အခန်း ၅
Vol. 1 Ch. 5
အခန်း ၅ - ငါ့ယောက်ျားကို ဘယ်သူထိရဲလဲ
ယန်ချုံး၏ စကားတစ်ခွန်းကြောင့် ယီကျုံးဟိုင်မှာ စကားပြန် မဆိုနိုင်ဘဲ ဆွံ့အ သွားရရုံသာမက မျက်နှာတစ်ခုလုံးလည်း စိမ်းဖန့်သွားလေသည်။ ဤခြံဝင်း တစ်ခုလုံးတွင် မိမိအား ဤမျှ ရဲတင်းစွာ ပြောဆိုဝံ့သူ မည်သူမျှ မရှိခဲ့ဖူးချေ။
ကျားတုန်းရွှီသည် ထိုအခြေအနေကို မြင်သည်နှင့် အပြေးအလွှား ရှေ့သို့ တိုးထွက်လာကာ ဒေါသတကြီး ဆဲဆိုလေတော့သည်။
“မင်း... ယန်မျိုးနွယ်ဝင်ကောင် အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။ ငါ့ဆရာကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ”
ပြောပြောဆိုဆိုဖြင့် ယန်ချုံး၏ ရင်ဘတ်ကို လှမ်း၍ တွန်းထုတ်လိုက်လေသည်။ သို့သော် ယန်ချုံးသည် မူလနေရာ၌ပင် ကျောက်ရုပ်ပမာ မတ်တတ်ရပ်နေပြီး အနည်းငယ်မျှ လှုပ်ရှားသွားခြင်း မရှိပေ။ ကျားတုန်းရွှီ အားစိုက်၍ တွန်းသော်လည်း မရွေ့ရုံမျှမက မိမိ၏ လက်ကောက်ဝတ်ကိုပါ ယန်ချုံးက ဖမ်းဆွဲခြင်း ခံလိုက်ရတော့သည်။
ထို့နောက် အားစိုက်၍ ညှစ်ချလိုက်ရာ ကျားတုန်းရွှီထံမှ ဝက်သတ်သံကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
“လူသတ်နေပြီ... လူသတ်နေပြီ”
ယီကျုံးဟိုင်သည်လည်း အလွန်အမင်း ဒေါသထွက်သွားသဖြင့် မျက်နှာတစ်ခုလုံး ညိုမည်းသွားကာ အော်ဟစ်လေတော့သည်။
“ယန်ချုံး... မင်း ဘာလုပ်ချင်နေတာလဲ”
ယန်ချုံးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ တည်ငြိမ်စွာပင် ပြန်လည် ပြောဆိုလိုက်သည်။
“ပထမဦးကြီး... ခင်ဗျားလည်း မြင်တဲ့အတိုင်းပဲ သူက အရင် လက်ပါတာလေ။ ကျွန်တော်က ကိုယ့်ကိုကိုယ် ကာကွယ်ရုံ သက်သက်ပါ”
ကျားတုန်းရွှီသည် နာကျင်လွန်းသဖြင့် မျက်နှာကြီး ရှုံ့မဲ့နေသော်လည်း အာခေါင်ခြစ်၍ အော်ဟစ်နေဆဲ ဖြစ်သည်။
“လခွမ်းပဲ... မင်းက ငါ့ဆရာကို အရင် စကားနာထိုးလို့ ငါက မင်းကို တွန်းတာကွ”
စကားပင် ဆုံးအောင် မပြောနိုင်ခင်မှာပင် ယန်ချုံးက လက်ကို ထပ်မံ လိမ်ချိုးလိုက်ရာ ကျားတုန်းရွှီတစ်ယောက် “အား...” ခနဲ နောက်တစ်ကြိမ် နာကျင်စွာ အော်ဟစ်လိုက်ရပြန်သည်။
ထိုအချိန်တွင် အိမ်တွင်း၌ ရှိနေသော ကျားကျန်းရှစ်သည် အော်သံကို ကြားလျှင် ကြားချင်း ချက်ချင်း ပြေးထွက်လာလေသည်။ မိမိ၏ သားဖြစ်သူမှာ ယန်ချုံး၏ ဖမ်းဆွဲညှစ်ခြင်းကို ခံရပြီး နာကျင်စွာ အော်ဟစ်နေသည်ကို မြင်လိုက်ရသောအခါ ကျားကျန်းရှစ်တစ်ယောက် ဒေါသချောင်းချောင်း ထွက်သွားတော့သည်။
“ဒီခွေးကောင်လေး... နင်က ငါ့သားကို ထိရဲတယ်ပေါ့လေ။ နင်နဲ့ ငါနဲ့ အသေအကြေပဲ”
ပြောပြောဆိုဆိုဖြင့် ဘေးနားရှိ တံမြက်စည်းတစ်ချောင်းကို ကောက်ကိုင်ကာ ယန်ချုံးထံသို့ ဒေါသတကြီး ပြေးဝင်လာတော့သည်။
ယန်ချုံးသည် သူမအား အရေးတယူပင် မလုပ်ချေ။ အနားရှိ ကျားတုန်းရွှီကို ခြေဖြင့် အရင် ကန်ထုတ်လိုက်ပြီး ကျားကျန်းရှစ်ကို ဆုံးမရန် လက်ပြင်လိုက်လေသည်။ ထိုအဘွားကြီးမှာ အတော်ပင် ဆုံးမရခက်သော လူစားမျိုး ဖြစ်သည်။ ယန်ချုံးအနေဖြင့် မနေ့က ဤကမ္ဘာသို့ ကူးပြောင်းလာကတည်းက သူမကို ကြည့်မရ ဖြစ်နေခဲ့ခြင်း ဖြစ်ကာ ဆုံးမရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ သူ လက်မပါရသေးမှီမှာတင် သူ့နောက်ကွယ်မှ တံခါးဝသည် “ဂျုန်း” ခနဲ မြည်ဟည်းကာ ပွင့်ထွက်သွားလေသည်။
ထိုအသံနှင့်အတူ ယွီရှို့သည် အိမ်တွင်းမှ ရုတ်တရက် ပြေးထွက်လာပြီး ကျားကျန်းရှစ်၏ လက်ထဲမှ တံမြက်စည်းလက်ကိုင်ကို ဖြတ်ခနဲ လှမ်း၍ ဖမ်းဆွဲလိုက်တော့သည်။
“ထွီ... အဘွားကြီး... နင်က ငါ့ အစ်ကိုချုံးကို ရိုက်ရဲတယ်ပေါ့လေ။ အရိုက်ခံချင်လို့လား”
ပြောပြောဆိုဆိုဖြင့် အားပြင်းစွာ ဆွဲလွှတ်လိုက်လေသည်။ သူမသည် သေးသွယ်နွဲ့နှောင်းသော မိန်းကလေးတစ်ဦး ဖြစ်သော်လည်း ခွန်အားမှာမူ အံ့ဩဖွယ် ကောင်းလောက်အောင် ကြီးမားလှပေသည်။
ထို့အပြင် ကျားကျန်းရှစ်မှာလည်း လမ်းခုလတ်၌ မမျှော်လင့်ဘဲ ဝင်ရောက်နှောင့်ယှက်သူ ပေါ်လာလိမ့်မည်ဟု တွေးထင်မထားသဖြင့် လုံးဝ သတိမမူမိဘဲ မြေပြင်ပေါ်သို့ စောက်ထိုး မှောက်ရက်သား လဲကျသွားတော့သည်။
သူမ၏ မေးစေ့မှာ မြေကြီးနှင့် ပြင်းထန်စွာ ဆောင့်မိသွားပြီး သွားဖြင့် နှုတ်ခမ်းကို ကိုက်မိကာ ပါးစပ်တစ်ခုလုံး သွေးချင်းချင်း နီရဲသွားလေသည်။ ထို့အပြင် မြေပြင်ပေါ်မှ ဖုန်မှုန့်များနှင့် သွေးများ ရောယှက်ကာ မျက်နှာတစ်ခုလုံး ပေပွ သွားတော့သည်။
“လူသတ်နေပြီ။ ယီကျုံးဟိုင်... မင်းက ဒီခြံဝင်းရဲ့ ပထမဦးကြီးလေ။ ဒီကောင်မစုတ်လေးက မင်းမျက်စိရှေ့တင် လူကြီးသူမကို နှိပ်စက်နေတာကို ဒီအတိုင်းပဲ ကြည့်နေမှာလား။ ဘုရားရေ... ငါတော့ မရှင်ချင်တော့ဘူး။ အို... လောင်ကျားရေ... သူစိမ်းတွေက နင့်မိန်းမနဲ့ ကလေးကို နှိပ်စက်နေတာတောင် ဘယ်သူမှ မကယ်ကြဘူး။ နင်ပဲ ထွက်လာပြီး ကြည့်ပါဦးတော့”
ကျားကျန်းရှစ်သည် ယန်ချုံးနှင့် ယွီရှို့တို့၏ ရှေ့မှောက်တွင် မိမိအနေဖြင့် လုံးဝ အသာစီးမရနိုင်မှန်း သိရှိသွားသဖြင့် လှည့်ကွက်ဆင်သည့် နည်းဗျူဟာသို့ ချက်ချင်း ပြောင်းလဲလိုက်ပြီး မြေကြီးပေါ်၌ လူးလှိမ့်ကာ ဆံပင်ကို ဆွဲဆွ၍ အော်ဟစ် ငိုယိုလေတော့သည်။ ကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော မိမိ၏ ခင်ပွန်း လောင်ကျားကိုပါ တမ်းတကာ ငိုကြွေးနေခြင်း ဖြစ်သည်။
မြေပြင်ပေါ်မှ မထနိုင်သေးသော ကျားတုန်းရွှီသည်လည်း ဒေါသအလိပ်လိပ် ထွက်လာပြီး …
“ကောင်မစုတ်... နင်က ငါ့အမေကိုတောင် ရိုက်ရဲတယ်ပေါ့။ နင့်ကို ငါ ဘယ်လိုဆုံးမမလဲ ကြည့်စမ်း”
ပြောပြောဆိုဆိုဖြင့် မြေပြင်ပေါ်မှ လူးလဲထကာ ပစ်မှတ်ကို ပြောင်းလဲလျက် ယွီရှို့ထံသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။ သူ့စိတ်တွင်း၌မူ တွေးတောနေမိသည်။
'ငါ ယန်ချုံးကို မယှဉ်နိုင်ရင်တောင် မိန်းမတစ်ယောက်ဖြစ်တဲ့ နင့်ကိုတော့ မနိုင်ဘဲ နေမလား'
ယွီရှို့သည်ကား လုံးဝ ထိတ်လန့် ကြောက်ရွံ့ခြင်းမရှိဘဲ စောစောက လုယူထားသော တံမြက်စည်းကို မြှောက်ကိုင်လျက် အော်ဟစ်လိုက်လေသည်။
“ငါ့ယောက်ျားကို ဘယ်သူထိရဲလဲ။ ထိတဲ့လူကို ရိုက်မှာ”
ကျားတုန်းရွှီသည် ဘရိတ်အုပ်လိုက်သကဲ့သို့ ချက်ချင်းပင် ခြေလှမ်းတန့်သွားလေသည်။ ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့သည်လည်း ဆွံ့အသွားကြပြီး ယွီရှို့အား အံ့ဩတုန်လှုပ်စွာ ငေးကြည့်နေကြလေတော့သည်။
ထိုနောက် ယန်ချုံးထံသို့ အကြည့်ကို ပြောင်းလိုက်ကြရာ သက်ကြီးရွယ်အိုများ၏ မျက်နှာထက်တွင်မူ သံသယများ၊ အံ့ဩမှုများနှင့် နားမလည်နိုင်ခြင်းများ ပြည့်နှက်နေလေသည်။ ငယ်ရွယ်သူများမှာမူ ယွီရှို့အား မျက်တောင် မခတ်တမ်း စိုက်ကြည့်နေကြသည်။ သူတို့၏ စိတ်အစဉ်တွင် မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်နေသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
ပထမမေးခွန်းမှာ - ယန်ချုံး၏ အိမ်တွင်း၌ မည်သည့်အချိန်ကစ၍ ဤမျှ လှပချောမောသော မိန်းကလေးတစ်ဦး ရောက်ရှိနေသနည်း။
ဒုတိယမေးခွန်းမှာ - ထိုမိန်းကလေးက ယန်ချုံးအား သူမ၏ ခင်ပွန်းဟု အခိုင်အမာ ပြောဆိုနေခြင်း ဖြစ်သည်။ ယန်ချုံးသည် မည်သည့်အချိန်က ဤမျှ လှပသော ဇနီးကို လက်ထပ်လိုက်သနည်း။ ခြံဝင်းအတွင်းရှိ လူများ အဘယ်ကြောင့် တစ်ဦးမျှ မသိရှိကြသနည်း။
ယန်ပုကွေ့သည် စပ်စုချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ရှေ့သို့ တိုးလာကာ မေးမြန်းလိုက်လေသည်။
“မိန်းကလေး... နင်က ယန်ချုံးက နင့်ယောက်ျားလို့ ပြောတာလား”
ယွီရှို့သည် ခေါင်းကို မော့လိုက်ပြီး တံမြက်စည်းကို မြေကြီးပေါ်သို့ ပစ်ချကာ ယန်ချုံး၏ လက်မောင်းကို တင်းကြပ်စွာ တွဲဖက်လိုက်ရင်း …
“ဟုတ်တယ်။ သူက ငါ့ယောက်ျား ငါက သူ့မိန်းမ”
ဒေါ်လေးဝမ်ကလည်း စိတ်မရှည်စွာဖြင့် အမြန် ဝင်မေးလေသည်။
“ချုံးဇီ... နင် ဘယ်တုန်းက ဒီလောက်လှတဲ့ မိန်းမကို ယူလိုက်တာလဲ။ ငါတို့ ဘာလို့ တစ်ယောက်မှ မသိရတာလဲ”
အခြားသူများလည်း စပ်စုချင်စိတ် ပြင်းပြနေကြသည်။ ယန်ချုံးက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒေါ်လေးဝမ်... အခုလေးတင် ရှာထားတာ။ လက်ထပ်ပွဲတောင် မလုပ်ရသေးဘူး။ ဒါကြောင့် ဒေါ်လေးဝမ်တို့ မသိကြတာပါ”
အခုလေးတင် ရှာထားတာ ဟုတ်လား။ ဒေါ်လေးဝမ်က ထပ်မံ မေးမြန်းပြန်သည်။
“ဒါဆို သူမက ဘယ်အချိန်က ရောက်လာတာလဲ။ ငါလည်း လုံးဝ မမြင်မိပါလား”
ယန်ချုံးက ပြုံးလျက် ယွီရှို့၏ လှပနုနယ်သော မျက်နှာလေးကို ကြည့်ရင်း ပြောလိုက်သည်။
“ဒေါ်လေးဝမ်... သူမက စောစောက ကျွန်တော်နဲ့အတူ ခြံထဲ ဝင်လာတဲ့လူလေ။ အားလုံးက သူမကို သူတောင်းစားမလို့ ခေါ်နေကြတာ”
ခြံဝင်းအတွင်းရှိ လူအပေါင်းတို့သည် နောက်တစ်ကြိမ် မှင်တက်သွားကြ ပြန်သည်။ ဤမျှ လှပချောမောသော မိန်းကလေးသည် စောစောကတင် ယန်ချုံး အပြင်မှ ခေါ်ဆောင်လာသော သူတောင်းစားမလေး ဖြစ်နေသလော။ ဤသည်မှာ တခဏချင်းအတွင်း ကွာခြားချက် ကြီးမားလွန်းလှပေသည်။
စောစောပိုင်းကမူ တစ်ကိုယ်လုံး စုတ်ပြတ်သတ်၍ ညစ်ပတ် ပေပွနေကာ အထူးသဖြင့် မျက်နှာပေါ်တွင် ဂျီးများနှင့် ရွှံ့များ ပေကျံနေသဖြင့် မြင်သူတိုင်း ဝေးဝေးမှ ရှောင်ရှားလိုခဲ့ကြသည်။ ယခုမူ လူတိုင်း၏ ရှေ့မှောက်တွင် ရပ်နေသော မိန်းကလေးသည် ယန်ချုံး၏ အဝတ်အစားဟောင်းကို ဝတ်ဆင်ထားသဖြင့် ပွပွကြီး ဖြစ်နေသော်လည်း ထိုမျက်နှာလေးမှာမူ နုပျိုချောမောပြီး ဖြူဖွေးဝင်းပကာ ရှက်သွေးဖြန်းနေသဖြင့် မြင်သူတိုင်း မချစ်ဘဲ မနေနိုင်လောက်အောင် ဖြစ်နေလေသည်။
ဤမျှ ချောမောလှပသော ဇနီးမျိုးကို ယန်ချုံးကဲ့သို့ လူက မည်သို့ ကောက်ရသွားသနည်း။ ဤကဲ့သို့သော ကံကောင်းမှုမျိုးသည် ငါ့အလှည့်ကျမှ ဘာကြောင့် မဖြစ်ရသနည်း။
ခြံဝင်းအတွင်းရှိ လူပျိုကြီးများသည်လည်း စိတ်တွင်းမှ မနာလိုဖြစ်ကာ ချဉ်စုတ်နေကြတော့သည်။
ထိုနောက် သူတို့ တွေးတောနေကြသည်မှာ…
'ဒီလိုမှန်းသိရင် ငါလည်း လမ်းပေါ်သွားပြီး သူတောင်းစားမလေး တစ်ယောက် သွားကောက်ပါတယ်'
ငွေကြေးတစ်ပြားတစ်ချပ်မျှ မကုန်ကျသည့်အပြင် ဤမျှပင် လှပနေသေးသည်။ ခြံဝင်းအတွင်း အလှဆုံးဟု သတ်မှတ်ထားသော ကျားတုန်းရွှီ၏ ဇနီးသည်ပင်လျှင် ထိုမိန်းကလေးကို မမှီနိုင်ချေ။
ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ယန်ချုံး၏ စိတ်တွင်း၌မူ အတိုင်းမသိ ပျော်ရွှင်နေတော့သည်။ ကောက်ရသော ဇနီးလေးသည် တကယ်ပင် အနံ့အသက် မွှေးပျံ့လှပေသည်။
အတော်အတန်ကြာမှ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မည်သူမျှ ဂရုမစိုက်ခြင်း ခံထားရသော ကျားကျန်းရှစ်၏ အော်ဟစ်သံက ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“လောင်ယီ... မင်းက ဒီကောင်မစုတ်က လူကြီးသူမကို နှိပ်စက်နေတာကို ဒီအတိုင်းပဲ ကြည့်နေတော့မှာလား။ ဒါကိုတောင် မင်းက ဘာလို့ ပထမဦးကြီး လုပ်နေသေးတာလဲ”
ခြံဝင်းအတွင်းရှိ လူများသည်လည်း အခုမှ သတိပြန်ဝင်လာကြပြီး ဤသည်မှာ ရန်ပွဲဖြစ်ပွားရာ နေရာဖြစ်သည်ကို သတိရသွားကြသည်။ ယီကျုံးဟိုင်၏ မျက်နှာက ညိုမည်းသွားကာ…
“ယန်ချုံး... သူက မင်းမိန်းမပဲ ဖြစ်ဖြစ် အပြင်က ကောက်လာတဲ့ သူတောင်းစားပဲ ဖြစ်ဖြစ် လူကို ဇွတ်ရိုက်လို့မရဘူး။ အထူးသဖြင့် လူကြီးသူမကိုပေါ့။ မြန်မြန်... အဒေါ်ကျားကို တောင်းပန်လိုက်”
ကျားကျန်းရှစ်က နောက်တစ်ခွန်း ထပ်မံ ဖြည့်စွက်လိုက်သည်။
“တောင်းပန်ရုံနဲ့ မရဘူး လျော်ကြေးပါ ပေးရမယ်။ ငါရဲ့ဆေးဖိုး ငါးယွမ် လျော်ပေးရမယ်”
ယွီရှို့က ချက်ချင်းပင် ပက်ခနဲ ပြန်လည် ပြောဆိုလိုက်သည်။
“ထွီ... အိပ်မက် မက်နေလိုက်။ နင်က ငါ့ အစ်ကိုချုံးကို အရင်ရိုက်ချင်လို့ ငါက နင့်ကို ရိုက်တာ။ လျော်ကြေးလား... ဝေးသေးတယ်”
ဤခြံဝင်းအတွင်းသို့ ရောက်ခါစပင် ရှိသေးသော်လည်း ယွီရှို့သည် လုံးဝ ထိတ်လန့်ခြင်းမရှိပေ။ ဘေးနားတွင် မိမိအား အပြည့်အဝ ကာကွယ်ပေးမည့် အမျိုးသားရှိနေသဖြင့် မည်သူ့ကိုမျှ တွန့်ဆုတ်ခြင်း မရှိပေ။ ကျားကျန်းရှစ်သည် ကြားရသောအခါ နောက်တစ်ကြိမ် ငိုယိုပြန်သည်။
“လောင်ယီ... ကြားလား။ ဒီစုန်းမလေးက မင်းကို လုံးဝ မျက်စိထဲ မထည့်တာ”
ယီကျုံးဟိုင်၏ မျက်နှာသည် ပို၍ စိမ်းဖတ်လာကာ ယန်ချုံးအား ဒေါသတကြီး စိုက်ကြည့်ရင်း အော်ဟစ်လေသည်။
“ယန်ချုံး... မင်း သူမကို ဆုံးမမှာလား မဆုံးမဘူးလား။ ဒီခြံထဲရောက်လာရင် ဒီခြံရဲ့ စည်းကမ်းကို လိုက်နာရမယ်။ စည်းကမ်း မလိုက်နာရင် ဒီခြံက သူမကို ကြိုဆိုမှာမဟုတ်ဘူး”
ကျားတုန်းရွှီကလည်း ဘေးမှ လိုက်လံ အော်ဟစ်သည်။
“ဟုတ်တယ်။ သူမကို နှင်ထုတ်ပစ်။ ဒီခြံထဲမှာ သူမကို ပေးမနေနဲ့”
စကားပင် မဆုံးသေးမှီ ယန်ချုံး၏ နှာခေါင်းရှုံ့သံ ထွက်ပေါ်လာပြီး ဂရုမစိုက်ဟန်ဖြင့် ပြတ်သားစွာ ပြောဆိုလိုက်လေသည်။
“စည်းကမ်း ဟုတ်လား။ ငါက စည်းကမ်းတွေကို ဂရုမစိုက်ဘူး။ သူမက ငါ့မိန်းမ ငါ့အိမ်တံခါးကို ဝင်လာတာ။ ဘယ်သူမှ သူမကို နှင်ထုတ်ဖို့ မစဉ်းစားနဲ့”