အခန်း ၂၃
Vol. 3 Ch. 23
အခန်း (၂၃) - ငွေသုံးဆယ်အတွက် သမီးကို ရောင်းစားခြင်း
ညစာဝိုင်းလေးက ရိုးရှင်းလှသည်။ ဆီသတ်ထားသော မုန်လာဥ၊ ဂေါ်ဖီထုပ်ကြော်တို့နှင့် ယွီရှို့ ကိုယ်တိုင်ဖုတ်ထားသည့် ဂျုံမုန့်ပြားကို တွဲဖက် စားသောက်ရသည်။ အသားဟင်း မပါသော်ငြား ထမင်းဝိုင်းလေးက နှစ်လိုဖွယ် ကောင်းနေ၏။ အထူးသဖြင့် ယွီရှို့၏ မျက်နှာလေးမှာ နီရဲတောက်ပနေပြီး ကိုယ်ပေါ်ရှိ အင်္ကျီအသစ်လေးကြောင့် ပျော်ရွှင်နေသော သတို့သမီးငယ်လေး တစ်ဦးအလား ထင်မှတ်ရသည်။
စနစ်မှ ရရှိသော ယနေ့အတွက် နေ့စဉ်ဝင်ရောက်ခြင်း ဆုလာဘ်မှာလည်း ရိုးရှင်းလွန်းလှသည်။ ဆန်၊ ခေါက်ဆွဲနှင့် ဟင်းသီးဟင်းရွက် အနည်းငယ်အပြင် ငွေ ဆယ်ယွမ်သာ ပါဝင်သည်။ ယန်ချုံးက ယွီရှို့ အလန့်တကြား ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ပစ္စည်းများအားလုံးကို နေရာလွတ်ထဲတွင်သာ လျှို့ဝှက် သိမ်းဆည်းထားလိုက်သည်။
ယမန်နေ့က ဖမ်းမိထားသော တောဝက်သားများ ပုပ်သိုးသွားမည်ကို စိုးရိမ်သဖြင့် နေရာလွတ်ထဲသို့ ဝင်ရောက် ကြည့်ရှုလိုက်ရာ မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိသည်ကို အံ့ဩဖွယ် တွေ့လိုက်ရသည်။ ဝက်သားများမှာ အနံ့အသက် နည်းနည်းမျှ မရှိဘဲ လတ်ဆတ်နေဆဲပင်။ ဤနေရာလွတ်၏ လတ်ဆတ်မှု ထိန်းသိမ်းနိုင်စွမ်းမှာ ရေခဲသေတ္တာထက်ပင် ပို၍ အဆင့်မြင့်နေပုံရသည်။ သို့တိုင်အောင် ယွမ်တစ်ရာကျော်မျှ တန်ကြေးရှိသော ထိုတောဝက်ကို မည်သို့ ရောင်းချရမည် ဆိုသည့် နည်းလမ်းကိုတော့ စောစောစီးစီး စဉ်းစားထားမှ ဖြစ်ပေမည်။
နောက်တစ်နေ့ နံနက်ခင်း အရုဏ်တက်ချိန်တွင် ယွီရှို့က စတင် မေးမြန်းလာသည်။
“အစ်ကို… ဒီနေ့ ညီမတို့ ဘာလုပ်ကြမလဲ။ ငါးသွားမျှားကြဦးမလားဟင်”
ယန်ချုံးက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဖြေလိုက်သည်။
“ငါးမမျှားတော့ဘူးကွာ။ ဒီနေ့ တောင်ပေါ်တက်ပြီး ယုန်နဲ့ တောကြက် သွားဖမ်းကြတာပေါ့”
ထိုစကားကို ကြားသည်နှင့် ယွီရှို့တစ်ယောက် စိတ်လှုပ်ရှားသွားကာ မျက်လုံးလေးများ အရောင်လက်လာသည်။
“တကယ်လား အရမ်းကောင်းတာပဲ။ ညီမလည်း လိုက်ကြည့်ချင်တယ်နော်”
ယန်ချုံးက ခေါင်းညိတ်ပြလိုက်သည်။ ယခင်တစ်ခေါက်က ယန်ရှောင်ကျွမ်းနှင့် ယန်လောင်ချွမ်းတို့ကို သူ့ဇနီးသည်အား အိမ်သို့ခေါ်လာပြီး မိတ်ဆက်ပေးမည်ဟု ကတိပေးထားခဲ့သည် မဟုတ်ပါလော။
“အေးပါ ကိုယ်တို့ အတူတူ သွားကြတာပေါ့”
………….
နံနက်စာ စားသုံးပြီးနောက် သူတို့နှစ်ဦးသည် မနက်စောစော ကားစီးကာ ယန်မိသားစု ရွာလေးဆီသို့ ပြန်လာခဲ့ကြသည်။ ခရီးစဉ် တစ်လျှောက်တွင် ယန်ချုံးက ယွီရှို့အား ဒေသ၏ အခြေအနေ အရပ်ရပ်ကို မိတ်ဆက် ပြောပြလာခဲ့သည်။ ဤနေရာသည် ခင်ပွန်းဖြစ်သူ၏ ဇာတိရွာဖြစ်ကြောင်း သိလိုက်ရသောအခါ ယွီရှို့မှာ ပို၍ပင် စိတ်လှုပ်ရှားသွားတော့သည်။
“ဒါဆို အစ်ကိုက ငယ်ငယ်ကတည်းက ဒီရွာမှာ ကြီးပြင်းလာခဲ့တာပေါ့။ ဒါနဲ့ အစ်ကို့အဖေနဲ့ အမေရော... သူတို့လည်း ဒီရွာမှာပဲ ရှိနေတာလား”
ယန်ချုံးက ခေါင်းခါပြလိုက်သည်။ အခြေအနေကား အလွန်ပင် ထူးဆန်းလှ၏။ သူ ဤခေတ်ကာလသို့ ကူးပြောင်း ရောက်ရှိလာချိန်မှစ၍ မူလကိုယ်ပိုင်ရှင်၏ မိဘများနှင့် ပတ်သက်သော သတင်းအချက်အလက် တစ်စုံတစ်ရာကိုမျှ မသိရှိခဲ့ရသလို မည်သည့် အကြောင်းပြချက်များကြောင့် သူ့ကို စွန့်ပစ် ထားရစ်ခဲ့သည်ကိုလည်း အဖြေရှာမရခဲ့ပေ။ ခင်ပွန်းဖြစ်သူ ခေါင်းခါပြသည်ကို မြင်လိုက်ရသောအခါ ယွီရှို့၏ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသွားသော်လည်း သိတတ် နားလည်စွာဖြင့်ပင် ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ချေ။
ယန်မိသားစုရွာသို့ ရောက်သည်နှင့် သူတို့နှစ်ဦးသည် ယန်လောင်ချွမ်၏ အိမ်သို့ အရင်ဆုံး ဝင်ရောက်ခဲ့ကြသည်။ သူတို့ရောက်ရှိလာသည်ကို မြင်သောအခါ ယန်လောင်ချွမ်တို့ မိသားစုမှာ အထူးတလည် ဝမ်းသာရွှင်မြူးသွားကြသည်။ ဟယ်ရှုယင်းက ဝမ်းသာအားရဖြင့် ယွီရှို့၏ လက်ကလေးကို ဆုပ်ကိုင်ကာ သူမ၏ အလှအပကို တမေ့တမော ချီးမွမ်းခန်း ဖွင့်နေတော့သည်။ ထို့နောက် ယန်ချုံးကိုလည်း ဤမျှ လှပသော ဇနီးသည်ကို ရရှိထားသဖြင့် ကံကောင်းလှကြောင်း အဖန်ဖန် ပြောဆိုနေလေသည်။
တစ်ဖက်တွင်လည်း ယန်လောင်ချွမ်းက ခြံဝင်းထဲ၌ မီးဖိုပေးကာ ဧည့်သည်များ မီးလှုံ နွေးထွေးစေရန် အလုပ်ရှုပ်နေ၏။ ယန်ရှောင်ကျွမ်း တစ်ယောက်သာလျှင် အိမ်ထဲမှ ထွက်မလာခဲ့ပေ။ အကြိမ်ကြိမ် အဖန်ဖန် ခေါ်ယူပြီးမှသာ အပြင်သို့ ထွက်လာသော်လည်း အနားသို့ မကပ်ဘဲ အဝေးမှသာ လှမ်းရပ်နေသည်။ သူမ၏ မျက်ဝန်းအိမ်ထဲတွင်မူ ဝမ်းနည်းပူဆွေးမှု အရိပ်အယောင်များ ကိန်းအောင်းနေသည်ကို အထင်းသား မြင်တွေ့နေရသည်။
“ကျွမ်းအာ... ဘာဖြစ်လို့လဲ မျက်နှာလည်း မကောင်းပါလား”
ယန်ချုံးက သံသယစိတ်ဖြင့် မေးမြန်းလိုက်သော်လည်း ယန်လောင်ချွမ်းနှင့် ဟယ်ရှုယင်းတို့ ဇနီးမောင်နှံနှစ်ဦးမှာ စကားကို အထစ်ထစ် အငေါ့ငေါ့ဖြင့်သာ တုံ့ပြန်ကြသည်။ ထိုအခါ ယွီရှို့က အနားသို့ ကပ်သွားပြီး ယန်ရှောင်ကျွမ်း၏ လက်ကလေးကို ယုယစွာ ဆုပ်ကိုင်လျက် ပြောလိုက်သည်။
“လမ်းမှာ အစ်ကိုပြောတာ ကြားခဲ့တယ်။ အိမ်မှာ သူနဲ့ အရင်းနှီးဆုံး ညီမလေးတစ်ယောက် ရှိတယ်တဲ့... အရမ်းလည်း လှတယ်ဆိုပဲ။ အစကတော့ မယုံပါဘူး။ အခု အပြင်မှာ တကယ်လည်း တွေ့ရော အစ်ကိုပြောတာထက်တောင် ညီမလေးက ပိုလှနေသေးတယ်”
မပြောခင်က ပုံမှန်ရှိနေသေးသော်လည်း ယွီရှို့၏ စကားအဆုံးတွင် ယန်ရှောင်ကျွမ်း၏ မျက်လုံးများမှာ ချက်ချင်းဆိုသလို နီရဲလာတော့သည်။ ကြည့်ရသည်မှာ ဤမိန်းကလေး၏ ရင်တွင်း၌ ဖွင့်ဟ မပြောသာသော ခံစားချက်တစ်ခုခု ရှိနေပုံရသည်။ ယန်ချုံးက ဆက်လက် မေးမြန်းရန် ပြင်လိုက်သော်လည်း ယန်လောင်ချွမ်းက အမြန်ပင် စကားဖြတ်ပြောလိုက်သည်။
“ကဲပါကွာ... အချိန်လည်း သိပ်မစောတော့ဘူး။ ချုံးကျစ်... မင်း တောင်ပေါ် မြန်မြန် တက်တော့လေ။ ဆောင်းတွင်းဆိုတော့ နေ့တာ တိုတယ်။ သွားပြီးတာနဲ့ မကြာခင် တောင်အောက်ဆင်းပြီး မြို့ကို ပြန်ရဦးမယ် မဟုတ်လား”
ထို့ကြောင့် ယန်ချုံးလည်း ဆက်မမေးတော့ဘဲ အမဲလိုက်သေနတ်ကို လွယ်ကာ တစ်ယောက်တည်း တောင်ပေါ်သို့ တက်သွားခဲ့လေသည်။ ယွီရှို့ကိုမူ အိမ်တွင်သာ ချန်ထားခဲ့ပြီး ဟယ်ရှုယင်းတို့နှင့် စကားစမြည် ပြောဆိုနေစေခဲ့သည်။
………
ဤတစ်ကြိမ် တောင်ပေါ်တက်ရသည့် ခရီးစဉ်ကား တစ်နေကုန်နီးပါး အချိန်ယူခဲ့ရသည်။ ညနေ သုံးနာရီကျော်ခန့်မှသာ ယန်ချုံးတစ်ယောက် တောင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။ အိမ်ထဲသို့ ဝင်ဝင်ချင်းပင် ဖောင်းကားနေသော အိတ်ကြီးတစ်လုံးကို လူတိုင်း၏ ရှေ့သို့ ချပေးလိုက်သည်။
“အစ်ကို ပြန်လာပြီလား။ ဒီနေ့ရော အကောင်တွေ အများကြီး ရခဲ့လား”
ယွီရှို့က ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားပြီး အခြားစကားများ ထပ်မပြောနေတော့ဘဲ အိတ်ဝမှ ကြိုးကို ဖြည်ကာ အထဲတွင် ပါလာသမျှ ပစ္စည်းများ အားလုံးကို သွန်ချလိုက်သည်။
“ဝါး... အများကြီးပါလား။ အစ်ကိုက ဘယ်လိုလုပ် ဒီလောက်တောင် အမဲလိုက် တော်နေရတာလဲ”
အခြားသူများလည်း အံ့ဩမှင်တက်သွားကြသည်။ ဘုရားရေ... အိတ်ထဲတွင် တောကြက်ကြီး သုံးကောင်နှင့် တောယုန် နှစ်ကောင်တောင် ပါလာခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့်လည်း အိတ်ကြီးမှာ ထိုမျှအထိ ဖောင်းကားနေခြင်း ဖြစ်ပေမည်။ အားလုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှား ဝမ်းသာမှုများကို အထင်းသား မြင်တွေ့လာရသည်။ ယန်လောင်ချွမ်းက ဝမ်းသာအားရဖြင့် ပြောလာသည်။
“မဆိုးဘူးကွ ချုံးဇီ… မင်းက တကယ်ကို လက်စွမ်းရှိတာပဲ။ ဒီရက်ပိုင်း တခြားလူတွေ တောင်ပေါ်တက်ကြတာ ဘာမှကို မပစ်နိုင်ကြဘူး။ မင်းကတော့ တစ်ခေါက်လာတာနဲ့ လက်ဗလာ မဖြစ်တဲ့အပြင် ရလာတာတွေကလည်း နည်းနည်းနော်နော်မှ မဟုတ်တာ”
ယန်ချုံးက ပြုံးလျက် ပြန်ပြောလိုက်သည်။
“ဒုတိယဦးလေး ထုံးစံအတိုင်းပဲလေ။ ဦးလေးတို့အတွက် တောကြက်တစ်ကောင် ချန်ထားခဲ့မယ်။ ကျန်တာတော့ ကျွန်တော် မြို့ကို ယူသွားလိုက်မယ်”
ယန်လောင်ချွမ်းက အမြန် ခေါင်းရမ်းလိုက်သည်။
“အာ... အဲလို မလုပ်ပါနဲ့ မင်းပဲ အကုန်ယူသွားပါ။ ပြီးခဲ့တဲ့ တစ်ခေါက်က ချန်ထားခဲ့တဲ့ ယုန်တောင် တို့တွေ စားလို့ မကုန်သေးဘူး။ မင်း အကုန်ယူသွား မြို့ပြန်ရောက်ရင် ရောင်းပြီး ရိက္ခာဝယ်လေ။ ဒီလို ခေတ်ပျက်ကြီးထဲမှာ ဒါတွေက တန်ဖိုးရှိတယ်ကွ”
“ဒုတိယဦးလေးကလည်း... အားနာ မနေပါနဲ့။ အခု ဦးလေးတို့အိမ် အခြေအနေ သိပ်မကောင်းတာ ကျွန်တော် သိပါတယ်။ ထားခဲ့လိုက်ပါ ဦးလေးတို့ပဲ စားလိုက်ကြ။ ဒုတိယအဒေါ်နဲ့ ကျွမ်းအာလည်း ခန္ဓာကိုယ် အားဖြည့်ဖို့ လိုတယ်လေ။ နောက်ပြီး ကျွန်တော်က အမဲလိုက် ကျွမ်းကျင်တယ် မဟုတ်လား။ နောက်ဆို ခဏခဏ လာပစ်ရင် အကုန် ပြည့်စုံလာမှာပေါ့။ ဒါမှမဟုတ် ဦးလေးက ကျွန်တော့်ကို နောက်ထပ်လာပြီး ဒီအမဲလိုက်သေနတ်ကို အသုံးမပြုစေချင်လို့လား”
သူ ဤသို့ ပြောလာသည်ကို မြင်သောအခါ ယန်လောင်ချွမ်းလည်း ဆက်၍ အားမနာတော့ပေ။
“အေးပါကွာ ချုံးဇီရာ... ဒါဆိုလည်း ဦးလေး အားမနာတော့ဘူး။ ကလေးအမေ... တောကြက်ကို အိမ်ထဲ မြန်မြန် ယူသွားလိုက် ညကျရင် ချက်စားကြတာပေါ့”
အချိန်လည်း သိပ်မစောတော့သဖြင့် ယန်ချုံးလည်း ဆက်မနေတော့ဘဲ အိတ်ကို ဆွဲကာ ယွီရှို့နှင့်အတူ အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။ ဤတစ်ကြိမ်တွင်ကား ယန်ရှောင်ကျွမ်းသည် အဝေးကြီးအထိ လိုက်မပို့ခဲ့ပေ။ အိမ်တံခါးဝအထိသာ လိုက်ပို့ပြီး တံခါးဘောင်ကို မှီကာ ထိုနေရာတွင်ပင် ရပ်ကျန်ရစ်ခဲ့သည်။ သူတို့ ထွက်ခွာသွားသည်ကိုသာ ငေးကြည့်နေပြီး စကားတစ်ခွန်းမျှ နှုတ်မှ မဟခဲ့ချေ။
“ဒုတိယဦးလေး... ဒီကောင်မလေး ဒီနေ့ ဘာဖြစ်နေတာလဲ”
ယန်ချုံးက ယန်လောင်ချွမ်းကို အမှတ်တမဲ့ မေးလိုက်သည်။ ယန်လောင်ချွမ်းက သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
“ချုံးကျစ်ရာ... ဒုတိယဦးလေး မင်းကို ဖုံးကွယ် မထားတော့ပါဘူးကွာ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှောင်ကျွမ်းအတွက် ယောက္ခမအိမ် ရှာပေးဖို့ လူကြုံထားလိုက်တယ်။ နှစ်သစ်ကူးပြီးတာနဲ့ မင်္ဂလာကိစ္စ လုပ်ဖို့ ပြင်ထားတာ”
ယန်ချုံး၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး ယန်လောင်ချွမ်းအား အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။
“ဘာ… ဒုတိယဦးလေး... ရှောင်ကျွမ်းက အသက် ဘယ်လောက်ရှိသေးလို့ သူများကို ပေးစားမှာလဲ”
ယန်လောင်ချွမ်း ထပ်မံ၍ သက်ပြင်းချပြန်သည်။
“ဦးလေးမှာလည်း တခြားနည်းလမ်းမှ မရှိတော့တာကွာ။ မင်းလည်း အသိပဲ... အခုက ငတ်မွတ် ခေါင်းပါးမှုတွေက ပိုပိုဆိုးလာတယ်။ ဦးလေးကလည်း အသက်ကြီးလာပြီဆိုတော့ သူ့ကို ရှာဖွေ မကျွေးမွေးနိုင်တော့ဘူး။ ဒါကြောင့် သူ့ကို စောစောစီးစီး အိမ်ထောင်ဘက်ရှာပြီး ပေးစားလိုက်တာက ဒီအိမ်မှာနေရင်း ငတ်သေတာထက် အများကြီး ပိုကောင်းတယ်လေကွာ”
“ဒါဆို ကျွမ်းအာက သဘောတူလို့လား။ သူက အခုမှ တစ်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာလေ”
ယန်ချုံးက မေးလိုက်သည်။
“သဘောမတူလည်း တူရမှာပဲ။ မျက်စိရှေ့မှာတင် လူတစ်ယောက် ငတ်သေသွားတာကိုတော့ အဖြစ်မခံနိုင်ဘူးလေ”
ယန်ချုံးက ဘေးမှ ယွီရှို့ကို ငဲ့ကြည့်လိုက်ရာ ယွီရှို့က သူ၏ လက်မောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်လာပြီး တိုးညှင်းသော အသံလေးဖြင့် ပြောလာသည်။
“အစ်ကို... ကျွမ်းအာက အရမ်း သနားဖို့ကောင်းတယ်နော်။ သူ့ကို မြို့ထဲခေါ်ပြီး ကျွန်မတို့နဲ့ အတူတူ နေခိုင်းလိုက်ရအောင်လား”
ဤမိန်းကလေးမှာ တကယ်ကို သဘောထားကြီးပြီး အခြေအနေကို နားလည်ပေးနိုင်သူပင်။ ယန်ချုံးက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ယန်လောင်ချွမ်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဒုတိယဦးလေး... ဒီလိုလုပ်။ ဦးလေး စိတ်ချမယ်ဆိုရင် ရှောင်ကျွမ်းကို မြို့ထဲကို ကျွန်တော်တို့နဲ့ လိုက်နေခိုင်းလိုက်။ ဦးလေးကိုယ်စား သူ့ကို ကျွန်တော် ကျွေးမွေးစောင့်ရှောက်ပါ့မယ်”
“ဒါက... ချုံးကျစ်ရာ ဒုတိယဦးလေးက မင်းကို စိတ်မချစရာ အကြောင်းရှိလို့လား။ ဒါပေမယ့်... အဲဒါက...”
အကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း မပြောဘဲ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသော ယန်လောင်ချွမ်းကို ကြည့်ရင်း ယန်ချုံး တစ်စုံတစ်ခုကို ရိပ်မိသွားကာ ထပ်မေးလိုက်သည်။
“ဦးလေးက သူများဆီက ပိုက်ဆံ ကြိုယူထားပြီးပြီ မဟုတ်လား”
ထိုအခါမှ ယန်လောင်ချွမ်း၏ မျက်နှာကြီး နီရဲသွားကာ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် အမှန်အတိုင်း ဖွင့်ဟ ဝန်ခံလာတော့သည်။
တကယ်တော့ နွေရာသီကာလက ဟယ်ရှုယင်း အပြင်းအထန် ဖျားနာခဲ့ဖူးသည်။ ထိုစဉ်က ယန်လောင်ချွမ်းမှာ ဆေးကုသရန် ငွေကြေး မရှိသဖြင့် ဘေးရွာမှ ကောလောင်ဆန်း ဆိုသူထံမှ ငွေသုံးဆယ်ကို သွားရောက် ချေးငှားခဲ့ရသည်။ ထိုငွေဖြင့် မြို့သို့ခေါ်သွားကာ ဆေးကုသပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ကောလောင်ဆန်းက ထိုငွေများကို အလကား ပေးချေးခဲ့ခြင်း မဟုတ်ပေ။ ငွေချေးစဉ်ကတည်းက စာချုပ်တစ်ခုကို တိတိကျကျ ချုပ်ဆိုခဲ့သည်။
“နှစ်ဝက်အတွင်း အကြေ ပြန်ဆပ်ရမည်။ အကယ်၍ မဆပ်နိုင်ပါက ယန်ရှောင်ကျွမ်းကို ၎င်း၏ ချွေးမအဖြစ် အစားထိုးပေးရမည်” ဆိုသော စာချုပ်ပင် ဖြစ်သည်။
ယခုအခါ ကတိပေးထားသော အချိန်စေ့လွန်သွားပြီ ဖြစ်၍ တစ်ဖက်မှ လူများက လာရောက် တောင်းဆိုနေကြပြီ ဖြစ်သည်။ ယန်လောင်ချွမ်းမှာလည်း ပြန်ဆပ်ရန် ငွေမရှိ၊ အခြားရွေးချယ်စရာ နည်းလမ်းလည်း မရှိတော့သဖြင့် သဘောတူလိုက်ရခြင်းပင်။
ဤသို့သော ဇာတ်လမ်းဆန်ဆန် အဖြစ်အပျက်မျိုးက မိမိ၏ ပတ်ဝန်းကျင်တွင် တကယ်တမ်း ဖြစ်လာလိမ့်မည်ဟု ယန်ချုံး ဘယ်သောအခါကမျှ တွေးမထားခဲ့ဖူးပေ။ သူ ဒေါသတကြီးဖြင့် ယန်လောင်ချွမ်းကို အပြစ်တင်လိုက်မိတော့သည်။
“ဒုတိယဦးလေး... ဦးလေးက ဒီငွေသုံးဆယ်လေးအတွက်နဲ့ ကျွမ်းအာကို ရောင်းစားလိုက်တာပေါ့လေ”