← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆ - အဲဒီလောက် စည်းကမ်းတွေ အများကြီး မရှိပါဘူး

ယန်ချုံး၏ စကားသည် ထိုနေရာရှိ လူအပေါင်းအား တိုက်ရိုက်ပင် မှင်တက် အံ့သြသွားစေခဲ့လေသည်။

ဤစစ်ဟဲ့ယွမ် ခြံဝင်းကို အုပ်ချုပ်ရသော အကြီးအကဲ ပထမဦးလေးကြီး ယီကျုံးဟိုင်၏ စကားမှာ ခြံဝင်းတစ်ခုလုံး၌ အမိန့်တော်သဖွယ် အားလုံးက လိုက်နာကြရကြောင်းကို သိထားရပေမည်။

ယန်ချုံးသည်ကား ပုံမှန်အားဖြင့် အလွန် ရိုးသားလှပြီး မည်သူနှင့်မျှ မျက်နှာ ပျက်ဖူးခြင်း မရှိခဲ့ချေ။ အခြားသူများက အနိုင်ကျင့်လျှင်တောင်မှ ရယ်မော၍သာ ကျော်လွှားတတ်သူဖြစ်သည်။ ယီကျုံးဟိုင်၏ စကားကိုမူ တစ်ခွန်းတစ်ပါဒမျှပင် ပြန်လည် မချေပရဲခဲ့သူ ဖြစ်ပေသည်။ သို့သော် ယခုအခါတွင်မူ လူအများရှေ့၌ တိုက်ရိုက်ပင် ပြန်လည်ခံပက် ပြောဆိုလိုက်လေပြီ။

လူအများက ယီကျုံးဟိုင်အား စိုးရိမ်တကြီး ဝိုင်းကြည့်လိုက်ကြရာ ယီကျုံးဟိုင်မှာလည်း ယန်ချုံး၏ ထိုစကားတစ်ခွန်းကြောင့် ဆို့နင့်ကာ အသက်ရှူရပ်မတတ် ဖြစ်သွားရလေသည်။ ၎င်းမှာ သူ၏ သြဇာအာဏာကို ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်းပင် မဟုတ်ပါလော။ ယီကျုံးဟိုင်၏ မျက်နှာအမူအရာမှာ ပိုမို ဆိုးရွားလာတော့သည်။

“ယန်ချုံး… မင်းက လူတိုင်းကို ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်နေတာပဲ။ အားလုံး သတ်မှတ်ထားတဲ့ စည်းကမ်းကို မင်းက ဘာလို့ မလိုက်နာရတာလဲ”

ယန်ချုံးက နှာခေါင်း တစ်ချက်ရှုံ့ကာ ဆိုလေသည် ။

“ပထမ ဦးလေးကြီး… ခင်ဗျား ကျွန်တော့်ကို အပြစ်လာ မပုံချနဲ့ ကျွန်တော်က အားလုံးကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ ခင်ဗျားက တမင်သက်သက် ကျွန်တော့်ကို အခဲမကြေ ဖြစ်နေတာ”

ထိုသို့ပြောရင်း ပတ်ဝန်းကျင်သို့ တစ်ချက်ဝေ့ကြည့်ကာ ယန်ချုံးက ဆက်လက်ပြောဆိုလိုက်သည်။

“ဒီခြံဝင်းထဲမှာ အိမ်ထောင်စု နှစ်ဆယ်၊ သုံးဆယ်လောက် နေကြတာပဲ။ ပုံမှန်ဆို ဘယ်အိမ်မှာ ဆွေမျိုးတွေ သွားလာတာ မရှိလို့လဲ။ ပြီးတော့ ဆွေမျိုးတွေလာရင် ဘယ်သူ့အိမ်က ဆွေမျိုးတွေကများ နှင်ထုတ်ခံရလို့လဲ။ ဘာလို့ ကျွန်တော့်အလှည့်ကျမှ မိန်းမပါလို့ ပြောတာတောင် မရဘဲ ခင်ဗျားက နှင်ထုတ်ချင်နေရတာလဲ”

သူ၏ စကားတစ်ခွန်းတည်းဖြင့်ပင် ယီကျုံးဟိုင်အား မည်သို့ တုံ့ပြန်ရမည်မှန်း မသိအောင် ဆွံ့အ သွားစေခဲ့သည်။ အများက စဉ်းစားကြည့်သောအခါတွင်လည်း ယန်ချုံး၏ စကားမှာ မှားယွင်းခြင်း မရှိကြောင်း တွေ့ရသည်။ မည်သည့်အိမ်တွင်မဆို ဆွေမျိုးအဝင်အထွက် ရှိစမြဲဖြစ်ပြီး ဆွေမျိုးများ တစ်ရက် နှစ်ရက် လာရောက်တည်းခိုသည်ကို ခြံထဲမှ နှင်ထုတ် ခိုင်းဖူးခြင်း မရှိခဲ့ချေ။ ယန်ချုံးအလှည့်ကျမှ အဘယ်ကြောင့် ခွင့်မပြုရမည်နည်း။ ထို့အပြင် ဤမိန်းကလေးမှာ သူ၏ ဇနီးပင်ဖြစ်သည်။

အမှန်ဆိုရသော် အားလုံးက ဤမိန်းကလေးအား လမ်းဘေးမှ ကောက်ရလာသော သူတောင်းစားဟု ထင်မှတ်နေကြ၍သာ ဖြစ်ပေလိမ့်မည်။

ယီကျုံးဟိုင်၏ မျက်နှာမှာ နီတစ်လှည့် ပြာတစ်လှည့် ဖြစ်သွားပြီး အတော်အတန်ကြာမှသာ တုံ့ပြန်စကား ရှာတွေ့သွားလေသည်။

“ယန်ချုံး … မင်း လာပြီး ကပ်ဖဲ့မနေနဲ့ မင်းရဲ့အခြေအနေက တခြားလူတွေနဲ့ တူလို့လား။ တခြားလူတွေရဲ့ ဆွေမျိုးက အစစ်အမှန် ဆွေမျိုးတွေလေ။ အားလုံးက အမြစ်ကအစ သိနေကြတာ။ မင်းဟာကရော လမ်းမကြီးပေါ်ကနေ ကောက်ရလာတာ သူက ဘယ်လိုလူမှန်း ဘယ်သူသိလို့လဲ။ တကယ်လို့များ...”

စကားမဆုံးမှီမှာပင် ယွီရှို့က ဖြတ်ပြောလိုက်သည်။

“နေဦး”

ထိုသို့ဆိုကာ အိမ်ထဲသို့ ပြေးဝင်သွားပြီးနောက် မကြာမီ၌ပင် စုတ်ပြဲနေသော စာရွက်တစ်ရွက်ကို ကိုင်ဆောင်ကာ ပြန်ထွက်လာပြီး ယီကျုံးဟိုင်ရှေ့သို့ ကမ်းပေးလိုက်လေသည်။

“ရော့ … ကြည့်လိုက်။ ဒါက ကျွန်မတို့ရွာက ထုတ်ပေးထားတဲ့ ထောက်ခံစာပဲ”

ယွီရှို့သည် ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ပေသည်။ ရွာမှ ထွက်ခွာလာပြီး ဦးလေးဖြစ်သူကို လာရောက် ရှာဖွေစဉ်ကတည်းက ရွာမှ ထောက်ခံစာကို အထူးတောင်းခံခဲ့ခြင်း ဖြစ်သည်။ နောင်တွင် ဦးလေးဖြစ်သူကို မတွေ့ရဘဲ အပြင်၌ တောင်းရမ်း လေလွင့်နေခဲ့ရသော်ငြားလည်း ဤထောက်ခံစာကိုကား သူမ အမြဲတမ်း တန်ဖိုးထား သိမ်းဆည်းခဲ့ရာ ယခုတော့ အသုံးဝင်လာခဲ့ချေပြီ။

ယီကျုံးဟိုင်သည် မျက်နှာမည်းကြီးဖြင့် ထိုစာရွက်ကို ဖွင့်ကြည့်လိုက်သော်လည်း မည်သည့် အမှားအယွင်းမျှ ရှာမတွေ့သောကြောင့် ယွီရှို့ထံသို့သာ ပြန်ပေးလိုက်ရလေသည်။ ထိုနောက် ခေါင်းလှည့်ကာ မည်းမှောင်နေသော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။

“အကုန်လုံး ဝိုင်းကြည့်ပြီး ဘာလုပ်နေကြတာလဲ။ လူစု မခွဲကြတော့ဘူးလား”

လူအများလည်း ဝုန်းကနဲ လူစုကွဲသွားကြပြီး ယီကျုံးဟိုင်မှာ လှည့်ပင် မကြည့်တော့ဘဲ ထွက်သွားလေသည်။ သူက သွက်လက်စွာ ထွက်သွားသော်လည်း မြေကြီးပေါ်တွင် လူးလှိမ့်ကာ နတ်ပင့်နေသော ကျားကျန်းရှစ်မှာမူ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့လေသည်။

“အဘိုးကြီးယီ … ရှင် သွားလို့ မဖြစ်ဘူးလေ။ ဒီကိစ္စကို ရှင် မသိချင်ယောင်ဆောင်နေလို့ မရဘူး။ ဒီကောင်မစုတ်လေးရဲ့ အလကားရိုက်တာကို ငါ မခံနိုင်ဘူးနော်”

ကျားတုန်းရွှီကလည်း အလောတကြီးဖြင့် အနောက်မှ အော်ပြောလိုက်သည်။

“ဟုတ်တယ်လေ ဆရာ… ကျွန်တော်က ဆရာ့ကြောင့် ယန်ချုံးရဲ့ ရိုက်တာကို ခံလိုက်ရတာလေ။ ဆရာက ဘယ်လိုလုပ် ထွက်သွားရတာလဲ”

ယီကျုံးဟိုင်ကမူ မကြားသည့်အလား လိုက်ကာကိုလှန်ကာ သူ၏အိမ်ထဲသို့ ဝင်သွားနှင့်ပြီဖြစ်သည်။ အခြားသူများကလည်း ယီကျုံးဟိုင် ထွက်သွားသည်ကို မြင်သောအခါ ပွဲကြည့်စရာ မရှိတော့မှန်း သိလိုက်ကြသဖြင့် ဝုန်းကနဲ လူစုကွဲသွားကြတော့သည်။ ဦးလေးဝမ်နှင့် ဒေါ်လေးဝမ် ဇနီးမောင်နှံ နှစ်ဦးသာလျှင် ချက်ချင်း မထွက်သွားဘဲ ကျန်ရစ်ခဲ့ပြီး ဒေါ်လေးဝမ်က ယွီရှို့၏ လက်ကို ခင်မင်ရင်းနှီးစွာ ဆွဲကိုင်၍ ဆိုလေသည်။

“ဒီကောင်မလေးက တကယ်ကို ချောမော လှပတာပဲ။ မင်းသာ မပြောရင် စောစောက ဝင်လာတဲ့ တောင်းရမ်း စားသောက်တဲ့ ကောင်မလေးလို့ ငါ ထင်တောင် မထင်မိဘူး...”

ဦးလေးဝမ်က ကမန်းကတန်း ကြားဖြတ် ပြောလိုက်သည်။

“ချုံး … ဒီကောင်မလေးက မင်းရဲ့နောက်ကို လိုက်လာတာဆိုတော့ မင်း သူ့ကို အနိုင်ကျင့်လို့ မဖြစ်ဘူးနော်။ အေး ဒါနဲ့ ညကျရင် ငါ့ဆီလာပြီး စားနပ်ရိက္ခာ နည်းနည်း လာယူလှည့် ကောင်မလေးကိုတော့ အငတ်ထားလို့ မဖြစ်ဘူးနော်”

ယန်ချုံးက ပြန်ပြောလိုက်သည်။

“မလိုတော့ပါဘူး ဦးလေး။ ကျွန်တော် စောစောက အပြင်မှာ ဂျုံမှုန့် နည်းနည်း ဝယ်လာခဲ့တယ်။ စားစရာ ရှိပါတယ်”

“မင်းဆီမှာ ဘယ်က ပိုက်ဆံရှိလို့လဲ... ကောင်းပါပြီလေ နောက်ပိုင်း စားစရာ မရှိရင် ဦးလေးဆီ လာယူ”

ဦးလေးဝမ်က မကျေမနပ် ပြောလိုက်သည်။ ယန်ချုံးက ပြုံးလိုက်ကာ ယွီရှို့ကို မိတ်ဆက်ပေးလိုက်သည်။

“ရှို့အာ… ဒါက ဦးလေးဝမ်နဲ့ ဒေါ်လေးဝမ်လေ။ သူတို့က အရမ်း သဘောကောင်းတာ ကိုယ့်ကို အမြဲတမ်း ဂရုစိုက်ကြတယ်”

ယွီရှို့က ချက်ချင်းပင် ချိုသာစွာ ခေါ်ဝေါ်လိုက်သည် ။

“ဦးလေး… ဒေါ်လေး… နောက်ပိုင်းကျရင် သမီးက အစ်ကိုချုံးနဲ့ တစ်မိသားစုတည်း ဖြစ်သွားပြီဆိုတော့ လုပ်စရာ အလုပ်ရှိရင် တစ်ချက်လောက် အသံပေးလိုက်ပါ။ ညီမ လာကူလုပ်ပေးပါ့မယ်”

ဒေါ်လေးဝမ်မှာ ဝမ်းသာလွန်းသဖြင့် မျက်လုံးများပင် မှိတ်ကျသွားလေသည်။

“ကောင်းပြီ ကောင်းပြီ။ ကြည့်စမ်း… ဘယ်လောက်တောင် အလုပ်ကြိုးစားတဲ့ သမီးလေးလဲ။ ချုံးဇီ… မင်း သူ့အပေါ် ကောင်းကောင်း ဆက်ဆံရမယ်နော်။ တကယ်လို့ သူ့အပေါ် မကောင်းရင်တော့ ငါက မင်းကို ပထမဆုံး ခွင့်လွှတ်မှာ မဟုတ်ဘူး”

ဦးလေးဝမ်ကလည်း တဟားဟား ရယ်မောလျက် ဆိုသည်။

“ကဲပါ ငါတို့ မြန်မြန်သွားကြရအောင်… လင်မယားနှစ်ယောက် ချစ်ချစ်ခင်ခင် နေပါစေဦး။ ချုံး… ရှို့အာ… လိုတာရှိရင် ဦးလေးကို ပြောနော်။ အားမနာနဲ့ အကုန်လုံးက မိသားစုတွေချည်းပဲ”

ထိုသို့ပြောရင်း ဒေါ်လေးဝမ်ကို ဆွဲခေါ်သွားလေသည်။

တစ်ဖက်တွင်မူ ကျားကျန်းရှစ်မှာ မြေကြီးပေါ်တွင် ထိုင်လျက် ဘာဆက်လုပ်ရမည်မှန်း မသိဖြစ်နေချေသည်။ အတော်အတန်ကြာသည်အထိ ထွက်မလာခဲ့သော ချင်ဟွိုင်ရူသည် လူများကွဲသွားသည်ကို မြင်မှသာ အိမ်ထဲမှ ထွက်လာပြီး ကျားကျန်းရှစ်အား ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဆွဲထူလိုက်သည်။

“အမေ မြန်မြန် ထပါ။ မြေကြီးက အေးတယ်။ အအေးပတ်လိမ့်မယ်”

ကျားကျန်းရှစ်က ချက်ချင်းပင် ဒေါသထွက်ပေါက်ကို ရှာတွေ့သွားပြီး ကုန်းထကာ ချင်ဟွိုင်ရူကို ဆွဲကိုင်၍ လက်သီးဖြင့် တစ်ချက် ထုနှက်လိုက်သည်။

“နင် အသုံးမကျတဲ့ ကောင်မ။ စောစောက ငါ အရိုက်ခံရတုန်းက နင် ဘယ်ရောက်နေတာလဲ။ အခုမှ ထွက်လာရကောင်းမှန်း သိတာလား။ နင်က ဘယ်သူ့ဘက်ကလဲ”

ချင်ဟွိုင်ရူသည် ကျားမိသားစုအတွင်း၌ အမြဲတမ်း အဆူခံ အထောင်းခံရသူသာ ဖြစ်ပေသည်။ ပုံမှန်အားဖြင့် ကျားကျန်းရှစ်နှင့် ကျားတုန်းရွှီတို့ သားအမိနှစ်ဦးသည် အနည်းငယ် အလိုမကျသည်နှင့် ဒေါသအားလုံးကို သူမအပေါ်သို့ ပုံချလေ့ရှိကြသည်။

‘နင်ရဲ့ ကျေးလက် အိမ်ထောင်စုစာရင်းက ငါတို့အိမ်က တုန်းရွှီကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်’

‘အရှုံးပေါ်မဲ့ မိန်းကလေးတွေ အများကြီး မွေးထားတယ်’

‘အလကား စားဖို့ပဲ သိပြီး တစ်ပြားမှ ရှာမပေးနိုင်ဘူး’

စသည်ဖြင့် အမျိုးမျိုး စွပ်စွဲတတ်ကြသည်။

မည်သို့ပင်ဖြစ်စေ ချင်ဟွိုင်ရူမှာ ကျင့်သားရနေပြီဖြစ်ရာ ကျားကျန်းရှစ်၏ အထုအထောင်းကို ခံလိုက်ရသော်လည်း တစ်ခွန်းမျှ ပြန်မပြောရဲဘဲ ခေါင်းငုံ့ကာ အိမ်ထဲသို့ ပြန်ဝင်သွားရလေသည် ။

ကျားကျန်းရှစ်က ဒေါသတကြီးဖြင့် ယွီရှို့အား တစ်ချက် လှမ်း၍ စိုက်ကြည့်လိုက်သည်။ ယွီရှို့ကလည်း ရင်ကော့ကာ အလျှော့မပေးဘဲ စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

‘ငါ့မှာ အစ်ကိုချုံး ရှိတယ်လေ။ နင့်သားကိုတောင် ရိုက်နိုင်တာ နင်လို အဘွားကြီးတစ်ယောက်ကို ဘာလို့ ကြောက်ရမှာလဲ’

“သွားရအောင် အိမ်ပြန်ပြီး ထမင်းဟင်း သွားချက်ကြမယ်”

နှစ်ယောက်သား လှည့်၍ အိမ်ထဲသို့ ပြန်ဝင်သွားကြသည်။ အိမ်တွင်းသို့ ရောက်သောအခါ ယွီရှို့မှာ စောစောက ကိစ္စကို စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုနေဆဲပင်။

“အစ်ကို… အဲဒီအဘွားကြီးစုတ်က တကယ်ကို ရွံစရာကောင်းတာပဲ။ အစ်ကို့ကိုတောင် လက်ပါရဲတယ်။ ဒီတစ်ခါတော့ သက်သာသွားသေးတယ်။ နောက်တစ်ခါ သူ ထပ်ထိရဲရင် သူ့ပါးစပ်ကို ကျွန်မ တိုက်ရိုက် ဆွဲဖြဲပစ်မယ်”

ယန်ချုံးက ပြုံးလျက် ဆိုသည်။

“နောက်ပိုင်း ရန်ဖြစ်တဲ့ ကိစ္စတွေကို ကိုယ့်ကိုသာ လွှဲထားလိုက်။ ဘယ်သူ့ကိုမှ မင်းကို အနိုင်ကျင့်ခွင့် ပေးမှာ မဟုတ်ဘူး”

ယွီရှို့က ပျော်ရွှင် ကြည်နူးစွာဖြင့် ခေါင်းညိတ်ပြလေသည်။

“ဟုတ်ကဲ့ အစ်ကို… အစ်ကိုပြောတာ အကုန် နားထောင်ပါ့မယ်”

ယန်ချုံးမှာ မနေနိုင်တော့ဘဲ သူမအား နောက်ထပ် အကြိမ်အနည်းငယ်မျှ ငေးကြည့်လိုက်မိသည်။ ယွီရှို့မှာ ရေချိုးပြီးစဖြစ်၍ ဆံပင်များ မခြောက်သေးဘဲ နားရွက်နားတွင် စိုရွှဲစွာ ဝဲကျနေမှုက ပို၍ပင် ဆွဲဆောင်မှုရှိကာ လှပနေစေတော့သည်။ ဤရုပ်ရည်မျိုးသည် အနာဂတ်ခေတ်သို့ ရောက်သွားလျှင်ပင်မူ ရုပ်မြင်သံကြားပေါ်မှ နာမည်ကြီး မင်းသမီးများထက် လုံးဝ နိမ့်ကျမည် မဟုတ်ချေ။ ပို၍ ထူးခြားသည်မှာ ပြင်ဆင်မှု တစ်စုံတစ်ရာမျှ မပါဝင်သော လုံးဝ သဘာဝ အလှစစ်စစ် မိန်းမချောလေး ဖြစ်နေခြင်းပင် ဖြစ်သည်။

ယန်ချုံးက ကြည့်လေ ကြည့်လေ ပို၍ သဘောကျလေ ဖြစ်လာပြီး သူ အချိန်ခရီးသွားလာခဲ့ရသည်မှာ အလွန်ပင် အမြတ်ထွက်လှကြောင်း စနစ်တစ်ခု ရလာရုံသာမက ဤမျှ လှပသော မိန်းမတစ်ဦးကိုပါ ကောက်ရလိုက်သေးကြောင်း စိတ်ထဲမှ တွေးတောနေမိသည်။

ယွီရှို့မှာ သူ ထိုသို့ စိုက်ကြည့်နေသည်ကို အနည်းငယ် ရှက်သွေးဖြာသွားကာ မျက်နှာလေး နီရဲလျက် ချွဲနွဲ့စွာ ပြောလိုက်သည်။

“ကြည့်လို့ မဝသေးဘူးလား”

ယန်ချုံးက ပြန်ဖြေသည်။

“ကြည့်လို့ မဝဘူး။ တစ်သက်လုံး ကြည့်လည်း ဝမှာ မဟုတ်ဘူး”

ယွီရှို့မှာ ပို၍ ရှက်သွေးဖြာသွားကာ မျက်နှာလေး နီရဲလျက် ဆိုလေသည်။

“ဒါဆိုလည်း ဆက်ကြည့်နေတော့ ကျွန်မ သွားပြီး ထမင်းဟင်း ချက်လိုက်ဦးမယ်”

ယန်ချုံးက သူမအား ဆွဲထားလိုက်ပြီး ပြောသည်။

“ဟင့်အင်း … ဒီနေ့ ကိုယ် ထမင်းဟင်းချက်မယ်။ မင်း သေချာနားလိုက် ကိုယ်ရဲ့လက်ရာကို မြည်းကြည့်ဦးလေ”

ယွီရှို့က ခေါင်းကို အတင်း ခါယမ်းလျက် ဆိုသည်။

“ဒါပေမဲ့ အစ်ကိုက ယောက်ျားလေးလေ။ ဘယ်မှာ ယောက်ျားက မိန်းမကို ထမင်းချက်ကျွေးတာ ရှိလို့လဲ”

ယန်ချုံးက ရယ်မောလျက် ပြောလိုက်သည်။

“ယောက်ျားက မိန်းမကို ထမင်းချက် မကျွေးရဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ။ နောက်ပိုင်း မှတ်ထား… ဒီအိမ်မှာ ကိုယ်တို့နှစ်ယောက်က တန်းတူပဲ။ အဲဒီလောက် အသုံးမကျတဲ့ စည်းကမ်းတွေ အများကြီး မရှိဘူး။ တခြားလူတွေရဲ့ အသုံးမကျတဲ့ စည်းကမ်းတွေကိုလည်း ဂရုစိုက်နေစရာ မလိုဘူး။ ကိုယ်တို့နှစ်ယောက် ကိုယ်တိုင် အဆင်ပြေနေရင် ရပြီ”

ထိုသို့ပြောဆိုရင်း မီးဖိုချောင်အတွင်းသို့ ဝင်သွားလေသည်။ ယွီရှို့မှာ သူ ထိုသို့ပြောသည်ကို မြင်သောအခါ ဆက်လက် မငြင်းဆန်တော့ဘဲ ဘေးနားတွင် လိမ္မာရေးခြားရှိစွာ ရပ်လျက် တိတ်တဆိတ် ကြည့်နေလိုက်သည်။ စိတ်ထဲတွင်မူ သူ စောစောက ပြောဆိုသွားသော စကားအနည်းငယ်ကို အစဉ်အမြဲ တွေးတောနေမိလေတော့သည်။

All Chapters