အခန်း ၁၇
Vol. 2 Ch. 17
အခန်း (၁၇) - လူရိုက်တာတောင် အကြောင်းပြချက် ရှိတယ်
ကျားကျန်းရှစ်တစ်ယောက် ယွီရှို့အား လမ်းဘေးမှ ကောက်ရလာသည့် သူတောင်းစားဟု ပက်ပက်စက်စက် စော်ကားပြောဆိုခဲ့သည်ကို လူအများက ယခုမှပင် သတိလက်လွတ်ဖြစ်ရာမှ အမှတ်ရသွားကြလေသည်။ ယန်ချုံးက ဤအကြောင်းကြောင့်ပင် သူမအပေါ် လက်ပါခဲ့လေသလော။ သို့ဆိုလျှင်တော့ ဤအရိုက်ခံရမှုသည် သိပ်တော့လည်း မနစ်နာလှချေ။
ကျားတုန်းရွှီမှာ ပြာယာခတ်သွားပြီး စကားများပင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားရရှာသည်။
“မင်း... မင်း... လူကို ဆဲတာပဲရှိတယ်။ ရိုက်စရာတော့ မလိုဘူးလေ။ ဒီနေ့တော့ မင်းနဲ့ငါ အသေအကြေပဲကွ”
သူသည် အတော်ကြာကြာ အော်ဟစ်နေခဲ့သော်လည်း မည်သူတစ်ဦး တစ်ယောက်ကမျှ ဝင်ရောက်ဆွဲမည့်သူ မရှိခဲ့ပေ။ ထို့ကြောင့် ဘာမျှ မတတ်နိုင်တော့သည့်အဆုံး မျက်နှာပြောင် တိုက်ကာပင် ရှေ့သို့ ပြေးဝင်သွားတော့သည်။ သို့သော်ငြား အနားသို့ပင် မရောက်လိုက်။ ယန်ချုံး၏ လျင်မြန်လှသော ခြေကန်ချက် တစ်ချက်အောက်တွင် သူပါ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားရလေသည်။ ယခုအခါတွင်တော့ သားအမိ နှစ်ယောက်စလုံး မြေကြီးပေါ်၌ ပြားပြားဝပ် သွားကြလေပြီဖြစ်သည်။
ကျားကျန်းရှစ်သည် ပါးစပ် ဟလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ထုံးစံအတိုင်း စတင်ငို ယိုပြတော့သည်။
“လောင်ကျားရေ... မျက်စိလေး ဘာလေး ဖွင့်ကြည့်ပါဦး။ ဒီမှာ ကျုပ်တို့ မုဆိုးမ သားအမိ နှစ်ယောက်ကို အနိုင်ကျင့်နေကြပြီ။ ရှင် မြန်မြန် ဆင်းလာပြီး သူ့ကို ခေါ်သွားလိုက်ပါတော့”
သေသူကို တိုင်တည်နေသည့် သူမ၏ နာမ်ခေါ် နတ်ပညာရပ်မှာ တစ်ကျော့ပြန် စတင်လာခဲ့ပြန်လေပြီ။ ယီကျုံးဟိုင်၏ မျက်နှာကြီးမှာ ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်နေပြီဖြစ်သည်။ ယန်ချုံးတစ်ယောက် သူ၏ မျက်ကွယ်၌ မဟုတ်ဘဲ မျက်မှောက်တွင်ပင် ကျားတုန်းရွှီ သားအမိ နှစ်ယောက်အား ရိုက်နှက်လိုက်ခြင်းသည် ခြံဝင်းအုပ်ချုပ်သူ အဘိုးကြီး တစ်ဦးဖြစ်သည့် သူ့အား လုံးဝ ဂရုမစိုက်ရာ ကျနေပေသည်။
“ယန်ချုံး... မင်းက သိပ်လွန်လွန်းသွားပြီ။ သူများတွေကို ခဏခဏ ရိုက်နှက်တယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေကို အနိုင်ကျင့်တယ်။ ဒီခြံဝင်းက မင်းကို ကြိုမဆိုဘူး။ ဒီခြံဝင်းထဲကနေ ပြောင်းသွားပေး”
ယန်ချုံးက အထင်အမြင် သေးဟန်ဖြင့် နှာတစ်ချက် မှုတ်လိုက်လေသည်။
“ယီကျုံးဟိုင်... ခင်ဗျား လာမခြောက်နဲ့။ ဒီအိမ်က ကျွန်တော့်အဖေနဲ့ အမေ ဝယ်ထားတာမို့ ကျွန်တော် ဒီမှာနေတာ တရားတယ်။ ခင်ဗျားရဲ့ စကားတစ်ခွန်းတည်းနဲ့ ကျွန်တော့်ကို နှင်ထုတ်ချင်နေတာလား။ ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူမှတ်နေလဲ”
“မင်း...”
ယီကျုံးဟိုင်မှာ ဒေါသထွက်လွန်းလှသဖြင့် နှာခေါင်းပင် ရွဲ့လုမတတ် ဖြစ်သွားရသည်။ ဤခြံဝင်းအတွင်း၌ ဘယ်သောအခါကများ သူ့အား ဤကဲ့သို့ ရဲရဲတင်းတင်း ပြန်လည် ပြောဆိုဝံ့သူ ရှိခဲ့ဖူးပါသနည်း။ ဤသည်မှာ သူ၏ အာဏာကို ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
သို့တိုင်အောင် ယန်ချုံး၏ စကားများမှာလည်း တစ်စက်ကလေးမျှ မှားယွင်းမနေပေ။ ယန်မိသားစု၏ အိမ်သည် သူတို့နှင့် မတူညီချေ။ သူတို့နေထိုင်သည့် အိမ်များမှာ စက်ရုံနှင့် ရပ်ကွက်မှ ခွဲဝေ ချထားပေးသော အိမ်များဖြစ်ကာ ကိုယ်ပိုင် ပိုင်ဆိုင်ခွင့် မရှိဘဲ နေထိုင်ခွင့်သာ ရှိကြခြင်းဖြစ်သည်။ ယန်မိသားစု၏ အိမ်မှာမူ ယန်ချုံး၏ ဖခင်ဖြစ်သူက လွန်ခဲ့သော နှစ်များစွာကတည်းက ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူထားခဲ့ခြင်းဖြစ်ရာ မည်သူကမျှ သူ့အား ဤခြံဝင်းထဲမှ နှင်ထုတ်ပိုင်ခွင့် မရှိနိုင်ပေ။
“မင်း သက်ကြီးရွယ်အိုကို ရိုက်တာကိုက မှားနေတာပဲ။ မင်းကို ရပ်ကွက်ရုံးက ဖြေရှင်းပေးဖို့ ငါပြောရမယ်”
ယီကျုံးဟိုင်မှာ အခြား မည်သို့မျှ မတတ်နိုင်တော့သဖြင့် ရပ်ကွက်ရုံးကို အသုံးချကာ ယန်ချုံးအား ခြိမ်းခြောက်ရတော့သည်။ သို့သော် ယန်ချုံးက ခနဲ့တဲ့တဲ့ အပြုံးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
“ရတယ်လေ ခင်ဗျား သဘောပဲ”
ယီကျုံးဟိုင်သည် မျက်နှာလွှဲကာ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်...
“ယန်ကျဲချန်... သွား ရပ်ကွက်ရုံးက ဒါရိုက်တာလီကို သွားပင့်ချေ”
ထိုစဉ် လျိုဟိုင်ကျုံးက အနားသို့ ကပ်လာလေသည်။
“လောင်ယီရာ... ဒါသာ ရပ်ကွက်ရုံးအထိ ပေါက်ကြားသွားရင် ငါတို့ ခြံဝင်းရဲ့ ဒီနှစ် စံပြ ခြံဝင်းဘွဲ့တော့ မရတော့ဘူးနော်”
ယီကျုံးဟိုင်၏ မျက်နှာမှာ ပို၍ပင် ဆိုးရွားသွားတော့သည်။
“ဒါဆို မင်း အဓိပ္ပာယ်က သူက လူကြီးကို အလကားသက်သက် ရိုက်လိုက်ရုံပဲလား”
လျိုဟိုင်ကျုံးက သူ၏ လက်နှစ်ဖက်ကို အင်္ကျီလက်ပွထဲ ထည့်ထားကာ နှုတ်ခမ်းမဲ့လိုက်သည်။
“ငါ့အမြင်ကို ပြောရရင်တော့ ဒီကျားကျန်းရှစ် ပါးစပ် သရမ်းတာကိုလည်း အပြစ်တင်ရမယ်။ အကြောင်းမရှိဘဲ သူများမိန်းမကို သွားဆဲစရာလားကွာ...”
လျိုဟိုင်ကျုံးသည် ခြံဝင်း၏ ဒုတိယအဘိုးကြီး ဖြစ်သည့် အားလျော်စွာ သူ၏ ခေါင်းပေါ်၌ ယီကျုံးဟိုင် လွှမ်းမိုး အုပ်စိုးနေခြင်းကို အမြဲလိုလို မကျေမနပ် ဖြစ်နေတတ်သူ ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ အခွင့်အရေးရလာသည်နှင့် တစ်ပြိုင်နက် သူ့အား ခြေထိုးခံတော့သည်။ ယီကျုံးဟိုင်မှာ ထိုအချက်ကို စိတ်ထဲမှ ကောင်းကောင်းကြီး သိနေသဖြင့် သူ၏ စကားကို ဂရုမစိုက်တော့ဘဲ ယန်ကျဲချန်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
“မင်းကို ဒါရိုက်တာလီဆီ သွားခေါ်ခိုင်းတာ မဟုတ်ဘူးလား။ ဘာလို့ မသွားသေးတာလဲ”
ယန်ကျဲချန်လည်း အလျင်အမြန်ပင် ခြေလှမ်းသွက်သွက်ဖြင့် ပြေးထွက်သွားတော့သည်။ အချိန်သိပ် မကြာလိုက်ချေ။ ရပ်ကွက်ရုံးမှ ဒါရိုက်တာလီသည် ယန်ကျဲချန်၏ နောက်မှ လိုက်ပါလာခဲ့လေပြီ။ ဒါရိုက်တာလီမှာ ယခုအချိန်တွင် အိမ်၌ ယုန်သားကို သန့်စင်နေခိုက်ဖြစ်ရာ ယန်ကျဲချန် လာရောက် ခေါ်ဆောင်သည့်အတွက် စိတ်ထဲ၌ သိပ်၍ ကြည်လင်နေခြင်း မရှိပေ။ ခြံဝင်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် မျက်နှာထား တင်းတင်းကြပ်ကြပ်ဖြင့် မေးခွန်းထုတ်လေသည်။
“ဘာကိစ္စလဲ။ လောင်ယီ... မင်းရဲ့ ခြံဝင်းထဲမှာ ဘာပြဿနာတွေ ထပ်ဖြစ်ပြန်ပြီလဲ။ နှစ်ကုန်တော့မယ်နော် မင်းရဲ့ ဒီစံပြ ခြံဝင်းဘွဲ့ကို လိုချင်သေးရဲ့လား”
ယီကျုံးဟိုင်က အလျင်အမြန် ပြုံးပြလိုက်ရင်း ဆိုသည်။
“ဒါရိုက်တာလီရယ်... ကျွန်တော်လည်း ဒါရိုက်တာကို ဒုက္ခ မပေးချင်ပါဘူး။ ဒါပေမဲ့ ခြံဝင်းထဲမှာ ဒီလို ကိစ္စမျိုးဖြစ်လာတော့ ကျွန်တော်လည်း ဘာမှ မတတ်နိုင်လို့ပါ”
ဒါရိုက်တာလီက သူ့ကို တစ်ချက် စိုက်ကြည့်လိုက်သည်။
“လောင်ယီတောင် ဘာမှ မတတ်နိုင်လောက်အောင် ဘာကိစ္စကြီးများ ဖြစ်နေလို့လဲ”
ယီကျုံးဟိုင်သည် ခေါင်းလှည့်၍ ယန်ချုံးအား လက်ညှိုးထိုးပြကာ ထိုမှတစ်ဆင့် မြေကြီးပေါ်ရှိ ကျားတုန်းရွှီ သားအမိကိုပါ ဆက်လက် လက်ညှိုးထိုးပြလိုက်သည်။
“ဒါရိုက်တာလီ ကြည့်ပါဦး... ဒီယန်ချုံးက လူကြီးသူမကို မရိုသေဘူး။ ခြံဝင်းထဲက သက်ကြီးရွယ်အိုကို ရိုက်နှက်တယ်။ ကျွန်တော်တို့ အဘိုးကြီးတွေရဲ့ အုပ်ချုပ်မှုကိုလည်း မနာခံဘူး။ သူ့ကိုသာ အပြစ် မပေးဘူးဆိုရင် မနက်ဖြန်ကျ ဒီခြံဝင်းထဲက လူကြီးတွေ အကုန်လုံး သူရိုက်တာ ခံရတော့မှာပဲ။ နောက်ဆို ဒီခြံဝင်းကို ဘယ်လို ဆက်အုပ်ချုပ်မလဲ။ ကျွန်တော်တို့ ရပ်ကွက်တစ်ခုလုံးရဲ့ နာမည်လည်း သူ ဖျက်ဆီးလို့ ပျက်စီးရတော့မယ်”
“ယန်ချုံးလား...”
ဒါရိုက်တာလီက ယန်ချုံးအား အံ့ဩတကြီးဖြင့် တစ်ချက် ကြည့်လိုက်လေသည်။ သူမ၏ အမြင်တွင်တော့ ယန်ချုံးဆိုသည့် ကလေးသည် အမြဲတစေ ယဉ်ကျေးလိမ္မာသူ တစ်ဦးသာ ဖြစ်ပေသည်။ မည်သို့သော အကြောင်းကြောင့် သက်ကြီးရွယ်အိုများကို ရိုက်နှက်ရပါသနည်း။
“ဒါရိုက်တာလီ... ကိစ္စက သူတို့ပြောသလို မဟုတ်ပါဘူး”
ယွီရှို့က ကြားမှ ဝင်ရောက် ငြင်းဆိုလိုက်သည်။
“ဒီလိုပါ။ ကျွန်မ အစ်ကိုချုံးက ဒီနေ့ တောင်ပေါ်ကို တစ်နေကုန် သွားပြီး တောကြက်တစ်ကောင် ပစ်လာတာပါ။ အိမ်တောင် မရောက်သေးဘူး။ သူတို့မိသားစုက လမ်းပိတ်ရပ်ပြီး ကျွန်မ အစ်ကိုချုံး ပင်ပင်ပန်းပန်း ပစ်လာတဲ့ တောကြက်ကို အတင်း ယူသွားချင်ကြတာ။ ကျွန်မတို့က ဘယ် သဘောတူပါ့မလဲ။ ကျွန်မတို့က မရဘူးလို့ တစ်ခွန်းပဲ ပြောရသေးတယ်။ ဒီအဒေါ်ကြီးကျားက ကျွန်မကို လမ်းဘေးက ကောက်ရလာတဲ့ တောင်းစားတဲ့ သူဆိုပြီး ဆဲပါလေရော။ ဒါနဲ့ ကျွန်မ အစ်ကိုချုံးလည်း ဒေါသထွက်ပြီး သူ့ကို ပါးတစ်ချက် ရိုက်လိုက်တာ။ အဲဒါကို သူတို့သားအမိ နှစ်ယောက် မြေကြီးပေါ် ထိုင်ချပြီး ရမ်းကား သောင်းကျန်းနေကြတာပါ”
ယွီရှို့မှာ စကား အပြောအဆို သွက်လက် ပြတ်သားလှကာ ကိစ္စအရပ်ရပ်ကို ရှင်းလင်း ပြတ်သားစွာ ရှင်းပြလိုက်ပေသည်။ ဒါရိုက်တာလီသည် မူလကတည်းကပင် ကျားကျန်းရှစ်၏ အစားမက်ကာ အပျင်းကြီးလှသည့် အကျင့်စရိုက်များ၊ ရိုင်းစိုင်းကြမ်းတမ်းကာ အနိုင်ကျင့် ဗိုလ်ကျတတ်သည့် အပြုအမူများကို မကျေမနပ် ဖြစ်နေခဲ့သူဖြစ်သည်။ ဤကဲ့သို့သော ပြဿနာမျိုးမှန်း ကြားလိုက်ရချိန်တွင် သူမ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
ပို၍ ဆိုးသည်မှာ ယန်ချုံးက ယနေ့မှပင် သူမအား တောယုန်တစ်ကောင် လက်ဆောင်ပေးထားသေးလေသည်။ သို့ဖြစ်လေရာ သူမအနေဖြင့် ယန်ချုံးဘက်သို့ ဘက်မလိုက်ဘဲ နေနိုင်ပါမည်လော။ ထို့ကြောင့် ယီကျုံးဟိုင် ထင်မှတ် မထားသည့်အတိုင်း ဒါရိုက်တာလီက ယန်ချုံးအား လူရိုက်သည့် အပြစ်ကို မမေးမြန်းသည့်အပြင် မျက်နှာထား တင်းတင်းမာမာဖြင့် ကျားကျန်းရှစ်ကိုသာ ပြင်းပြင်းထန်ထန် ဆူပူ ကြိမ်းမောင်းလိုက်လေသည်။
“ကျားကျန်းရှစ်... နင်ပဲ ထပ်ပြီးတော့ တစ်နေကုန် အစားမက် အပျင်းကြီးပြီး သူများပစ္စည်းကို အလကားလိုချင်နေတာပဲ။ သူများပစ္စည်းတွေကလည်း ကောင်းကင်က ကျလာတာ မဟုတ်ဘူး။ သူများတွေ တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်မှ ရလာတာ။ တစ်နေ့ တစ်နေ့ ဘာအလုပ်မှ မလုပ်ဘဲ ဟိုလူ ကူညီပါ ဒီလူ ကူညီပါ လုပ်မနေနဲ့။ မှတ်ထား… တခြားသူတွေ ကိုယ့်ကို လေးစားစေချင်ရင် ကိုယ်တိုင်က လူကြီးသူမ ပုံပေါက်အောင် အရင်နေ။ နင်သာ သူများပစ္စည်းကို အတင်း မတောင်းဘဲ သူများမိန်းမကို သွားမဆဲရင် သူများက နင့်ကို ရိုက်ပါ့မလား။ ငါပြောရရင် နင့်ကို ရိုက်တာတောင် သက်သာနေသေးတယ်။ နောက်နောင် နင် ဒီလိုမျိုး ထပ်လုပ်နေမယ်ဆိုရင် ငါ ရဲကို အကြောင်းကြားပြီး နင့်ကို ဖမ်းသွားပြီး ပညာပေးခိုင်းရလိမ့်မယ်။ အဲဒီတော့မှ နင် ပြင်နိုင် မပြင်နိုင် ကြည့်ရသေးတာပေါ့”
ဒါရိုက်တာလီ၏ ပြတ်သားလှသော သဘောထားက လူတိုင်းကို အံ့အားသင့် မှင်တက်သွားစေသည်။ အထူးသဖြင့် ယီကျုံးဟိုင်မှာ ပို၍ပင် မျက်လုံးပြူး မျက်ဆံကြောင် ဖြစ်သွားရကာ ဒါရိုက်တာလီ၏ အင်္ကျီလက်ကို အမြန်ဆွဲ၍ တိုးတိုးလေး ကပ်ပြောလိုက်လေသည်။
“ဒါရိုက်တာလီ... ယန်ချုံးက လူကို ရိုက်တာလေ။ ဘာလို့...”
ဒါရိုက်တာလီက သူ့အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“ခင်ဗျားလည်း အတူတူပဲ လောင်ယီ။ ရပ်ကွက်ရုံးက ခင်ဗျားတို့ကို ခြံဝင်းထဲက အဘိုးကြီးတွေအဖြစ် ခန့်ထားတာက တရားမျှတမှုရှိရှိ စီရင်ဖို့နဲ့ ခြံဝင်းရဲ့ စည်းကမ်းကို ထိန်းသိမ်းဖို့ပဲ။ ဒါပေမဲ့ ခင်ဗျားကတော့ တရားမျှတအောင် မလုပ်တဲ့အပြင် အဆိုးဘက်ကိုတောင် အားပေး အားမြှောက်လုပ်ပြီး ကျားကျန်းရှစ်လို လူမျိုးတွေရဲ့ အကျင့်ဆိုးကို ကြီးထွားလာအောင် လုပ်ပေးနေတယ်။ ဒီနေ့တော့ ဒီလောက်ပဲ ထားမယ်။ နောက်တစ်ခါ ခင်ဗျားက အဆိုးအကောင်း၊ အမှားအမှန်ကို ထပ်ပြီး ခွဲခြား မသိဘူးဆိုရင် ဒီအဘိုးကြီးနေရာကို တခြားလူကို ပေးလိုက်ရုံပဲ ရှိမယ်”
ယီကျုံးဟိုင်မှာ အသက်ရှူပင် မှားသွားရကာ မည်သည့် စကားကိုမျှ ဆက်လက် ဖွင့်ဟ ပြောဆိုခြင်း မပြုရဲတော့ချေ။ ကျားကျန်းရှစ်မှာမူ ပုံမှန်အားဖြင့် ခြံဝင်းအတွင်း၌ မည်မျှပင် ထောင်လွှား မောက်မာနေစေကာမူ ဒါရိုက်တာလီ၏ ရှေ့မှောက်သို့ ရောက်ချိန်တွင်မူ ခယရိုကျိုး သွားရလေသည်။ ဒါရိုက်တာလီဟူသည် အစိုးရ၏ ကိုယ်စားလှယ်ဖြစ်ရာ အကယ်၍သာ အမှန်တကယ် အမျက်ဒေါသ ထွက်သွားပါက သူမအား အချုပ်ခန်းအတွင်းသို့ ရက်အနည်းငယ်ခန့် သေချာပေါက် ထည့်ထားနိုင်စွမ်းရှိသည်ကို ကောင်းကောင်းကြီး သိထားပေသည်။ ထို့ကြောင့်ပင် ခေါင်းကိုသာ ငုံ့ထားလိုက်ရပြီး တစ်ခွန်းတစ်ပါဒမျှ မဟရဲတော့ဘဲ မျက်နှာတစ်ခုလုံးလည်း ညှိုးနွမ်း ကျဆင်းနေတော့သည်။
ဒါရိုက်တာလီက နောက်ထပ် တစ်ခွန်း ဆက်လက် ဟောက်လိုက်သည်။
“ဘာလဲ... ထမလာသေးဘူးလား။ မြေကြီးပေါ် ထိုင်ရတာ သိပ်ဇိမ်ကျနေလို့လား”
ထိုအခါမှ ကျားကျန်းရှစ်နှင့် ကျားတုန်းရွှီတို့လည်း မြေကြီးပေါ်မှ အမြန် ကုန်းရုန်းထလိုက်ကြပြီး ခေါင်းငုံ့ကာ မိမိတို့အိမ်အတွင်းသို့ ပြန်ဝင်သွားကြလေသည်။ ဒါရိုက်တာလီကလည်း ထိုနေရာ၌ ဆက်လက် မနေတော့ဘဲ တစ်ခွန်းမျှသာ ဆိုကာ ကမန်းကတန်း လှည့်ထွက်သွားလေသည်။
“ကဲ... အကုန် လူစုခွဲကြတော့”
အဘယ်ကြောင့်ဆိုသော် သူမ၏ အိမ်တွင် ယုန်သား သန့်စင်ရန် အလုပ်များနေသေးသည် မဟုတ်ပါလော။