အခန်း ၁၉
Vol. 2 Ch. 19
အခန်း (၁၉) - ငါ့ကို သင်တန်းကြေး ပြားငါးဆယ် ပေးလေ
ယန်ချုံး၏ နှုတ်ခမ်းထက်တွင် အပြုံးရိပ်လေးတစ်ခု သန်းသွားလေသည်။
“ဟုတ်တယ် တတိယဦးလေးရဲ့… ရှို့အာက ငါးစားချင်နေလို့ ကံလာစမ်းကြည့်တာပါ”
ယန်ပုကွေ့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ထင်ဟပ်သွားပြီးနောက် မေးသည်။
“မဖြစ်နိုင်တာ။ မင်းတို့ မနေ့ညကမှ တောကြက် စားထားတာလေ။ ဒီလောက် မြန်မြန် ငါး ထပ်စားချင်နေပြီလား။ အဲဒီလောက်ကြီးတဲ့ တောကြက်ကြီးကို မင်းတို့ အကုန် စားပစ်လိုက်ပြီလား”
ယွီရှို့သည် ဘာစကားမျှ ဝင်မဆိုဘဲ ပြုံး၍သာ နေလေသည်။ ယန်ပုကွေ့ကမူ ခေါင်းကို ခပ်ရွဲ့ရွဲ့ ခါယမ်းရင်း စကားဆက် လာချေသည်။
“ဒီငါးမျှားတယ်ဆိုတာ လူတိုင်းတတ်တဲ့ အလုပ်မဟုတ်ဘူးကွ။ အထူးသဖြင့် ဒီလိုအေးလှတဲ့ ရာသီမှာ သာမန်လူတွေက ငါးရအောင်ကို မမျှားနိုင်ဘူး။ မင်းက ဒီလောက်ကြီးတဲ့ ပုံးကြီးတောင် ယူလာသေးတယ်။ ကြည့်စမ်း... တတိယဦးလေးဖြစ်တဲ့ ငါတောင် ငါးမျှားလာတာ နှစ်တွေ မနည်းတော့ဘူး။ ဒီပုံးသေးသေးလေး အပြည့်ရရင်ကို တော်တော်ဟုတ်နေပြီ။ ကဲ... ဒီလိုလုပ် တတိယဦးလေး မင်းကို ကွက်တီးကွက်ကျား နည်းနည်းပါးပါး သင်ပေးရမလား။ စိတ်ချပါ တို့တွေက ခြံဝင်းတစ်ခုတည်း အတူတူနေကြတာပဲ။ ငါ့ကို သင်တန်းကြေး ပြားငါးဆယ်လောက် ပေးရင် ရပါပြီ”
ယွီရှို့သည် ချစ်စဖွယ် လျှာလေးကို ထုတ်ပြလိုက်ရင်း သူမ၏ စိတ်အစဉ်၌ ဤသို့ တွေးတောလိုက်မိသည်။
‘ဒီအဘိုးကြီးက ပါးစပ်ကသာ နားထောင်လို့ ကောင်းအောင် ပြောနေတာ။ စိတ်က တော်တော် ရက်စက်တယ်။ ပါးစပ်ဟလိုက်တာနဲ့ ပြားငါးဆယ်တောင် တောင်းနေပြီ။’
ယန်ချုံးသည် အေးဆေး တည်ငြိမ်စွာ ပြုံးလိုက်လျက် ပြောသည်။
“နေပါစေ တတိယဦးလေးရာ… ဦးလေးရဲ့ အဲဒီထူးခြားလှတဲ့ ငါးမျှားလျှို့ဝှက်ချက်တွေကို အပြင်လူ မသိပါစေနဲ့။ ညီအစ်ကို ကျဲချန်ကိုပဲ လက်ဆင့်ကမ်းပေးလိုက်ပါ။ ကျွန်တော့်ဘာသာ ကျွန်တော်ပဲ ဖြည်းဖြည်းချင်း စမ်းသပ်ကြည့်ပါ့မယ်။ တကယ်လို့ မရရင်လည်း ထားလိုက်ပါတော့မယ်”
သို့တိုင်အောင် ယန်ပုကွေ့သည် လွယ်လွယ်နှင့် လက်လျှော့မည့်ပုံ မပေါ်ချေ။
“မင်းတို့က ငါးမျှားလာတာ ငါးစာတောင် ပြင်ဆင် မလာဘူးမလား။ ဒီလိုလုပ်ကွာ ပြားငါးဆယ် ပေး။ ငါ့ဆီက ငါးစာ နည်းနည်း ခွဲပေးမယ်။ ဒီနေ့ မင်းတို့ ငါးအများကြီးရစေရမယ်လို့ အာမခံတယ်”
ထိုအခါမှ ယွီရှို့တစ်ယောက် အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်သည်။
“အစ်ကို… ကျွန်မတို့ ငါးစာ ယူလာဖို့ တကယ် မေ့သွားတာပဲ”
ယန်ချုံး၏ အပြုံးတို့က ပိုမို အသက်ဝင်လာခဲ့သည်။
“ကိစ္စမရှိပါဘူး။ အခုနက လမ်းမှာ ဝက်အသည်းတစ်တုံး ကောက်ရခဲ့တယ်။ အဲဒါလေးနဲ့ ငါးမျှားလို့ အတော်ပဲ”
ထိုသို့ပြောရင်း သူသည် ယူဆောင်လာသော ပုံးငယ်အတွင်းသို့ လက်နှိုက် ရှာဖွေလိုက်ရာ အမှန်တကယ်ပင် သွေးရောင်ရင့်ရင့် ဝက်အသည်းတုံး သေးသေးလေးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုမြင်ကွင်းကြောင့် ယန်ပုကွေ့မှာ မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ဖြစ်သွားရကာ စိတ်တွင်းမှ ရေရွတ်လိုက်မိသည်။
ဒီကောင်လေး ကံက ဘယ်လိုတောင် ကောင်းနေရတာလဲ။ လမ်းလျှောက်နေရင်းနဲ့တောင် ဝက်အသည်း ကောက်ရသေးတယ်။ ဒါပေမဲ့ နှမြောစရာ ကောင်းလိုက်တာ။ ဒီလောက်ကောင်းတဲ့ ဝက်အသည်းကို ကိုယ်တိုင်စားဖို့ မချန်ထားဘဲ ငါးမျှားဖို့ သုံးတယ်တဲ့လား။ တကယ့် ပိုက်ဆံဖြုန်းတဲ့ ကောင်ပဲ။
ယွီရှို့မှာလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
ကျွန်မက အစ်ကိုနဲ့ အတူတူ လာခဲ့တာလေ။ လမ်းမှာ အစ်ကို ဘာပစ္စည်းမှ ကောက်တာ မတွေ့မိပါဘူး။ ဘယ်လိုလုပ် ဝက်အသည်းတစ်တုံး ကောက်ရသွားတာလဲ။
ယွီရှီု့တစ်ယောက် စိတ်အာရုံထဲ၌ တွေးတောနေမိလေသည်။
ယန်ချုံးသည် စကားကို ရှည်ရှည်ဝေးဝေး ဆက်မပြောလိုတော့ဘဲ ပြောလိုက်သည်။
“တတိယဦးလေး… ဒါဆို ဦးလေး ဒီမှာပဲ မျှားတော့။ ကျွန်တော်နဲ့ ရှို့အာ ဟိုဘက်မှာ နေရာ သွားရှာလိုက်ဦးမယ်။ ရှို့အာက အပြင်လောကကို သိပ်မမြင်ဖူးတော့ တော်ကြာနေ ရုတ်တရက် အော်ဟစ်လိုက်လို့ ဦးလေးဆီလာတဲ့ ငါးကြီးတွေ လန့်ပြေးသွားမှာ စိုးလို့ပါ”
စကားအဆုံးတွင် သူသည် ယွီရှို့၏ လက်ကလေးကို ဆွဲကိုင်လျက် ကန်ပေါင်၏ အခြားတစ်ဖက်သို့ ခြေလှမ်း ရွှေ့သွားလေသည်။ ကျန်ရစ်ခဲ့သော ယန်ပုကွေ့မှာမူ တအံ့တသြ ငေးကျန်ခဲ့ပြီး လည်ချောင်းဝသို့ ရောက်လုဆဲဆဲဖြစ်နေသော “မင်းကောက်ရတဲ့ ဝက်အသည်းလေး ငါ့ကို နည်းနည်းလောက် ခွဲပေးပါလား” ဟူသည့် စကားလုံးများကိုသာ မြိုသိပ်ထားလိုက်ရလေသည်။
ဆိတ်ငြိမ်သော ကန်စပ်တစ်နေရာသို့ အရောက်တွင် သူတို့ ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။ ယန်ချုံးသည် ခပ်မာမာ သစ်ကိုင်းခြောက် တစ်ချောင်းကို ရှာဖွေကာ အေးစက် ခဲယဉ်းနေသော ရေကန် မျက်နှာပြင်ထက်သို့ ခပ်ပြင်းပြင်း နှစ်ချက်ခန့် ထုချလိုက်သည်။ ဆောင်းရာသီ၏ ရေခဲလွှာမှာ ထူထဲလွန်းခြင်း မရှိလှသဖြင့် ကျကွဲသံနှင့်အတူ အပေါက်ငယ်တစ်ခု ပေါ်လာလေသည်။ ရေပေါ်တွင် မျောလွင့်နေသော ရေခဲစ အကျိုးအပဲ့များကို သပ်ရပ်စွာ ဖယ်ရှား ရှင်းလင်းပြီးနောက် ယန်ချုံးသည် ငါးမျှားချိတ်ကြိုးဖျားတွင် ဝက်အသည်းတုံးငယ်ကို သေသပ်စွာ တပ်ဆင်လိုက်ပြီး ရေပြင်အောက်သို့ ချလိုက်လေသည်။ ထို့နောက် နှစ်ဦးသား ကန်စပ်တွင် ယှဉ်တွဲထိုင်ရင်း ငါးလာဟပ်မည့် အခိုက်အတန့်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
အနီးအနားတွင် ငါးမျှားနေကြသော သက်ကြီးရွယ်အိုများမှာ ထိုလူငယ်နှစ်ဦးကို လှမ်းကြည့်ရင်း ခေါင်းတစ်ခါခါ ဖြစ်နေကြသည်။ သူတို့၏ စိတ်ထဲတွင်မူ အပြစ်တင် တွေးတောနေကြလေသည်။
ဒါ ငါးလာမျှားတာမှ မဟုတ်တာ။ ဒီလာပြီး ချစ်ကြည်နူးနေကြတာပဲ။ ဘယ်သူကများ ဒီလိုပုံစံနဲ့ ငါးမျှားဖူးလို့လဲ။
ယန်ပုကွေ့မှာမူ ထိုသူများထက်ပင် ပိုဆိုးနေသေးသည်။ သူသည် နှမြောတသ ဖြစ်မှုများကို မမျိုသိပ်နိုင်ဘဲ ခေါင်းကို အဆက်မပြတ် ခါယမ်းရင်း...
“ဟူး... ဟိုဝက်အသည်းတုံးလေး နှမြောစရာ ကောင်းလိုက်တာ။ ပစ္စည်းကို သက်သက်မဲ့ အလဟဿ ဖျက်ဆီးနေတာပဲ”
ထိုသို့ မြည်တွန် တောက်တီးရင်း အိတ်ကပ်အတွင်းမှ ဆေးလိပ် တစ်လိပ်ကို ထုတ်ယူကာ နှုတ်ခမ်းကြား၌ ခဲလိုက်သည်။ သို့ရာတွင် မီးခြစ်ခြစ်လိုက်ပြီး ဆေးလိပ်ထိပ်ဖျားသို့ မီးမညှိရသေးမှီ ခဏတာ၌ပင် တစ်ဖက်ကမ်းမှ ယွီရှို့၏ အံ့သြဝမ်းသာ အော်ဟစ်သံလေးက လေပြေနှင့်အတူ လွင့်ပျံလာခဲ့သည်။
“ရပြီ... ရပြီ အစ်ကို ငါး မိပြီ”
ထိုအသံကြောင့် ယန်ပုကွေ့၏ လက်အစုံမှာ ရုတ်တရက် တုန်ယင်သွားပြီး တောက်လောင်နေသော မီးခြစ်ဆံသည် သူ၏ ပေါင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။ သူသည် ကပျာကယာ ခုန်ထလိုက်ပြီး မီးခြစ်ဆံကို အမြန် ပုတ်ချလိုက်သော်ငြား ဘောင်းဘီသားထက်တွင်မူ မီးလောင်ပေါက်ငယ် တစ်ခုက ထင်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ဤဘောင်းဘီသည် မနှစ်ကမှ သူ အသစ် ချုပ်ထားခဲ့ခြင်းဖြစ်ပြီး အပေါ်တွင် ဖာထားသော အကွက်ဟူ၍ တစ်ကွက်တည်းသာ ရှိသေးသည်။ ယန်ပုကွေ့သည် နှမြောတသစွာဖြင့် မြေကြီးကို ခြေဆောင့်လိုက်ရင်း ရေရွတ်လိုက်သည်။
“ဒီကောင်မလေး… လန့်ဖြတ်ပြီး ဘာတွေ လျှောက်အော်နေတာလဲ။ ငါ့ဘောင်းဘီလေးတော့ နှမြောစရာပါပဲ”
ထိုသို့ ဆူပူရေရွတ်ရင်း အသံလာရာသို့ မော့ကြည့်လိုက်သည့် ခဏတွင် သူ၏ အာရုံအစုံတို့မှာ မှင်တက်သွားရလေသည်။ အလှမ်းကွာဝေးသော တစ်ဖက်ကမ်း၌ ယန်ချုံးသည် ရေကန်ထဲသို့ ချထားသော ငါးမျှား ဝါးတံကို အားပါပါ ဆွဲမတင်လိုက်သည်ကို အထင်းသား မြင်တွေ့လိုက်ရသည်။ ဆောင်းရာသီ၏ ခပ်နုနု နေရောင်ခြည်အောက်တွင် ကြိုးဖျားမှ ဆွဲချိတ်ပါလာသော ကြီးမား ဆူဖြိုးသည့် ငါးကြီးတစ်ကောင်မှာ ငွေရောင် အကြေးခွံများ တဖျတ်ဖျတ် လက်ကာ လူးလွန့် ရုန်းကန်နေသည်မှာ မျက်စိကျိန်းလောက်ဖွယ်ရာပင်။ ထိုအနီးတွင် ယွီရှို့တစ်ယောက် စိတ်လှုပ်ရှားစွာ အော်ဟစ် မြူးတူးနေပြီး ပုံးငယ်လေးထဲသို့ ရေအနည်းငယ်ထည့်ကာ ငါးကို အမိအရ ဖမ်းယူရန် ဗျာများနေလေသည်။
ယန်ပုကွေ့မှာမူ ပါးစပ်အဟောင်းသား ဖြစ်လျက် နှုတ်ခမ်းကြားမှ ဆေးလိပ်က မြေပြင်ပေါ်သို့ လွတ်ကျသွားသည်ကိုပင် သတိမထားမိနိုင်လောက်အောင် ဖြစ်နေချေသည်။ အတော်အတန်ကြာ မှင်တက်နေပြီးနောက်မှ အထစ်ထစ် အငေါ့ငေါ့ စကားတစ်ခွန်းက ထွက်ပေါ်လာသည်။
“ဒီကောင်လေး… ကံက ဘယ်လိုလုပ် ဒီလောက်တောင် ကောင်းနေရတာလဲ”
သို့သော်လည်း ယန်ချုံး၏ ကံကောင်းခြင်းများက ဤမျှနှင့် ရပ်တန့် မသွားခဲ့သည်မှာ အထင်အရှားပင်။ ယန်ပုကွေ့သည် သူ၏ မူလနေရာသို့ ပြန်လည်ထိုင်ချလိုက်ပြီး မြေပြင်ပေါ် ပြုတ်ကျသွားသော ဆေးလိပ်ကို ယူကာ နှုတ်ခမ်းကြား၌ ပြန်ခဲလိုက်သည်။ ထို့နောက် မီးခြစ်ကို ထပ်မံခြစ်၍ ဆေးလိပ်ထိပ်ဖျားသို့ မီးညှိလိုက်ကာစ အခိုက်အတန့်လေးတွင်ပင်... တစ်ဖက်ကမ်းမှ ယွီရှို့၏ အားရဝမ်းသာ အော်ဟစ်သံက ထပ်မံ၍ ဟိန်းထွက်လာပြန်သည်။
“အစ်ကို ထပ်မိပြန်ပြီ ထပ်မိပြန်ပြီ။ ဒီတစ်ကောင်က ပိုကြီးတယ်”
ဤတစ်ကြိမ်တွင်လည်း ယန်ပုကွေ့၏ လက်အစုံက ထပ်မံ တုန်ယင်သွားပြန်သည်။ မမှုတ်ရသေးသည့် မီးခြစ်ဆံသည် သူ၏ လက်ချောင်းကို ဟပ်သွားကာ ပေါင်ပေါ်သို့ တဖောက်ဖောက်နှင့် ထပ်မံ ကျဆင်းသွားပြန်လေသည်။ သူသည် မီးစကို ပုတ်ချရင်း ထပ်မံ ခုန်ထလိုက်ရပြန်ပြီး ညည်းတွားလိုက်သည်။
“ငါပြောမယ် ရှို့အာရေ... မင်း ဒီလိုမျိုးကြီး အလန့်တကြား မအော်လို့ မရဘူးလား။ ငါ့ဘောင်းဘီမှာ မီးလောင်ပေါက် နှစ်ပေါက်တောင် ဖြစ်သွားပြီ”
ထိုသို့ ညည်းတွား ပြောဆိုနေစဉ်မှာပင် သူ၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားရပြန်သည်။ အကြောင်းမူကား အခြားတစ်ဖက်၌ ယန်ချုံး ဆွဲမတင်လိုက်သော ငါးကြီးမှာ ယခင်တစ်ကောင်ထက်ပင် ပိုမိုကြီးမား ဆူဖြိုးနေသောကြောင့် ဖြစ်သည်။ ဤမျှ အံ့မခန်း ကံကောင်းလွန်းခြင်းက ကောင်းကင်ဘုံကိုပင် အာခံစိန်ခေါ်နေသည့်အလားပင် ဖြစ်သည်။
ယွီရှို့က ငါးကို ပုံးအတွင်းသို့ သတိထား ထည့်လိုက်ရင်း အားနာနေဟန်ဖြင့် ပြုံးလျက် ပြောလိုက်သည်။
“တကယ် တောင်းပန်ပါတယ် တတိယဦးလေးရယ်။ ကျွန်မ အစ်ကိုချုံး ငါးကြီးရတာတွေ့ပြီး အရမ်း စိတ်လှုပ်ရှားသွားလို့ပါ”
ယန်ပုကွေ့သည် နောင်တရနေသည့် လေသံဖြင့် ဆိုသည်။
“မင်းတို့ကတော့ စိတ်လှုပ်ရှားတာပေါ့၊ ဒါပေမဲ့ ငါ့ဘောင်းဘီ...”
ဤအခြေအနေသို့ ရောက်သောအခါ အနီးတစ်ဝိုက်တွင် ငါးမျှားနေကြသော သက်ကြီးရွယ်အိုများမှာလည်း ငြိမ်သက်စွာ မထိုင်နိုင်ကြတော့ချေ။ သူတို့ခမျာ ဤကန်စပ်၌ နေရာယူနေခဲ့သည်မှာ နေ့တစ်ဝက်ပင် ကျိုးလုနီးပါး ရှိနေပြီ ဖြစ်သော်လည်း လက်တစ်ဆစ်ခန့်သာ ရှိသော ငါးပေါက်စလေး တစ်ကောင်ကိုပင် မရခဲ့ကြပေ။ သို့သော် ယခု ယန်ချုံးကမူ တစ်ကောင်ပြီး တစ်ကောင် အလွယ်တကူ ငါးရနေသည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ ငါးမျှားတံများကို ပစ်ချကာ အုံနှင့်ကျင်းနှင့် ဝိုင်းအုံလာကြလေတော့သည်။
ယန်ပုကွေ့မှာမူ ရှက်ရွံ့ခြင်းဖြင့် မျက်နှာပူလောင်နေရသည်။ လွန်ခဲ့သော မိနစ်ပိုင်းကမှ သူသည် ပြားငါးဆယ်ပေးလျှင် ငါးမျှားနည်း သင်ပေးမည်ဟု အသံကျယ်ကျယ်ဖြင့် ကြွေးကြော်ထားခဲ့သေးသည် ဖြစ်လေရာ ယခုမူ မျက်စိတစ်မှိတ်အတွင်း၌ပင် တစ်ဖက်လူက ငါးကြီးနှစ်ကောင်ကို ဆွဲတင်နိုင်ခဲ့ပြီဖြစ်သည်။ သူကိုယ်တိုင်ကတော့ဖြင့် ငါးတစ်ကောင်မျှပင် မရသေးချေ။ သို့တိုင်အောင် လူအုပ်ကြီးထံမှ ထွက်ပေါ်လာသော အံ့သြတသ အာမေဍိတ်သံများက သူ၏ စပ်စုချင်စိတ်ကို နှိုးဆွနေသဖြင့် နောက်ဆုံးတွင်မူ သူလည်း မနေနိုင်တော့ဘဲ ထိုနေရာသို့ အပြေးသွားကြည့်လေတော့သည်။
ထိုနေရာသို့ သူ ရောက်ရှိသွားချိန်၌ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မေးရိုးပင် ပြုတ်ကျလုမတတ် အံ့အားသင့်သွားရလေသည်။ ဤတိုတောင်းလှသော အချိန်ကာလလေးအတွင်းမှာပင် ယန်ချုံး ယူဆောင်လာသော ပုံးကြီးအတွင်း၌ ငါးများမှာ တစ်ဝက်ကျော်ခန့်ပင် ပြည့်နေခဲ့ပြီ ဖြစ်သည်။ ငါးကြင်းများနှင့် ငါးသိုင်းများမှာ ပုံးအတွင်း၌ ကြိတ်ကြိတ်တိုးနေကြပြီး တဖျတ်ဖျတ် လူးလွန့်နေကြလေသည်။ ဤအခြေအနေအတိုင်းသာ ဆက်သွားမည်ဆိုပါက နောက်ထပ် အချိန်အနည်းငယ်အတွင်းမှာပင် ဤပုံးကြီးတစ်ခုလုံး ပြည့်လျှံသွားနိုင်ချေ ရှိသည်။
ထိုအချိန်တွင် ဝိုင်းအုံကြည့်ရှုသူ လူအုပ်ကြီးမှာ တဖြည်းဖြည်း ပိုမို များပြားလာလေသည်။ ငါးမျှားနေသူများသာမက ပန်းခြံအတွင်း အပန်းဖြေ လမ်းလျှောက်နေကြသူများကပါ စပ်စုလိုစိတ်ဖြင့် လာရောက်ကြည့်ရှုကြသဖြင့် ထိုနေရာတစ်ဝိုက်မှာ ပွဲတော်တစ်ခုနှယ် စည်ကားသွားလေသည်။ မျှား၍ ရလာသော ငါးများမှာ တစ်ကောင်ချင်းစီတိုင်း ဆူဖြိုး ကြီးမားလွန်းနေသည်ကို မြင်တွေ့ရသဖြင့် အချို့သူများမှာ စိတ်ဝင်စားစွာဖြင့် မေးမြန်းလာကြသည်။
“ညီလေး… မင်း ငါးတွေ ဒီလောက် အများကြီး မျှားထားတာ ကိုယ့်ဘာသာ အကုန် စားနိုင်မှာ မို့လို့လား။ ရောင်းမလား”
“ဟုတ်တယ် ညီလေး။ ဒီလောက်များတဲ့ ငါးတွေ မင်းတို့ဘာသာ အကုန် မစားနိုင်လောက်ဘူး။ ငါတို့ကို နည်းနည်းလောက် ရောင်းပေးပါလား။ မင်းလည်း အိမ်စရိတ်လေး ဘာလေး ရတာပေါ့”
“ဟုတ်တယ် ငါလည်း နည်းနည်းလောက် ဝယ်ချင်တယ်”
ထိုခေတ်ကာလသည် ကုန်ပစ္စည်းများ အလွန်အမင်း ရှားပါးလှသဖြင့် ငွေရှိလျှင်ပင် အလိုရှိရာကို ဝယ်ယူနိုင်ရန် ခဲယဉ်းလှသော အချိန်အခါမျိုး ဖြစ်သည်။ သာမန်လူအများစုမှာ နေ့စဉ် စားနပ်ရိက္ခာဖြစ်သော ဆန်၊ စပါးကိုပင် ဝဝလင်လင် စားသုံးနိုင်ရန် မလွယ်ကူကြပေ။ အသား၊ ငါး ဆိုလျှင်ကား ဆိုဖွယ်ရာပင် မရှိတော့။ ယခုကဲ့သို့ အဆီတဝင်းဝင်းနှင့် ဆူဖြိုးလှသော ငါးကြီးများကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရချိန်တွင် မည်သူကမဆို တစ်ကောင်တစ်လေမျှ ဝယ်ယူ၍ မိသားစုနှင့်အတူ အာသာပြေ မစားချင်ဘဲ နေနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဤငါးများမှာ ကိုယ်တိုင် ရှာဖွေ မျှားယူထားခြင်း ဖြစ်သဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်းကလည်း ဥပဒေနှင့် ငြိစွန်းခြင်း မရှိပေ။
ယန်ချုံးက တစ်စုံတစ်ရာ ပြန်လည် မဖြေကြားရသေးမှီတွင်ပင် ယွီရှို့က ဝမ်းသာအားရဖြင့် ဝင်ရောက် ဖြေကြားလိုက်လေသည်။
“ရောင်းတာပေါ့ သေချာပေါက် ရောင်းတာပေါ့။ ကျွန်မတို့ ကိုယ်တိုင်စားဖို့ နှစ်ကောင်လောက် ချန်ထားရင် ရပါပြီ။ ကျန်တာတွေ အကုန်ရောင်းမယ်”
သူမ၏ စကားပင် မဆုံးသေးချေ။ ဝိုင်းအုံ ကြည့်ရှုနေသူ လူအုပ်ကြီးမှာ ဝုန်းခနဲ ပြုံတိုးလာကြလေတော့သည်။
“ငါ နှစ်ကောင် ဝယ်မယ်။ အကြီးကြီးတွေနော်”
“ငါလည်း နှစ်ကောင် အာ... မဟုတ်ဘူး သုံးကောင်ယူမယ်”
.............