← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀) - ဒီကောင်လေး ကံ သိပ်ကောင်းနေပါလား

ယန်ချုံးတို့၏ ငါးပုံးကြီးထဲတွင် ငါးများ ပြည့်လျှံနေသည်။ ဘေးပတ်ဝန်းကျင်မှ ဝိုင်းအုံ ကြည့်ရှုနေသူတို့မှာ ထိုငါးများကို ရရှိရန် အလုအယက် တောင်းဆိုနေကြသဖြင့် ခဏတာလေးအတွင်းမှာပင် ပုံးထဲ၌ ငါးတစ်ကောင်မျှ မကျန်တော့ဘဲ ပြောင်စင်သွားလေသည်။ ငါးမဝယ်လိုက်ရသူအချို့မှာမူ ယန်ချုံး၏ နောက်ထပ် ငါးမျှားမည့်အချိန်ကို စောင့်မျှော်ရင်း တန်းစီနေကြလေသည်။

ယန်ပုကွေ့မှာမူ အဝေးမှ နေ၍ မနာလိုသော အကြည့်တို့ဖြင့် စူးစိုက်ကြည့်နေသည်။ သူ၏ စိတ်အစဉ်မှာ ထိုငါးများကို ကြည့်ရှုနေရုံမျှနှင့် မကျေနပ်နိုင်ဘဲ သူတို့ရရှိမည့် ဝင်ငွေပမာဏကို စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေမိသည်။ သူ၏ ခန့်မှန်း တွက်ချက်မှုအရ ယန်ချုံးနှင့် ယွီရှို့တို့ ရရှိသည့် ငါးရောင်းရငွေမှာ ယွမ်ငါးဆယ်၊ ခြောက်ဆယ်ခန့် ရှိနေပြီဖြစ်သည်။ ဘုရားရေ… ထိုပမာဏမှာ မူလတန်းကျောင်း ဆရာတစ်ဦး၏ တစ်လစာ လစာငွေထက်ပင် ပိုမို များပြားနေသေးသည်။ ယန်ပုကွေ့၏ ရင်ထဲတွင် မနာလိုမှုတို့ဖြင့် ချဉ်စူးသွားရသည်။

မကြာမီ ယန်ချုံးက ငါးမျှားခြင်းကို ရပ်နားလိုက်ပြီး မွန်းတည့်ချိန်သို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် ငါးမျှားတံကို သိမ်းဆည်းလိုက်သည်။

“မွန်းတည့်နေပြီ ရှို့အာ… ငါတို့ အိမ်ပြန်ကြစို့”

ယွီရှို့က အနည်းငယ် အားနာသော ဟန်ဖြင့် မေးသည်။

“အစ်ကို… အစ်ကို မျှားထားတဲ့ ငါးတွေကို ညီမ အကုန် ရောင်းပစ်လိုက်မိပြီ။ ဒါမှမဟုတ် နောက်တစ်ကောင်လောက် ထပ်မျှားပြီး အစ်ကိုစားဖို့ အိမ်ယူသွားကြမလား”

ယန်ချုံးက ခေါင်းခါလျက်…

“မလိုပါဘူး။ မနေ့က တောကြက်တောင် စားလို့ မကုန်သေးဘူးလေ။ ဒီနေ့တော့ ငါး မစားသေးဘဲ နေလိုက်ရအောင် နောက်မှ စားချင်လာရင် လာမျှားကြတာပေါ့”

ယွီရှို့က ခေါင်းညိတ်၍ ပြန်ဖြေသည်။

“ဟုတ်ကဲ့ပါ အစ်ကို။ အစ်ကို့သဘောပါပဲ”

ယန်ချုံးသည် ငါးမျှားတံကို သိမ်းရင်း ငါးမျှားချိတ်တွင် တပ်ထားသော ဝက်အသည်းတုံးကို ရေထဲသို့ ပစ်ချလိုက်သည်။ ဤအသည်းတစ်တုံးတည်းဖြင့် ငါးများစွာကို ဖမ်းဆီးနိုင်ခဲ့သဖြင့် ရေထဲသို့ ပစ်ချပေးလိုက်ခြင်းမှာ ငါးတို့အား ကျေးဇူးဆပ်လိုက်ခြင်းပင် ဖြစ်သည်။ သူ မတ်တတ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဘေးတွင် ချောင်းမြောင်းနေသော ယန်ပုကွေ့က အလောတကြီး ပြေးလာသည်။

“ချုံးဇီ… မင်း မမျှားတော့ဘူးလား။ ဒါဆို ဒီနေရာကို တတိယဦးလေးကို ပေးခဲ့တော့လေ”

ယန်ချုံးမှာမူ အရေးမစိုက်သော်လည်း အနီးအနားတွင် ငါးမျှားနေကြသည့် အခြား အဘိုးကြီးများမှာမူ မကျေမနပ် ဖြစ်သွားကြသည်။ ယန်ချုံး မျှားရာတွင် ငါးများ ဆက်တိုက်မိနေသည်ကို မြင်တွေ့ထားကြသဖြင့် ထိုနေရာကို “ဖုန်းရွှေကောင်းသည့် ရတနာမြေ” ဟု သတ်မှတ်ထားကြသည်။

အားလုံးက နေရာလုရန် အသင့် စောင့်နေကြချိန်တွင် ယန်ပုကွေ့က အတင်း ဝင်လုသည်ကို မည်သူမျှ လက်မခံနိုင်ကြပေ။

“ဘာလို့ ခင်ဗျားကို ပေးရမှာလဲ။ ကျုပ်က အရင်လာတာ ကျုပ်ကို ပေးသင့်တာ”

“ဟုတ်ပါ့ ခင်ဗျားက အခုနလေးတင် အဝေးကနေ ကြည့်နေတာလေ။ ကျုပ်တို့က အကြာကြီး စောင့်နေခဲ့တာ ဘယ်လိုလုပ် ခင်ဗျားအလှည့် ရောက်လာရမှာလဲ”

ယန်ပုကွေ့က မျက်နှာရဲရဲနှင့် အော်ပြောလိုက်သည်။

“ချုံးဇီက ငါနဲ့ ခြံဝင်းတစ်ခုတည်း အတူတူ နေတာကွ။ သူက ငါ့ကို တတိယဦးလေးလို့ ခေါ်ရတာ သူထွက်သွားရင် ဒီနေရာက ငါ့နေရာဖြစ်ရမှာပေါ့”

သူတို့နှစ်ယောက် အဝေးသို့ ရောက်သွားသည့်တိုင် အနောက်မှ အငြင်းပွားသံများ ဆက်လက် ကြားနေရဆဲဖြစ်သည်။ ယန်ပုကွေ့က အနောက်မှ လှမ်းအော်နေသေးသည်။

“ချုံးဇီ… မင်း အလောတကြီး မသွားနဲ့ဦးလေ။ သူတို့ကို ပြောပြလိုက်ပါဦး။ ဒီနေရာကို မင်းက ငါ့ကို ပေးခဲ့တာပါလို့”

ယွီရှို့က ရယ်မောလျက် တိုးတိုးလေး ပြောသည်။

“အစ်ကို… ဒီတတိယဦးလေးက တော်တော် ရယ်ရတာပဲနော်။ အခုနကတင် အစ်ကို့ကို ငါးမျှားသင်ပေးဖို့ သင်တန်းကြေး မောင်းငါးပြား ယူမယ်ဆိုပြီး ပြောနေသေးတာ အခုကျတော့လည်း မျက်နှာပြောင်တိုက်ပြီး အစ်ကို့နေရာကို လုနေပြန်ပြီ”

ယန်ချုံးက ဆိုသည်။

“ဒီအဘိုးကြီးက အဲလို အမြတ်လေး နည်းနည်းပါးပါး ထွက်တာကို ကြိုက်တတ်ရုံပါ။ ဘာ စိတ်ယုတ်မာမှတော့ မရှိပါဘူး။ သူ့ကို သိပ်ဂရုစိုက်မနေပါနဲ့”

ယွီရှို့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“အင်း အစ်ကို… အစ်ကိုက တကယ် တော်တာပဲ။ မနေ့ကလည်း တောယုန်တွေ၊ တောကြက်တွေ အများကြီး ဖမ်းလာနိုင်တယ်။ ဒီနေ့လည်း ငါးတွေ အများကြီး မျှားနိုင်ပြန်ပြီ။ ဟိုငါးမျှားနေတဲ့ အဘိုးကြီးတွေ အစ်ကို့ကို ကြည့်နေတဲ့ အကြည့်တွေကိုများ မမြင်လိုက်ဘူးလား။ တော်တော်ကို မနာလိုဖြစ်နေကြတာ”

ယန်ချုံးက ပြုံးလျက် ဆိုသည်။

“တွက်ပြီးပြီလား။ ငါးရောင်းရငွေ ဘယ်လောက်ရလဲ”

ယွီရှို့က စိတ်လှုပ်ရှားစွာဖြင့် ပြောရန် ပြင်လိုက်သော်လည်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ယန်ချုံး၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောသည်။

“အစ်ကို… ငါးကောင်ရေ ခုနစ်ဆယ်၊ ရှစ်ဆယ်လောက် မျှားလိုက်နိုင်တယ်။ တစ်ကောင်ကို နှစ်ယွမ်နဲ့ဆိုတော့ စုစုပေါင်း တစ်ရာ့ခြောက်ဆယ်ကျော်တောင် ရတယ်လေ။ မနေ့က တောကြက်နဲ့ တောယုန် ရောင်းရတဲ့ ငွေနဲ့ပါ ပေါင်းလိုက်ရင် ကျွန်မတို့ဆီမှာ အခု ယွမ်သုံးရာကျော်တောင် ရှိနေပြီ။ အစ်ကို သိပ်တော်တာပဲ။ အစ်ကို နှစ်ရက်အတွင်း ရှာနိုင်တဲ့ငွေက အလုပ်လုပ်နေတဲ့သူတွေ တစ်နှစ်လုံး ရှာတဲ့ ငွေနဲ့ သွားတူနေပြီ”

ယန်ချုံးက “ပိုက်ဆံ ဘယ်လောက်ပဲရရ နောက်ပိုင်း မင်းကိုပဲ ကိုင်ခိုင်းမယ်” လို့ပြောလိုက်လေရာ ယွီရှို့မှာ ရင်ထဲ၌ ကြည်နူးမှုတို့ဖြင့် ပြည့်နှက်သွားလေသည်။

“ဒါပေမဲ့ တခြားသူတွေကိုတော့ လုံးဝ ပေးသိလို့ မဖြစ်ဘူးနော်။ မဟုတ်ရင် ငါတို့ ပြဿနာတက်လိမ့်မယ်”

ယွီရှို့က ခေါင်းကို အားကြိုးမာန်တက် ညိတ်ကာ ဆိုလေသည်။

“အစ်ကို… ကျွန်မ သိပါတယ်။ တချို့လူတွေက မျက်စိကျဉ်းတယ်လေ။ အစ်ကို ဒီလောက် ပိုက်ဆံတွေ အများကြီး ရှာနိုင်မှန်းသိရင် သေချာပေါက် ကျွန်မတို့ကို ဒုက္ခပေးကြမှာပဲ။ ဒါပေမဲ့ အခုနက တတိယဦးလေးက အကုန် မြင်သွားတာဆိုတော့ တစ်ခုခုများ ဖြစ်လာမလားဟင်”

ယန်ချုံးက ခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး။ အဆိုးဆုံး ဖြစ်လာရင်တောင် နောက်ပိုင်း ငါ ဒီကို လာမမျှားတော့ဘူးပေါ့။ သူ့ကို ဒီနေ့ ငါ ကံကောင်းသွားလို့ပါဆိုပြီး ပြောလိုက်မယ်။ နောက်ပိုင်း ငါးမရတော့ဘူးဆိုရင် ပြီးတာပါပဲ”

ယွီရှို့က ထောက်ခံလိုက်သည်။

“ဟုတ်တယ် အဲလိုပဲ ပြောလိုက်”

ယန်ချုံးမှာမူ နောက်ပိုင်းတွင် လူတွေကို ရှောင်နိုင်မည့် နည်းလမ်းရှာရန် စိတ်ကူးမိသည်။

သူတို့နှစ်ယောက် ခြံဝင်းထဲသို့ ပြန်ရောက်သည့်အခါ လက်ဗလာဖြင့် ပြန်လာသည်ကို မြင်သော လူတို့က ပြုံးရုံသာ ပြုံးလိုက်ကြသည်။ သို့သော် ကျားကျန်းရှစ်ကမူ တံခါးဝတွင် ရပ်ကာ နှုတ်ခမ်းမဲ့လျက် ပြောလိုက်သည်။

“ဟွန့်... တစ်ကောင်မှ ပါလာမှာ မဟုတ်ဘူးဆိုတာ သိသားပဲ။ ငါးဆိုတာ လူတိုင်း မျှားနိုင်တဲ့ အရာမှတ်လို့”

“ငါးမျှားတယ်ဆိုရင်တော့ ငါတို့အိမ်က လောင်ကျားမှပဲ။ ငယ်ငယ်တုန်းက ငါ့ကို ခေါ်သွားပြီး ငါးမျှားရင် တစ်နေ့ကို အကောင်ရေ အများကြီး ရတာ။ အခုလိုမျိုး ဘယ်ဟုတ်မလဲ...”

ကျားကျန်းရှစ်မှာ ဆက်လက် မြည်တွန် တောက်တီးနေလေသည်။ ယွီရှို့မှာမူ သူမကို အဖက်လုပ်လိုစိတ် မရှိပေ။

မွန်းတည့်ချိန်တွင် ခေါက်ဆွဲကြိတ်ပြီး မနေ့ညက ကျန်သော ကြက်သားဟင်းဖြင့် စားသောက်ကြသည်။ ထမင်းစားနေစဉ် အရှေ့ခြံဝင်းမှ ယန်ကျဲတိ၏ အသံကို ကြားလိုက်ရသည်။

“အဖေ ငါးမျှားရာက ပြန်လာပြီလား။ ဝမ်းသာလိုက်တာ ဒီနေ့တော့ ငါတို့ ငါးစားရပြီ”

ယန်ကျဲ့တိက ငါးပုံးငယ်လေးကို ယူကြည့်လိုက်ရာ ချက်ချင်းပင် မျက်နှာပျက်သွားသည်။

“ဘာလို့ အလွတ်ကြီး ဖြစ်နေတာလဲ။ အဖေ… တစ်မနက်လုံး မျှားနေတာ ဘယ်လိုဖြစ်လို့ တစ်ကောင်မှ မရလာရတာလဲ”

ယန်ပုကွေ့မှာ ညှိုးနွမ်းသော မျက်နှာဖြင့် စက်ဘီးကို ရပ်ကာ အလယ်ခြံဝင်းဘက်သို့ လှမ်းကြည့်လိုက်သည်။ စန်းတာ့မားက ထွက်လာပြီး မေးသည်။

“ဘယ်လိုဖြစ်တာလဲ အဘိုးကြီး… ဒီနေ့ တစ်ကောင်မှကို မရခဲ့ဘူးလား”

ယန်ပုကွေ့က သက်ပြင်းချကာ…

“ဒီနေ့ ကံက ဘယ်လိုဖြစ်လို့ ဒီလောက်ဆိုးနေမှန်းကို မသိပါဘူးကွာ။ တစ်မနက်လုံး မျှားတာတောင် ငါးစာလာဟပ်တဲ့ကောင် တစ်ကောင်မှကို မရှိဘူး။ ယန်ချုံး အဲဒီကောင်လေးကတော့ ဒီနေ့ ကံ တကယ် ကောင်းတာပဲ။ သေချာတယ်... သူ ငါ့ကံတွေကို လုယူသွားလို့ ဖြစ်ရမယ်”

စန်းတာ့မားက အံ့ဩစွာဖြင့် မေးသည်။

“ယန်ချုံးက ကံကောင်းတယ်။ သူလည်း တစ်ကောင်မှ မရခဲ့ဘူး မဟုတ်ဘူးလား”

ယန်ပုကွေ့က ဆိုသည်။

“သူ မရခဲ့ဘူး ဟုတ်လား။ သူ ရခဲ့တဲ့ ငါးတွေ အကုန်လုံးကို ရောင်းပြီး ပိုက်ဆံ လုပ်ပစ်လိုက်တာကွ။ ငါ့မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာ။ အဲကောင်လေးရဲ့ ငါးမျှားတံက အနားကို မရဘူး။ တစ်ကောင်ပြီး တစ်ကောင် တက်လာတာ။ အကောင်ရေ ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်ကို ရလိုက်တာ။ တစ်ကောင်ကို နှစ်ယွမ်နဲ့ ဆိုတော့ အနည်းဆုံး ယွမ်တစ်ရာကျော်လောက်တော့ ရောင်းရလိုက်တယ်”

အဒေါ်သုံးမှာ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားကာ ပြောသည်။

“ဘာ… ယွမ်တစ်ရာကျော်။ ဒါ... ဒါက ရှင့်ရဲ့ လစာ သုံး၊ လေးလစာလောက်နဲ့တောင် ညီနေပြီပဲ”

“အေးလေ ဒီကောင်လေး ကံ သိပ်ကောင်းလွန်းတယ်။ ငါ ငါးမျှားလာတာ ဒီလောက် နှစ်တွေ ကြာနေပြီ။ ဘာလို့များ သူ့လို ကံ မကောင်းရတာလဲ”

ယန်ပုကွေ့က သက်ပြင်းချရင်း ပြောလိုက်သည်။

မူလက သူသည် ယန်ချုံး၏ “ဖုန်းရွှေကောင်းသည့် ရတနာမြေ” ကို လုယူနိုင်ခဲ့သည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် သူ အချိန်ကြာမြင့်စွာ မျှားခဲ့သော်လည်း တစ်ကောင်မျှပင် မရခဲ့ပေ။ ထိုနေရာ၏ ကံကြမ္မာတို့မှာ ယန်ချုံးနှင့်အတူ ပါသွားခဲ့ပြီဟု သူ ခံစားလိုက်ရသည်။

All Chapters