← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈ - ချင်ကျဲ တကယ် သနားဖို့ကောင်းတယ်

ကျားကျန်းရှစ်မှာ တချက်မျှ ကြောင်အ သွားပြီးနောက် နှာခေါင်းကို အမြန်ရှုံ့ကာ အားရပါးရ နှစ်ချက်ခန့် အနံ့ခံလိုက်သည်။

“ဟုတ်ပါ့… ဒါ ဘယ်သူ့အိမ်က အသားချက်နေတာလဲ။ လကုန်ရက်ကြီး ရောက်နေပြီကို ဘယ်သူက အသားစားနိုင်သေးတာလဲ”

ကျားတုန်းရွှီမှာ တံတွေးတစ်ချက်ကို ‘ဂလု’ခနဲ မျိုချလိုက်မိပြီး မအောင့်နိုင်တော့ဘဲ မတ်တတ်ရပ်ကာ တံခါးဝအထိ သွားရောက် အနံ့ခံကြည့်လိုက်ရာ မျက်နှာပျက်သွားတော့သည်။

“မေမေ ဘေးအိမ်က ယန်ချုံး တို့အိမ်က ထွက်လာတဲ့ အနံ့နဲ့ တူတယ်”

“မဖြစ်နိုင်တာ”

ကျားကျန်းရှစ်က ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

“ဒီခြံထဲက ဘယ်သူ့အိမ်မဆို ဖြစ်နိုင်ပေမဲ့ သူကတော့ လုံးဝ မဖြစ်နိုင်ဘူး။ သူလို နေ့စား အလုပ်လုပ်တဲ့လူက ပြောင်းဖူးမုန့် ဝေါ့ဝေါ့ထိုတောင် ဝအောင် မစားနိုင်တာ ဘယ်တုန်းက အသားစားတာ မြင်ဖူးလို့လဲ။ မင်း အနံ့မှားတာ သေချာတယ်”

ကျားတုန်းရွှီက ပြန်လည်ချေပသည်။

“မမှားပါဘူး… သူ့အိမ်က လွင့်လာတဲ့ အနံ့ သေချာတယ်။ မယုံရင် မေမေ လာပြီး အနံ့ခံကြည့်”

ကျားကျန်းရှစ်လည်း လျှောက်သွားကာ အနံ့ခံကြည့်လိုက်ရာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရလေသည်။

“တကယ်ပါလား ဒီကောင်လေးက ဘယ်ကနေ အသားရလာတာလဲ။ ငါတို့အိမ်တောင် အသား မစားရသေးဘူး သူက အသားစားနေတယ် ဟုတ်လား”

ပန့်ကန့်က ချက်ချင်းပင် အော်ဟစ်တော့သည်။

“အဘွား သား အသားစားချင်တယ် အသားစားချင်တယ်”

ကျားကျန်းရှစ်က စဉ်းပင် စဉ်းစား မနေတော့ဘဲ ဆိုလိုက်သည်။

“အသားစားချင်ရင် မင်းအမေကို သွားချေးခိုင်းလေ”

ဤသည်မှာ ကျားမိသားစု၏ ထုံးစံအဟောင်းပင် ဖြစ်လေသည်။ ခြံအတွင်းမှ မည်သည့်အိမ်မဆို အသားဟင်းချက်စားပြီဆိုလျှင် ကျားကျန်းရှစ်သည် ချင်ဟွိုင်ရူအား ပန်းကန်တစ်လုံးပေးကာ သွားရောက် ချေးငှားခိုင်းလေ့ရှိပြီး အမြဲတမ်း ချေးရုံသာရှိ၍ ပြန်ပေးလေ့ မရှိပေ။ အသားသွားချေးရသည့် ဆင်ခြေမှာလည်း တကယ့်ကို ထူးဆန်း အံ့ဩဖွယ်ကောင်းလှသည်။

“ငါတို့အိမ်က ဒီလောက် ဆင်းရဲဒုက္ခရောက်နေတာ အထက်မှာလည်း လူကြီးရှိသလို အောက်မှာလည်း ကလေးတွေရှိတယ်။ သူတို့က မကူညီသင့်ဘူးလား”

ချင်ဟွိုင်ရူမှာ အစပိုင်း၌မူ မသွားချင်သည်မှာ အမှန်ပင် ဖြစ်သည်။ သူတစ်ပါး အသားစားသည်ကို ကိုယ့်ကို အဘယ်ကြောင့် ပေးရမည်နည်း။ ကိုယ့်အိမ် ဆင်းရဲရုံမျှဖြင့် ပေးရမည်လော။ ဤသည်မှာ မည်သို့ ယုတ္တိရှိပါမည်နည်း။ သို့သော် ကျားကျန်းရှစ်နှင့် ကျားတုန်းရွှီတို့က ပါးရိုက်လိုက်သောအခါတွင်မူ ချင်ဟွိုင်ရူလည်း လိမ္မာယဉ်ကျေးစွာဖြင့် သွားရတော့သည်သာ။

သို့သော် ယနေ့မှာကား မတူညီတော့ပေ။ အရှေ့လေးတင်၌ပင် သူတို့နှင့် ရန်ဖြစ်ထားပြီးကာမှ နောက်ခြေလှမ်းတွင် ယခု သူတို့ထံမှ အသားသွားရောက် ချေးစားရမည်ဆိုသည်မှာ အဆဲခံရရန် သွားရောက်ရှာဖွေသည်နှင့် မတူပါလော။

ချင်ဟွိုင်ရူက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

“ကျွန်မ မသွားဘူး။ သွားချင်ရင် ရှင်တို့ဘာသာ ရှင်တို့ သွားချေးကြ…”

ကျားကျန်းရှစ်က မျက်လုံးပြူးကာ ကြည့်လိုက်ပြီး ကျားတုန်းရွှီက ချက်ချင်းပင် မတ်တတ် ထရပ်လိုက်သည်။

“ချင်ဟွိုင်ရူ… နင်က ပုန်ကန်ချင်နေတာလား။ တစ်နေကုန် အိမ်မှာ အလကား ထိုင်စားနေပြီး အသားလေး နည်းနည်း သွားချေးခိုင်းတာကို မလုပ်ဘူး ဟုတ်လား။ နင် ကောင်းကင်ပေါ် ပျံတက်ချင်နေတာလား”

ထိုသို့ ပြောဆိုလျက် ချင်ဟွိုင်ရူ၏ မျက်နှာကို လက်သီးဖြင့် တစ်ချက် ထိုးကြိတ်လိုက်သည်။ တစ်ချက်တည်းနှင့်ပင် ချင်ဟွိုင်ရူ၏ မျက်လုံးတစ်ဖက်မှာ ပန်ဒါဝက်ဝံ မျက်လုံးကဲ့သို့ ညိုမဲသွားတော့သည်။

ချင်ဟွိုင်ရူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မျက်နှာကို အုပ်ကာ ကုတင်ဘေးသို့ လဲကျသွားလေသည်။ ပန့်ကန့်မှာမူ အော်မြဲ အော်နေဆဲပင်။

“သား အသားစားချင်တယ် မြန်မြန် သွားတောင်းပေး”

ကျားကျန်းရှစ်က ရက်စက် ကြမ်းကြုတ်စွာ ဆဲရေး တိုင်းထွာလိုက်သည်။

“ဟွန်း… မြန်မြန် မသွားသေးဘူးလား။ ငါရဲ့မြေးလေး အသားစားချင်တယ်လို့ ပြောတာ မကြားဘူးလား”

ချင်ဟွိုင်ရူက မျက်နှာကို အုပ်ထားလျက် ဆိုသည်။

“ဒီနေ့ ရှင်တို့ ကျွန်မကို ရိုက်သတ်ရင်တောင် အဲဒီလို အရှက်ကွဲ မခံနိုင်ဘူး”

ကျားတုန်းရွှီက လက်သီးကို လွှဲကာ ထပ်မံ ရိုက်နှက်ပြန်သည်။

“နင်လို အသုံးမကျတဲ့ မိန်းမကတော့ သုံးရက်လောက် မရိုက်ရင် အိမ်ခေါင်မိုးပေါ်တက်ပြီး အုတ်ကြွပ်ပြား ခွာမဲ့ အမျိုး။ ငါ နင့်ကို ရိုက်မသတ်ပဲ နေမလား ကြည့်စမ်း”

တခဏချင်းမှာပင် ကျားကျန်းရှစ်၏ ဆဲဆိုသံ၊ ကျားတုန်းရွှီ၏ လက်သီး ခြေထောက်သံများနှင့် ချင်ဟွိုင်ရူ တအုန်းအုန်း တအင်းအင်း အရိုက်ခံရပြီး ညည်းတွားသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။ ထို့အပြင် ပန့်ကန့်၏ အသားစားချင်၍ ဂျီကျ အော်ဟစ်သံများကြောင့် တစ်ခြံလုံးရှိ လူများအားလုံး ကြားနေကြရတော့သည်။

ယီကျုံးဟိုင်မှာ တစ်ဖန် မျက်မှောင်ကျုံ့လိုက်မိပြီး ယီတာ့မားက ထိုနေရာတွင်ပင် တတွတ်တွတ် ပြောဆိုနေတော့သည်။

“နားထောင်စမ်း… ရှင် လက်ခံထားတဲ့ တပည့်လိမ္မာကြီးကို ကြည့်ဦး။ မိန်းမကို ထပ်ရိုက်နေပြန်ပြီ။ ယောက်ျားကြီးတန်မဲ့ တစ်နေကုန် မိန်းမကို အပြင်လွှတ်ပြီး အသား သွားချေးခိုင်းတယ်။ ဘယ်တော့မှလည်း ပြန်မပေးဘူး။ မိန်းမကို ရိုက်ဖို့ကျတော့ မျက်နှာပြောင်တိုက်လို့။ ရှင့်မှာဖြင့် သူ့ကို ရွေးပြီး အိုစာမင်းစာ လုပ်ကျွေးခိုင်းမလို့ စိတ်ကူးနေတာ နောက်ဆုံးကျတော့ ဘယ်သူက ဘယ်သူ့ကို လုပ်ကျွေးရမလဲ မသိဘူး”

ယီကျုံးဟိုင်သည် မည်သို့မျှ ပြန်မပြောတော့ဘဲ ထမင်းပန်းကန်ကို တွန်းဖယ်လိုက်ကာ အထဲခန်းအတွင်းသို့ ဝင်သွားလေတော့သည်။

ထိုအချိန်တွင် ရှာကျူးသည် အပြင်မှနေ၍ အမှတ်မထင် ပြန်လည်ရောက်ရှိလာပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ထမင်းချိုင့် နှစ်လုံးကို ကိုင်ဆောင်လျက် လမ်းလျှောက်ရင်း သီချင်းလေး တအေးအေး ညည်းလာလေသည်။ သို့သော် ခြံထဲသို့ ဝင်ဝင်ချင်းမှာပင် ကျားမိသားစုအိမ်တွင်းမှ ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရလေသည်။

ရှာကျူး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

“ဒီကျားတုန်းရွှီကတော့ ချင်ကျဲကို ထပ်ရိုက်နေပြန်ပြီ။ ဟွန်း… ချင်ကျဲလို ကောင်းတဲ့ မိန်းမကို နှမြောတွန့်တို ရမှန်းမသိဘဲ ရိုက်တောင် ရိုက်ရက်တယ်”

ထိုသို့ပြောရင်း နားစွင့်ကြည့်လိုက်ရာ အကြောင်းရင်းကို နားလည်သွားပုံရပြီး ထမင်းချိုင့်ကို ထုတ်ကြည့်ကာ အံကြိတ်လျက် ကျားမိသားစုအိမ်ဘက်သို့ လှမ်း၍ အော်လိုက်လေသည်။

“ချင်ကျဲ… ထမင်း စားပြီးပြီလား။ ကျွန်တော် ထမင်းစားဆောင်ကနေ ဟင်းကျန်တွေ ယူလာတာ တစ်ယောက်တည်းလည်း ကုန်အောင် မစားနိုင်လို့။ ပန့်ကန့် စားဖို့ ယူသွားလိုက်ပါဦး။ သူက အခု ကြီးထွားတဲ့ အရွယ်လေ”

ကျားမိသားစုအိမ်တွင်းမှ အသံများ ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။ မကြာမီ တံခါးပွင့်လာပြီး ချင်ဟွိုင်ရူက ခေါင်းငုံ့ကာ လက်တစ်ဖက်ဖြင့် မျက်နှာကို အုပ်လျက် အထဲမှ ထွက်လာခဲ့သည်။

ရှာကျူးသည် ချက်ချင်းပင် အနားသို့ တိုးသွားကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ချင်ကျဲ ဘာဖြစ်တာလဲ။ သူ ချင်ကျဲကို ဘာလို့ ထပ်ရိုက်ပြန်တာလဲ”

ထိုသို့ပြောရင်း မျက်လုံးများ ပြူးကျယ်သွားကာ ဆက်လက် မေးမြန်းသည်။

“ချင်ကျဲ… သူ နင့်ကို ဒီလောက်အထိ ရိုက်လိုက်တာလား”

ချင်ဟွိုင်ရူ၏ မျက်လုံးတစ်ဖက်မှာ ညိုမဲစွဲနေပြီး အခြား ပါးတစ်ဖက်မှာလည်း တော်တော်လေး ဖူးရောင်နေကာ မျက်ရည်ဝဲလျက် မျက်ရည်များပင် ကျလုမတတ် ဖြစ်နေလေသည်။

“တော်ပါတော့ ကျူးဇီ… ဒါ ငါ့အိမ်ကိစ္စပါ။ နင် ဝင်မပါပါနဲ့တော့။ ထမင်းချိုင့် ဘယ်မှာလဲ”

ရှာကျူးက ထမင်းချိုင့်ကို အမြန်ကမ်းပေးလိုက်သည်။

“ချင်ကျဲ… ဒီနေ့ ယန် စက်ရုံမှူးက ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးလို့ ဟင်းအချို့ကျန်တာ ကျွန်တော် အကုန်ယူလာခဲ့တာ။ အထဲမှာ အသားတုံးလေးတွေလည်း ပါသေးတယ်”

ချင်ဟွိုင်ရူက ထမင်းချိုင့်ကို လှမ်းယူလိုက်ပြီး မည်သို့မျှ ထပ်မပြောတော့ဘဲ လှည့်ပြန်သွားတော့သည်။ ရှာကျူးမှာ ထိုနေရာတွင် ရပ်ကြည့်နေဆဲဖြစ်ပြီး ချင်ဟွိုင်ရူ၏ ကျောပြင်ကို ကြည့်ကာ စိတ်ထဲမှနေ၍ မကျေမနပ် တွေးတောနေမိသည်။

“သနားစရာကောင်းတဲ့ ချင်ကျဲ… လူက ဒီလောက်ကောင်းတာကို နှမြောစရာပဲ။ ကျားမိသားစုဆိုတဲ့ ငရဲတွင်းထဲ ကျသွားရတယ်”

ချင်ဟွိုင်ရူ အိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ပန့်ကန့်က ချက်ချင်း ပြေးလာပြီး သူမလက်ထဲမှ ထမင်းချိုင့်ကို လုယူသွားတော့သည်။ ကျားကျန်းရှစ်နှင့် ကျားတုန်းရွှီတို့သည်လည်း အမြန်ပင် အနားသို့ တိုးကပ်လာကြသည်။

သို့သော် မကြာခင်မှာပင် သုံးယောက်စလုံး စိတ်ပျက်သွားကြရလေသည်။ ရှာကျူး ယူလာပေးသော ထမင်းချိုင့်ထဲတွင် အသားပါသော်ငြားလည်း နှစ်တုံးတည်းသာ ဖြစ်နေလေသည်။ သုံးယောက် ခွဲဝေစားရန်ပင် မလောက်ငပေ။

“ဒီရှာကျူးကတော့ တကယ် အသုံးမကျဘူး။ ဟင်းကျန်ယူလာတာ အသားနှစ်တုံးပဲ ပါတယ်။ သွားကြားညှပ်ဖို့တောင် မလောက်ဘူး”

ကျားကျန်းရှစ်က မကျေမနပ် ပြောဆိုလိုက်သည်။ ပန့်ကန့်ကလည်း မိမိရရှိသော အသားတစ်တုံးကို ဗိုက်ထဲသို့ မြိုချလိုက်ပြီးနောက် ထမင်းချိုင့်ကို တွန်းဖယ်ကာ ဆိုသည်။

“သား အသားစားချင်တယ်။ ဘေးအိမ်က အသားကို စားချင်တယ်”

အသား မစားလိုက်ရသော ကျားတုန်းရွှီကမူ ချင်ဟွိုင်ရူအား ရက်စက်စွာ စိုက်ကြည့်ရင်း မေးခွန်းထုတ်လေသည်။

“ချင်ဟွိုင်ရူ နင်ပြောစမ်း… ဒီရှာကျူးက ဘာလို့ ယူလာတဲ့ ဟင်းကျန်တွေကို နင့်ကို ပေးရတာလဲ။ ပြောစမ်း… နင်နဲ့ သူနဲ့ တစ်ခုခု ငြိစွန်းနေတာ မဟုတ်လား”

...............

နောက်ထပ်တစ်ကြိမ် အိမ်တွင်းရေး ဆူညံပွက်လောရိုက်ကာ ကသောင်းကနင်း ဖြစ်သွားရပြန်လေသည်။

ဘေးအိမ်တွင်မူ အခြားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေလေသည်။ ယွီရှို့သည် ထမင်းစားပွဲတွင် ထိုင်လျက် ယန်ချုံးက ချက်ပြုတ်ပြီးသား ဟင်းလျာများကို စားပွဲပေါ်သို့ တစ်ခုပြီးတစ်ခု ချပေးနေသည်ကို ကြည့်ရှုနေသည်။ မွှေးကြိုင်လှသော ပါ့ဇီရို ဝက်သား သုံးထပ်သားတုံးကြီးချက် ဟင်းလျာပင် ဖြစ်သည်။

ငုံးဥနှင့် ငရုတ်ပွစိမ်းများ မပါဝင်သော်ငြားလည်း အသားရှိလျှင်ပင် လုံလောက်လှပြီ ဖြစ်သည်။ နီရဲကာ တောက်ပြောင်နေသော အသားတုံးကြီးများကြောင့် အသား မစားရသည်မှာ ကြာပြီဖြစ်သော ယွီရှို့မှာ သွားရည်များပင် ကျလုမတတ် ဖြစ်နေရလေသည်။

“မြန်မြန်စား အတော်လေး ဆာနေပြီမလား”

ယန်ချုံးက ပါ့ဇီရို အသားဟင်းကို ယွီရှို့၏ အရှေ့တည့်တည့်သို့ ချပေးရင်း ပြောလိုက်သည်။

ယွီရှို့က တူကို ကောက်ကိုင်ကာ အသားတုံးကြီး တစ်တုံးအား ညှပ်ယူလိုက်သော်လည်း မိမိဘာသာ မစားသေးဘဲ ယန်ချုံး၏ ပါးစပ်နားသို့ ပို့ပေးလိုက်သည်။

“အစ်ကို အရင်စားပါ”

ယန်ချုံးသည် အားနာ မနေတော့ဘဲ ပါးစပ်ဟကာ ကိုက်စားလိုက်ပြီးနောက် ပြောလေသည်။

“မင်း အရင်စားနှင့် ငါ ဆန်ပြုတ်ရည် သွားခတ်ပြီး မုန့်ပြား သွားယူလိုက်ဦးမယ်”

မီးဖိုချောင်အတွင်းသို့ ပြန်သွားကာ ဆန်ပြုတ်ရည် နှစ်ပန်းကန်ခတ်၍ ယူလာချိန်တွင်မူ ယွီရှို့မှာ ပါးစပ် ပတ်ပတ်လည်၌ ဆီများ ပေပွနေအောင် အားရပါးရ စားသောက်နေလေပြီ။ စားရင်းဖြင့် ပါးစပ်ထဲတွင်လည်း မပီမသဖြင့် ပြောဆိုနေသေးသည်။

“တကယ် မွှေးတာပဲ။ အစ်ကို… ညီမ ဒီလောက် အရသာရှိတဲ့ အသားမျိုး တစ်ခါမှ မစားဖူးဘူး”

ယန်ချုံးက ပြုံးလျက် ပြောသည်။

“အရသာရှိရင် အများကြီး စား ဒီနေ့ ဝအောင် စား”

ထိုသို့ ပြောဆိုရင်း လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော လာ့မို မုန့်ပြားများကို အတုံးလေးများ လှီးဖြတ်ကာ ယူဆောင်လာခဲ့ပြန်သည်။ ပူပူနွေးနွေးနှင့် အိစက်နေသော မုန့်ပြားသည် မွှေးကြိုင် အီဆိမ့်ပြီး အရသာရှိလှသော ပါ့ဇီရိုနှင့် လိုက်ဖက်လှသည့်အပြင် အထဲတွင်ပါသော မုန်ညင်းဖြူ၌ပင်လျှင် ဟင်းရည်များ စိမ့်ဝင်နေသဖြင့် အထူးပင် မွှေးကြိုင်နေတော့သည်။

အချိန် ခြောက်လခန့် ကောင်းကောင်းမွန်မွန်နှင့် ဝဝလင်လင် မစားခဲ့ရသော ယွီရှို့မှာ တခဏချင်းမှာပင် မည်သည့်အရာကိုမျှ သတိမရနိုင်တော့ဘဲ အားပါးတရ စားသောက်တော့သည်။ သူမ၏ ဗိုက်ထဲသို့ မည်သည့်အရာမျှ ထပ်ထည့်၍ မရတော့ဘဲ ပြည့်အင့်သွားသည့် တိုင်အောင် စားသောက်ပြီးမှသာ လက်ထဲမှ တူကို နှမြောတသဖြစ်စွာဖြင့် ချလိုက်ပြီး ထိုအချိန်မှ ရှက်ကိုးရှက်ကန်းဖြင့် သတိရကာ ဆိုလေသည်။

“အစ်ကို… ညီမ အများကြီး စားမိသွားတာလား။ အစ်ကို ညီမကို စိတ်မပျက်ပါဘူးနော်”

ယန်ချုံးက ပြုံးလိုက်ပြီး လက်ကို ဆန့်ကာ သူမ၏ ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေးရင်း ပြောသည်။

“မင်း ဘယ်လောက်ပဲ စားစား ငါ ကျွေးနိုင်ပါတယ်။ နောက်ဆို ငါ့နောက်လိုက်ခဲ့ရင် မင်းကို လုံးဝ ဗိုက်မဆာစေရဘူး”

All Chapters