← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း (၂၄) - ဒီယုန်ကို ရောင်းမှာလား

ယန်လောင်ချွမ်း၏ မျက်နှာ တစ်ခုလုံး ရဲရဲနီသွားပြီး အကျပ်ရိုက်နေသည့်ဟန်ဖြင့် ညည်းတွားရှာသည်။

“ချုံးလေးရာ... ဒုတိယဦးလေးမှာလည်း တခြား ရွေးချယ်စရာမှ မရှိတော့တာ။ နည်းနည်းလေးပဲဖြစ်ဖြစ် တခြားနည်းလမ်းရှိရင် ဦးလေး ဒီလိုလုပ်ပါ့မလားကွယ်။ မင်းရဲ့ ဒုတိယအဒေါ် ရောဂါနဲ့ သေသွားမှာကိုတော့ လက်ပိုက် ကြည့်မနေနိုင်ဘူးလေကွာ”

ယန်လောင်ချွမ်း ပြောသမျှသည် ခါးသီးသော အမှန်တရားများသာ ဖြစ်ကြောင်း ယန်ချုံး ကောင်းစွာ နားလည်ပါ၏။ ယန်မိသားစု၏ လက်ရှိ အခြေအနေနှင့် ယခုကဲ့သို့ အငတ်ဘေး ဆိုက်နေသော ကာလမျိုးတွင် နေ့စဉ် ဝမ်းရေးအတွက်ပင် ရုန်းကန်နေရရာ လူနာကို အသက်ကယ်ရန် ငွေသုံးဆယ်ဟူသော ပမာဏကို မည်သည့် နေရာမှာ သွားရောက် ရှာဖွေနိုင်ပါအံ့နည်း။

သို့သော်ငြားလည်း ယန်ရှောင်ကျွမ်းကဲ့သို့ နုပျို ငယ်ရွယ်လွန်းသည့် မိန်းကလေးတစ်ဦးကို ဤကဲ့သို့ အတင်း အဓမ္မ အိမ်ထောင်ချပေးမည့် ကိစ္စရပ်အပေါ်တွင်လည်း သူ ဘေးထိုင်လူလွတ် ရပ်ကြည့် မနေနိုင်ပါချေ။

သူက ယွီရှို့ထံသို့ အကြည့်တစ်ချက် လှမ်းလိုက်ရာ ဇနီးဖြစ်သူက သူ၏ ရင်တွင်းဆန္ဒကို ချက်ချင်းပင် ရိပ်မိ နားလည်သွားပြီး ဆိုလာသည်။

“အစ်ကို... ညီမတို့ ကျွမ်းအာကို ကူညီပေးရအောင်နော်။ သူက အသက် တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာကို”

ယန်ချုံး ခေါင်းညိတ် ထောက်ခံလိုက်ပြီးနောက် ဒုတိယဦးလေး ဖြစ်သူဘက်သို့ လှည့်၍ ပြောကြားလိုက်လေသည်။

“ဒုတိယဦးလေး... ကျွမ်းအာက အရမ်း ငယ်သေးတယ်။ အခုလို အိမ်ထောင်ချပေးလိုက်လို့ မဖြစ်ဘူး။ သူ့ကို ကျွန်တော်တို့နဲ့အတူ မြို့ထဲ ခေါ်သွားမယ်”

ယန်လောင်ချွမ်းက သို့လောသို့လောဖြင့် အခက်ကြုံနေဟန်ပြလျက်…

“ဒါပေမဲ့... ကောမိသားစုဘက်က...”

စကားပင် ဆုံးအောင် မပြောရသေးမှီ ယွီရှို့က မိမိ၏ ရင်ဘတ်ကြားထဲမှ အဝတ်ထုပ်ငယ်လေး တစ်ခုကို နှိုက်ယူလိုက်လေသည်။ ထိုအဝတ်ထုပ်ကို အထပ်ထပ် ဖြည်ချလိုက်သောအခါ စနစ်တကျ ခေါက်ထားသော ငွေစက္ကူတစ်ထပ် ပေါ်ထွက်လာ၏။ ထို့နောက် ထိုအထဲမှ ငွေသုံးဆယ်ကို သေချာစွာ ရေတွက်၍ ယန်ချုံး၏ လက်ထဲသို့ ထည့်ပေးလိုက်တော့သည်။

“ဒုတိယဦးလေး... ကောမိသားစုဆီက ယူထားတဲ့ ပိုက်ဆံကို ကျွန်တော်ပဲ ကိုယ်စား ပြန်ဆပ်ပေးလိုက်မယ်။ ဒီစေ့စပ်ပွဲကို ချက်ချင်း ဖျက်လိုက်ပါ။ ကျွမ်းအာကို ကျွန်တော် မြို့ထဲ ခေါ်သွားမယ်။ တကယ်လို့ သူတို့ဘက်က သဘောမတူဘူး ဆိုရင်လည်း မြို့ထဲအထိ လိုက်လာပြီး ကျွန်တော့်ကိုပဲ တိုက်ရိုက် လာရှာခိုင်းလိုက်”

ယန်ချုံးက ပြတ်သားစွာ ပြောဆိုရင်း လက်ထဲမှ ငွေစက္ကူများကို ယန်လောင်ချွမ်း၏ လက်ဝါးထဲသို့ အတင်း ထိုးထည့်ပေးလိုက်လေသည်။

ထိုအချိန်တွင် ယွီရှို့သည် တံခါးနောက်ကွယ်၌ တုန်တုန်ရီရီ ပုန်းခိုနေသော ယန်ရှောင်ကျွမ်း၏ အနားသို့ သွက်လက်စွာ သွားရောက်ကာ လက်ကို ဆွဲခေါ်လာပြီး တိုးတိုးတိတ်တိတ် နှစ်သိမ့်စကား ဆိုလိုက်လေသည်။ ထိုအခါမှသာ ယန်ရှောင်ကျွမ်းသည် ဆတ်ဆတ်ခါ အံ့အားသင့် ဝမ်းမြောက်သွားရပြီး မိမိ၏ နားကိုပင် မိမိ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရရှာသည်။

“ကဲ... သွားကြစို့ ကျွမ်းအာ။ မမတို့နဲ့အတူ မြို့ထဲကို လိုက်ခဲ့တော့နော်။ မမတို့ မင်းကို သေချာ စောင့်ရှောက်ပေးပါ့မယ်”

ယွီရှို့က ကြင်နာစွာ ဆိုရင်း ညီမငယ်၏ လက်ကလေးကို ဆွဲကာ ယန်ချုံး၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့၏။

ယန်ရှောင်ကျွမ်း၏ လှုပ်ရှားနေသော မျက်ဝန်းအစုံတွင် အံ့ဩဝမ်းသာရိပ်များ လွှမ်းမိုးနေသော်လည်း မရေရာသော စိုးရိမ်စိတ်အချို့ ကပ်ညှိနေဆဲ ဖြစ်ကာ ဖခင်ဖြစ်သူ ယန်လောင်ချွမ်းကို မျက်တောင် မခတ်ဘဲ စိုးရိမ်တကြီး စိုက်ကြည့်နေရှာသည်။

ယန်လောင်ချွမ်းတစ်ယောက် ဝေခွဲမရဘဲ တုံ့ဆိုင်းနေစဉ်မှာပင် အဝေးမှနေ၍ နေဝင်ရီတရော နောက်ဆုံးထွက်မည့် ဘတ်စ်ကားကြီး ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။ ယန်ချုံးလည်း အချိန်ဆွဲမနေတော့ဘဲ ပြတ်သားစွာ ဆိုကာ ယန်ရှောင်ကျွမ်း၏ လက်ကို ဆွဲ၍ ကားပေါ်သို့ ခုန်တက်သွားတော့သည်။ ယွီရှို့လည်း သူတို့၏ နောက်မှ ကပ်လျက် လိုက်ပါသွားလေ၏။

မော်တော်ကားလေးသည် တဖြည်းဖြည်း မောင်းနှင် ထွက်ခွာသွားရာ လမ်းကွေ့တစ်ခုသို့ ရောက်သဖြင့် ဖခင်ဖြစ်သူ ယန်လောင်ချွမ်း၏ ပုံရိပ်ကလေး ကွယ်ပျောက်သွားသည့် တိုင်အောင် ယန်ရှောင်ကျွမ်းမှာ အိပ်မက်တစ်ခုလို မယုံနိုင်သေးဘဲ ယန်ချုံးကို မျက်ရည်ဝဲလျက် မေးမြန်းရှာသည်။

“အစ်ကို... အစ်ကိုနဲ့ မရီးက တကယ်ပဲ... တကယ်ပဲ ညီမကို မြို့ထဲ ခေါ်သွားမှာလား။ ညီမ တကယ်ကြီး အိမ်ထောင်ပြုစရာ မလိုတော့ဘူးပေါ့နော်”

ယန်ချုံးက အားပေးသည့် ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ရာ ယွီရှို့က သနားကရုဏာ သက်စွာဖြင့် ဝင်ရောက် ပြောဆိုလေသည်။

“ကောင်မလေးရယ်... တကယ်ပေါ့။ နင့်အစ်ကိုက နင့်အဖေ သူများဆီ အကြွေးတင်နေတဲ့ ပိုက်ဆံတွေကို အကုန် ပြန်ဆပ်ပေးလိုက်ပြီပဲ ဥစ္စာ။ နင် အိမ်ထောင်ပြုစရာ မလိုတော့ပါဘူး။ နောက်ကျ မြို့ရောက်ရင် ငါတို့လင်မယားနဲ့ အတူတူ နေရုံပဲ။ စိတ်ချပါ... နင့်အစ်ကိုနဲ့ ငါ ထမင်းတစ်လုတ် စားရရင် နင့်ကိုလည်း လုံးဝ အငတ်မထားပါဘူး”

ယန်ရှောင်ကျွမ်း၏ မျက်ဝန်းအစုံတွင် မျက်ရည်စများ ဝိုင်းစက် စီးကျလာပြီး “မရီး...” ဟု အသံ တုန်တုန်ယင်ယင်ဖြင့် တမ်းတကာ ယွီရှို့၏ ရင်ခွင်ကျယ်ထဲသို့ တိုးဝင်ကာ ငိုရှိုက်မိတော့သည်။

ယွီရှို့က သူမ၏ ကျောပြင်ငယ်လေးကို အသာအယာ ပွတ်သပ် နှစ်သိမ့်ပေးနေမိသည်။ ယန်ချုံးကလည်း ငယ်စဉ်ကတည်းက မိမိနောက်သို့ တကောက်ကောက် လိုက်ပါတတ်သော ညီမငယ်လေး၏ ပုံစံကို ငေးကြည့်ရင်း မျက်ဝန်းအစုံတွင် သံယောဇဉ် မေတ္တာရိပ်များ လွှမ်းခြုံလျက် ရှိနေတော့သည်။

မော်တော်ကားသည် အရှေ့ရှိ ရွာငယ်လေး တစ်ရွာသို့ ဆိုက်ရောက်သောအခါ ကျုံးဆန်း ကော်လာပိတ် အင်္ကျီကို သပ်ရပ်စွာ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကားပေါ်သို့ တက်လာခဲ့သည်။ သူသည် ယန်ချုံး၏ ရှေ့မှောက်မှ ဖြတ်ကျော်၍ နောက်ဘက်ရှိ ခုံတန်းများဆီသို့ လျှောက်လှမ်းစဉ် ကားကြီးမှာ ရုတ်တရက် ဆောင့်ကြွား ယိမ်းထိုးသွားသဖြင့် ခြေလှမ်း ပျက်သွားရ၏။ ထို့ကြောင့် အမျိုးသားက ကြမ်းပြင်ပေါ်တွင် ချထားသော အိတ်ကို အရှိန်ဖြင့် တက်နင်းမိကာ ကိုယ်ဟန်ချက်ပျက်၍ မှောက်ရက် လဲကျမတတ် ဖြစ်သွားရလေသည်။

သို့သော် ကံကောင်း ထောက်မစွာဖြင့် ယန်ချုံးက ချက်ချင်း လက်လှမ်း၍ ဆွဲထိန်းပေးလိုက်သောကြောင့် ဘေးအန္တရာယ်မှ ကင်းဝေးသွားရ၏။ ထိုလူလတ်ပိုင်း အမျိုးသားသည် မတ်တတ် ပြန်ရပ်နိုင်သည်နှင့် တစ်ပြိုင်နက် ကျေးဇူးတင်စကားကို အထပ်ထပ် ဆိုလေသည်။ ထို့နောက် ကြမ်းပြင်ရှိ အိတ်ကို သံသယ မျက်ဝန်းဖြင့် ငေးစိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။

“လူလေး... မင်းအိတ်ထဲမှာ ဘာတွေ ထည့်ထားလို့လဲကွ။ ဘာလို့ ဒီလောက်တောင် အိစက်စက် ဖြစ်နေရတာလဲ”

ယန်ချုံး နှုတ်ခမ်း ဟ၍ စကားမဆိုရသေးမှီမှာပင် ယန်ရှောင်ကျွမ်းက မျက်နှာလေး မော့လျက် ဂုဏ်ယူစွာ ဝင်ရောက် ပြောဆိုလိုက်၏။

“တောကြက်တွေနဲ့ တောယုန်တွေလေ ဦးလေး။ ကျွန်မအစ်ကို တောင်ပေါ်ကနေ အခုလေးတင် ပစ်လာတာ”

ထိုစကားကို ကြားရသောအခါ လူလတ်ပိုင်း အမျိုးသား၏ မျက်ဝန်းအစုံမှာ အရောင်တလက်လက် တောက်ပသွားပြီး မယုံကြည်နိုင်ဟန်ဖြင့် ဥဒါန်းဆိုရှာသည်။

“တကယ်ကြီးလားကွယ်။ အခုရက်ပိုင်း တောင်ပေါ်က သားကောင်တွေ အကုန် ပြောင်သလောက် ရှိနေပြီလို့ ကြားထားတာ။ လူတော်တော်များများ တောင်ပေါ်တက်ကြပေမဲ့ ဘာကောင်မှ မရဘဲ လက်ဗလာနဲ့ ပြန်လာကြတာချည်းပဲလေ”

“ဒါတွေက ဘာလို့ အတုဖြစ်ရမှာလဲ ဦးလေးရဲ့။ သူတို့ မရရုံနဲ့ ကျွန်မအစ်ကိုပါ မရဘူးလို့ ပြောလို့ မရဘူးလေ။ ကျွန်မအစ်ကိုက အရမ်း တော်တာ။ တောကြက်တွေရော ယုန်တွေရော အများကြီး ပစ်လာနိုင်တာ”

ယန်ရှောင်ကျွမ်းက ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလိုက်သည်။

ပြောဆိုရင်းနှင့်ပင် သူမသည် ကိုယ်ကို အသာညွှတ်ကာ အိတ်ဝမှ ချည်နှောင်ထားသော ကြိုးစကို ဖြည်ချလိုက်ရာ အိတ်အတွင်းမှ အမွေးအတောင် စုံလင်လှသော တောကြက်များနှင့် အိစက်လှသော တောယုန်များ ဝင်းကနဲ ပေါ်ထွက်လာတော့သည်။

ယန်ချုံး အလျင်အမြန် တားဆီးရန် ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူက ခါးသက်သက် အပြုံးတစ်ခုဖြင့် ခေါင်းကိုသာ အသာအယာ ခါယမ်းမိတော့၏။ ဒီကောင်မလေးကတော့ အနိုင်မခံ အရှုံးမပေးချင်တဲ့ စိတ်က တအားများတာပဲ။ တကယ့် ကလေးဆိုးလေး ပါပဲလား။

ထိုလူလတ်ပိုင်း အမျိုးသားသည် အိတ်အတွင်းရှိ တောကြက်၊ တောယုန်များကို ကိုယ်တိုင် မြင်တွေ့လိုက်ရပြီး အရေအတွက်မှာလည်း နည်းပါးလှသည် မဟုတ်ကြောင်း တွေ့ရှိရသောအခါ မျက်လုံးအစုံ ပြူးကျယ်သွားရရှာသည်။ ထို့နောက် ယန်ချုံးထံသို့ မျှော်လင့်ချက် အပြည့်ဖြင့် အလျင်အမြန် မေးမြန်းလိုက်လေသည်။

“ညီလေး... မင်းရဲ့ ဒီတောယုန်ကို ငါ့ကို တစ်ကောင်လောက် ရောင်းပေးလို့ ရမလား”

ယန်ချုံး အနည်းငယ် အံ့အားသင့်သွားပြီး နှုတ်ခမ်း ဟရုံရှိသေး ထိုအမျိုးသားက ကမူးရှူးထိုး ဆက်လက် ဆိုပြန်သည်။

“မင်းသာ ရောင်းမယ်ဆိုရင် ဘယ်လောက် ဈေးပဲဖြစ်ဖြစ် ငါ ပေးဝယ်ပါ့မယ်”

ထို့နောက် သူက ထပ်လောင်းဖြည့်စွက်ကာ…

“ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ့အိမ်မှာ ဖျားနေတဲ့ လူနာရှိလို့ပါ။ အာဟာရ ဖြည့်တင်းပေးဖို့ တအား လိုအပ်နေတာ။ ဆရာဝန်ကလည်း ယုန်သားကို သကြားညိုနဲ့ ကြော်ကျွေးရင် ကျန်းမာရေးအတွက် သိပ်ကောင်းတယ်လို့ အထူး မှာလိုက်လို့လေ။ ဒါလေး တစ်ခုအတွက်နဲ့ ငါ အနီးနားက တောင်တွေအကုန် ပတ်ရှာခဲ့တာ။ ယုန်တစ်ကောင်လောက် ရလိုရငြားပေါ့ကွာ။ ဒါပေမဲ့ ယုန်အရိပ်အယောင်တောင် မမြင်ခဲ့ရဘူး။ ညီလေးရာ... ကျေးဇူးပြုပြီး ငါ့ကို ကူညီတဲ့အနေနဲ့ ဒီယုန်ကို ရောင်းပေးပါဦး။ ဘယ်လောက်ဈေးပဲ ဖြစ်ဖြစ် ငါ ဝယ်ပါ့မယ်”

ဤမျှ စိတ်အားထက်သန်စွာ ဝယ်ယူလိုနေသူနှင့် ကြုံတွေ့ရသဖြင့် ယန်ချုံးအနေဖြင့်လည်း ပစ္စည်းကို ရောင်းချလိုသော စိတ်ဆန္ဒ သဘာဝအလျောက် ဖြစ်ပေါ်လာမိသည်။ စင်စစ်အားဖြင့်မူ သူ၏ လက်ရှိ အိတ်အတွင်း၌ မြင်တွေ့ရသော တောယုန်နှင့် တောကြက် အနည်းငယ်သာမက သူ၏ လျှို့ဝှက် ဆန်းကြယ်လှသော ကိုယ်ပိုင် သိုလှောင်နယ်မြေ နေရာလွတ်ထဲတွင်လည်း နောက်ထပ် သားကောင် အကောင်ရေ ဆယ်ဂဏန်းမက သိုလှောင်ထားရှိဆဲ ဖြစ်ကြောင်း မည်သူမျှ မသိနိုင်ပါချေ။ ထို့အပြင် တောဝက်ကြီး တစ်ကောင်လည်း ရှိနေသေးရာ ထိုပစ္စည်းများကို ရောင်းချ၍ ငွေကြေးအဖြစ်သို့ ပြောင်းလဲရန်မှာလည်း သူ၏ လက်ရှိ အခြေအနေအရ မလွဲမသွေ လိုအပ်လျက် ရှိနေပေသည်။

သို့သော်ငြားလည်း သူသည် ချက်ချင်း လက်ခံခြင်း မပြုဘဲ စဉ်းစားရ ခက်နေဟန် တမင် ဟန်ဆောင်လျက် တုံ့ဆိုင်းစွာ ဆိုလိုက်၏။

“အစ်ကိုကြီး... ကျွန်တော်လည်း ဒီယုန်လေးတွေ ရဖို့ တော်တော် ခက်ခက်ခဲခဲ လုပ်ခဲ့ရတာ။ တောင်တွေ အများကြီးကို ကျော်ဖြတ်ပြီးမှ ရှာဖွေခဲ့ရတာမို့...”

စကားပင် ဆုံးခန်းတိုင်အောင် မပြောရသေးမှီ ထိုအမျိုးသားမှာ အလွန်အမင်း ပြာယာခတ်သွားကာ…

“ညီလေး... ဒီယုန်တွေ ပစ်ရခက်တယ်ဆိုတာ ငါလည်း သိပါတယ်ကွာ။ မင်း အစ်ကိုကြီး ငါ့ကို ကူညီတဲ့အနေနဲ့ ငါ့အိမ်က လူနာ့မျက်နှာကို ထောက်ထားပေးပါဦး။ ဒီလိုလုပ်... ငါ မင်းကို တစ်ခု ပြောမယ်...”

သူသည် ပြောဆိုရင်း ရှေ့မှ ကားမောင်းသမားအား သတိကြီးစွာဖြင့် တစ်ချက် မော့ကြည့်လိုက်ပြီးနောက် ယန်ချုံး၏ ဘေးနားသို့ တိုးကပ်လာကာ နားနားသို့ ကပ်လျက် တိုးတိုးတိတ်တိတ် ဆိုရှာသည်။

“ညီလေး... ငါက သံမဏိစက်ရုံရဲ့ ထောက်ပံ့ရေးဌာနက ဒုတိယဌာနမှူး ဟိုလီခွေ ပါ။ နောက်ပိုင်း ကိစ္စတစ်ခုခု ရှိလာရင် သံမဏိစက်ရုံကို လာပြီး ငါ့ကို တိုက်ရိုက် ရှာလို့ရတယ်။ ငါ တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးပါ့မယ်”

သံမဏိစက်ရုံမှ ဖြစ်ရုံမျှမက ထောက်ပံ့ရေးဌာန၏ ဒုတိယဌာနမှူး ရာထူးကိုပင် ရရှိထားသူလော။ ယန်ချုံးသည် စိတ်ထဲမှ အနည်းငယ် တွေးတောမိကာ သံသယ ဖြစ်သွားရ၏။

ဟိုလီခွေသည် အယုံအကြည် ကင်းမဲ့နေသော အမူအရာကို ရိပ်မိသဖြင့် ပျာပျာသလဲ ဖြစ်သွားကာ မိမိ၏ ရင်ဘတ် အိတ်ကပ်ထဲမှ အလုပ်သမား သက်သေခံကတ်ပြားကို အလျင်အမြန် ဆွဲထုတ်၍ ယန်ချုံးထံသို့ ကိုယ်တိုင် ဖွင့်လှစ် ပြသလေသည်။ အစစ်အမှန်ပင် ဖြစ်ပေသည်။ ကတ်ပြားအပေါ်၌ ဟိုလီခွေ၏ အမည်နာမနှင့် ရာထူး အဆင့်အတန်းကို အထင်အရှား ရေးသားဖော်ပြထားပြီး သူ၏ သတ်မှတ်ဓာတ်ပုံကိုလည်း စနစ်တကျ ကပ်နှိပ်ထားသည်ကို တွေ့ရှိရ၏။

အတုအယောင် မဟုတ်ဘဲ အစစ်အမှန်ပင် ဖြစ်ရမည်ဟု ယန်ချုံး၏ ဦးနှောက်ထဲတွင် လျှပ်ကနဲ အတွေးတစ်ချက် ဖြတ်ပြေးသွားပြီးနောက် တိုးတိတ်သော အသံဖြင့် မေးမြန်းလိုက်လေသည်။

“ဒါဆို... ခင်ဗျားတို့ သံမဏိစက်ရုံမှာ အလုပ်သမားခွဲတမ်း နေရာရဖို့ကော လွယ်လား”

ဟိုလီခွေသည် ထိုစကားကြောင့် မှင်သက် အံ့အားသင့်သွားပြီး ခါးသီးစွာ ပြုံးလျက်…

“ညီလေးရာ... မင်းက တကယ့်ကို ခြင်္သေ့ပါးစပ်ကြီး ဖြဲပြလိုက်တာပဲကွာ။ အခုခေတ်မှာ နိုင်ငံပိုင် စက်ရုံရဲ့ အလုပ်သမားခွဲတမ်း နေရာတစ်ခု ရဖို့အတွက် အပြင်မှာ ဘယ်လောက်တောင် ပေါက်ဈေး ရှိနေလဲဆိုတာ မင်း သိရဲ့လား”

ယန်ချုံးကမူ သိမ်မွဲစွာ ပြုံးနေရုံမှ တစ်ပါး မည်သည့် တုံ့ပြန်စကားမျှ မဆိုပါချေ။

ဟိုလီခွေမှာ ရွေးချယ်စရာ မရှိတော့သည့်အလား သက်ပြင်းချကာ တိုးညှင်းစွာ ဖွင့်ဟ လိုက်ရတော့သည်။

“ငါ့လက်ထဲမှာ အလုပ်သမားခွဲတမ်း နေရာတစ်ခု အတိအကျ ရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ မင်းရဲ့ ဒီယုန် နှစ်ကောင်တည်းနဲ့တော့ ငါ တကယ် လဲမပေးနိုင်ဘူးလေကွာ။ မင်း သိလား... ငါတို့စက်ရုံရဲ့ အမြဲတမ်း အလုပ်သမား နေရာတစ်ခုကို အနည်းဆုံး ငွေ ၅၀၀ လောက် ပေးဝယ်ရတာ။ အဲဒါတောင် စက်ရုံအတွင်း ဈေးနော်။ အပြင်လူဆိုရင် လုံးဝ ဝယ်လို့ မရဘူး။ ဒီလိုလုပ်... မင်းတကယ်ပဲ အလုပ်နေရာ လိုချင်တယ်ဆိုရင် ငါ ဒီခွဲတမ်းကို မင်းအတွက် ဖယ်ပေးမယ်။ ဒါပေမဲ့ အလကားတော့ မဟုတ်ဘူး။ အနည်းဆုံး ငွေ ၅၀၀ တော့ ပေးရမယ်။ အဲဒီထက် နည်းရင်တော့ ဆက်မပြောနဲ့တော့ကွာ”

ထိုသို့ ပြောကြားပြီးနောက် သူသည် ကိုယ်ကို နောက်သို့ အနည်းငယ် ပြန်ဆုတ်လိုက်လေသည်။ သူ၏ မျက်ဝန်းအစုံကမူ ယန်ချုံး၏ လက်ထဲရှိ တောယုန် နှစ်ကောင်ထံသို့ စူးစိုက် ကြည့်ရှုနေဆဲ ဖြစ်သော်လည်း အကြည့်များမှာ ကနဦးကလောက် စိတ်အားထက်သန်မှု မရှိတော့ပါချေ။

ယန်ချုံး အလေးအနက် စဉ်းစားဆင်ခြင် ကြည့်လိုက်ရာ ဟိုလီခွေ ပြောဆိုသော စကားများမှာ အမှန်တရားသာ ဖြစ်ပေသည်။ ယခုကဲ့သို့သော ခေတ်ကာလစနစ်ကြီး အတွင်း၌ နိုင်ငံပိုင် စက်ရုံတစ်ခု၏ အမြဲတမ်း အလုပ်သမား ရာထူးနေရာကို ရရှိရန် ဆိုသည်မှာ စင်စစ်အားဖြင့် အလွန်တရာ ခက်ခဲလှသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။

နိုင်ငံပိုင် စက်ရုံသို့ ဝင်ရောက် လုပ်ကိုင်ခွင့် ရရှိခြင်းဟူသည်မှာ အလွန်တရာ ခိုင်မာလှသော သံမဏိ ထမင်းပန်းကန်ကို ပွေ့ပိုက်ထားရခြင်းနှင့် အလားသဏ္ဌာန် တူလှပေသည်။ တစ်လလျှင် ပုံမှန်ငွေကြေး ဆယ်ဂဏန်းမက ရရှိနိုင်သည့်အပြင် ရာသီဥတု မရွေး၊ အခြေအနေ မရွေး ဝင်ငွေ မှန်ကန်လှသဖြင့် တစ်သက်တာပတ်လုံး စားဝတ်နေရေးအတွက် ပူပန်စရာ ကင်းဝေးသွားမည် ဖြစ်၏။ သို့မဟုတ်ပါကလည်း ပတ်ဝန်းကျင် ခြံဝင်းအတွင်းရှိ သံမဏိစက်ရုံမှ အလုပ်သမားများသည် အခြားသော သာမန် လူတန်းစားများအပေါ် နှာခေါင်းထောင်၍ မာန်မာနဖြင့် ကြည့်ရှုတတ်ကြပြီး မိမိတို့ကိုယ် မိမိ သူတစ်ပါးထက် သာလွန် ထူးကဲသည်ဟု ဘဝင်မြင့်နေကြမည် မဟုတ်ပါချေ။

ငွေငါးရာ ပေးချေ၍ အမြဲတမ်း အလုပ်တစ်ခုကို ဝယ်ယူရခြင်းမှာ တန်ဖိုးကြီးမားလှသည် မဟုတ်ဘဲ အလွန်တရာ အဖိုးတန်လှသော အခွင့်အလမ်းကောင်းကြီး တစ်ခုကို ဆုပ်ကိုင်မိလိုက်ခြင်းသာ ဖြစ်ပေသည်။

သို့ရာတွင် လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲကြီးမှာ သူ၏ အိတ်ကပ်အတွင်း၌ ထိုမျှလောက်သော ငွေကြေးပမာဏ အမြောက်အမြား လက်ဝယ် မရှိနေခြင်းပင် ဖြစ်တော့သည်။

All Chapters