← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅) - ကျောက် ညီအစ်ကိုများ

ယွမ် ငါးရာဟူသော ပမာဏမှာ အမှန်စင်စစ် များပြားလှသည် မဟုတ်သော်လည်း လက်ရှိတွင်မူ သူ၏ လက်ဝယ်၌ အလွယ်တကူ ထုတ်ပေးနိုင်စွမ်း မရှိချေ။ လွန်ခဲ့သော တစ်ခေါက်က စနစ်မှ ဆုလာဘ်အဖြစ် ချီးမြှင့်ထားသော ယွမ် တစ်ရာအနက် အတော်များများကို သုံးစွဲမိပြီ ဖြစ်ရာ ယခုအခါ ဆယ်ဂဏန်းမျှသာ ကျန်ရှိတော့သဖြင့် လိုအပ်ချက်နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ဤတစ်ကြိမ် တောကောင်များနှင့် ငါးများ ရောင်းချ၍ ရသော ငွေကြေးကို ပေါင်းစပ်ကြည့်လျှင်ပင် ယွမ် သုံးရာခန့်သာ ရှိသေးသည်။

သို့သော် နေရာလွတ်အတွင်း လဲလျောင်းနေသော တောဝက်ကြီးကို သတိရမိသွားသောအခါ ယန်ချုံး၏ ဉာဏ်တွင် အကြံတစ်ခု လက်ခနဲ ပေါ်လာလေသည်။

သူက ပြောလိုက်သည်။

“ကောင်းပါပြီ ဌာနမှူးဟို... ခင်ဗျား ကတိတည်မယ်ဆိုရင်တော့ ကျွန်တော် ဒီယုန်တွေကို ပေးပါ့မယ်။ ဒါပေမဲ့ အခုလောလောဆယ် ကျွန်တော့်ဆီမှာ ဒီယွမ် ငါးရာကို ချက်ချင်း ထုတ်ပေးဖို့ အဆင်မပြေသေးဘူး။ ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ... အလုပ်ခွဲတမ်းကို ကျွန်တော့်အတွက် ခဏ ချန်ထားပေးပါ။ ကျွန်တော် ပိုက်ဆံစုလို့ ပြည့်သွားပြီဆိုရင် ခင်ဗျားဆီ လာခဲ့ပါ့မယ်။ အဲဒီကျမှပဲ အလုပ်ခွဲတမ်းကို ကျွန်တော့်ဆီ လွှဲပေးပါလား”

ဟိုလီခွေသည် ခေတ္တမျှ စဉ်းစားဆင်ခြင်ပြီးနောက် ပြောလေသည်။

“ရပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားရမယ်နော်။ ဒီအလုပ်ခွဲတမ်းက သက်တမ်း အကန့်အသတ် ရှိတယ်။ နှစ်သစ်ကူးပြီးတဲ့ အထိပဲ မင်းအတွက် ချန်ထားပေးနိုင်မယ်။ အဲဒီအချိန်အထိမှ မင်းမှာ ပိုက်ဆံ အဆင်မပြေသေးဘူးဆိုရင်တော့ ငါ တခြားလူကိုပဲ ပေးရလိမ့်မယ်။ ဒီအခွင့်အရေးကို အလဟဿတော့ အဖြစ်မခံနိုင်ဘူးလေ ဟုတ်တယ်မလား”

ယန်ချုံးက ဦးခေါင်းကို ညိတ်ပြလျက် ပြောပြောဆိုဆိုဖြင့်ပင် အိတ်အတွင်းမှ တောယုန် နှစ်ကောင်ကို နှိုက်ယူ၍ ကမ်းပေးလိုက်လေသည်။

“ကောင်းပါပြီ ကတိအတိုင်းပဲနော်”

ဟိုလီခွေမှာ အံ့အားသင့်သွားပြီး ပြောလေသည်။

“နှစ်ကောင်စလုံး ငါ့ကို ပေးမလို့လား။ ငါက တစ်ကောင်ပဲ လိုတာပါ”

ယန်ချုံးက ဆိုသည်။

“နှစ်ကောင်စလုံးပဲ ယူသွားလိုက်ပါ။ လူနာက အာဟာရလိုနေတယ်ဆိုမှတော့ ပိုစားရတာ ပိုကောင်းတာပေါ့”

ဟိုလီခွေက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိဟန်ဖြင့် “ကောင်းပြီလေ… ဒါဆိုရင်လည်း နှစ်ကောင်စလုံးပဲ ယူလိုက်တော့မယ်” ဟုဆိုကာ အိတ်အတွင်းမှ ငွေကြေးများ ထုတ်ယူရန် ပြင်ဆင်လိုက်သော်လည်း ယန်ချုံးက ဆွဲတားလိုက်လေသည်။

“ပိုက်ဆံပေးဖို့ မလိုတော့ပါဘူး။ ဒီအလုပ်ခွဲတမ်းကို ကျွန်တော့်အတွက် ဖယ်ထားပေးမယ် ဆိုတာနဲ့တင် ကျွန်တော့်ကို အများကြီး ကူညီရာ ရောက်နေပါပြီ။ ဒီယုန်နှစ်ကောင်လောက်တော့ ကျွန်တော် ပေးနိုင်ပါတယ်”

ဟိုလီခွေက ခေါင်းညိတ်ပြလျက် ပြောကြားလိုက်သည်။

“ကောင်းပြီ ဒါဆိုလည်း ငါ ပိုက်ဆံ မပေးတော့ဘူးနော်။ အချိန်တန်လို့ မင်း ပိုက်ဆံ အဆင်ပြေသွားပြီဆိုရင် သံမဏိစက်ရုံကို လာပြီး ငါ့ကိုသာ တိုက်ရိုက် လာရှာလိုက်။ ငါ့နာမည် ပြောလိုက်ရင် သိကြလိမ့်မယ်။ ဒါနဲ့ မှတ်ထားဦးနော် နောက်ဆုံး သတ်မှတ်ချက်က နှစ်သစ်ကူးပြီးနောက် သုံးလပိုင်းအထိပဲ။ ဒီထက် နောက်ကျသွားရင်တော့ မရတော့ဘူး”

ထို့နောက် အနီးအနားရှိ လူအများ မြင်တွေ့သွားပြီး ယုန်များကို မျက်စိကျလာမည်အား စိုးရိမ်သဖြင့် မိမိလက်ထဲမှ ယုန်များကို ယူဆောင်လာသော အိတ်အတွင်းသို့ ကမန်းကတန်း ထည့်သွင်းလိုက်လေသည်။

စစ်ကျိုမြို့သို့ ပြန်လည် ရောက်ရှိ၍ ယာဉ်ပေါ်မှ ဆင်းကာ ဟိုလီခွေနှင့် လမ်းခွဲပြီးသည်နှင့် တစ်ပြိုင်နက် စောစောပိုင်းကတည်းက စိတ်လှုပ်ရှားမှုကို အောင့်အည်း မျိုသိပ်ထားရသော ယွီရှို့သည် ဝမ်းမြောက်ဝမ်းသာဖြင့် ပြောလိုက်သည်။

“အစ်ကို... ညီမတို့တော့ တကယ့်ကို အမြတ်ကြီး ထွက်သွားတာပဲ။ နိုင်ငံပိုင် စက်ရုံက အလုပ်ခွဲတမ်းဆိုတာ ရဖို့ တော်တော်ခက်တယ်လို့ ကြားဖူးတယ်။ အစ်ကိုက ယုန်နှစ်ကောင်တည်းနဲ့ လဲနိုင်ခဲ့တာဆိုတော့ တကယ့်ကို မိုးကျရွှေကိုယ် ကံကောင်းတာပဲ”

ယန်ချုံးက ခေါင်းညိတ် ထောက်ခံလျက် ဆိုသည်။

“တကယ်ကို ကောင်းတဲ့ ကိစ္စပါပဲ။ ဒါပေမဲ့ အခုလောလောဆယ် ငါတို့ဆီမှာ အဲဒီလောက် ပိုက်ဆံ အများကြီး မရှိသေးဘူး။ ပိုက်ဆံပြည့်အောင်တော့ နည်းလမ်းတစ်ခုခု ရှာရဦးမှာပေါ့”

ထိုစဉ် ယန်ရှောင်ကျွမ်းကလည်း အားနာတကြီး ဝင်ရောက်ပြောဆိုသည်။

“အစ်ကိုနဲ့ မရီး... အားလုံးက ညီမကြောင့်ပါ။ ညီမကြောင့်သာ မဟုတ်ရင် အစ်ကိုတို့ဆီမှာ အလုပ်ဝယ်ဖို့ ပိုက်ဆံ လောက်လောက်ငှငှ ရှိနေလောက်ပြီ”

ယွီရှို့က ဖြေသိမ့်လေသည်။

“မိုက်မဲတဲ့ ကောင်မလေးရယ်... နင်နဲ့ ဘာမှ မဆိုင်ပါဘူး။ အဲဒီယွမ် သုံးဆယ်ကို ပေါင်းထည့်လိုက်ရင်တောင်မှ လိုအပ်တာထက် အများကြီး နည်းနေသေးတာပဲဟာကို”

ယာဉ်ပေါ်မှ ဆင်းပြီးနောက် ယန်ချုံးသည် ယွီရှို့အား ယန်ရှောင်ကျွမ်းကို ခေါ်ဆောင်၍ နေအိမ်သို့ အရင်ပြန်နှင့်ရန် တိုက်တွန်းလိုက်ပြီး မိမိကိုယ်တိုင်မူ “ချိုးငှက်ဈေးကွက်” ခေတ်ပြိုင် မှောင်ခိုဈေးသို့ ဦးတည် ထွက်ခွာလာခဲ့သည်။ သူ၏ နေရာလွတ် အတွင်းဝယ် ရောင်းချရန် တောကြက်များနှင့် တောယုန် အမြောက်အမြား ကျန်ရှိနေသေးသည် မဟုတ်ပါလား။

အဆိုပါ ပစ္စည်းများမှာ အလွန်ပင် ဝယ်လိုအား ကောင်းမွန်လှသဖြင့် ချိုးငှက်ဈေးကွက်အတွင်း ခေတ္တမျှ လှည့်လည် လှုပ်ရှားရုံမျှဖြင့် သိပ်မကြာမီပင် အားလုံး အပြတ်အသတ် ရောင်းချပြီးသား ဖြစ်သွားလေသည်။ ထိုမျှ မကသေးဘဲ တောဝက်ကြီး၏ တစ်ဝက်ကျော်ကိုပင် ရောင်းချနိုင်ခဲ့သေးသည်။

မိမိ၏ မုဆိုးကျွမ်းကျင်မှု စွမ်းရည်သည် သားကောင်များကို ဖမ်းဆီးနိုင်ရုံသာမက စိတ်အလိုရှိတိုင်း သတ်ဖြတ် ဖြတ်တောက်နိုင်စွမ်း ရှိကြောင်းကိုလည်း ယန်ချုံး ရုတ်တရက် သိရှိသွားခဲ့သည်။ စိတ်ထဲမှ ခပ်ဖွဖွ တွေးတောလိုက်ရုံမျှဖြင့် ထိုထွားကျိုင်းလှသော တောဝက်ကြီးမှာ အတုံးငယ်များအဖြစ် အပိုင်းပိုင်း အတစ်တစ် ပြတ်တောက်သွားတော့သည်။ ဤသည်မှာ ရောင်းချသူအတွက် များစွာ အဆင်ပြေ ချောမွေ့လှပေသည်။ ခိုဈေးကွက်အတွင်း အသားလာရောက် ဝယ်ယူသူ အလွန်အမင်း များပြားလှသဖြင့် သိပ်မကြာခင်မှာပင် ဝက်သား တစ်ဝက်ခန့်မှာ ကုန်စင်သွားလေတော့သည်။

နေဝင်ဖျိုးဖျောက် ကောင်းကင်ယံ ညို့မှောင် စပြုလာသည်ကို မြင်တွေ့ရသောအခါ ယန်ချုံးသည် ကျန်ရှိနေသော ဝက်သားများကို ဆက်လက် မရောင်းချတော့ဘဲ လက်ကာပြလျက် အော်ပြောလိုက်သည်။

“ကုန်သွားပြီ... ကုန်သွားပြီ။ အားလုံးပဲ ပြန်ကြတော့”

ထိုသို့ ပြောဆိုရင်း သူသည် မိမိ၏ အိတ်ခွံကြီးအား ရှေ့မှ လူများ မြင်သာစေရန် တမင်သက်သက် ဖြဲပြလိုက်သေးသည်။ ဝယ်ယူခွင့် မရလိုက်သော သူများမှာ စိတ်ပျက် လက်ပျက် ဖြစ်ကြသော်လည်း မတတ်နိုင်သည့်အဆုံး ငြိမ်သက်စွာ လူစုခွဲသွားကြရလေသည်။

ယန်ချုံးသည် အိတ်ခွံကို ပခုံးပေါ်သို့ ထမ်းတင်ကာ ခိုဈေးကွက်မှ ထွက်ခွာရန် ပြင်ဆင်လိုက်စဉ် လူငယ်နှစ်ဦး ရုတ်တရက် ပြေးလွှားရောက်ရှိလာပြီး စီးကြို တားဆီးလိုက်ကြသည်။

“အစ်ကို... ခင်ဗျားဆီက ယုန်တစ်ကောင်လောက် ကျွန်တော်တို့ကို ရောင်းပေးလို့ ရမလား။ ကျွန်တော်တို့အိမ်မှာ လူနာရှိလို့ပါ”

“ဟုတ်ပါတယ် အစ်ကို... ကျွန်တော်တို့ အဘွားက အိပ်ရာထဲ လဲနေတာ နှစ်အတော်ကြာပါပြီ။ ဒီရက်ပိုင်း အခြေအနေ သိပ်မကောင်းတော့ဘူး။ ဆရာဝန်ကလည်း အချိန် သိပ်မကျန်တော့ဘူးထင်တယ် အဘွား စားချင်တာလေးတွေ လုပ်ကျွေးလိုက်ပါလို့ ပြောလို့ပါ။ ကျွန်တော်တို့က အဘွားအတွက် အသားနည်းနည်းလောက် ရှာကျွေးချင်လို့။ ဒါပေမဲ့ ချိုးငှက်ဈေးကွက်ကို အခေါက်ပေါင်းများစွာ လာခဲ့ပေမဲ့ ဘာမှကို ဝယ်လို့ မရဘူး ဖြစ်နေတာ။ အစ်ကိုကြီးရယ်... ကျေးဇူးပြုပြီး ကူညီတဲ့ အနေနဲ့ ကျွန်တော်တို့ကို ယုန်တစ်ကောင်လောက် ရောင်းပေးပါ”

ယန်ချုံးက စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ရာ ထိုလူငယ်နှစ်ဦးမှာ ရုပ်ချင်း ဆင်တူယိုးမှား ရှိလှသဖြင့် ညီအစ်ကို အရင်းအချာများ ဖြစ်နိုင်ကြောင်း ရိပ်မိသွားသည်။

“မင်းတို့နှစ်ယောက်က ညီအစ်ကိုတွေလား”

လူငယ်နှစ်ဦးမှာ ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် အလောတကြီး ဦးခေါင်း ညိတ်ပြကြသည်။

“ဟုတ်ပါတယ် ကျွန်တော်တို့က ညီအစ်ကိုအရင်းတွေပါ။ ကျွန်တော်က ကျောက်ရှောင်ယီ... အစ်ကိုပါ။ သူကတော့ ကျောက်ရှောင်အာ... ညီလေးပါ”

ယန်ချုံးက နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။ မိမိ၏ အိတ်အတွင်းရှိ ယုန်များနှင့် တောကြက်များ အားလုံး ရောင်းချပြီးသွားပြီ ဖြစ်သော်လည်း နေရာလွတ်ထဲတွင်မူ တောဝက်သားများ အမြောက်အမြား ကျန်ရှိနေသေးသည်။ သို့သော်ငြားလည်း ၎င်းတို့ မျက်စိရှေ့မှောက်တွင် တိုက်ရိုက် ထုတ်ယူပြသရန်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် ဤလူငယ်နှစ်ဦး ပြောဆိုသော စကားများမှာ မှန်ကန်ခြင်း ရှိ၊ မရှိကိုလည်း သူ စမ်းသပ်လိုစိတ် ပေါ်လာသည်။ ခေတ္တမျှ စဉ်းစားဆင်ခြင်ပြီးနောက် သူက ပြောလိုက်သည်။

“စိတ်မကောင်းပါဘူးကွာ... ငါ့ဆီက ယုန်တွေနဲ့ တောကြက်တွေက အကုန် ရောင်းကုန်သွားပြီ”

လူငယ်နှစ်ဦး၏ မျက်နှာအထက်ဝယ် ချက်ချင်းပင် ညှိုးငယ် စိတ်ပျက်သွားသော အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ ယန်ချုံးက ဆက်လက်၍ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းတို့ကို ပေးဖို့ ဝက်သားတော့ နည်းနည်း ကျန်သေးတယ်”

ထိုအခါ လူငယ်နှစ်ဦးမှာ ချက်ချင်းပင် မျှော်လင့်ချက် ပြန်လည် ပွင့်လန်းလာပြီး ပြောလိုက်သည်။

“တကယ်လား... အရမ်းကောင်းတာပဲ အစ်ကိုရယ်။ ဝက်သားဆိုရင်လည်း ရပါတယ်”

ထိုသို့ပြောဆိုနေရင်း တစ်ဦးက အိတ်ကပ်အတွင်းမှ ငွေကြေးများကို နှိုက်ယူလေသည်။ သို့သော် ငွေကြေးများကို အတော်အတန်ကြာအောင် ရှာဖွေ နှိုက်ယူပြီးနောက် ၁ မောက်တန် ၁၀ ပြား နှစ်ရွက်နှင့် ၁ ဖန်းတန် ၁ ပြား အနည်းငယ်သာ ထွက်ပေါ်လာရာ စုစုပေါင်းလိုက်လျှင် ၃ မောက်ပင် မပြည့်တတ်ချေ။

ကျန်ရှိသော လူငယ်တစ်ဦးက အနေရ ခက်လှစွာသော မျက်နှာပေးဖြင့် တောင်းပန် တိုးလျှိုးရှာသည်။

“အစ်ကို... ကျွန်တော်တို့ဆီမှာ ဒီပိုက်ဆံလေးပဲ ရှိတော့တာ။ ကျွန်တော်တို့ အဘွားကို မြည်းစမ်း ကြည့်ရရုံလောက်ပဲ အသားနည်းနည်းလောက် ဝယ်သွားခွင့်ပြုပါဦး”

ယန်ချုံးက ဆိုလိုက်သည်။

“ပိုက်ဆံကိစ္စကို ခဏ ဖယ်ထားစမ်းပါဦး။ မင်းတို့အိမ်ကို အရင်ခေါ်သွားပြီး ငါ့ကို ပြ။ မင်းတို့ပြောတဲ့ စကားတွေသာ တကယ် အမှန်ဆိုရင် အသားကို မင်းတို့ကို ပေးမယ်။ အဲလိုမှ မဟုတ်ဘဲ လိမ်နေတာဆိုရင်တော့ မင်းတို့မှာ ပိုက်ဆံ ဘယ်လောက်ပဲရှိရှိ ငါရောင်းပေးမှာ မဟုတ်ဘူး”

လူငယ်နှစ်ဦးမှာ တစ်ဦးကို တစ်ဦး အပြန်အလှန် ကြည့်ရှုလိုက်ကြပြီးနောက် ဦးခေါင်းညိတ်လျက် ယန်ချုံးအား မိမိတို့၏ နေအိမ်ဆီသို့ လမ်းပြခေါ်ဆောင် သွားကြလေတော့သည်။

ထိုနေရာသို့ ရောက်ရှိသွားသောအခါ ယန်ချုံးမှာ အံ့အားသင့်လျက် မှင်တက်သွားရတော့သည်။ ကျောက်ရှောင်အာနှင့် ကျောက်ရှောင်ယီတို့သည် လိမ်လည်ပြောဆိုနေခြင်း မဟုတ်သည့်အပြင် ၎င်းတို့၏ အိမ်တွင်းအခြေအနေမှာ ပြောပြသည်ထက်ပင် ပိုမိုဆိုးရွား ကျပ်တည်းလွန်းလှသည်။ နေအိမ်တွင် လူဦးရေ ခုနစ်ယောက်ခန့် ရှိပြီး အိုသူက အို၊ ပျိုသူက ပျိုနှင့် ဖြစ်ကာ ထိုအထဲတွင် အသက်ခြောက်ဆယ်၊ ခုနစ်ဆယ်အရွယ် အဘွားအို တစ်ဦးမှာ ရိုးရာအုတ် ကုတင် ကန်း ပေါ်တွင် အားအင်ချည့်နဲ့စွာ လဲလျောင်းနေရှာသည်။

ကလေးငယ်များမှာလည်း တစ်ဦးပြီး တစ်ဦး မျက်နှာများ ဖြူဖျော့လျက် သွေးရောင် ကင်းမဲ့နေကြကာ ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း စုတ်ပြတ်စုတ်ဖွား ဖြစ်နေသဖြင့် အေးစက်လှသော ဆောင်းရာသီကြီးတွင် ခြေထောက်များပင် အပြင်သို့ ထွက်ပေါ်နေကြလေသည်။

ယန်ချုံး၏ ရင်ထဲတွင် အနည်းငယ် လေးလံထိုင်းမှိုင်း သွားမိသည်။ ပြန်လည် သုံးသပ်ရလျှင် စစ်ဟဲ့ယွမ် ခြံဝင်းကြီးအတွင်းရှိ အခြေအနေများမှာ များစွာ သာလွန် ကောင်းမွန်သေးသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုခြံဝင်းအတွင်း နေထိုင်သူများမှာ သံမဏိစက်ရုံမှ အလုပ်သမားများ သို့မဟုတ် စာသင်ပြသော ဆရာများ ဖြစ်ကြပြီး အများစုမှာ အလုပ်အကိုင် တည်မြဲကာ ငွေကြေး ရှာဖွေနိုင်ကြသောကြောင့် ဖြစ်သည်။

ကျောက်ရှောင်ယီနှင့် ကျောက်ရှောင်အာ တို့ကဲ့သို့သော မိသားစုမျိုးမှာ စစ်ကျိုမြို့အတွင်းဝယ် မရေမတွက်နိုင်အောင် ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့၌ မည်သည့် ဝင်ငွေမျှ မရှိသည့်အပြင် အလုပ်လုပ်ကိုင်လိုလျှင်ပင် လက်ခံမည့် နေရာဌာန မရှိချေ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပင်လျှင် ၎င်းတို့အား ထိရောက်စွာ ကူညီပံ့ပိုးနိုင်စွမ်း မရှိကြပေ။

ကျောက်ရှောင်အာက ရှင်းပြလေသည်။

“အစ်ကိုကြီး... ကျွန်တော်တို့ တကယ် လိမ်ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အဖေနဲ့ အမေက မရှိတော့ဘူး။ အဘွားကလည်း အိပ်ရာထဲမှာ အကြောသေနေတာ။ ပြီးတော့ ဦးလေးရဲ့ သားသမီးတွေဖြစ်တဲ့ ညီလေး၊ ညီမလေးတွေကိုလည်း ကျွန်တော်တို့နှစ်ယောက်ပဲ ရှာဖွေ ကျွေးမွေးနေရတာပါ။ အသားအများကြီးဝယ်ဖို့ ကျွန်တော်တို့မှာ တကယ် ပိုက်ဆံမရှိလို့ပါ...”

ထိုကလေးငယ်များမှာ ၎င်းတို့၏ ညီအစ်ကို မောင်နှမအရင်းများ မဟုတ်ဘဲ ဦးလေးဖြစ်သူ၏ ရင်သွေးများ ဖြစ်ကြောင်းကို ယန်ချုံး ထိုအခါမှပင် သိရှိနားလည် သွားတော့သည်။ ဤညီအစ်ကိုနှစ်ဦးသည် အိပ်ရာဖျာအထက်တွင် အကြောသေ လဲလျောင်းနေသော အဘွားအိုအား နှစ်ရှည်လများ ပြုစု စောင့်ရှောက်ခဲ့ရုံမျှမက အခြားသူ၏ ကလေးများကိုပါ တာဝန်ယူ ကျွေးမွေး စောင့်ရှောက်နေကြခြင်း ဖြစ်သည်။ ဤအချက်တစ်ခုတည်းနှင့်တင် ၎င်းတို့အပေါ် ကူညီဖေးမလိုစိတ်၊ စာနာစိတ်များ ယန်ချုံး၏ ရင်ဝယ် တဖွားဖွား ပေါ်ပေါက်လာတော့သည်။

ယန်ချုံးက လက်ကာ ပြလိုက်ရင်း ခြံဝင်းအတွင်းမှ လှည့်ထွက်သွားလေတော့သည်။

“မင်းတို့ ဒီမှာပဲ ခဏစောင့်နေကြဦး

All Chapters