အခန်း (၅၆၅-၅၆၇)
Vol. 38 Ch. 565-567
အခန်း (၅၆၅) - ကယ်ဆယ်ရေး ၂
ကျိချောင်းယန် - "သေချာလား။ သားရဲအုပ်က သစ်ပင်အိမ်တွေဘက်ကို လာနေတာလား၊ ဒါမှမဟုတ် တယ်လီပို့စနစ်ကြီး နှစ်ခုဆီကို သွားနေတာလား"
ရွှီရှင်း - "အတိအကျတော့ မသေချာသေးဘူး။ ဒါပေမယ့် ငါ့ရဲ့ အမြင်အာရုံမြှင့်တင်မှုစွမ်းရည်နဲ့ ကြည့်လိုက်တော့ အဝေးက လာနေတဲ့ ရှင်ကျန်သူတွေရဲ့ နောက်မှာ အမွေးထူသတ္တဝါတွေ အများကြီး လိုက်လာတာကို မြင်ရတယ်။ ဒီသားရဲအုပ်က ရှင်ကျန်သူတွေ စုဝေးနေတဲ့နေရာကို ဦးတည်လာတာ ဖြစ်နိုင်တယ်။"
ချင်ယွန်လုံ - "မင်းဘက်မှာပဲ ဖြစ်နေတာလား။ ငါနဲ့ ယွန်ဟု အခုချက်ချင်း ထွက်လာခဲ့မယ်"
ဝမ်ကွေ့ရှင်း - "သားရဲအုပ်လား။ လာချင် လာပါစေ။ ငါ မကြောက်ဘူး။"
ဝမ်လေ့ - "မဟုတ်ဘူးလေ။ ဒီတစ်ခါ ငါတို့ရဲ့ တာဝန်က တခြားရှင်ကျန်သူတွေကို ကာကွယ်ဖို့ မဟုတ်လား။ ဇပြောင်းသတ္တဝါ ငါးရာဆိုတာ ပြီးခဲ့တဲ့သားရဲအုပ်ထက် အများကြီး နည်းတယ်။ ငါတို့အတွက် ပြဿနာ မဟုတ်ပေမယ့်... လာနေတဲ့ ရှင်ကျန်သူတွေကို သတ်ပစ်လိုက်ရင်တော့ ပြဿနာကြီးပဲ။"
ရွှီရှင်း - "မှန်တယ်။ ဝမ်ကွေ့ရှင်း...နင့်ရဲ့ အဆိပ်အစွမ်းက ရှင်ကျန်သူတွေကို မထိခိုက်စေဘူးလို့ အာမခံနိုင်လား"
ဝမ်ကွေ့ရှင်း - "သူတို့သာ ငါထိန်းချုပ်ထားတဲ့ ဗီဇပြောင်းသတ္တဝါတွေကို မိုက်မဲပြီး လာမတိုက်ခိုက်ဘူးဆိုရင် ဘာပြဿနာမှ မရှိဘူး။"
ကျိချောင်းယန် - "ဒါကတော့ ပြဿနာ မဖြစ်လောက်ဘူး။ သူတို့ မထွက်ခွာခင်ကတည်းက ငါ ပြောထားပြီးသား။ ဗီဇပြောင်းသတ္တဝါတွေကို မတိုက်ခိုက်ဖို့နဲ့ သားရဲအုပ်တွေ့ရင် ပုန်းနေဖို့။ သူတို့လည်း အကြောင်းမရှိဘဲ သားရဲအုပ်ကို သွားမစဘူး။"
လီဝမ်ရှီး - "ငါ့ကိုလိုအပ်လား။ အခုချက်ချင်း ပြန်လာလိုက်မယ်လေ"
ရွှီရှင်း - "မလိုသေးဘူး။ မင်းဘက်မှာ သားရဲအုပ် မရှိဘူး။ လောလောဆယ် အရမ်းလုံခြုံတယ်။ မင်းလုပ်စရာကိုပဲ ဆက်လုပ်။ ဒီဘက်ကိစ္စကို ငါတို့ ဖြေရှင်းလိုက်မယ်"
ခရမ်းရောင်အဆင့် သတ္တုရိုင်းများနှင့် ခရမ်းရောင်ချပ်ဝတ်တန်ဆာများအပြင် လက်နက်များ ထုတ်လုပ်ခြင်းကလည်း အရေးကြီးသေးသည်။
လီဝမ်ရှီး ဒီကို လာခဲ့လျှင်လည်း အကျိုးမများလှပေ။
ထို့ထက် လူတွေကို ဦးဆောင်ပြီး သတ္တုရိုင်းတွေ ဆက်လက်တူးဖော်ခိုင်းတာက ပိုအကျိုးရှိပေသည်။
လီဝမ်ရှီး - "ကောင်းပြီ။ ဒါဆို ကံကောင်းပါစေ။ ဒီနေ့တော့ နင်တို့အတွက် ခရမ်းရောင်ချပ်ဝတ်တန်ဆာနဲ့ လက်နက်လုပ်ဖို့ ပစ္စည်းအလုံအလောက် စုနိုင်အောင် ကြိုးစားလိုက်မယ်"
ကျောက်ရှောင်ချွမ်း - "ဒါဆို ငါကရော ငါ ဘာလုပ်ရမလဲ"
ကျိချောင်းယန် - "မင်းရဲ့စွမ်းရည်ကြောင့် သားရဲအုပ်က မင်းကို သတိမထားမိဘူး။ ရွှီရှင်း... ဒီသားရဲအုပ်ကို အမွေးထူသတ္တဝါတွေကပဲ ထိန်းချုပ်နေတာ မဟုတ်လား"
ရွှီရှင်း - "ဟုတ်တယ်။ ကျောက်ရှောင်ချွမ်း... မင်းရဲ့တာဝန်က သားရဲအုပ်ထဲ ဝင်ပြီး မျိုးဗီဇပြောင်းသတ္တဝါတွေကို ထိန်းချုပ်နေတဲ့ အမွေးထူသတ္တဝါတွေကို သတ်ပစ်ဖို့ပဲ"
ကျိချောင်းယန် - "အဲဒီကောင်တွေ မရှိတော့ရင် သားရဲအုပ်က ဒီလောက် စနစ်တကျ မလှုပ်ရှားနိုင်တော့ဘူး။ ငါတို့ရှင်ကျန်သူတွေလည်း ပိုလုံခြုံသွားမယ်"
ရွှီရှင်း - "ဒီအကောင်ငါးရာက ပထမလှိုင်းပဲ။ အမွေးထူသတ္တဝါတွေကို မသတ်နိုင်ရင် သားရဲအုပ်က အဆုံးမရှိ ဆက်လာနိုင်တယ်"
ကျောက်ရှောင်ချွမ်း - "ဒါဆို... ငါ ဘယ်ဘက်ကို သွားကူရမလဲ"
ရွှီရှင်း - "ဝမ်ကွေ့ရှင်းဘက်ကို အရင်သွား။ ငါ့ဘက်မှာတော့
လုဖေးအာ ရှိတယ်။ မင်းတို့ဘက်က မြန်မြန်ပြီးရင် ဒီဘက်ကို ပြန်လာကူ။"
လုဖေးအာ - "ဒီဘက်ကို ငါ့ကိုသာ အပ်လိုက်။ လုပ်ကြံသတ်ဖြတ်တာဆို ငါက ရှယ်ကျွမ်းကျင်တယ်"
စကားပြောနေစဉ်အတွင်း ရွှီရှင်းသည် ငွေရောင်ဘုရင်၊ မီမီနှင့် အာဖု တို့ကို လက်ပတ်အတွင်း သိမ်းဆည်းလိုက်ပြီး အပြင်ထွက်ရန် အသင့်ပြင်လိုက်လေသည်။
ခဲခဲကတော့ ပြတင်းပေါက်ဘောင်ပေါ်တွင် မှီလျက် အဝေးကို စိုးရိမ်တကြီး ကြည့်နေဆဲဖြစ်ပေသည်။
ရွှီရှင်း ထွက်သွားတော့မည်ကို မြင်သည်နှင့် ချက်ချင်း သူ၏ ပခုံးပေါ်သို့ ခုန်တက်လာခဲ့၏။
ဒီသားရဲအုပ်က အင်အားမများလှသဖြင့် ခဲခဲကို ခေါ်သွားလည်း ပြဿနာမရှိပေ။
ထို့အပြင် အန္တရာယ်ကျရောက်နေသော ရှင်ကျန်သူများ၏ တည်နေရာကိုပါ ခဲခဲက အာရုံခံနိုင်သေးသည်။
ဒီလူတွေကို မဖြစ်မနေ ကယ်တင်ရမယ်။
မဟုတ်ရင် ပထမအသုတ် ရှင်ကျန်သူတွေက သားရဲအုပ်လက်ထဲမှာ အများကြီး သေဆုံးသွားမယ်ဆိုရင် နောက်ပိုင်း ဘယ်သူကမှ ဒီနေရာကို လာရဲတော့မှာ မဟုတ်ဘူး။
ဒီဗီဇပြောင်းသတ္တဝါတွေက ရှင်ကျန်သူတွေ အခြေချခါစ အချိန်ကို ရွေးပြီး သားရဲအုပ်လွှတ်လိုက်တာ သိသာလွန်းတယ်။
၎င်းတို့က ရှင်ကျန်သူတွေ အစုလိုက်အပြုံလိုက် စုဝေးပြီး အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာတာကို မမြင်ချင်ကြပုံရ၏။
ပြီးခဲ့တဲ့ သားရဲအုံကြွမှုတုန်းကလည်း လူများလေလေ သားရဲအုပ် ပိုကြီးလေလေ ဖြစ်ခဲ့ပေသည်။
တစ်ယောက်တည်း နေတဲ့ သေးငယ်တဲ့ သစ်ပင်အိမ်ကိုတော့
အဲဒီသတ္တဝါတွေက စိတ်တောင် မဝင်စားခဲ့ကြပေ။
လုဖေးအာသည်လည်း အားရွှယ် ကို စီးလျက် သစ်ပင်အိမ်အောက်သို့ ဆင်းလာပြီး ရွှီရှင်း၏ နောက်သို့ လိုက်လာခဲ့၏။
"မင်းကို မျိုးဗီဇပြောင်းသတ္တဝါတွေက ရန်သူလို့ မမြင်ဘူးဆိုတာ သေချာရဲ့လား" ရွှီရှင်း မေးလိုက်၏။
"သေချာပါတယ်။ အမွေးထူသတ္တဝါတွေကို ရှာပြီး သတ်ရတဲ့အလုပ်ကို ငါ့ကိုသာ အပ်လိုက်။ သူတို့ ဘယ်နားမှာ ရှိနေလဲဆိုတာ ငါ အကြမ်းဖျင်း အာရုံခံနိုင်တယ်။"
လုဖေးအာက ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်လိုက်၏။
ဒီတာဝန်ကို သူမကို အပ်ထားရတာ တကယ် စိတ်ချရပေသည်။
"ဒါဆို အခုသွားတော့။ ဖြစ်နိုင်ရင် အမွေးထူသတ္တဝါတစ်ကောင်ရဲ့ အလောင်းကို အပြည့်အစုံ ယူပြန်လာခဲ့"
"ကောင်းပါပြီ"
လုဖေးအာသည် အားရွှယ် ကို စီး၍ အရှေ့မြောက်ဘက်သို့ အရှိန်ပြင်းစွာ ထွက်ခွာသွားပြီး စက္ကန့်ပိုင်းအတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
ထို့နောက်...
ရွှီရှင်းသည် သစ်ပင်အိမ်အတွင်း သုတေသနလုပ်နေသော မာဟုန်ဝေ ထံသို့ အသံခေါ်ဆိုမှုတစ်ခု ပို့လိုက်၏။
ခေါ်ဆိုမှုမှာ ချက်ချင်း ချိတ်ဆက်သွားလေသည်။
"ဘာကိစ္စလဲ အစ်ကိုရှင်း။ လူတွေကို သွားကြိုရမှာလား"
ပြီးခဲ့တဲ့တစ်ခေါက်က ဧရာမစပါးအုံးမြွေကြီး၏ ဖိသတ်ခြင်းကို ခံခဲ့ရပြီးနောက် မာဟုန်ဝေသည် ဧရာမသတ္တဝါများကို သတ်နိုင်မည့် အကြီးစားဒူးလေး အသစ် ကို အသည်းအသန် သုတေသနလုပ်နေခဲ့ချေသည်။
ထို့အပြင် သူ၏ အကျင့်စရိုက်သည်လည်း အရင်ကထက် ပိုတိတ်ဆိတ်လာခဲ့ပြီး ရွှီရှင်းမှလွဲ၍ တခြားသူများနှင့် စကားပြောဆိုမှု အလွန်နည်းသွားခဲ့၏။
ရွှီရှင်းက သူ့ကို စူးစမ်းရှာဖွေသူအဖွဲ့ထဲ ဝင်ဖို့ တစ်ခါက ဖိတ်ခေါ်ဖူးသော်လည်း သူ ငြင်းဆိုခဲ့သည်။
"ကျွန်တော်က အစ်ကိုရှင်းပဲ တာဝန်ခံရင် လုံလောက်ပြီ။ အစ်ကိုရှင်း ခိုင်းတာမှန်သမျှ လုပ်ပေးမယ်။"
ထို့ကြောင့် ရွှီရှင်းလည်း ထပ်မပြောတော့ပေ။
"ဟုတ်တယ်။ အခု ငါတို့သစ်ပင်အိမ်မှာ စုနေတဲ့ ရှင်ကျန်သူအားလုံးကို မင်းသစ်ပင်အိမ်ဆီ အရင်ခေါ်သွားပြီး ကာကွယ်ပေးရမယ်။သားရဲအုပ်က မကြာခင် တိုက်ခိုက်တော့မယ်။လုဖေးအာနဲ့ ငါက လူတွေကို သွားကယ်ရမှာဆိုတော့...ဒီတာဝန်ကို မင်းကိုပဲ အပ်ရတော့မယ်။"
မူလက ဒီတာဝန်ကို လုဖေးအာစီ အပ်ရန် စီစဉ်ထားသော်လည်း
သူမက အမွေးထူသတ္တဝါတွေကို လိုက်သတ်ရမည် ဖြစ်သဖြင့်
ဒီတာဝန်က မာဟုန်ဝေထံ ရောက်လာခြင်းဖြစ်သည်။
"...ကောင်းပြီ။ ကျွန်တော့်ကို အပ်လိုက်"
စာချုပ်ချုပ်ထားသူ ဖြစ်သောကြောင့် ရွှီရှင်း၏ အမိန့်ကို မာဟုန်ဝေ ဘယ်တော့မှ မငြင်းပယ်ခဲ့ပေ။
ထိုအချိန်တွင် တယ်လီပို့ဝဲဂယက် လှုပ်ရှားသွားပြီး ကျိချောင်းယန်နှင့် ချီရွှယ်ဖေး တို့ နှစ်ဦး ခုန်ထွက်လာကြ၏။
ဒီနှစ်ယောက် ဘာလို့ အတူတူ ရောက်လာတာလဲ...။
ဒါပေမယ့် အခုတော့ အဲဒါ အရေးမကြီးပေ။
"အစ်မရွှယ်ဖေး... တိုက်ပွဲထဲ မဝင်နဲ့။မာဟုန်ဝေနဲ့အတူ ဒီမှာနေပြီး ရောက်လာတဲ့ ရှင်ကျန်သူတွေကို ကာကွယ်ပေး။ဒဏ်ရာရတဲ့သူရှိရင် ကုသပေးလိုက်။"
ရွှီရှင်းက အချိန်မဖြုန်းဘဲ တိုက်ရိုက် ညွှန်ကြားလိုက်၏။
ချီရွှယ်ဖေး အနည်းငယ် အံ့ဩသွားပြီး ပြုံးလိုက်လေသည်။
"နင်နဲ့ ကျိချောင်းယန်တို့ရဲ့ အတွေးတွေက တကယ်ကို တူလွန်းတယ်။"
ကျိချောင်းယန်က ခေါင်းညိတ်လိုက်ကာ "ငါလည်း သူမကို အခုနက အဲဒီအတိုင်းပဲ ပြောခဲ့တာ။"
ရွှီရှင်းက ဆက်မပြောတော့ပေ။
"သားရဲအုပ်က အခု နှစ်ဖွဲ့ခွဲသွားပြီ။တစ်ဖွဲ့က မြောက်ဘက်၊ တစ်ဖွဲ့က အရှေ့ဘက်။မင်း မြောက်ဘက်ကို သွား။ငါ အရှေ့ဘက်ကို သွားမယ်။ခွဲပြီး ကယ်မှ လူပိုများများကို ကယ်နိုင်မယ်။"
အရှေ့ဘက်ရှိ သားရဲအုပ်သည် ရွှီရှင်း၏ သစ်ပင်အိမ်သို့ မရောက်သေးသော်လည်း ကီလိုမီတာအနည်းငယ်အကွာတွင် ဝိုင်းပတ်ပိတ်ဆို့နေသည့် ပုံစံ စတင်ပေါ်လာနေပြီ ဖြစ်သည်။
ရှင်ကျန်သူများကို ဝိုင်းဖမ်းပြီး တိုက်ခိုက်ရန် အသင့်ပြင်နေသည့်ပုံပင်။
"နှစ်ဖွဲ့လား..."
ကျိချောင်းယန် မျက်မှောင်ကြုတ်လိုက်၏။
"ဝမ်ကွေ့ရှင်းဘက်ကရော ဒီလိုပဲလား"
ရွှီရှင်း ချက်ချင်း မြေပုံကို ကြည့်လိုက်ရာတကယ်ပင် ဝမ်ကွေ့ရှင်းနှင့် ဝမ်လေ့တို့ဘက်ရှိ သားရဲအုပ်သည်လည်း နှစ်ဖွဲ့ခွဲကာ ဝိုင်းပတ်တိုက်ခိုက်ရန် ပြင်ဆင်နေချေသည်။
သူက ချက်ချင်းပင် စူးစမ်းရှာဖွေသူများကို သားရဲအုပ်၏ တည်နေရာနှင့် သွားရာလမ်းကြောင်းကို အသိပေးလိုက်၏။
တစ်ချိန်တည်းမှာပင် သစ်ပင်အိမ်အနီးသို့ ရှင်ကျန်သူ အနည်းငယ် နှင်းလျှောစီးဘုတ်ဖြင့် ရောက်လာကြလေသည်။
"နောက်ဆုံးတော့ ရောက်လာပြီ။ ဒီဟာက အလင်းတိုင်နဲ့ အနီးဆုံး သစ်ပင်အိမ်ပဲ ဒါဆို သေချာပေါက် ရွှီရှင်းရဲ့ ဒဏ္ဍာရီဆန်တဲ့ သစ်ပင်အိမ်ပဲပေါ့"
ပိန်ပိန်သေးသေး အမျိုးသားက စိတ်လှုပ်ရှားလွန်း၍ မျက်နှာနီရဲနေလေသည်။
"ဒီသစ်ပင်အိမ်က..."
ဆံပင်တိုတိုနှင့် အမျိုးသမီးက ညောင်ပင်များဖြင့် ချဲ့ထွင်ထားသော လေးထပ်သစ်ပင်အိမ်ကြီးကို ငေးကြည့်ရင်း အံ့အားသင့်သွားချေသည်။
"အရမ်းကြီးလိုက်တာ...ကျိချောင်းယန်က အဝေးကတောင် မြင်ရတယ်လို့ ပြောတုန်းက ငါ စိတ်ကူးယဉ်လွန်းတယ် ထင်ခဲ့တာအခု မြင်မှ ငါ စိတ်ကူးထားတာထက်တောင် ပိုချဲ့ကားနေသေးတယ် ဒါကိုမှ ဒဏ္ဍာရီလို့ ခေါ်တာကိုး..."
"ဘာတွေ အံ့ဩနေတာလဲ"
အရပ်ရှည်ရှည်နှင့် အမျိုးသားက တည်ငြိမ်စွာ ပြောလိုက်၏။
"ငါက မလာခင်ကတည်းက ဘာမြင်မြင် မအံ့ဩတော့ဘူးလို့ ဆုံးဖြတ်ထားပြီးသား။ဒါက ရွှီရှင်းရဲ့ သစ်ပင်အိမ်လေ။ငါ့သစ်ပင်အိမ်ထက် အဆတစ်ရာ ကြီးနေတယ်ဆိုရင်တောင် အံ့ဩမှာ မဟုတ်ဘူး။"
သူသည် ရွှီရှင်းတို့ဘက်ကို နှင်းလျှောစီးလာရင်း လက်လှမ်းပြကာ နှုတ်ဆက်လိုက်လေသည်။
"ဟေ့ ခင်ဗျားတို့လည်း စူးစမ်းရှာဖွေသူအဖွဲ့ထဲ ဝင်ဖို့ လာတာလား။ဘာလို့ ဒီမှာ ရပ်နေတာလဲ။အော်... နားလည်ပြီ။ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေက အလုပ်များနေတာ ဖြစ်မယ်။ဒါဆို ငါတို့ ဒီမှာပဲ စောင့်လိုက်ကြတာပေါ့။ဒါနဲ့...ခင်ဗျားတို့ရဲ့ ပစ္စည်းတွေက အရမ်းမိုက်တာပဲ။ဘယ်အဆင့်ပစ္စည်းတွေ သုံးထားတာလဲ"အခန်း (၅၆၆) - ရောနှောဝင်ရောက်ခြင်း
လက်ရှိအခြေအနေက အလွန်အရေးပေါ်ဖြစ်နေသော်လည်း ထိုအရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူ၏ စကားများကြောင့် ရွှီရှင်း မပြုံးမိဘဲ မနေနိုင်ခဲ့ပေ။
ထိုအချိန်တွင်...
မာဟုန်ဝေသည် သစ်ပင်အိမ်အောက်သို့ ဆင်းလာပြီး နှင်းလျှောစီးဘုတ်ဖြင့် အမြန်ရောက်လာခဲ့သည်။
"အစ်ကိုရှင်း၊ ကျွန်တော် ရောက်လာပါပြီ။ ဒီလူတွေက..."
ချီရွှယ်ဖေးက ချက်ချင်း ဝင်ပြောလိုက်၏။
"ငါ ရှင်းပြလိုက်မယ်။နင်တို့ နှစ်ယောက် မြန်မြန်သွားတော့။ အချိန်မဖြုန်းနဲ့တော့။"
ရွှီရှင်းက ခေါင်းညိတ်လိုက်ပြီး ကျိချောင်းယန်ကို လှည့်ကြည့်ကာ
"မင်းမှာ ခရမ်းရောင်ချပ်ဝတ်တန်ဆာ မရှိသေးဘူး။ အဆင်ပြေရဲ့လား"
ကျိချောင်းယန်က အေးဆေးစွာ ပြုံးလိုက်၏။
"စိတ်မပူနဲ့။ ဒီနေ့ ငါရတဲ့ ကျပန်းမြှင့်တင်မှုတွေက တိုက်ခိုက်ရေးအမျိုးအစားချည်းပဲ။"
ဒါဆို ပြဿနာ မရှိတော့ပေ။
"ဟေ့... ဟေ့... ခင်ဗျားတို့ ဘာတွေပြောနေတာလဲ။ကျပန်းမြှင့်တင်မှုဆိုတာ ဘာကြီးလဲ"
ဘယ်သူမှ မိမိကို ဂရုမစိုက်သည်ကို မြင်လိုက်ရသဖြင့် အရပ်ရှည်ရှည်လူက အနည်းငယ် အရှက်ရသလိုဖြစ်ကာ ထပ်မံ ဝင်မေးလိုက်၏။
"အီး အီး အီး"
ခဲခဲကတော့ သူ၏ ခြေသည်းလေးဖြင့် ရွှီရှင်း၏ မျက်နှာကို အဆက်မပြတ် တွန်းနေပြီး စိုးရိမ်တကြီး အသံထွက်နေကာ အမြန်ထွက်သွားရန် အတင်းတိုက်တွန်းနေပေသည်။
ရွှီရှင်းက လူသုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး မာဟုန်ဝေကို လက်ညှိုးထိုးပြကာ "မင်းတို့ သူ့နောက်ကိုသာ လိုက်သွားကြတော့။"
ထို့နောက် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ အရှိန်ပြင်းစွာ
ချက်ချင်း ထွက်ခွာသွားတော့သည်။
ကျိချောင်းယန်လည်း လူသုံးယောက်ကို ခေါင်းညိတ်ပြလိုက်ရုံသာ လုပ်ပြီး အချိန်မဖြုန်းတော့ဘဲ ချက်ချင်း လိုက်ထွက်သွားခဲ့သည်။
"မြန်လိုက်တဲ့အရှိန် သူတို့ ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ။
ဒါပေမယ့်... အဲဒီနှစ်ယောက်က တကယ် ချောသားပဲ"
အရပ်ရှည်ရှည်လူက သဘောကျစွာ လျှာသပ်လိုက်ပြီး...
"ဒါပေမယ့် ချောတိုင်းလည်း ဒီလောက် မောက်မာလို့ ရတာမဟုတ်ဘူးလေ။ဒီအတိုင်း ထွက်သွားတာပဲ။ဆရာကြီးတွေကိုတောင် မစောင့်တော့ဘူးလား"
ထို့နောက် သူသည် မာဟုန်ဝေနှင့် ချီရွှယ်ဖေးဘက် လှည့်ကြည့်ကာ
"ဒီကအစ်ကို နဲ့ အစ်မ...ခင်ဗျားတို့ နာမည်ဘယ်လိုခေါ်လဲ။
စူးစမ်းရှာဖွေသူအဖွဲ့ရဲ့ ဆရာကြီးတွေကို မြင်ဖူးကြလား"
သူ၏ အပြင်ကပန်းပွင့်လင်းသော အကျင့်စရိုက်ကြောင့် မသိတဲ့လူတွေနဲ့တောင် လွယ်လွယ်ကူကူ စကားပြောနိုင်သော်လည်း
တစ်ခါတစ်ရံ အခြေအနေကို နားမလည်သေးသည့် ပုံစံလည်း ရှိနေပေသည်။
သို့သော်...
သူ၏ နောက်မှ လိုက်လာသော အမျိုးသားနှင့် အမျိုးသမီးကတော့ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီ ဖြစ်သည်။
"ခဏ...အခုနက...အစ်ကိုရှင်း လို့..."
ပိန်ပိန်သေးသေး လူက မျက်နှာနီရဲလျက် စကားထစ်နေသည်။
"ဟမ်"
အရပ်ရှည်ရှည်လူက မျက်မှောင်ကြုတ်လိုက်၏။
"ဘာလို့ ရုတ်တရက် စကားထစ်သွားတာလဲ။စိတ်အေးအေးထားစမ်းပါ။ဒီလောက်နဲ့တင် တုန်နေပြီဆို...နောက်မှ ဆရာကြီးတွေကို တွေ့ရင် မေ့လဲသွားဦးမယ်။ငါ့လို တည်တည်ငြိမ်ငြိမ် နေစမ်းပါ။"
ဆံပင်တိုတိုနှင့် အမျိုးသမီးက တံတွေးတစ်ချက် မြိုချလိုက်ပြီးသူ၏ အင်္ကျီလက်ကို ဆွဲကာ
"ခုနက...အဲဒီလူက...အစ်ကိုရှင်း လို့ ခေါ်လိုက်တယ်။ပြီးတော့...
သူတို့ ဝတ်ထားတဲ့ ပစ္စည်းတွေကလည်း...တစ်ခါမှ မမြင်ဖူးတဲ့ အဆင့်မြင့်ပစ္စည်းတွေ..."
"အစ်ကိုရှင်း..။ဘယ်အစ်ကိုရှင်းလဲ မဖြစ်နိုင်တာ..."
အရပ်ရှည်ရှည်လူ၏ အသံမှာ တဖြည်းဖြည်း တိုးသွားပြီး သူ၏ မျက်လုံးသေးသေးလေးများကလည်း တဖြည်းဖြည်း ပြူးကျယ်လာတော့သည်။
မာဟုန်ဝေကတော့ အစကတည်းက စကားမပြောဘဲ ဘေးတွင် ရပ်ကြည့်ရင်း ရယ်ချင်စိတ်ကို အတင်း ထိန်းထားခဲ့ရပေသည်။
ချီရွှယ်ဖေးကတော့ မနေနိုင်တော့ဘဲ တိုက်ရိုက် ပြောလိုက်၏။
"ကျွန်မက ချီရွှယ်ဖေးပါ။ကျွန်မနာမည်ကိုတော့ ကြားဖူးမှာပေါ့။
မကြာခင် သားရဲအုပ် ရောက်လာတော့မှာဆိုတော့...ဒီနေရာမှာ မလုံခြုံတော့ဘူး။ကျွန်မတို့နဲ့ လိုက်ခဲ့ပါ။သစ်ပင်အိမ်ထဲ အရင် ဝင်ပြီး ရှောင်ကြရအောင်။"
ချီရွှယ်ဖေး၏ နာမည်ကျော်ကြားမှုသည် ရွှီရှင်းထက်မနည်းလှပေ။
သူမသည် ကမ္ဘာတစ်ခုလုံးအတွက် ဆေးများ ထုတ်လုပ်ပေးနေသူဖြစ်သည်။
လက်ရှိကမ္ဘာတွင် ဒဏ်ရာကုဆေးနှင့် ကုသဆေးများကို ထုတ်လုပ်နိုင်သည့် တစ်ဦးတည်းသော ဆရာဝန် ဖြစ်ပြီး ရှင်ကျန်သူများ၏ မျက်စိထဲတွင် ကောင်းကင်တမန်တစ်ပါးကဲ့သို့ပင် ဖြစ်နေခဲ့ပေသည်။
သူမ ဆေးရောင်းတိုင်း စက္ကန့်ပိုင်းအတွင်း ကုန်သွားလေ့ရှိ၏။
ကမ္ဘာ့ချန်နယ်တွင် ဈေးနှုန်း မြင့်နေသော်လည်း အသက်တစ်ချောင်းနှင့် လဲရမည့် အရင်းအမြစ်ဆိုလျှင် ဘယ်လောက်ပေးရပေးရ တန်သည်ဟု လူတိုင်း ယူဆကြ၏။
ထို့အပြင် နယ်မြေတူ ရှင်ကျန်သူများကိုတော့ အမြဲတမ်း ကုန်ကျစရိတ်နီးပါးဖြင့်သာ ရောင်းချပေးခဲ့သည်။
အချိန်အများစုကိုလည်း သစ်ပင်အိမ်ထဲတွင် ကုန်ဆုံးသဖြင့် နယ်မြေချန်နယ်တွင် မကြာခဏ စကားဝင်ပြောလေ့ရှိပေသည်။
ထို့ကြောင့်...
ဝမ်လေ့ပြီးလျှင် နယ်မြေချန်နယ်တွင် အတက်ကြွဆုံးသူဟုတောင် သတ်မှတ်နိုင်ပေသည်။
ရွှီရှင်းနှင့် ကျိချောင်းယန်တို့လို ကမ္ဘာ့တာဝန်တွေကို တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်အောင် လုပ်နေသည့် လက်လှမ်းမမီသော ဒဏ္ဍာရီပုဂ္ဂိုလ်များထက် ချီရွှယ်ဖေးက လူတိုင်းအတွက် ပိုမိုရင်းနှီးဖို့လွယ်ကူလှပေသည်။
အခန်း ၅၆၆ ပြီး။
အခန်း (၅၆၇) - ရောနှောဝင်ရောက်ခြင်း ၂
"ချီ...ချီရွှယ်ဖေးလား..ချီရွှယ်ဖေး အစ်မကြီးလား.."
အရပ်ရှည်ရှည်လူမှာ လုံးဝ ကြောင်အမ်းသွားပေသည်။
"ဒါ...ဒါဆို...ခုနက ခပ်ချောချောနှစ်ယောက်က..."
"ရွှီရှင်းနဲ့ ကျိချောင်းယန်ပေါ့"
မာဟုန်ဝေက အေးအေးဆေးဆေး ဖြေလိုက်ပြီး နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ ပေါင်ကို ရိုက်ကာ အော်ရယ်လိုက်တော့သည်။
"ဟားဟားဟားဟား"
တစ်ချိန်တည်းမှာပင် ရွှီရှင်းက သားရဲအုပ် ရွေ့လျားနေသော အရှေ့ဘက်သို့ အရှိန်အပြည့်ဖြင့် ပြေးနှင်နေခဲ့၏။
မြေပုံအရ သားရဲအုပ်သည် လောလောဆယ် ပြင်းပြင်းထန်ထန် မတိုက်ခိုက်သေးပေ။
၎င်းတို့သည် စက်ဝိုင်းပုံစံ ဝိုင်းရံထားပြီး အလယ်တွင် ရှိသော အရာတစ်ခုကို တဖြည်းဖြည်း ကျဉ်းမြောင်းလာအောင် ဝိုင်းပိတ်နေကြ၏။
ဒီလို စနစ်တကျ တိုက်ခိုက်နေပုံကို မြင်လိုက်ရသဖြင့် ရွှီရှင်း၏ စိတ်ထဲတွင် အနည်းငယ် လေးလံသွားပေသည်။
ဒီသားရဲအုပ်ကို တစ်ယောက်ယောက်က အမိန့်ပေးနေတယ်။
အမိန့်ပေးနေသူကလည်း အမွေးထူသတ္တဝါတွေ ဖြစ်နိုင်ခြေ အလွန်များသည်။
သူသည် အရှိန်အပြည့်ဖြင့် သားရဲအုပ်ရှိရာသို့ ချဉ်းကပ်သွားလေသည်။
အမြင်အာရုံမြှင့်တင်မှုစွမ်းရည်နှင့် သစ်တောထဲရှိ သစ်ပင်များက အရွက်မရှိတော့သဖြင့်အဝေးမှပင် သွေးနီရောင်မျဉ်းများ လင်းနေသော နှင်းဝံပုလွေများကို မြင်နိုင်ပေသည်။
၎င်းတို့သည် ရွှီရှင်းရှိရာနှင့် ဆန့်ကျင်ဘက်ကို မျက်နှာမူထားပြီး
တစ်စုံတစ်ခုကို ဝိုင်းပတ်နေကြ၏။
ခဲခဲသည် သူ၏ ပခုံးပေါ်တွင် ထိုင်လျက် ထိုမျိုးဗီဇပြောင်းသတ္တဝါများကို မျက်တောင်မခတ် စိုက်ကြည့်နေပြီး ခန္ဓာကိုယ်လေးမှာလည်း တောင့်တင်းနေ၏။
ထိုမြင်ကွင်းကြောင့် ရွှီရှင်း၏ စိတ်ထဲ ပို၍ စိုးရိမ်လာပေသည်။
အဲဒီထဲမှာ ဘာရှိနေတာလဲ...။
မီတာခြောက်ရာ၊ ခုနစ်ရာခန့် အကွာသို့ ရောက်လာသောအခါနောက်ဆုံးတွင် ဝံပုလွေများ၏ အလယ်၌ ဝိုင်းထားသော အရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။
တကယ်ပင် ရှင်ကျန်သူများပင်။
ဒါပေမယ့်...
"ဘယ်လိုလုပ်..."
ရွှီရှင်း အလွန်အံ့ဩသွား၏။
ဝံပုလွေအုပ် ဝိုင်းထားသော ရှင်ကျန်သူအရေအတွက်မှာ ခုနစ်ယောက်တောင် ရှိနေပေသည်။
ထိုရှင်ကျန်သူ ခုနစ်ယောက်သည် ကျောချင်းကပ်ရပ်ကာ လက်နက်များကို ကိုင်ဆောင်ထားပြီး ဝံပုလွေအုပ်ကို နောက်ဆုံး
အကြိမ် အသက်လု ခုခံနေကြပေသည်။
သူတို့၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှု၊ဆုံးဖြတ်ချက်ပြတ်သားမှု၊ရက်စက်ကြမ်းကြုတ်မှုနှင့်ကြောက်ရွံ့ထိတ်လန့်မှုတို့
တစ်ယောက်တစ်မျိုးစီ ထင်ဟပ်နေတော့ချေသည်။