← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း (၃၀) - ဝက်သားများကို အိမ်တိုင်ရာရောက် ပို့ဆောင်ခြင်း‌

ကောလောင်ဆန်းတို့ သားအဖ ထွက်ခွာသွားပြီးနောက် ဝိုင်းအုံကြည့်ရှု နေကြသော လူအုပ်ကြီးလည်း တကွဲတပြားစီ လူစုကွဲသွားကြလေသည်။ ယခင်က ယန်ကျိန့်ရှန်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော ရွာသားအချို့မှာ ယန်ချုံးအနားသို့ ချဉ်းကပ်လာကာ နှုတ်ဆက်စကား ဆိုကြပြီး ယန်ကျိန့်ရှန်း၏ ကျန်းမာရေးအခြေအနေနှင့် သူနဲ့အတူ အဘယ်ကြောင့် ပြန်မပါလာသနည်း ဟူ၍ မေးမြန်းကြလေ၏။

ယန်ချုံးသည်လည်း အလိုက်သင့် ဟိုစပ်စပ် ဒီစပ်စပ် ဖြေကြားကာ သူတို့ကို ပြန်လွှတ်လိုက်ပြီးနောက် ယန်လောင်ချွမ်းနှင့်အတူ အိမ်သို့ ပြန်လာခဲ့သည်။

အိမ်သို့ ရောက်သောအခါ ယန်လောင်ချွမ်းမှာ မျက်ရည်တရွှဲရွှဲ နှပ်ချေးတရွှဲရွှဲဖြင့် ပြောသည်။

“ချုံးဇီရေ... ဒီနေ့ မင်း ပြန်လာလို့ တော်သေးတာပေါ့။ မဟုတ်ရင် မင်း ဒုတိယ ဦးလေးကို သူတို့သားအဖ အသေသတ်သွားကြမှာ။ မင်းလည်း မြင်တဲ့အတိုင်းပဲလေ၊ အဲဒီသားအဖက လူစကား နားလည်တဲ့သူတွေ မဟုတ်ဘူး။ ငါလည်း တကယ်ကို ဘာလုပ်ရမှန်းကို မသိတော့ဘူးကွာ”

ယန်ချုံးက နှစ်သိမ့်လိုက်သည်။

“သူတို့ကို ကြောက်စရာမလိုပါဘူး။ နောက်ဆို ကျွန်တော် ရှိနေပြီလေ။ သူတို့ ထပ်ပြီး ပြဿနာ လာရှာရဲရင်လည်း အရင်လိုပဲ သူတို့ကို ကျွန်တော် အသေအလဲ ပညာပေးလိုက်မယ်”

ယန်လောင်ချွမ်းသည် ခေါင်းကို တညိတ်ညိတ် ဆက်တိုက် ငြိမ့်ပြရှာသည်။ ယန်ချုံးသည်လည်း ထိုလင်မယား နှစ်ဦးအား စကားအနည်းငယ် ထပ်မံပြောဆို နှစ်သိမ့်ပေးပြီးနောက် တောင်ပေါ်သို့ တက်လာခဲ့လေသည်။

ယခင်အကြိမ်ပေါင်း များစွာ စမ်းသပ် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ရာ ယခုအခါတွင် ယန်ချုံးသည် သူ၏ မုဆိုးစွမ်းရည်များကို အလွန်ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချတတ်နေပြီ ဖြစ်သည်။ ယနေ့တွင် ကောလောင်ဆန်း သားအဖကြောင့် အချိန်အနည်းငယ် ကုန်ဆုံးသွားခဲ့ရသော်လည်း သူ ရရှိလာသော သားကောင် အရေအတွက်မှာမူ အရင်ကထက် ပိုမို များပြားနေဆဲပင် ဖြစ်လေသည်။

တောင်ပေါ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူသည် တောဝက် တစ်အုပ်၏ ခြေရာများကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ တောဝက်ကြီး နှစ်ကောင်အား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး နိုင်ခဲ့ရုံသာမက လသားအရွယ် တောဝက်ပေါက်လေး သုံးကောင်ကိုပါ အရှင်ဖမ်းဆီး ရမိခဲ့လေသည်။

ထိုတောဝက်ပေါက်လေးများကို မြင်သောအခါ သူ၏ စိတ်အစဉ်ဝယ် ရဲတင်းသော အတွေးတစ်ခု ပေါ်ပေါက်လာခဲ့၏။ သူသည် တောဝက်ကြီး နှစ်ကောင်ကို သတ်ဖြတ်ကာ အသားရောင်းရန် ရည်ရွယ်ထားပြီး ထိုတောဝက်ပေါက်လေးများကိုမူ သူ၏ နေရာလွတ် အတွင်း၌ မွေးမြူထားကာ မျိုးပွားနိုင်ခြင်း ရှိမရှိ စမ်းသပ်ကြည့်ရန် ပြင်ဆင်လိုက်လေသည်။

အကယ်၍သာ ဤအကြံအစည် အောင်မြင်ခဲ့ပါမူ နောင်တစ်ချိန်တွင် သူသည် နေ့စဉ်ရက်ဆက် ဤမျှ ပင်ပန်းဆင်းရဲခံကာ တောင်ပေါ်သို့ တက်ရောက်နေရန် လိုအပ်တော့မည် မဟုတ်ချေ။ သေချာပေါက် တောဝက် သာမက တောကြက်နှင့် တောယုန်များကိုပါ မွေးမြူနိုင်ခဲ့မည်ဆိုလျှင် ထိုအရာက ဓနဥစ္စာ ကြွယ်ဝချမ်းသာစေမည့် လမ်းကြောင်းသစ် တစ်ခုကို ဖောက်လုပ်လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။

ထို့အပြင် ပြီးခဲ့သည့် အကြိမ်များတွင် တောင်ပေါ်၌ အမဲလိုက်သူများ တဖြည်းဖြည်း ပိုမို များပြားလာပြီး သူ၏ ခြေရာကိုပင် နောက်ယောင်ခံ လိုက်လာသူ အများအပြား ရှိနေကြောင်းကိုလည်း သူ သတိထားမိခဲ့သည်။ နောက်ပိုင်းတွင် အမဲလိုက်ရန် သေချာပေါက် အဆင်ပြေနိုင်တော့မည် မဟုတ်သောကြောင့် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ခြင်းက မဆိုးလှသော ရွေးချယ်မှု တစ်ခု ဖြစ်လာပေလိမ့်မည်။

ညနေ လေးနာရီအချိန်ခန့် သူ မြို့ထဲသို့ ပြန်မည့် ဘတ်စ်ကားပေါ်သို့ တက်လာချိန်၌ သူ၏ နေရာလွတ် ထဲတွင်ကား တောဝက်ကြီး အနည်းငယ်နှင့် တောကြက်၊ တောယုန် အများအပြား ထပ်မံ တိုးပွားလာခဲ့ပြီ ဖြစ်လေသည်။

ကျောက် ညီအစ်ကိုများနှင့် ချိန်းဆိုထားသည့် နေရာသို့ သူ ရောက်ရှိသွားချိန်တွင် ညနေ ငါးနာရီခွဲခန့် ရှိနေပြီဖြစ်သည်။ ကျောက်ရှောင်ယီနှင့် ကျောက်ရှောင်အာ့ ညီအစ်ကို နှစ်ယောက်မှာ မျှော်လင့်တကြီး စောင့်စားရင်း အလွန်တရာ စိုးရိမ်ပူပန်စွာဖြင့် ဟိုဒီလျှောက်သွားနေကြလေသည်။

နောက်ဆုံးတွင် လမ်းကြား ဟိုဘက်ထိပ်မှ ယန်ချုံး၏ အရိပ်အယောင်ကို မြင်လိုက်ရသောအခါ ညီအစ်ကို နှစ်ယောက်စလုံး အလျင်အမြန် ပြေးလာကြပြီးနောက် ဆိုလေသည်။

“အစ်ကို... နောက်ဆုံးတော့ ရောက်လာပြီပဲ။ ကျွန်တော်တို့က အစ်ကို လာမှာ မဟုတ်တော့ဘူးလို့တောင် ထင်နေတာ”

သူတို့က ယန်ချုံး၏ ပခုံးပေါ်တွင် ထမ်းထားသော ဂုန်နီအိတ်ကို စိုးရိမ်တကြီး ကြည့်လိုက်ရင်း မေးသည်။

“ဘယ်လိုလဲ အစ်ကို။ ပစ္စည်းတွေ ပါလာလား”

ယန်ချုံးက သူတို့ကို တစ်ချက် ကြည့်လိုက်ပြီး ပြန်ဖြေသည်။

“မင်းတို့ ဘယ်လိုထင်လဲ။ ‘လား’ ဆိုတဲ့ စကားလုံးကိုသာ ဖြုတ်လိုက်စမ်းပါ”

ထိုသို့ပြောရင်း ဂုန်နီအိတ်ကို မြေပြင်ပေါ်သို့ ပစ်ချပေးလိုက်သည်။

“မင်းတို့ဘာသာ မင်းတို့ပဲ ဖွင့်ကြည့်လိုက်ကြ”

ညီအစ်ကို နှစ်ယောက်လည်း အလျင်အမြန် ပြေးသွားပြီး ဂုန်နီအိတ်ကို ဖြည်ကြည့်လိုက်ရာ ချက်ချင်းပင် အလွန်တရာ အံ့သြဝမ်းသာ သွားကြလေသည်။

“ဟာ... ဒီလောက်တောင် များတာလား။ အစ်ကို အရမ်းမိုက်တာပဲ။ တောကောင်တွေ ဒီလောက်တောင် အများကြီး ရလာတာကိုး”

ယန်ချုံးက ပြုံးလျက် ဆိုလိုက်သည်။

“မင်းတို့သာ ရောင်းအား ကောင်းအောင် လုပ်နိုင်မယ်ဆိုရင် နောက်ဆို ပစ္စည်းတွေ ဒီထက် အများကြီး ရလာဦးမှာကွ”

ညီအစ်ကို နှစ်ယောက် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး စိတ်လှုပ်ရှားမှုကြောင့် သူတို့၏ မျက်လုံးများမှာ အရောင်လက်သွားကြလေသည်။

သူတို့က တောကြက်နှင့် တောယုန်များကို အလျင်အမြန် ရေတွက်လိုက်ကြသည်။

“အစ်ကို... ယုန် စုစုပေါင်း (၁၀) ကောင်နဲ့ တောကြက် (၁၂) ကောင် ရှိတယ်”

ယန်ချုံးက ခေါင်းညိတ် ပြလိုက်ပြီး ပြောလိုက်သည်။

“ရပြီ။ မင်းတို့ ယူသွားပြီး ရောင်းလိုက်ကြတော့။ မနက်ဖြန် ဒီအချိန်၊ ဒီနေရာမှာပဲ ပြန်တွေ့မယ်။ ပိုက်ဆံ ရှင်းပြီးရင် ပစ္စည်းတွေ ထပ်ယူပေါ့”

“နောက်ပြီး သတိလေး ဘာလေး ထားကြဦးနော်။ တစ်ယောက်က ရောင်းရင် တစ်ယောက်က အခြေအနေကို စောင့်ကြည့်ပေး။ ဘာ ပြဿနာမှ မတက်စေနဲ့”

“ဒါ့အပြင် ပစ္စည်းတွေကို တစ်ပြိုင်နက်တည်း အကုန်ထုတ် မပြထားနဲ့။ အရင်ဆုံး တစ်စိတ် တစ်ပိုင်းကိုပဲ ထုတ်ထား။ မဟုတ်ရင် ပစ္စည်းတွေ အရမ်း များနေတာက လူတွေ မျက်စိကျစရာ ဖြစ်လိမ့်မယ်”

ယန်ချုံးသည် နောက်ထပ် စကားအနည်းငယ် မှာကြားပြီးမှ ထွက်ခွာသွားလေသည်။

ကျောက် ညီအစ်ကိုများမှာလည်း ပေါ့ဆရဲခြင်း အလျဉ်းမရှိဘဲ အချင်းချင်း တိုင်ပင်ပြီးနောက် ပစ္စည်းများကို အိမ်သို့အရင် ယူသွားကြသည်။ ထို့နောက်မှ အကောင်အနည်းငယ်ကို သယ်ဆောင်ကာ မှောင်ခိုဈေးသို့ အပြေးအလွှား သွားရောက်ကြလေသည်။

ယန်ချုံးသည်လည်း စစ်ဟဲ့ယွမ်သို့ ချက်ချင်း မပြန်သေးဘဲ သံမဏိစက်ရုံသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

နေရာလွတ်ထဲတွင် ဆူဖြိုးနေသော တောဝက်ကြီး သုံးကောင် ရှိနေပြီဖြစ်ရာ ၎င်းတို့ကို ငွေသားအဖြစ်သို့ ပြောင်းလဲပစ်ရန် လိုအပ်နေပေသည်။

ယခုအချိန်သည် ရုံးဆင်းချိန်သို့ မရောက်ရှိသေးပေ။ စက်ရုံ ဂိတ်ပေါက်သို့ ရောက်သည်နှင့် လုံခြုံရေးဌာနမှ ဝန်ထမ်းများက သူ့ကို တားဆီးလိုက်ကြသည်။

“မင်းက ဘာကိစ္စရှိလို့လဲ”

ယန်ချုံးသည် အစောကတည်းက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ သူက အိတ်ကပ်ထဲမှ စီးကရက် တစ်ဗူးကို အလျင်အမြန် ထုတ်ကာ ကမ်းပေးလိုက်ရင်း ဆိုလိုက်သည်။

“အစ်ကိုကြီး... ကျွန်တော် ထောက်ပံ့ရေးဌာနက ဌာနမှူးဟိုကို လာရှာတာပါ။ သူ ရှိမရှိလေး ကူညီပြီး မေးပေးပါဦး”

လုံခြုံရေးဝန်ထမ်းသည် အစပိုင်းက မျက်နှာထား တင်းတင်းဖြင့် အာဏာပြချင်သော ဟန်ရှိနေသော်လည်း ယန်ချုံး ကမ်းပေးလိုက်သည့် စီးကရက်ကို မြင်သည်နှင့် ချက်ချင်းပင် အပြုံးမျက်နှာသို့ ပြောင်းလဲသွားလေသည်။

“မင်းက ဌာနမှူးဟိုကို လာရှာတာလား။ ကောင်းပြီလေ... ငါ ဖုန်းဆက်ပြီး မေးပေးမယ်”

ပြောပြောဆိုဆိုဖြင့် ဖုန်းကို ကောက်ကိုင်ကာ ခေါ်ဆိုလိုက်သည်။

“ဟယ်လို... ဌာနမှူးဟိုလား။ ကျွန်တော် စက်ရုံ ဂိတ်ပေါက် လုံခြုံရေးဌာနကပါ။ ဒီမှာ လူငယ်တစ်ယောက်က ခင်ဗျားကို တွေ့ချင်တယ်ဆိုလို့ပါ...”

ထိုသို့ပြောရင်း ခေါင်းပြူထွက်လာကာ ယန်ချုံးကို လှမ်းမေးလိုက်သည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ”

ယန်ချုံးက ပြန်ဖြေလိုက်သည်။

“ကျွန်တော့်နာမည် ယန်ချုံးပါ။ ကျွန်တော်က အမဲလိုက်တဲ့ သူလို့သာ သူ့ကို ပြောလိုက်ပါ”

လုံခြုံရေးသည်လည်း ဖုန်းခွက်ကို ပြန်တေ့ကာ အကြောင်းကြားလိုက်သည်။

“ဌာနမှူးဟို... သူက သူ့နာမည်ကို ယန်ချုံးလို့ ပြောပါတယ်...”

ဟိုဘက်မှ ဟိုလီခွေက ထိုနာမည်ကို မမှတ်မိသေးခင်မှာပင် ဒီဘက်မှ နောက်ထပ် တစ်ခွန်း ထပ်ပြောလိုက်သည်။

“ယန်ချုံး...”

“သူက အမဲလိုက်တဲ့ သူလို့လည်း ပြောပါတယ်”

ဟိုလီခွေသည် ကားပေါ်တွင် သူ့ကို ယုန်ရောင်းပေးခဲ့သော လူငယ်လေးကို ချက်ချင်း သတိရသွားပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။

“အမဲလိုက်တဲ့သူ... ဪ... သူလား။ ငါ သိပြီ။ သူ့ကို ဝင်လာခိုင်းလိုက်ပါ။ ရုံးခန်းထဲမှာ ငါ သူ့ကို စောင့်နေမယ်”

လုံခြုံရေးက ဖုန်းချလိုက်ပြီး ယန်ချုံးကို လှည့်ပြောလိုက်သည်။

“ဟုတ်ကဲ့... ကျွန်တော် သူ့ကို ဝင်သွားခိုင်းလိုက်ပါ့မယ်”

“ရပြီ လူလေး... ဝင်သွားတော့။ ဌာနမှူးဟိုက သူ့ရုံးခန်းထဲမှာ မင်းကို စောင့်နေတယ်”

ထို့နောက် သူက ဟိုလီခွေ၏ ရုံးခန်းသွားရာ လမ်းကို ညွှန်ပြပေးလိုက်ရာ ယန်ချုံးလည်း ကျေးဇူးတင်စကား ဆိုပြီးနောက် သံမဏိစက်ရုံထဲသို့ ဝင်ရောက်သွားလေသည်။

ဟိုလီခွေ၏ ရုံးခန်းမှာ ရှာဖွေရ လွယ်ကူလှသဖြင့် ယန်ချုံး အလျင်အမြန်ပင် ရှာတွေ့သွားလေ၏။ တွေ့တွေ့ချင်းပင် ဟိုလီခွေက ဆီးမေးလိုက်သည်။

“ဘယ်လိုလဲ။ ပိုက်ဆံ လုံလုံလောက်လောက် စုမိပြီဆိုတော့ အလုပ် လာဆင်းချင်လို့လား”

ယန်ချုံးက ရယ်မောလျက် ပြန်ဖြေသည်။

“ဌာနမှူးဟို... အလုပ်ကိစ္စကိုတော့ ရက်အနည်းငယ်လောက် ထပ်စောင့်ရဦးမယ်။ ကျွန်တော် အခုထိ အဲဒီလောက် ပိုက်ဆံ အများကြီး မစုနိုင်သေးဘူးလေ”

ဟိုလီခွေက သံသယဖြင့် မေးလိုက်သည်။

“ဒါဆို မင်း ဒီနေ့ လာတာက...”

ယန်ချုံးက သတိထားကာ မေးလိုက်လေသည်။

“ဌာနမှူးဟို... ဒီနေ့ ကျွန်တော် ခင်ဗျားကို လာရှာတာက ခင်ဗျားတို့ သံမဏိစက်ရုံက စားသောက်ခန်းမအတွက် ဝက်သား လိုချင်သလားဆိုတာ မေးချင်လို့ပါ”

ဟိုလီခွေမှာ များစွာ အံ့သြသွားလေသည်။

“ဝက်သား... လိုချင်တာပေါ့ကွ။ ဝက်သားမှ မဟုတ်ဘူး။ ဆန်နဲ့ ရိက္ခာတောင် လူတိုင်းက ဝအောင် မစားရဘူး ဖြစ်နေတာ။ စက်ရုံမှူးယန်က နေ့တိုင်း အစည်းအဝေးမှာ ငါတို့ ထောက်ပံ့ရေးနဲ့ ဝယ်ယူရေးအဖွဲ့ကို ဆူပူကြိမ်းမောင်း နေတာကွ။ အခုဆို ဝယ်ယူရေးဌာနက လူတွေရော ရူးတော့ မလောက်ပဲ။ ဝက်သားသာ ရှိရင် သူတို့တွေ အရမ်းဝမ်းသာပြီး ရူးတောင် သွားကြဦးမယ်”

ထိုသို့ပြောရင်း ယန်ချုံးကို သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။

“မင်း ဒီစကားကို မေးတာ ဘာသဘောလဲ။ မင်းမှာများ ဝက်သားရနိုင်တဲ့ လမ်းကြောင်း ရှိနေလို့လား”

ယန်ချုံးက ပြုံးလျက် ဖြေလိုက်သည်။

“အိမ်မွေး ဝက်သားကိုတော့ ကျွန်တော် မရှာနိုင်ဘူး။ အဲဒါတွေကို အထက်က စီမံကိန်းနဲ့ ထိန်းချုပ်ထားတာလေ။ ဒါပေမဲ့ ဒီနေ့ ကျွန်တော် တောဝက်ကြီး နှစ်ကောင် ပစ်လာခဲ့တယ်။ ကျင် လေးငါးရာလောက်တော့ ရှိမယ်။ ခင်ဗျားတို့ လိုချင်လား”

ဟိုလီခွေသည် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်သည်။

“သေချာပေါက် လိုချင်တာပေါ့ကွ။ တောဝက်သားလည်း ဝက်သားပါပဲ။ ပြီးတော့ သာမန် ဝက်သားထက်တောင် ပိုမွှေးတယ်လို့ ကြားဖူးတယ်။ မင်းကောင်လေး တော်သားပဲ။ တောဝက်ကိုတောင် ပစ်နိုင်တယ်... အရမ်းမိုက်တာပဲ”

ပြောရင်းဆိုရင်း သူ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲလာလေသည်။

“ဒါနဲ့ နေပါဦး... အခု အဲဒီ တောဝက်သားတွေက ဘယ်မှာလဲ။ အခုပဲ သွားသယ်လို့ ရမလား”

ယန်ချုံးက ခေါင်းညိတ် ပြလိုက်သည်။

“သွားသယ်လို့ ရပါတယ်။ ကျွန်တော်က လျှို့ဝှက်တဲ့ နေရာတစ်ခုမှာ ဝှက်ထားတာ။ ခင်ဗျားလည်း သိတဲ့အတိုင်းပဲလေ... ဒီအရာတွေကို လူသိများခံလို့ မဖြစ်ဘူး။ မဟုတ်ရင် ကျွန်တော့်ဆီက လုယူသွားကြမှာ”

ဟိုလီခွေက ခေါင်းကို ဆက်တိုက် ညိတ်ကာ ထောက်ခံလေသည်။

“မှန်တယ်။ မင်းလုပ်တာ မှန်တယ်။ ဒီလိုလုပ်... ငါ အခုပဲ ဝယ်ယူရေးဌာနက လူတွေကို ဖုန်းဆက်ပြီး မင်းနဲ့အတူ အသားသွား သယ်ခိုင်းမယ်။ ဪ... ဒါနဲ့ စားသောက်ခန်းမက လူတွေရယ် ဘဏ္ဍာရေးဌာနက လူတွေကိုပါ အလုပ်မဆင်းသေးဖို့ ပြောထားရမယ်။ အဲဒီကျမှ မင်းကို ဝက်သားဖိုး ချက်ချင်း ရှင်းပေးလို့ရမှာပေါ့”

All Chapters