အခန်း ၂၇
Vol. 3 Ch. 27
အခန်း (၂၇) - ကျွန်တော်နှင့် ပန့်ကန့်သည် အသားစားရသည်ကို ကြိုက်နှစ်သက်ကြသည်
ချင်းဟွိုင်ရူသည် ရင်ထဲ၌ မကျေမနပ်ဖြစ်လျက် စိတ်ထဲမှသာ ကြိတ်၍ ရေရွတ်လိုက်မိသည်။
‘တောရွာ အိမ်ထောင်စုစာရင်းဝင်က ငါတစ်ယောက်တည်းမှ မဟုတ်တာ ရှင်လည်း ခွဲတမ်း မရတာပဲ မဟုတ်ဘူးလား’
သို့သော် ထိုစကားကို နှုတ်မှ ထုတ်ဖော် ပြောဆိုရန်ကား သူမတွင် သတ္တိ မရှိချေ။ အကယ်၍သာ နှုတ်ထွက်မိပါက ဧကန်မုချ အရိုက်ခံရမည်ကို သူမ ကောင်းစွာ သိရှိထားလေသည်။
ထိုစဉ် တစ်ချိန်လုံး တတွတ်တွတ် ညည်းညူနေခဲ့သော ပန့်ကန့်သည် ရုတ်တရက် ခေါင်းမော့လာပြီး အော်ဟစ်လေသည်။
“အသား… သား အသားနံ့ရတယ်”
ကျားကျန်းရှစ်သည် ခဏမျှ ကြောင်အံ့သွားပြီးနောက် နှာခေါင်းကို ရှုံ့ကာ လေထဲသို့ အားရပါးရ ရှူရှိုက် ကြည့်လိုက်လေသည်။ ထို့နောက် မျက်နှာပျက်လျက် ဒေါသတကြီး ကျိန်ဆဲလေတော့သည်။
“မမှားဘူး အသားပဲ။ ယုန်သားနံ့လေး ဟွန့်... ဘေးအိမ်က ကောင်စုတ်လေး ယုန်သားစားနေတာ သေချာတယ်။ ဒီကောင်စုတ်က ကံကို ဘယ်လိုတောင် ကောင်းနေရတာလဲမသိဘူး။ နေ့တိုင်း တောကြက် မဟုတ်ရင် ယုန်ပဲ။ တောကြက်တွေ ယုန်တွေက အဲလောက်တောင် အလွယ်တကူ ပစ်ဖမ်းလို့ ရနေတာလား”
ထိုအခါ ကျားတုန်းရွှီက ဝင်ရောက်၍ ပြောဆိုလေသည်။
“လွယ်ရမလား အမေရဲ့… မကြားမိဘူးလား။ အခု တောရွာတွေမှာ ဘာမှ စားစရာ မရှိတော့လို့ လူတွေ ငတ်သေတော့မဲ့အထိ ဖြစ်နေတာ။ တောင်ပေါ်က လူတွေလည်း တောင်ပေါ်တက်ပြီး ယုန်တွေ အလုအယက် ပစ်ဖမ်းကြတာပေါ့။ ဖမ်းလို့ ရသမျှလည်း အကုန် ကုန်သလောက် ဖြစ်နေပြီ။ အခုဆို လုံးဝကို ရှာမရတော့တာ”
ကျားကျန်းရှစ်သည် မကျေမနပ်ဖြစ်ကာ ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေမိသည်။
“ဒါဆို ဒီကောင်က ဘယ်လိုလုပ်ပြီး ဖမ်းလို့ ရနေတာလဲ။ ဒီကောင်ကတော့ တကယ့်ကို အမြင်ကတ်စရာ ကောင်းတယ်။ နေ့တိုင်း အသားတွေချည်း စားနေပြီး ငါတို့မိသားစုကိုကျတော့ တစ်ဖဲ့တောင် မကျွေးဘူး။ ငါတို့ကို သက်သက်မဲ့ မနာလိုဖြစ်အောင် လုပ်နေတာ။ ငါတို့မိသားစု အခြေအနေ ဒီလောက် ကြပ်တည်းနေတာကို မြင်လျက်သားနဲ့။ ဒီလိုလူမျိုးက ဘာလို့ မသေသွားရတာလဲ မသိဘူး”
ချင်းဟွိုင်ရူမှာကား ဘာတစ်ခုမျှ ပြန်လည် မပြောရဲရှာဘဲ ရင်ထဲ၌သာ ကြိတ်၍ တွေးတောနေမိတော့သည်။
“သူများတွေ အသားစားနိုင်တာ သူတို့အရည်အချင်းနဲ့ သူတို့ပဲ။ ဘာကိစ္စ ရှင်တို့ကို ကျွေးရမှာလဲ”
ပန့်ကန့်သည် သင်းပျံ့လှသော အသားဟင်းနံ့ကို ရရှိသည်နှင့် အရှေ့ရှိ ထမင်းကို ပို၍ပင် စားချင်စိတ် မရှိတော့ချေ။ လက်ထဲ၌ ကိုင်ဆောင်ထားသော ပြောင်းဖူးပေါက်စီကို ပစ်ချလိုက်ကာ ခေါင်းကို မော့၍ ငိုယိုအော်ဟစ် လေတော့သည်။
“မစားဘူး သား အသားစားချင်တယ်။ ယုန်သားစားချင်တယ်။ သား ယုန်သားကို စားရမှဖြစ်မယ်”
ဆူညံ အော်ဟစ်သံများအဆုံးတွင် မိသားစုတစ်ခုလုံး ဆိတ်ငြိမ်သွားကြသည်။ အကယ်၍ အခြားသူတစ်ပါးသာ အသားစားနေခြင်းဖြစ်ပါက ကျားကျန်းရှစ်သည် ချင်းဟွိုင်ရူအား ထမင်းပန်းကန်ကိုင်ကာ သွားရောက် တောင်းခံခိုင်းမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။
သို့ရာတွင် ယခု အသားစားနေသူမှာ ယန်ချုံး၏ မိသားစု ဖြစ်နေလေသည်။ ရက်ပိုင်းများ အတွင်းမှာပင် ယန်ချုံးထံမှ အကြိမ်ကြိမ် အရိုက်ခံထားရသဖြင့် ကျားကျန်းရှစ်ကဲ့သို့ အရှက်မရှိသော လူဆိုးမကြီးပင်လျှင် ယန်မိသားစုထံမှ အသား သွားရောက်တောင်းခံ၍ မရနိုင်မှန်း ကောင်းစွာ သိရှိနေလေသည်။ ထို့ကြောင့်လည်း ချင်းဟွိုင်ရူအား လွှတ်၍ အသား တောင်းခိုင်းရန် မျက်နှာ မပြဝံ့တော့ခြင်း ဖြစ်၏။
အသားကို သွားရောက်တောင်းခံ၍ မရနိုင်သည်ကား အမှန်ပင်ဖြစ်၏။ သို့သော်လည်း ဘေးအိမ်မှ မွှေးကြိုင်လှသော အသားဟင်းနံ့က သူတို့အိမ်ဆီသို့ တစ်သင်းသင်း လွင့်ပျံလာနေရာ ရှေ့မှောက်ရှိ ဆင်းရဲလှသော ထမင်းတစ်နပ်ကို မည်သို့လျှင် ဆက်လက် မျိုချနိုင်ပါအံ့နည်း။
ကျားကျန်းရှစ်သည် သူမ ရှေ့မှောက်ရှိ ပြောင်းဖူးပေါက်စီကို ကြည့်ရင်း ကြည့်ရင်းဖြင့်ပင် မြိုချရ ခက်လှစွာ ခံစားလာရသည်။ ဘေးနား၌ ထိုင်နေသော ချင်းဟွိုင်ရူကို လှမ်းကြည့်လိုက်သောအခါ ချင်းဟွိုင်ရူက ခေါင်းကို ငုံ့လျက် ပြောင်းဖူးပေါက်စီနှင့် ဟင်းသီးဟင်းရွက်ချဉ်တို့ကို တိတ်ဆိတ်စွာ စားသောက်နေသည်အား တွေ့ရ၏။ အသားစားရမည် ဆိုလျှင်ပင် မိမိအလှည့်သို့ ရောက်ရှိလာမည် မဟုတ်ကြောင်း ချင်းဟွိုင်ရူကိုယ်တိုင် ကောင်းစွာ သိရှိနားလည်ထားသဖြင့် အခြားသူများကဲ့သို့ အချည်းနှီးသော မျှော်လင့်ချက်ကို ဖက်တွယ် မထားခြင်း ဖြစ်လေသည်။
နောက်ဆုံးတွင် ကျားကျန်းရှစ်သည် အောင့်အည်း သည်းခံနိုင်စွမ်း ကုန်ဆုံးသွားကာ လှမ်း၍ ပြောဆိုလိုက်တော့သည်။
“ချင်းဟွိုင်ရူ... ပန့်ကန့်က အသားစားချင်လို့ ငိုနေတယ်လေ။ နင် နည်းလမ်းလေး ဘာလေး စဉ်းစားပေးလို့ မရဘူးလား”
ချင်းဟွိုင်ရူသည် ဟင်းသီးဟင်းရွက်ချဉ်ကို ဆက်လက် စားသုံးရင်း သက်ပြင်း တိုးတိုးချကာ ပြန်လည် ပြောကြားလိုက်သည်။
“ကျွန်မကိုယ်ပေါ်မှာ ပိုက်ဆံမှ မရှိတာ အမေရဲ့။ ပိုက်ဆံအကုန်လုံးက အမေနဲ့ တုန်းရွှီ လက်ထဲမှာပဲ ရှိတာလေ။ ကျွန်မက ဘာနည်းလမ်း သွားစဉ်းစားရမှာလဲ”
ကျားကျန်းရှစ်က အကြံတစ်ခု ရသွားသည့်နှယ် တမင်သက်သက် သတိပေးသလို မေးမြန်းလိုက်သည်။
“ဒါဆို ရှာကျူးက ဒီနှစ်ရက်အတွင်း ဘာလို့ ထမင်းချိုင့် မပါလာတာလဲ”
ချင်းဟွိုင်ရူက ငြီးငွေ့စွာဖြင့်ပင် ပြန်လည် ဖြေကြားလေသည်။
“စက်ရုံက အလုပ်သမားတွေတောင် ဝအောင် မစားရဘူးလို့ သူပြောတယ်။ စက်ရုံခေါင်းဆောင်တွေကလည်း အခုတလော ဧည့်ခံကျွေးမွေးတာတွေ မလုပ်တော့ဘူးဆိုတော့ အကြွင်းအကျန် ဟင်းတွေ လုံးဝ မရှိတော့ဘူးတဲ့”
ထိုစကားကြောင့် ကျားကျန်းရှစ်သည် အလွန်ပင် စိတ်ပျက်အားလျော့သွားကာ ခံပြင်းစွာ ပြောဆိုလေတော့သည်။
“ထမင်းချက်တစ်ယောက်ဖြစ်ပြီး ဟင်းကျန်လေး နည်းနည်းတောင် ပါအောင် မယူလာနိုင်ဘူး။ တကယ်ကို အသုံးမကျတဲ့ ကောင်ပဲ။ နင် နောက်ဆိုရင် သူနဲ့ သိပ်မပတ်သက်နဲ့တော့။ ငါတို့ ကျားမိသားစု သိက္ခာကို အိုးမည်းလာသုတ် မခံနိုင်ဘူး”
ချင်းဟွိုင်ရူသည် ဝမ်းနည်းဒေါသ ထွက်လွန်းသဖြင့် မျက်ဝန်းအစုံမှ မျက်ရည်များပင် စီးကျလာတော့သည်။
“သူ့ဆီက ထမင်းချိုင့် လိုချင်လွန်းလို့ သူ့ကို ချိုချိုသာသာ ဆက်ဆံခိုင်းတာ အမေကိုယ်တိုင်ပဲ မဟုတ်ဘူးလား။ အခုကျတော့မှပဲ ကျွန်မက အောက်တန်းကျကျ တခြားယောက်ျားတွေကို အတင်းသွားကပ်နေသလိုမျိုး ပြောရက်တယ်နော်”
ကျားကျန်းရှစ်ကား မိမိတွင်သာ အမှန်တရားရှိသကဲ့သို့ မာန်ပါပါဖြင့် ပြန်လည် ချေပလေသည်။
“ငါ နင့်ကို သူ့ကို ချော့ခိုင်းတာက သူ့ဆီက ထမင်းချိုင့်ကို လိုချင်လို့လေ။ အခု သူက ဟင်းကျန်တောင် ယူမလာနိုင်တော့တာပဲ သူနဲ့ ဆက်ပြီး ပတ်သက်နေလို့ ဘာထူးမှာလဲ”
ချင်းဟွိုင်ရူသည် ဒေါသအလိပ်လိပ် ထွက်လျက် ခေါင်းကိုသာ ငုံ့ထားပြီး ဘာတစ်ခုမျှ ဆက်လက် မပြောဆိုတော့ချေ။ ဘေးနားတွင် ထိုင်နေသော လင်ယောက်ျားဖြစ်သူ ကျားတုန်းရွှီကို မျက်စောင်းထိုး၍ ကြည့်လိုက်သော်လည်း ကျားတုန်းရွှီကား ဘာမှ မကြားသိလိုက်ရသကဲ့သို့ မျက်မှောင်ကျုံ့လျက် မိမိကိစ္စနှင့် မိမိ စိတ်ပူပန်နေလေသည်။
ကျားကျန်းရှစ်သည် တခဏမျှ စဉ်းစားတွေးတောပြီးနောက် သားဖြစ်သူဘက်သို့ လှည့်ကာ အကြံပြုလိုက်သည်။
“ဒါမှမဟုတ် တုန်းရွှီ... မင်း ဆရာ့ဆီသွားပြီး ပိုက်ဆံ နည်းနည်းလောက် သွားချေးလိုက်ပါလား။ မနက်ဖြန် မှောင်ခိုဈေး ချိုးငှက်ဈေးကိုသွားပြီး အသား နည်းနည်းလောက် ဝယ်ရအောင်။ မဟုတ်ရင်လည်း ကြည့်ဦးလေ ပန့်ကန့်က အရွယ်ကြီးထွားနေတဲ့ အချိန်မှာ ဒီလိုကြီး ထမင်း မစားဘဲ နေရင် ဘယ်ဖြစ်မလဲ”
ကျားတုန်းရွှီသည် မျက်နှာကို ရှုံ့မဲ့လျက် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလေသည်။
“အမေကလည်း... ကျွန်တော် ဒီလထဲတင် ဆရာ့ဆီက ဆယ်ဂဏန်းလောက် ချေးထားပြီးပြီလေ။ ပြန်တောင် မဆပ်ရသေးတာကို ဘယ်လိုလုပ်ပြီး သွားချေးရဲတော့မှာလဲ”
ကျားကျန်းရှစ်ကား ထိုအရေးကို အမှု မထားဟန်ဖြင့် ခပ်ပေါ့ပေါ့ပင် ပြန်လည် ပြောဆိုလိုက်သည်။
“သူက မင်းရဲ့ ဆရာဖြစ်နေလို့ပေါ့။ ယီကျုံးဟိုင်က နောင်တစ်ချိန် အိုဇာတာကျရင် မင်းကိုပဲ လုပ်ကျွေးပြုစု စောင့်ရှောက်စေချင်နေတာ။ မင်း သွားချေးရင် သူ သေချာပေါက် လက်ဗလာနဲ့ ပြန်လွှတ်မှာ မဟုတ်ပါဘူး”
ကျားတုန်းရွှီသည် အနည်းငယ် တွေဝေတုံ့ဆိုင်း သွားပြီးနောက် ရုတ်တရက် မတ်တပ်ရပ်ကာ ပြောလိုက်လေသည်။
“ဒါဆိုလည်း... ကျွန်တော် သွားပြီး စမ်းကြည့်လိုက်မယ်လေ”
မျက်နှာချင်းဆိုင်ရှိ ယီမိသားစုအိမ်တွင်လည်း ယီကျုံးဟိုင်နှင့် ယီတာ့မားတို့ ဇနီးမောင်နှံသည် ညစာ သုံးဆောင်နေကြလေသည်။ သူတို့အိမ်၏ စားသောက်မှု အခြေအနေမှာ ကျားမိသားစုထက် သိသိသာသာ ပိုမို ကောင်းမွန်လှပြီး ဂျုံဖြူ ဂျုံဝါ ရောစပ်ထားသော မန်ထို ပူပူနွေးနွေးနှင့် ရှာလကာရည်ဆမ်း ဂေါ်ဖီထုပ်ကြော် တစ်ခွက်လည်း ပါဝင်လေသည်။
ယီကျုံးဟိုင်သည် အဆင့် (၈) ရှိသော စက်ပြင်ဆရာကြီး တစ်ဦးဖြစ်သဖြင့် တစ်လလျှင် လစာငွေ ၉၉ ယွမ်အထိ ရရှိသူ ဖြစ်သည်။ သားသမီး ရတနာလည်း ထွန်းကားခြင်း မရှိသဖြင့် သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦး၏ ဘဝသည် သာမန်အားဖြင့် အလွန်ပင် ပြည့်စုံ ကြွယ်ဝသည်ဟု ဆိုနိုင်ပေသည်။ သို့ရာတွင် ယီကျုံးဟိုင်သည် အသား ဝယ်ယူစားသောက်လေ့ သိပ်မရှိချေ။ အသား မစားချင်၍ မဟုတ်ဘဲ ခြံဝင်းအတွင်းရှိ အိမ်နီးနားချင်းများ မြင်တွေ့ပါက မနာလိုဝန်တို ဖြစ်ကြမည်ကို စိုးရိမ်သောကြောင့် ဖြစ်သလို အထူးသဖြင့် မျက်နှာချင်းဆိုင်မှ ကျားမိသားစု လာရောက်ပတ်သက် ချေးငှားမည်ကို ပိုမို၍ ကြောက်လန့်သောကြောင့် ဖြစ်လေသည်။
မိမိတို့တွင် သားသမီး မထွန်းကားသဖြင့် ယီကျုံးဟိုင်သည် နောင်တစ်ချိန် အိုမင်းမစွမ်း ဖြစ်လာပါက ပြုစုစောင့်ရှောက် ပေးမည့်သူကို ကြိုတင်ကာ ရှာဖွေပြင်ဆင် ထားရရှာသည်။ ခြံဝင်းတစ်ခုလုံးရှိ လူငယ်များထဲမှ သေချာစွာ စိစစ်ရွေးချယ် ပြီးနောက် နောက်ဆုံးတွင် ကျားတုန်းရွှီကို စိတ်ချရသူအဖြစ် သတ်မှတ်ခဲ့လေသည်။
သို့ရာတွင် ထင်မှတ် မထားခဲ့သည်မှာ ဤကျားတုန်းရွှီသည် မည်သို့မျှ မြေတောင် မြှောက်ပေး၍ မရနိုင်သော လူညံ့တစ်ဦး ဖြစ်နေသည့်အပြင် ကျားမိသားစုသည်လည်း ခြံဝင်းအတွင်း၌ အစဉ်သဖြင့် ပြဿနာပေါင်းစုံ ရှာဖွေတတ်သဖြင့် သူကပင် လိုက်လံဖြေရှင်း ပေးနေရခြင်း ဖြစ်၏။
ထို့အပြင် အကြောင်းမဲ့သက်သက် အိမ်တိုင်ရာရောက် ပိုက်ဆံလာရောက် ချေးငှားတတ်သေးသည်။ ချေးယူသည်ဟု အမည်တပ်သော်လည်း အကြိမ်ကြိမ် အလီလီ ပေးခဲ့ရသမျှ မည်သည့်အခါမျှ ပြန်လည်ရရှိခြင်း မရှိခဲ့ချေ။
ဤကိစ္စနှင့် ပတ်သက်၍ ယီကျုံးဟိုင်သည် ဇနီးဖြစ်သူ ယီတာ့မား၏ ငြိုငြင်အပြစ်တင် စကားများကို မရေမတွက်နိုင်အောင် ခံခဲ့ရဖူးလေသည်။ နောင်ရေးအတွက် အားကိုးရမည့် သားတစ်ယောက်ကို ရှာဖွေထားခြင်း မဟုတ်ဘဲ ပူဇော်ပသရ ခက်ခဲလှသော ဘိုးဘေးတစ်ပါးကို သွားရောက်ပင့်ဆောင် ထားသကဲ့သို့ ဖြစ်နေသည်ဟု သူမက ကဲ့ရဲ့ပြစ်တင်လေ့ရှိသည်။
ယခုလည်း ထုံးစံအတိုင်းပင် ဇနီးမောင်နှံနှစ်ဦး ထမင်းစားသောက်နေစဉ် အပြင်ဘက်မှ လှမ်း၍ ခေါ်ဆိုသံတစ်ခု ထွက်ပေါ်လာလေသည်။
“ဆရာ... အိမ်မှာ ရှိလား”
ထိုအသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ယီတာ့မား၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားကာ မကျေမနပ် ရေရွတ်လေတော့သည်။
“စောစောမလာ နောက်ကျမှ မလာဘူး။ ကွက်တိ ထမင်းစားတဲ့ အချိန်ကို ရွေးပြီး လာတာ။ ကိစ္စကောင်း မဟုတ်တာတော့ သေချာတယ်”
ယီကျုံးဟိုင်လည်း စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကျုံ့လျက် ဇနီးဖြစ်သူအား တိုးတိုးတိတ်တိတ် သတိပေးလိုက်သည်။
“တော်ပြီ... လျှော့ပြောစမ်းပါ။ သူများ ကြားသွားဦးမယ်”
ထို့နောက် ၎င်းသည် ဟန်မပျက် ချောင်းတစ်ချက် ဟန့်ကာ အပြင်ဘက်သို့ အသံမြှင့်၍ ထူးလိုက်လေသည်။
“တုန်းရွှီလား။ အေး... ငါရှိတယ် ဝင်လာခဲ့လေ”
တံခါးခန်းဆီး လွင့်ပွင့်သွားပြီးနောက် ကျားတုန်းရွှီသည် အားနာဟန်ဖြင့် ဟိကနဲ ပြုံးလျက် ခေါင်းပြူ၍ ဝင်ရောက်လာကာ မေးမြန်းလိုက်သည်။
“ဆရာ... ထမင်းစားနေတာလား”
ယီကျုံးဟိုင်ကလည်း လောကဝတ်အရ ပြုံးရွှင်စွာဖြင့် ဖိတ်မန္တက ပြုလိုက်သည်။
“အေး ဟုတ်တယ် တုန်းရွှီ။ မင်းရော စားပြီးပြီလား။ မစားရသေးရင်လည်း လာလေ... အတူတူ ထိုင်စားရအောင်”
ကျားတုန်းရွှီကား ဝမ်းမြောက်ဝမ်းသာဖြင့် အလျင်အစလို ခေါင်းညိတ်ပြလျက် ကိုယ်တိုင်ပင် ကုလားထိုင် တစ်လုံးကို ဆွဲယူကာ ထမင်းစားပွဲ၌ ဝင်ရောက်နေရာ ယူလေတော့သည်။
“ဟုတ်ကဲ့ ဆရာ… ကျွန်တော် တကယ်ပဲ မစားရသေးဘူး”
ထိုအခါ ယီတာ့မား၏ မျက်နှာသည် ပိုမို၍ပင် ညိုမှောင်သွားကာ စားပွဲအောက်မှ တစ်ဆင့် လက်ကို ဆန့်ထုတ်လျက် ယီကျုံးဟိုင်၏ ပေါင်ကို အားရပါးရ လိမ်ဆွဲပစ်လိုက်လေတော့သည်။
ယီကျုံးဟိုင်သည် နာကျင်လွန်းသဖြင့် မျက်နှာတစ်ချက် ရှုံ့မဲ့သွားသော်လည်း ဘာမျှ မဖြစ်သကဲ့သို့ ဟန်ဆောင် ထိန်းသိမ်းလျက် ဇနီးဖြစ်သူအား လှမ်း၍ ပြောကြားလိုက်သည်။
“မစားရသေးရင်လည်း နည်းနည်းပါးပါး စားပေါ့။ မိန်းမ... ဘာရပ်ကြည့်နေတာလဲ။ တုန်းရွှီအတွက် ထမင်းခူးပြီး တူ သွားယူပေးလိုက်ဦးလေ”
သို့သော် ယီတာ့မားကား လင်ယောက်ျားအား စူးစူးဝါးဝါး မျက်စောင်းတစ်ချက် ထိုးလိုက်ရုံမျှမှ တစ်ပါး နေရာမှ ဖယ်ခွာလှုပ်ရှားခြင်း မရှိချေ။
ထိုအခြေအနေကို မြင်သော် ကျားတုန်းရွှီသည် ကိုယ်တိုင်ပင် ပျာပျာသလဲ မတ်တပ်ရပ်ကာ တားမြစ်လေသည်။
“မလိုပါဘူး ဆရာကတော် ထိုင်နေပါ။ ကျွန်တော့်ဘာသာပဲ သွားယူလိုက်ပါ့မယ်။ ကိုယ့်လူတွေချည်းပဲဟာကို ဆရာကတော်ကို ဘယ်လိုလုပ်ပြီး ထမင်းခူးခိုင်းရမှာလဲ”
ထိုသို့ပြောဆိုရင်း သူသည် မိမိအိမ်သဖွယ် ကျွမ်းကျင်လှစွာဖြင့် မီးဖိုချောင်အတွင်းသို့ ခပ်သွက်သွက် လျှောက်လှမ်းသွားပြီး ပန်းကန်နှင့် တူတစ်စုံကို ယူဆောင်လာခဲ့လေသည်။ ထို့နောက် ဟင်းရည်ခပ်ဇွန်းကို ကိုင်စွဲကာ အိုးထဲ၌ ကျန်ရှိသမျှသော ဆန်ပြုတ်ရည် အားလုံးကို မိမိ ပန်းကန်ထဲသို့ အကုန်အစင် ခပ်ထည့်လိုက်တော့သည်။
ထို့နောက် ဂျုံရော မန်ထိုကို ကောက်ယူကာ အားရပါးရ ကိုက်ဝါးလေတော့သည်။ ပါးစပ်အတွင်း အစာများ အပြည့်အသိပ် ဝါးစားရင်းဖြင့်ပင် အားကျမနာ ပြောဆိုလေသည်။
“ကိုယ့်ဆရာဖြစ်တဲ့အတိုင်း ဘဝနေထိုင်မှု အဆင့်အတန်းက တကယ့်ကို မတူဘူးပဲ။ ဒီဂျုံရောထားတဲ့ မန်ထိုက ကျွန်တော်တို့အိမ်က ဂျုံမည်း ပြောင်းဖူးပေါက်စီထက် အများကြီး ပိုစားလို့ကောင်းတယ်။ ရှာလကာရည် ဂေါ်ဖီထုပ်ကြော်လည်း ပါသေးတာပဲ။ ဆရာကတော် လက်ရာက တကယ့်ကို မွှေးနေတာပဲ။ ဒါနဲ့ ဆရာ... အသားက ဘာလို့ မပါတာလဲ။ ဆရာက တစ်လကို ပိုက်ဆံ ဒီလောက်အများကြီး ရနေတာကို အသားတောင် မဝယ်စားရက်ဘူးလား”
ထိုစကားကြောင့် ယီတာ့မားသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး စက်ဆုပ်ရွံရှာဟန်ဖြင့် မျက်နှာကို တစ်ဖက်သို့ လွှဲပစ်လိုက်လေသည်။
ယီကျုံးဟိုင်သည် အနေရ ခက်လှသဖြင့် စကားကို အနည်းငယ် ထစ်ထစ်အအဖြင့် ပြန်လည် ဖြေကြားရရှာသည်။
“ငါနဲ့ မင်း ဆရာကတော်က အသားစားရတာ သိပ်မကြိုက်လို့ပါကွာ”
ကျားတုန်းရွှီသည် ပါးစပ်ထဲမှ မန်ထိုကို အတင်း မြိုချလိုက်ပြီးနောက် လေသံအေးအေးဖြင့် ကပ်၍ တောင်းဆိုလိုက်လေတော့သည်။
“ဆရာနဲ့ ဆရာကတော်က အသက်ကြီးပြီဆိုတော့ အသား မကြိုက်တာ ဟုတ်ပါပြီ။ ဒါပေမဲ့ ကျွန်တော်က အသားစားရတာ တအားကြိုက်တာလေ။ ပန့်ကန့်ကလည်း အသားစားရတာ ကြိုက်တယ် ဆရာ”