← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃) အဝတ်အစားချုပ်ခြင်း

ယန်ချုံးအတွက်မူ ချန်ရွှယ်ရူ ဟူသော အမျိုးသမီးသည် အစိမ်းသက်သက် မဟုတ်ဘဲ ရင်းနှီး ကျွမ်းဝင်ပြီးသား ဖြစ်နေ၏။ ဤအမျိုးသမီးကား ‘စစ်ဟဲ့ယွမ်’ လောက ကမ္ဘာမှ ဇာတ်ကောင်တစ်ဦး မဟုတ်ဘဲ ‘ကျန့်ရန်မန်အောက်က အမျိုးသမီးငယ်’ ဟူသည့် အခြားခေတ်လွန် ဇာတ်လမ်းတွဲ တစ်ခုမှ ခေါင်းဆောင် မင်းသမီး ဖြစ်ပေသည်။ ရူပါရုံအဆင်း လှပ ကျော့ရှင်းပြီး ပွင့်လင်း မြင်သာမှု ရှိလှသည့်အပြင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာ၌လည်း ပါးနပ် ကျွမ်းကျင်သူ ဖြစ်၏။ ယနေ့ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုက်ရချိန်တွင်မူ ကျော်ဇောသည့် သတင်းနှင့်အညီ ထူးချွန် ထက်မြက်သည့် အစွမ်းအစရှိသူ ဖြစ်ကြောင်း သိမြင်လိုက်ရတော့သည်။ ဤသည်ကို ထောက်ဆခြင်းဖြင့် သူ ရောက်ရှိ ကူးပြောင်းလာခဲ့သော ကမ္ဘာမြေသည် သာမန် စစ်ဟဲ့ယွမ် ကမ္ဘာတစ်ခုတည်း မဟုတ်နိုင်ကြောင်း သဘောပေါက်မိလေသည်။

သူက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

“ဟုတ်လား။ ဒါဆို ဆိုင်ရှင်မမကို အကူအညီ တောင်းရတော့မယ်။ ကျွန်တော့်ဇနီးအတွက် အဝတ်အစားချုပ်ဖို့ လှပတဲ့ ပန်းပွင့် ဒီဇိုင်းလေး တစ်ခုလောက် ရှာပေးပါဦး”

ထိုသို့ ပြောပြီးနောက် ခေါင်းလှည့်ကာ ဘေးဘီဝဲယာကို ကြည့်လိုက်ရင်း…

“ဒါနဲ့ ဆိုင်ရှင်မမ… ဒီမှာ တစ်ခါတည်း အဝတ်အစားချုပ်ပေးလို့ ရလား”

ထိုခေတ် ထိုအခါက သာမန် အထည်ဆိုင်ကြီးများတွင် ဝယ်ယူသူများ စိတ်တိုင်းကျ အဆင်ပြေစေရန်အလို့ငှာ အဝတ်အစားချုပ် လုပ်ပေးသည့် စက်ချုပ်ဆရာများကို တစ်ပါတည်း ထားရှိလေ့ရှိကြသည်။

ချန်ရွှယ်ရူက ပြုံးပြီး ပြောလာသည်။

“ရတာပေါ့ သေချာပေါက် ရပါတယ်။ ကျွန်မတို့ အရင်ဆုံး အထည်စ ရွေးကြရအောင်။ ရွေးပြီးသွားရင် ညီမလေးအတွက် ကိုယ်တိုင်း ယူပေးမယ်။ ပြီးရင် စက်ချုပ်ဆရာကို ချုပ်ခိုင်းလိုက်မယ်လေ”

ထိုသို့ပြောရင်း ကောင်တာထဲသို့ ဝင်သွားကာ လှပသော ပန်းပွင့် ဒီဇိုင်းပါသည့် အထည်လိပ် အချို့ကို ဆက်တိုက် ပွေ့ယူလာပြီး ကောင်တာပေါ်သို့ တင်လိုက်သည်။

“လာ... ညီမလေး ကိုယ်သဘောကျတာ တစ်ခု ရွေးလိုက်”

ယွီရှို့သည် ဝမ်းမြောက်ဝမ်းသာဖြင့် အနားသို့ တိုးကပ်သွားပြီး လှပသော အထည်စများကို တစ်ခုပြီး တစ်ခု လှည့်ပတ် ကြည့်ရှုရင်း ချက်ချင်း ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေရှာသည်။ အထည်လိပ် တစ်ခုချင်းစီသည် တစ်ခုထက် တစ်ခု ပိုမိုလှပ ဆန်းပြားနေသဖြင့် သူမ၏ မျက်စိများပင် လည်မတတ် ဖြစ်ရလေသည်။ အထူးသဖြင့် မျက်စိရှေ့မှောက်ရှိ အထည်လိပ်နှစ်ခုစလုံးကို သဘောကျ နှစ်သက်နေမိသဖြင့် မည်သည့် အထည်စကို ရွေးချယ်ရမည်မှန်း ဝေခွဲ၍ မရနိုင် ဖြစ်နေတော့သည်။

ယန်ချုံးသည် သူမ၏ အဖြစ်ကို တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် အကဲခတ် မိသွားကာ ပြတ်ပြတ်သားသားပင် ဆုံးဖြတ်ပေးလိုက်လေသည်။

“ဆိုင်ရှင်မမ… ဒီအထည်စ နှစ်မျိုးစလုံးနဲ့ အင်္ကျီချုပ်မယ်။ တစ်မျိုးကို တစ်ထည်စီ ချုပ်ပေးပါ။ ပြီးတော့ ဘောင်းဘီချုပ်ဖို့အတွက် မီးခိုးရောင် အထည်စ တစ်စလောက် ဖြတ်ပေးပါ”

ထိုစကားကို ကြားလျှင် ချန်ရွှယ်ရူ၏ မျက်နှာထက်၌ အပြုံးပန်းများ ချက်ချင်းပင် ဝေဆာသွားတော့သည်။ ယနေ့တစ်နေ့လုံး ဆိုင်၌ အရောင်းအဝယ် အေးစက်နေခဲ့သော်လည်း ယခုမူ အဆင်ပြေ ချောမွေ့သွားချေပြီ။ “ဖောက်သည်ကြီး” တစ်ယောက် ရောက်ရှိလာပြီး တစ်ပြိုင်တည်း အဝတ်အစား နှစ်စုံတောင် ချုပ်လုပ်မည် မဟုတ်ပါလော။

ယွီရှို့ကတော့ ဒါကို ကြားလိုက်သည်နှင့် အမြန် ခေါင်းခါလိုက်သည်။

“မလုပ်ပါနဲ့ တစ်ထည်ဆို လုံလောက်ပါပြီ။ နှစ်ထည်ဆို ပိုက်ဆံတွေ အများကြီး ကုန်လိမ့်မယ်။ ပြီးတော့ ဘောင်းဘီလည်း ချုပ်စရာ မလိုပါဘူး။ အစ်ကို့ဆီက အဟောင်းတွေ ဝတ်လို့ရပါတယ်”

ယန်ချုံးက ငြင်းပယ်သည့် အနေဖြင့် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြလိုက်ရင်း ပြောသည်။

“ပိုက်ဆံအတွက် စိတ်မပူပါနဲ့။ ကိုယ်က မင်းကို ဇနီးအဖြစ် လက်ထပ်ထားမှတော့ မင်းကို အဝတ်အစားတောင် မဝတ်နိုင်တဲ့ အဖြစ်မျိုး ရောက်အောင် ထားမှာ မဟုတ်ပါဘူး”

ယွီရှို့က တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ် ဘေးနားရှိ ချန်ရွှယ်ရူက ပြုံးလျက် ဝင်ပြောလိုက်သည်။

“ညီမလေးရယ်… ယောက်ျားတစ်ယောက်က ကိုယ့်ကို ဒီလောက် အလိုလိုက်နေတာ တခြားလူတွေဆို အိပ်မက်ထဲတောင် မမက်ဖူးဘူး။ သူ့စကားကိုသာ နားထောင်လိုက်စမ်းပါ”

ထိုသို့ ပြောဆိုရင်း ကောင်တာပေါ်တွင် အသင့်ရှိနေသော ပေကြိုးကို လှမ်းယူလိုက်ကာ ပြောသည်။

“လာ... ညီမလေး အထည် ဘယ်လောက်လိုမလဲဆိုတာ သိရအောင် ကိုယ်တိုင်း ယူကြည့်ရအောင်”

ယွီရှို့သည် သူမ၏ စကားကို ကြားရသောအခါ ထပ်မံ၍ မငြင်းဆန်ဝံ့တော့ဘဲ လှပသော မျက်နှာငယ်လေးက နီမြန်းလျက် ချန်ရွှယ်ရူ၏ ရှေ့မှောက်၌ လိမ္မာရိုသေစွာ ကိုယ်တိုင်း အယူခံလေတော့သည်။ ချန်ရွှယ်ရူသည် ကိုယ်တိုင်းအား တိုင်းတာပေးရင်း တစ်ဖက်မှလည်း တအံ့တဩ ရေရွတ်နေမိသည်။

“ကျွတ် ကျွတ် ကျွတ်... ညီမလေး တကယ်ကို မသိသာဘူးနော်။ အပြင်ပန်းကြည့်တော့ ပိန်ပိန်လေးနဲ့ အခု တိုင်းကြည့်မှပဲ တင်ပါးက တော်တော် အချိုးကျတာပဲ။ နောင်ကျရင် သေချာပေါက် သားယောက်ျားလေး မွေးနိုင်မယ်။ အနည်းဆုံး နှစ်ယောက်လောက်တော့ မွေးနိုင်မှာ သေချာတယ်။ မောင်လေး... မင်းတော့ ရတနာသိုက်ကြီး ကောက်ရတာပဲ”

ယန်ချုံး “......”

ယွီရှို့မှာ ပိုမို၍ မျက်နှာ ပူနွေးလာကာ ပါးပြင်မှ လည်ပင်းထိတိုင်အောင် ရှက်သွေးဖြာကာ နီရဲသွားတော့သည်။

“အစ်မ...”

ကိုယ်တိုင်း တိုင်းတာ ပြီးစီးသွားသောအခါ ချန်ရွှယ်ရူသည် စိတ်ထဲမှ အမြန် တွက်ချက်ကြည့်လိုက်ရင်း ပြောလိုက်သည်။

“မောင်လေးနဲ့ ညီမလေး အင်္ကျီတစ်ထည်ကို အထည် ခုနစ်ပေ လိုတယ်။ နှစ်ထည်ဆိုတော့ တစ်ဆယ့်လေးပေ။ အဲဒါကို ဘောင်းဘီ တစ်ထည်စာ ခြောက်ပေ ပေါင်းလိုက်ရင် စုစုပေါင်း အထည် ပေနှစ်ဆယ် လိုမယ်”

ထိုသို့ပြောဆိုရင်း ယန်ချုံး၏ မျက်နှာကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။ သူမ၏ အဓိပ္ပာယ်မှာ ယန်ချုံးထံ၌ အထည်လက်မှတ် လုံလုံလောက်လောက် ရှိမရှိကို သိလိုခြင်း ဖြစ်၏။ ထိုခေတ် ထိုအခါက မည်သည့် လူသုံးကုန်ပစ္စည်းကိုမဆို လက်မှတ်ဖြင့်သာ ဝယ်ယူခွင့်ရှိပြီး ထိုလက်မှတ်များကိုလည်း အကန့်အသတ်ဖြင့်သာ ဝေငှ ထုတ်ပေးထားသောကြောင့် သာမန် မိသားစုများအဖို့ ဤမျှ များပြားလှသော အထည်လက်မှတ်များကို အလွယ်တကူ ထုတ်ပေးရန် အမှန်တကယ်ပင် ခက်ခဲလှပေသည်။

“မောင်လေး စုစုပေါင်း ၁၈ ယွမ်ကျမယ်။ ပြီးတော့ အထည်လက်မှတ် ပေနှစ်ဆယ်စာ လိုမယ်...”

သို့သော် ယန်ချုံးသည် တုံ့ဆိုင်းခြင်း မရှိဘဲ အိတ်ကပ်ထဲမှ အထည်လက်မှတ်နှင့် ငွေစက္ကူများကို အသာအယာ ထုတ်ပေးလိုက်ရင်း ပြောလိုက်သည်။

“ပေနှစ်ဆယ် ဟုတ်လား။ အတော်ပဲ ကျွန်တော့်ဆီမှာလည်း အထည်လက်မှတ် ပေနှစ်ဆယ်စာ ကွက်တိရှိနေတယ်”

တိုက်ဆိုင်လှစွာပင် စနစ်က ယခင်က အပိုအလို မရှိ ဆုချထားခဲ့သော အထည်လက်မှတ်မှာ ပေနှစ်ဆယ်စာ ကွက်တိ ဖြစ်နေ၏။ ဤသည်မှာ ဧကန်မုချ ယွီရှို့အတွက် သီးသန့် ပြင်ဆင်ပေးထားခြင်း ဖြစ်ပေလိမ့်မည်။ ထိုအခါမှ ချန်ရွှယ်ရူသည် စိုးရိမ်စိတ် လျော့ပါးသွားကာ သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြုံးရွှင်စွာ ပြောကြားလေသည်။

“တကယ်ကို ကွက်တိပါပဲလား။ ဒါပေမဲ့ မောင်လေးရေ... ဒီနေ့ အကုန်ပေးစရာ မလိုသေးပါဘူး၊ စပေါ်ငွေ နှစ်ယွမ် အရင်ပေးထားရင် ရပြီ။ ကျန်တာကို အဝတ်အစားလာယူတဲ့ အချိန်မှ ပေးပါ။ အခုပဲ စက်ချုပ်ဆရာကို မင်းတို့အတွက် အဝတ်အစား ချုပ်ခိုင်းလိုက်ပါ့မယ်။ အစ်မတို့ဆိုင်က စက်ချုပ်ဆရာက တစ်သက်လုံး အဝတ်အစားချုပ်လာတဲ့ ဆရာကြီးတွေလေ။ လက်ရာကလည်း သေသပ်သလို မြန်လည်း မြန်တယ်။ မနက်ဖြန် ဒီအချိန်လောက်ဆို လာယူလို့ရပြီ”

စကားအဆုံးတွင် သူမသည် ဘောက်ချာ ဖြတ်ပိုင်းတစ်ခုကို ရေးသား ဖြတ်တောက်ကာ ယန်ချုံး၏ လက်သို့ ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။

“မောင်လေး… အချိန်ကျရင် ဒီဘောက်ချာလေးယူပြီး လာခဲ့နော်”

ယန်ချုံးက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အဝတ်အစားချုပ်လုပ်ရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်သည်ဖြစ်ရာ အဝတ်အစား သုံးထည်စလုံးကို မနက်ဖြန်တွင် အပြီးသတ် ချုပ်လုပ်ပေးနိုင်မည် ဆိုခြင်းမှာ အလွန်ပင် လျင်မြန်လှသည်ဟု ဆိုရပေမည်။

“သွားရအောင် အချိန်လည်း မစောတော့ဘူး။ ကိုယ်တို့ အိမ်ပြန်သင့်ပြီ”

ယန်ချုံးသည် ယွီရှို့၏ လက်နုနုလေးကို ဆုပ်ကိုင်လျက် အထည်ဆိုင်အတွင်းမှ ထွက်ခွာလာခဲ့ကြသည်။ ထိုသူတို့ ဇနီးမောင်နှံ၏ ကျောပြင်ငယ်များကို လှမ်းမျှော် ကြည့်ရှုရင်း ချန်ရွှယ်ရူသည် မိမိ၏ အတိတ်နေ့ရက်များကို ပြန်လည်သတိရ တမ်းတမိဟန်ဖြင့် အားကျနှစ်သက်သော မျက်နှာရိပ် မျက်နှာကဲမျိုး လွှမ်းမိုးနေတော့သည်။

‘စစ်ဟဲ့ယွမ်’ ခြံဝင်းသို့ ပြန်လည်ရောက်ရှိလာသောအခါ ခြံဝင်းအတွင်းရှိ လူအပေါင်းတို့သည် သူတို့ ဇနီးမောင်နှံနှစ်ဦး ချစ်ခင်ကြည်နူးစွာ ပြန်လည် ဝင်ရောက်လာသည်ကို မြင်တွေ့ရလျှင် မျက်နှာအမူအရာ အထွေထွေ ပေါ်လွင်သွားကြလေသည်။ ထိုအထဲ၌ အားကျခြင်း၊ မနာလို မရှုစိမ့်ခြင်းနှင့် မုန်းတီး ငြိုငြင်ခြင်း စသည့် ခံစားချက်မျိုးစုံ ရှုပ်ထွေးစွာ ပါဝင်နေတော့သည်။ သို့သော် ဒေါ်လေးဝမ် တစ်ဦးတည်းသာလျှင် အရှေ့သို့ ပျူငှာ နွေးထွေးစွာ ထွက်လာပြီး နှုတ်ဆက်စကား ဆိုလေသည်။

“မှတ်ပုံတင်ပြီးပြီလား”

ယွီရှို့မှာ မျက်နှာလေး ရှက်သွေးဖြာလျက် ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်ရင်း ပြောသည်။

“မှတ်ပုံတင်ပြီးပါပြီ ဒေါ်လေး”

ထိုသို့ ပြောဆိုရင်း မိမိ၏ လက်ထဲတွင် တမြတ်တနိုး ဆုပ်ကိုင်ထားသည့် စက္ကူလက်မှတ်လေးကို ဒေါ်လေးဝမ်ထံသို့ အသာအယာ ထုတ်ဖော် ပြသလိုက်သည်။ ဒေါ်လေးဝမ်သည်လည်း ဝမ်းမြောက်ဝမ်းသာဖြင့် တဆက်တည်း ဆိုလေသည်။

“ကောင်းတယ် ကောင်းတယ်။ မှတ်ပုံတင်ပြီးတာ ကောင်းတာပေါ့။ အခုဆို မင်းတို့က မိသားစုဝင်တွေ ဖြစ်သွားပြီဆိုတော့ တခြားလူတွေ အတင်းအဖျင်း ပြောမှာကို ကြောက်စရာမလိုတော့ဘူး”

ယွီရှို့သည် ခေါင်းကို တည်ငြိမ်စွာ ညိတ်လိုက်ပြီး ဘေးနား၌ မတ်တပ်ရပ်နေသော ယန်ချုံးကို လှမ်းမျှော် ကြည့်လိုက်ရာ မျက်နှာထက်၌ ပျော်ရွှင်ကြည်နူးမှုနှင့် ရှက်သွေးဖြာသော အပြုံးပန်းများ ဝေဆာသွားတော့သည်။ ထိုအခါ ဒေါ်လေးဝမ်က ဆက်လက်၍ မှာတမ်းခြွေလေသည်။

“ချုံးလေး... အဒေါ် တစ်ခွန်းတော့ ပြောရဦးမယ်။ နောင်ကျရင် မင်းက လူပျိုကြီး မဟုတ်တော့ဘူး။ ကိုယ်တစ်ယောက်တည်း စားရုံနဲ့ မိသားစုတစ်ခုလုံး ဗိုက်ဝနေတဲ့ ဘဝ မဟုတ်တော့ဘူး။ အလုပ်ကို သေချာ ကြိုးစားလုပ်ရမယ်။ ရှို့အာလေးကို မင်းနဲ့အတူ ဒုက္ခခံ ငတ်ပြတ်အောင် မထားရဘူးနော်”

ယန်ချုံးက လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်ရင်း ပြောသည်။

“စိတ်ချပါ ဒေါ်လေး ကျွန်တော် ရှို့အာကို ကောင်းမွန်တဲ့ ဘဝတစ်ခု သေချာပေါက် ဖန်တီးပေးမှာပါ”

သူ၏ ဤကတိစကားသည် နှုတ်လျှာအရာ၌သာ ပြောဆိုခြင်း မဟုတ်ပေ။ နောက်တစ်နေ့ နံနက်စာ သုံးဆောင်ပြီးသည်နှင့် တစ်ပြိုင်နက် သူသည် အိမ်အပြင်သို့ လှမ်းထွက်ခဲ့လေသည်။ စနစ်မှ ဆုချီးမြှင့်ထားသော ငွေသား ယွမ် ဆယ်ဂဏန်းခန့်နှင့် ရိက္ခာ အဆာပြေများစွာ ကျန်ရှိနေသေးသဖြင့် သူတို့ ဇနီးမောင်နှံနှစ်ဦး အေးချမ်းစွာဖြင့် ပျားရည်ဆန်း ခရီးရက်များကို ဖြတ်သန်းရန် လုံလောက်လှသော်လည်း လုပ်ကိုင်ခြင်း မရှိဘဲ ထိုင်စားနေပါက တောင်လောက်ကြီးသော ရတနာပင် ပြုန်းတီးသွားနိုင်သည်ဟူသော လောကဓမ္မတာကို ယန်ချုံး နက်နက်နဲနဲ သဘောပေါက်ထား၏။ ထိုကြောင့် ယာယီသုခကို မက်မောလျက် အရင်းအနှီးများ ကုန်ခမ်းသွားမှ ငွေကြေးရှာဖွေရန် သူ မတွေးတောလိုချင်ပေ။ ထိုအပြင် စနစ်က ဆုလာဘ်အဖြစ် ပေးသနားထားသော နတ်ဘုရားအဆင့် မုဆိုးစွမ်းရည်သည် မည်မျှ အတိုင်းအတာအထိ အသုံးဝင်ကြောင်းကိုလည်း သူ တစ်ကြိမ် တစ်ခါမျှ မစမ်းသပ်ရသေးချေ။

ယွီရှို့သည် သူ အိမ်အပြင်သို့ ထွက်ခွာမည်ကို မြင်လျှင် လိမ္မာပါးနပ်စွာဖြင့် ဂျုံကိတ်အချို့ကို ပူပူနွေးနွေး ကင်ပေးကာ ဟင်းအနည်းငယ်ကိုလည်း ချက်ပြုတ်၍ နေ့လယ်စာအဖြစ် သုံးဆောင်နိုင်ရန် ထမင်းဘူးထဲသို့ စနစ်တကျ ထည့်သွင်းပေးလေသည်။ ထိုခေတ်ကာလ၌ အပြင်ထွက်၍ ကျပန်းအလုပ် လုပ်ကိုင်ကြသူ အပေါင်းတို့သည် ထမင်းချိုင့်ကို ကိုယ်စီ သယ်ဆောင်သွားလေ့ရှိကြပြီး နိုင်ငံတော်ပိုင် စက်ရုံကြီးများတွင် အမှုထမ်းသူများသာလျှင် လုပ်ငန်းခွင်ရှိ စားသောက်ခန်းမ၌ စားသောက်ခွင့် ရရှိကြစမြဲ ဖြစ်သည်။

“အစ်ကို… ဒီနေ့လည်း အထုပ် သွားထမ်းမှာလား။ နည်းနည်းလောက်ပဲ ထမ်းဖို့ သတိရနော် ကိုယ့်ကိုကိုယ် သိပ်ပြီး မပင်ပန်းစေနဲ့”

ယွီရှို့က မှာကြားလိုက်သည်။

ယန်ချုံးသည် မိမိ၏ လက်ဖဝါးကြီးများဖြင့် သူမ၏ ဆံနွယ်နုနုများကို ညင်သာစွာ ပွတ်သပ်ရင်း ဆိုလေသည်။

“မဟုတ်ဘူး နောက်ဆို ကိုယ် အထုပ် မထမ်းတော့ဘူး။ အထုပ်ထမ်းတာက ပိုက်ဆံ သိပ်မရဘူး။ ကိုယ့်ကိုကိုယ်တောင် မကျွေးမွေးနိုင်ဘူးလေ။ နောက်ဆို ကိုယ်က မင်းကိုပါ ကျွေးမွေးရဦးမှာဆိုတော့ ပိုက်ဆံပိုရမဲ့ အလုပ်တစ်ခုခု လုပ်မှရမယ်”

ယွီရှို့သည် စူးစမ်းလိုသော စိတ်ဆန္ဒဖြင့် မေးမြန်းလိုက်သည်။

“အထုပ် မထမ်းတော့ဘူးလား။ ဒါဆို ဘယ်အလုပ်က အထုပ်ထမ်းတာထက် ပိုပြီး ပိုက်ဆံရလို့လဲ”

ယန်ချုံးက လျှို့ဝှက်စွာ ပြုံးလိုက်ရင်း ဆိုသည်။

“မင်းကို အခု မပြောပြသေးဘူး။ ကိုယ် ပြန်လာတဲ့အခါကျရင် မင်း သိရမှာပါ”

ထိုသို့ ပြောဆိုပြီးနောက် ထမင်းဘူးထည့်ထားသော အဝတ်အိတ်ကို ကောက်ယူကာ အိမ်အပြင်သို့ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော် လှည့်အထွက်၌ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခေါင်းပြန်လှည့်ကာ မှာကြားလိုက်သေးသည်။

“ရှို့အာ… နေ့ခင်းဘက် ကိုယ် အိမ်မှာ မရှိတဲ့အချိန် ခြံထဲက လူတွေ မင်းကို အနိုင်ကျင့်လာရင် အထူးသဖြင့် ဘေးအိမ်က မိသားစုဆိုရင် မှတ်ထားနော်။ သူတို့နဲ့ ပြဿနာ မတက်နဲ့ ကိုယ် ပြန်လာမှ သူတို့ကို ရှင်းမယ်”

ယွီရှို့၏ ရင်တွင်းဝယ် နွေးထွေးသော မေတ္တာရိပ်တို့ လွှမ်းခြုံသွားရကာ ပြန်ဖြေလိုက်သည်။

“အစ်ကို… ညီမ သိပါပြီ”

All Chapters