။
အောင်းပငမးက ယခုအခါ ရူးသွပ်နေခဲ့ပြီ ဖြစ်ရာ ဤမူလရေကမ္ဘာတစ်ခုလုံး ပျက်စီးသွားပါစေ၊ သူကိုယ်တိုင် ပြင်းထန်သော ဒဏ်ရာ ရရှိသွားပါစေ ထိုနှစ်ဦးကို လိုက်လံ သတ်ဖြတ်ရန်သာ စိတ်ပိုင်းဖြတ်ထားတော့သည်။
သူက မြင်သမျှအရာအားလုံးကို ရူးသွပ်စွာ ဖျက်ဆီးပစ်ရင်း ဤကမ္ဘာကြီးကို ရိုက်ခွဲပစ်ရန် ကြံစည်နေခဲ့သည်။
သို့သော်လည်း သူက ဤမူလရေကမ္ဘာအတွင်း မွေးဖွားလာခဲ့သော သတ္တဝါတစ်ဦးသာ ဖြစ်ရာ သူ၏ အရာအားလုံးမှာ မူလရေကမ္ဘာမှ မြစ်ဖျားခံခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ဤကမ္ဘာကြီးက သူ့အား လွယ်လွယ်ကူကူ ဖျက်ဆီးခွင့် ပေးပါမည်လော။
အောင်းပင်း ကမ္ဘာကြီးကို ဖျက်ဆီးနေစဉ်အတွင်း ကောင်းကင်ယံ၌ ဧရာမ မျက်လုံးနက်ကြီးတစ်လုံး ပေါ်ထွက်လာခဲ့ပြီး ၎င်းအတွင်းမှ အနက်ရောင် လျှပ်စီးတန်းတစ်ခု ပြေးထွက်လာကာ အောင်းပင်းကို တိုက်ရိုက် ထိမှန်သွားခဲ့တော့သည်။
“အား...”
နာကျင်စွာ အော်ဟစ်သံကြီးတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ရသည်။
အတိုင်းအဆမဲ့လှသော နာကျင်မှုကြောင့် အောင်းပင်းက ချက်ချင်းပင် သတိပြန်ဝင်လာခဲ့ရ၏။
သူက ဆက်လက်၍ မဖျက်ဆီးရဲတော့ဘဲ ရှုချွမ်းတို့ နောက်သို့ လိုက်လံရန် ကြိုးပမ်းမှုကို မဖြစ်မနေ စွန့်လွှတ်လိုက်ရတော့သည်။
အခြားတစ်ဖက်တွင်မူ ရှုချွမ်းက ဖြည်းဖြည်းချင်း သတိပြန်လည်လာခဲ့ပြီး တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးပဲ့နေသကဲ့သို့ အလွန်တရာ ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရသည်။
ရှုချွမ်းက ပြင်းထန်လှသော နာကျင်မှုကို အံတုရင်း မတ်တတ်ရပ်လိုက်ကာ သူ၏ သိုလှောင်လက်စွပ်ထဲမှ ကုသရေး ဆေးလုံးများကို ထုတ်ယူကာ မြိုချလိုက်ပြီး ဒဏ်ရာများကို စတင်၍ ကုသလိုက်တော့သည်။
သူက ရွှမ်လျဲ့ကိုလည်း မေ့မထားခဲ့ပေ။
ဤတစ်ကြိမ်တွင် ရွှမ်လျဲ့သာ မရှိခဲ့ပါက သူက လုံးဝ အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
နာရီဝက်ခန့် ကြာမြင့်သွားပြီးနောက် ရှုချွမ်း၏ ဒဏ်ရာများမှာ အတော်အတန် သက်သာလာခဲ့ပြီး ဖြည်းဖြည်းချင်း လှုပ်ရှားနိုင်လာခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရင်း ရှုချွမ်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။
“ငါတို့ ဘယ်ရောက်နေတာလဲ” ရှုချွမ်းက ဘေးနားတွင် လဲလျောင်းနေသော ရွှမ်လျဲ့ကို မေးလိုက်သည်။
ရွှမ်လျဲ့၏ ဒဏ်ရာများမှာ ရှုချွမ်းထက် များစွာ ပိုမိုပြင်းထန်လှသဖြင့် ဆေးလုံးများ၏ အကူအညီ ရှိနေခဲ့ပါလျက်နှင့် ခေတ္တမျှအတွင်း လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်သေးပေ။ သူက ခေါင်းကို မော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ၎င်းတို့က ရေမျက်စိအတွင်း၌ ရှိမနေတော့သည်ကို တွေ့လိုက်ရသည်။
ယခင်က တွင်းနက်ကြီး ပေါက်ကွဲမှုကြောင့် ဧရာမ ဟင်းလင်းပြင် အက်ကြောင်းများစွာ ဖြစ်ပေါ်ခဲ့ပြီး ရှုချွမ်းနှင့် ရွှမ်လျဲ့တို့မှာ ၎င်းတို့အတွင်းသို့ တိုက်ရိုက် စုပ်ယူခြင်း ခံခဲ့ရကာ လုံးဝ တွန်းလှန်နိုင်စွမ်း မရှိခဲ့ပေ။
ကံကောင်းစွာဖြင့် နောက်ဆုံးအခိုက်အတန့်တွင် ရှေးဟောင်း ရွှေရောင်နန်းတော်ကြီးက သခင့်ကို ကာကွယ်ရန် အလိုအလျောက် ပေါ်ထွက်လာခဲ့သဖြင့်သာ သူတို့နှစ်ဦး ဟင်းလင်းပြင်အက်ကြောင်းများအတွင်း သေဆုံးမသွားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ၎င်းတို့က ဟင်းလင်းပြင်မုန်တိုင်းအတွင်း လမ်းပျောက်သွားခဲ့ကြပြီး ယခုအခါ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို လုံးဝ မသိရှိကြတော့ပေ။
သူတို့၏ ပတ်ပတ်လည်တွင် စိမ်းလန်းစိုပြည်ပြီး ကြီးမး လှသော ကမ္ဘာဦး သစ်ပင်ကြီးများ ရှိနေကြပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေကာ လူသားတို့ နေထိုင်မည့် အရိပ်အယောင် လုံးဝ မရှိပေ။
“ငါလည်း မသိဘူး... ဒါပေမဲ့ ငါတို့ အရှေ့ဘက်ဒေသမှာ မဟုတ်တာတော့ သေချာတယ်” ရွှမ်လျဲ့က ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။
ရွှမ်လျဲ့က အရှေ့ဘက်ဒေသအတွင်း နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ဖူးသဖြင့် ထိုဒေသနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်လှပေသည်။
ဤနေရာ၏ ပတ်ဝန်းကျင်မှာ အရှေ့ဘက်ဒေသနှင့် လုံးဝ ကွဲပြားခြားနားနေသဖြင့် သူတို့ အရှေ့ဘက်ဒေသတွင် မရှိတော့သည်မှာ ထင်ရှားလှပေသည်။
“ကောင်လေးရှု... ငါ့ကို ရှေးဟောင်း နန်းတော် ကမ္ဘာထဲကို ထည့်ပေးပါဦး၊ ငါ ဒဏ်ရာတွေကို ကုသဖို့ လိုအပ်တယ်” ရွှမ်လျဲ့က အားနည်းစွာ ပြောလိုက်သည်။
သူ၏ ဒဏ်ရာများမှာ အလွန်တရာ ပြင်းထန်လှသဖြင့် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်ပေ။
“ကောင်းပြီ... စိတ်အေးလက်အေးနဲ့ ဒဏ်ရာတွေကို ကုသပါ” ရှုချွမ်းက ခေါင်းညိတ်လိုက်ပြီးနောက် ရွှမ်လျဲ့ကို ရှေးဟောင်း နန်းတော် ကမ္ဘာအတွင်းသို့ ထည့်သွင်းပေးလိုက်တော့သည်။
ရှုချွမ်းအနေဖြင့် ရွှမ်လျဲ့၏ ဒဏ်ရာများအတွက် များစွာ မကူညီနိုင်ပေ။
သူ၏ လက်ထဲရှိ ဆေးလုံးများမှာ အများဆုံးအနေဖြင့် ဒဏ်ရာများကို သက်သာစေရုံသာ တတ်နိုင်ပြီး အမြစ်ပြတ်ကုသရန်အတွက်မူ ရွှမ်လျဲ့ကိုယ်တိုင်၏ ပြန်လည်ကုသနိုင်စွမ်းအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
ရွှမ်လျဲ့ကို နေရာ ချပေးပြီးနောက် ရှုချွမ်းက သူတို့ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို ဦးစွာ စုံစမ်းရန်နှင့် နောက်ထပ် မည်သို့လုပ်ရမည်ကို အစီအစဉ်ချနိုင်ရန်အတွက် ဤတောအုပ်ကြီးကို စတင်၍ စူးစမ်းရှာဖွေရန် ပြင်ဆင်လိုက်တော့သည်။
အခန်း (၁၉၀) ကုန်သည်အဖွဲ့ထဲသို့ ရောနှောဝင်ရောက်ခြင်း၊ ဟဲချန်၏ ဇာတ်ညွှန်း
ထုံးစံအတိုင်းပင် ‘ပညာရဲရင့် လိုက်ရဲသည်’ ဟူသော စကားအတိုင်း ရှုချွမ်းက သူ၏ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၁ကျင့်ကြံခြင်းကို အမှီပြုကာ ဤစိမ်းလန်းလှသော ပတ်ဝန်းကျင်၌ပင် မည်သည့် ကြောက်ရွံ့မှုကိုမျှ ပြသခြင်း မရှိခဲ့ပေ။
သူ၏ ဒဏ်ရာများ အတန်ငယ် သက်သာလာပြီးနောက် ရှုချွမ်းက တောအုပ်ကြီးအတွင်း လှည့်လည်သွားလာရင်း ဤနေရာမှ ထွက်ခွာနိုင်မည့် လမ်းစကို စတင်ရှာဖွေတော့သည်။
မည်သို့ပင်ဖြစ်စေ လူသားများ နေထိုင်ရာအရပ်ကို ဦးစွာ ရှာဖွေပြီး ဤနေရာက မည်သည့်အရပ်ဖြစ်ကြောင်း သိရှိအောင် လုပ်ရန်မှာ အရေးကြီးဆုံး ကိစ္စ ဖြစ်ပေသည်။
ရှုချွမ်းက ဦးတည်ရာတစ်ခုကို ရွေးချယ်ကာ ရှေ့သို့ ဆက်တိုက် တိုးဝင်သွားခဲ့ပြီး လမ်းခရီးတစ်လျှောက် ကြုံတွေ့ရသော မိစ္ဆာသားရဲများကို အလွယ်တကူပင် ရှင်းလင်းသွားခဲ့သည်။
ဤနေရာရှိ မိစ္ဆာသားရဲများ၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်နိမ့်ပါးလွန်းသဖြင့် ရှုချွမ်းအတွက် ပြိုင်ဘက် မဟုတ်ကြပေ။
တိုက်ဆိုင်စွာပင် ရှုချွမ်းက လူများ အခြေချ စခန်းချနေသော နေရာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ဤစခန်းရှိ လူများမှာ အနီးနားတွင် ခရီးသွားနေကြသော ကုန်သည်များနှင့် လမ်းသွားလမ်းလာများ ဖြစ်ကြပြီး လူတိုင်းက မမျှော်လင့်ထားသော ဘေးအန္တရာယ်များကို ကာကွယ်ရန်အတွက် စုပေါင်း၍ နေထိုင်နေကြခြင်း ဖြစ်သည်။
ရှုချွမ်းက သူ၏ မူလရုပ်နှင့် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ကာ လူအုပ်ကြီးအတွင်းသို့ ရောနှောဝင်ရောက်ခဲ့ပြီး နောက်ဆုံးတွင် သူ ရောက်ရှိနေသော နေရာကို စုံစမ်းသိရှိသွားခဲ့တော့သည်။
ဤနေရာက ရွှမ်ထျန်းတိုက်ကြီး ၏ တောင်ဘက်ဒေသတွင် တည်ရှိနေခြင်း ဖြစ်သည်။
သို့သော် လမ်းခရီးကို အနည်းငယ် ထပ်မံသွားလိုက်ပါက ထိုတိုက်ကြီး၏ နောက်ထပ် ဒေသတစ်ခုဖြစ်သော အနောက်ဘက်ဒေသသို့ တိုက်ရိုက် ရောက်ရှိနိုင်ပေသည်။
သူ ထွက်ခွာလာခဲ့သော အရှေ့ဘက်ဒေသ နှင့် မည်မျှအထိ ဝေးကွာနေသည်ကို မသိရှိရသော်လည်း လုံးဝ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပေသည်။
ဟင်းလင်းပြင်အက်ကြောင်းကြောင့် ဤနေရာသို့ တိုက်ရိုက် ပို့ဆောင်ခြင်း ခံလိုက်ရလိမ့်မည်ဟု ရှုချွမ်း လုံးဝ ထင်မှတ်မထားခဲ့မိပေ။
အကယ်၍ ရှုချွမ်းအနေဖြင့် အရှေ့ဘက်ဒေသရှိ ထိုက်ယိ မြင့်မြတ်နယ်မြေသို့ ပြန်သွားချင်ပါက သူက တောင်ဘက်ဒေသ၏ အတွင်းပိုင်းသို့ ဝင်ရောက်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တောင်ဘက်ဒေသတစ်ခုလုံးကို ဖြတ်ကျော်ကာ အရှေ့ဘက်ဒေသသို့ သွားရောက်ရမည် ဖြစ်သည်။
လူအများစုမှာ သူတို့၏ တစ်သက်တာလုံးတွင် ဤခရီးစဉ်ကို အဆုံးတိုင် သွားနိုင်ကြလိမ့်မည် မဟုတ်သော်လည်း ရှုချွမ်းကမူ ဤလမ်းခရီးကို စတင်လျှောက်လှမ်းရန် ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။
ကံကောင်းစွာဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ရာ သူ၏ ဘေးကင်းရေးအတွက် စိုးရိမ်စရာ မလိုသည့်အပြင် လမ်းခရီးတစ်လျှောက် သူ၏ ကျင့်ကြံခြင်းကို ပိုမိုခိုင်မာအောင် လေ့ကျင့်နိုင်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း ပိုမိုသန်မာအောင် ထုဆစ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း လုံလောက်သော ကျင့်ကြံခြင်း အရင်းအမြစ် မရှိဘဲ ဒေသတစ်ခုနှင့် တစ်ခုကို ဖြတ်ကျော်ရန် ကြိုးပမ်းခြင်းမှာ အရူး တစ်ဦး၏ အိပ်မက်မျှသာ ဖြစ်ပေလိမ့်မည်။
လမ်းခရီး၏ သုံးပုံတစ်ပုံကိုပင် မရောက်ရှိသေးဘဲ မိစ္ဆာသားရဲများ၏ ပါးစပ်တွင်း၌ သေဆုံးသွားနိုင်ပေသည်။
ထိုသို့ မသွားရောက်မီ ရှုချွမ်းက အရှေ့ဘက်ဒေသသို့ ပြန်မည့် ခရီးစဉ်ကို မစတင်မီ အနီးနားရှိ လူသားမြို့တော်တစ်ခုသို့ သွားရောက်ကာ ခေတ္တမျှ အနားယူပြီး ပြန်လည်ပြင်ဆင်ရန် စီစဉ်လိုက်သည်။
ပထမအချက်မှာ သူက တောင်ဘက်ဒေသ၏ မြေမျက်နှာသွင်ပြင်၊ တည်နေရာနှင့် အင်အားစုများ ဖြန့်ကြက်ထားပုံကို မသိရှိသေးသဖြင့် မဆင်မခြင် လှုပ်ရှားပါက မမျှော်လင့်ထားသော အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ခြင်း ကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ သူ၏ ဒဏ်ရာများ လုံးဝကောင်းမွန်လာရန်အတွက် အချိန်အနည်းငယ် လိုအပ်သေးသဖြင့် ဤအချိန်အတွင်း တောင်ဘက်ဒေသ၏ ရိုးရာဓလေ့များနှင့် ယဉ်ကျေးမှုများကို လေ့လာစူးစမ်းရန် ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်ပေသည်။
...
ထိုညတွင်ပင် ရှုချွမ်းက ကုန်သည်အဖွဲ့ ခေါင်းဆောင် ကို ယွမ်ကျောက်တုံး အချို့ဖြင့် လာဘ်ထိုးကာ အနောက်ဘက်ဒေသမှ တောင်ဘက်ဒေသသို့ ပြန်လည် ထွက်ခွာမည့် ကုန်သည်အဖွဲ့ကြီးအတွင်းသို့ အောင်မြင်စွာ ရောနှောဝင်ရောက်နိုင်ခဲ့သည်။
ဤကုန်သည်အဖွဲ့မှာ စခန်းအတွင်းရှိ အဖွဲ့များထဲတွင် တော်တော်လေး ကြီးမားသော အဖွဲ့တစ်ခု ဖြစ်ပြီး လူအင်အား တစ်ရာမှ နှစ်ရာခန့်အထိ ပါဝင်ကာ လျှို့ဝှက်အစောင့်အရှောက် ဒါဇင်ပေါင်းများစွာလည်း ပါဝင်သည်။
ထိုအစောင့်များ၏ အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာ နတ်ဘုရားစွမ်းအားနယ်ပယ်ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့ ဘာကြောင့် သာမန်အစောင့်များအဖြစ် ဟန်ဆောင်ထားကြသည်ကို မသိရသော်လည်း ရှုချွမ်းအနေဖြင့် ထိုကိစ္စများကို စိတ်မဝင်စား ပေ။
နတ်ဘုရားစွမ်းအားနယ်ပယ်နှင့် နိဗ္ဗာနနယ်ပယ် အစောင့်များမျှသာ ဖြစ်ရာ သူတို့ မည်မျှအထိ လှိုင်းတံပိုးကြီးများ ထအောင် လုပ်နိုင်ပါမည်နည်း။
အကယ်၍ လူသားမြို့တော်သို့ သွားမည့် လမ်းခရီးကို မသိရှိပါက သူသည် ဤလူများနှင့်အတူ ရှိနေရန် စိတ်ကူးရှိလိမ့်မည် မဟုတ်ပေ။
နောက်တစ်နေ့ နံနက်ပိုင်းတွင် ချိန်းဆိုထားသော အချိန်၌ ရှုချွမ်းက ကုန်သည်အဖွဲ့၏ အနီးသို့ ရောက်ရှိလာခဲ့သည်။
ရှုချွမ်းကို မြင်လျှင် ကုန်သည်အဖွဲ့ ခေါင်းဆောင် ၏ မျက်လုံးများမှာ တောက်ပသွားခဲ့ပြီး ရိုသေကိုင်းညွတ်စွာဖြင့် နှုတ်ဆက်လိုက်တော့သည်။
“သခင်လေးရှု... ရောက်လာပြီပဲ ခဏလောက် စောင့်ပေးပါ၊ ကျွန်တော်တို့ အခုပဲ ထွက်ခွာတော့မှာပါ”
ကုန်သည်အဖွဲ့ခေါင်းဆောင် အတွက်မူ ရှုချွမ်းက အလွန်တရာ အဖိုးတန်သော ဧည့်သည်တော်ကြီး ဖြစ်ပေသည်။
ကုန်သည်အဖွဲ့အတွင်း ရောနှောနိုင်ရန် သရုပ်တစ်ခု ဖန်တီးပေးရုံမျှဖြင့် သူက ရှုချွမ်းထံမှ ယွမ်ကျောက်တုံး တစ်ထောင်ကို လက်ခံရရှိခဲ့သည်။
ဤဝင်ငွေမှာ သူ၏ နှစ်ပေါင်းများစွာ စုဆောင်းထားရသော လစာထက်ပင် ပိုမိုများပြားလှပေသည်။
သူက ရှုချွမ်းအား အနောက်ဘက်ဒေသမှ အိမ်ပြေးလာသော သခင်လေးတစ်ဦးအဖြစ် သတ်မှတ်ထားပြီး တောင်ဘက်ဒေသနှင့် စိမ်းနေသဖြင့် ယွမ်ကျောက်တုံးများကို အသုံးပြုကာ အကူအညီ တောင်းခံနေခြင်း ဖြစ်သည်ဟု ထင်မြင်နေခဲ့သည်။
ထို့ကြောင့် သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ရှုချွမ်းကို အကောင်းဆုံး ပြုစုဧည့်ခံရန်နှင့် သခင်လေး စိတ်ကြည်လင်ပါက သူ့အား ယွမ်ကျောက်တုံးအချို့ ထပ်မံဆုချနိုင်သဖြင့် နောက်ထပ်တစ်ကြိမ် ချမ်းသာကြွယ်ဝသွားနိုင်ရန် ဖြစ်သည်။
“သခင်လေးရှု... ဒီရထားလုံးက သခင်လေးအတွက် အထူးပြင်ဆင်ထားတာပါ၊ အခက်အခဲ တစ်ခုခုရှိရင် ကျွန်တော့်ကို ချက်ချင်း ခေါ်လိုက်ပါ”
ကုန်သည်အဖွဲ့ခေါင်းဆောင် က ရှုချွမ်းကို ကုန်သည်အဖွဲ့၏ အနောက်ရှိ ရထားလုံးတစ်စီးထံသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုရထားလုံးမှာ ကုန်သည်အဖွဲ့ ခေါင်းဆောင် က ရှုချွမ်းအတွက် တစ်ညလုံး ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။
“မင်းကို ဒုက္ခပေးမိပြီ” ရှုချွမ်းက ရထားလုံးအနီးသို့ ချဉ်းကပ်ရင်း ကုန်သည် အဖွဲ့ခေါင်းဆောင် ကို ပြောလိုက်သည်။
“သခင်လေးရှုကလည်း... ကြင်နာလွန်းနေပါပြီ ”
ကုန်သည်အဖွဲ့ခေါင်းဆောင် က လက်ကို လျင်မြန်စွာ ဝှေ့ယမ်းကာ ဦးညွှတ်နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့တော့သည်။
ရှုချွမ်းက ရထားလုံးအတွင်း ဝင်ထိုင်လိုက်သည်။
ကုန်သည်အဖွဲ့၏ အနောက်တွင် အခြားသော လူအယောက် နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေကြသော်လည်း သူတို့တွင် မည်သည့် ရထားလုံးမျှ မရှိကြဘဲ ခြေလျင်သာ လျှောက်လှမ်းနေကြရသည်။
သူတို့သည်လည်း ကုန်သည်အဖွဲ့၏ အကာအကွယ်ကို ရယူကာ လူသားမြို့တော်သို့ လိုက်ပါလိုကြခြင်း ဖြစ်ပေသည်။
ထိုသို့ လိုက်ပါခြင်းက ဘေးကင်းလုံခြုံမှု ပိုမိုမြင့်မားသောကြောင့် ဖြစ်သည်။
“အစ်ကို... အစ်ကိုလည်း အနောက်ဘက်ဒေသကနေ လင်းရှောင်းမြို့ကို သွားမလို့လား” ကုန်သည်အဖွဲ့ခေါင်းဆောင် က ရှုချွမ်းအပေါ် အလွန်တရာ ယဉ်ကျေးပျူငှာစွာ ဆက်ဆံသည်ကို မြင်ရသဖြင့် လူငယ်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် လှမ်း၍ မေးလိုက်သည်။
ထိုလင်းရှောင်းမြို့မှာ ယခုတစ်ကြိမ် ရှုချွမ်း သွားရောက်မည့် ဦးတည်ရာဖြစ်ပြီး တောင်ဘက်ဒေသ၏ နယ်စပ်တွင် တည်ရှိသော ကြီးမားလှသော လူသားမြို့တော်ကြီးတစ်ခု ဖြစ်သည်။
တောင်ဘက်ဒေသ၏ အတွင်းပိုင်းသို့ ဝင်ရောက်ရန်အတွက် ဤနေရာကို မဖြစ်မနေ ဖြတ်သန်းသွားရမည် ဖြစ်သည်။
“ဟုတ်ပါတယ်” ရှုချွမ်းက သူ၏ နောက်ခံသမိုင်းကြောင်းကို ဖုံးကွယ်ရင်း ပြုံးလျက် ပြန်ဖြေလိုက်သည်။
“သိပ်ကောင်းတာပဲ၊ ကျွန်တော့်နာမည်က ဟဲချန်ပါ၊ ကျွန်တော်လည်း လင်းရှောင်မြို့ကို သွားမလို့၊ ဒီတစ်ခေါက်တော့ လင်းရှောင်ဂိုဏ်းထဲကို သေချာပေါက် ဝင်ခွင့်ရအောင် လုပ်မယ်”
ထိုလူငယ်မှာ တော်တော်လေး စကားပြောရတာ နှစ်သက်ပုံရပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။
“လင်းရှောင်ဂိုဏ်း... အဲ့ဒါ လင်းရှောင်မြို့ကို အုပ်ချုပ်တဲ့ သိုင်းတာအိုဂိုဏ်းလား” ရှုချွမ်း ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့ရသည်။
သူက သတင်းအချက်အလက် အတော်များများကို စုံစမ်းမေးမြန်းထားခဲ့သော်လည်း ဤအမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
လင်းရှောင်ဂိုဏ်း
ကြည့်လိုက်ရုံမျှဖြင့် ထိုဒေသရှိ ဒေသခံ သိုင်းတာအိုဂိုဏ်းတစ်ခုဖြစ်ကြောင်း သိနိုင်သော်လည်း ၎င်း၏ အတိုင်းအတာ မည်မျှအထိ ကြီးမားသည်ကိုမူ သူ မသိရှိပေ။
အကယ်၍ ၎င်းက ကြီးမားသော ဂိုဏ်းတစ်ခု ဖြစ်ပါက သူသည် ထိုနေရာသို့ သွားရောက်ကာ တောင်ဘက်ဒေသနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ကို ရှာဖွေစုံစမ်းနိုင်ပေလိမ့်မည်။
“ဟုတ်ပါတယ်... နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ လင်းရှောင်ဂိုဏ်းရဲ့ တပည့်သစ် ရွေးချယ်ပွဲ အခမ်းအနား ကျင်းပတော့မှာ၊ ဒါက ကျွန်တော့်အတွက် နောက်ဆုံးအခွင့်အရေးပဲ... သေချာပေါက် အောင်မြင်ရမယ်”
ဟဲချန်က ဤတပည့်သစ်ရွေးချယ်ပွဲတွင် သူ သေချာပေါက် အနိုင်ရရှိတော့မည့်အလား အလွန်တရာ ယုံကြည်ချက် အပြည့်ရှိနေခဲ့သည်။
“မင်းရဲ့ ပုံစံကို ကြည့်ရတာ ပြင်ဆင်မှုတွေ တော်တော်များများ လုပ်ထားပုံရတယ်” ရှုချွမ်းက ပြုံးလိုက်ရင်း “ဒါဆိုရင် ဒီတစ်ကြိမ်မှာ မင်းအတွက် ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်”
ရွှမ်ထျန်းကမ္ဘာတွင် သိုင်းပညာက ထွန်းကားလှပြီး သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန်မှာ လူတိုင်း၏ ဘဝတစ်သက်တာ အိပ်မက် ဖြစ်ပေသည်။
လူတိုင်း၏ ရင်ထဲတွင် သိုင်းပညာကို လိုက်စားလိုသော နှလုံးသားတစ်ခုစီ ရှိကြသည်။
“ကျေးဇူးတင်ပါတယ် အစ်ကို” ဟဲချန်က ပြုံးလိုက်ရင်း “ကျွန်တော် အစ်ကို့နာမည်ကို မသိရသေးဘူး”
“ရှုချွမ်း ပါ”
ဤခရီးစဉ်တစ်လျှောက်တွင် စကားစမြည် ပြောဆိုနိုင်မည့်သူနှင့် ကြုံတွေ့ရခဲလှသဖြင့် ရှုချွမ်းသည်လည်း သူ၏ အမည်ကို ကွယ်ဝှက်မထားခဲ့ပေ။
သူတို့နှစ်ဦး အမည်ချင်း ဖလှယ်လိုက်ကြပြီး သူငယ်ချင်းများအဖြစ် သတ်မှတ်လိုက်ကြတော့သည်။
ရှုချွမ်း၏ မျက်ဝန်းများအတွင်း ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီးနောက် ဟဲချန်၏ သတင်းအချက်အလက်များ ရှုချွမ်း၏ အရှေ့၌ ပေါ်ထွက်လာခဲ့တော့သည်။
【အမည် - ဟဲချန်】
【မျိုးနွယ်စု - လူသားမျိုးနွယ်】
【နယ်ပယ် - သေမျိုး 】
【ပါရမီ - အလွန်တရာ သာမန်ဖြစ်သည် 】
【ကံကြမ္မာ - ဘေးအန္တရာယ်မှ ဘေးကင်းရာသို့ ကူးပြောင်းခြင်း (ရွှေရောင်)၊ သူ၏ မူလနှလုံးသားကို ထိန်းသိမ်းခြင်း (ခရမ်းရောင်)】
【နတ်ဘုရားစွမ်းရည် - မရှိပါ】
【ဘဝဇာတ်ညွှန်း - လူသားမျိုးနွယ်စု၏ သူလျှို ဇာတ်ညွှန်း 】
【ဘဝ လမ်းကြောင်း - အသက် ၁၈ နှစ်အရွယ်တွင် လင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ရန်အတွက် လင်းရှောင်မြို့သို့ ၁၀ ကြိမ်မြောက် ခရီးစဉ်ကို စတင်ခဲ့ရာ လမ်းခရီး၌ ကောင်းကင်မိစ္ဆာ တစ်ကောင်၏ လမ်းပိတ်ဆို့ခြင်းကို ခံခဲ့ရသည်။ ကုန်သည်အဖွဲ့တစ်ခုလုံးမှာ ထိုကောင်းကင်မိစ္ဆာ၏ ဝါးမြိုခြင်းကို ခံခဲ့ရသော်လည်း ဟဲချန်သည် သူ၏ ကံကြမ္မာ ကောင်းချီးပေးမှုအောက်၌ ကောင်းကင်မိစ္ဆာကို ပြန်လည် တိုက်ခိုက်နိုင်ခဲ့ပြီး ၎င်း၏ မိစ္ဆာမျိုးနွယ်စု မူလကို ဝါးမြိုကာ လူသား-မိစ္ဆာ သွေးနှော တစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းနောက် တောင်ဘက်ဒေသအတွင်း ပုန်းအောင်းနေသော မိစ္ဆာမျိုးနွယ်စုဝင်များ၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသော်လည်း သူ၏ နှလုံးသားမှာ လူသားမျိုးနွယ်စုထံသို့သာ အမြဲတစေ ဦးတည်နေခဲ့သည်။ မိစ္ဆာမျိုးနွယ်စုမှ ပံ့ပိုးပေးသော အရင်းအမြစ်များကို အမှီပြုကာ သူ၏ ကျင့်ကြံခြင်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ နောက်ဆုံးတွင် မိစ္ဆာမျိုးနွယ်စုများ ရွှမ်ထျန်း တိုက်ကြီးကို ကျူးကျော်ဝင်ရောက်လာချိန်၌ သူသည် မိစ္ဆာမျိုးနွယ်စုကို သစ္စာဖောက်ကာ လူသားမျိုးနွယ်စုထံသို့ ပြန်လည်ပူးပေါင်းခဲ့ပြီး မိစ္ဆာမျိုးနွယ်စုကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အဓိကအင်အားစုကြီးတစ်ခု ဖြစ်လာခဲ့ကာ နောက်ဆုံး၌ စစ်မြေပြင်တွင် ကျဆုံးသွားခဲ့သည်။】
【အခွင့်အလမ်း - နောက်ထပ် နှစ်ရက်ကြာသောအခါ ကောင်းကင်မိစ္ဆာတစ်ကောင် ဆင်းသက်လာလိမ့်မည်ဖြစ်ပြီး ၎င်းအား ဝါးမြိုကာ နောက်ဆုံး၌ ကောင်းကင်မိစ္ဆာ၏ မူလကို ရရှိလိမ့်မည်။】
【ကံကြမ္မာ 】
ဘေးအန္တရာယ်မှ ဘေးကင်းရာသို့ ကူးပြောင်းခြင်း : အလွန်တရာ စိုးရိမ်ရသော အခိုက်အတန့်များတွင် သူသည် အမြဲတစေ ဘေးအန္တရာယ်ကို ကျော်လွှားကာ ဘေးကင်းရာသို့ ရောက်ရှိနိုင်ပြီး မျှော်လင့်ချက် အလင်းရောင်ကို ဆုပ်ကိုင်နိုင်သည်။
သူ၏ မူလနှလုံးသားကို ထိန်းသိမ်းခြင်း : မည်သည့်အရာကမျှ သူ၏ မူလနှလုံးသားကို လှုပ်ခါအောင် မလုပ်ဆောင်နိုင်ပေ။
မှတ်ဉာဏ် ပျောက်ဆုံးသွားခြင်း သို့မဟုတ် ဦးနှောက်ဆေးကြောခြင်း ခံရသည့်တိုင်အောင် သူ၏ မူလစိတ်ဓာတ်မှာ မပြောင်းလဲပေ။