← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄ - ဘာလဲ… ဥပဒေ ချိုးဖောက်နေလို့လား

နေဝင်ဆည်းဆာအချိန် ခြံဝင်းကျယ်ကြီးအတွင်း၌ အိမ်နီးချင်းတစ်စုသည် အုပ်စုဖွဲ့ကာ ယန်ချုံးနှင့် ယွီရှို့တို့၏ အကြောင်းကို တိုးတိတ်သော အသံများဖြင့် အတင်းအဖျင်း ပြောဆိုနေကြလေသည်။

“တွေ့လိုက်လား။ ယန်ချုံး အခုလေးတင် ပြန်ထွက်သွားပြန်ပြီ။ မေးနေစရာတောင် မလိုဘူး။ စားစရာသွားရှာတာ သေချာတယ်။ သူတစ်ယောက်တည်းတောင် နပ်မှန်အောင် မနည်းစားနေရတာ အခု နောက်တစ်ယောက် တိုးလာတော့ ဘယ်လိုကျွေးမလဲ ကြည့်ရသေးတာပေါ့”

“ဟုတ်ပါ့။ ဒီကောင်လေးက နည်းနည်းတော့ ထုံသလိုပဲ။ ဒီခေတ်ကြီးမှာ ကိုယ်တိုင် ငတ်မသေဖို့တောင် ဘုရားတနေရတာကို သူက လမ်းဘေးက တောင်းစားတဲ့သူကို ခေါ်လာသေးတယ်။ အခုတော့ ကြည့်လေ ဗိုက်မှောက်ဖို့သာ ပြင်ထားတော့”

“ဒါပေါ့။ အိတ်ထဲမှာ တစ်ပြားမှမရှိဘဲ ဘယ်ကနေ ရိက္ခာ သွားနှိုက်မလဲ။ ချေးမဲ့သူလည်း ရှိမှာမဟုတ်ဘူး”

.......

သူတို့အချင်းချင်း အသံနှိမ့်ကာ ဝေဖန် ပြောဆိုနေကြဆဲမှာပင် ခြံဝင်း အဝဆီမှ အရိပ်တစ်ခု ပေါ်လာသည်။ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ယန်ချုံးတစ်ယောက် ပခုံးထက်၌ အထုပ်ကြီး တစ်ထုပ်ကို ထမ်းလျက် ဝင်လာသည်ကို မြင်လိုက်ရ၏။

ထိုမြင်ကွင်းကြောင့် ခြံဝင်းထဲရှိ လူအများ၏ မျက်လုံးများ ပြူးကျယ်သွားကာ အံ့အားသင့်မှုနှင့် အတူ သူ၏ ပခုံးထက်မှ ဖောင်းကားနေသော အထုပ်ကြီးဆီသို့သာ အကြည့်များ စူးစိုက်သွားကြလေသည်။ ဤမျှ တိုတောင်းလှသော အချိန်လေးအတွင်းတွင် ဤကောင်လေး မည်သို့များ ပြန်ရောက်လာသနည်း။ ထိုထက်ပို၍ အံ့ဩစရာကောင်းသည်မှာ ဖောင်းအိနေသော အထုပ်ကြီးထဲ၌ ပစ္စည်းများ အပြည့်အမောက် ပါလာမည်မှာ သေချာနေခြင်းပင်ဖြစ်သည်။

ယန်ချုံးကမူ ပတ်ဝန်းကျင်၏ စူးစမ်းနေသော အကြည့်များကို လျစ်လျူရှုကာ မည်သူ့ကိုမျှ စကားတစ်ခွန်းမှ မဟဘဲ မိမိ၏ အခန်းဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားလေတော့သည်။ အခန်းထဲသို့ ခြေချမိသည်နှင့် ယန်ချုံးက အသံပြုလိုက်သည်။

“ဗိုက်ဆာနေပြီလား။ ကိုယ် ရိက္ခာနဲ့ ဟင်းသီးဟင်းရွက် အချို့ သွားဝယ်လာတယ်။ အခုပဲ ထမင်းချက်စားကြစို့”

နှုတ်မှ စကားပင် မဆုံးသေးမီမှာပင် သန့်စင် ဝင်းမွတ်နေသော မျက်နှာပိုင်ရှင် မိန်းကလေးတစ်ဦးသည် သူ၏ အနားသို့ သွက်လက်စွာ တိုးကပ်လာ၏။

“တကယ်လား … ဘာတွေ ဝယ်လာတာလဲ ကျွန်မကို ပြပါဦး”

ယန်ချုံးက အိတ်အဝကို ဖြည်လျက် ပစ္စည်းများ ထုတ်ရန် ပြင်လိုက်စဉ် ရှေ့မှ မျက်နှာလေးကို အမှတ်မထင် မော့ကြည့်လိုက်မိရာ အံ့ဩမှင်သက်မှုကြောင့် အနောက်သို့ ခြေတစ်လှမ်း အလိုအလျောက် ဆုတ်မိသွားသည်။

“မင်း... မင်းက ဘယ်သူလဲ။ ဘာလို့ ငါ့အခန်းထဲ ရောက်နေတာလဲ”

ထိုလှပ နုနယ်လှသော မျက်နှာပိုင်ရှင်လေးမှာ ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် သဘောကျစွာဖြင့် တခိခိ ရယ်မောလိုက်လေသည်။

“ကျွန်မ ရှို့အာ လေ။ အစ်ကို... ကျွန်မကို မမှတ်မိတော့ဘူးလား”

ရှို့အာ တဲ့လား။ ယန်ချုံး မျက်စိကို သေချာပွတ်ကာ ထပ်မံ ကြည့်ရှုလိုက်၏။ မှန်ပေသည်။ ကိုယ်ပေါ်တွင် ဆင်မြန်းထားသည်မှာ စောစောက ညစ်နွမ်း စုတ်ပြတ်နေသော အဝတ်အစားများပင် ဖြစ်သည်။ သို့သော် လုံးဝ ကွဲပြားသွားသည့် အရာမှာ စောစောက ဆံပင်ဖရိုဖရဲ၊ မျက်နှာတစ်ပြင်လုံး ညစ်ချေးပေနေခဲ့သော ယွီရှို့ မဟုတ်တော့ခြင်းပင်။ ယခုမူ သူမ၏ မျက်နှာပြင်လေးမှာ အညစ်အကြေး ကင်းစင် လတ်ဆတ်နေပြီး မြင်သူတိုင်း ရင်ခုန်သံ မြန်စေလောက်မည့် အလှတရားတို့ ထင်းလင်းစွာ ပေါ်လွင်နေလေသည်။

မိမိကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံရသည် မဟုတ်လျှင် ဤမျှ လှပလွန်းသော မိန်းကလေးမှာ လွန်ခဲ့သော နာရီဝက်ခန့်က လူတိုင်း အဝေးမှ ရှောင်ဖယ်သွားခဲ့ကြသည့် ညစ်ပတ် ပေရေနေသော သူတောင်းစားမလေးဟု ယန်ချုံး လုံးဝ ယုံကြည်နိုင်မည် မဟုတ်ချေ။ ယခုအချိန်တွင် ယွီရှို့သည် မည်သည့် ယောက်ျားသားမဆို အနားသို့ ခစားချင်စရာကောင်းလောက်အောင် ညို့အားပြင်းလှပေသည်။ ဤရုပ်ရည်၊ ဤအဆင်းမျိုးသာဆိုလျှင် ဤခြံဝင်းကြီး၏ ပထမဆုံး အလှပိုင်ရှင်ဟု တင်စားရသော ချင်ဟွိုင်ရူ ပင်လျှင် အလှချင်းယှဉ်ပါက သုံးပုံတစ်ပုံခန့် အရေးနိမ့်သွားမည်မှာ အမှန်ပင်။ အကယ်၍ အဝတ်အစား အသစ်အဆန်းများကိုသာ လဲလှယ် ဝတ်ဆင်လိုက်မည် ဆိုပါလျှင်...။

ထိုအတွေးများနှင့်အတူ ယန်ချုံးတစ်ယောက် ရင်သပ်ရှုမောဖြစ်ကာ အရှေ့မှ ယွီရှို့ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်ရင်း အချိန်အတန်ကြာ စကားအ၍ တစ်ဆို့ နေတော့သည်။ သူ၏ စူးရှသော အကြည့်များကြောင့် ယွီရှို့မှာ ရှက်သွေးဖြာကာ ပါးပြင်လေးများ နီရဲသွားပြီး ချွဲနွဲ့နွဲ့ အသံလေးဖြင့် ရန်တွေ့လိုက်သည်။

“အစ်ကိုချုံး … ကျွန်မ ရုပ်အရမ်းဆိုးလို့ အစ်ကို လန့်သွားတာလား”

ထိုအခါမှ ယန်ချုံးလည်း သတိ ပြန်ဝင်လာပြီး အလျင်အမြန် ခေါင်းခါ ယမ်းပြလိုက်ကာ...

“ဘယ်ကသာ ရုပ်ဆိုးရမှာလဲ။ မဆိုးပါဘူး အရမ်းကို လှပါတယ်”

ယွီရှို့၏ ရင်တွင်း၌ ကြည်နူးမှုတို့ လျှံတက်သွားပြီး ထပ်မေးလိုက်သည်။

“ဒါဆို အခု ကျွန်မကို အစ်ကို့မိန်းမအဖြစ် လက်ခံပြီလားဟင်”

ဤစကားကို ထောက်ရှုခြင်းအားဖြင့် စောစောက ယန်ချုံး ငြင်းဆန်ခဲ့ခြင်းမှာ သူမ၏ ညစ်ပတ်ပြီး ရုပ်ဆိုးနေမှုကြောင့်ဟု သူမက ထင်မြင် ယူဆထားပုံရသည်။ ယန်ချုံးမှာ သူမ၏ အမေးကို တိုက်ရိုက် မဖြေဆိုသော်လည်း မငြင်းဆန်ခဲ့ပေ။ လက်ကို ဆန့်ထုတ်ကာ သူမ၏ ဆံနွယ်များထက်သို့ ဖွဖွလေး နှစ်ချက်ခန့် ပွတ်သပ်ပေးလိုက်ရင်း...

“ဆံပင်ကိုပါ သေချာလျှော်ပြီး အဝတ်အစားသစ်လေးပါ လဲလိုက်ရင် ပိုလှသွားမှာ”

ထိုသို့ ပြောရင်းဆိုရင်းပင် အိတ်ထဲမှ ပစ္စည်းများကို စတင်ထုတ်ယူလိုက်သည်။ ယွီရှို့မှာမူ စူးစမ်းလိုစိတ် အပြည့်ပါသော မျက်ဝန်းများဖြင့် ငေးကြည့်နေ၏။ ယန်ချုံးက အိတ်ထဲမှ ဂျုံမှုန့်အိတ်ငယ်လေးကို ဦးစွာ ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးအစုံမှာ အရောင်တလက်လက် တောက်ကာ မျက်နှာပြင်တစ်ခုလုံး ဝမ်းသာပီတိ အရိပ်အယောင်တို့ လွှမ်းခြုံသွားလေသည်။

ယန်ချုံး အပြင်သို့ ထွက်သွားချိန်အတွင်း သူမသည် မျက်နှာသစ်ရုံသာမက အခန်းတစ်ခန်းလုံးကိုပါ လှည့်လည် ကြည့်ရှုခဲ့ပြီး ဖြစ်သည်။ တွေ့ရှိရသည့် ရလဒ်ကား ရင်လေးစရာပင်။ အခန်းတွင်း၌ ဖုန်အညစ်အကြေး ကင်းစင်နေသည်မှလွဲ၍ ပရိဘောဂဟူ၍ မယ်မယ်ရရ မရှိသလို စားနပ်ရိက္ခာဆိုလျှင်လည်း အစအနမျှပင် မတွေ့ခဲ့ရပေ။ ယခုမူ ယန်ချုံးက ဂျုံမှုန့်အိတ် ယူဆောင်လာသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသဖြင့် သူမ မည်သို့လျှင် ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း။

အံ့ဩဖွယ်ရာတို့ကား မကုန်ဆုံးသေးချေ။ ယန်ချုံးက မျက်လှည့်ပြသကဲ့သို့ပင် အိတ်ထဲမှ ဆန်အိတ် အသေးတစ်အိတ်၊ အာလူး ဆယ်လုံးခန့်၊ ဂေါ်ဖီထုပ်ကြီး နှစ်ထုပ်၊ မုန်လာဥဖြူ နှစ်ဥ၊ ကြက်သွန်မြိတ်နှင့် ဟင်းခတ်အမွှေးအကြိုင်များကို တစ်ခုပြီး တစ်ခု ဆက်တိုက် ထုတ်ယူပြလေသည်။

ထိုအရာများထက် ပို၍ ရင်ခုန်စရာကောင်းလှသည်မှာ ယန်ချုံးက နောက်ဆုံးပိတ်အဖြစ် ဝက်သားတစ်တုံးကိုပါ ဆွဲထုတ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုအသားတုံးမှာ သေးငယ်လှသည် မဟုတ်ဘဲ တစ်ပိဿာနီးပါး ခန့်မှန်းခြေ တစ်ပေါင်ခန့်ပင် ရှိလေသည်။

ယွီရှို့မှာ အတိုင်းမသိ ဝမ်းမြောက်သွား၏။ ယနေ့တွင်မူ နောက်ဆုံးတော့ ဝမ်းဗိုက်ပြည့်အင့်သည်အထိ စားသောက်ရတော့မည် ဖြစ်သည်။ ထို့အပြင် ဟင်းလျာထဲတွင် အသားပါ ပါဝင်နေသေးသည်။ သူမ ဤကဲ့သို့ အသားအရသာကို မမြည်းစမ်းရသည်မှာ နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ပေကျင်းမြို့တော် သို့ လာရာ လမ်းတစ်လျှောက်တွင် သာမက ဇာတိအိမ်တွင် ရှိစဉ်ကတည်းက အသားဟူသည် သူမနှင့် ဝေးကွာလွန်းသော အရာတစ်ခု ဖြစ်ခဲ့သည်။ ဤကဲ့သို့သော ခေတ်ကာလဆိုးကြီးထဲတွင် ဝမ်းစာ ဖူလုံစွာ စားသောက်နိုင်ရန်ပင် အလွန်ကံကောင်းလှပြီ ဖြစ်ရာ အသားစားနိုင်သည့် မိသားစုဆိုသည်မှာ လက်ချိုး ရေတွက်၍ ရနိုင်လောက်သည်အထိ ရှားပါးလှပေသည်။

“အစ်ကို … ဒါတွေ အကုန်လုံးက အကောင်းစားတွေချည်းပဲ။ ဒါ... ပိုက်ဆံ အများကြီး ကုန်မှာပေါ့နော်”

ယွီရှို့က ဝမ်းသာမှုနှင့် စိုးရိမ်ပူပန်မှု ရောယှက်နေသော လေသံဖြင့် မေးလိုက်သည်။ မှန်ပေသည်။ ဆန်၊ ဂျုံ၊ ဟင်းသီးဟင်းရွက်နှင့် အသားစသည့် ရိက္ခာများမှာ ငွေအနည်းငယ်မျှဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်သော အရာများ မဟုတ်ပေ။

ယန်ချုံးက ပြုံးလိုက်ပြီး စနောက်သည့် လေသံဖြင့် ပြောသည်။

“ဒါတွေ မင်း ပူမနေနဲ့။ အမြန် မီးမွှေးတော့ ထမင်းချက်ကြမယ်။ နေဦး မင်း မီးမွှေးတတ်ရဲ့လား”

“တတ်တာပေါ့။ အိမ်မှာတုန်းက ထမင်းဟင်း အကုန် ကျွန်မပဲ ချက်တာလေ”

ယွီရှို့က အမြန် ပြန်ပြောသည်။

“ဒါဆိုလည်း ရပြီ။ မင်း မီးမွှေးပြီး ရေနွေး တည်ထား။ ကိုယ် ဟင်းသီးဟင်းရွက်တွေ ဆေးပြီး လှီးထားမယ်”

ယန်ချုံးက ယွီရှို့၏ ဆံနွယ်များကို ထပ်မံ ပွတ်သပ် ပေးလိုက်ပြန်ရင်း ပြောသည်။

“ဪ... အရင်ဆုံး ရေနွေးနဲ့ ခေါင်းလျှော်ပြီး ရေချိုးလိုက်ဦး”

ထိုနောက် ဗီရိုဆီသို့ လျှောက်သွားပြီး သူ၏ အဝတ်အစားတစ်စုံကို ထုတ်ယူ ကမ်းပေးလိုက်သည်။

“ငါ့ဆီမှာ မိန်းမဝတ် မရှိသေးဘူး။ လောလောဆယ် ငါ့အဝတ်အစားပဲ ဝတ်ထားလိုက်ဦး။ နောက်မှ အပြင်သွားရင် ပိတ်စ ဝယ်ပြီး မင်းအတွက် အသစ်ချုပ်ပေးမယ်”

ယွီရှို့က အဝတ်အစားကို လှမ်းယူလိုက်စဉ် သူမ၏ မျက်ဝန်းအိမ်တို့ နီလွင်လာကာ...

“အစ်ကို… ကျွန်မအတွက် မချုပ်ပေးပါနဲ့ ဘာဝတ်ဝတ် ရပါတယ်။ နေစရာ နေရာလေး ရှိတာနဲ့တင် ကျွန်မ သိပ်ပျော်နေပါပြီ”

ယန်ချုံးက သူမ၏ ဦးခေါင်းလေးကို ဖွဖွလေး ထပ်ပွတ်ပေးလိုက်ပြန်သည်။

“ကဲ... အလုပ်လုပ်ကြစို့”

ယွီရှို့က အားပါးတရ ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ထဲမှ အဝတ်အစားများကို ချကာ တံခါးနောက်ရှိ ထင်းများကို ယူဆောင်လျက် အပြင်ဘက်ရှိ မီးဖိုချောင်လေးဆီသို့ သွားကာ မီးမွှေးလေတော့သည်။ သူမ ဆိုခဲ့သည့်အတိုင်းပင် မီးမွှေးသည့် နေရာတွင် အလွန် ကျွမ်းကျင်လှပေသည်။ အချိန်တိုလေးအတွင်းမှာပင် မီးဖိုမှာ အရှိန်ရလာပြီး ရေနွေးအိုးမှာလည်း ပွက်ပွက် ဆူလာတော့သည်။

ထိုနောက် ယန်ချုံးက ဒေါ်လေးဝမ် အိမ်မှ ဇလုံအကြီးတစ်လုံး သွားရောက် ငှားရမ်းကာ ရေနွေးတစ်ဝက်ခန့် ထည့်ပေးပြီး ရေအေးတစ်ပုံးကိုပါ ဘေးတွင် အသင့် ချထားပေးခဲ့ပြီးနောက် အပြင်သို့ ထွက်ပေးလိုက်သည်။ ယွီရှို့အား အခန်းတွင်း၌ ရေချိုးရန် တံခါးပိတ်ပေးခဲ့ပြီး တံခါးမင်းတုတ် သေချာချထားရန်လည်း အထူးတလည် မှာကြားခဲ့သည်။ သူကိုယ်တိုင်ကမူ စိတ်မချနိုင်သဖြင့် တံခါးဝတွင် အစောင့်အရှောက်အဖြစ် မတ်တပ်ရပ်နေခဲ့၏။ အကြောင်းရင်းမှာ ခြံဝင်းအတွင်း၌ လူအမျိုးမျိုး စုဝေး နေထိုင်ကြသောကြောင့် ဖြစ်သည်။ မိမိ၏ အမျိုးသမီး ရေချိုးနေသည်ကို အခြားသူများ ချောင်းမြောင်း ကြည့်ရှုမည်အား သူ မည်သို့မျှ အဖြစ်ခံမည် မဟုတ်ပေ။

အစကနဦး ယွီရှို့က သူမအား ခိုလှုံခွင့်ပေးပါက ဇနီးမယားအဖြစ် အလုပ်အကျွေးပြုပါမည်ဟု ကမ်းလှမ်းခဲ့စဉ်က ယန်ချုံး လုံးဝ လက်မခံခဲ့ပေ။ အကြောင်းရင်းနှစ်ရပ် ရှိခဲ့သည်။ ပထမအချက်မှာ ဒုက္ခရောက်နေသူတစ်ဦးအပေါ် အခွင့်ကောင်းယူရာ ရောက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ ထိုစဉ်က ယွီရှို့မှာ အလွန်တရာ ညစ်ပတ်ပေရေနေသောကြောင့် ဖြစ်သည်။ သူ စက်ဆုပ်ရွံရှာသည် မဟုတ်သော်လည်း စိတ်ခံစားမှုအရ လက်ခံနိုင်ရန် ခဲယဉ်းနေခဲ့ခြင်း ဖြစ်၏။ သို့ရာတွင် မျက်နှာသစ်ပြီးသွားသော ယွီရှို့၏ အလှတရားကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့် စက္ကန့်ပိုင်းလေးအတွင်းမှာပင် သူသည် သူမကို မိမိ၏ ကိုယ်ပိုင် အသက်သွေးကြောလေးအဖြစ် အခိုင်အမာ သတ်မှတ်လိုက်ပြီ ဖြစ်သည်။ မည်သူတစ်ဦး တစ်ယောက်ကိုမျှ သူမအား ထိပါးနှောင့်ယှက်ခွင့် ပြုမည် မဟုတ်ချေ။

ထိုအချိန်တွင် ညနေ ၅ နာရီကျော်လွန်ပြီ ဖြစ်ရာ စက်ရုံဆင်းချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ခြံဝင်းအတွင်းရှိ စက်ရုံအလုပ်သမား ယောက်ျားသားများကလည်း အုပ်စုလိုက် ပြန်လည် ရောက်ရှိလာကြသည်။ ယောက်ျားများ ခြံဝင်းထဲ ခြေချမိသည်နှင့် ယနေ့၏ သတင်းထူးကို ချက်ချင်း ကြားသိသွားကြလေသည်။ နှုတ်သွက်လျှာသွက်ရှိသူ အချို့က ယန်ချုံးအနားသို့ ချဉ်းကပ်လာကာ လှောင်ပြောင် စနောက်ကြတော့သည်။

“ဟေး ... ချုံးဇီ လမ်းဘေးက တောင်းစားတဲ့သူကို ခေါ်လာတယ်ဆိုတာ ဟုတ်လားကွ”

“မင်း ဘယ်လိုတွေ တွေးနေတာလဲ။ ကိုယ့်ဝမ်းတောင် မနည်းကျောင်းနေရတာကို လမ်းဘေးက လူကို ခေါ်မွေးထားသေးတယ်”

“ဟုတ်ပါ့ကွာ အမြန် ပြန်မောင်းထုတ်လိုက်စမ်းပါ။ မဟုတ်ရင် မင်းပါ ငတ်သေသွားလိမ့်မယ်”

သူတို့တတွေက တစီစီ တရီရီဖြင့် ဝေဖန် ပြောဆိုနေကြသော်လည်း ယန်ချုံးကမူ ခေါင်းငုံ့ထားလျက် ဘာစကားမှ ပြန်မတုံ့ပြန်ဘဲ အပြုံးတစ်ပွင့်သာ တပ်ဆင်ထားလိုက်သည်။

ထိုစဉ်မှာပင် ယီကျုံးဟိုင် နှင့် ကျားတုန်းရွှီ တို့ ဆရာတပည့်နှစ်ဦး ခြံဝင်းထဲသို့ ဝင်လာကြသည်။ သူတို့သည် အပြင်ဘက်မှာကတည်းက လူအများ အတင်းပြောနေကြသည်ကို ကြားသိခဲ့ပြီးသား ဖြစ်သည်။ အလယ်ခြံဝင်းတံခါးမှ ဝင်လာသည်နှင့် ယီကျုံးဟိုင်က ယန်ချုံးဆီသို့ တည့်တည့်မတ်မတ် လျှောက်လာပြီး ခပ်တည်တည်ဖြင့် မေးလိုက်သည်။

“ယန်ချုံး… လမ်းဘေးက တောင်းစားတဲ့သူကို ငါတို့ခြံဝင်းထဲ ခေါ်လာတယ်ဆိုတာ ဟုတ်သလား”

ယန်ချုံးက မော့ကြည့်လိုက်ပြီး မထီမဲ့မြင် လေသံဖြင့် တုံ့ပြန်လိုက်သည်။

“ဘာလဲ … ကျုပ်က ဥပဒေ ချိုးဖောက်နေလို့လား”

All Chapters