အခန်း ၇
Vol. 1 Ch. 7
အခန်း ၇ - ငါ အသားပဲ စားချင်တယ်
ဟင်းချက်ခြင်းလုပ်ငန်းသည် ယန်ချုံးအတွက်မူ မည်သို့မျှ ခက်ခဲသော အရာတစ်ခု မဟုတ်ပေ။ သူ၏ အရင်ဘဝကတည်းက ဒုံရင်းပေါ်မှ အစားအသောက် ဗီဒီယိုများအား ကြည့်ရှုရသည်ကို အလွန် ဝါသနာပါခဲ့ပြီး ကိုယ်တိုင် ဟင်းချက်ရသည်ကိုလည်း နှစ်သက် သဘောကျခဲ့သူ ဖြစ်သည်။ ထိုကြောင့် သူသည် သပ်ရပ်လှပသော အဆင့်မြင့် ဝက်သုံးထပ်သား အသားတုံးကြီးအား တစ်စင်တီမီတာထက် မထူသော အသားလွှာလေးများဖြစ်အောင် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အရင်ဦးဆုံး လှီးဖြတ်လိုက်လေသည်။
ထို့နောက် အသားလွှာများကို အိုးထဲသို့ထည့်၍ နှစ်ဖက်စလုံး ရွှေဝါရောင်သန်းလာသည်အထိ ကြော်လှော်ပြီးနောက် သကြားကို အရောင်တင်ရန်အတွက် လှော်ကာ အိုးထဲမှ အသားလွှာများနှင့် ရောနှောလိုက်သည်။ ထို့အပြင် ဟင်းခတ်အမွှေးအကြိုင် မျိုးစုံကိုပါ ထည့်သွင်း၍ မီးအေးအေးဖြင့် ဖြည်းညှင်းစွာ ချက်ပြုတ်လေသည်။ လက်ရှိအခြေအနေမှာ အနည်းငယ် ချို့တဲ့နေသော်ငြားလည်း ရိုးရှင်းလှသော 'ပါ့ဇီရို' အသားပြားစွပ်ပြုတ် တစ်ခွက်ကိုမူ ဖန်တီးနိုင်စွမ်း ရှိသေးသည်။
အဆီတစ်ဝက် အသားတစ်ဝက်ဖြင့် မွှေးကြိုင် သင်းပျံ့နေသော ပါ့ဇီရို ဟင်းလျာသည် ဤခေတ်ကာလမှ လူများအတွက်မူ တကယ့်ကို ဆွဲဆောင်မှု အပြည့်အဝ ရှိလှပေသည်။ အထူးသဖြင့် ခြောက်လနီးပါးခန့် ထမင်းဝလင်စွာ မစားခဲ့ရသော ယွီရှို့အတွက်မူ အာဟာရဓာတ် ပြန်လည် ဖြည့်တင်းရန် အဆီအဆိမ့်များ ပိုမို စားသုံးပေးရန် လိုအပ်လေသည်။ မကြာမီမှာပင် အသားဟင်း၏ သင်းပျံ့သော ရနံ့သည် လေးဘက်ပိတ် စစ်ဟဲ့ယွမ် ခြံဝင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
ခြံဝင်းအတွင်းရှိ အိမ်နီးနားချင်းများမှာ နှာခေါင်းကို တရှုံ့ရှုံ့လုပ်လျက် ထိုသင်းပျံ့လှသော အသားဟင်းရနံ့က မည်သည့်နေရာမှ လာသနည်းဟု လိုက်လံ ရှာဖွေနေကြလေသည်။ အရှေ့ခြံမှ ယန်ပုကွေ့သည် သူ၏ မိသားစုနှင့်အတူ ထမင်းစားပွဲဝိုင်းတွင် ထိုင်လျက် ယနေ့အတွက် သနပ်စင် ချဉ်ဖတ်အမျှင်လေးများကို တူဖြင့် တစ်ယောက်ချင်းစီအား လိုက်လံ ခွဲဝေပေးနေသည်။
“ဒီနေ့လည်း ထုံးစံအတိုင်းပဲ။ တစ်ယောက်ကို သနပ်စင် သုံးမျှင်နဲ့ ဝေါ့ဝေါ့ထို ပြောင်းဖူးမုန့်လုံး နှစ်လုံးစီပဲ။ ဘယ်သူမှ ပိုမစားရဘူး”
သားအကြီးဆုံး ယန်ကျဲချန်က မျက်နှာ ဆူပုပ်ပုပ်ဖြင့် ဆိုသည်။
“အဖေ… ကျွန်တော်တို့က ဘာလို့ သနပ်စင်ပဲ အမြဲတမ်း စားနေရတာလဲ။ ကျွန်တော်တို့ မိသားစုက ခြောက်ယောက်ရှိတာ တစ်လကို အသားဝယ်ခွင့် လက်မှတ် အသားပုံး တစ်ကျင်းကျော် ရတာပဲကို။ ဒါပေမဲ့ ကျွန်တော်တို့ ဘာလို့ တစ်ခါမှ အသား မစားရတာလဲ”
ယန်ပုကွေ့က မျက်လုံးပြူးကာ စိုက်ကြည့်လျက် ဆိုလေသည်။
“သနပ်စင်က ဘာဖြစ်လို့လဲ။ သနပ်စင်ကမှ အာဟာရ အရှိဆုံးကွ။ မကြားဖူးဘူးလား … ဟိုးတုန်းက လီဟုန်ကျန်း အင်္ဂလန်ကို သံတမန်အဖြစ် သွားတုန်းက ယူသွားတဲ့ သနပ်စင်ကို နိုင်ငံခြားသားတွေက အစက အထင်သေးကြတာ။ နောက်ဆုံးကျတော့ အာဟာရ ပညာရှင်တွေ စစ်ဆေးကြည့်လိုက်တော့ သနပ်စင်ထဲက အာဟာရက သူတို့ နိုင်ငံခြားသားတွေ စားတဲ့ အမဲသားထက် အများကြီး ပိုမြင့်နေတာကို တွေ့ရတယ်။ ဒါတင် မကသေးဘူး ငါတို့ မိသားစုမှာ ပါးစပ် ခြောက်ပေါက် ရှိတာ။ အားလုံးက ငါရဲ့ ဒီလစာလေး တစ်ခုတည်းနဲ့ ထမင်းစားနေရတာကို သေချာ တွက်ချက်ပြီး မသုံးရင် ရမလား။ မင်းတို့ကိုသာ အသားကျွေးလိုက်ရင် ဒီလ ၂၀ ရက်နေ့တောင် မရောက်ခင် ငါတို့ မိသားစုတစ်ခုလုံး မြောက်လေ သောက်ပြီး ငတ်ပြတ် နေရလိမ့်မယ်”
ယန်ကျဲချန်က နှုတ်ခမ်းမဲ့လျက် ပြန်လည် ချေပသည်။
“ကျွန်တော်တို့ကို ထပ်ပြီး လိမ်နေပြန်ပြီ။ ဒီသနပ်စင်မှာ ဘာအာဟာရ ရှိမှာလဲ။ အလယ်ခြံက ကျားတာ့မားကို ကြည့်ဦး။ ရှာကျူး နေ့တိုင်း သယ်လာပေးတဲ့ ထမင်းဘူးတွေနဲ့ ကျွေးထားလို့ ဖြူဖြူတုတ်တုတ် ဖြစ်နေတာပဲ။ ပန့်ကန့်လည်း ဘောလုံးလေးလို လုံးနေတာပဲ။ အဖေ ကျွန်တော်တို့အိမ်ကို ပြန်ကြည့်ဦး။ ကျဲတိဆိုရင် ဘယ်လောက်တောင် ပိန်လှီနေပြီလဲ”
“ပိန်တော့ ဘာဖြစ်လဲ။ ပိန်တာကမှ ကောင်းတာ...”
ယန်ပုကွေ့က ဆင်ခြေပေးရန် ပြင်သော်လည်း ယန်ကျဲချန်က ထပ်မံ ဖြတ်ပြောလိုက်သည်။
“ပြီးတော့ ပြီးခဲ့တဲ့အကြိမ် ယွီလိ ကျွန်တော်တို့အိမ်ကို လာတုန်းကလည်း အဖေက အသားဟင်း တစ်ခွက်တောင် မလုပ်ပေးဘူး။ ယွီလိတောင် မကျေမနပ် ဖြစ်သွားတယ်လေ”
စန်းတာ့မား တတိယအဒေါ်ကလည်း ဝင်ရောက် ပြောဆိုလေသည်။
“အဘိုးကြီး… ဒီအချက်ကိုတော့ ရှင်ပြောတာ မှားနေပြီ။ ကျွန်မတို့ မိသားစုဝင်တွေ အသား မစားတာ ထားလိုက်ပါတော့။ ဒါပေမဲ့ ယွီလိက ကျွန်မတို့အိမ်ကို ချွေးမအဖြစ် မရောက်သေးဘူးလေ။ ရှင်က သူများကိုပါ သနပ်စင် အမျှင်လေးတွေပဲ ကျွေးနေရင် သူက ကျွန်မတို့ သားအကြီးကောင်ကို မယူဘဲ နေရင် ဘယ်လိုလုပ်မလဲ”
ယန်ပုကွေ့က လက်ခါပြလျက် ဆိုသည်။
“ကဲပါ ငါသိပါပြီ။ နောက်တစ်ခါ ယွီလိလာရင် မင်း ငါ့ကို ကြိုပြောဖို့ သတိရပါ သားကြီး။ ငါ ဘယ်လိုပဲ ဖြစ်ဖြစ် အသားဟင်းတစ်ခွက် ရအောင် ကြံဖန်ပေးမယ် ဟုတ်ပြီလား”
စကားပြောနေဆဲမှာပင် ယန်ကျဲတိသည် ရုတ်တရက် မတ်တတ်ရပ်ကာ နှာခေါင်းရှုံ့လျက် အားရပါးရ နှစ်ချက်ခန့် အနံ့ခံလိုက်သည်။
“မွှေးလိုက်တာ အဖေ… ဘယ်အိမ်က အသားချက်နေတာလဲ မသိဘူး”
ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မိသားစုတစ်ခုလုံး၏ တူများမှာ လှုပ်ရှားမှု ရပ်တန့်သွားပြီး အားလုံးကလည်း ဝိုင်းဝန်း အနံ့ခံကြည့်ကြလေတော့သည်။
“ဟုတ်တယ် အသားဟင်းနံ့ပဲ။ အဖေ ကြည့်ဦး… တစ်ယောက်ယောက်တော့ အသားစားနေပြန်ပြီ။ ကျွန်တော်တို့အိမ်ကျ ဘယ်တော့မှ အလှည့်ရောက်မှာလဲ မသိဘူး”
ယန်ကျဲချန်က မနာလိုသော လေသံဖြင့် ဆိုသည်။
“သူများအိမ်က အသားဟင်းနံ့ကို အနံ့ခံနေရပြီး ကိုယ့်အိမ်က သနပ်စင် အမျှင်တွေကို ပြန်ကြည့်တော့ ဘယ်သူက ထမင်းစားချင်စိတ် ရှိတော့မှာလဲ”
ယန်ပုကွေ့က သူ့အား စိုက်ကြည့်ကာ ပြောလေသည်။
“ဒီကောင်... မင်း မျက်စိမှိတ်ပြီး သူတို့အိမ်က အသားဟင်းနံ့ကို ရှူရှိုက်ရင်း ဒါက ငါတို့အိမ် ထမင်းစားပွဲပေါ်က အသားဟင်းလို့ စိတ်ကူးယဉ်လို့ မရဘူးလား။ မင်းမှာ ဟုန်းရှောက်ရို ဝက်သားနီချက် ရှိတယ်လို့ စိတ်ကူးပြီး ထမင်းစားပေါ့”
ယန်ပုကွေ့သည် ထိုသို့ပြောရင်း သူကိုယ်တိုင် မျက်စိမှိတ်ကာ အားရပါးရ နှစ်ချက်ခန့် အနံ့ခံပြီးနောက် သနပ်စင် တစ်မျှင်ကို ညှပ်၍ ဝေါ့ဝေါ့ထိုပေါ်တင်ကာ အားပါးတရ တစ်ကိုက် ကိုက်စားလိုက်လေတော့သည်။ ထိုနောက် အားရပါးရ ဝါးရင်း ခေါင်းတငြိမ့်ငြိမ့်နှင့် ဇိမ်ကျလှသော မျက်နှာထားဖြင့် ဆိုလေသည်။
“ဟုတ်တယ် မွှေးတယ် ဒါ တကယ့် ဟုန်းရှောက်ရို အရသာပဲ”
ယန်ကျဲချန် “……”
ယန်မိသားစုတစ်ခုလုံး “……”
အလယ်ခြံအတွင်း၌မူ ယီကျုံးဟိုင်သည် မျက်နှာပျက်ပျက်ဖြင့် ထမင်းစားရင်း ယီတာ့မား၏ ပွစိပွစိ ပြောဆိုနေမှုများကို နားထောင်နေရလေသည်။ ယီတာ့မားက ဆိုသည်။
“ရှင်ကလည်း တကယ်ပါပဲ။ ဘာကိစ္စမှ မရှိဘဲ အဲဒီလို သူများကိစ္စတွေကို သွားစွက်ဖက်ရတာလဲ။ ချုံးဇီလို ရိုးသားတဲ့ ကလေးတစ်ယောက်ရဲ့အိမ်ကို လူတစ်ယောက်လာတာ ဘာဖြစ်လို့လဲ။ ရှင့်ကို ဘာ ထိခိုက်လို့လဲ။ ဘာလို့ အတင်းအကျပ် သွားနှင်ထုတ်ရတာလဲ”
ယီကျုံးဟိုင်က စိတ်မရှည်စွာဖြင့် ပြန်ပြောသည်။
“သူများကိစ္စ စွက်ဖက်တယ်ဆိုတာ ဘာလဲ။ ငါက ဒီခြံဝင်းရဲ့ ယီတာ့ယဲ့ ခြံအကြီးအကဲပဲ။ ဒီလိုကိစ္စတွေကို ငါကပဲ စီမံရမှာ။ တကယ်လို့ အိမ်တိုင်းကသာ ပွေလီတဲ့ လူတွေကို ခြံထဲ ခေါ်လာမယ်ဆိုရင် ဒီခြံဝင်းကြီး ရှုပ်ပွသွားမှာပေါ့”
ယီတာ့မားက ဆိုသည်။
“ဒါဆို ရှင် စီမံတာ အောင်မြင်လို့လား။ အခုတော့ လူကိုလည်း နှင်မထုတ်နိုင်ဘဲ ရှင့်မျက်နှာပဲ အကြီးအကျယ် ပျက်သွားရတယ်။ အခုတော့ ကျေနပ်ပြီလား။ နောက်ကျရင် သူတို့ မင်္ဂလာဆောင်တဲ့အခါ ရှင် ဘယ်လိုမျက်နှာနဲ့ မင်္ဂလာပွဲ သွားတက်မလဲဆိုတာ ကျွန်မ စောင့်ကြည့်ဦးမယ်”
ယီကျုံးဟိုင်သည် ဖြန်းခနဲ တူကို စားပွဲပေါ်သို့ ရိုက်ချလိုက်ပြီး ငေါက်ငမ်းလိုက်သည်။
“ပြောလို့ ပြီးပြီလား။ ထမင်းစားနေတာတောင် အေးအေးဆေးဆေး မစားရဘူး”
ယီတာ့မားလည်း နှုတ်ခမ်းမဲ့ကာ ဆက်လက် စကားမဆိုတော့ချေ။
သို့သော် ယီကျုံးဟိုင်သည် ရုတ်တရက် ခေါင်းမော့ကာ အနံ့ခံလိုက်ပြီး သံသယဖြင့် ဆိုလေသည်။
“ဒါ ဘယ်အိမ်က အသားချက်နေတာလဲ။ တော်တော် မွှေးတာပဲ”
ယီတာ့မားက စိတ်မရှည်သော လေသံဖြင့် ပြန်ပြောသည်။
“သူများ အသားချက်တာလည်း ရှင့်ကို ဘာထိခိုက်လို့လဲ။ ဘယ်အိမ်မဆို အသားတစ်နပ်လောက်တော့ စားပိုင်ခွင့်ရှိတာပဲ။ ရှင်က ဒါကိုပါ လိုက်စွက်ဖက်ချင်နေတာလား”
ယီကျုံးဟိုင်က မျက်မှောင်ကျုံ့လျက် ဆိုသည်။
“မဟုတ်ဘူးလေ။ တကယ်လို့ လဆန်းပိုင်းဆိုရင် ခြံထဲက လူတွေ အသားစားတာ မဆန်းပါဘူး။ ဒါပေမဲ့ ဒီနေ့က လကုန်ခါနီးနေပြီ။ အိမ်တိုင်းက အသားပုံးတွေက အစောကြီးကတည်းက ကုန်နေပြီ။ ဒါမှမဟုတ် ပစ္စည်းတွေနဲ့ သွားလဲလိုက်ကြပြီ။ လကုန်ခါနီးမှာ အသားစားနိုင်တဲ့ အိမ်မျိုးကို မင်း မြင်ဖူးလို့လား”
ယီတာ့မားကလည်း ခေါင်းငြိမ့်ကာ ဆိုသည်။
“ရှင်ပြောမှပဲ ဟုတ်သားပဲ။ ဒီလိုအချိန်မျိုးမှာ ဘယ်အိမ်က အသားပုံး ကျန်ဦးမှာလဲ”
ယီတာ့မားသည် မနေနိုင်တော့ဘဲ မတ်တတ်ရပ်ကာ ပြတင်းပေါက်မှနေ၍ လှမ်းကြည့်လျက် အနံ့ခံလိုက်ပြီးနောက် ခေါင်းလှည့်ကာ ပြောလေသည်။
“ဒီအသားဟင်းနံ့က ချုံဇီ အိမ်ကနေ လွင့်ပျံလာတဲ့ပုံပဲ”
ယီကျုံးဟိုင်၏ မျက်နှာမှာ တစ်ဖန် မည်းမှောင်သွားပြန်ပြီး ဆိုသည်။
“သူ့အိမ်က အသားစားတယ်။ သူက အသား ဘယ်က ရမှာလဲ”
ယီတာ့မားက ဆိုသည်။
“သူများ အသားစားတာ ဘာဖြစ်လဲ။ ရှင်ကျတော့ အသားစားလို့ရပြီး သူများကျတော့ မစားရဘူးလား”
ယီကျုံးဟိုင်က ခေါင်းခါလျက် ပြောလိုက်သည်။
“မင်းကလည်း သူ့အခြေအနေကို မသိလို့ပဲ။ အတည်တကျ အလုပ်လည်း မရှိဘူး။ တစ်နေ့လုံး ကျပန်းအလုပ်တွေပဲ လုပ်နေတာ။ ဝေါ့ဝေါ့ထို စားဖို့တောင် တစ်နပ်ဝ တစ်နပ်ငတ် ဖြစ်နေတာ။ တစ်ခါတလေ စားစရာ မရှိရင် ဝမ်ကျိကော် အိမ်ကို သွားပြီး ရိက္ခာ သွားချေးရတာ။ သူ အသားစားတာကို ဘယ်တုန်းက မြင်ဖူးလို့လဲ”
ယီတာ့မားက သတိပေးလိုက်သည်။
“သူက အခုလေးတင် ဇနီးတစ်ယောက် ရထားလို့ ဝမ်းသာအားရနဲ့ ပိုက်ဆံချေးပြီး ဇနီးသည်အတွက် အသားဝယ်ကျွေးတာ ဖြစ်မှာပေါ့။ ဒါက ကျွန်မတို့အိမ်နဲ့ ဘာမှ မဆိုင်ဘူး။ ရှင်လည်း သွားပြီး မစွက်ဖက်ပါနဲ့ဦး။ ကိုယ့်ဘာသာ စိတ်အနှောင့်အယှက်ဖြစ်အောင် ရှာမနေနဲ့ အခုနက ဖြစ်သွားတဲ့ကိစ္စကို မေ့သွားပြီလား”
ယီကျုံးဟိုင်မှာ အားမလိုအားမရ ဖြစ်နေသော်ငြားလည်း သူ့ဇနီးဖြစ်သူ၏ စကားကို နားထောင်၍ အပြင်သို့ ထွက်မသွားခဲ့တော့ပေ။
ကျားမိသားစုအိမ်၌မူ ချင်ဟွိုင်ရူသည် ချက်ပြုတ်ထားသော ထမင်းဟင်းလျာများကို ထမင်းစားပွဲပေါ်သို့ လာရောက် ချပေးနေလေသည်။ ကျားကျန်းရှစ်နှင့် ကျားတုန်းရွှီတို့ သားအမိနှစ်ဦးမှာမူ အခုနက ကိစ္စကို ပြောဆိုနေကြဆဲဖြစ်ပြီး ကျားတုန်းရွှီက ဒေါသတကြီးဖြင့် ပြောနေသည်။
“ဟွန်း … ဒီခွေးမသား ယန်ချုံးက ငါ့ကိုတောင် ရိုက်ရဲတယ်။ နေဦးပေါ့ ... ငါ လူရှာပြီး သူ့ကို သေအောင် ရိုက်ခိုင်းရမယ်”
ကျားကျန်းရှစ်မှာမူ စောစောကမှ ရှေ့သွားတစ်ချောင်း ကျိုးသွားခဲ့သောကြောင့် စကားပြောလျှင် လေထွက်နေပြီး ကြုံးဝါးနေလေသည်။
“ပြီးတော့ အဲဒီ သေချင်းဆိုးမလေးကိုလည်း အလွတ်မပေးနိုင်ဘူး။ ငါရဲ့ တံမြက်စည်းကိုတောင် လုရဲတယ်။ နေဦးပေါ့ ... ငါ သူ့ပါးစပ်ကို ဆွဲဖြဲပစ်မယ်။ ပြီးတော့ သူ့အင်္ကျီတွေကို ဆွဲဖြဲပြီး လမ်းမပေါ် လွှင့်ပစ်လိုက်မယ်။ ယောက်ျားတွေ အားလုံး မြင်အောင်လို့”
ထိုသို့ ပြောဆိုနေဆဲမှာပင် ချင်ဟွိုင်ရူက ထမင်းဟင်းများကို ချပေးရင်း ဝင်ရောက်ပြောဆိုလိုက်သည်။
“အမေ… တုန်းရွှီ… အဲဒါတွေ မပြောကြပါနဲ့တော့ ထမင်းစားကြရအောင်”
ကျားကျန်းရှစ်က သူမအား မကျေမနပ်ဖြင့် စိုက်ကြည့်လျက် ဆိုသည်။
“ချင်ဟွိုင်ရူ… အခုနက ငါနဲ့ တုန်းရွှီ အရိုက်ခံရတုန်းက နင်က ဘာလို့ အခန်းထဲမှာ ပုန်းနေပြီး အပြင် မထွက်လာတာလဲ။ တကယ်လို့ လူတစ်ယောက်သာ ပိုနေခဲ့ရင် အဲဒီ ယန်ချုံး တို့နှစ်ယောက်က ငါတို့ရဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး”
ချင်ဟွိုင်ရူက စိတ်ထဲမှ ကြိတ်၍ တွေးတောနေမိသည်။
'ရှင်တို့ သားအမိနှစ်ယောက် မျက်နှာပျက်ရတာ မလောက်သေးဘူးလား။ ကျွန်မကိုပါ အပြင်ခေါ်ပြီး သိက္ခာချချင်သေးတာလား'
ထိုအချိန်၌ပင် ပန့်ကန့်က ရုတ်တရက် အော်ဟစ်လိုက်သည်။
“ဝေါ့ဝေါ့ထို... တစ်ခါလာလည်း ဝေါ့ဝေါ့ထို။ အမြဲတမ်း ဝေါ့ဝေါ့ထိုပဲလား။ ကျွန်တော် ဝေါ့ဝေါ့ထို မစားချင်ဘူး။ ကျွန်တော် အသားပဲ စားချင်တယ်”
ချင်ဟွိုင်ရူက ပြန်ချော့လေသည်။
“ဒါက လကုန်ပိုင်း ရောက်နေပြီလေ။ တို့အိမ်က အသားပုံးကလည်း ကုန်တာ ကြာပြီ။ နင့်အဖေရဲ့ လစာလည်း ကုန်သွားပြီ။ နင့်ကို အသား ဘယ်ကနေ သွားရှာကျွေးရမှာလဲ။ လိမ္မာပါတယ် … သည်းခံပြီး စောင့်လိုက်ဦး။ နောက်လ နင့်အဖေ လစာထုတ်ပြီး အသားပုံးရလာမှ တို့တွေ အသားစားကြမယ်”
ထိုသို့ ပြောဆိုနေဆဲမှာပင် အပြင်ဘက်မှ မွှေးကြိုင်သော ရနံ့တစ်ခု လွင့်ပျံလာခဲ့လေသည်။ ထိုအခါ ပန့်ကန့်သည် ချက်ချင်းပင် ဂျီကျတော့သည်။
“အမေ အနံ့ခံကြည့်ဦး။ သူများတွေ အသားစားနေကြပြီ။ သူတို့အိမ်ကျ ဘာလို့ အသားရှိပြီး တို့အိမ်ကျ ဘာလို့ မရှိတာလဲ။ ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော် အသားပဲ စားချင်တယ်”