← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃ - စနစ်က ငါ့ကို စိတ်မပျက်စေဘူး

ယန်ချုံး၏ နေအိမ်ဖြစ်ကြောင်း ကြားသိလိုက်ရသည်နှင့် တစ်ပြိုင်နက် ယွီရှို့၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့ အထင်းသား ပေါ်လွင်လာကာ သူ၏ နေထိုင်ရာ ဘုံဗိမာန်လေးက မည်သို့မည်ပုံရှိမည်ကို သိချင်စိတ်ဖြင့် ခြေလှမ်းတို့ကို အပြေးနှင်လိုက်လေသည်။ သို့သော်ငြား သူမ အနားသို့ မရောက်တရောက်တွင်ပင် ဘေးဘက်အခန်းဆီမှ တံခါးလိုက်ကာစ ပွင့်ဟသွားပြီးနောက် သားရေဘောလုံးပမာ ဝဖိုင့်ဖိုင့် အဘွားအိုတစ်ဦး ထွက်ပေါ်လာခဲ့သည်။

“အမလေး... ဒါ ဘယ်ကလာတဲ့ သူတောင်းစားမလဲ။ ငါတို့ဝင်းထဲကို ဘယ်လိုလုပ် ရောက်လာတာလဲ။ ဟဲ့ ယန်ချုံး... ဒီသူတောင်းစားမကို အမြန် မောင်းမထုတ်သေးဘူးလား”

ကျားကျန်းရှစ်သည် အပြင်သို့ရောက်သည်နှင့် ဆံပင်ဖားလျားနှင့် အဝတ်အစား စုတ်ပြတ်နွမ်းပါးနေသော ယွီရှို့ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် အသံကုန်ဟစ်အော် ဆဲဆိုတော့သည်။ ထိုအသံစူးစူးကြောင့် ဝင်းအတွင်းရှိ လူအများမှာ ထိတ်လန့်သွားကြပြီး အားလုံး၏ အကြည့်တို့က တစ်နေရာတည်းသို့ စုပြုံကျရောက်လာကြသည်။ အချို့ဆိုလျှင် အိမ်ထဲမှပင် ထွက်လာကြပြီး စုတ်ပြတ် နွမ်းပါးနေသော ယွီရှို့အား စူးစမ်းလိုစိတ်ဖြင့် ဝိုင်းဝန်းကြည့်ရှုနေကြလေသည်။

ယွီရှို့မှာမူ လွန်စွာ ထိတ်လန့်သွားရှာပြီး ယန်ချုံး၏ ကျောပြင်နောက်သို့ အလိုအလျောက် ပုန်းကွယ်သွားကာ ထိုရုပ်ဆိုးဆိုး အဘွားအိုကြီးအား စိုးရိမ်ထိတ်လန့်စွာဖြင့် ငေးကြည့်နေမိသည်။ ယန်ချုံးက သူမ၏ လက်တစ်ဖက်ကို ရုတ်တရက် ဆွဲကိုင်လိုက်ရင်း သိမ်မွေ့တိုးညင်းစွာ နှစ်သိမ့်လိုက်သည်။

“ဘာမှ မဖြစ်ဘူး မကြောက်နဲ့နော်။ ငါ ရှိတယ်”

ထိုနောက် သူမ၏ လက်ကို ဆွဲယူကာ မိမိအနီးတွင် ရပ်စေလျက် ကျားကျန်းရှစ်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ ဆိုလိုက်သည်။

“အန်တီကျား... သူက သူတောင်းစား မဟုတ်ဘူး။ ငါ့ဇာတိက ဆွေမျိုးပဲ။ ပြီးတော့ နောက်ပိုင်း သူ ငါ့ဆီမှာ ခဏနေဦးမှာမို့ ဘယ်သူမှ သူ့ကို မောင်းထုတ်ဖို့ မစဉ်းစားနဲ့”

ထိုစကားကို ကြားလိုက်ရချိန်တွင် ယွီရှို့၏ ရင်အုံတစ်ခွင်၌ နွေးထွေးမှု လှိုင်းဂယက်တို့ ရုတ်ခြည်း ဖြတ်ပြေးသွားခဲ့သည်။ ဇာတိမြေမှ ထွက်ခွာလာခဲ့သည့် အချိန်မှစ၍ ဤကဲ့သို့သော နွေးထွေးကြင်နာမှုကို သူမ တစ်ကြိမ် တစ်ခါမျှ မခံစားခဲ့ရဖူးချေ။ တစ်စုံတစ်ဦး၏ အကာအကွယ်ပေးမှု၊ စောင့်ရှောက်မှုအောက်တွင် ခိုလှုံရခြင်းဟူသော ခံစားချက်က လွန်စွာမှပင် ကြည်နူးဖွယ် ကောင်းလှပေသည်။

ကျားကျန်းရှစ်မှာ တခဏမျှ ကြောင်အမ်းသွားပြီးနောက် ယွီရှို့အား အံ့သြမှင်တက်စွာ ကြည့်လိုက်မိသည်။ ထိုနောက် ယန်ချုံးဘက်သို့ အကြည့်ရွှေ့လိုက်ရင်း မိမိ၏ နားကိုပင် မိမိ မယုံနိုင်အောင် ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အသိထဲတွင် ဘေးအိမ်မှ ယန်မျိုးနွယ်ဝင် လူငယ်လေးသည် အလွန်အမင်း ရိုးအပြီး အနိုင်ကျင့်ရ လွယ်ကူသူသာ ဖြစ်သည်။ သူ၏ ဆွေမျိုးကို ဆဲဆိုရန် နေနေသာသာ သူ၏ မျက်နှာချင်းဆိုင်တွင် တိုက်ရိုက် ဆဲဆိုလျှင်ပင် တစ်ခွန်းမျှ ပြန်မပြောရဲရှာသူ မဟုတ်ပါလော။ ကျားကျန်းရှစ်သည် ယခု ရက်ပိုင်းအတွင်း၌ပင် ဤလူငယ်လေး နေထိုင်ရာ အခန်းနှစ်ခန်းကို မည်သို့မည်ပုံ သိမ်းပိုက်ရမည်နည်း ဟူ၍ ကြံစည်နေခဲ့သေးသည်။

သို့သော် ယနေ့တွင်မူ ထိုလူငယ်လေးသည် မည်သို့ ဖြစ်သွားပါသနည်း။ မိမိအား ပြန်လည် ရန်တွေ့ဝံ့နေပြီ ဖြစ်သည်။ အခြေအနေကား အနည်းငယ်တော့ မရိုးမသား ဖြစ်လာချေလေပြီ။ ထို့အပြင် ထိုသူတောင်းစားမလေးသည် ယန်မျိုးနွယ်ဝင်နှင့် မည်သို့များ ပတ်သက်နေ၍ ဤမျှလောက်အထိ ကာကွယ်ပေးနေရသနည်း။ ကျားကျန်းရှစ်သည် အခြေအနေ အရပ်ရပ်ကို ချက်ချင်း သဘောမပေါက်နိုင်သေးသဖြင့် လတ်တလောတွင် မည်သည့်စကားမျှ ထပ်မဟဝံ့တော့ချေ။

ခြံဝင်းအတွင်းရှိ လူအများကမူ တီးတိုး ဝေဖန်သံများဖြင့် ဆူညံလာတော့သည်။

“ဟယ်... ဒီနေ့ ဘာဖြစ်တာလဲ။ ယန်ချုံးက လူစားလဲ ခံလိုက်ရသလိုပဲ။ ကျားကျန်းရှစ်ကိုတောင် ပြန်ရန်တွေ့ရဲနေပါလား”

“ဟုတ်ပါ့အေ... ဒီကလေးက ပုံမှန်ဆို တော်တော်ရိုးတာ မဟုတ်ဘူးလား။ ဘယ်သူ ဘာပဲပြောပြော မျက်နှာ မပျက်ဘဲ ပြုံးပြနေတတ်တာလေ။ ဒီနေ့ ဘာဖြစ်လို့ ကျားကျန်းရှစ်ကိုတောင် ပြန်ပြောရဲရတာလဲ”

“ဒါနဲ့ အဲဒီမိန်းကလေးက ဘယ်ကလဲ။ တကယ်ပဲ သူ့ဆွေမျိုးလား”

“အို... ဆွေမျိုး ဟုတ်ပါ့မလား။ နင်တို့က ယုံလို့လား။ သူ့အိမ်ကို ဆွေမျိုးလာတာ နင်တို့ မြင်ဖူးလို့လား”

“အေး ဟုတ်တယ်... ဒီခြံဝင်းထဲ ပြောင်းလာကတည်းက သူ့အိမ်ကို ဆွေမျိုးတစ်ယောက်မှ လာတာ မမြင်ဖူးပါဘူး။ သူ့မိဘတွေ ဆုံးပြီးကတည်းကဆို ပိုတောင် ဆိုးသေး။ ပြီးတော့ ဒီကောင်မလေး ဝတ်ထားတာတွေကလည်း စုတ်ပြတ်နေတာပဲ။ မျက်နှာကလည်း ညစ်ပတ်နေတာ လမ်းဘေးက သူတောင်းစားဆိုတာ အသိသာကြီးကို”

“ဟင်… ဒါဆို ယန်ချုံးက လမ်းဘေးက သူတောင်းစားမကို ဆွေမျိုးဆိုပြီး ကောက်လာတာပေါ့”

“ငါ့အထင်တော့ ဟုတ်လောက်တယ်။ ဒီကောင်လေးလည်း အသိတရား ဝင်လာတာ နေမှာပါ။ မဟုတ်ရင် သူ့အခြေအနေနဲ့ ဘယ်တော့များမှ မိန်းမရပါ့မလဲ။ ဒါက သူတောင်းစားဆိုပေမဲ့ အနည်းဆုံးတော့ မိန်းမတစ်ယောက်ပဲ မဟုတ်လား”

“ဟေး... ဒီကောင် ဦးနှောက်ထဲ ရေဝင်သွားတာ နေမှာပေါ့။ ဒီခေတ်ကြီးမှာ ကိုယ်တိုင်တောင် ဝအောင် မစားရတာ သူတောင်းစားတစ်ယောက်ကို အိမ်ခေါ်လာသေးတယ်။ ဒါ ကိုယ့်ထမင်းကို လုစားမဲ့သူ ရှာလာတာ မဟုတ်ဘူးလား”

ပတ်ဝန်းကျင်မှ တီးတိုး ဝေဖန်သံများ ညံစီနေစဉ် ယန်ချုံးက လူအုပ်ကြီးအား လှည့်၍ အေးစက်စက် ဝေ့ကြည့်လိုက်ကာ ပြတ်သားစွာ ဆိုလိုက်သည်။

“ခင်ဗျားတို့ ကိုယ့်အိမ်ကိစ္စပဲ ကိုယ်ကြည့်ကြပါ။ စကားများတာ နည်းနည်း လျှော့ကြ”

ထိုနောက် တံခါးကို တွန်းဖွင့်ကာ ယွီရှို့ဘက်သို့ လှည့်၍ ပြောလိုက်သည်။

“ရှို့အာ... အိမ်ထဲဝင်ပြီး အနွေးဓာတ် ယူလိုက်ဦး”

ယွီရှို့သည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် အိမ်ထဲသို့ အပြေးအလွှား ဝင်ရောက်သွားကာ ယန်ချုံး၏ အခန်းငယ်လေးအား စူးစမ်းလိုစိတ် အပြည့်ဖြင့် လှည့်ပတ်ကြည့်ရှုတော့သည်။

ယန်ချုံး၏ အခန်းလေးကား လွန်စွာမှပင် သန့်ရှင်း သပ်ရပ်နေလေသည်။ သန့်ရှင်းရေး ပြုလုပ်ထားသောကြောင့် သပ်ရပ်နေရုံသာမက ပရိဘောဂ အပြင်အဆင်များမှာလည်း ရှင်းလင်းပြောင်စင်နေသည်။ အခန်းနှစ်ခန်း ပါဝင်သော်ငြား အထဲတွင် ပရိဘောဂဟူ၍ ပြောပလောက်အောင် မရှိလှပေ။ အပြင်ခန်းမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး စားပွဲငယ်တစ်လုံးနှင့် ခုံတန်းလျားငယ် သုံးလုံးသာ နေရာယူထားသည်။ အတွင်းခန်းတွင်လည်း ကုတင်တစ်လုံးသာ ရှိလေရာ ထိုကုတင်ပေါ်၌ ပါးလွှာသော မွေ့ရာတစ်ခုကို ခင်းထားပြီး စောင်တစ်ထည်သာ အထီးကျန်စွာ ရှိနေသည်။ ဘေးဘက်တွင်မူ ရိုးရှင်းသော ဗီရိုအဟောင်းတစ်လုံး ရှိသော်လည်း သက်တမ်းမှာ တော်တော်ကြာမြင့်နေပြီ ဖြစ်ဟန်တူကာ အချိန်မရွေး ပြိုကျပျက်စီးသွားနိုင်သည့် အနေအထားတွင် ရှိနေလေသည်။

နေအိမ်တစ်လုံးလုံးမှာ အလွန်အမင်း ဆင်းရဲနွမ်းပါးလှပြီး လမ်းဘေး၌ အိပ်ရသည်ထက်စာလျှင် နံရံလေးဖက်နှင့် ခေါင်မိုးတစ်ခု ပိုမိုပါဝင်နေခြင်းမျှသာ ဖြစ်ပေသည်။ သို့တိုင်အောင် ယွီရှို့ကမူ အလွန်တရာ ကျေနပ် ရောင့်ရဲနေပုံရပြီး စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီ လိုက်လံကြည့်ရှု ကိုင်တွယ်နေလေသည်။

“အစ်ကို... အစ်ကို့အခန်းက သန့်ရှင်းအောင် ပြင်ဆင်ထားတာပဲ။ အစ်ကိုက တကယ် အလုပ်ကြိုးစားတဲ့သူပဲ”

ယန်ချုံးမှာမူ စိတ်ထဲမှ ကြိတ်၍ တွေးလိုက်မိသည်။

“ငါ အလုပ်ကြိုးစားလို့ သန့်ရှင်းနေတာ မဟုတ်ပါဘူးဟာ... ငါက တကယ်ကို ဆင်းရဲလွန်းလို့ကို သူခိုးတောင် လာခိုးဖို့ စိတ်မဝင်စားတဲ့အထိ ရှင်းလင်းနေတာပါ”

မည်သို့များ မသန့်ရှင်းဘဲ နေနိုင်မည်နည်း။ ယခုအခါ သူ၏ စိတ်ထဲတွင် အနည်းငယ်မျှ ဗျာများနေမိပြီ ဖြစ်သည်။ မိမိက မိန်းကလေးတစ်ယောက်ကို အိမ်သို့ ခေါ်လာခဲ့သည်။ သို့သော် သူတို့နှစ်ဦး မည်သို့ စားသောက်ကြမည်နည်း။ မှတ်သားထားရမည်မှာ သူ ယနေ့နံနက်က ယူသွားသော ပြောင်းဖူးမုန့်လေးသည် အိမ်ရှိ နောက်ဆုံးကျန်ရစ်သော စားစရာပင် ဖြစ်လေသည်။ မူလကမူ ယနေ့ အလုပ်ဆင်းပြီး လုပ်အားခရပါက ရိက္ခာအချို့ ဝယ်ယူရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် အလုပ်မှာလည်း အဆုံးမသတ်နိုင်ခဲ့သလို လုပ်အားခ၏ အရိပ်အယောင်ကိုမျှ မမြင်ခဲ့ရချေ။

ရုတ်တရက် စနစ်တစ်ခုကို ရရှိခဲ့သည် ဆိုသော်ငြား ထိုစနစ်မှာ သူ့ထက်ပင် ဆင်းရဲနေပုံရသည်။ ဆုလာဘ်အဖြစ် နေရာလွတ်တစ်ခုနှင့် ခန္ဓာကိုယ် ပြုပြင်မွမ်းမံရည် တစ်ပုလင်းကိုသာ ပေးအပ်ခဲ့ပြီး စားနပ်ရိက္ခာ တစ်စေ့တစ်စမျှ ပါမလာခဲ့ချေ။ မည်သို့ ပြုလုပ်ရမည်နည်း။ ခြံဝင်းထဲရှိ ဒေါ်လေးဝမ်တို့အိမ်တွင် ဂျုံမှုန့်တစ်ခွက်ခန့် သွားရောက်ချေးငှားပြီး လတ်တလော ပြဿနာကို အရင်ဆုံး ဖြေရှင်းရမည်လား။

ထိုသို့ ထမင်းစားရေးအတွက် အကြံထုတ်နေစဉ်မှာပင် ယွီရှို့၏ ဝမ်းဗိုက်ဆီမှ “ဂွီ” ခနဲ မြည်သံ ထွက်ပေါ်လာခဲ့သည်။ ယွီရှို့၏ မျက်နှာလေးမှာ ရုတ်ခြည်း နီမြန်းသွားပြီး ယန်ချုံးအား အားနာစွာဖြင့် မော့ကြည့်လာသည်။

“မင်း အရင် ထိုင်နေဦး။ ငါ အပြင် ခဏလောက် သွားလိုက်ဦးမယ်”

ထိုသို့ ပြောဆိုပြီးနောက် ရိက္ခာအချို့ သွားရောက်ချေးငှားရန် အိမ်အပြင်သို့ ထွက်လာခဲ့လေသည်။ အလယ်ဝင်းတွင် နေထိုင်ကြသော ဝမ်ကျိကော် လင်မယားသည် ဤခြံဝင်းကြီးထဲ၌ ယန်ချုံးအပေါ် ကောင်းမွန်စွာ ဆက်ဆံတတ်သော လက်ချိုးရေတွက်၍ရသည့် လူအနည်းငယ်ထဲတွင် ပါဝင်လေသည်။ အရင်က သူ အလုပ်အကိုင်မရှိဘဲ ငွေမရှာနိုင်သည့် အချိန်များတွင် ဒေါ်လေးဝမ်က သူ့အား အိမ်တွင် ထမင်းလာစားရန် အမြဲတစေ ခေါ်ယူလေ့ရှိသည်။ သို့သော် သူ အိမ်အပြင်သို့ ထွက်လာကာ ဒေါ်လေးဝမ်တို့ အိမ်ဘက်ဆီသို့ ခြေမလှမ်းရသေးမှီမှာပင် စနစ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဒင်... ယနေ့အတွက် ဝင်ရောက်မှတ်တမ်းတင်ခြင်း အခွင့်အရေး တစ်ကြိမ် တွေ့ရှိရပါသည်။ ယခုပင် မှတ်တမ်းတင်ခြင်းကို လုပ်ဆောင်မည်လား”

ဤအသံသည် ယန်ချုံးအဖို့ အချိန်ကိုက် ရွာသွန်းဖြိုးလိုက်သော မိုးရေပေါက်များထက်ပင် ပို၍ အံ့သြဝမ်းသာဖွယ် ကောင်းနေလေတော့သည်။

“ငါ တွေးထားသားပဲ။ စနစ်က ဘာမှ မပေးဘဲ နေပါ့မလား။ မှတ်တမ်းတင်ဖို့ အခွင့်အရေး ကျန်နေသေးတာကိုး”

ထိုကြောင့် သူသည် ဆက်လက် မစောင့်ဆိုင်းနိုင်တော့ဘဲ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

“အခုပဲ မှတ်တမ်းတင်မယ်”

“ဒင်... အိမ်ရှင်ကို ဂုဏ်ပြုပါသည်။ မှတ်တမ်းတင်ခြင်း ဆုလာဘ် ရရှိပါသည်။ ငွေသား ယွမ်တစ်ရာ၊ အဆင့်မြင့် ဝက်သုံးထပ်သား တရုတ်ပေါင် တစ်ပိဿာ၊ အာလူး တစ်ပိဿာ၊ ဂျုံမှုန့် သုံးပိဿာ၊ ဆန် သုံးပိဿာ၊ ကြက်သွန်မြိတ် တစ်ပိဿာ၊ ဟင်းခတ်အမွှေးအကြိုင် အချို့၊ မုန်လာထုပ်ကြီး နှစ်ထုပ်၊ မုန်လာဥဖြူ နှစ်ဥ၊ အဝတ်အထည်ကူပွန် နှစ်လံနှင့် တစ်နိုင်ငံလုံးသုံး ရိက္ခာကူပွန် ဆယ်ပိဿာတို့ ဖြစ်ပါသည်”

ယန်ချုံးသည် သက်ပြင်းတစ်ချက်ကို ခပ်ရှည်ရှည် ချလိုက်မိသည်။ စနစ်က နောက်ဆုံးတွင် သူ့အား စိတ်ပျက် မသွားစေခဲ့ပေ။ တခြားသူများနည်းတူ တန်ပေါင်းများစွာ ကီလိုထောင်ချီသော ရိက္ခာနှင့် ပစ္စည်းများ မဟုတ်သည့်တိုင် အနည်းဆုံးတော့ ယခုလတ်တလော စားသောက်ရေးအတွက် အဆင်ပြေသွားခဲ့ပြီ ဖြစ်သည်။

သူ တခဏမျှ စဉ်းစားလိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်ကာ ယွီရှို့၏ စူးစမ်းနေသော အကြည့်များအောက်တွင်ပင် အဝတ်အိတ်တစ်အိတ်ကို ဆွဲယူ၍ အပြင်သို့ ပြန်ထွက်လာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူသည် ခြံဝင်းထဲမှ တိုက်ရိုက် ထွက်ခွာလာခဲ့ပြီး လူသူကင်းမဲ့သော လမ်းကြားတစ်ခုအတွင်းသို့ ဝင်ရောက်သွားလေသည်။ ပတ်ဝန်းကျင်၌ လူသူကင်းရှင်းကြောင်း သေချာသွားမှသာ နေရာလွတ်ထဲမှနေ၍ ယခုလေးတင် ဆုရရှိထားသော ပစ္စည်းများအားလုံးကို အိတ်ထဲသို့ ပြောင်းရွှေ့ ထည့်သွင်းလိုက်သည်။ ထိုနောက် ချက်ချင်း အိမ်ပြန်မသွားသေးဘဲ အစောပိုင်းက စနစ် ပေးအပ်ထားသော ခန္ဓာကိုယ် ပြုပြင်မွမ်းမံရည်ကို ထုတ်ယူကာ သောက်ချလိုက်သည်။

မကြာမီမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးလာပြီး အပူလှိုင်းတစ်ရပ်က တစ်ကိုယ်လုံးကို ဖြတ်သန်း စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ခန္ဓာကိုယ်အတွင်း၌လည်း ပူစပ်စပ် ခံစားချက်မျိုးများ ဖြစ်ပေါ်လာလေသည်။

ဤပူစပ်စပ် ခံစားချက်တို့ တဖြည်းဖြည်း လျော့ပါး ပျောက်ကွယ်သွားချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ ပိုမို သန်မာလာသလို လက်မောင်းနှင့် ခြေထောက်များမှာလည်း ပိုမို တုတ်ခိုင်လာကာ တစ်ကိုယ်လုံး၌ အင်အားတို့ ပြည့်လျှံနေသကဲ့သို့ ခံစားလိုက်ရသည်။ ထို့အပြင် အမြင်အာရုံ၊ အကြားအာရုံနှင့် တုံ့ပြန်နိုင်စွမ်းတို့မှာလည်း သိသိသာသာ ပိုမို ကောင်းမွန်လာပုံရလေသည်။ ကြည့်ရသည်မှာ ဤခန္ဓာကိုယ် ပြုပြင်မွမ်းမံရည်သည် တကယ်ပင် ထိရောက်မှု ရှိလှပေသည်။ ယန်ချုံးတစ်ယောက် လွန်စွာ ကျေနပ်အားရသွားတော့သည်။

နောက်ထပ် နာရီဝက်ခန့် အချိန်ဆွဲစောင့်ဆိုင်းပြီးမှသာ ပစ္စည်းများ အပြည့်ပါလာသော အိတ်ကြီးကို ပခုံးထက်၌ ထမ်းတင်ကာ စစ်ဟဲ့ယွမ် လေးဖက်ပိတ် ခြံဝင်းကြီးဆီသို့ ကျေနပ်စွာဖြင့် ခြေဦး လှည့်လာခဲ့လေတော့သည်။

All Chapters