အခန်း ၂၆
Vol. 3 Ch. 26
အခန်း (၂၆) - ယန်မျိုးရိုးက တစ်ဖန် အသားစားပြန်ပြီ
ကျောက်ရှောင်ယီ နှင့် ကျောက်ရှောင်အာ တို့ ညီအစ်ကို နှစ်ယောက် အူကြောင်ကြောင်ဖြင့် ငေးမောနေဆဲတွင် ယန်ချုံးတစ်ယောက် အပြင်မှ ပြန်ရောက်လာလေသည်။ သူ၏ လက်ထဲ၌မူ ဝက်သား နှစ်တုံးနှင့် ဂျုံမှုန့် တစ်အိတ်ကို ဆွဲကိုင်လာပြီး စားပွဲထက်သို့ ပစ်ချလိုက်သည်။
“အစ်ကိုကြီး... ဒါ ဘာလုပ်မလို့လဲ ကျွန်တော်တို့က...”
ကျောက်ရှောင်အာ နှင့် ကျောက်ရှောင်ယီ တို့မှာ လန့်ဖျပ်သွားကြပြီး ပျာပျာသလဲ မေးရှာသည်။
“ဒီဟာတွေ ယူထားလိုက် အိမ်က လူတွေကို သေချာစောင့်ရှောက်”
ယန်ချုံးက ဆက်၍ ပြောသည်။
“ဒါပေမဲ့ အလကား ပေးတာတော့ မဟုတ်ဘူးနော်။ နောက်ဆို မင်းတို့ ငါ့ဆီမှာ အလုပ်လုပ်ပေးရမယ်။ ဒီပစ္စည်းဖိုးတွေကို မင်းတို့လုပ်အားခထဲကနေ နှုတ်မယ် သဘောတူလား”
ထိုအခိုက်တွင် သူတို့နှစ်ယောက်၌ ငြင်းဆန်ပိုင်ခွင့်ဟူ၍ အလျဉ်းမရှိပေ။ ခေါင်းကိုသာ ဆက်တိုက် ညိတ်လျက် ဖြေကြသည်။
“သဘောတူပါတယ် အစ်ကိုကြီးရာ ကျွန်တော်တို့ သဘောတူပါတယ်”
ယန်ချုံးက မေးလိုက်သည်။
“မင်းတို့ကို ဘာလုပ်ခိုင်းမလဲဆိုတာတောင် မသိဘဲနဲ့ သဘောတူတယ်ပေါ့လေ။ ငါက လူသတ် မီးရှို့ခိုင်းရင်ကော ဘယ်လိုလုပ်မလဲ”
ထိုစကားကြောင့် ညီအစ်ကို နှစ်ယောက်စလုံး အယောင်ယောင်အမှားမှား ဖြစ်သွားကြလေသည်။ ယန်ချုံးက ပြုံးလိုက်ရင်း ဆိုသည်။
“စိတ်ချပါ ငါ မင်းတို့ကို လူသတ် မီးရှို့မခိုင်းပါဘူး။ လာ... အပြင်ထွက်ပြီး စကားပြောရအောင်”
အပြင်ဘက်သို့ ရောက်သည်နှင့် ကျောက်ရှောင်အာက မအောင့်နိုင်တော့ဘဲ အလောတကြီး မေးတော့သည်။
“အစ်ကိုကြီး... ကျွန်တော်တို့ကို တကယ်ပဲ ဘာလုပ်ခိုင်းမလို့လဲ”
ယန်ချုံးက ရှင်းပြသည်။
“ကိစ္စက ရှင်းပါတယ်။ ငါ့အတွက် ပစ္စည်းလေးတွေ ရောင်းပေးဖို့ပဲ။ အခုနက မှောင်ခိုစျေးမှာ မင်းတို့ မြင်တဲ့အတိုင်းပဲ။ ငါက တောထဲကနေ တောကြက်၊ တောယုန်၊ တောဝက်တွေ မကြာခဏ သွားဖမ်းလေ့ရှိတယ်။ အဲဒါတွေကို ရောင်းပေးမဲ့သူ လိုနေတာ။ မင်းတို့သာ လုပ်ချင်မယ်ဆိုရင် တောကြက်ဖြစ်ဖြစ် တောယုန်ဖြစ်ဖြစ် တစ်ကောင်ရောင်းရတိုင်း ကော်မရှင် သုံးမူး ပေးမယ်။ တောဝက်သား တစ်တုံး ရောင်းရရင်လည်း သုံးမူးပဲ။ ဘယ်လိုလဲ လုပ်ကြမလား”
ညီအစ်ကိုနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာထက်၌ အတိုင်းမသိသော ဝမ်းသာပီတိ ဖြစ်မှုများ လွှမ်းခြုံသွားကာ တစ်ပြိုင်နက်တည်း အသံထွက်လာကြသည်။
“လုပ်ချင်တာပေါ့ အစ်ကိုကြီးရာ သေချာပေါက် လုပ်မှာပေါ့။ ဒီလောက်ကောင်းတဲ့ အလုပ်ကို ငတုံးမှပဲ ငြင်းမှာပေါ့”
ယန်ချုံးက ဆက်ပြောသည်။
“ဒါပေမဲ့ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားရမယ်နော်။ ပစ္စည်းယူသွားပြီးရင် နောက်တစ်နေ့မှာ ငွေကို အပြည့်အဝ ပြန်အပ်ရမယ်။ ပြီးမှ ငါက မင်းတို့ကို ကော်မရှင် ခွဲပေးမယ်။ ဒီစည်းကမ်းကိုတော့ ဖောက်လို့မရဘူး”
နှစ်ယောက်သား ခေါင်းကို တရစပ် ညိတ်ရင်း ဆိုကြသည်။
“သေချာတာပေါ့ ကျွန်တော်တို့ နားလည်ပါတယ်”
ယန်ချုံးက ထပ်လောင်း သတိပေးပြန်သည်။
“နောက်ပြီးတော့ ပစ္စည်းရောင်းတဲ့ နေရာမှာ ဘေးကင်းဖို့က နံပါတ် တစ်ပဲ။ ပါးပါးနပ်နပ် ရှိကြ။ အခြေအနေ တစ်ခုခု မသင်္ကာစရာ တွေ့ရင် ပစ္စည်းကို ပစ်ချလိုက်ရပါစေဦး။ အဖမ်းခံရလို့တော့ လုံးဝ မဖြစ်ဘူး”
ထိုအခါ ကျောက်ရှောင်ယီက အလေးအနက် အာမခံလေသည်။
“အစ်ကိုကြီး စိတ်ချပါ။ တကယ်လို့ မတော်တဆ အဖမ်းခံရရင်တောင် ကျွန်တော်တို့ အစ်ကိုကြီးကို လုံးဝ ဆွဲမထည့်ပါဘူး။ ဘယ်လို ကိစ္စမျိုးပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ်ပဲ တာဝန်ယူပါ့မယ်။ ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေအတွက်လည်း အိုးခွက် ပန်းကန်တွေအထိ ရောင်းချပြီးတော့ အစ်ကိုကြီးကို ပြန်လျော်ပေးပါ့မယ်”
ယန်ချုံးက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ ဒါဆိုရင် ဒီလောက်ပဲ။ ပြန်ရောက်ရင် သေချာ ပြန်တိုင်ပင်ကြဦး။ တကယ်လို့ လုပ်ချင်တယ်ဆိုရင် မနက်ဖြန်ကစပြီး ညနေ ငါးနာရီမှာ အခုနက နေရာမှာပဲ ဆုံကြတာပေါ့”
“ကောင်းပါပြီ အစ်ကိုကြီး… စိတ်ချပါ။ ကျွန်တော်တို့ သေချာပေါက် လာခဲ့ပါ့မယ်”
နှစ်ယောက်သား ရင်ဘတ်ကို ပုတ်ကာ ကတိပေးကြသည်။
ထိုအခါမှ ယန်ချုံးက ခေါင်းညိတ်ပြပြီး ထွက်ခွာလာခဲ့လေသည်။
ယန်ချုံး ဤသို့ စီစဉ်ရခြင်း၌ အကြောင်းရင်း နှစ်ရပ် ရှိလေသည်။ ပထမတစ်ချက်မှာ ထိုညီအစ်ကိုနှစ်ယောက်၏ နွမ်းပါးလှသော မိသားစုအခြေအနေကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသဖြင့် ကူညီဖေးမလိုသော စေတနာကြောင့်ပင် ဖြစ်သည်။
ဒုတိယအချက်မှာမူ သူကိုယ်တိုင်လည်း မိမိကိုယ်စား ပစ္စည်းဖောက်သည်ချပေးမည့် ယုံကြည်ရသူ တစ်ဦးတစ်ယောက်ကို အရေးတကြီး လိုအပ်နေသောကြောင့် ဖြစ်ပေသည်။ နေ့စဉ် ရက်ဆက် တောထဲသွား၍ အမဲလိုက်ရသည့်အပြင် အိမ်ပြန်ရောက်လျှင်လည်း အသားများကို ကိုယ်တိုင် လိုက်လံ ရောင်းချနေရသဖြင့် အချိန်မှာ လွန်စွာ နည်းပါး ကျပ်တည်းလှ၏။ ထို့ကြောင့် မိမိကိုယ်စား အလုပ်အချို့ကို လွှဲပြောင်း လုပ်ကိုင်ပေးမည့် လက်ထောက်တစ်ဦး ရှိလာခြင်းက သူ၏ ဝန်ထုပ်ဝန်ပိုးများကို များစွာ သက်သာစေမည် ဖြစ်သည်။
ယန်ချုံး နေအိမ်သို့ ပြန်ရောက်ချိန်တွင် ယွီရှို့နှင့် ယန်ရှောင်ကျွမ်းတို့မှာ ညစာ ချက်ပြုတ် ပြင်ဆင်ပြီးစီးနေပြီ ဖြစ်ကာ သူ ပြန်ရောက်လာမည့် အချိန်ကိုသာ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြလေသည်။
“အစ်ကိုရေ... ရှောင်ကျွမ်းလေးက တကယ်တော်တာပဲ။ ယုန်တောင် သတ်တတ်နေပြီ သိလား။ ဒီယုန်အရေခွံကိုလည်း သူကိုယ်တိုင် ဆုတ်ထားတာလေ”
ထမင်းစားနေရင်းပင် ယွီရှို့မှာ ယန်ရှောင်ကျွမ်း၏ အစွမ်းအစများကို အဆက်မပြတ် ချီးမွမ်းခန်း ဖွင့်နေတော့သည်။
ယန်ရှောင်ကျွမ်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောသည်။
“မရီးကလည်း... ညီမက ယုန်တစ်ကောင် သတ်ရုံတင်ပါ။ အရင်က အစ်ကိုကြီး သတ်တာ ခဏခဏ မြင်ဖူးလို့ ကြည့်ရင်းနဲ့ တတ်သွားတာ။ မရီးကမှ တကယ်တော်တာပါ။ မုန့်ဖုတ်တာကော ထမင်းချက်တာကော အားလုံးကို မရီး တစ်ယောက်တည်း လုပ်တာလေ”
“ကဲပါ... မင်းတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မြှောက်မနေကြနဲ့တော့။ နှစ်ယောက်စလုံး တော်ကြပါတယ် ဟုတ်ပြီလား”
ယန်ချုံးက ပြုံးလျက် ဝင်ဟန့်လိုက်သည်။
နှစ်ယောက်သား တခိခိ ရယ်မောမိကြသည်။ ယွီရှို့က ပြုံးလျက် ဆိုသည်။
“အစ်ကိုကြီး ပြောတာ မှန်တယ်။ တို့နှစ်ယောက်လည်း တစ်ယောက်ကို တစ်ယောက် ချီးမွမ်း မနေကြနဲ့တော့ မြန်မြန် ထမင်းစားရအောင်”
သူမက စကားပြောရင်း လူတိုင်းအတွက် ထမင်းခူးပေးကာ စကားစပ်မိ၍ ပြောလိုက်ပြန်သည်။
“နောက်ဆို ကျွန်မတို့ ပိုက်ဆံ လုံလုံလောက်လောက် စုမိသွားရင် အစ်ကိုလည်း သံမဏိစက်ရုံထဲ ဝင်ပြီး အလုပ်လုပ်လို့ ရပြီလေ။ အဲဒီအခါကျရင် ဒီခြံဝင်းထဲက လူတွေ အစ်ကို့ကို ဘယ်သူကများ အထင်သေးရဲဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့”
ယန်ချုံးက ခေါင်းခါပြကာ ပြောလိုက်သည်။
“ရှို့အာ... ငါ လောလောဆယ် စက်ရုံထဲ ဝင်ပြီး အလုပ် မလုပ်ချင်သေးဘူး”
ယွီရှို့မှာ အံ့သြသွားပြီး မေးလိုက်သည်။
“ဘာဖြစ်လို့လဲဟင်။ ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို သူများတွေဆို တောင်းပန်တိုးလျှိုးလို့တောင် မရနိုင်ဘူး။ အစ်ကိုကလည်း ယုန်နှစ်ကောင် ပေးပြီးတော့မှ ခက်ခက်ခဲခဲ လဲလှယ်လာခဲ့တာကို ဘာလို့ မလိုချင်တော့တာလဲ”
ယန်ချုံးက ရှင်းပြသည်။
“ငါ့စကားကို ဆုံးအောင် နားထောင်ပါဦး။ ငါက ဒီအခွင့်အရေးကို မလိုချင်ဘူးလို့ ပြောတာ မဟုတ်ဘူး၊ လောလောဆယ် စက်ရုံထဲ အလုပ်မဝင်ချင်သေးဘူးလို့ ပြောတာ”
ယွီရှို့နှင့် ယန်ရှောင်ကျွမ်းတို့ နှစ်ယောက်စလုံး နားမလည်နိုင်သော မျက်နှာပေးဖြင့် မေးကြသည်။
“အစ်ကို... အဲဒါက ဘာကွာလို့လဲဟင်”
ယန်ချုံးက သူမကို ကြည့်ရင်း ဆိုသည်။
“ငါဆိုလိုတာက ငါက တောထဲ တက်ပြီး အမဲလိုက်မယ်။ ယုန်ဖမ်းမယ်။ ယုန်ရောင်းတဲ့ အလုပ်ကိုပဲ ဆက်လုပ်မယ်။ ဒီအလုပ်အကိုင် ခွဲတမ်းကို မင်းကို ပေးမယ်။ မင်းက သံမဏိစက်ရုံမှာ သွားပြီး အလုပ်လုပ်။ အဲဒါဆို ငါတို့ နှစ်ယောက်စလုံး ပိုက်ဆံရှာနိုင်ပြီပေါ့”
ယွီရှို့၏ မျက်ဝန်းများ တောက်ပ သွားသော်လည်း စိတ်လှုပ်ရှားမှုနှင့် အတူ စိုးရိမ်စိတ် အနည်းငယ်ပါ ရောယှက်လာကာ စိုးရိမ်တကြီး မေးရှာသည်။
“ဒါ... ဒါ ဖြစ်နိုင်ပါ့မလား။ ညီမ လုပ်နိုင်ပါ့မလား”
ယန်ချုံးက ခေါင်းညိတ်ပြလျက် အားပေးသည်။
“ဖြစ်တာပေါ့ သေချာပေါက် ဖြစ်နိုင်တာပေါ့။ ခွဲတမ်းရှိရင် ယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဝင်လို့ရတယ်။ အဲဒီအချိန်ကျရင် ဟို... ဟိုလီခွေကို အကူအညီတောင်းပြီး မင်းအတွက် သက်သာမဲ့ အလုပ် တစ်ခုခု စီစဉ်ခိုင်းလိုက်ရင် ရပြီပဲ”
ယွီရှို့က ဝမ်းသာအားရ ခေါင်းညိတ်ရင်း ပြောသည်။
“တကယ်ကြီး အဆင်ပြေရင်တော့ အကောင်းဆုံးပဲ။ ဘယ်လို အလုပ်မျိုးပဲဖြစ်ဖြစ် ညီမ လုပ်နိုင်ပါတယ် အစ်ကို… ညီမ ပင်ပန်းခံနိုင်ပါတယ်”
ယန်ချုံးက ဆက်ပြောသည်။
“အဲဒီအချိန်ကျရင် ငါတို့နှစ်ယောက်စလုံး အလုပ်ရှုပ်နေမှာဆိုတော့ အိမ်ကိစ္စတွေကို ရှောင်ကျွမ်းကိုပဲ အပ်ရတော့မယ်”
ယန်ရှောင်ကျွမ်းက ချက်ချင်းဆိုသလို ထောက်ခံလေသည်။
“အစ်ကိုကြီးတို့ စိတ်ချလက်ချသာ နေပါ။ ညီမ ထမင်းဟင်းတွေကို သေချာ ချက်ပြုတ်ထားပြီး အိမ်ကိုလည်း သေသပ်အောင် သက်သက်ရပ်ရပ် ထိန်းသိမ်းပေးထားပါ့မယ်။ အစ်ကိုကြီးတို့ ပြန်လာရင် သက်တောင့်သက်သာ ရှိစေရမယ်”
ယန်ချုံးက ဆိုသည်။
“ကျွမ်းအာ... မူလကတော့ ဒီအလုပ်ကို ညီမကို ပေးမလို့ပဲ။ ဒါပေမဲ့ ညီမက အသက်မပြည့်သေးတော့ အလုပ်ဝင်လို့ မရသေးဘူးလေ။ အသက်ပြည့်တဲ့အခါကျရင် အစ်ကိုကြီး ညီမအတွက်လည်း အလုပ်တစ်ခု သေချာပေါက် ရှာပေးမယ်”
ယန်ရှောင်ကျွမ်းသည် ထိုစကားကို ကြားရလျှင် မျက်ဝန်းများ ချက်ချင်း တောက်ပလာပြီး မေးသည်။
“အစ်ကိုကြီး... တကယ်ပြောတာလားဟင်။ ညီမလည်း နောင်ကျရင် အလုပ်လုပ်ပြီး ပိုက်ဆံရှာနိုင်မှာလား”
ယန်ချုံးက ခေါင်းညိတ်ပြလျက် ဆိုလိုက်သည်။
“အစ်ကိုကြီးက ညီမကို လိမ်ပါ့မလား။ နောင်ကျရင် ညီမက အလုပ်လုပ်ပြီး ကိုယ်ပိုင် ပိုက်ဆံ ရှာနိုင်ရုံတင် မကဘူး။ အိမ်ထောင်ဖက် ရှာပြီး မိသားစုပါ ထူထောင်ရဦးမှာ”
ယွီရှို့ကလည်း ဝိုင်းပြီး ကျီစယ်တော့သည်။
“ဟုတ်တယ် ကျွမ်းအာရဲ့... နင့်အစ်ကိုကြီး ပြောတာ မှန်တယ်။ အဲဒီအခါကျရင် နင် မြို့ပေါ်မှာပဲ ဖြစ်ဖြစ် စက်ရုံထဲမှာပဲ ဖြစ်ဖြစ် လူပျိုချောလေး တစ်ယောက်ရှာပြီး အိမ်ထောင်ပြုပေါ့။ တို့ ရှောင်ကျွမ်းလေးက ဒီလောက် လှတာ အဲဒီအချိန်ကျရင် နင့်နောက်ကို လိုက်မဲ့ လူပျိုတွေကတော့ အတန်းလိုက်ကြီး ဖြစ်နေမှာ သေချာတယ်။ ရွေးရလွန်းလို့ မျက်စိတောင် လည်သွားဦးမယ်”
ယန်ရှောင်ကျွမ်းသည် တစ်ကိုယ်လုံး ရှက်သွေးဖြာကာ မျက်နှာလေး နီမြန်းသွားပြီး ရှက်ရွံ့စွာ ဆိုရှာသည်။
“အစ်ကိုကြီးနဲ့ မရီးကလည်း... ဘာတွေ ပြောနေတာလဲ။ ညီမက အခုမှ အသက် ၁၆ နှစ်ပဲ ရှိသေးတာကို”
ယွီရှို့က ပြန်ပြောသည်။
“နောင်အနာဂတ်အကြောင်း ပြောတာလေ။ ဒါတင် မကသေးဘူး ၁၆ နှစ်ဆိုတာလည်း မငယ်တော့ပါဘူး။ နောက်နှစ်နှစ်ဆိုရင် လူလားမြောက်ပြီပဲ”
ယန်ရှောင်ကျွမ်းက ဆိုသည်။
“ဒါဆိုရင်လည်း ညီမ နောက်ကျရင် အိမ်ထောင် မပြုတော့ဘူး။ အမြဲတမ်း အစ်ကိုကြီးနဲ့ မရီးနောက်ပဲ လိုက်ပြီး ပြုစု စောင့်ရှောက်တော့မယ်။ အစ်ကိုကြီးတို့က ညီမကို ငရဲတွင်းထဲကနေ ကယ်ထုတ်ပေးခဲ့တာလေ။ ဒီတစ်သက်လုံး ညီမက အစ်ကိုကြီးတို့ နှစ်ယောက်စလုံးရဲ့ ကျေးဇူးကို ဆပ်ရမှာ”
“ကောင်မလေး အနုံလေးရယ်... ညီမက ငါ့ညီမလေးပဲ။ ဘာ ကျေးဇူးဆပ်တာတွေ ပြောနေတာလဲ”
ယန်ချုံးက သံယောဇဉ်ကြီးစွာဖြင့် သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ချော့မော့လိုက်သည်။
“ကဲပါ... မြန်မြန် ထမင်းစားရအောင် ဒီလောက်မွှေးတဲ့ ယုန်သားဟင်းက အေးသွားရင် စားလို့ မကောင်းတော့ဘူး”
မိသားစု သုံးယောက်သား ပျော်ပျော်ရွှင်ရွှင်နှင့် ထမင်းစစားကြပြီး တစ်အိမ်လုံးတွင် ယုန်သားဟင်း၏ မွှေးကြိုင်လှသော အနံ့အသက်များ ဖုံးလွှမ်းသွားတော့သည်။
ထိုအခြေအနေသည်ကား ဘေးအိမ်ရှိ ကျားမိသားစုအတွက်မူ အလွန်တရာ ကသိကအောက် နိုင်လှသော စိတ်ဒုက္ခတစ်ခုပင် ဖြစ်လာတော့သည်။
ယခုအချိန်သည် ကျားမိသားစု၏ ညစာစားချိန် ဖြစ်သော်ငြား သူတို့၏ ထမင်းဝိုင်းထက်တွင်ကား မွှေးကြိုင်သော ယုန်သားဟင်းလည်း မရှိသလို နူးညံ့သော ဂျုံဖြူမုန့်များလည်း မရှိခဲ့ပေ။ ခြောက်သွေ့မာကျောလှသော ဝေါ့ဝေါ့ထို ပြောင်းဖူးမုန့် အနည်းငယ်နှင့် အချဉ်ဖတ် အနည်းငယ်မျှသာ နွမ်းပါးစွာ နေရာယူထားလေသည်။
ချင်းဟွိုင်ရူသည် ပန့်ကန့်ကို ချော့မော့ကာ ထမင်းကျွေးနေသော်လည်း ဘေးနားရှိ ယောက္ခမဖြစ်သူ ကျားကျန်းရှစ်ကမူ တတွတ်တွတ်နှင့် ဗြစ်တောက်ဗြစ်တောက် မကျေမနပ် ပြောနေဆဲပင်။
“ချင်းဟွိုင်ရူ... နင်က နေ့တိုင်း ပြောင်းဖူးမုန့်နဲ့ အချဉ်ဖတ်တွေချည်း ကျွေးနေတော့ ငါတို့တွေက ဘယ်လိုလုပ် မျိုကျမှာလဲ”
ချင်းဟွိုင်ရူက ဝမ်းနည်းပက်လက်ဖြင့် ပြန်လည် ချေပရှာသည်။
“ကျွန်မလည်း အမေတို့ကို အသားတွေ… ဂျုံဖြူမုန့်တွေ စားစေချင်တာပေါ့ အမေရယ်။ ဒါပေမဲ့ ပိုက်ဆံရှိမှ ဖြစ်မှာလေ။ တုန်းရွှီရဲ့ လစာလေးက ဒီလောက်လေးရှိတာ လူငါးယောက် ခြောက်ယောက်စာ စားစရိတ်ကို ဖာထေးနေရတဲ့အပြင် အမေ့အတွက် လစဉ်ထောက်ပံ့ကြေးပါ ပေးရသေးတယ်။ ကျွန်မက ဘာသွားရောင်းပြီး အသားတွေ ဂျုံမှုန့်တွေ ဝယ်ရမှာလဲ”
ကျားကျန်းရှစ်က မျက်လုံးပြူးကာ စိုက်ကြည့်ရင်း မာန်မဲအော်ဟစ် လေတော့သည်။
“ချင်းဟွိုင်ရူ... နင်က ဘာသဘောလဲ။ ငါ့ကို အပြစ်တင်နေတာလား။ ဟွန်း... ဒါတွေအားလုံး နင့်ကြောင့်ဖြစ်တာ မဟုတ်ဘူးလား။ တုန်းရွှီသာ နင်လို တောသူမကို ကောက်မယူခဲ့ရင် မိသားစုတစ်ခုလုံး ရိက္ခာဝေစု မရစရာအကြောင်း မရှိဘူး။ အဲဒီလိုသာဆိုရင် ငါတို့တွေ နေ့တိုင်း ပြောင်းဖူးမုန့် စားနေရပါ့မလား”