အခန်း ၂၂
Vol. 3 Ch. 22
အခန်း (၂၂) - ဖိနပ် ထပ်ပြီး ညစ်ပတ်ပြန်ပြီ
အလယ်ခြံဝင်း အတွင်း၌ကား ယီကျုံးဟိုင်တစ်ယောက် လိုက်ကာစ နောက်ကွယ်တွင် ထိုင်လျက် လူအများ ဝိုင်းအုံနေကြသော ယန်ချုံးနှင့် ယွီရှို့တို့အား အေးစက်ခက်ထန်သော အကြည့်တို့ဖြင့် စိုက်ကြည့်နေလေသည်။ မထီမဲ့မြင် ပြုဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ရင်း သူ၏ နှုတ်ခမ်းဖျားမှ လှောင်ပြောင်သံတစ်ချက် ထွက်ပေါ်လာ၏။
“လမ်းဘေးမှာ ကုန်ထမ်းနေတဲ့ အောက်ခြေသိမ်းကောင်ကများ လမ်းဘေးက သူတောင်းစားမလေးတစ်ယောက် ကောက်ရတာကို ရတနာတစ်ပါးလို အရေးတယူ လုပ်နေလိုက်တာ။ အဝတ်အစားသစ်တွေတောင် ဝယ်ပေးသေးတယ်တဲ့။ ရက်နည်းနည်းလောက်နေရင် သူ ဘယ်လို ရပ်တည်မလဲဆိုတာ စောင့်သာ ကြည့်နေလိုက်။ အဲဒီကျရင် ဘယ်လို ကောက်လာခဲ့သလဲ။ အဲဒီလိုပဲ ပြန်လွှင့်ပစ်ရလိမ့်မယ်”
ယီတာ့မားက သူ့ကို တစ်ချက်စောင်းငဲ့ ကြည့်လိုက်ပြီး ဝင်ပြောလေသည်။
“သူများကလေး ချုံးဇီက ဘာဖြစ်နေလို့လဲ။ သူ့ခမျာ တော်တော်လေး ခက်ခက်ခဲခဲနဲ့ မိန်းမတစ်ယောက် ရလာတာ ကောင်းတဲ့ ကိစ္စပဲဟာ။ ရှင်က သူများအတွက် ကောင်းတာလေးများ မဆုတောင်းပေးချင်ဘူးလား”
“ဟွန်း... သူက မိုးမြင့်မှန်း မြေထူမှန်းမှ မသိတာ။ ငါ့ကိုလည်း ဒီခြံဝင်းရဲ့ ပထမဦးကြီး ယီတာ့ယဲ့ တစ်ယောက်လို အရေး မစိုက်တဲ့ကောင်။ ဒီခြံဝင်းထဲမှာ သူ့ကို ကြည့်လို့ မရတော့ဘူးကွ”
ယီကျုံးဟိုင်က မကျေမချမ်းဖြင့် ဆို၏။
“အဲဒါလည်း ရှင်ကိုယ်တိုင် ပြဿနာရှာတာပဲလေ။ အဲဒီ ကျားကျန်းရှစ်က ဘယ်လို လူစားလဲဆိုတာ ရှင် မသိတာကျနေတာပဲ။ သူ့ဘက်ကနေ အတင်းကာရော ရှေ့နေလိုက်ပေးပြီး ချုံးဇီကို သွားအနိုင်ကျင့်မှတော့ သူက ရှင့်ကို မျက်နှာချို သွေးပါ့မလား။ ကျွန်မဖြင့် စဉ်းစားလို့ကို မရဘူး။ ရှင်က ဘာကိစ္စ သူ့ဘက်ကနေ အတင်းအဓမ္မ ရပ်တည်ပေးနေရတာလဲ”
ယီကျုံးဟိုင်က စိတ်မရှည်စွာဖြင့် ဖွင့်ဟလိုက်သည်။
“ငါကရော အဲဒီလို လုပ်ချင်နေလို့လား။ မင်းဝမ်းဗိုက်က မစွမ်းဆောင်နိုင်လို့သာပေါ့။ မင်းသာ ငါ့အတွက် သားသမီးတစ်ယောက်လောက် မွေးပေးနိုင်ခဲ့ရင် ငါက နောင်တစ်ချိန် ငါ့ကို ပြုစုစောင့်ရှောက်မဲ့ သူကို ဒီလို လိုက်ရှာနေပါ့မလား။ ဒါက နောက်ပိုင်းကျရင် သူ့သား တုန်းရွှီက ငါတို့နှစ်ယောက်ကို ပြုစုလုပ်ကျွေးပြီး နာရေးကိစ္စအထိ တာဝန်ယူပေးပါ့မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ လုပ်နေရတာလေ။ မဟုတ်ရင် ငါက ဘာကိစ္စ သူ့ဘက်က ရပ်တည်ပေးရမှာလဲ”
ယီတာ့မားသည် မိမိ၏ အားနည်းချက်ကို အထိခိုက် ခံလိုက်ရသဖြင့် အတန်ငယ် ငြိမ်သက်သွားပြီးနောက်မှ ခပ်တိုးတိုး အသံဖြင့် ပြန်ပြောရှာသည်။
“ဒါပေမဲ့ ရှင် ရှာထားတဲ့ တုန်းရွှီကရော အားကိုးရလို့လား။ ခြံဝင်းထဲမှာ တခြားကလေးတွေ အများကြီးရှိတာကို ဘာလို့ သူ့ကိုမှ အတင်း ရွေးရတာလဲ။ ရှင် သူရဲ့ ဘယ်အချက်ကို သဘောကျပြီး ရှင့်ကို ပြုစု စောင့်ရှောက်ခိုင်းမလို့လဲဆိုတာ ကျွန်မဖြင့် စဉ်းစားလို့ကို မရဘူး”
“ခြံဝင်းထဲမှာ ကလေးတွေ များတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တခြားကလေးတွေက ကိုယ့်မိဘနဲ့ ကိုယ် ရှိနေကြတာလေ။ ဘယ်သူက ငါတို့ကို လာပြုစုမှာလဲ။ တုန်းရွှီတစ်ယောက်ပဲ အဖေ မရှိတာ။ ဟုတ်တယ်... ချာတိတ် ကျူးဇီ တိုင်လုံး ငတုံး ရှိသေးတယ် ဆိုပေမဲ့ ဟော်တာချင်းက မုဆိုးမနောက် လိုက်ပြေးသွားတဲ့ ကိစ္စ ဘယ်အချိန် ပြန်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ ပြီးတော့ တုန်းရွှီက အခု ငါ့တပည့် ဖြစ်နေပြီ။ ငါက သူ့အပေါ် ကောင်းကောင်း ဆက်ဆံပေးရင် သူက ငါ့ကို ပြန်လုပ်ကျွေးဖို့ဆိုတာ သဘာဝကျကျပဲ ဖြစ်လာမှာပဲ”
ယီတာ့မားက နှုတ်ခမ်းတစ်ချက်မဲ့လိုက်ရင်း…
“ရှင့်စိတ်ကူးကတော့ အတော်လေး ဟုတ်နေတာပဲ။ ဒါပေမဲ့ ရှင် သတိမထားမိဘူးလား။ အဲဒီကျားကျန်းရှစ်က အန္တရာယ်ကောင်ကြီးလေ။ နေ့တိုင်း ခြံဝင်းထဲမှာ ပြဿနာရှာနေတာ။ ရှင်က ကိုယ့်ဒုက္ခကိုယ်ရှာမဲ့ မိစ္ဆာမတစ်ကောင်ကို သွားပတ်သက်နေတာ မဟုတ်ဘူးလား။ ပြီးတော့ အဲဒီကျားတုန်းရွှီကလည်း သူ့အမေအတိုင်းပဲ အစားမက်ပြီး ပျင်းရိတယ်။ ဉာဏ်ကလည်း ဝက်လိုပဲ တုံးသေးတယ်။ စက်ရုံထဲ ဝင်လုပ်နေတာ နှစ်အတော်ကြာပြီကို အခုထိ အဆင့် ၂ စက်ပြင်သမားအဆင့်ပဲ ရှိသေးတယ်။ ရှင် မရှက်ဘူးလား”
စကားပြောနေရင်းမှ ရုတ်တရက် အကြံတစ်ခု ရသွားဟန်ဖြင့်…
“တကယ်တော့ ချုံးဇီကလည်း အခုဆို အဖေရော အမေရော မရှိတော့ဘူး မဟုတ်လား။ ရှင် ဘာလို့ သူ့ကို ထည့်မစဉ်းစားရတာလဲ။ ကျွန်မ ကြည့်ရသလောက်တော့ ချုံးဇီက ဒုက္ခလည်း ခံနိုင်တယ်။ ဉာဏ်လည်း ကောင်းတယ်။ ကျားတုန်းရွှီထက် ပိုပြီး အသုံးမဝင်ဘူးလား”
ယီကျုံးဟိုင်က ခေါင်းခါ ယမ်းလိုက်ပြီး ဆိုလေသည်။
“မင်း ဘာသိလို့လဲ။ ဒီကောင်က ဉာဏ်ကောင်းပေမဲ့ စကားမှ နားမထောင်တာ။ သူ့မျက်လုံးထဲမှာ ငါ့ကို လုံးဝ အလေးမထားတာ မင်းမမြင်ဘူးလား။ အဲဒီလိုကောင်ဆီကနေ ငါတို့ကို ပြုစုလုပ်ကျွေးဖို့ သွားမျှော်လင့်လို့ ရပါ့မလား။ နောက်ပြီး သူက လမ်းဘေးမှာ ကုန်ထမ်းနေတဲ့ သူပဲလေ။ ဘာနဲ့များ ငါတို့ကို ကျွေးမွေးပြုစုမှာလဲ။ တုန်းရွှီက နည်းနည်း တုံးပေမဲ့ အနည်းဆုံးတော့ နိုင်ငံပိုင် စက်ရုံက အမြဲတမ်း ဝန်ထမ်းပဲ။ နောင်ကျရင် ငါရဲ့ ဖေးမကူညီမှုနဲ့ အဆင့် ၄၊ အဆင့် ၅ စက်ပြင်သမား ဖြစ်လာဖို့ဆိုတာ ဘာပြဿနာမှ မရှိဘူး။ နောက်ပိုင်း ငါတို့ကို ပြန်လုပ်ကျွေးဖို့ဆိုတာလည်း ဘာဖိအားမှ ရှိလာမှာမဟုတ်ဘူး”
ထိုသို့ ဇနီးမောင်နှံနှစ်ဦး အိမ်တွင်း၌ စကားစမြည် ပြောဆိုနေခိုက်မှာပင် ယန်ချုံးနှင့် ယွီရှို့တို့သည် အရှေ့ခြံဝင်းအတွင်းရှိ အဒေါ်၊ အန်တီများ၏ စပ်စု ဝိုင်းအုံမှုကြားမှ ရုန်းထွက်လာခဲ့ကာ အလယ်ခြံဝင်းဆီသို့ ပြန်လည် ရောက်ရှိလာကြလေပြီ။
ထိုစဉ် ချင်ဟွိုင်ရူမှာ ထမင်းအိုးတစ်လုံးကို ပိုက်လျက် ခြံဝင်းအတွင်းရှိ ရေကန်ဆီသို့လာပြီး ရေခပ်ကာ ထမင်းချက်ရန် ပြင်ဆင်နေခိုက် ဖြစ်သည်။
ချစ်ခင်ကြင်နာစွာ ရယ်မောပြောဆိုလျက် အတူတကွ ဝင်ရောက်လာကြသော သူတို့နှစ်ဦး၏ မြင်ကွင်းမှာ တကယ့်ကိုပင် ရွှေနဂါးနှင့် ငွေငန်းတို့ ယှဉ်တွဲနေသည့်အလား လိုက်ဖက် ညီလှပေသည်။ အထူးသဖြင့် ယွီရှို့သည် အလှပဆုံးသော အဝတ်အစားသစ်များကို ဆင်ယင်ထားသည့်အတွက် ပန်းချီကားချပ်ထဲမှ ဆင်းသက်လာသည့် နတ်သမီးငယ်လေးတစ်ပါးနှယ် ကျက်သရေရှိလှရာ အစောပိုင်းက ယန်ချုံး လမ်းဘေးမှ ကောက်ရလာစဉ်က ဆံပင်စုတ်ဖွား ညစ်ပတ် ပေရေနေခဲ့သော သူတောင်းစားမလေးနှင့် လုံးဝ ယှဉ်တွဲ၍ပင် မရနိုင်တော့ချေ။
မည်သည့် အကြောင်းအရင်းကြောင့်မှန်း မသိ ချင်ဟွိုင်ရူ၏ ရင်အုံအတွင်း၌ မနာလို ဝန်တိုမှု လှိုင်းဂယက်တို့ ရုတ်ခြည်း ပွက်လောရိုက်လာခဲ့သည်။
အတိတ်ကာလများကို ပြန်ပြောင်းတွေးကြည့်လျှင် သူမသည်လည်း ချင်ကျားချွန်း ချင်ရွာ၏ ရွာ့ကျက်သရေဆောင် အလှပန်းတစ်ပွင့် ဖြစ်ခဲ့ဖူးသည်။ သူမအား ကမ်းလှမ်း တောင်းရမ်းခဲ့ကြသည့် လူပျို ကာလသားများမှာလည်း မနည်းမနောပင်။ သို့သော် သူမသည် မည်သူ့ကိုမျှ အရေးမလုပ်ခဲ့ဘဲ မြို့ပေါ်တက်ကာ စည်းစိမ်ခံစားရမည့် ဘဝကိုသာ အိပ်မက်မက်ခဲ့သည်။ နောက်ဆုံးတွင် သေချာစွာ စိစစ် ရွေးချယ်ပြီးမှသာ မြို့သားဖြစ်သူ ကျားတုန်းရွှီကို သူမ၏ လိုအင်ဆန္ဒများနှင့် အညီ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ရလဒ်ကား အဘယ်နည်း။
မြို့သားတစ်ယောက်၊ နိုင်ငံပိုင် စက်ရုံမှ အမြဲတမ်း ဝန်ထမ်းတစ်ယောက်နှင့် လိုအင်ဆန္ဒ ပြည့်ဝစွာ အိမ်ထောင်ကျခဲ့ရသော်ငြား သူမ အိပ်မက် မက်ခဲ့သည့် သာယာဖြောင့်ဖြူးသော ဘဝမျိုးကား ဖြစ်တည် မလာခဲ့ပေ။ ကျားတုန်းရွှီမှာ အမြဲတမ်း ဝန်ထမ်းဟု ဆိုသော်လည်း စက်ရုံထဲသို့ ဝင်ရောက် လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူနှင့်အတူ အလုပ်ဝင်ခဲ့သူများမှာ အဆင့် ၃၊ အဆင့် ၄ စက်ပြင်သမားများ ဖြစ်ကုန်ကြပြီ ဖြစ်သော်လည်း သူကမူ ယခုထက်တိုင် အဆင့် ၂ နေရာ၌သာ တဝဲလည်လည် ဖြစ်နေဆဲ။ ဤသည်မှာပင် သူ၏ ဆရာဖြစ်သူ ယီကျုံးဟိုင်၏ အကူအညီကြောင့်သာ ဖြစ်ပြီး ထိုသို့သာ မဟုတ်လျှင် အဆင့် ၂ ပင် ရပါမည်လား မသေချာလှချေ။
ထို့အပြင် သူမက မြို့သားနှင့် လက်ထပ်ခဲ့ရသည် ဆိုသော်ငြား တစ်မိသားစုလုံးတွင် ကျားတုန်းရွှီ တစ်ယောက်တည်း၌သာ မြို့ပြ သန်းခေါင်စာရင်း ရှိလေသည်။ သူမ ကလေးနှစ်ယောက်နှင့် ယောက္ခမဖြစ်သူ ကျားကျန်းရှစ်တို့မှာမူ ကျေးလက် သန်းခေါင်စာရင်းများသာ ဖြစ်ကြ၏။ ကျေးလက် သန်းခေါင်စာရင်း ဖြစ်နေသည့် အတွက် ရိက္ခာခွဲတမ်း မရရှိပေ။ ထို့ကြောင့် မိသားစုဝင် ၅ ယောက်စလုံးမှာ ကျားတုန်းရွှီ တစ်ယောက်တည်း၏ ရိက္ခာ ခွဲတမ်းလေးကိုသာ မှီခို ရပ်တည်နေကြရပြီး မလောက်ငှသည့် အခါများတွင် မှောင်ခိုဈေးကွက် ချိုးငှက်ဈေးကွက် သို့သွားကာ မဖြစ်မနေ နည်းလမ်းရှာ ဝယ်ယူကြရလေသည်။
ထို့ကြောင့် သူမတို့၏ ဘဝ မည်မျှလောက် ကျပ်တည်း ဆင်းရဲမည်ကို တွေးကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။ ဤမျှနှင့် ပြီးပြီလားဆိုတော့ မဟုတ်သေးပေ။ ချင်ဟွိုင်ရူကို အခံပြင်းဆုံး ဖြစ်စေသည့် အချက်မှာ သူမသည် ဤအိမ်၌ အစေခံ မိန်းကလေးတစ်ယောက်ပမာ နှိမ့်ချဆက်ဆံ ခံနေရခြင်းပင် ဖြစ်သည်။
ဤအိမ်တံခါးဝကို စတင် ခြေချကတည်းကပင် ယောက္ခမဖြစ်သူ ကျားကျန်းရှစ်က သူမလို ကျေးလက်တောရွာမှ မိန်းကလေးတစ်ယောက်အနေဖြင့် မိမိ၏ သားနှင့် လက်ထပ်ခွင့်ရသည်မှာ ကံထူးလွန်းလှကြောင်း ကျားတုန်းရွှီခမျာ သူမကို ယူမိသည့်အတွက်သာ ဒုက္ခရောက်ရခြင်း ဖြစ်ကြောင်း နေ့ခင်းကြောင်တောင် အချိန်တိုင်းလိုလို အသံသြဇာပေးကာ ပြောဆိုတတ်သည်။ ထို့ကြောင့်ပင် အိမ်ရှိ ပင်ပန်းဆင်းရဲသော အလုပ်များ၊ ညစ်ပတ်ပေရေသော အလုပ်များအပြင် အလုပ်ကြီး၊ အလုပ်ငယ် ဟူသမျှကို သူမအပေါ်သို့သာ ပုံချထားတတ်ပြီး စားစရာ သောက်စရာ ရှိလာလျှင်လည်း တစ်မိသားစုလုံး ဗိုက်ဝအောင် စားသောက်ပြီးမှသာ သူမအလှည့်သို့ ရောက်လေသည်။
စကားပြောဆိုရာတွင်လည်း အမြဲတစေ ဆဲရေးတိုင်းထွာတတ်ပြီး ရံဖန်ရံခါတွင် အိမ်တွင်းဥပဒေဖြင့် နှိပ်စက် ညှဉ်းပန်းတတ်သေးသည်။
ဤမျှ ဆိုးရွားလှသော မိသားစုအတွင်းသို့ အိမ်ထောင်ကျခဲ့ရသဖြင့် ချင်ဟွိုင်ရူခမျာ ငိုချင်လျက် လက်သီးဆုပ်ကာ ကြိတ်မှိတ် ခံစားနေရသော်လည်း နောင်တရရန်ကား အချိန်နှောင်းခဲ့ပြီ ဖြစ်လေသည်။ လင်ယောက်ျားကိုလည်း မိမိကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သလို ယောက္ခမအိမ်ကိုလည်း မိမိကိုယ်တိုင် ဝင်ရောက်ခဲ့ခြင်း ဖြစ်ရာ နောင်တရနေ၍လည်း အပိုပင် ဖြစ်တော့သည်။
ယခုအခါတွင်မူ ယန်ချုံးနှင့် ယွီရှို့ ဇနီးမောင်နှံနှစ်ဦး၏ အကြင်နာပိုကာ ချစ်ခင်ယုယ နေကြပုံကို မြင်တွေ့ရချိန်၌ မိမိကိုယ်မိမိ ပြန်လည်နှိုင်းယှဉ် တွေးတောမိကာ ချင်ဟွိုင်ရူ၏ ရင်တွင်းမှ သောကမျက်ရည်တို့ လိမ့်ဆင်းလာခဲ့ရသည်။
အတိတ်က မိမိကိုယ်တိုင် မျက်စိကန်းခဲ့သဖြင့် ဤသို့သော မိသားစုမျိုးကို ရွေးချယ်ခဲ့မိပြီး ဤမျှ အသုံးမကျသော ယောက်ျားတစ်ယောက်နှင့် လက်ထပ်ခဲ့မိခြင်းအပေါ် အလွန်တရာ နာကြည်းမိလေသည်။
သူတစ်ပါးဖြစ်သူ ယွီရှို့ကို ကြည့်စမ်းပါ။ မူလက လမ်းဘေးမှ သူတောင်းစားမလေး တစ်ယောက်ဖြစ်ခဲ့သော်လည်း ယန်ချုံးနှင့် လက်ထပ်လိုက်ရသောအခါ ရတနာတစ်ပါးနှယ် တန်ဖိုးထား မြတ်နိုးခြင်းကို ခံရသည်။ ယန်ချုံးက သူမအတွက်နှင့် ကျားကျန်းရှစ်ကိုပင် ပါးရိုက်ရဲခဲ့သည်။ ယီကျုံးဟိုင်ကိုလည်း ပြတ်ပြတ်သားသား တုံ့ပြန်ဝံ့ခဲ့သည်။ လှပသော အဝတ်အစားသစ်များကိုလည်း ဝယ်ယူ ဆင်ယင်ပေးခဲ့သည်။ မိမိမှာမူကား... ဤအိမ်တံခါးကို ဝင်လာကတည်းက အစေခံမလေး တစ်ယောက်ဘဝသို့ ရောက်ရှိသွားခဲ့ပြီး လူသားတစ်ယောက်လိုပင် အဆက်ဆံ မခံရချေ။
တူညီသော လူသားချင်း၊ တူညီသော မိန်းမသားချင်း ဖြစ်ပါလျက် အဘယ်ကြောင့် ဤမျှလောက် ကွာခြားချက် ကြီးမားနေရပါသနည်း။
ချင်ဟွိုင်ရူတစ်ယောက် ဤနေရာ၌ မနာလို ဝန်တိုမှုများနှင့် ဝမ်းနည်း ကြေကွဲနေဆဲမှာပင် သူမ၏ ကျောဘက်ဆီမှ ကျားကျန်းရှစ်၏ အော်ဟစ် ကြိမ်းမောင်းသံကြီး ထွက်ပေါ်လာလေသည်။
“ချင်ဟွိုင်ရူ... နင် ရေသွားမခပ်ဘဲ၊ ထမင်းမချက်သေးဘဲ ဒီမှာ ဘာတွေ ရပ်ငေးနေတာလဲ။ ငါတို့ကို အငတ်ထား သတ်မလို့လား”
‘လာပြန်ပြီ...’
ချင်ဟွိုင်ရူ ခေါင်းကို ငုံ့ချလိုက်ကာ ရေအိုးကို အမြန်ပိုက်လျက် ရေကန်နားဆီသို့ ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။
ကျားကျန်းရှစ်သည် ဖရုံစေ့များကို ဝါးရင်း အိမ်အပြင်သို့ ထွက်လာရာမှ ယန်ချုံးနှင့် ယွီရှို့တို့ကို လှမ်းမြင်လိုက်သည်နှင့် သူမ၏ မျက်နှာကြီးမှာ ချက်ချင်းပင် ပုပ်သိုးသွားတော့သည်။
“ဟွန်း...”
နှာခေါင်းရှုံ့သံ တစ်ချက်နှင့်အတူ အထင်အမြင်သေးဟန် ပြလိုက်သော်လည်း ယန်ချုံးနှင့် ယွီရှို့တို့ ဇနီးမောင်နှံကမူ သူမအား အလျဉ်း ဂရုမစိုက်ကြပေ။ နှစ်ယောက်သား စကားတပြောပြောနှင့်ပင် ကိုယ့်အိမ်ထဲသို့ ဝင်သွားကြလေသည်။
ထိုအခါမှသာ ကျားကျန်းရှစ်က လည်ချောင်းထဲမှ သလိပ်ကို ဟပ်၍ မကျေမချမ်းဖြင့် ထွေးထုတ်လိုက်ရင်း ကျိန်ဆဲရန် ပြင်လိုက်သည်။
“ဒီကောင်စုတ်...”
သူမ၏ စကားပင် မဆုံးလိုက်ခင် အိမ်ထဲသို့ စောစောလေးကမှ ဝင်သွားသော ယန်ချုံးသည် ရုတ်တရက် အပြင်သို့ လှည့်ထွက်လာလေသည်။
ကျားကျန်းရှစ်၏ တုံ့ပြန်မှုက အလွန် လျင်မြန်လှသည်။ သူမ၏ ညာဘက် ခြေထောက်ကို ရှေ့သို့ အမြန် ဆန့်ထုတ်ကာ ဖုံးကွယ်ရန် ကြိုးစားလိုက်၏။
ဖတ်…
ထိုသလိပ်ချွဲခဲကြီးမှာ သူမကိုယ်တိုင် ဆန့်ထုတ်လိုက်သော ဖိနပ်မျက်နှာပြင်ပေါ်သို့သာ ထပ်မံ၍ တိတိကျကျ ကျဆင်းသွားပြန်လေသည်။ ထိုမြင်ကွင်းကြောင့် ကျားကျန်းရှစ်၏ ဝတုတ်နေသော မျက်နှာကြီးမှာ မဲ့ရွဲ့ရှုံ့တွ သွားတော့သည်။
ကံကောင်းသည်မှာ ယန်ချုံးက သူမအား တစ်ချက်မျှသာ စိုက်ကြည့်ပြီးနောက် သူမဖိနပ်ပေါ်ရှိ သလိပ်ကိုပါ ထပ်မံ ကြည့်ရှုလိုက်ကာ အိမ်ထဲသို့ ပြန်လည် ဝင်ရောက်သွားခြင်းပင် ဖြစ်သည်။
ကျားကျန်းရှစ်သည် မိမိအိမ်ထဲသို့ အရှက်တကွဲဖြင့် အမြန် ပြေးဝင်သွားရင်း မြည်တွန် တောက်တီးသံကြီး ထွက်ပေါ် လာလေသည်။
“သေချင်းဆိုး ကောင်စုတ်… ငါ့ဖိနပ်တွေ၊ ငါ့လက်တွေကို ထပ်ပြီး ညစ်ပတ်အောင် လုပ်ပြန်ပြီဟေ့...”