← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အခန်း (၁၁) အရောင်းဝန်ထမ်းများကို မရိုက်နှက်ရ

လွန်ခဲ့သော အချိန်ပိုင်းလေးဆီက ပျော်ရွှင် ကြည်နူးမှုများအကြားတွင် သူတို့နှစ်ဦးစလုံး အချက်တစ်ချက်ကို သတိလွတ်သွားခဲ့ကြသည်။ ယွီရှို့ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည်က ယန်ချုံး၏ အင်္ကျီအဟောင်းကြီးဖြစ်ပြီး သူမ၏ ကိုယ်လုံးလေးနှင့် မလိုက်ဖက်အောင် ပွယောင်းယောင်းကြီး ဖြစ်နေခြင်းပင် ဖြစ်သည်။

အထဲတွင် ဂွမ်းထည့်ခံထားသဖြင့် သိပ်မချမ်းလှသော်လည်း ယနေ့သည်ကား သူတို့နှစ်ဦး၏ ဘဝသစ်ကို အစပြုမည့် လက်ထပ်မှတ်ပုံတင်သည့် နေ့ထူးနေ့မြတ်ကြီး ဖြစ်လေသည်။ ဇနီးသည်လေးအဖြစ် စတင် ခြေလှမ်းရသည့် ပထမဆုံးနေ့ရက်တွင် သူ့အင်္ကျီအဟောင်းကြီးကို တစ်ချိန်လုံး ဝတ်ဆင်ထားရသည်မျိုးကို ယန်ချုံး လုံးဝ မဖြစ်စေချင်ပေ။

ယွီရှို့မှာမူ ထိုစကားကို ကြားလိုက်ရချိန်တွင် ရင်ထဲ၌ ကြည်နူးသွားရသည်က အမှန်ပင်။ သို့သော် သူမက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ခေါင်းလေး ခါကာ သူ၏ အင်္ကျီစကို ဆွဲထားလိုက်ရင်း ဆိုလေသည်။

“အစ်ကို... ညီမတို့ အင်္ကျီအသစ် မချုပ်ပါနဲ့တော့။ ဒီအတိုင်းလေး ဝတ်ထားရင်ပဲ ရနေပါပြီ။ တော်တော်လေး နွေးပါတယ်။ တကယ်ပြောတာ”

ယန်ချုံးက ပြန်ပြောသည်။

“မင်းက ကိုယ့်မိန်းမလေ။ ဒီနေ့က ကိုယ်တို့နှစ်ယောက် လက်ထပ်မှတ်ပုံတင်တဲ့ နေ့ပဲဟာ။ မင်းကို ကိုယ့်အင်္ကျီအဟောင်းကြီး ဘယ်လိုလုပ် ပေးဝတ်ထားရက်မှာလဲ”

ယွီရှို့က ထပ်မံ၍ ချွဲချွဲနွဲ့နွဲ့လေး ပြောရှာသည်။

“ဒါပေမဲ့ ညီမတို့ ဒီနေ့ ပိုက်ဆံတွေ အများကြီး သုံးထားပြီးပြီလေ။ အင်္ကျီကို နောက်မှ ချုပ်လည်း ရပါတယ်။ ညီမ ဒါလေး ဝတ်ထားရတာ သဘောကျတယ်။ တကယ်ပါ။ လေလည်း မဝင်ဘူး။ တော်တော်လေး နွေးတယ်။ အရင်က ကျွန်မအင်္ကျီထက် အများကြီး ပိုကောင်းသေးတယ်”

ယန်ချုံးက သူမ၏ ပါးမို့မို့လေးကို အသာအယာ ဆွဲညှစ်လိုက်ရင်း ပြတ်ပြတ်သားသား ပြောသည်။

“မင်းက ရပေမဲ့ ကိုယ်က မရဘူး။ ဒီနေ့က ကိုယ်တို့ နှစ်ယောက်ရဲ့ ဘဝသစ် အစပဲ။ မင်းကို အင်္ကျီအဟောင်းကြီးနဲ့တော့ မထားနိုင်ဘူး။ ပိုက်ဆံအတွက် မင်း စိတ်မပူပါနဲ့။ မင်းယောက်ျားက မင်းကို ကောင်းကောင်း ရှာကျွေးနိုင်ပါတယ်။ အသားစားနိုင်အောင်ရော အဝတ်အစား ကောင်းကောင်း ဝတ်နိုင်အောင်ရော ထားနိုင်တယ်”

ထို့နောက် သူမကို ဘာစကားမျှ ထပ်ပြောခွင့်မပေးတော့ဘဲ ဘေးနားရှိ သမဝါယမ ဆိုင်ကြီးဆီသို့ ဆွဲခေါ်သွားတော့သည်။

ထိုခေတ်အခါက လူသုံးကုန်ပစ္စည်း ဝယ်ယူမည်ဆိုလျှင် အခြေခံအားဖြင့် သမဝါယမ ဆိုင်များကိုသာ အားထားကြရသည်။ နိုင်ငံပိုင် လုပ်ငန်းခွင်မှ အရောင်းဝန်ထမ်းများသည် သူတို့ကိုယ်သူတို့ လူတန်းစား တစ်ရပ် မြင့်မားနေသည်ဟု ခံယူထားတတ်ကြပြီး ဖောက်သည်များကို ဆိုလျှင် နှာခေါင်းရှုံ့ကာ အဖက်လုပ်ချင်မှ လုပ်တတ်ကြသည့် အလေ့အထရှိသည်။

သူတို့နှစ်ဦး ဆိုင်ထဲသို့ ဝင်သွားချိန်တွင် အမျိုးသားနှင့် အမျိုးသမီး အရောင်းဝန်ထမ်းတစ်စုမှာ ကောင်တာဘေးတွင် စုရုံးကာ ဖရဲစေ့လှော်ကို ဝါးရင်း စကားစမြည် ဖောင်ဖွဲ့နေကြသည်ကို မြင်တွေ့လိုက်ရသည်။ ဝင်လာသူများကို မြင်သော်လည်း တစ်ချက်မျှသာ လှမ်းကြည့်ပြီးနောက် ခေါင်းပြန်လှည့်ကာ သူတို့စကားဝိုင်းကိုသာ ဆက်လက် အသက်သွင်းနေကြသည်။

ယန်ချုံးသည် ယွီရှို့၏ လက်ကို ဆွဲလျက် အဝတ်အထည်များ ရောင်းချသည့် ကောင်တာရှေ့သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ကောင်တာ အနောက်ဘက်ရှိ စင်ပေါ်တွင်မူ အထည်လိပ်များက အလိပ်လိုက် သေသပ်စွာ တင်ထားလျက် ရှိသည်။

“ရဲဘော်... ကျွန်တော်တို့ အထည်ဝယ်ချင်လို့ပါ။ တစ်ချက်လောက် ယူပြပေးလို့ ရမလား”

ယန်ချုံးက လှမ်းခေါ်လိုက်သည်။

သို့သော် ဟိုလူစုကတော့ ကိုယ့်ဘာသာ ဖရဲစေ့စားရင်း စကားပြောလို့ ကောင်းနေကြဆဲပင်။ တစ်ယောက်မျှ လှည့်မကြည့်ကြပေ။ ယန်ချုံး၏ စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်သွားပြီး အသံကို ပိုကျယ်ကာ ထပ်ခေါ်လိုက်သည်။

“ကျွန်တော် အထည်ဝယ်မလို့။ အထည်လေး ယူပေးပါဦး”

အသံက အနည်းငယ် ကျယ်လောင်သွားတော့မှ အရောင်းဝန်ထမ်းများက ခေါင်းလှည့်ကြည့်လာကြသည်။ ထိုအထဲမှ မိန်းမတစ်ယောက်က ယန်ချုံးတို့ကို မျက်စောင်းထိုးကြည့်ပြီး စိတ်မရှည်သည့် ဟန်ဖြင့် လှမ်းအော်လိုက်သည်။

“ဘာတွေ အော်နေတာလဲ။ ငါတို့ စကားပြောနေတာ မမြင်ဘူးလား။ ခဏစောင့်”

ယန်ချုံး ဒီတစ်ခါတော့ တကယ်ကို ဒေါသထွက်သွားပြီး စိတ်ထဲမှ ကြိမ်းဝါးလိုက်မိသည်။

‘ဝန်ဆောင်မှုပေးတဲ့ စိတ်ဓာတ်က ဘာလဲကွ။ ငါက ပစ္စည်းဝယ်မှာကို စောင့်နေရဦးမှာလား။ မင်းတို့ စကားပြောလို့ ပြီးတဲ့အထိ၊ လက်ဖက်ရည်သောက်လို့ ပြီးတဲ့အထိ၊ ဖရဲစေ့စားလို့ ပြီးတဲ့အထိ စောင့်နေရမှာလား’

ယွီရှို့က အခြေအနေ မဟန်သည်ကို ရိပ်မိကာ သူ၏ လက်မောင်းကို အမြန်ဆွဲပြီး တိုးတိုးလေး လှမ်းပြောသည်။

“အစ်ကို... ညီမတို့ မလောပါဘူး။ ခဏစောင့်လိုက်ရုံနဲ့ ဘာမှမဖြစ်ပါဘူး”

ယန်ချုံးက မကျေနပ်စွာဖြင့် ပြန်ပြောလိုက်သည်။

“ဘယ်လိုလုပ် မလောဘဲ နေမှာလဲ။ အထည်ဝယ်ပြီးရင် ချုပ်ဖို့လူ ရှာရဦးမှာလေ။ သူတို့က ဒီမှာ အားယားပြီး စကားပြောနေတာကို ဘာလို့ ငါတို့ကို အထည်လေး တစ်လိပ်လောက် ယူမပေးနိုင်ရတာလဲ”

ထိုစကားကို ကြားလိုက်ရသောအခါ အရောင်းဝန်ထမ်းများမှာ စကားအခြေအနေ သိပ်မဟန်တော့ကြောင်း သတိထားမိသွားကြပြီး အကုန်လုံး အနားသို့ ရောက်လာကြသည်။ ထိုအထဲမှ အမျိုးသား အရောင်းဝန်ထမ်းတစ်ဦးက ယန်ချုံးကို လက်ညှိုး ငေါက်ငေါက်ထိုးရင်း ရင့်ရင့်သီးသီး မေးလိုက်သည်။

“မင်းကို ခဏစောင့်လို့ ပြောတာ ဘာဖြစ်လဲ”

ယွီရှို့တစ်ယောက် လန့်ဖျပ်သွားပြီး ကမန်းကတန်း ဝင်ပြောရှာသည်။

“ရပါတယ်... စောင့်ပါ့မယ်... ညီမတို့ စောင့်ပါ့မယ်...”

သို့သော် ခေတ်သစ်မှ နေ၍ ကူးပြောင်းလာသည့် ယန်ချုံးကဲ့သို့သော လူတစ်ယောက်က ဤသို့သော အချိုးမျိုးကို မည်သို့လျှင် သည်းခံနိုင်ပါမည်နည်း။

‘မင်းတို့က ဝန်ဆောင်မှုလုပ်ငန်း လုပ်နေတဲ့သူတွေလေ။ ဖောက်သည်က ပစ္စည်းလာဝယ်တာ မင်းတို့ စီးပွားရေးကို အားပေးတာ။ ဘာလဲ... မင်းက ငါ့ကိုတောင် ရိုက်ချင်နေသေးတာလား’

ယန်ချုံး စိတ်ထဲမှ တွေးလိုက်မိသည်။

ထိုသို့ တွေးမိသည်နှင့် ဒေါသက ငယ်ထိပ်သို့ ဆောင့်တက်သွားတော့သည်။ ယန်ချုံးသည် လက်ကို လှမ်းကာ သူ့အား ထိုးချိန်ထားသော လက်ညှိုးကို ဖမ်းဆုပ်လိုက်ပြီး ခပ်ဆတ်ဆတ်လေး ချိုးပစ်လိုက်သည်။ ထိုအခါ အမျိုးသား အရောင်းဝန်ထမ်းမှာ မျက်ရည်များပင် လည်တက်သွားပြီး “အား” ကနဲ အော်လျက် ကောင်တာပေါ်သို့ မှောက်ကျသွားတော့သည်။

“အား… နာတယ်.. နာတယ်”

ယွီရှို့မှာ လန့်ဖြန့်သွားပြီး ယန်ချုံးကို တားရန် ပြင်လိုက်သော်လည်း ဟိုအမျိုးသမီး အရောင်းဝန်ထမ်းများက သူတို့လူ အထိနာသွားသည်ကို မြင်သောအခါ ကောင်တာထဲမှ နေ၍ ချက်ချင်း အုံထွက်လာကြသည်။

“ဘယ်ကနေ ထွက်လာတဲ့ လူရမ်းကားလဲ။ ဒီမှာလာပြီး ရမ်းကားရဲတယ်ပေါ့လေ။ ဒါ ဘယ်နေရာလဲ ဆိုတာကိုရော မကြည့်ဘူးလား”

ဆံပင်ကောက်ကောက်နှင့် ဝဝတုတ်တုတ် မိန်းမတစ်ယောက်က ရေရွတ်ရင်း ယန်ချုံး၏ မျက်နှာကို လက်ဖြင့် လှမ်းကုတ်ရန် ပြင်လေသည်။

ဤတစ်ကြိမ်တွင်မူ ယွီရှို့လည်း ငြိမ်မနေတော့ပေ။

“ငါ့ယောက်ျားကို ရိုက်ရဲတယ်ပေါ့လေ။ ငါက ခွင့်ပြု မပြု အရင်မေးဦး”

ထိုသို့ ပြောပြီး ဘေးမှ နေ၍ ဝုန်းကနဲ ဝင်လုံးလိုက်သည်။ သူမသည် ဘာစကားမျှ ထပ်မဆိုတော့ဘဲ ဝဝတုတ်တုတ် မိန်းမ၏ ဆံပင်ကို ဆွဲဆုပ်ကာ ဘေးသို့ ဆောင့်ဆွဲချပစ်လိုက်သည်။

ဝဝတုတ်တုတ် မိန်းမမှာ နာလွန်းသဖြင့် အော်ဟစ်လိုက်လေသည်။ ကျန်သည့် မိန်းမများမှာ ခဏမျှ ကြောင်အ သွားပြီးမှ ချက်ချင်း ပစ်မှတ်ပြောင်းကာ ယွီရှို့ကို ဝိုင်းအုံလာကြသည်။

ထိုအချိန်တွင် ယန်ချုံးက ဟိုအမျိုးသားကို ပစ်ချထားခဲ့ပြီး ရှေ့သို့ တိုးကာ ယွီရှို့ကို သူ၏ အနောက်ဖက်သို့ ဆွဲခေါ်လိုက်လေသည်။ ထိ့်နောက် သူတို့ကို မျက်လုံးပြူးကြည့်ကာ ဟိန်းဟောက်လိုက်သည်။

“ရန်ဖြစ်ချင်တာမလား။ တစ်ယောက်ချင်း လာမလား၊ အကုန်လုံး တစ်ပြိုင်တည်း လာမလား၊ ငါက အသင့်ပဲ”

ဟို ဝဝတုတ်တုတ် မိန်းမမှာလည်း ဖုန်းကနဲ မြေကြီးပေါ်သို့ ထိုင်ရက်သား ကျသွားရှာသည်။ သူမ၏ ဆံပင်များကို ယွီရှို့က တစ်ဆုပ်စာခန့် ဆွဲနုတ်လိုက်သည်ဖြစ်ရာ နာကျင်လွန်းသဖြင့် အော်ဟစ် ညည်းညူနေတော့သည်။

ကျန်သည့် လူများမှာမူ ယန်ချုံး၏ အရှိန်အဝါကြောင့် လန့်ဖျပ်သွားကြပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေကြလေသည်။

ထိုခဏ၌ပင် ဟိုအမျိုးသားသည် ကောင်တာထဲမှ ခုန်ထွက်လာပြီး လက်ထဲတွင်လည်း ကြမ်းတိုက်တံ တစ်ချောင်းကို ကိုင်ဆောင်ထားလေသည်။ သူက ယန်ချုံး၏ ခေါင်းကို ရိုက်ချရန် ရွယ်ရင်း အော်ဟစ်လာသည်။

“ဒီကောင်လေး... မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့လေ။ မိုက်ရိုင်းလှချည်လား...”

ယန်ချုံးက လက်ကို အသာအယာ မြှောက်၍ ကြမ်းတိုက်တံရိုးကို ဖမ်းဆုပ်လိုက်ကာ အားကုန်သုံး၍ ဆွဲချလိုက်သည်။ အမျိုးသား အရောင်းဝန်ထမ်းမှာ သူ၏ ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ ရှေ့သို့ စိုက်ကျလာသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ ယန်ချုံးက ခြေထောက်ဖြင့် ခတ်လိုက်ရာ “ဖြောင်း” ကနဲ မြည်သံနှင့်အတူ ကြမ်းပြင်ပေါ်သို့ မှောက်ရက်သား ကျသွားတော့သည်။

သူ ပြန်မထနိုင်မှီမှာပင် ယန်ချုံးက သူ၏ ကျောကုန်းပေါ်သို့ ခြေတစ်ဖက်ဖြင့် ဖိနင်းထားလိုက်သည်။ ယန်ချုံးသည် အမျိုးသား အရောင်းဝန်ထမ်းကို ခြေထောက်ဖြင့် နင်းထားလျက် လက်ထဲတွင် ကြမ်းတိုက်တံရိုးကို ကိုင်ကာ မျက်လုံးပြူးပြီး မိုးကြိုးပစ်ချ လိုက်သည့်အလား ဟိန်းဟောက်လိုက်သည်။

“ဘယ်သူ လာချင်သေးလဲ”

အမျိုးသမီး အရောင်းဝန်ထမ်းများအားလုံး ကြက်သေ သေသွားကြပြီး မည်သူမျှ မလှုပ်ရဲကြတော့ပေ။ ဝဝတုတ်တုတ် မိန်းမမှာလည်း အနာပင် မေ့သွားပြီး ကြမ်းပြင်ပေါ် ထိုင်လျက်သားဖြင့် သတိလက်လွတ်ဖြစ်စွာ ငေးကြည့်နေမိတော့သည်။

ထိုစဉ် အနောက်ဘက်ရှိ ကန့်လန့်ကာ ပွင့်သွားပြီး တရုတ်အင်္ကျီ ဝတ်ဆင်ကာ မျက်မှန် တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြေးထွက်လာသည်။ ကြည့်ရသည်မှာ သမဝါယမ ဆိုင်၏ အကြီးအကဲ ဖြစ်ဟန်တူပြီး အရှေ့ဘက်မှ ဆူညံသံများကြောင့် အမြန်ပြေးလာခြင်း ဖြစ်ရမည်။

သူသည် ဝင်လာလာချင်း ဆိုင်ထဲတွင် လူများ အုံရုန်းနေသည်ကို မြင်သောအခါ အကြောင်းစုံကို မစဉ်းစားတော့ဘဲ အပြစ်တင်တော့သည်။

“ဘာဖြစ်ကြတာလဲ။ ဖောက်သည်တွေကို မရိုက်ရဘူး။ ဖောက်သည်တွေကို မရိုက်ရဘူးလို့ ငါ အကြိမ်ကြိမ် ပြောထားတယ် မဟုတ်လား။ မင်းတို့ ဘာလို့ လူရိုက်ပြန်ပြီလဲ”

အရောင်းဝန်ထမ်းများမှာ မည်သူမျှ စကား မဟနိုင်ကြချေ။

‘ဒါက ငါတို့က လူရိုက်နေတဲ့ပုံ ပေါက်နေလို့လား။ ငါတို့က အထိုးခံ၊ အရိုက်ခံနေရတာပါ’

စိတ်ထဲ၌သာ တွေးကာ ငိုချင်လျက် လက်သီး ဆုပ်နေကြရသည်။

မန်နေဂျာမှာ အဝေးမှုန်သူဖြစ်ရာ စကားပြောပြီးသွားမှ လေထုက အနည်းငယ် ထူးဆန်းနေသည်မှန်း ခံစားရပြီး သေသေချာချာ စူးစိုက်ကြည့်လိုက်သည်။ ထိုအခါမှသာ မိမိ၏ လက်အောက်ငယ်သားများ အထိနာနေသည်ကို ထိတ်လန့်ဖွယ် သတိထားမိသွားလေသည်။

ပုံမှန်အားဖြင့် အချေဆုံးဖြစ်သော လျန်ကွေ့ဟွာဆိုသည့် အမျိုးသမီးမှာ ကြမ်းပြင်ပေါ်တွင် ထိုင်ရင်း ခေါင်းကို ကိုင်ထားရှာသည်။ ဆံပင်များမှာလည်း တစ်ဆုပ်စာခန့် အဆွဲခံထားရသည့် ပုံဖြစ်လေသည်။ ဆိုင်၏ တစ်ဦးတည်းသော အမျိုးသား အရောင်းဝန်ထမ်း လျိုဟိုင်ကျူးမှာမူ မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး သူ၏ ကျောကုန်းပေါ်တွင်လည်း ခြေထောက်တစ်ဖက် အနင်းခံထားရသေးသည်။

ကျန်သည့် အမျိုးသမီး လက်အောက်ငယ်သားများမှာမူ မျက်နှာများတွင် ထိတ်လန့် ကြောက်ရွံ့နေသည့် အမူအရာများ အထင်းသား ပေါ်လွင်နေကြသည်။

သူသည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ဒါ... ဒါ ဘာတွေဖြစ်နေတာလဲ”

အမျိုးသမီး အရောင်းဝန်ထမ်းများက ကမန်းကတန်းဖြင့် ဝိုင်းပြောကြသည်။

“မန်နေဂျာလျန်... ဒီလူ ပြဿနာရှာနေတာ လူကိုလည်း ရိုက်တယ်...”

သူတို့က ယန်ချုံးကို လက်ဖြင့် လှမ်းညွှန်ပြချင်သော်လည်း ယန်ချုံးက မျက်လုံး ပြူးပြလိုက်သည်နှင့် စောစောက လျိုဟိုင်ကျူး ဘာဖြစ်သွားခဲ့သလဲ ဆိုသည်ကို ချက်ချင်း သတိရသွားကာ လက်ညှိုးများကို အမြန် ရုပ်သိမ်းလိုက်ကြသည်။

မန်နေဂျာလျန်သည် ယန်ချုံးကို အံ့ဩတကြီး ကြည့်နေမိသည်။ သူက သူ၏ တပည့်များအကြောင်းကို အသိဆုံးပင် ဖြစ်သည်။ ပုံမှန်ဆိုလျှင် နိုင်ငံပိုင် ဝန်ထမ်းများဆိုသည့် အရှိန်အဝါကို သုံးကာ သူများထက် မြင့်မြတ်သည်ဟု ထင်နေကြသူများ ဖြစ်သည်။ သူတို့ကသာ သူများကို အနိုင်ကျင့်ဖူးသည် ချည်းဖြစ်ပြီး သူများ အနိုင်ကျင့်သည်ကို ခံရသည်ဟူ၍ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ချေ။

ထိုကြောင့်ပင် သူက နံရံပေါ်တွင် “ဖောက်သည်များအား ရိုက်နှက် ဆဲဆိုခြင်း လုံးဝ မပြုရ” ဆိုသည့် စာတန်းလေးကို တမင်တကာ ရေးကပ် ထားခဲ့ရခြင်း ဖြစ်သည်။

သို့သော် ယနေ့တွင်မူ သူတို့က သူများ ရိုက်သည်ကို ခံလိုက်ရသည်တဲ့လား။ ဘယ်သူ ထင်ထားမှာလဲ။ ဤသည်မှာ မည်သို့သော အခြေအနေကြီး ဖြစ်ပါသနည်း။

သူ မေးခွန်းထုတ်ရန် အချိန်မရလိုက်မှီမှာပင် ယွီရှို့က အရင်ဦးအောင် ဝင်ပြောလိုက်သည်။

“ရှင့်လူတွေ လျှောက်ပြောနေတာ။ ညီမတို့က အထည်လာဝယ်တာ အကြိမ်ကြိမ်ခေါ်တာကို လှည့်တောင် မကြည့်တဲ့အပြင် ညီမတို့ကို ဆဲသေးတယ်။ ပြီးတော့... ပြီးတော့ လူများတာကို အားကိုးပြီး ညီမတို့ကို အနိုင်ကျင့်သေးတယ်...”

All Chapters