← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀ - ရှာကျူးဆိုတာ မျက်နှာလိုမျက်နှာရ အောက်ကျို့တဲ့သူပါပဲ

သူတို့နှစ်ဦး ဝက်ကလီစာ စွပ်ပြုတ် တစ်ယောက် တစ်ပန်းကန်စီ စားသုံးလိုက်ကြပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားကြလေသည်။ အထူးသဖြင့် ယွီရှို့ဆိုလျှင် မျက်နှာလေး နီရဲလာပြီး ချွေးများပင် ထွက်လာသည်။ ယန်ချုံးက မေးလိုက်သည်။

“ဗိုက်ဝပြီလား။ မဝသေးရင် သိုးကလီစာ စွပ်ပြုတ် တစ်ပန်းကန် ထပ်မှာစားကြမလား”

ယွီရှို့က ခေါင်းကို ခပ်သွက်သွက် ခါယမ်းလျက် ဆိုသည်။

“ဝပါပြီ ဝပါပြီ အစ်ကို။ မလိုတော့ပါဘူး ပိုက်ဆံ ချွေတာရအောင်ပါ။ ညီမ ဘာမှ မလိုချင်တော့ဘူး”

ထိုအခါမှ ယန်ချုံးလည်း မတ်တတ်ရပ်ကာ ပိုက်ဆံရှင်းလိုက်သည်။ ဤခေတ်က ဝက်ကလီစာ စွပ်ပြုတ်မှာ နောင်ခေတ်များထက်စာလျှင် အများကြီး ဈေးသက်သာပေသည်။ နှစ်ယောက်စလုံးမှ တစ်ယောက် တစ်ပန်းကန် အကြီးကြီးကို စုစုပေါင်း ၄ မို ၈ ပြား နှင့် ရိက္ခာလက်မှတ် ၄ လျန်သာ ကျသင့်သည်။

ပိုက်ဆံရှင်းနေစဉ် ယန်ချုံးက သူ၏ စနစ်ပြကွက်ပေါ်တွင် အနီရောင် အစက်လေး လင်းလက်လာသည်ကို သတိထားမိလိုက်လေသည်။ ၎င်းမှာ သူ့ထံတွင် မှတ်တမ်းတင် ပြုလုပ်ရန် အခွင့်အရေး တစ်ကြိမ် ရှိနေကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ ကြည့်ရသည်မှာ မှတ်တမ်းတင်ခြင်း အခွင့်အရေးမှာ နေ့စဉ် တစ်ကြိမ် ရရှိပုံပေါ်သည်။ ယန်ချုံးလည်း မှတ်တမ်းတင်ခြင်းကို အလွယ်တကူ နှိပ်လိုက်လေသည်။

“ဒင်… မှတ်တမ်းတင် လုပ်ခြင်းမှ ဆုလာဘ်များအဖြစ် စက်ဘီးဝယ်ယူခွင့် လက်မှတ် တစ်စောင်၊ အပ်ချုပ်စက်ဝယ်ယူခွင့် လက်မှတ် တစ်စောင်၊ ငွေသား (၁၀) ယွမ် နှင့် အထူး အအေးလောင်ပျောက်ဆေး တစ်တောင့် ရရှိပါသည်”

ဟိုး... စက်ဘီးဝယ်ယူခွင့် လက်မှတ်၊ အပ်ချုပ်စက်ဝယ်ယူခွင့် လက်မှတ်၊ ၎င်းတို့မှာ ပစ္စည်းကောင်းများပင် ဖြစ်သည်။ ဤခေတ် ဤအခါ၌ အဆက်အသွယ် မရှိလျှင် လုံးဝ ရှာဖွေ၍ မရနိုင်သော အရာများဖြစ်သည်။ ဤ ငွေသား (၁၀) ယွမ်မှာကား အနည်းငယ် နည်းပါးသလို ထင်ရသည်။ အဘယ်ကြောင့်ဆိုသော် စက်ဘီးလက်မှတ်ရှိလျှင်တောင်မှ စက်ဘီးတစ်စီးဝယ်ရန် ယွမ် တစ်ရာ၊ နှစ်ရာခန့်တော့ ကုန်ကျမည်ဖြစ်၍ပင်။

သို့သော် ပြန်လည် တွေးတောကြည့်လျှင် ဤ ၁၀ ယွမ် ဆိုသည်မှာ ဤခေတ်၌ မိသားစုတစ်စု၏ တစ်လစာ အသုံးစရိတ်ဖြစ်နေပြီဖြစ်ရာ နည်းလှသည်ဟုတော့ မဆိုသာချေ။ ကြည့်ရသည်မှာ ဤစက်ဘီးလက်မှတ်ကို လောလောဆယ် အသုံးပြု၍ ရဦးမည် မဟုတ်ပေ။ သိမ်းဆည်းထား ရအုံးပေမည်။ နောင်တွင် အသုံးပြုရန် အခွင့်အရေး ရှိလာမည် ဖြစ်သည်။ ထို့အပြင် ဤအအေးလောင် ပျောက်ဆေးမှာ ယွီရှို့အတွက် သီးသန့် ပေးသနားထား သကဲ့သို့ပင် ဖြစ်သည်။ အအေးလောင်ထားသော သူမ၏ ခြေထောက်၌ လိမ်းပေးရန် အကွက်တိပင် ဖြစ်လေသည်။

ယန်ချုံးသည် ထမင်းဖိုး ရှင်းလင်းပြီးနောက် ယွီရှို့ကိုခေါ်ကာ ရပ်ကွက်ရုံးဘက်သို့ ထွက်လာခဲ့လေသည်။ တံခါးဝသို့ အဝင်တွင် တစ်ခုခုကို သတိရသွားပြီး ယွီရှို့ကို ဆွဲကာ ပြန်ထွက်လာခဲ့သည်။

“ဘာဖြစ်လို့လဲ အစ်ကို။ ရောက်ပြီလေ ဘာလို့ ပြန်ထွက်လာတာလဲ”

ယွီရှို့က သံသယဖြစ်ကာ စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

ယန်ချုံးက ဘာမှ ပြန်မပြောဘဲ သူမအား ထားရစ်ခဲ့ကာ ဘေးနားရှိ ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားလေသည်။ ယွီရှို့မှာ စိတ်ထဲတွင် အလွန် စိုးရိမ်သွားရသော်လည်း ထပ်မံ၍ မမေးရဲပေ။ သိပ်မကြာမီမှာပင် ယန်ချုံး ပြန်ထွက်လာပြီး သူ၏ လက်ထဲတွင် သကြားလုံးတစ်ထုပ် ပါလာလေသည်။

အမှန်တကယ်တော့ သူ စောစောက သတိရသွားသည်မှာ နောင်ခေတ်များတွင် လူများ လက်ထပ်စာရင်းသွင်းကြသည့်အခါ စာရင်းသွင်းပေးသော ဝန်ထမ်းများအား သကြားလုံးအချို့ လက်ဆောင်ပေးလေ့ရှိသည်ကို ဖြစ်လေသည်။ တစ်ချက်က ဆက်ဆံရေးကောင်းမွန်အောင်နှင့် အလုပ်လုပ်ရ လွယ်ကူစေရန်ဖြစ်ပြီး နောက်တစ်ချက်မှာကား ပျော်ရွှင်ချိုမြိန်မှုများကို မျှဝေသည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။ ဤခေတ်တွင် ဤသို့ပြုလုပ်ရန် လိုမလို မသိရသော်ငြား ကြိုတင် ပြင်ဆင်သွားသည်က ပိုမို၍ ကောင်းမွန်ပေသည်။

“ဒါတွေ ဝယ်ပြီး ဘာလုပ်မလို့လဲ။ ပိုက်ဆံတွေ ဖြုန်းနေပြန်ပြီ”

ယွီရှို့က နားမလည်နိုင်စွာဖြင့် မေးသည် ။ ယန်ချုံးက ဘာမှ မပြောဘဲ သကြားလုံး တစ်လုံးကို အခွံနွှာကာ သူမ၏ ပါးစပ်ထဲသို့ တိုက်ရိုက် ခွံ့ကျွေးလိုက်ပြီး ကျန်သည်များကိုတော့ သူ၏ အိတ်ကပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။

ရပ်ကွက်ရုံးသို့ ရောက်သောအခါ ရပ်ကွက်ကော်မတီမှ အဒေါ်ကြီးလီသည် မိဘမဲ့ဖြစ်နေသော ယန်ချုံးအား အတော်လေး မှတ်မိနေလေသည်။ ယခုလည်း သူ့ထံမှ သကြားလုံး တစ်ဆုပ်ရလိုက်သောအခါ ဝမ်းသာလွန်း၍ မျက်လုံးများပင် မှိတ်သွားသည်အထိ ပြုံးရယ်နေလျက် ဆိုသည်။

“ကောင်းတယ် ကောင်းတယ်။ ချုံးဇီက ကလေးလိမ္မာလေးပဲ။ ဒီကောင်မလေးကလည်း အရမ်း လှတာပဲ။ မင်းတို့နှစ်ယောက် နောင်ကြရင် ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်မှာ သေချာတယ်”

ထိုသို့ ပြောဆိုရင်း ထောက်ခံစာ တစ်စောင်ကို သွက်သွက်လက်လက် ရေးပေးလိုက်လေသည်။

ရပ်ကွက်ထောက်ခံစာ ရရှိသွားသောအခါ ကျန်ကိစ္စများမှာ ပို၍ လွယ်ကူသွားလေပြီ။ ရှေးဦးစွာ နိုင်ငံတော်ပိုင် ဓာတ်ပုံတိုက်သို့သွားကာ တွဲလျက် ဓာတ်ပုံတစ်ပုံ ရိုက်ကူးကြသည်။ ယန်ချုံးက ဓာတ်ပုံဆရာအား သကြားလုံးတစ်ဆုပ် ပေးကမ်းလိုက်ရာ ဓာတ်ပုံဆရာကလည်း တခဏလေးအတွင်း ဓာတ်ပုံကူးပေးလိုက်သည်။ ဆက်လက်၍ မှတ်ပုံတင်ရုံးသို့ သွားရာတွင် ပို၍ပင် မြန်ဆန်သေးသည်။ ဆယ်မိနစ်ပင် မကြာလိုက်ဘဲ သူတို့နှစ်ဦး ရုံးထဲမှ ပြန်လည် ထွက်ခွာလာခဲ့ကြပြီး လက်ထဲတွင်မူ သူတို့နှစ်ဦး၏ နာမည်ရေးသားထားသော လက်ထပ်စာချုပ် တစ်စောင် ပါလာလေသည်။

ရုံးထဲမှ ထွက်လာကတည်းက ယွီရှို့တစ်ယောက် ထိုလက်ထပ်စာချုပ်ကို ကိုင်ဆောင်၍ တစ်ချိန်လုံး ပြုံးဖြီးနေတော့သည်။ ခြောက်လခန့် လေလွင့်နေခဲ့ရပြီးနောက် နောက်ဆုံးတော့ ကိုယ်ပိုင်အိမ်လေးတစ်လုံး ရရှိပြီဖြစ်၍ ယွီရှို့၏ ရင်ထဲတွင် အလွန် ကြည်နူးနေရသည်။ အထူးသဖြင့် အစ်ကိုချုံးက သူမအား ဤမျှလောက်ပင် ဂရုစိုက် ကြင်နာယုယ ပေးနေသည်ဖြစ်ရာ သူမ အိပ်မက် မက်လျှင်တောင် ပြုံး၍ နိုးလာနိုင်လောက်လေသည်။

“ကဲပါ တော်ပါတော့။ လမ်းပေါ်က လူတွေအကုန်လုံး မင်းကိုပဲ ကြည့်နေကြပြီ”

ယန်ချုံးက ပြောလိုက်သည်။ ထိုအခါမှ ယွီရှို့ သတိထားမိသွားပြီး ဘေးနားရှိ လူများက သူမအား ကြည့်ရှုနေကြသဖြင့် မျက်နှာလေး နီရဲသွားကာ လက်ထပ်စာချုပ်ကို ကမန်းကတန်း သိမ်းဆည်းလိုက်လေသည်။ ထိုနောက် ယန်ချုံး၏ လက်မောင်းကို ဖက်တွယ်လိုက်ပြီး ဆိုသည်။

“အစ်ကို… အခု ကျွန်မတို့ ဘယ်သွားကြမလဲ။ အိမ်ပြန်ရအောင်လေ”

ယန်ချုံးက ခေါင်းခါလျက် ဆိုသည်။

“အိမ်ပြန်စရာ မလိုသေးပါဘူး။ နေ့လယ် ရောက်နေပြီလေ ထမင်းစားရမဲ့ အချိန်ရောက်ပြီ”

ယွီရှို့က အံ့ဩသွားကာ မေးမြန်းသည်။

“ထပ်စားဦးမလို့လား။ အခုလေးတင် စားလာတာလေ။ ဘာလို့ ထပ်စားမှာလဲ”

ယန်ချုံးက ပြန်ပြောသည်။

“အခုနက စားခဲ့တာက မနက်စာလေ။ အခုက နေ့လယ်စာ။ လာ… ငါတို့ ဘဲကင် သွားစားကြမယ်”

ယနေ့မှာ လက်ထပ်စာရင်းသွင်းသည့် နေ့ကောင်းရက်မြတ်ဖြစ်၍ ကောင်းကောင်းမွန်မွန်တော့ စားသောက်ရမည်သာ ဖြစ်သည်။ ချွမ်ကျွီးတယ် ဘဲကင်ကို စီစဉ်ရမည်။ ယန်ချုံးက ယွီရှို့ကို ဆွဲကာ ချွမ်ကျွီးတယ်သို့ သွားရောက်ပြီး ဘဲကင်တစ်ကောင် မှာယူလိုက်လေသည်။ ချွမ်ကျွီးတယ် ဘဲကင်မှာ အမြဲတမ်း ဈေးကြီးလှသည်။ ဤခေတ်တွင်တောင်မှ အခြားအရာများထက် အများကြီး ပို၍ ဈေးကြီးပေသည်။

နံနက်က ဝက်ကလီစာ စွပ်ပြုတ် စားသုံးစဉ်က နှစ်ယောက်ပေါင်းမှ ၇ မို ၈ ပြားသာ ကုန်ကျခဲ့သော်လည်း ယခု ဘဲကင်တစ်နပ်အတွက်မူ ယန်ချုံးမှာ ၇ ယွမ် ၅ မို နှင့် ရိက္ခာလက်မှတ် ဂျင်ဝက် အထိ ကုန်ကျသွားခဲ့ရလေသည်။ ချွမ်ကျွီးတယ် ဆိုင်ထဲမှ ထွက်လာစဉ် ယွီရှို့က နှမြောတသစွာဖြင့် ဆိုသည်။

“အစ်ကိုရယ်… ဒီဘဲကင်က အရမ်း ဈေးကြီးတာပဲ။ နောက်ဆို ကျွန်မတို့ ဘယ်တော့မှ မစားတော့ဘူးနော်”

ယန်ချုံးက သူမ၏ နှာခေါင်းလေးကို လက်ညှိုးဖြင့် ပွတ်ဆွဲလိုက်ပြီး မေးလိုက်သည်။

“အခုနက စားနေတုန်းကကျတော့ ဘာလို့ မစားတော့ဘူးလို့ မပြောတာလဲ”

ယွီရှို့က ရှက်ကိုးရှက်ကန်းဖြင့် တဟီးဟီး ရယ်မောလိုက်ကာ တိုးတိုးလေး ပြန်ဖြေသည်။

“အရမ်း စားလို့ကောင်းနေတာကိုး။ ဆိုင်ထဲ စဝင်တုန်းကတော့ မစားတော့ဘူးလို့ ပြောမလို့ပဲ။ ဒါပေမဲ့ တစ်လုတ်လောက် စားမိသွားတော့ ရပ်လို့မရတော့ဘူး”

ယန်ချုံးက ပြောလိုက်သည်။

“စားလို့ကောင်းရင် စားပေါ့။ နောက်လည်း ဒီကို လာစားကြတာပေါ့”

ယွီရှို့က လန့်သွားပြီး ဆိုလေသည်။

“ထပ်လာဦးမလို့လား။ အစ်ကိုရယ်… ဘဲကင်တစ်ကောင်ကို ၇ ယွမ် ၅ မို တောင် ပေးရတာ။ အရမ်း ဈေးကြီးတယ်။ ဝက်ကလီစာ စွပ်ပြုတ်ဆိုရင် အခါပေါင်းများစွာ စားလို့ရတယ်။ ပြီးတော့ ဒီလို နှစ်နပ်လောက် စားဖို့ဆိုရင် အစ်ကို အထုပ်ကြီးတွေ ဘယ်လောက်တောင် ထမ်းမှ ပိုက်ဆံရမှာလဲ”

ယန်ချုံးက ပြန်ပြောလိုက်သည်။

“နောက်ဆိုရင် မင်း စားချင်တာကိုသာ စား။ မင်းရဲ့ခန္ဓာကိုယ် ကျန်းမာရေး ပြန်ကောင်းလာအောင် အမြန်လုပ်။ ပိုက်ဆံရှာဖို့ ကိစ္စကို ငါ့ဆီသာ လွှဲထားလိုက်။ မင်း ဘာမှ ဝင်ပူမနေနဲ့”

ယွီရှို့က ခေါင်းခါလျက် ဆိုသည်။

“မရပါဘူး အစ်ကိုရယ်။ ကျွန်မ တစ်ကိုယ်ကောင်းဆန်ပြီး အစ်ကို့ကို ဒုက္ခ မခံခိုင်းနိုင်ပါဘူး။ နောက်ဆို ကျွန်မလည်း အလုပ်ထွက်ရှာမယ်။ ကျွန်မလည်း အလုပ်လုပ်ပြီး ပိုက်ဆံရှာနိုင်ပါတယ်။ ကျွန်မတို့ မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးကို အစ်ကိုတစ်ယောက်တည်းအပေါ် ဖိချထားလို့ မဖြစ်ဘူးလေ”

ယန်ချုံးက သူမ၏ လေးနက်နေသော မျက်လုံးများကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

“မလိုပါဘူး။ ယောက်ျားတစ်ယောက်က ပိုက်ဆံရှာပြီး မိသားစုကို ရှာဖွေကျွေးမွေးရတာ ဓမ္မတာပဲလေ။ ငါက မင်းရဲ့ ယောက်ျားဖြစ်နေမှတော့ မင်းကို ဆင်းရဲဒုက္ခ မခံခိုင်းနိုင်ဘူး။ နောက်ဆို မင်း ဘာစားချင် စားချင် ငါ့ကိုပြော … ငါ ဝယ်ကျွေးမယ်။ ဒါပေမဲ့ တစ်ချက်တော့ မှတ်ထား … ဘာအကောင်းစားတွေ စားစား ခြံဝင်းထဲက လူတွေကို ပေးမသိစေနဲ့။ တချို့လူတွေက စိတ်သဘောထား အရမ်းယုတ်မာတယ်။ သူတို့သာ သိသွားရင် ငါတို့ကို ပြဿနာရှာကြလိမ့်မယ်”

ယွီရှို့က ခေါင်းညိတ်ကာ ဆိုသည်။

“ကျွန်မ သိပါတယ် အစ်ကို။ ဘေးအိမ်က ခွေးမအိုကြီးလိုမျိုးပေါ့။ စိတ်သဘောထား အရမ်းယုတ်မာပြီး ကျွန်မတို့ကို အမြဲတမ်း အနိုင်ကျင့်ချင်နေတာ”

ယန်ချုံးက ဆက်လက် ပြောဆိုလိုက်သည်။

“သူတင် မကပါဘူး။ ခြံဝင်းထဲမှာ တိရစ္ဆာန်တွေ အများကြီးရှိသေးတယ်။ မနေ့က စီမံခန့်ခွဲတဲ့ ယီတာ့ယဲ့ လိုမျိုးပေါ့။ ပုံမှန်ဆိုရင် လူကြီးလူကောင်းယောင်ဆောင်ပြီး နေရာတကာ တရားမျှတအောင် လုပ်ပေးနေသလိုနဲ့ တကယ်တမ်းကျတော့ စိတ်ထဲမှာ အရမ်း တစ်ကိုယ်ကောင်းဆန်တာ...”

“ပြီးတော့ နောက်ဖေးခြံဝင်းထဲက အာ့တာ့ယဲ့လေ။ အရာရှိဖြစ်မဲ့ ကံမပါဘဲနဲ့ အရာရှိ လုပ်ချင်နေတယ်။ ဉာဏ်က မမှီဘဲနဲ့ နေရာတကာ ဝင်ပါချင်လွန်းလို့ အမြဲတမ်း သူများ အသုံးချတာ ခံရတယ်”

“နောက်ဖေးခြံဝင်းထဲမှာ ရွှီတာ့မောက် ဆိုတာ ရှိသေးတယ်။ အဲဒီကောင်က ကောက်ကျစ်စဉ်းလဲတယ်။ အထူးသဖြင့် မိန်းမလှလေးတွေ၊ ဇနီးသည်ချောချောလေးတွေ တွေ့ရင် အမြဲတမ်း အခွင့်အရေးယူချင်နေတာ။ နောက်ဆို မင်း သူ့ကိုတွေ့ရင် ခပ်ဝေးဝေးကနေ ရှောင်”

“ပြီးတော့ ရှာကျူးလေ။ သူကတော့ မျက်နှာလို မျက်နှာရ အောက်ကျို့တဲ့ သူပါပဲ။ ကိုယ်တိုင်ရှာနိုင်တဲ့ ပိုက်ဆံက မနည်းဘူး။ ဒါပေမဲ့ ကိုယ့်အတွက် မိန်းမရအောင် မကြိုးစားဘဲ ကျားတုန်းရွှီရဲ့ မိန်းမကိုပဲ တစ်နေ့ကုန် တွေးတော ပူပန်နေတာ...”

“ရှေ့ဘက်ခြံဝင်းထဲက စန်းတာ့ယဲ့ လောင်ယန်လည်း ရှိသေးတယ်။ တစ်နေ့ကုန် ဟိုဟာတွက်၊ ဒီဟာတွက်နဲ့ အမြဲတမ်း အမြတ်လေး နည်းနည်းရဖို့ ချောင်းနေတာ”

…………..

“အစ်ကို... ဒါဆို အခု ကျွန်မတို့ ဘယ်သွားကြမလဲ။ အိမ်ပြန်ကြတော့မလား”

ယွီရှို့က မေးသည်။ ယန်ချုံးက ခေါင်းခါလျက် ဖြေကြားလိုက်သည်။

“မပြန်သေးဘူး။ မင်းအတွက် အဝတ်အစား သွားချုပ်ကြမယ်”

All Chapters