← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း (၂၉) - အတင်းအကျပ် လက်ထပ်ခိုင်းခြင်း

နံနက် အရုဏ်တက်ချိန် အလင်း မပွင့်တပွင့်၌ပင် ယန်ချုံး တစ်ယောက် အိမ်မှ ထွက်ကာ တောင်တန်းဆီသို့ ခြေဦးလှည့်ခဲ့လေသည်။

ယမန်နေ့က တောင်တက်စဉ် မျက်ခြည်မပြတ် လေ့လာထားခဲ့သော တောဝက် ခြေရာများကို အခြေခံ၍ ယနေ့တွင် တောဝက်အချို့အား အမဲလိုက်ရန် သူ ရည်ရွယ်ထားသည်။ တောဝက် ဟူသည် ခန္ဓာကိုယ် ထွားကျိုင်းလှကာ တစ်ကောင်လျှင် ပေါင်ရာချီ၍ လေးလံတတ်ရကား တောယုန်၊ တောကြက် ဒါဇင်ပေါင်း များစွာနှင့် နှိုင်းယှဉ်၍ ရနိုင်ပေသည်။

ယွီရှို့အတွက် အလုပ်အကိုင် ရရှိရေးနှင့် ခြံဝင်းအတွင်းရှိ နေအိမ်ကိစ္စများအတွက် ငွေကြေးအမြောက်အမြား လိုအပ်နေသည်ဖြစ်ရာ ယခုအခါ သားကောင်များကို ပိုမို ဖမ်းဆီးနိုင်မှသာလျှင် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းရမည့် ကိစ္စရပ်များ ဖြစ်သောကြောင့် ငွေရှာမည့် ကိစ္စအား အမြန်ဆုံး အကောင်အထည် ဖော်ရပေမည်။

စနစ်၏ နေ့စဉ် ဝင်ရောက်ခြင်း မှတ်တမ်း ဆုကြေးများမှာလည်း ပထမရက်က သာလျှင် ဖောဖောသီသီ ရရှိခဲ့သော်လည်း နောက်ရက်များတွင်မူ ငွေသား (၁၀) ယွမ်နှင့် တကွ ဂျုံ၊ ဆန်၊ ဟင်းသီးဟင်းရွက် အနည်းငယ်မျှကိုသာ ရရှိခဲ့သည်။ ဤမျှသော ဆုကြေးလေးဖြင့် ကြီးမားသော အစီအစဉ်များကို လုပ်ဆောင်ရန်မှာ အလှမ်းဝေး လွန်းလှသည်။

သူ၏ အမဲလိုက် စွမ်းရည်များ ပိုမိုထက်မြက် လာသောကြောင့်လားတော့ မဆိုနိုင်။ ယနေ့၏ သားကောင်ရရှိမှုမှာ အထူးပင် လှိုင်လှိုင်ပေါလှသည်။ တောဝက် အသိုက်တစ်ခုကို အလွယ်တကူ ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် တောဝက်ကြီး နှစ်ကောင်အား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး နိုင်ခဲ့သည်။ ထို့အပြင် တောယုန်နှင့် တောကြက် အကောင်လေး၊ ငါးဆယ်ခန့်အပြင် ဥမှ ပေါက်ကာစ တောကြက်ပေါက်လေး တစ်အုပ်ကိုပါ သိုက်သိုက်ဝန်းဝန်း ရရှိခဲ့လေသည်။

ယန်ချုံးသည် ရရှိလာသော သားကောင်ဟူသမျှကို နေရာလွတ် အတွင်းသို့ သိမ်းဆည်းလိုက်ပြီးနောက် တောင်ခြေရှိ မြို့လေးဆီသို့ ပြန်ဆင်းရန် ပြင်ဆင်လိုက်တော့သည်။

……………………….

အစပြု၍ ယနေ့တွင် ယန်လောင်ချွမ်း၏ အိမ်သို့သွားရန် အစီအစဉ် မရှိခဲ့ပေ။ သို့ရာတွင် တောင်အောက်သို့ အဆင်း ရွာထိပ်ကို ဖြတ်သန်းသွားချိန်၌ ယန်လောင်ချွမ်း၏ ခြံဝင်းရှေ့တွင် လူစုလူဝေး အုတ်အော်သောင်းနင်း ဖြစ်နေသည်ကို လှမ်းမြင်လိုက်ရပြီး ဆူညံသော ဆဲဆိုကြိမ်းမောင်းသံများကိုပါ ကြားလိုက်ရလေသည်။

ယန်ချုံးသည် အချိန်ဆွဲ မနေတော့ဘဲ ထိုနေရာသို့ ချက်ချင်း အပြေးအလွှား သွားရောက်ခဲ့သည်။ လူအုပ်ကြီးကြားမှ လှမ်း၍ နားစွင့်ကြည့်လိုက်ရာ ယန်လောင်ချွမ်း တစ်ယောက် တစ်စုံတစ်ဦးအား အပူတပြင်း ရှင်းပြ တောင်းပန်နေသံကို ကြားရသော်လည်း တစ်ဖက်လူမှာမူ အလျှော့ပေးမည့် အရိပ်အယောင် လုံးဝမတွေ့ရချေ။

“ဒီမယ်... လမ်းလေး နည်းနည်းလောက် ဖယ်ပေးကြပါဦး”

ယန်ချုံးက လူအုပ်ကြားထဲသို့ တိုးဝင်သွားလိုက်သည်။ ထိုအခါ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနှင့် ကြောင်တောင်တောင် ရုပ်သွင်ရှိသော လူရွယ်တစ်ဦးက ယန်လောင်ချွမ်း၏ အင်္ကျီကော်လာကို စောင့်ဆွဲထားသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူ၏ ဘေးတွင် အသက် (၅၀) ကျော်အရွယ် အဘိုးကြီး တစ်ဦးက ယန်လောင်ချွမ်းအား လက်ညှိုး ငေါက်ငေါက်ထိုးကာ မရပ်မနား ဆဲရေးတိုင်းထွာ နေလေသည်။

“ဟေ့ကောင် ယန်လောင်ချွမ်း… မင်းကို ငါပြောထားမယ်နော်။ ငါ့ဆီက တင်တောင်းငွေကို ယူထားပြီးပြီဆိုတော့ မင်း သမီးကို ငါ့သားနဲ့ ပေးစားကို ပေးစားရမယ်။ မင်း သမီးကို ထွက်ပြေးခိုင်းလိုက်ရုံနဲ့ ကိစ္စပြီးသွားပြီလို့ မထင်နဲ့။ ဘုန်းကြီးက ပြေးလို့ရပေမဲ့ ကျောင်းက ပြေးလို့ မရဘူးကွ။ မင်း သူ့ကို ပြန်မခေါ်လာဘူးဆိုရင်တော့ မင်းကို ငါ အသေအလဲ နှိပ်စက်ပစ်မယ်”

ထိုအဘိုးကြီးကား အခြားသူ မဟုတ် ယခင်က ယန်လောင်ချွမ်း ပြောပြဖူးသော ‘ကောလောင်ဆန်း’ ဆိုသူပင် ဖြစ်ကြောင်း ယန်ချုံး ချက်ချင်း မှတ်မိလိုက်သည်။ ငွေ (၃၀) ယွမ်ကို အရင်းတည်ကာ ယန်ရှောင်ကျွမ်းအား ၎င်း၏ ချွေးမအဖြစ် အတင်းအဓမ္မ ဝယ်ယူရန် ကြိုးပမ်းနေသူဖြစ်သည်။ ထိုကြောင်တောင်တောင် လူရွယ်မှာမူ ကောလောင်ဆန်း၏ သားဖြစ်သူ ‘ကောလန့်’ ပင်တည်း။

ကောလန့်ဆိုသော ကောင်လေးကို ယန်ချုံး ကောင်းကောင်း သိသည်။ ငယ်စဉ်ကတည်းက ခန္ဓာကိုယ် ကြီးမားထွားကျိုင်းသလို ခွန်အားလည်း အလွန် ဗလဝ ဖြစ်သူတည်း။ သို့သော် ငယ်ရွယ်စဉ်က မြည်း အကန်ခံရဖူးသဖြင့် ဦးနှောက် အနည်းငယ် ချို့ယွင်းကာ ငတုံးတစ်ယောက် အဖြစ် ကြီးပြင်းလာခဲ့ရသည်။ ဤအကြောင်းများကြောင့်ပင် အသက် (၃၀) ကျော်သည်အထိ အိမ်ထောင် မကျနိုင်ဘဲ ဖြစ်နေခဲ့ခြင်းဖြစ်သည်။

‘ဒီနေ့ ငါ ပြန်လာတာ တကယ့်ကို အချိန်ကိုက်ပဲ’

ယန်ချုံးက စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။

ဤပြဿနာကို ယခုပင် အပြတ်ရှင်းလင်း လိုက်ပါမှ နောင်တစ်ချိန် ယန်ရှောင်ကျွမ်းအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာအကြောင်း ကင်းဝေး သွားပေလိမ့်မည်။

ထို့ကြောင့် သူသည် ရှေ့သို့ ခြေလှမ်း ကျဲကျဲဖြင့် လျှောက်သွားလိုက်ပြီး မည်သည့် စကားမျှ ဆိုမနေတော့ဘဲ ကောလန့်၏ လက်ကောက်ဝတ်ကို ဆတ်နက်စွာ ဆုပ်ကိုင်ကာ အော်ဟစ်လိုက်သည်။

“လွှတ်လိုက်စမ်း”

ပတ်ဝန်းကျင်မှ ရပ်ကြည့်နေသူ အပေါင်းမှာ မှင်သက်သွားကြသည်။ ပြင်ပမှ လူတစ်ဦး တစ်ယောက် ရုတ်တရက် ဝင်ရောက်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။

ကောလန့်က “မင်းက ဘာကောင်မို့လို့...” ဟု စကားစ လိုက်စဉ်မှာပင် သူ၏ လက်ကောက်ဝတ်ဆီမှ ထိုးအောင့်လာသော ဝေဒနာကြောင့် “အား...” ဟူ၍ အော်ဟစ်လိုက်ရလေသည်။ နာကျင်မှုဒဏ်ကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားကာ ခန္ဓာကိုယ်မှာ ကိုင်းညွှတ်ကျသွားပြီး မျက်နှာ အရောင်များပင် ဖြူလျော့သွားတော့သည်။

ယန်လောင်ချွမ်းမှာ ထိုအခွင့်အရေးကို အရယူကာ အမြန် ရုန်းထွက်လိုက်ပြီးနောက် မသိစိတ်၏ စေ့ဆော်မှုကြောင့် ယန်ချုံး၏ ကျောကွယ်သို့ အလိုအလျောက် ဝင်ရောက်ခိုလှုံလိုက်လေသည်။

ထိုအခါမှ သတိပြန်ဝင်လာသော ကောလောင်ဆန်းက ယန်ချုံးအား ဒေါသတကြီး လက်ညှိုးထိုးလျက် ဆိုသည်။

“ဟေ့ကောင်… မင်းက ဘယ်ရွာကလဲ။ ပြဿနာ လာရှာနေတာလား”

ထိုခဏတွင်ပင် လူအုပ်ထဲမှ အချို့က ယန်ချုံးကို ရုတ်တရက် မှတ်မိသွားကြလေသည်။

“ဒါ... ချုံးဇီ မဟုတ်လား”

အချို့ကမူ ချက်ချင်း သတိမထားမိကြသေးပေ။

“ချုံးဇီ... ချုံးဇီက ဘယ်သူလဲ”

“ယန်ကျိန့်ရှန်း အိမ်က ကောင်လေးလေကွာ။ နှစ်တွေအကြာကြီး မတွေ့ရတဲ့ ကြားထဲ အရပ်တွေ အတော် ရှည်လာတယ်။ ဒါပေမဲ့ ဒီမျက်ခုံး၊ ဒီမျက်လုံးတွေကတော့ နည်းနည်းမှ မပြောင်းဘူး။ သူ့အဖေ ယန်ကျိန့်ရှန်းနဲ့ တစ်ထပ်တည်းပဲ”

“ဟေ... တကယ်ပဲဟေ့။ မင်းပြောမှ ငါလည်း သတိထားမိတော့တယ်။ ဒီမိသားစုက ရွာကနေ ထွက်သွားတာ နှစ်တွေအကြာကြီး ရှိနေပြီကိုး။ ဒီနေ့ကျမှ ဒီကလေးက ဘယ်လိုလုပ် ရုတ်တရက် ပြန်ရောက်လာတာလဲ။ သူ့အဖေ ယန်ကျိန့်ရှန်းရော ဘယ်မှာလဲဟ”

လူအုပ်ကြီး၏ တီးတိုး ပြောဆိုသံများကြားတွင် ကောလောင်ဆန်းက ယန်ချုံးအား မျက်ထောင့်နီကြီးဖြင့် ကြည့်ကာ အော်ငေါက်လိုက်သည်။

“ယန်ချုံး... မင်း ဘာလုပ်ချင်တာလဲ။ ငါ့သား လန့်ဇစ်ကို အခုချက်ချင်း လွှတ်ပေးစမ်း”

ယန်ချုံးက ခပ်ဟဟ ရယ်မောသံ ပြုလိုက်ပြီး ဆုပ်ကိုင်ထားသော လက်ကို လွှတ်ပေးလိုက်သည်။ အားကုန် ရုန်းကန်နေသော ကောလန့်မှာ ရုတ်တရက် အထိန်းအကွပ် မဲ့သွားကာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်သား ကျသွားလေသည်။ ချက်ချင်းဆိုသလိုပင် ပြန်လူးလဲထလာပြီး ကြိမ်းမောင်းဆဲဆိုကာ ယန်ချုံးထံသို့ လက်သီးဆုပ်လျက် ပြေးဝင်လာတော့သည်။

“ခွေးကောင်... မင်း သေချင်နေတာလား”

သို့သော် အနီးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ယန်ချုံး၏ ခြေထောက် တစ်ဖက်က လေကို ခွဲ၍ လျှပ်တစ်ပြက် ထွက်ပေါ်လာကာ ကောလန့်၏ ခြေသလုံးရိုး တည့်တည့်သို့ အားပါပါ ကန်ချလိုက်လေသည်။

“အား...”

ကောလန့် တစ်ယောက် အသံကုန် အော်ဟစ်လိုက်ပြီး သူ၏ ခြေသလုံးကို ဖက်ကာ မြေကြီးပေါ်သို့ နောက်တစ်ဖန် လဲကျသွားပြန်သည်။

“ယန်မျိုးနွယ်ကောင်... မင်း ဘာလုပ်ချင်တာလဲ။ ဘာလို့ လူကို ရိုက်ရတာလဲ။ ငါတို့ ကော မိသားစုနဲ့ မင်းမှာ ဘာရန်ငြိုးတွေ များရှိလို့လဲ”

မိမိ၏ သားဖြစ်သူမှာ ယန်ချုံးရှေ့၌ တစ်ကြိမ်ပြီး တစ်ကြိမ် အထိနာနေသည်ကို မြင်လိုက်ရသောအခါ ကောလောင်ဆန်း တစ်ယောက် စောစောက အရှိန်အဝါများ ပျောက်ကွယ်သွားပြီး ကြောက်လန့်တကြား အော်ဟစ်ပြောဆိုလာသည်။ ယန်ချုံးက မိမိနောက်တွင် ကွယ်ပုန်းနေသော ယန်လောင်ချွမ်းဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ပြောသည်။

“ကျွန်တော်က လူကို အကြောင်းမဲ့ ရိုက်တဲ့သူ မဟုတ်ဘူး။ ခင်ဗျားတို့က ကျွန်တော်ရဲ့ ဒုတိယ ဦးလေးကို အနိုင်ကျင့်နေတာကို ကြည့်မရလို့ ဝင်ပါတာ”

ကောလောင်ဆန်းက ပြန်လည်ချေပသည်။

“ငါတို့က သူ့ကို အနိုင်ကျင့်တယ်လို့ ဘယ်သူပြောလဲ။ ဒီ ယန်လောင်ချွမ်းက အကြွေးယူထားပြီး ပြန်မဆပ်လို့ကွ”

ကောလန့်ကလည်း မြေကြီးပေါ်မှ ပြန်ထလာရင်း ဒေါသတကြီးဖြင့် ဝင်ပြောသည်။

“ဟုတ်တယ် သူက ငါ့မိန်းမကို ဖွက်ထားပြီး ငါ့ကို မပေးဘူး”

စကားဆုံးသည်နှင့် ယန်လောင်ချွမ်းကို ထပ်မံဆွဲရန် ဟန်ပြင်လိုက်ပြန်ရာ ယန်ချုံးက သူ၏ လက်ကောက်ဝတ်ကို ဆွဲယူ၍ ထပ်မံ လိမ်ချိုးလိုက်သဖြင့် နာကျင်လွန်းလှကာ ကယောင်ကတမ်း အော်ဟစ်နေရ ပြန်လေသည်။ ယန်ချုံးက ကောလန့်၏ လက်မောင်းကို ခပ်တင်းတင်း လိမ်ချိုးထားရင်း ယန်လောင်ချွမ်းအား မေးလိုက်သည်။

“ဒုတိယ ဦးလေး… သူတို့ကို ပေးစရာရှိတဲ့ အကြွေးကို ပြန်ဆပ်လိုက်ဖို့ ကျွန်တော် ပြောထားတယ်မလား။ ဦးလေး မပေးရသေးဘူးလား”

ယန်လောင်ချွမ်း၏ မျက်နှာမှာ ရှက်သွေးဖြာသွားပြီး ခေါင်းကို ခပ်ပြင်းပြင်း ခါယမ်းလိုက်သည်။

“ဆပ်ပြီးပြီလေကွာ။ စောစောကပဲ သူ့ပိုက်ဆံကို သွားပြန်ပေးတာ။ ဒါပေမဲ့ သူတို့ သားအဖက ပိုက်ဆံကို မလိုချင်ဘူး။ ရှောင်ကျွမ်းကိုပဲ လိုချင်တယ်ဆိုပြီး အတင်းပြောနေတာ”

ယန်ချုံးက တစ်ဖက်သို့ မျက်နှာလွှဲကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး နီရဲနေသော ကောလန့်က အော်ဟစ်နေသည်ကို တွေ့ရသည်။

“ငါ မိန်းမ လိုချင်တယ်။ ယန်ရှောင်ကျွမ်းက ငါ့မိန်းမကွ”

ထိုအခါ ပတ်ဝန်းကျင်မှ ရပ်ကြည့်နေသူများ အကြား ဝိုင်းဝန်း ရယ်မောသံများ ထွက်ပေါ်လာလေသည်။ ကောလောင်ဆန်းက မျက်နှာမည်းကြီးဖြင့် ယန်ချုံးကို စူးစူးရဲရဲ ကြည့်ကာ ပြောလိုက်သည်။

“ယန်ချုံး... ဒါက ငါနဲ့ ယန်လောင်ချွမ်း မိသားစုကြားက ကိစ္စကွ။ မင်းနဲ့ ဘာမှ မဆိုင်ဘူး ဝင်မပါစမ်းနဲ့”

ယန်ချုံးက ခေါင်းခါ ပြလိုက်သည်။

“ဘယ်သူက ကျွန်တော်နဲ့ မဆိုင်ဘူး ပြောလဲ။ ယန်လောင်ချွမ်းက ကျွန်တော်ရဲ့ ဒုတိယ ဦးလေး၊ ရှောင်ကျွမ်းက ကျွန်တော့်ညီမ။ ဒီကိစ္စကို ကျွန်တော် သေချာပေါက် ဝင်ပါရလိမ့်မယ်။ ကောလောင်ဆန်း... ခင်ဗျားလုပ်ရပ်က အိမ်ထောင်ရေးကို အရောင်းအဝယ် လုပ်နေတာပဲ။ ပြီးတော့ အတင်းအကျပ်ကို လိုချင်နေတာ။ ဒါ ရဲစခန်းကို တိုင်လိုက်လို့ရတဲ့ ကိစ္စနော်။ အဲဒီအချိန်ကျရင် သားကို မိန်းမ ပေးစားပြီး မျိုးဆက် ပြန့်ပွားအောင် လုပ်ဖို့ဆိုတာကို ခဏ မေ့ထားလိုက်တော့။ ခင်ဗျားတို့ သားအဖ နှစ်ယောက်စလုံး အမှုရင်ဆိုင်ရပြီး ထောင်ကျသွားလိမ့်မယ်။ အဲဒီကျရင် မျိုးဆက်တောင် ပြတ်သွားနိုင်တယ်။ ဘယ်နှလဲ... ကျွန်တော်တို့ စမ်းကြည့်ကြမလား”

စကားအဆုံးတွင် ယန်လောင်ချွမ်းဘက်သို့ လက်ဖြန့်ပေးလိုက်သည်။

“ပိုက်ဆံရော”

ယန်လောင်ချွမ်းက အကြွေစေ့ (၃၀) ယွမ်ကို အမြန်ထုတ်ပေး လိုက်သည်။ ယန်ချုံးက ထိုငွေကို ဆွဲယူလိုက်ပြီး ကောလောင်ဆန်း၏ ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်ကာ ဆိုသည်။

“ပိုက်ဆံယူပြီး ထွက်သွားတော့။ နောက်နောင် ခင်ဗျားကို ကျွန်တော့်ရှေ့မှာ ထပ်မတွေ့ပါစေနဲ့”

……………….

“မင်း...”

ကောလောင်ဆန်းမှာ ယန်ချုံး၏ စကားများကြောင့် ဆွံ့အသွားပြီး မည်သို့မျှ ပြန်လည်ချေပ နိုင်ခြင်း မရှိတော့ပေ။ သူသည် ဥပဒေအကြောင်း နက်နက်နဲနဲ နားမလည်သော်ငြား ယခုလို အချိန်မျိုးတွင် ရဲစခန်းသို့သာ ရောက်သွားပါက သူတို့အတွက် ကောင်းကျိုး မရှိနိုင်ကြောင်းကိုတော့ ကောင်းစွာ သဘောပေါက်နေသည်။ ထို့အပြင် ယန်ချုံးဟူသော ဤလူရွယ်မှာ ရန်စရန် သိပ်မလွယ်ကူလှကြောင်း အကဲခတ်မိသည်။ သားဖြစ်သူမှာလည်း သူ၏ လက်ထဲတွင် နှစ်ကြိမ်တိုင်တိုင် အထိနာထားပြီးပြီ ဖြစ်ရာ ဆက်လက်၍ ပြဿနာ ရှာနေပါကလည်း အကျိုးမယုတ်နိုင်ဟု ဆင်ခြင်မိလိုက်သည်။

ထိုသို့ တွေးတောမိပြီးနောက် ကောလောင်ဆန်းသည် မကျေမချမ်းဖြင့် ယန်ချုံးအား မျက်စောင်းထိုး ကြည့်လိုက်ပြီး အာဃာတ ကြီးစွာဖြင့် ကြိမ်းဝါးလိုက်လေသည်။

“ကောင်းပြီလေ ယန်ချုံး။ မင်းက သိပ်မာကျော လှတယ်ပေါ့။ ဒါပေမဲ့ ဒီကိစ္စက ဒီလောက် အလွယ်တကူနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ မင်း စောင့်ကြည့်နေလိုက်”

စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူသည် လှည့်ထွက်သွားတော့သည်။ နောက်ဘက်မှ ကျန်ရစ်ခဲ့သော ကောလန့်ကမူ လှမ်းအော်လိုက်လေသည်။

“အဖေ... ဘာလို့ ထွက်သွားတာလဲ။ ကျွန်တော် မိန်းမ လိုချင်တယ်လေ”

ကြည့်ရှုနေသူများထံမှ နောက်တစ်ဖန် ရယ်မောသံများ ပေါ်ထွက်လာပြန်သည်။ ယန်ချုံးက ချုပ်ကိုင်ထားသော လက်ကို လွှတ်ပေးလိုက်ပြီး ကောလန့်၏ တင်ပါးအား ခြေဖြင့် တစ်ချက်ကန်ကာ မောင်းထုတ်လိုက်လေသည်။

“ထွက်သွားစမ်း”

ကောလန့်မှာ အရှိန်ဖြင့် ရှေ့သို့ ယိုင်ထွက်သွားပြီး နှစ်လှမ်း သုံးလှမ်းခန့် ယိမ်းယိုင်သွားပြီးမှသာ မတ်မတ်ရပ် နိုင်သွားသည်။ ထို့နောက် နောက်သို့ လှည့်ကြည့်ကာ ဆဲရေးတိုင်းထွာ လိုက်လေသည်။

“ယန်ချုံး... ငါ့မိန်းမကို ပြန်ပေး”

ထိုသို့ပြောရင်း ရှေ့သို့ ပြေးဝင်လာရန် ဟန်ပြင်လိုက်ပြန်သည်။ သို့ရာတွင် လမ်းတစ်ဝက်သို့ ရောက်သည်နှင့် ယန်ချုံးက လက်သီးကို ရွယ်ပြလိုက်ရာ ကောလန့် တစ်ယောက် လန့်ဖျပ်သွားပြီး သူ၏ ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်ပစ်လိုက်ရတော့သည်။

ထိုစဉ် ကောလောင်ဆန်းက လှည့်ကြည့်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်လေတော့သတည်း။

“တော်တော့ကွာ… ဒီမှာ အရှက်ကွဲ မခံနေနဲ့တော့။ လာ... သွားမယ်”

All Chapters