အခန်း ၉
Vol. 1 Ch. 9
အခန်း (၉) ခြေထောက်ဆေးပေးခြင်း
ထမင်းစားပြီးနောက် ယန်ချုံးက ပန်းကန်လုံးနှင့် တူများကို သိမ်းဆည်းရန် ပြင်ဆင်လိုက်စဉ် ယွီရှို့သည် ချက်ချင်းပင် ထရပ်လိုက်ပြီး ဆိုသည်။
“အစ်ကို ထိုင်နေပါ။ အစ်ကို အလုပ်လုပ်နေတာ တမနက်ခင်းလုံး ရှိနေပြီဆိုတော့ ညီမ အလုပ်လုပ်ရမဲ့ အလှည့်ရောက်ပြီလေ။ မဟုတ်ရင် အစ်ကို အလိုလိုက်လွန်းလို့ ညီမတော့ အကျင့်ပျက်တော့မယ်”
ထိုသို့ ပြောရင်း ထမင်းစားပွဲပေါ်ရှိ ပန်းကန်များနှင့် တူများကို လျင်မြန်စွာ သိမ်းဆည်း၍ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ မီးဖိုပေါ်ရှိ ဒယ်အိုးထဲတွင် ရေနွေးများ ဆူပွက်နေပြီ ဖြစ်သည်။ ယွီရှို့ကို ကြည့်ရသည်မှာ အိမ်အလုပ်များကို အမြဲတမ်း လုပ်ကိုင်နေကျသူ တစ်ယောက်နှင့် တူလှပေသည်။ သူမက ပန်းကန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆေးကြောပြီး ထမင်းအိုးနှင့် ဟင်းအိုးများကိုလည်း ပြောင်စင်နေအောင် တိုက်ချွတ် ဆေးကြောလိုက်လေသည်။ ထိုနောက် မီးဖိုနှင့် စဉ်းတီတုံးပေါ်တွင်ပင် ဖုန်တစ်စက်မျှ မကျန်ရစ်စေတော့အောင် သန့်ရှင်းရေး ပြုလုပ်လိုက်သည်။
မီးဖိုချောင်ကို ရှင်းလင်းပြီးနောက် သူမက ရေနွေးတစ်ဇလုံကို ရည်ရွယ်ချက်ရှိရှိ သယ်ဆောင်လာခဲ့ပြီး ဆိုလေသည်။
“အစ်ကို… ရာသီဥတုက အေးတယ်။ ရေနွေးနဲ့ ခြေထောက်စိမ်လိုက်ရင် ညဘက် အိပ်ရတာ သက်တောင့်သက်သာ ရှိလိမ့်မယ်”
ထိုသို့ ပြောရင်း ယန်ချုံး၏ ခြေထောက်မှ ဖိနပ်ကို သူမက ကိုယ်တိုင်ကိုယ်ကျ ချွတ်ပေးရန် ပြင်လိုက်သည်။ သို့သော် ယန်ချုံးက သူမအား တားဆီးလိုက်ပြီး မတ်တတ်ရပ်ကာ သူမကို ခုံပေါ်တွင် ထိုင်စေလိုက်သည်။
“ကောင်မလေး.. မင်းအရင်ဆေးလိုက်ပါ”
ထိုသို့ ပြောရင်း ယွီရှို့၏ ဖိနပ်ကို သွားရောက် ချွတ်ပေးလေသည်။ ယွီရှို့၏ မျက်နှာလေးမှာ ချက်ချင်းပင် ရှက်သွေးဖြာကာ နီရဲသွားပြီးနောက် ခြေထောက်ကို အနောက်သို့ အတင်း ဆွဲရုတ်လိုက်ကာ ဆိုလေသည်။
“အစ်ကိုပဲ ဆေးလိုက်ပါ။ ညီမက အခုနက ရေချိုးတုန်းက ဆေးပြီးသွားပြီ”
သို့သော် ယန်ချုံးက သူမ၏ ခြေထောက်လေးကို ဆက်လက် ဆွဲယူကာ ဖိနပ်ကို ချွတ်ပေးလိုက်သည်။ ဖိနပ်ချွတ်လိုက်သည့် အခိုက်အတန့်တွင် သူမ အဘယ်ကြောင့် ရှောင်ဖယ်နေရကြောင်းကို ယန်ချုံး နောက်ဆုံးတော့ နားလည်သွားရလေသည်။
ယွီရှို့၏ ခြေထောက်လေးများပေါ်တွင် အအေးမိပြီး အက်ကွဲနေသော ဒဏ်ရာ အမာရွတ်များ အနှံ့အပြား ရှိနေခြင်းကြောင့် ဖြစ်လေသည်။ လွန်ခဲ့သော ခြောက်လခန့်က ဇာတိရွာမှ ထွက်ခွာလာခဲ့ပြီးကတည်းက လမ်းခရီးတစ်လျှောက် အဆင်ပြေသလို စားသောက် အိပ်စက်ခဲ့ရသည်။ အထူးသဖြင့် ဤဆောင်းရာသီ၏ အအေးဒဏ်တွင် လွင်ပြင်များနှင့် အိမ်ပျက်များထဲ၌ နေထိုင်ခဲ့ရသဖြင့် သူမ၏ ခန္ဓာကိုယ်အနှံ့အပြားတွင် အအေးဒဏ်ကြောင့် ဖြစ်သော ဒဏ်ရာများ ရှိနေခဲ့ခြင်း ဖြစ်သည်။
ယန်ချုံး၏ မျက်ဝန်းများမှာ အနည်းငယ် နီရဲလာလေသည်။ ပိန်ပါးပြီး သေးသွယ်လှသော ဤခန္ဓာကိုယ်လေးသည် မည်မျှ များပြားသော ဆင်းရဲဒုက္ခများကို ခံစားခဲ့ရရှာပါသနည်း။ သူက ယွီရှို့၏ ခြေထောက်ပေါ်ရှိ ဒဏ်ရာများကို ညင်သာစွာ ပွတ်သပ်ရင်း ကြင်နာစွာဖြင့် မေးမြန်းလိုက်သည်။
“နာနေလား.. ရှို့အာ”
ယွီရှို့က သူ၏ပုံစံကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် ဆိုသည်။
“အစ်ကို... ကိစ္စ မရှိပါဘူး။ ညီမ ကျင့်သားရနေပါပြီ။ မနာပါဘူး”
နှုတ်မှသာ မနာဘူးဟု ပြောဆိုနေသော်လည်း ယန်ချုံးက သူမ၏ ခြေထောက်လေးကို ကိုင်ကာ ရေနွေးဇလုံထဲသို့ ညင်သာစွာ ထည့်လိုက်သောအခါ သူမ မသိမသာ တွန့်သွားပြီး ခြေထောက်ကို အနောက်သို့ အနည်းငယ် ပြန်ရုတ်လိုက်မိလေသည်။ ယန်ချုံးက ထိုခြေထောက်လေးကို သနားကြင်နာစွာ ကြည့်ရှုရင်း လက်ဖြင့် ရေနွေးများကို ယူကာ ခြေထောက်ပေါ်သို့ ညင်သာစွာ လောင်းချပေးလိုက်သည်။
သူမ တဖြည်းဖြည်း ကျင့်သားရသွားသည့်အခါမှသာ ခြေထောက်ကို ရေဇလုံထဲသို့ ညင်သာစွာ ထည့်ပေးလိုက်ပြီး အအေးလောင်ထားသော နေရာများကို လက်ချောင်းများဖြင့် ဖြည်းညှင်းစွာ ပွတ်သပ်ပေးလေသည်။
“ကောင်မလေး... နောက်ဆို ညအိပ်ရာ မဝင်ခင် ရေနွေးနဲ့ ခြေထောက်စိမ်ပေးရမယ်။ ဒါမှ အအေးလောင်ထားတဲ့ ဒဏ်ရာတွေ မြန်မြန်ပျောက်မှာ”
ယွီရှို့က “အင်း” ဟု ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ပြည့်လျှံသွားလေသည်။
ထိုခြေထောက်ကို တစ်နာရီကျော်ကြာအောင် ဆေးကြောပေးခဲ့သည်။ ထိုအချိန်အတွင်း ရေအေးသွားလျှင် ရေနွေး ထပ်မံထည့်ကာ ယန်ချုံးကလည်း သူမ၏ အအေးလောင်ထားသော နေရာများကို လက်ချောင်းများဖြင့် မရပ်မနား ညင်သာစွာ ပွတ်သပ်ပေးနေခဲ့သည်။
“နေ့တိုင်း ရေနွေးနဲ့ ကြာကြာလေး စိမ်ပေးရင် မြန်မြန် ပျောက်လိမ့်မယ်”
ယန်ချုံးက ပြောလိုက်သည်။ ယွီရှို့မှာ မည်သည့် စကားမျှ မပြောနိုင်တော့ဘဲ သူ့ကိုသာ မျက်တောင် မခတ်တမ်း စိုက်ကြည့်နေမိတော့သည်။
ယွီရှို့ကို ခြေထောက်ဆေးပေးပြီးနောက် ယန်ချုံး ကိုယ်တိုင်လည်း ခြေထောက်ဆေးလိုက်လေသည်။ တစ်နေကုန် အလုပ်လုပ်ထားရသဖြင့် ရေနွေးစိမ်လိုက်သောအခါ တစ်ကိုယ်လုံး သက်တောင့်သက်သာ ရှိသွားတော့သည်။
ယွီရှို့ကမူ အိပ်ရာကို စောစောစီးစီး ခင်းထားပြီး ကြောင်ပေါက်လေးတစ်ကောင်ပမာ စောင်ထဲတွင် တိတ်ဆိတ်စွာ ဝင်ခွေနေကာ သူ့ကို ကြည့်နေလေသည်။ သူ ခြေထောက်ဆေးပြီး၍ ရေသွန်ကာ အိပ်ရာပေါ်သို့ ပြန်ရောက်လာသောအခါ သူမက ချက်ချင်းပင် လိမ္မာရေးခြားရှိစွာဖြင့် အနားသို့ တိုးကပ်လာပြီး သူ၏ ခန္ဓာကိုယ်ကို တင်းကြပ်စွာ ဖက်တွယ်ထားလိုက်သည်။
“အစ်ကို... လာလေ ညီမ အစ်ကိုရဲ့ အစစ်အမှန် ဇနီးသည် ဖြစ်ချင်ပြီ”
ယွီရှို့က သူ၏ နားရွက်နားသို့ကပ်ကာ တိုးညှင်းစွာ ဆိုလေသည်။ ယန်ချုံးမှာ တုံ့ဆိုင်းမနေခဲ့သလို သူတော်စင်တစ်ပါးအလားလည်း ဟန်ဆောင်မနေတော့ဘဲ ခေါင်းငုံ့၍ ညင်သာစွာ နမ်းရှိုက်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်နှစ်ဖက်ကလည်း ယွီရှို့ ဝတ်ဆင်ထားသော ပွယောင်းယောင်း အပေါ်ဝတ်အင်္ကျီကို ညင်သာစွာ စတင် ချွတ်ပေးလိုက်လေသည်။
ဤသည်ကား မိမိ၏ ဇနီးသည်ပင် မဟုတ်ပါလော။ မည်သို့ ပြုလုပ်သည်ဖြစ်စေ သဘာဝကျပေသည်။ ယွီရှို့၏ ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ် တုန်ရီနေသော်ငြားလည်း သူ၏ လှုပ်ရှားမှုတိုင်းကို နောက်မဆုတ်ဘဲ တုံ့ပြန်ပေးနေခဲ့သည်။ ဤညတွင်ကား မုန်တိုင်းထန်သကဲ့သို့ ကျေးငှက်များ သီကျူးသကဲ့သို့ အချစ်မိုးများ ရွာသွန်းခဲ့ပြီး ခိုင်ရွှေဝါပန်းပွင့်လေးများ မြေပြင်ပေါ်သို့ ကြွေကျသွားခဲ့လေတော့သည်။
နောက်တစ်နေ့တွင် စစ်ဟဲ့ယွမ် တံတိုင်းကာ ခြံဝင်းအတွင်းရှိ အိမ်နီးချင်းများမှာ အံ့သြဖွယ်ရာတစ်ခုကို တွေ့လိုက်ကြရသည်။ သာမန်ရက်များတွင် ကြက်မတွန်မှီ စောစောထတတ်သော ယန်ချုံးတစ်ယောက် ယနေ့တွင်မူ နေထွက်လာသည့်တိုင်အောင် တံခါး မဖွင့်သေးပေ။
“ဒီကလေး မနေ့ညက အရမ်း ပင်ပန်းသွားလို့ ထမလာနိုင်တာ သေချာတယ်”
ဦးလေးဝမ်က ဒေါ်လေးဝမ်ကို ပြုံးကာ ပြောလိုက်သည်။ ဒေါ်လေးဝမ်က ရယ်မောလိုက်ပြီး ဆိုသည်။
“သူများကို သွားရယ်နေသေးတယ်။ ရှင့်တုန်းကလည်း သူများထက် သိပ်မသာပါဘူးနော်”
တံခါးပေါက်မှ ယခုလေးတင် ထွက်လာသော ကျားကျန်းရှစ်က ထိုစကားကို ကြားလိုက်ရသဖြင့် ခေါင်းလှည့်ကာ ယန်ချုံး၏ တံခါးဝဆီသို့ အားရပါးရ တံတွေးထွေးရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ကျွီကနဲ အသံနှင့်အတူ တံခါးပွင့်သွားပြီး ယန်ချုံး အထဲမှ ထွက်လာလေသည်။
ကျားကျန်းရှစ်မှာ ထွေးထုတ်တော့မည့် သလိပ်ကို ပြန်မျိုချရန် အချိန်မမှီတော့သဖြင့် ခေါင်းကို အမြန် ငုံ့ချလိုက်ရသည်။
“ဖတ်”
ပျစ်ချွဲနေသော သလိပ်က ဘေးသို့ မချော်သွားဘဲ သူမ၏ ခြေထောက်ပေါ်ရှိ ချည်ဖိနပ်ပေါ်သို့ ကွက်တိ ကျသွားလေတော့သည်။ ကျားကျန်းရှစ်မှာ ပြာပြာသလဲဖြင့် အမြန်ထိုင်ချကာ လက်ဖြင့် သုတ်ပစ်လိုက်သည်။ သို့သော် ဖိနပ်က မပြောင်သွားသည့်အပြင် လက်မှာပါ ပေပွသွားရလေသည်။
ဒေါ်လေးဝမ်တို့ လင်မယားမှာ အကြောင်းအရင်းကို နားမလည်နိုင်ဘဲ သူမကို အံ့အားသင့်စွာ ကြည့်ရှုနေကြသည်။ ယန်ချုံးကမူ ကျားကျန်းရှစ်အား တစ်ချက်လေးပင် မကြည့်ဘဲ ဒေါ်လေးဝမ်နှင့် ဦးလေးဝမ်တို့ကို ပြုံးကာ နှုတ်ဆက်လိုက်သည်။
“ဒေါ်လေး နံနက်ခင်းပါ။ ဦးလေး နံနက်ခင်းပါ”
ဒေါ်လေးဝမ်က ပြုံးကာ ခေါင်းညိတ်ပြပြီး သူ၏ အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
“ရှို့အာရော မထသေးဘူးလား။ သူ့ကို နည်းနည်း ထပ်အိပ်ခိုင်းလိုက်ပါဦး။ သေချာလေး အနားယူပါစေ”
စကားပင် မဆုံးသေးမှီ ယွီရှို့က အထဲမှ ထွက်လာခဲ့သည်။
“ဒေါ်လေး နံနက်ခင်းပါ။ ဦးလေး နံနက်ခင်းပါ”
ဒေါ်လေးဝမ်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
“ဘာလို့ နည်းနည်းလောက် ထပ်မအိပ်တာလဲ။ ဘာလို့ ဒီလောက်စောစော ထလာတာလဲ”
ယွီရှို့က ပြုံးကာ ပြန်ဖြေသည်။
“ရပါတယ် ဒေါ်လေး… သမီး စောစောကတည်းက နိုးနေတာပါ။ ခြံထဲမှာ စကားပြောသံ ကြားလိုက်တော့ ထပ်အိပ်လို့ မရတော့လို့ပါ”
သူမသည် စောစောကတည်းက နိုးနေခဲ့သော်လည်း စောင်ထဲတွင် ယန်ချုံးကို ကြည့်ကာ မထချင်ဘဲ နေနေခဲ့ခြင်းသာ ဖြစ်ပေသည်။ လမ်းဘေးတွင် ဤမျှကြာအောင် လေလွင့်နေခဲ့ရပြီးနောက် ဤသို့ နွေးထွေးသော အိပ်ရာလေးနှင့် ဘေးနားတွင် အားကိုးရသူ ရှိနေခြင်းသည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ယန်ချုံးကသာ အတင်း မနှိုးလျှင် သူမ တစ်နေကုန် အိပ်ချင်နေမိတော့မည်။
ယန်ချုံးက ယနေ့ သူမကို ရပ်ကွက်ရုံး၌ ထောက်ခံစာ သွားယူပြီး လက်ထပ်စာရင်း သွားသွင်းမည်ဟု ပြောဆိုသောကြောင့်သာ သူမ ထလာခဲ့ခြင်း ဖြစ်လေသည်။ စောင်ထဲတွင် အိပ်ရသည်မှာ သက်တောင့်သက်သာ ရှိလှသော်လည်း အစ်ကိုချုံးနှင့် လက်ထပ်စာချုပ် သွားလုပ်ရမည်ဆိုသည့် အသိနှင့် နောက်ဆိုလျှင် အစ်ကိုချုံး၏ ဇနီးသည် ဖြစ်လာတော့မည် ဆိုသည့်အချက်က ပို၍ အရေးကြီးကြောင်း သူမ သိရှိ နားလည်ထားသည်။
ဒေါ်လေးဝမ်က ယွီရှို့၏ လက်ကို ပြုံးရွှင်စွာ ဆွဲကိုင်ရင်း ဆိုသည်။
“သိပ်လှတဲ့ ကောင်မလေးပဲ။ ချုံးဇီတော့ ဒီတစ်ခါ ရတနာလေး ကောက်ရတာပဲ။ ရှို့အာ… ထမင်း မစားရသေးဘူးမလား။ လာ… ဒေါ်လေးတို့ အခန်းထဲ သွားစားရအောင်”
ယန်ချုံးက ပြောလိုက်သည်။
“မစားတော့ဘူး ဒေါ်လေး… ဒေါ်လေးနဲ့ ဦးလေးပဲ စားကြပါတော့။ ကျွန်တော်တို့ ရပ်ကွက်ရုံးသွားပြီး ထောက်ခံစာ သွားယူရဦးမယ်။ နောက်ကျသွားရင် ကိစ္စတွေ ကြန့်ကြာသွားမှာ စိုးလို့ပါ”
ဒေါ်လေးဝမ်က ကြားသည်နှင့် ချက်ချင်းဆိုလေသည်။
“ထောက်ခံစာ သွားယူမလို့လား။ ဒါက အရေးကြီးတဲ့ ကိစ္စပဲ။ အချိန်ဆွဲနေလို့ မဖြစ်ဘူး။ ဒါဆို မြန်မြန် သွားကြတော့။ ထောက်ခံစာ စောစောရရင် စောစော စာရင်းသွားသွင်းလို့ရတယ်။ လာမဲ့နှစ်ဆိုရင် ဖိုင့်ဖိုင့်ဝဝ သားလေးတစ်ယောက် စောစော ချီရတာပေါ့”
ယွီရှို့မှာ မျက်နှာလေး နီရဲသွားပြီး ယန်ချုံးက သူမ၏ လက်ကိုဆွဲကာ နှုတ်ဆက် ထွက်ခွာခဲ့လေသည်။
“ဒါဆို ဒေါ်လေး… ကျွန်တော်တို့ အရင်သွားလိုက်ပါဦးမယ်”
သူတို့နှစ်ဦး စစ်ဟဲ့ယွမ်ထဲမှ ထွက်လာခဲ့ကြသော်လည်း ယန်ချုံးက ရပ်ကွက် ကော်မတီရုံးသို့ အရင် မသွားသေးဘဲ ယွီရှို့ကို ဆွဲကာ လမ်းဘေးရှိ နံနက်စာရောင်းသည့် ဆိုင်ဆီသို့ ဦးတည်သွားလေသည်။ ဤနှစ်များတွင် ကုန်ပစ္စည်းများ ရှားပါးနေသော်ငြား မြို့ဟောင်း၏ နံနက်စာများကတော့ စုံလင် ပေါများနေဆဲ ဖြစ်ပေသည်။
ပဲနို့ချဉ်နှင့် မုန့်ကြွပ်ကွင်း၊ ပဲနို့နှင့် ဆီကြော်မုန့်၊ ချဉ်ဖတ်၊ အသည်းကြော်၊ ဂျုံမှုန့်ဖျော်၊ သိုးကလီစာ ဟင်းချို၊ ကော်ပြန့်ကြော်၊ ဝက်ကလီစာ မုန့်ပေါင်းအစပ် စသည်ဖြင့် အစုံအလင် ရှိနေလေသည်။ သို့သော် နံနက်စာ လာရောက်စားသုံးသူ သိပ်မများလှပေ။ ရာသီဥတုက အနည်းငယ် အေးသဖြင့် နံနက်စာ စားနေသူများမှာလည်း လည်ပင်းကို ပခုံးထဲ ကျုံ့ထားကြရသည်။
“ရှို့အာ... ဘာစားမလဲ”
ယန်ချုံးက မေးလိုက်သည်။ ယွီရှို့က ဟိုဟာကို ကြည့်လိုက် ဒီဟာကို ကြည့်လိုက်နှင့် သွားရည်ပင် ကျလာတော့မည်။ သို့သော် ခေါင်းကို ခါယမ်းကာ ပြောဆိုလိုက်သည်။
“အစ်ကို… ပိုက်ဆံတွေ အလဟဿ မဖြုန်းပါနဲ့တော့။ နံနက်စာ မစားလည်း ရပါတယ်။ ညီမတို့ ထောက်ခံစာ သွားယူရအောင်ပါ”
ယန်ချုံးက ခေါင်းခါလိုက်ပြီး ဆိုလေသည်။
“ထောက်ခံစာကတော့ သွားယူရမှာပေါ့။ ဒါပေမဲ့ နံနက်စာလည်း မဖြစ်မနေ စားရမယ်။ မဟုတ်ရင် ခဏနေ ရပ်ကွက်ရုံးရောက်လို့ ထောက်ခံစာ လုပ်နေတုန်း မင်း ဗိုက်ထဲက တဂွီဂွီ မြည်လာရင် သူများတွေက ငါ့ကို မိန်းမယူထားပြီး မိန်းမကို ထမင်းတောင် မကျွေးဘူး။ ကြည့်စမ်း… မိန်းမကို ဘယ်လောက်တောင် ငတ်ပြတ်ထားလဲ ဆိုပြီး အပြောခံရမှာပေါ့”
ယွီရှို့မှာ သူ နောက်ပြောင်နေသောကြောင့် 'ဖူး' ခနဲ ရယ်မောလိုက်မိသည်။
ယန်ချုံးက သူမအား ထပ်မံ မမေးတော့ဘဲ ဘေးနားရှိ ဝက်ကလီစာ မုန့်ပေါင်းဆိုင်သို့ တန်းသွားကာ မှာကြားလိုက်လေသည်။
“သူဌေး… ဝက်ကလီစာ မုန့်ပေါင်း နှစ်ပွဲပေးပါ။ ဝက်အူမကြီး နည်းနည်း ပိုထည့်ပေးပါ”