အခန်း ၂
Vol. 1 Ch. 2
အခန်း (၂) - ကောက်ရလာသော ဇနီးသည်
“စနစ်...”
“ရောက်လာပြီလား...”
အခြားသော ကမ္ဘာကူးပြောင်း သူများနည်းတူ သူ ပိုင်ဆိုင်ရမည့် ‘စနစ်’ ဟူသော အရာမှာ ဤမျှ အချိန်နှောင်းမှ အသက်ဝင်လာလိမ့်မည်ဟု ယန်ချုံး လုံးဝ ထင်မှတ်မထားခဲ့ပေ။ အတိတ်ဘဝက အွန်လိုင်းဝတ္ထုပေါင်းများစွာကို ဖတ်ရှုလေ့လာခဲ့ဖူးသူပီပီ ထိုစနစ်၏ အကျိုးကျေးဇူးများကို သူ ကောင်းကောင်း နားလည်ထားသည်။ ထိုကြောင့် သူ၏ ရင်ထဲ၌ ဝမ်းသာ ကြည်နူးမှုတို့က လှိုင်းလုံးငယ်များအလား ချက်ချင်း ရိုက်ခတ်သွားတော့သည်။
ထိုခဏမှာပင် စနစ်၏ စက်ရုပ်ဆန်ဆန် အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
“မျက်နှာသစ် လက်ဆောင်ထုတ်ကို ဖွင့်လှစ်လိုက်ပါပြီ။ စနစ်၏ ကိုယ်ပိုင် နေရာလွတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ပြုပြင်ပြောင်းလဲရည် တစ်ပုလင်းနှင့် နတ်ဘုရားအဆင့် မုဆိုးကျွမ်းကျင်မှုတို့ကို ရရှိပါသည်”
ကိုယ်ပိုင် နေရာလွတ်။
ခန္ဓာကိုယ်ပြုပြင် ပြောင်းလဲရည်။
မုဆိုးကျွမ်းကျင်မှု...
ယန်ချုံးတစ်ယောက် စနစ်၏ နောက်ထပ်စကားကို မျှော်လင့်တကြီး နားစွင့်နေခဲ့သော်လည်း ဘာသံမှ ထပ်မကြားရတော့ချေ။ အခြားသော ကူးပြောင်းသူများကဲ့သို့ ရိက္ခာတွေ တန်နှင့်ချီ၊ အသုံးအဆောင်တွေ တန်နှင့်ချီ ရရှိတတ်သည့် မြင်ကွင်းမျိုး သူ၏ စနစ်တွင် ပေါ်ပေါက် မလာခဲ့ပေ။ သူ၏ စနစ်ကလေးမှာ အနည်းငယ်မျှ နွမ်းပါး ခေါင်းပါးနေပုံရသည်။ သို့တိုင်အောင် ဘာမျှ မရှိခြင်းထက်စာလျှင်မူ တစ်ခုခု ရှိနေခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်ပါလော။
ယန်ချုံးတစ်ယောက် သူ့ကိုယ်သူ နှစ်သိမ့်နေဆဲမှာပင် နောက်ကျောဘက်ဆီမှ လက်တစ်ဖက်က သူ၏ ညာလက်ကို ရုတ်တရက် လှမ်းဆွဲလိုက်လေသည်။
“အစ်ကိုကြီး... အစ်ကိုကြီး စိတ်ကောင်း နှလုံးကောင်းထားပြီး ကျွန်မကို ခိုလှုံခွင့်လေး ပေးပါနော်။ အစ်ကိုကြီးရဲ့ ဇနီးအဖြစ် နေပေးပါ့မယ်။ ကျွန်မကို စားစရာ တစ်လုပ်လောက် ကျွေးရင်ကို ရပါပြီ”
ဇနီးတဲ့လား...
ယန်ချုံးတစ်ယောက် အံ့သြမှင်တက်သွားကာ နောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်မိသည်။
“မဟုတ်ဘူးလေ ညီမလေး။ မင်း ငါ့အဓိပ္ပာယ်ကို နားလည်မှု လွဲနေပြီ။ ငါက ဒုက္ခရောက်နေတဲ့သူကို အခွင့်ကောင်းယူ နှိပ်စက်မဲ့ လူစားမျိုး မဟုတ်ပါဘူး...”
သို့သော် ထိုမိန်းကလေးက သူမ၏ လက်နှစ်ဖက်စလုံးဖြင့် သူ၏ လက်ကို ဇွတ်အတင်း ဆုပ်ကိုင်ထားရင်း တောင်းပန်ရှာသည်။
“အစ်ကိုကြီးရယ်... ဒါက ဒုက္ခရောက်နေသူကို နှိပ်စက်တာ မဟုတ်ရပါဘူး။ အစ်ကိုကြီးက ကျွန်မရဲ့ အသက်ကို ကယ်တင်နေတာပါ။ အစ်ကိုကြီးသာ ကျွန်မကို ခိုလှုံခွင့် မပေးရင် ကျွန်မ ငတ်ပြတ်ပြီး သေသွားနိုင်တယ်။ ဒါမှ မဟုတ်ရင်လည်း ဟိုလူမိုက်ရဲ့ ဖျက်ဆီးတာကို ခံရပြီး သေရပါလိမ့်မယ်။ ကျွန်မကို ကယ်ပါဦးနော်...”
“ဒါကတော့...”
ထိုအခါ ယန်ချုံးသည် အနည်းငယ် တွေဝေငေးမောသွားမိသည်။
လူတစ်ယောက်၏ အသက်ကို ကယ်တင်ခြင်းသည် သုံးထပ်ဘုရား တည်ဆောက်ရသည်ထက် ပို၍ မြတ်နိုးဖွယ်ကောင်းသည် ဟူသော ဆိုရိုးစကားလည်း ရှိသည်မဟုတ်ပါလော။ သေအံ့ဆဲဆဲ ဖြစ်နေသော လူတစ်ယောက်ကို မိမိအနေဖြင့် မျက်ကွယ်ပြုထားရန်မှာလည်း မဖြစ်နိုင်ပေ။ ထိုအပြင် ယခု မိမိတွင် စနစ်တစ်ခုလည်း ရှိနေပြီဖြစ်ရာ လူတစ်ယောက် ပို၍ ကျွေးမွေးစောင့်ရှောက်ရခြင်းက ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လာမည် မဟုတ်ချေ။
“ကဲပါ ညီမလေးရယ်။ တကယ်တော့ ငါ့အိမ်ကလည်း အရမ်း ဆင်းရဲပါတယ်။ မင်းက ငါ့အိမ်ရဲ့ နွမ်းပါးမှုကို စိတ်ပျက်ရွံရှာခြင်း မရှိဘူးဆိုရင်တော့ အရင်ဆုံး ငါနဲ့အတူ အိမ်ကို လိုက်ခဲ့ပေါ့။ ဇနီးဖြစ်ဖို့၊ မဖြစ်ဖို့ကတော့ တကယ်ကို မလိုပါဘူး”
မိမိက ခိုလှုံခွင့်ပေးမည်ဆိုသည့် စကားကို ကြားလိုက်ရသောအခါ မိန်းကလေး၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ အမူအရာများ ဖြတ်ပြေးသွားပြီး ခေါင်းကို အဆက်မပြတ် ညိတ်ပြလေသည်။ ထို့နောက် ကြမ်းပြင်ပေါ်မှ ထရန် ပြင်လိုက်သော်လည်း တစ်ဝက်ခန့်အရောက်တွင် သူမ၏ ကိုယ်ခန္ဓာလေး ယိမ်းထိုးသွားကာ ကြမ်းပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျတော့မည့်အလား ဖြစ်သွားလေသည်။ ယန်ချုံးမှာ ထိတ်လန့်သွားပြီး သူမကို အလျင်အမြန် ဖက်တွဲကာ ထိန်းကိုင်လိုက်ရသည်။
“ညီမလေး... မင်း ဘာဖြစ်တာလဲ”
မိန်းကလေးက အားတင်း၍ ပြုံးပြရှာသော်လည်း သူမ၏ မျက်နှာလေးမှာမူ သွေးဆုတ် ဖြူရော်နေလေသည်။ သိသာလှပါသည်။ အလွန်အမင်း ဆာလောင် မွတ်သိပ်နေသည့်အပြင် စောစောက ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကြောင့် ထိတ်လန့်သွားခဲ့ရာ သူမ၏ ကိုယ်ခန္ဓာက ဒဏ်မခံနိုင်တော့ခြင်း ဖြစ်ပေမည်။
ယန်ချုံးသည် အိတ်ကပ်ထဲမှ မိမိ တစ်ကိုက်မျှသာ ကိုက်စားရသေးသော ပြောင်းဖူးမုန့်ကြမ်းကို အမြန်ထုတ်ယူကာ သူမ၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်သည်။
“ညီမလေး... မြန်မြန် တစ်လုပ်လောက် စားလိုက်ဦး”
စားစရာကို မြင်လိုက်ရသည်နှင့် မိန်းကလေးမှာ ချက်ချင်းပင် အားအင်များ ပြန်လည် ပြည့်ဝလာသည့်အလား ပြောင်းဖူးမုန့်ကို အငမ်းမရ လှမ်းဆွဲယူကာ ပါးစပ်ထဲသို့ အတင်း သွတ်သွင်းတော့သည်။ သုံးလေးကိုက်မျှ ကိုက်ဝါးလိုက်ရုံဖြင့် ထိုပြောင်းဖူးမုန့် တစ်ဝက်ခန့်မှာ ကုန်စင်သွားလေသည်။ သို့တိုင်အောင် သူမ၏ ဆာလောင်မှုက ပြေပျောက်သွားပုံမရဘဲ ယန်ချုံးကို မော့ကြည့်လာသည်။ ယန်ချုံးက အားနာဟန်ဖြင့် ပြန်ပြောလိုက်သည်။
“မရှိတော့ဘူး...”
မိန်းကလေး၏ ပါးပြင်များက နီမြန်းသွားပြီး တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားဟန်ဖြင့် မေးလိုက်သည်။
“အစ်ကိုကြီး… ဒါက အစ်ကိုကြီး ဒီနေ့ အလုပ်လုပ်ဖို့ ယူလာတဲ့ ရိက္ခာမလား။ ကျွန်မ စားလိုက်တော့ အစ်ကိုကြီး ဘာစားမလဲ”
ယန်ချုံးက ပင့်သက်ရှိုက်ရင်း လက်ကာပြလိုက်သည်။
“ရပါတယ်။ ငါ့ခန္ဓာကိုယ်က သန်မာပါတယ်။ တစ်နပ်စာလောက် ငတ်တာ ဘာမှ မဖြစ်ပါဘူး။ မင်း ဘာမှ မဖြစ်ရင် ပြီးတာပါပဲ”
ထိုအခါ မိန်းကလေး၏ မျက်ဝန်းအိမ်များ အနည်းငယ် နီရဲလာပြီး ဆို့နင့်သော အသံဖြင့် ပြောရှာသည်။
“အစ်ကိုကြီးက လူကောင်းတစ်ယောက်ပါပဲ။ ဒီလောကမှာ အစ်ကိုကြီးက ကျွန်မအပေါ် အကောင်းဆုံးလူပါ...”
ထိုစကားကြောင့် ယန်ချုံး၏ ရင်ထဲတွင် ဂရုဏာသက်သွားမိသလို စိတ်မကောင်းခြင်းများလည်း ဖြစ်ပေါ်လာရသည်။ မိန်းကလေးက စကားပြောရင်းဖြင့် ယန်ချုံး၏ လက်မောင်းတစ်ဖက်ကို ရင်းနှီးစွာ ဖက်တွဲလိုက်လေသည်။
“အစ်ကိုကြီး… အစ်ကိုကြီးအိမ်က ဘယ်မှာလဲဟင်။ ကျွန်မကို အိမ်ခေါ်သွားပါဦး”
ယန်ချုံး အနည်းငယ် တွေဝေသွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ။ အိမ်ပြန်ကြစို့”
သူသည် မိန်းကလေးကို ခေါ်ဆောင်ကာ ပျက်စီး ယိုယွင်းနေသော အိမ်အိုကြီးထဲမှ ထွက်ခွာခဲ့ပြီး လမ်းကြားကလေးအတိုင်း လျှောက်လှမ်းလာခဲ့သည်။ ဟိုဘက်ရှိ အလုပ်သမား အပေါင်းအသင်းများကမူ သူ့ကို အံ့သြတကြီး ငေးကြည့်နေကြသည်။ အထူးသဖြင့် စောစောကပင် သူ့အား စကားပြောနေခဲ့သော ကျောက်အာဟွိုင် ဆိုလျှင် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေလေသည်။
“ချုံးဇီ... မင်း...”
သူ၏ စကားမဆုံးမှီမှာပင် ယန်ချုံးက လှမ်းပြောလိုက်သည်။
“အာဟွိုင်... ငါ ဒီနေ့ ကိစ္စရှိလို့ အလုပ် မဆင်းတော့ဘူးကွာ။ မင်း ငါ့ကိုယ်စား ဦးလေးလီကို ခွင့်တိုင်ပေးပါဦး”
ဦးလေးလီဆိုသည်မှာ သူတို့ကို အလုပ်ခေါ်ဆောင်လာသော အလုပ်ခေါင်းဆောင် ဖြစ်သည်။ ကျောက်အာဟွိုင်က အံ့သြ မဆုံးနိုင်စွာဖြင့် ခေါင်းညိတ်ပြပြီး တစ်စုံတစ်ရာကို မေးမြန်းရန် ပြင်လိုက်သော်လည်း ယန်ချုံးနှင့် ထိုမိန်းကလေးမှာ သူတို့ရှေ့မှ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။ ကျန်ရစ်ခဲ့သော လူအနည်းငယ်မှာမူ ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ခဲ့ကြသည်။ အတော်အတန်ကြာမှ ကျောက်အာဟွိုင်က တိုးတိုးလေး ရေရွတ်လိုက်လေသည်။
“ယန်ချုံးက ဇနီးတစ်ယောက် ကောက်ရသွားတာလား...”
ဘေးနားရှိ အလုပ်သမားတစ်ယောက်က နှာခေါင်းရှုံ့လိုက်ရင်း ဝင်ပြောသည်။
“အလကားရတာတော့ အလကားရတာပေါ့ကွာ။ ဒါပေမဲ့ သူကိုယ်တိုင်တောင် ထမင်းနပ်မှန်အောင် မနည်း ရုန်းကန်နေရတာ ဇနီးတစ်ယောက် ကောက်ရလာတော့ရော ကျွေးနိုင်ပါ့မလား”
အလုပ်ခွင်နှင့် အိမ်မှာ အနည်းငယ် ကွာဝေးလှသည်ဖြစ်ရာ လမ်းတစ်လျှောက်လုံးတွင် ထိုမိန်းကလေးသည် ယန်ချုံး၏ လက်မောင်းကို ဖက်တွဲထားရင်း သူမ၏ နှုတ်ခမ်းလေးများကလည်း တတွတ်တွတ်ဖြင့် စကားများ မနားတမ်း ပြောဆိုနေခဲ့သည်။ သူ၏ အိမ်အခြေအနေကို မေးမြန်းလိုက်၊ သူမ၏ အဖြစ်အပျက်များကို ပြန်လည် ပြောပြလိုက်နှင့် အတော်လေး သဟဇာတ ဖြစ်နေလေသည်။
တကယ်တော့ ထိုမိန်းကလေး၏ အမည်မှာ ယွီရှို့ ဖြစ်ပြီး နေရပ်မှာ ဟဲနန်ပြည်နယ်မှ ဖြစ်သည်။ မိဘများမှာ ငတ်မွတ်ခေါင်းပါးမှု ဘေးဒုက္ခကြီးနှင့် ရင်ဆိုင်ခဲ့ရပြီး အသက်ဆက်ရန်ပင် ခက်ခဲလာသောကြောင့် ယခင် ပေကျင်းမြို့ဟောင်း စစ်ကျိုချန်မြို့တော်တွင် နေထိုင်သော ဘကြီးဖြစ်သူထံသို့ လာရောက် ခိုလှုံရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လမ်းတစ်လျှောက်လုံး တောင်းရမ်း စားသောက်ရင်း စစ်ကျိုချန်မြို့တော်သို့ ရောက်ရှိလာခဲ့ချိန်တွင်မူ ဘကြီးတို့ မိသားစုမှာ ထိုနေရာ၌ မနေထိုင်တော့သည်မှာ ကြာမြင့်နေပြီ ဖြစ်ကြောင်း သိလိုက်ရရှာသည်။
ထိုအခါမှ ယွီရှို့တစ်ယောက် ဘာလုပ်ရမှန်းမသိ ရှေ့ဆက်ရမည့်လမ်း ပျောက်ဆုံးသွားခဲ့ရသည်။ သွားစရာ မြေမရှိ၊ ပြန်စရာ အိမ်မရှိတော့သည့်အဆုံး ထိုနေရာ၌ပင် တောင်းရမ်း စားသောက်ရင်း အသက်ကို မနည်းဆက်ခဲ့ရသည်။ ဆိုးရွားလှသည့် ကံကြမ္မာကြောင့် လူမိုက်တစ်ဦး၏ အနိုင်ကျင့် ဖျက်ဆီးခြင်းကိုပင် ခံရတော့မည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသေးသည်။ ကံကောင်းထောက်မစွာဖြင့် ယန်ချုံးနှင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်လေသည်။
ယန်ချုံးတွင် ယခုအခါ အတူ နေထိုင်သူမရှိ တစ်ယောက်တည်းသာ ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ ယွီရှို့က ချက်ချင်းပင် ပြောလာသည်။
“အစ်ကိုချုံး... အစ်ကိုကြီးက မနှမြောဘူးဆိုရင် နောက်ဆိုရင် ကျွန်မ အစ်ကိုကြီးရဲ့ ဇနီးအဖြစ် နေပါ့မယ်။ ကျွန်မတို့နှစ်ယောက် အတူတူ ဘဝကို ဖြတ်သန်းကြတာပေါ့။ စိတ်ချပါ... ကျွန်မ အလကား ထမင်းထိုင်စားပြီး အစ်ကိုကြီးကို ဒုက္ခမပေးပါဘူး။ ကျွန်မလည်း အလုပ်လုပ်နိုင်ပါတယ်”
ပုံမှန်အခြေအနေမျိုးတွင်သာဆိုလျှင် ဇနီးတစ်ယောက်ကို အလကားရရှိခြင်းအတွက် ဝမ်းသာပျော်ရွှင်ရမည် ဖြစ်သော်လည်း ယန်ချုံးကမူ ယွီရှို့၏ ညစ်ပတ်ပေရေနေသော မျက်နှာလေးကို ကြည့်ရင်း မည်သို့မျှ ဝမ်းမသာနိုင်ရှာဘဲ ထပ်တလဲလဲသာ ငြင်းဆန်နေမိသည်။
“ရှို့အာရယ်... ငါက မင်းကို သနားလို့ ကူညီပေးရုံသက်သက်ပါ။ တကယ်ကို မလိုပါဘူး။ တကယ်ပြောတာပါ”
သူ အကြိမ်ကြိမ် ငြင်းပယ်နေသည်ကို မြင်သောအခါ ယွီရှို့က တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် စကားသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားကာ နှုတ်ခမ်းလေး စူသွားရှာသည်။ သူ၏ လက်မောင်းကို ဖက်တွဲထားသော လက်ကလေးကိုလည်း တဖြည်းဖြည်း ရုပ်သိမ်းလိုက်ပြီး ခေါင်းငိုက်စိုက်ကျကာ သူ၏ဘေးမှ တိတ်ဆိတ်စွာ လိုက်ပါလာတော့သည်။
စစ်ဟဲ့ယွမ် ခြံဝင်းကြီး၏ တံခါးဝသို့ ရောက်ရှိလာချိန်တွင်တော့ ယန်ချုံးသည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ထိုနောက် ယွီရှို့အား လှည့်ကြည့်ကာ ခြံဝင်းတံခါးကို လက်ညှိုးညွှန်ပြလိုက်သည်။
“ရောက်ပြီ။ ငါ ဒီမှာပဲ နေတာ”
ယွီရှို့မှာ ထိုအခါမှသာ ခေါင်းကို မော့လာပြီး ကြီးမားကျယ်ပြန့်လှသော ခြံဝင်းကြီးကို အံ့သြတကြီး ငေးမောကြည့်နေလေသည်။
“သွားကြစို့... ဝင်ရအောင်”
ယန်ချုံးက ပြောပြောဆိုဆိုဖြင့် အရင်ဆုံး ဝင်သွားလေရာ ယွီရှို့က အမြန်လှမ်းခေါ်ရင်း နောက်မှ ကပ်လျက် လိုက်ပါသွားလေသည်။
“ကျွန်မကို စောင့်ပါဦး... အစ်ကိုချုံး”
အရှေ့ဘက် ခြံဝင်းအတွင်း၌မူ တတိယဦးကြီး ဖြစ်သူ ယန်ပုကွေ့ မှာ မီးဖိုကို မီးမွှေးနေသည်မှာ အတော်အတန်ကြာပြီ ဖြစ်သော်လည်း မီးက မတောက်ဘဲ မီးခိုးငွေ့များသာ အူထွက်နေသောကြောင့် မီးခိုးမွှန်ကာ မျက်ရည်များပင် ကျဆင်းနေရှာသည်။ ယန်ချုံးက အနားသို့ လျှောက်သွားရင်း နှုတ်ဆက်လိုက်သည်။
“တတိယဦးကြီး... မီးဖို မွှေးနေတာလား”
ယန်ပုကွေ့က ခေါင်းမော့လာပြီး မျက်လုံးကို ပွတ်ရင်း ကြည့်လိုက်သည်။
“ချုံးဇီပါလား။ ဒီနေ့ ဘာလို့ ဒီလောက် စောစော ပြန်လာတာလဲ။ အထုပ်အပိုးတွေ မသယ်တော့ဘူးလား”
စကားပြောရင်းဖြင့် ယန်ချုံး၏ ဘေးတွင် ကပ်ပါလာသော ယွီရှို့ကို မြင်လိုက်ရသောအခါ သူ အံ့သြသွားပြီး မေးလိုက်သည်။
“ဒါက ဘယ်သူလဲ”
ယွီရှို့က ယန်ချုံးကို မလုံမလဲ ကြည့်ရင်း စကား ဝင်မပြောရဲရှာပေ။ ယန်ချုံးကသာ ဝင်ရှင်းပြလိုက်သည်။
“တတိယဦးကြီး... ဒါက ကျွန်တော့် နေရပ်ဟောင်းက လာတဲ့ ဆွေမျိုးပါ။ နာမည်က ယွီရှို့တဲ့။ ကျွန်တော့်ဆီမှာ နှစ်ရက်လောက် လာတည်းမလို့လေ”
ထိုနောက် ယွီရှို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ရှို့အာ... တတိယဦးကြီးကို နှုတ်ဆက်လိုက်ဦး။ တတိယဦးကြီးက မူလတန်း ကျောင်းဆရာလေ။ ပညာတတ်ကြီးပေါ့”
ယွီရှို့က ချက်ချင်းပင် ရိုရိုသေသေ ဦးညွှတ် နှုတ်ဆက်လိုက်သည်။
“တတိယဦးကြီး မင်္ဂလာပါ”
ယန်ပုကွေ့က “အေး... အေး... ကောင်းပါပြီ” ဟု အမြန်ပြောလိုက်သော်လည်း သူ၏ မျက်လုံးသေးသေးလေး နှစ်လုံးကမူ ယွီရှို့နှင့် ယန်ချုံးတို့ကို သံသယ မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ ယွီရှို့ကို ယန်ချုံး၏ နေရပ်ဟောင်းမှ ဆွေမျိုးဆိုသည်ကို သူ လုံးဝ မယုံကြည်ကြောင်းမှာ ထင်ရှားလွန်းလှပေသည်။
ယန်ချုံးလည်း သူနှင့် စကားအများကြီး ဆက်မပြောလိုတော့သဖြင့် ယွီရှို့ကိုသာ လှည့်ပြောလိုက်သည်။
“သွားကြစို့... ငါက နောက်ဘက်က အလယ်ခြံဝင်းထဲမှာ နေတာ”
ပြောရင်းဆိုရင်းဖြင့် ယွီရှို့ကို အလယ်ခြံဝင်းထဲသို့ ခေါ်ဆောင်သွားကာ လမ်းလျှောက်ရင်းဖြင့်ပင် အိမ်အကြောင်းကို ရှင်းပြနေခဲ့သည်။
“ဒီခြံဝင်းမှာ အရှေ့၊ အလယ်၊ အနောက် ဆိုပြီး ခြံဝင်း သုံးဆင့် ရှိတယ်။ ခြံဝင်းတစ်ခုစီမှာ တာဝန်ခံ ဦးကြီးတစ်ယောက်စီ ရှိတယ်”
ယွီရှို့က ဘေးဘီဝဲယာသို့ အံ့သြတကြီး လိုက်လံကြည့်ရှုရင်း မေးလိုက်သည်။
“ဒီလောက်ကြီးတဲ့ ခြံဝင်းကြီးထဲမှာ လူဘယ်လောက်တောင် နေကြလဲဟင်”
“အိမ်ထောင်စု၊ မိသားစု နှစ်ဆယ်ကျော်နဲ့ လူဦးရေ တစ်ရာနီးပါးလောက် ရှိတာပေါ့”
ယန်ချုံးသည် စကားပြောရင်းဖြင့် သူမအား အနောက်ဘက်ဆောင်၏ တံခါးဝတစ်ခုဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့လေသည်။
“ဒါက ငါ့အိမ်ပဲ”