← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈) - မင်းလည်း ငါးလာမျှားတာလား

ဒါရိုက်တာလီ ထွက်ခွာသွားပြီးနောက် ယီကျုံးဟိုင်၏ မျက်နှာပြင် တစ်ခုလုံး ညိုမှောင် ပျက်ယွင်းသွားတော့သည်။ မိမိဘက်မှ အခိုင်အမာ ရပ်တည်ပေးလျက် ယန်ချုံးကို သင်ခန်းစာ အကြီးအကျယ် ပေးလိမ့်မည်ဟု မျှော်လင့်ကာ ဒါရိုက်တာလီကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သော်လည်း အဖြစ်အပျက်တို့က သူ၏ တွက်ကိန်းများနှင့် တက်တက်စင် လွဲချော်ခဲ့ရလေသည်။ ဒါရိုက်တာလီသည် ယန်ချုံးအား အပြစ်မတင်သည့်အပြင် သူ့ဘက်မှ ကာကွယ်ပြောဆိုကာ ကျားကျန်းရှစ်ကိုပါ ပြင်းပြင်းထန်ထန် ကြိမ်းမောင်းသွားခဲ့သည်။ ထို့ထက် ပို၍ ဆိုးဝါးသည်မှာ အများသူငါ၏ ရှေ့မှောက်တွင် မိမိကိုပါ ခပ်စိမ်းစိမ်း သတိပေး နှုတ်လှန်သွားခြင်းပင် ဖြစ်ရာ ယီကျုံးဟိုင်တစ်ယောက် လူပုံအလယ်တွင် မျက်နှာအိုးမည်းသုတ်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။

ဒါရိုက်တာလီ ကွယ်ပျောက်သွားသည်နှင့် တစ်ပြိုင်နက် သူသည် ခက်ထန် ညိုညစ်သော မျက်နှာထားဖြင့် ဒေါသတကြီး နှာမှုတ်လျက် မိမိ၏ အခန်းဆောင်ဆီသို့ ဝုန်းဒိုင်းကြဲကာ ပြန်လည် ဝင်ရောက်သွားသည်။

ယီကျုံးဟိုင် ကွယ်ပျောက်သွားသည်နှင့် အိမ်ရာဝင်းအတွင်းရှိ လူအုပ်ကြီးလည်း တဖြည်းဖြည်း လူစုကွဲသွားကြသော်လည်း မထွက်ခွာမှီ ဘေးဘီသို့ ဝေ့ဝဲကြည့်ကာ တစ်ဦးနှင့် တစ်ဦး တိုးတိုးတိတ်တိတ် ဝေဖန် ပြောဆိုနေကြဆဲ ဖြစ်သည်။ မိမိအိမ်ခန်းတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အပြင်ဘက်မှ ကဲ့ရဲ့ရှုတ်ချ သံလှိုင်းတို့က အတိုင်းသား လွင့်ပျံလာရာ ယီကျုံးဟိုင်၏ မျက်နှာထားမှာ ရှုံ့မဲ့ညိုပုပ်၍ ပိုမို ဆိုးဝါးလာတော့သည်။

သို့တိုင်အောင် ရွှီတာ့မောက်ကား ကပျာကယာ ထွက်ခွာခြင်း မရှိသေးဘဲ ယန်ချုံးထံသို့ ချဉ်းကပ်သွားကာ လက်မထောင်ပြလျက် ပြောလိုက်သည်။

“ချုံး... မင်းကတော့ တကယ် မိုက်တယ်ကွာ။ ဒီခြံထဲမှာကို ဒီလောက်အထိ အရှက်ကွဲအောင် လုပ်နိုင်တာ မင်းက ပထမဆုံးပဲ”

ထိုစဉ် လုံရှောင်အယ်က သူ့အား အလောတကြီး လှမ်းဆွဲလိုက်ပြီး ဆိုလေသည်။

“တော်ပါတော့ တာ့မောက်ရယ်... မပြောနဲ့တော့။ မြန်မြန် ပြန်ကြရအောင်”

ညမှောင်ရီ ပျိုးစအချိန်တွင် ယန်ချုံးသည် ဖမ်းဆီးရမိသော တောကြက်ကို သုတ်သင်ကာ အိုးကြီးတစ်လုံးဖြင့် ကောင်းမွန်စွာ ပေါင်းချက်လေသည်။ ဆွဲဆောင်မှု ရှိလှသော ဟင်းအနံ့မွှေးမွှေးတို့သည် တစ်ခြံဝင်းလုံးသို့ လှိုင်လှိုင်ထုံမွှမ်း သင်းပျံ့သွားရာ ဘေးပတ်ဝန်းကျင်ရှိ လူအပေါင်းမှာ သွားရည် တမြားမြားကျလျက် မိမိတို့အိမ်မှ ထမင်းဟင်းကိုပင် စားချင်စိတ်တို့ အစအနဖျောက် ဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။

အိမ်နီးနားချင်းဖြစ်သူ ကျားကျန်းရှစ်မှာမူ ထိုမွှေးပျံ့လှသော အနံ့ကို ရှူရှိုက်မိသည်နှင့်အမျှ ရင်ထဲတွင် ဒေါသမီး တောက်လောင်ကာ အံကြိတ် ကျိန်ဆဲလေတော့သည်။

“သေနာလေး... ဒီလောက်မွှေးနေတဲ့ တောကြက်သားကို ငါတို့ကို တစ်ဖဲ့လောက်တောင် မကျွေးဘူး။ ရှစ်ဘဝစာလောက် ပါရမီတွေ နည်းပါစေတော်”

မြေးဖြစ်သူ ပန့်ကန့်ကမူ တံခါးကန့်လန့်ကာကို ဆွဲဖယ်ကာ အပြင်ဘက်သို့ ချောင်းမြောင်း ကြည့်ရှုရင်း သွားရည်တမြားမြား ကျနေရှာသည်။

“အဘွား... သား ကြက်သား စားချင်တယ်။ ကြက်သား စားချင်တယ်လို့”

ထိုအခါ ကျားကျန်းရှစ်သည် ပိုမို၍ ဆဲရေးတိုင်းထွာ လေတော့သည်။

“ဟွန်း... အသားရှိတာတောင် ငါ့မြေး ပန့်ကန့်လေးကို မကျွေးဘူး။ ပြီးတော့ ဒီလောက်မွှေးအောင် ချက်ပြနေသေးတယ်။ ဒီကောင့်စိတ်ဓာတ်က တကယ်ကို အောက်တန်းကျလွန်းတယ်”

နှုတ်မှ တတွတ်တွတ် ဆဲရေးရင်း မအောင့်နိုင်တော့သဖြင့် တံခါးဝသို့ တရွေ့ရွေ့ လျှောက်လှမ်းသွားရာ အိမ်တွင်းမှ ထွက်လာသော ယန်ချုံးသည် ကြက်သားဟင်းများ ပြည့်လျှံနေသည့် ပန်းကန်လုံးကြီးကို ကိုင်ဆောင်ကာ ဝမ်ကျိကော်တို့၏ အိမ်ရာဆီသို့ ဦးတည်သွားနေသည်ကို ကွက်တိ မြင်တွေ့လိုက်ရလေသည်။ ပြောဖွယ်ရာပင်မရှိ ဝမ်ကျိကော်တို့ မိသားစုအား ဟင်းသွားရောက်ဝေငှခြင်း ဖြစ်ပေလိမ့်မည်။

ကျားကျန်းရှစ်၏ ရင်ထဲ၌ ဒေါသမီးတောက်တို့ ပိုမိုထွက်ပြူလာပြီး …

“ကျေးဇူးကန်းတဲ့ကောင်လေး... လူကြီးသူမကို ရိုသေရမှန်း၊ ကလေးသူငယ်ကို သနားရမှန်း နည်းနည်းလေးတောင် မသိဘူး။ ဟင်းကောင်းစားရတာတောင် ငါတို့အိမ်က လူကြီးတွေ ကလေးတွေကို မကျွေးဘဲ ဝမ်ကျိကော်တို့ကို သွားပေးရတယ်လို့။ တကယ်ကို မိဘအဆုံးအမ မရှိတဲ့ကောင်”

ချင်ဟွိုင်ရူသည် ယောက္ခမဖြစ်သူ၏ ကျိန်ဆဲသံကို ကြားသိရသော်လည်း နှုတ်ခမ်းကိုသာ မဲ့ရွဲ့လိုက်ပြီး တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုခြင်း မပြုဝံ့ချေ။

ယန်ချုံးသည် တောကြက် ဟင်းအိုးကြီးတစ်လုံး ချက်ပြုတ်ထားသော်လည်း တစ်ခြံဝင်းလုံးတွင် ဦးလေးဝမ်တို့ မိသားစုတစ်ခုတည်းကိုသာ ရွေးချယ်၍ ဟင်းကမ်းလှမ်းခဲ့ပြီး ကျန်ရှိသူအပေါင်းကိုမူ စာရင်းထဲပင် ထည့်သွင်းခြင်း မပြုခဲ့ပေ။ နေအိမ်အတွင်းသို့ ပြန်လည် ရောက်ရှိလာသောအခါ မြိန်ရှက်စွာ စားသောက်ရင်း အိတ်ကပ်အတွင်းမှ ယနေ့ တောကောင် ရောင်းချ၍ ရရှိလာသော ငွေစက္ကူထုပ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်လေသည်။ ယွီရှို့ မြင်တွေ့သွားသောအခါ အံ့ဩ တုန်လှုပ်သွားလျက် မျက်ဝန်းအစုံပင် ဝိုင်းစက်သွားပြီး မေးလိုက်လေသည်။

“အစ်ကို... ဒီလောက်များတဲ့ ပိုက်ဆံတွေ ဘယ်က ရလာတာလဲဟင်”

ယန်ချုံးက နူးညံ့စွာ ပြုံးလိုက်ပြီး ပြောသည်။

“ဒီနေ့ တောင်ပေါ်မှာ တစ်နေကုန် ပတ်ပြေးနေတာကွာ... ငါ တောကြက် တစ်ကောင်တည်းပဲ ရခဲ့တယ်လို့ မင်း ထင်နေလို့လား”

ယွီရှို့သည် ဝမ်းသာအားရ ဖြစ်သွားကာ ဆိုသည်။

“ဒါဆို အစ်ကိုက တောကြက်တွေ အများကြီး ပစ်မိပြီး ကျန်တာတွေကို ရောင်းလိုက်တာပေါ့”

ယွီရှီု့က ပိုက်ဆံများကို အလောတကြီး ကောက်ယူကာ တုန်တုန်ရင်ရင်ဖြင့် ရေတွက်ကြည့်လေသည်။

ထို့နောက် ပိုမို အံ့ဩသွားပြီး နောက်ထပ် တစ်ကြိမ် အမြန် ပြန်လည်ရေတွက်ပြန်ကာ မေးပြန်သည်။

“အစ်ကို... အစ်ကို တောကြက် ဘယ်နှစ်ကောင်တောင် ပစ်လာတာလဲဟင်။ ပိုက်ဆံတွေက ဒီလောက်တောင် များနေတာ”

ယန်ချုံးက သဘောကျစွာ ပြုံးလျက် ကြက်သားတစ်တုံးကို ညှပ်ကာ ယွီရှို့၏ အံ့ဩလွန်း၍ ဟသွားသော ပါးစပ်ငယ်လေးထဲသို့ ခွံ့ကျွေးလိုက်ရင်း ပြောသည်။

“ဒီပိုက်ဆံလောက်ကတော့ ဘာမှ မဟုတ်သေးပါဘူးကွာ။ နောက်ဆို မင်းရဲ့ယောကျ်ားက နေ့တိုင်း ဒီလောက်များတဲ့ ပိုက်ဆံတွေ သယ်လာပေးမှာ”

ယွီရှို့သည် သဘောကျစွာ ခစ်ခနဲ ရယ်မောလိုက်ပြီး ဆိုသည်။

“အစ်ကိုကတော့ တကယ် လေလုံးထွားတာပဲ”

ယွီရှို့တစ်ယောက် မယုံကြည်နိုင်ခြင်းမှာလည်း အပြစ်ဆိုဖွယ် မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူမ နှစ်ကြိမ်တိုင်တိုင် သေချာရေတွက် ကြည့်ရာတွင် ယန်ချုံးထုတ်ပေးသော ငွေပုံကြီးမှာ တိတိကျကျပင် ယွမ်ငွေ တစ်ရာ့ငါးဆယ့်သုံးယွမ်မျှ ရှိနေသောကြောင့် ဖြစ်သည်။ သူမ၏ တစ်သက်တာလုံးတွင် ဤမျှ များပြားလှသော ငွေပမာဏကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သို့သော် ယန်ချုံးကား တစ်ရက်မျှသာ တောတွင်း ပြေးလွှားရုံဖြင့် ဤမျှ ငွေစက္ကူများကို ယူဆောင်လာနိုင်ခဲ့ရုံမက နောင်တွင်လည်း နေ့စဉ်နှင့်အမျှ ဤကဲ့သို့ ရှာဖွေပေးဦးမည်ဟု ဆိုလာရာ မိန်းမပျိုလေးအဖို့ သဘာဝအလျောက် မယုံရဲ ဖြစ်နေမိတော့သည်။

ယန်ချုံးကမူ မိမိ၏ စိတ်အာရုံထဲ၌သာ ကြိတ်၍ ကျေနပ်နေမိတော့သည်။

‘ငါရဲ့ ကိုယ်ပိုင် နေရာလွတ်ထဲမှာ ပေါင်ရာချီ လေးလံတဲ့ တောဝက်ကြီး တစ်ကောင် မရောင်းရသေးဘဲ ကျန်နေသေးတယ်ဆိုတာသာ မင်းသိရင် လန့်တောင် သေသွားမလားပဲ’

သို့တိုင်အောင် ထိုလျှို့ဝှက်ချက်ကို သူ နှုတ်မှ ဖွင့်ဟခြင်း မပြုခဲ့ပေ။ ပြုံးရုံမျှသာ ပြုံးလျက် ပြောလိုက်သည်။

“လေလုံးထွားတာ ဟုတ် မဟုတ်ဆိုတာ နောက်ကျရင် မင်း သိလာမှာပါ။ ငါ့မိန်းမ ဖြစ်လာပြီပဲ... နောက်ဆို ဇိမ်နဲ့ နေဖို့သာ ပြင်ထားတော့ဆိုတဲ့ စကားတစ်ခွန်းကိုပဲ စိတ်ထဲ မှတ်ထားလိုက်”

ယွီရှို့၏ ပါးပြင်လေး နှစ်ဖက်မှာ ရှက်သွေးဖြန်းကာ နီမြန်းသွားပြီး ရင်ထဲ၌လည်း ကြည်နူး ချိုမြိန်မှုလှိုင်းတို့ လွှမ်းခြုံသွားကာ ခေါင်းကို အခိုင်အမာ ညိတ်ပြရင်း…

“အစ်ကိုရယ်... အစ်ကိုနဲ့ လက်ထပ်ရလို့ သစ်ခေါက်တွေပဲ စားရမယ် ဆိုရင်တောင် အဲဒါက ညီမအတွက် ဇိမ်ကျလှပါပြီ”

ယန်ချုံးက ကြင်နာစွာဖြင့် လက်လှမ်းကာ သူမ၏ ချစ်စဖွယ် ပါးပြင်လေးကို ဖွဖွလေး ညှစ်ရင်း ပြောလိုက်သည်။

“အရူးမလေး...”

နောက်တစ်နေ့ မိုးသောက် အာရုဏ်ဦးအချိန်တွင် ယန်ချုံးသည် စောစီးစွာ နိုးထလာပြီးနောက် ကိုယ်ပိုင် နေရာလွတ်အတွင်းသို့ စိတ်အာရုံဖြင့် ဦးစွာဝင်ရောက်ကာ မနေ့က ဖမ်းဆီးရမိထားသော တောဝက်ကြီးအား စစ်ဆေးကြည့်ရှုလိုက်လေသည်။ တစ်ညတာ အချိန်ကာလ ကုန်လွန်သွားခဲ့သော်လည်း ထိုတောဝက်ကြီး၏ အသားမှာ အလွန်ပင် လတ်ဆတ်နေဆဲ ဖြစ်ရုံသာမက ညှီစော်နံခြင်း တစ်စုံတစ်ရာမျှ မရှိဘဲ ယခုလေးတင်မှ သတ်ဖြတ် ပြီးစီးထားသကဲ့သို့ တည်ရှိနေသည်ကို တွေ့ရှိရလေသည်။ ကြည့်ရသည်မှာ ဤကိုယ်ပိုင် နေရာလွတ်၏ ထူးခြားချက်သည် အရာဝတ္ထုတို့၏ လတ်ဆတ်မှုကို မပျက်မယွင်း ထိန်းသိမ်း ပေးနိုင်စွမ်း ရှိပုံရရာ နောင်တွင် အစားအသောက်များ ပုပ်သိုး ပျက်စီးသွားမည်ကို စိုးရိမ်ပူပန်စရာ လုံးဝ မလိုတော့ပေ။

သို့ရာတွင် ယနေ့တွင်မူ သူသည် တောင်ပေါ်သို့ ထပ်မံ တက်ရောက်ရန် အစီအစဉ် မရှိချေ။ ပထမအချက်အနေဖြင့် ဤတောဝက်ကြီးအား မည်သို့ မည်ပုံ စီမံခန့်ခွဲရမည်ကို စဉ်းစားလိုခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် မိမိရရှိထားသော နတ်ဘုရားအဆင့် မုဆိုးစွမ်းရည်သည် ငါးဖမ်းဆီးခြင်း ကိစ္စရပ်၌ပါ သက်ရောက်မှု ရှိ၊ မရှိကို စမ်းသပ်လိုခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ငါးများကိုပါ လွယ်ကူစွာ ဖမ်းဆီးနိုင်မည်ဆိုပါက သူသည် နေ့စဉ်နှင့်အမျှ တောင်ပေါ်သို့ ပင်ပန်းကြီးစွာ ပြေးလွှားနေရန် လိုအပ်တော့မည် မဟုတ်ပါပေ။

စစ်ကျိုချန်မြို့အတွင်းရှိ ပန်းခြံများစွာတွင် ကျယ်ဝန်းလှသော ရေကန်ကြီးများ တည်ရှိပြီး ထိုရေကန်များဘေး၌ ငါးမျှား ဝါသနာရှင်အချို့ ငါးမျှားနေတတ်သည်ကို မကြာခဏ မြင်တွေ့ရလေ့ရှိသည်။ အရှေ့ဘက်ခြံဝင်းမှ စန်းတာ့ယဲ့ ဖြစ်သူ ယန်ပုကွေ့ဆိုလျှင် အားလပ်ရက်များသို့ ရောက်ရှိတိုင်း ငါးမျှားတံကို တကပ်ကပ် ညှပ်လျက် ငါးဖမ်းထွက်လေ့ရှိသည်။

သို့သော်လည်း ယန်ပုကွေ့သည် ငါးစာကို အလွန် နှမြောတွန့်တိုတတ်သူဖြစ်ရာ သူ့အနေဖြင့် ငါးကြီးများ မျှားယူနိုင်သည်ကို မြင်တွေ့ရခဲလှပြီး လက်ဝါးခန့် ငါးငယ် နှစ်ကောင်၊ သုံးကောင်မျှ ရရှိလာလျှင်ပင် အတော်ပင် ကံကောင်းလှပြီဟု ဆိုရမည် ဖြစ်သည်။

ယနေ့သည်လည်း တနင်္ဂနွေ အားလပ်ရက် ဖြစ်ရကား စောစောစီးစီးပင် ယန်ပုကွေ့တစ်ယောက် စက်ဘီးကို တွန်းလျက် လက်ကိုင်တွင် ပုံးငယ်တစ်လုံး ချိတ်ဆွဲကာ စက်ဘီးဘောင်ပေါ်၌ ဝါးလုံးတစ်ချောင်းကို အခိုင်အမာ ချည်နှောင်၍ ခြံဝင်းအတွင်းမှ ထွက်ခွာသွားသည်အား မြင်တွေ့လိုက်ရသည်။ ထိုသည်ကား တခြားမဟုတ် ငါးမျှားထွက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

စစ်ကျိုချန်မြို့၌ မည်သည့်နေရာတွင် ငါးအပေါဆုံးဖြစ်သည်ကို ယန်ချုံးအနေဖြင့် ဦးစွာ မေးမြန်းလိုသော်လည်း ထပ်မံ တွေးတောကြည့်ပြီးနောက် ပြဿနာ မရှာဖွေခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု ယူဆလိုက်သည်။ မိမိ ငါးများ ရရှိလာသည့်အခါ ထိုအဘိုးကြီးက သူ့ထံမှ အခွင့်ကောင်းယူသွားသည်ဟု ထင်မြင် စွပ်စွဲလာမည်ကို စိုးရိမ်သဖြင့် မမေးမြန်းတော့ရန် ဆုံးဖြတ်လိုက်တော့သည်။ မည်သို့ပင်ဖြစ်စေ အနီးအနားရှိ ပန်းခြံ ရေကန်များ၌ လူအများ ငါးသွားရောက်မျှားလေ့ရှိကြောင်း ကြားဖူးထားသဖြင့် ထိုနေရာသို့သာ သွားရောက်၍ ကံစမ်းကြည့်ရန် ကြံရွယ်လိုက်သည်။

သို့ဖြစ်၍ နံနက်စာ သုံးဆောင်ပြီးနောက် ယန်ချုံးသည်လည်း စန်းတာ့ယဲ့ကဲ့သို့ပင် ပုံးတစ်လုံးနှင့် ဝါးလုံး တစ်ချောင်းကို ရှာဖွေ စင်ကြယ်လိုက်လေသည်။ ထိုအခါ ယွီရှို့က မအောင့်နိုင်ဘဲ စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

“အစ်ကို... ဒီပုံးနဲ့ ဝါးလုံးက ဘာလုပ်ဖို့လဲဟင်။ အစ်ကိုလည်း ငါးသွားမျှားမလို့လား”

ယန်ချုံးက ခေါင်းညိတ်ပြလျက်…

“ဟုတ်တယ်... မနေ့က တောင်ပေါ်သွားပြီး ယုန်ဖမ်းတုန်းက လူတစ်ယောက်က ငါးမျှားနည်းတစ်ခု သင်ပေးလိုက်လို့ကွာ။ အဲဒါ သွားစမ်းကြည့်မလို့”

ယွီရှို့က မတင်မကျ သံသယစိတ်ဖြင့် မေးသည်။

“တကယ်လား အစ်ကို... ဒီလောက် အေးစိမ့်တဲ့ ဆောင်းရာသီကြီးမှာ ရေကန် မျက်နှာပြင် တစ်ခုလုံး ရေခဲနေတာကို ငါးမျှားလို့ ရပါ့မလားဟင်”

ယန်ချုံးက ချက်ချင်းပင် ပြောလိုက်သည်။

“ရတာပေါ့ကွာ... ရေကန် မျက်နှာပြင်က ရေခဲနေပေမဲ့ ငါးတွေက အောက်ခြေမှာ ရှိနေတာလေ။ ဒီလိုအချိန်မှာ အစာနည်းနည်းလောက် ချပေးလိုက်ရင် မျှားရတာ ပိုတောင် လွယ်သေးတယ်”

ထိုစကားကို ကြားရလျှင်ပင် ယွီရှို့တစ်ယောက် စိတ်အားထက်သန်စွာဖြင့် မျက်ဝန်းများ တောက်ပလာပြီး…

“တကယ်လား... ဒါဆို ညီမလည်း လိုက်ကြည့်ချင်တယ်။ အစ်ကို... ညီမကိုပါ တစ်ခါတည်း ခေါ်သွားပါလား”

“ရတာပေါ့... သွားချင်ရင်လည်း အတူတူ သွားကြတာပေါ့”

ယန်ချုံးက တစ်ချက်မျှပင် မငြင်းဆန်ဘဲ သဘောတူလိုက်ရာ သူတို့ ဇနီးမောင်နှံနှစ်ဦး ပြင်ဆင်ပြီးနောက် အတူတကွ အပြင်သို့ ထွက်ခွာလာခဲ့ကြသည်။ လူငယ်နှစ်ဦး ရယ်ရယ်မောမောဖြင့် ကြည်နူးစွာ စကားဆိုသွားကြပုံမှာ အိမ်ရာဝင်းအတွင်းရှိ လူအပေါင်းအား အားကျစိတ် ဖြစ်ပေါ်စေခဲ့ရုံသာမက အထူးသဖြင့် လူငယ်အချို့ကိုမူ မနာလို ဝန်တိုစိတ်များပင် ကိန်းအောင်း သွားစေတော့သည်။

ကျားကျန်းရှစ်မှာမူ အိမ်ရှေ့ ဝရန်တာ အမိုးအောက်တွင် ထိုင်လျက် ဖရဲစေ့လှော်များကို ကိုက်ဝါးရင်း တံတွေးကို တထွီထွီ ထွေးထုတ်ကာ…

“ထွီ... နင်တို့လို ကောင်တွေကများ ငါးသွားမျှားဦးမလို့တဲ့လား။ နှစ်ယောက်သား ရေကန်ထဲ ပြုတ်ကျပြီး ရေနစ်သေသွားတာကမှ အကောင်းဆုံးပဲ”

သူမ၏ အနောက်ဘက်တွင် ရပ်နေသော ချင်ဟွိုင်ရူမှာမူ စိတ်ပျက် လက်ပျက်ဖြင့် ခေါင်းကိုက်ခဲသွားကာ စိတ်ထဲမှ ကြိတ်၍ ညည်းတွားမိတော့သည်။

‘ငါက ဘယ်လို ကံကြမ္မာမျိုးမို့လို့ ဒီလို မိသားစုဆိုးမျိုးထဲ ရောက်လာရတာပါလိမ့်’

သို့သော် ကံကောင်း ထောက်မစွာဖြင့် ကျားကျန်းရှစ်သည် ဤစကားကို ယန်ချုံးတို့ ဇနီးမောင်နှံ ဝေးဝေးသို့ ရောက်ရှိသွားသည်အား သေချာစွာ စောင့်ကြည့်ပြီးမှသာ ရေရွတ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍သာ ယန်ချုံး စိုးစဉ်းမျှ ကြားသိသွားပါက သူမ၏ မေးရိုးများ ကျိုးပျက်မတတ် ပြင်းထန်သော ပါးရိုက်ချက်တစ်ခုကို မလွဲမသွေ ခံစားရမည်မှာ အသေအချာပင် ဖြစ်သည်။

သူတို့နှစ်ဦးသည် အနီးပတ်ဝန်းကျင်ရှိ ပန်းခြံ ရေကန်ကြီးဆီသို့ ဆိုက်ရောက်သွားသောအခါ ဤကဲ့သို့ အေးခဲလွန်းလှသော ရာသီဥတုဆိုးကြီး အောက်တွင်ပင် ရေကန်ဘေး၌ ငါးမျှားနေကြသော သက်ကြီးရွယ်အို အဘိုးအို အတော်များများကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရသည်။ သူတို့အထဲတွင် အရှေ့ဘက်ခြံမှ စန်းတာ့ယဲ့ ယန်ပုကွေ့ သည်လည်း အခိုင်အမာ ပါဝင်နေလေသည်။

ယန်ချုံးနှင့် ယွီရှို့တို့ တွဲဖက်ကာ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသောအခါ ယန်ပုကွေ့သည် အံ့အားသင့်သွားပြီး ဆိုသည်။

“ချုံး... မင်းတို့က ဘယ်လိုလုပ် ဒီကို ရောက်လာကြတာလဲ”

ထိုသို့ မေးမြန်းရင်း ယန်ချုံး၏ လက်တွင်းရှိ ပုံးငယ်နှင့် ဝါးလုံးတို့ကို ဝေ့ဝဲကြည့်ရှုကာ သံသယအပြည့်ဖြင့် ထပ်မံ၍ မေးလိုက်လေတော့သည်။

“နေပါဦး... မင်းလည်း ငါးလာမျှားတာလား”

All Chapters