← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း (၁၂) - ပိတ်စဝယ်ယူခြင်း

ယွီရှို့သည် အလွန်အမင်း ပါးနပ် လိမ္မာသူဖြစ်ရာ မိမိအဖို့ အသာစီးရစေမည့် စကားလုံးတို့ကိုသာ ရွေးချယ်၍ လျှောက်လဲလေသည်။ အစဦး၌ အရောင်းဝန်ထမ်းများက မိမိတို့အပေါ် မလေးမခန့်ပြုမူကာ ဆဲဆို မောင်းထုတ်ခဲ့ကြကြောင်း ပြောဆိုပြီးနောက် မည်သူက စတင် လက်ပါခဲ့သနည်းဟူသော အချက်ကိုမူ ရည်ရွယ်ချက်ရှိရှိ ကျော်လွန်သွားခဲ့သည်။ ထို့အပြင် တစ်ဖက်လူများက လူအင်အားသုံး၍ မတရား အနိုင်ကျင့်ရန် ကြံစည်ခဲ့ကြ ကြောင်းကိုသာ ပရိယာယ်ဝေဝေဖြင့် ပုံဖျက် ပြောဆိုလိုက်တော့သည်။

ကြမ်းပြင်ပေါ်၌ မှောက်လျက် လဲကျနေသော အမျိုးသား ဝန်ထမ်းသည် ထိုစကားကို ကြားလျှင် ကြားချင်းပင် အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားကာ စိုးရိမ်တကြီး ဝင်ရောက် ငြင်းဆန်လေတော့သည်။

“မန်နေဂျာ... သူ လျှောက်ပြောနေတာတွေကို မယုံပါနဲ့။ အသိသာကြီးပါ၊ သူတို့က အရင် စပြီး လက်ပါခဲ့တာ...”

စကားပင် မဆုံးသေးမှီမှာပင် ယန်ချုံးသည် ခြေတစ်ဖက်ကို မြှောက်ကာ ခပ်ဆတ်ဆတ် ပြန်လည် နင်းချလိုက်လေသည်။ ယခုတစ်ကြိမ်တွင်မူ ထိုသူ၏ ဦးခေါင်း နောက်စေ့ကို ဆတ်ဆတ် ထိအောင် ဖိနင်းထားမိလျက်သား ဖြစ်သွားရာ အရောင်းဝန်ထမ်း၏ မျက်နှာတစ်ခုလုံး ကြမ်းပြင်နှင့် စေ့စပ်စွာ ကပ်သွားရုံမျှမက မြေပြင်ပေါ်ရှိ အမှိုက်သရိုက်တို့ကိုပါ အလုအယက် ငုံခဲလိုက်ရလေသည်။

ဤသည်ကို မြင်သည်နှင့် မန်နေဂျာလျန်သည်လည်း ပျာပျာသလဲ တားမြစ်ရရှာသည်။

“မလုပ်ပါနဲ့ ရဲဘော်ရာ လက် မပါပါနဲ့”

ယန်ချုံးက တည်ငြိမ်လှသော လေသံဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။

“ခင်ဗျားက ဒီဆိုင်ရဲ့ ခေါင်းဆောင်မလား။ ခေါင်းဆောင်... ကျွန်တော်က အလကားသက်သက် လူရိုက်နေတာ မဟုတ်ဘူး။ ခင်ဗျားတို့လူတွေက လွန်လွန်းလို့။ အလုပ်ချိန်ကြီးမှာ အလုပ် မလုပ်ဘဲ စကား တပြောပြောနဲ့ ဖရုံစေ့ ဝါးနေကြတာ။ ကျွန်တော်က ပိတ်စ ဝယ်ချင်လို့ အကြိမ်ကြိမ် ခေါ်တာတောင် ဘယ်သူမှ မထူးတဲ့အပြင် ကျွန်တော့်အသံ နည်းနည်း ကျယ်သွားတာနဲ့ စပြီး လက်ပါဖို့ လုပ်လာကြတာ။ ကဲ... ပြောစမ်းပါဦး မဟာ လမ်းပြဆရာကြီးက ခင်ဗျားတို့ကို ပြည်သူလူထုအတွက် ဒီလိုမျိုး အလုပ်အကျွေးပြုဖို့ သင်ပေးထားတာလား”

ယန်ချုံး၏ ထက်မြက်လှသော စကားတစ်ခွန်းကြောင့် ဝန်းကျင်၌ ရှိသော အရောင်းဝန်ထမ်းများအားလုံးမှာ ထိတ်ထိတ်ပျာပျာနှင့် ဆွံ့အ သွားကြရလေသည်။ သူတို့၏ ရင်ထဲ၌ မကျေနပ်မှုပေါင်း သောင်းခြောက်ထောင် ကိန်းအောင်းနေလင့်ကစား ယန်ချုံးသည် ဤပြဿနာကို ပြည်သူ့အတွက် အလုပ်အကျွေး ပြုရန်ဟူသော လမ်းပြဆရာကြီး၏ သွန်သင်ချက်အထိ မြှင့်တင်၍ ဆွဲခေါ်သွားခဲ့ရာ မည်သူကမျှ လမ်းပြဆရာကြီး၏ လမ်းစဉ်ကို ဆန့်ကျင်ရဲသည့် သတ္တိ မရှိကြပါချေ။

မန်နေဂျာလျန်သည်လည်း မိမိလက်အောက်ရှိ ရွှေကိုယ်တော် ဝန်ထမ်းများ၏ စရိုက်ဆိုးကို ကောင်းမွန်စွာ သိရှိ နားလည်ထားသူဖြစ်ရာ အကျိုးအကြောင်းကို ထပ်မံမေးမြန်း မနေတော့ဘဲ ထိုသူတို့ကို ဒေါသတကြီး စိုက်ကြည့်လျက် မျက်စောင်း ထိုးလိုက်လေသည်။ ထိုနောက် ယန်ချုံးဘက်သို့ လှည့်ကာ အတတ်နိုင်ဆုံး ပြုံးရွှင်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“ရဲဘော်... အားလုံးက ကျွန်တော်တို့ အမှားတွေပါ။ အရင်ဆုံး သူ့ကို ထခွင့်ပေးပါဦး။ ဘယ်လို ပိတ်စမျိုး လိုချင်လဲဆိုတာ ကျွန်တော်ကိုယ်တိုင်ပဲ စိတ်ကြိုက် ယူပေးပါ့မယ်”

ယန်ချုံးသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးမှ ခြေထောက်ကို ဖယ်ရှားပေးလိုက်ရာ ကြမ်းပြင်ပေါ်တွင် သနားစဖွယ်ဖြစ်နေသော အရောင်းဝန်ထမ်း လျူဟိုင်ကျူးမှာ ပျာပျာသလဲ ထရပ်လေတော့သည်။ ထို့နောက် မကျေမနပ်ဖြင့် စကားတစ်ခွန်း ထပ်မံဆိုရန် ကြံစည်သော်လည်း မန်နေဂျာလျန်၏ စူးရှသော စိုက်ကြည့်မှုအောက်တွင် ရင်တွင်း၌သာ မီးခဲ ခဲလျှက် နှုတ်ဆိတ် သွားရရှာသည်။

မန်နေဂျာလျန်က အားနာ ရိုသေစွာဖြင့် ယန်ချုံးအား မေးမြန်းပြန်သည်။

“ရဲဘော်... သင်တို့နှစ်ယောက် ဘယ်လို ပိတ်စမျိုး ဝယ်ချင်လို့လဲ မသိဘူး”

ယန်ချုံးသည် ဘေးနားရှိ ယွီရှို့အား မေတ္တာဖျန်းသော မျက်ဝန်းဖြင့် တစ်ချက် ငဲ့ကြည့်ကာ ဆိုလေသည်။

“ဒါက ကျွန်တော့်ဇနီး။ ဒီနေ့တင် ကျွန်တော်တို့ နှစ်ယောက် လက်ထပ်စာချုပ် သွားချုပ်ထားတာမို့လို့ သူမအတွက် အဝတ်အစားသစ် ချုပ်ပေးဖို့ ပိတ်စ နည်းနည်း ဝယ်ချင်တာ။ ဒါပေမဲ့ ကောင်းနေတဲ့ စိတ်အခြေအနေကတော့ ခင်ဗျားတို့လူတွေကြောင့် ပျက်စီးသွားရပြီ”

မန်နေဂျာလျန်သည် ပျာပျာသလဲ ဝမ်းမြောက်စကား ဆိုရှာသည်။

“ဩော်... ဒါဆိုရင် နှစ်ယောက်စလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူပါတယ်။ တကယ်ကို အားနာရပါတယ်။ မင်္ဂလာနေ့မြတ်ကြီးမှာ စိတ်အနှောင့်အယှက် ဖြစ်စေမိပြီ”

ထို့နောက် သူသည် ကောင်တာ အတွင်းသို့ ကပျာကယာ ဝင်ရောက်သွားပြီးလျှင် ရောင်စုံပန်းပွင့်များ ရိုက်နှိပ်ထားသော ပိတ်လိပ် နှစ်လိပ်ကို ပွေ့ချီလျက် ပြန်လည် ထွက်ခွာလာခဲ့ကာ ပြသလေသည်။

“ရဲဘော်တို့ ကြည့်ပါဦး၊ ဒီပိတ်လိပ် နှစ်လိပ်စလုံးက အမျိုးသမီးတွေ ဝတ်ဖို့ အဝတ်အစားချုပ်ရင် သိပ်လှတာ။ ဘယ် ဒီဇိုင်းကို သဘောကျလဲ ကြည့်ကြည့်ပါဦး”

ယွီရှို့သည် ဆုံးဖြတ်ချက်ကို ယန်ချုံးအား အပ်နှင်းသည့်အလား မော်ဖူး၍ ကြည့်လိုက်လေသည်။

ယန်ချုံးသည် သူမ၏ နုနယ်သော လက်ကလေးကို ဆွဲကိုင်လျက် ကောင်တာ အရှေ့သို့ တွဲဖက် လျှောက်လှမ်းသွားသော်လည်း ပိတ်စ၏ ပုံသဏ္ဌာန်ကို မြင်လျှင် မြင်ချင်းပင် မျက်မှောင်ကျုံ့ မိသွားတော့သည်။ ထိုဒီဇိုင်း နှစ်မျိုးစလုံးသည် သူ့မျက်စိထဲ၌ ဆေးရောင်စုံများ ရှုပ်ထွေးလွန်းလှပြီး ကျေးလက် တောရွာများတွင်သာ အသုံးပြုလေ့ရှိသည့် စောင်အဖုံးများနှင့် တထေရာတည်း တူညီနေသောကြောင့် ဖြစ်၏။

ဤမျှ ခေတ်မမီသော ပိတ်စမျိုးဖြင့် မိမိ၏ ချစ်ဇနီးအတွက် အဝတ်အထည် လှလှပပ မည်သို့လျှင် ဖန်တီးနိုင်အံ့နည်း။ ယန်ချုံးက မကျေနပ်ဟန်ဖြင့် ချက်ချင်းပင် မေးမြန်းလိုက်သည်။

“တခြား ဒီဇိုင်းမျိုး မရှိတော့ဘူးလား”

မန်နေဂျာလျန်သည် အနည်းငယ် အံ့အားသင့် သွားဟန်ဖြင့် ဆိုသည်။

“ဘာဖြစ်လို့လဲဗျာ... ဒီနှစ်မျိုးစလုံးကို သဘောမကျဘူးလား။ ဒါတွေက ပုံမှန်ဆိုရင် ဆိုင်မှာ အရောင်းရဆုံးပဲ။ လူတွေအများကြီး လုဝယ်နေကြတာ”

ယွီရှို့သည်လည်း ယန်ချုံး၏ အင်္ကျီလက်စကို အသာအယာ ဆွဲကိုင်လျက် တိုးညှင်းလှသော အသံကလေးဖြင့် ဆိုရှာသည်။

“အစ်ကို... ကြည့်ရတာ ဒါလေးတွေလည်း တော်တော်လေးတော့ လှသားပဲ”

သို့သော် ယန်ချုံးက ခေါင်းကိုသာ အပြတ်အသတ် ခါယမ်းလိုက်လေသည်။ သူ့အမြင်၌မူ ဤကဲ့သို့သော ပိတ်စ ဒီဇိုင်းမျိုးမှာ အလွန်တရာ ရိုးအော၍ ခေတ်နောက်ကျလွန်းလှရာ မိမိ၏ အဖိုးတန် ရှို့အာကိုယ်ပေါ်တွင် ဝတ်ဆင်ရန် လုံးဝ ဥဿုံ မထိုက်တန်ဟု ယူဆမိသည်။ ထိုကြောင့် စိတ်မရှည်ဟန်ဖြင့် ထပ်မံ တောင်းဆိုမိသည်။

“တခြား ဒီဇိုင်းမျိုး လုံးဝ မကျန်တော့ဘူးလား”

မန်နေဂျာလျန်သည် သက်ပြင်း တစ်ချက်ချရင်း ခေါင်းကို ခါယမ်းကာ စိတ်မကောင်းစွာဖြင့် ဆိုသည်။

“ဒီနှစ်မျိုးက ရှိသမျှထဲမှာ အကောင်းဆုံးတွေပါပဲ။ ကျန်တဲ့ဟာတွေက အမျိုးသမီးတွေအတွက် ပိုလို့တောင် အဆင်မပြေပါဘူး”

ယန်ချုံး၏ ရင်ထဲ၌ စိတ်ပျက်မှု အရိပ်အယောင်တို့ ဖြတ်သန်းသွားရလေသည်။ ဤခေတ်ကာလ၏ ပိတ်စ ဒီဇိုင်းများသည် နောင်အနာဂတ် ခေတ်ကာလကဲ့သို့ စုံလင် ဆန်းပြားလှပမည် မဟုတ်သည်ကို ကြိုတင် တွေးဆထားသော်လည်း ယခုကဲ့သို့ စိတ်တိုင်းကျမည့် ဒီဇိုင်းတစ်ခုမျှပင် မရှိဘဲ ကင်းမဲ့နေလိမ့်မည် ဟုတော့ဖြင့် ထင်မှတ် မထားခဲ့မိခဲ့ပါပေ။

ထိုအခိုက်တွင် မန်နေဂျာလျန်သည် ဘေးဘီကို ဝေ့ဝဲကြည့်ရှုကာ အသံကို တိုးတိုး နှိမ့်ချလျက် ဆိုလာပြန်သည်။

“ရဲဘော်... ခင်ဗျား တကယ်လို့ ဒီနှစ်မျိုးစလုံးကို သဘောမကျဘူးဆိုရင် အပြင်က တခြားနေရာတွေမှာ သွားကြည့်တာ ပိုကောင်းလိမ့်မယ်။ ကျွန်တော် နေရာတစ်ခုသိတယ်။ အဝတ်အစားချုပ်ဖို့ ပိတ်စတွေကို သီးသန့် ရောင်းတာ။ အဲဒီမှာတော့ ဒီဇိုင်းအစုံ ရှိတယ်။ ဒါပေမဲ့ စျေးကတော့ နည်းနည်း ကြီးနိုင်တယ်နော်”

ယန်ချုံးသည် စိတ်ဝင်တစားဖြင့် ချက်ချင်းပင် ပြန်လည် မေးမြန်းလိုက်လေသည်။

“ခင်ဗျားပြောတဲ့နေရာက ဘယ်မှာလဲ။ စျေးကြီးတာ ပြဿနာ မဟုတ်ပါဘူး။ ဒီဇိုင်း လှလှပပ ဖြစ်ဖို့ပဲ လိုတာ”

မန်နေဂျာလျန်က လမ်းညွှန် ပြသပေးသည်။

“ဒီဆိုင်တံခါးကနေ ထွက်သွားရင် ချန်မန် လမ်းမကြီးကို ရောက်လိမ့်မယ်။ အနောက်ဘက်နားမှာ ပိုးထည်ဆိုင်တစ်ဆိုင် ရှိတယ်။ ဆိုင်ရှင်က အမျိုးသမီးတစ်ယောက် သူတို့ဆီမှာဆိုရင် ဒီဇိုင်းလည်း အစုံရှိပြီး ပိုပြီးတော့လည်း ခေတ်ဆန်တယ်”

ယန်ချုံးသည် ခေါင်းညိတ် လက်ခံလျက် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ယွီရှို့၏ နူးညံ့သော လက်ဖဝါးပြင်ကို တင်းကျပ်စွာ ဆွဲကိုင်ကာ သမဝါယမဆိုင်ကြီး၏ အဝင်တံခါးမကြီးမှ တစ်ဆင့် ပြင်ပသို့ အတူတကွ ခြေလှမ်းလှမ်း၍ ထွက်ခွာခဲ့ကြလေသည်။

“ကောင်းပြီ ကျေးဇူးပဲ”

သူတို့ ထွက်ခွာသွားသည်နှင့် သမဝါယမဆိုင် အတွင်း၌ ကျန်ရစ်ခဲ့သော မန်နေဂျာလျန်သည် မိမိ၏ လက်အောက်ငယ်သား ဝန်ထမ်းအချို့အား လက်ညှိုး ငေါက်ငေါက်ထိုးကာ စိတ်ပျက် လက်ပျက်ဖြင့် ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလျက် ကြိမ်းမောင်းလေတော့သည်။

“မင်းတို့ကို ကြည့်ရတာ တကယ်ပဲ... တစ်နေ့လုံး အလုပ်ထဲမှာ ပေါ့ပျက်ပျက်နဲ့။ ပစ္စည်းဝယ်မဲ့သူ မရှိရင် ထားပါတော့။ ဝယ်မဲ့သူ ရှိလာရင်တော့ သေချာလေး ဧည့်ခံရမယ် မဟုတ်ဘူးလား”

သို့သော် အရောင်းဝန်ထမ်းအချို့မှာမူ နှုတ်ခမ်းကို မဲ့ရွဲ့လျက် မထီမဲ့မြင်ပြုကာ ကျောခိုင်း လှည့်ထွက်သွားကြလေသည်။ မန်နေဂျာလျန်သည် သက်ပြင်းချရင်း ခေါင်းကိုသာ ခါယမ်းနိုင်ရှာသည်။ မတတ်နိုင်ပါပေ။ ဤကဲ့သို့သော ခေတ်စနစ်အောက်ရှိ ရွှေကိုယ်တော် ဝန်ထမ်းကြီးများ၏ အရှေ့တွင် သူကဲ့သို့ မန်နေဂျာတစ်ဦး၏ ဘဝမှာ မြေးအဆင့်မျှသာ တန်ဖိုးရှိနေရရှာသည်။

တစ်ဖက်တွင်မူ ယန်ချုံးနှင့် ယွီရှို့တို့ ဇနီးမောင်နှံသည် သမဝါယမဆိုင်မှ ခြေလှမ်းထွက်လာခဲ့ပြီးနောက် မန်နေဂျာလျန် လမ်းညွှန်ခဲ့သည့်အတိုင်း ချန်မန် လမ်းမကြီးဆီသို့ တိုက်ရိုက် ဦးတည် လျှောက်လှမ်းခဲ့ကြလေသည်။ ခရီးလမ်းမှာ အနည်းငယ် ဝေးကွာလှသည် ဆိုသော်ငြား အလုပ်တာဝန်များမှ ကင်းလွတ်နေသော ဤနေ့မြတ်ဝယ် ချစ်သူနှစ်ဦး လက်တွဲလျက် လမ်းလျှောက် ထွက်ရခြင်းသည်ပင်လျှင် ရင်တွင်း၌ ကြည်နူးဖွယ် အတိပြီးနေတော့သည်။

ချန်မန် လမ်းမကြီးသို့ ဆိုက်ရောက်ချိန်ဝယ် နေမင်းသည် မွန်းလွဲပိုင်းသို့ အတော်လေး စောင်းကွင်းလျက်ရှိနေပြီ ဖြစ်၏။ မန်နေဂျာလျန် ညွှန်းဆိုခဲ့သော နေရာကို ရှာဖွေရသည်မှာ လွယ်ကူလှလေသည်။ အကြောင်းမူကား ဤတစ်ဝိုက်သော နယ်မြေဝယ် ခန့်ခန့်ထည်ထည် ရှိလှသော ပိတ်ထည်ဆိုင်ဟူ၍ ဤတစ်ဆိုင်တည်းသာ သီးသန့် တည်ရှိနေသောကြောင့် ဖြစ်ပေသည်။

ဆိုင်တံခါးဝအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် အသက် နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်နှစ်ခန့် ရှိမည့် ချောမောလှပသော မဟေသီ အမျိုးသမီးငယ်တစ်ဦးသည် အတွေးကမ္ဘာထဲ၌ ငေးငိုင်စွာ ထိုင်နေသည်ကို မြင်တွေ့လိုက်ရလေသည်။ သူမ၏ ရုပ်အဆင်းမှာ အလွန်တရာ ကျော့ရှင်း လှပရုံမျှသာမက မွေးရာပါ ဆွဲဆောင်မှုရှိသော ညို့ဓာတ် အလှတရားကိုလည်း ပိုင်ဆိုင်ထားသယောင် ရှိ၏။ ထိုအမျိုးသမီးငယ်သည် မည်သည့်အရာကို တွေးတော ပူပန်နေသည်မသိ လှပသော မျက်ခုံးအစုံကို အနည်းငယ် ကျုံ့ထားလျက် ဧည့်သည်နှစ်ဦး ဝင်ရောက် လာခြင်းကိုပင် သတိမပြုမိရှာချေ။

ယန်ချုံးက အသံကိုမြှင့်၍ ယဉ်ကျေးစွာ လှမ်းခေါ်လိုက်သည်။

“ဆိုင်ရှင်အစ်မ... လှလှပပ ပိတ်စတွေ ရှိတယ်မလား”

ထိုအခါမှ အမျိုးသမီးငယ်သည် လန့်ဖျတ်သွားကာ ပျာပျာသလဲ ထရပ်လိုက်ပြီးလျှင် အားနာဟန် အပြုံးဖြင့် ဆိုရှာသည်။

“ဩော်... ရဲဘော်တို့ ရောက်လာပြီလား။ တကယ် အားနာပါတယ်။ စောစောက စိတ်လေး နည်းနည်း လွင့်သွားလို့ပါ”

သူမသည် စကားပြောဆိုရင်းနှင့်ပင် ယွီရှို့၏ အရှေ့သို့ နွေးထွေး ပျူငှာသော ခြေလှမ်းများဖြင့် ချဉ်းကပ်လာကာ အံ့ဩ ချီးမွမ်းလေတော့သည်။

“အို... ဒီလောက်လှတဲ့ ညီမလေး... တကယ့်ကို ချောမောတာပဲနော်။ ရဲဘော်… ဒါ မင်းရဲ့ ချစ်သူမလား။ မင်း တကယ့်ကို ကံကောင်းတာပဲ။ ဒီလောက်လှတဲ့ ချစ်သူကို ရထားတာ”

ဤဆိုင်ရှင် အမျိုးသမီးသည် ရုပ်ရည် ရူပကာ လှပ ဆန်းပြားရုံမျှမက နှုတ်သီးလည်း လွန်စွာ ချိုသာလှသည်ဖြစ်ရာ စကားအစ ပြုရုံမျှဖြင့် လူနှစ်ဦးစလုံး၏ နှလုံးသားကို ရွှင်ပျ စေနိုင်စွမ်းရှိလေသည်။ ထိုစကားကြောင့် ယွီရှို့သည် အလွန်အမင်း ရှက်သွေးဖြန်းကာ ပါးပြင်လေးနှစ်ဖက် နီမြန်းလျက် သိမ်မွေ့စွာ ပြန်လည် တုံ့ပြန်ရှာသည်။

“အစ်မကလည်း ကျွန်မကို မစပါနဲ့။ ကျွန်မက အစ်မလောက် မလှပါဘူး”

ဆိုင်ရှင် အမျိုးသမီးက ကပျာကယာ ခေါင်းခါယမ်းကာ ဆိုပြန်သည်။

“ဒါ ဘယ်ကလာ စတာ ဖြစ်ရမှာလဲ ညီမလေးရယ်… ရင်ထဲက လာတဲ့ စကားအစစ်ပါ။ ညီမလေးက တကယ်လှတာ။ ပြီးတော့ ဒီမောင်လေးကလည်း ရုပ်ရည် သန့်ပြန့်ပြီး လူချောတစ်ယောက်ပဲ။ ဟူး... မင်းတို့နှစ်ယောက် အတူတူ ရပ်နေတာ တကယ့်ကို နတ်ဖက်တဲ့ စုံတွဲပဲနော်။ ကြည့်ရုံနဲ့တင် အားကျစရာ ကောင်းလိုက်တာ”

ယွီရှို့သည် ထိုမြိန်မြတ်လှသော စကားတို့ကြောင့် ရင်ထဲ၌ ပီတိလှိုင်းများ တလိမ့်လိမ့် ထသွားပြီး ယန်ချုံးအား မသိမသာ ခိုး၍ ကြည့်ရှုမိရာ ရင်တွင်းဝယ် အတိုင်းမသိ ချိုမြိန်ခြင်း အတိ ပြီးနေတော့သည်။

နောင်အနာဂတ် ခေတ်ကာလမှ အချိန်ခရီးနှင် ကူးပြောင်းလာခဲ့သော ယန်ချုံးပင်လျှင် ရင်တွင်းမှ နေ၍ ဤဆိုင်ရှင် အမျိုးသမီးအား တိတ်တဆိတ် အထင်ကြီး လေးစားမိသွားရသည်။ ခေတ်သစ် ကမ္ဘာဝယ် စျေးသည်တို့သည် ဖောက်သည်များအား စိတ်ရွှင်မြူးစေရန် ဤကဲ့သို့သော စကားချို စကားသာများကို ကျွမ်းကျင်စွာ သုံးနှုန်းတတ်ကြသော်လည်း ဤရှေးခေတ် စနစ်ကာလဝယ် ဤမျှ စကားပြော အကွက်စေ့ကာ ပါးနပ်သူမျိုးကို တွေ့ရှိရရန် ခဲယဉ်းလှသောကြောင့် ဖြစ်၏။ ယန်ချုံးက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

“ဆိုင်ရှင် အစ်မ... ဒီမှာ လှလှပပ ပိတ်စတွေ အများကြီးရှိတယ်ဆိုတာ ကြားလို့ ကျွန်တော်တို့ လမ်းတွေ အများကြီး ဖြတ်ကျော်ပြီး တကူးတက လာခဲ့တာ”

ဆိုင်ရှင် အမျိုးသမီးသည် နှုတ်ခမ်းကို အုပ်ကာ တခစ်ခစ် ရယ်မောလိုက်ရာ ညို့ဓာတ် ပြည့်ဝသော ဆွဲဆောင်မှု အလှတရားတို့သည် ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့လွင့်သွားသယောင် ရှိတော့သည်။

“ရဲဘော်... မင်း တကယ်ကို အမှား မကြားခဲ့ရပါဘူး။ နေရာလည်း မမှားဘူး။ ကျွန်မ လေလုံးထွားတာ မဟုတ်ဘူးနော်။ ဒီစစ်ကျိုချန် တစ်မြို့လုံးမှာ ပိတ်စ ဝယ်မယ်ဆိုရင် နိုင်ငံပိုင် အရောင်းဆိုင်တွေ အပါအဝင် ဘယ်ဆိုင်မှ ကျွန်မ ချန်ရွှယ်ရူ ဆိုင်ထက် ပိုလှတာ၊ ပိုစုံတာ မရှိစေရဘူး”

ချန်ရွှယ်ရူ။

ယန်ချုံး၏ ရင်ထဲ၌ အလွန်အမင်း တုန်လှုပ် အံ့ဩသွားကာ ထိုကျော့ရှင်း လှပသော ဆိုင်ရှင် အမျိုးသမီးအား မယုံကြည်နိုင်ဟန်ဖြင့် သေချာစွာ စိုက်ကြည့်မိပြန်သည်။ ဩော်... အံ့ဩစရာ မရှိတော့ပါပေ။ စကားပြောဆို ဆက်ဆံရာ၌ ဤမျှအထိ ပါးနပ် ကျွမ်းကျင်လှသည်မှာ “ကျန့်ရန်မန်အောက်က အမျိုးသမီးငယ်” ဇာတ်လမ်း ကမ္ဘာထဲမှ ချန်ရွှယ်ရူ ကိုယ်တိုင် ဖြစ်နေသောကြောင့်ပင် ဖြစ်လေသည်။

All Chapters