← Chapters

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း (၂၇၄) အမာရွတ်များကို စစ်ဆေးပေးမည်

"ချန်ဖုန်း... ငါ့ကို ဟင်းလေး နည်းနည်းလောက် ထည့်ပေးလို့ရမလား..."

ရှန်ယန်းယန်းက စားပွဲပေါ်ရှိ ဟင်းတစ်ခွက်ကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်၏။ အကွာအဝေးမှာ အနည်းငယ် ဝေးနေသဖြင့် သူမ၏ လက်ဖြင့် ဟင်းကို မယူနိုင်သောကြောင့် ဖြစ်ပြီး ဟင်းယူရန်အတွက် မတ်တတ်ရပ်ရမည်ဆိုပါကလည်း ရိုင်းရာကျပေလိမ့်မည်။

ချန်ဖုန်းက သိပ်များများစားစား တွေးမနေခဲ့ချေ။ ရှန်ယန်းယန်းအတွက် ဟင်းအချို့ ထည့်ပေးပြီးနောက် ရုတ်တရက် ယွင်ထင်က သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်နေသည်ကို သူ မြင်တွေ့လိုက်ရ၏။ ယွင်ထင်၏ ပန်းကန်ထဲတွင် ဘာဟင်းမှ မရှိတော့ဘဲ သူ့ကို စောင့်နေသကဲ့သို့ ဖြစ်နေပေသည်။

ချန်ဖုန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။

"အင်း... ယွင်ထင်... မင်းလည်း များများစားသင့်တယ်နော်..."

ထို့နောက် ယွင်ထင်အတွက် ဟင်းအချို့ကို သူ ထည့်ပေးလိုက်လေ၏။

ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ရီသွားခဲ့သည်။ သူက အလိုအလျောက် ခေါင်းကို လှည့်ကြည့်လိုက်၏။ ရှန်ကွမ်ယွဲ့သည် ဘာစကားမှမပြောဘဲ သူ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့ပေသည်။ သူမ၏ ပန်းကန်ထဲတွင်လည်း ဘာဟင်းမှ မရှိတော့ချေ။

"အင်း... မင်းလည်း များများစားပါ..."

သူသည် ရှန်ကွမ်ယွဲ့၏ ပန်းကန်ထဲသို့လည်း ဟင်းအချို့ ထပ်ထည့်ပေးလိုက်ရလေသည်။

ထိုအချိန်မှသာ ရှန်ကွမ်ယွဲ့၏ မျက်နှာအမူအရာ အနည်းငယ် နူးညံ့သွားတော့၏။

ညစာစားနေစဉ် တစ်လျှောက်လုံး ချန်ဖုန်းသည် အဆက်မပြတ် အလုပ်ရှုပ်နေခဲ့ပြီး ရူးသွပ်လုနီးပါးပင် ဖြစ်နေခဲ့ရသည်။

မိန်းကလေးသုံးဦးမှာ အချင်းချင်း လျှို့ဝှက်စွာ ယှဉ်ပြိုင်နေကြပုံရပေ၏။ ၎င်းတို့၏ မျက်နှာများတွင် အပြုံးများ ရှိနေကြသော်လည်း တကယ်လို့ တစ်ယောက်ယောက်ကိုများ ဟင်းနည်းနည်းပဲ ထည့်ပေးမိရင် သေချာပေါက် မကျေမနပ် ဖြစ်ကြမှာပဲ။

စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ်ဖြစ်ပြီး အဇူရာနန်းတော်၏ သခင်ဖြစ်သူသည် အမျိုးသမီးသုံးဦးကြောင့် ဤအခြေအနေအထိ ရောက်ရှိသွားမည်ကို မည်သူကမျှ ထင်မှတ်ထားမိမည် မဟုတ်ချေ။

တစ်နာရီခန့် အကြာတွင်။

ချန်ဖုန်းသည် ငရဲတမျှ အခြေအနေမှ နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့လေပြီ။

အိုယန်ဖူ သည် သူ၏သား အိုယန်ဝူ ကို ဘေးသို့ဆွဲခေါ်ကာ တိုးတိတ်စွာ ပြောဆိုလိုက်၏။

"နောက်နောင်ဆိုရင် မိန်းကလေး သုံးယောက်လောက် အိမ်ကို ခေါ်မလာနဲ့နော်... မင်း ကိုင်တွယ်နိုင်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်တယ်..."

"အဖေရယ်... ကျွန်တော်က တစ်ယောက်ရရင်တောင် ကံကောင်းနေပြီ..."

အိုယန်ဝူ ၏ မျက်နှာမှာ သနားစရာကောင်းနေခဲ့ပေသည်။

‘အဖေကတော့ ငါ့ကို အရမ်း အထင်ကြီးလွန်းနေတာပဲ…’ဟု သူ့ခင်မျာ တွေးရင်း စိတ်ပျက်နေတော့သည်။

ညစာစားပြီးနောက်။

ရှန်ယန်းယန်းနှင့် ယွင်ထင်တို့သည် အိုယန်မိသားစု မှ ထွက်ခွာသွားကြလေ၏။

၎င်းတို့တွင် ကုမ္ပဏီ၌ ဖြေရှင်းရန် ကိစ္စများစွာ ရှိနေသဖြင့် ညတွင်းချင်း အလျင်အမြန် ပြန်သွားရန် လိုအပ်ပေသည်။

ထို့အပြင် ထျန်ဖုန်းလုပ်ငန်းစု ၏ ရုံးချုပ်ကို ကျိုတိုတွင် တည်ဆောက်ရန် လိုအပ်သဖြင့် ကနဦးအဆင့်များတွင် စီစဉ်မှုများနှင့် လုပ်ဆောင်ရမည့် အလုပ်များစွာ ရှိနေလေသည်။

ထိုအပြင် ရှန်ကွမ်ယွဲ့ ရောက်ရှိလာမှုက ၎င်းတို့ကို မလွဲမသွေ ထွက်ခွာသွားစေခဲ့ခြင်း ဖြစ်ပေ၏။

ရှန်ယန်းယန်းမှာ အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်ကို ယွင်ထင် သတိပြုမိသွားသည်။

ယွင်ထင်က ပြုံးလျက် ပြောဆိုလိုက်၏။

"နောက်ပိုင်း ကျိုတိုကို လာဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်... ထျန်ဖုန်းလုပ်ငန်းစု ရဲ့ ရုံးချုပ်ကို ကျိုတိုမှာ ထားရှိမှာဖြစ်ပြီး မြေကိစ္စကို နောက်အပတ်ထဲ အပြီးသတ်မှာလေ..."

"ဒါ့အပြင် ဆောက်လုပ်ရေးပစ္စည်းတွေ ရောက်လာဖို့နဲ့ စီးပွားရေးစင်တာ တည်ဆောက်ဖို့ ကိစ္စတွေလည်း ရှိသေးတယ်..."

"ငါတို့က အခြေအနေတွေကို အမြဲ စောင့်ကြည့်နေရမှာဆိုတော့ နောက်ပိုင်းမှာ အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ..."

"တကယ်လား..."

ရှန်ယန်းယန်းသည် ပျော်ရွှင်စွာ ပြုံးလိုက်တော့၏။

ပြီးခဲ့သည့်တစ်ကြိမ်က ယွင်ထင်၏ အားပေးစကားများကို သူမ သတိရသွားသည်။ ‘ရှန်ကွမ်ယွဲ့ က ချန်ဖုန်းရဲ့ ငယ်သူငယ်ချင်း စေ့စပ်ထားသူ ဖြစ်နေရင်တောင် ဘာဖြစ်လဲ... အဲဒါက ငါ ချန်ဖုန်းကို သဘောကျတာနဲ့ ဘာမှမဆိုင်ပါဘူး…’ဟု သူမ တွေးလိုက်သည်။

"ပေ့ဟူကို ပြန်ကြမယ်... ရေချိုးပြီး ကောင်းကောင်း အိပ်ကြတာပေါ့..."

ယွင်ထင်သည် ပြောရင်း လီဗာကို နင်းလိုက်ရာ ကားသည် ပေ့ဟူဆီသို့ ဦးတည်သွားလေတော့သည်။

ချန်ဖုန်းသည် ကျိုတိုတွင် နေထိုင်စဉ်အတွင်း လုပ်စရာကိစ္စများစွာ ရှိနေမည်ကို သူမ ခံစားသိရှိနိုင်ပေ၏။ ထို့အပြင် ဤတစ်ကြိမ် ချန်ဖုန်းနှင့် တွေ့ဆုံချိန်တွင် သူ၏စိတ်ထဲ၌ တွေးတောစရာများစွာ ရှိနေကြောင်းကိုလည်း သူမ တွေ့ရှိခဲ့ရသည်။

…

အိုယန်မိသားစု နေအိမ်။

ရှန်ကွမ်ယွဲ့သည် မထွက်ခွာသေးချေ။ သူမသည် မနေ့ညက နယ်စပ်သို့ မသွားမီ လက်ကောက်ကို ချန်ဖုန်းထံ၌ သိမ်းဆည်းထားရန် အပ်နှံထားခဲ့ခြင်း ဖြစ်၏။ အစောပိုင်းက ရှန်ယန်းယန်းနှင့် ယွင်ထင်တို့သည်လည်း သူမ၏ လက်ကောက်နှင့် တူညီသော လက်ကောက်များကို ဝတ်ဆင်ထားကြောင်းကို သူမ သတိပြုမိခဲ့သော်လည်း ၎င်းမှာ အဘွားအိုယန်ထံမှ လက်ဆောင်ဖြစ်သောကြောင့် သူမသည် ၎င်းကို အလွန်နှစ်သက်နေဆဲ ဖြစ်လေသည်။

သူမက နှုတ်ခမ်းကို ကိုက်လျက် မေးမြန်းလိုက်၏။

"ငါ့လက်ကောက်ရော..."

"အင်း... ဒီမှာ..."

ချန်ဖုန်းသည် လက်ကောက်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။

ချန်ဖုန်း တကယ်ကို အံ့အားသင့်နေခဲ့၏။ အံ့သြစရာကောင်းသည်မှာ ရှန်ကွမ်ယွဲ့က ဒေါသမထွက်ခဲ့ခြင်းပင်။ သူသည် အကြောင်းအရာကို အလျင်အမြန် ပြောင်းလဲကာ မေးမြန်းလိုက်သည်။

"နယ်စပ်က အခြေအနေ ဘယ်လိုနေလဲ..."

"ကိစ္စသေးသေးလေးပါ... ဖြေရှင်းပြီးသွားပါပြီ..."

ရှန်ကွမ်ယွဲ့သည် လက်ကောက်ကို သူမ၏ လက်ကောက်ဝတ်တွင် ကျွမ်းကျင်စွာ ဝတ်ဆင်လိုက်ပြီး အနီးရှိ ဆိုဖာဆီသို့ လျှောက်သွားကာ ထိုင်လိုက်၏။

"ပြီးခဲ့တဲ့တစ်ခေါက်က နိုင်ငံဆယ်ခု မဟာမိတ်တပ် က အများကြီး ဆုံးရှုံးသွားခဲ့ရတယ်လေ... အခု သူတို့က အစွမ်းထက်တဲ့ သူတွေကို စုဆောင်းနေကြပြီး မကြာခင် ဟွာရှနိုင်ငံနဲ့ စစ်ဖြစ်တော့မယ့်ပုံပဲ..."

ထို့နောက် သူမသည် ချန်ဖုန်းအား ရုတ်တရက် ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများတွင် တောင်းဆိုလိုသည့် အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

"ရန်သူကို တိုက်ခိုက်ဖို့ စစ်ဘက်ဆိုင်ရာဌာနကို နင် ဦးဆောင်ပေးစေချင်တယ်..."

"စိတ်မပူပါနဲ့... ငါ တာဝန်ယူလိုက်ပါ့မယ်..."

ချန်ဖုန်းသည် အဇူရာနန်းတော်၏ သခင်အဖြစ် လုပ်ဆောင်ရမည်လား သို့မဟုတ် စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ်အဖြစ် လုပ်ဆောင်ရမည်လား ဆိုသည်ကို စဉ်းစားနေခဲ့ပေ၏။

ဤအမှတ်အသားနှစ်ခုသည် မတူညီသော အဓိပ္ပာယ်များ ရှိနေလေသည်။

ချန်ဖုန်း၏ တုံ့ပြန်မှုကို ရရှိပြီးနောက် ရှန်ကွမ်ယွဲ့သည် သက်ပြင်းချလိုက်သည်။

ဟွာရှနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များမှာ အဆုံးတွင်တော့ အလွန် အကန့်အသတ် ရှိနေပေ၏။

ချန်ဖုန်း၏ အကူအညီဖြင့်ဆိုလျှင် ၎င်းမှာ စစ်ဘက်ဆိုင်ရာဌာန အတွက်ရော ဟွာရှနိုင်ငံအတွက်ပါ ကြီးမားသော အားသာချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

သူမသည် ခေါင်းငုံ့ကာ လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။ သူမက ထိုင်နေပြီး အင်္ကျီလည်ပင်းမှာလည်း အတော်လေး ဟိုက်နေသောကြောင့် အတွင်းဘက်ရှိ မြင်ကွင်းကို ချန်ဖုန်းက ရှင်းလင်းစွာ မြင်တွေ့နေရပေ၏။

ချန်ဖုန်း၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားခဲ့သည်။ ရှန်ကွမ်ယွဲ့၏ ခန္ဓာကိုယ်ကို သူ မြင်ဖူးပြီး သူမနှင့်လည်း အတူအိပ်ခဲ့ဖူးသော်လည်း ထိုအချိန်က အားလုံးသည် မတော်တဆမှုတစ်ခုသာ ဖြစ်ခဲ့ပေ၏။ အခု ပြန်တွေးကြည့်တော့ ဘယ်လိုအရသာရှိလဲဆိုတာကို သူ လုံးဝ မေ့သွားပြီပဲ။

"ဘာဖြစ်လို့လဲ..."

ရှန်ကွမ်ယွဲ့လည်း သူ့ထံတွင် တစ်ခုခု ထူးဆန်းနေကြောင်း ခံစားလိုက်ရသည်။

"ဘာမှမဖြစ်ပါဘူး..."

ချန်ဖုန်းက ခပ်ဟဟ ရယ်မောလိုက်ပြီး ပြုံးလျက် မေးမြန်းလိုက်၏။

"စောစောက မင်းပြောတာ မင်းက ငါ့ရဲ့ စေ့စပ်ထားသူဆို..."

"ငါ အဲဒီလို မပြောပါဘူး...နင် အကြားအာရုံ မှားသွားတာ ဖြစ်မယ်..."

ရှန်ကွမ်ယွဲ့ မျက်နှာရဲသွားခဲ့သည်။ သူမက ချန်ဖုန်းကို ခိုးကြည့်လိုက်ပြီး သူ၏ အကြည့်များမှာ ပိုမိုထူးဆန်းလာကြောင်း

သူမ ခံစားလိုက်ရ၏။

‘ဘုရားရေ…သူက အောက်ကို ကြည့်နေတာပဲ…’

သူမသည် ချက်ချင်းပင် သူမ၏ အင်္ကျီလည်ပင်းကို လက်ဖြင့် ဖုံးကွယ်လိုက်ပြီး ချန်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။

"နင်... နင် ကြည့်ခွင့်မရှိဘူးနော်..."

"ငါက မင်းရဲ့ အမာရွတ်တွေ ပျောက်သွားပြီလားလို့ ကြည့်ချင်ရုံ သက်သက်ပါ... အထူးသဖြင့် မင်းရဲ့ ကျောဘက်က အမာရွတ်ဆိုရင် မင်းကိုယ်တိုင်တောင် မြင်ရမှာ မဟုတ်ဘူးလေ... ငါတို့ မင်းရဲ့အခန်းထဲ သွားကြမလား... ငါ မင်းအတွက် စစ်ဆေးပေးပါ့မယ်... ဘယ်လိုလဲ..."

သူ စကားပြောရင်းနှင့် ရှန်ကွမ်ယွဲ့ထံသို့ လျှောက်သွားလိုက်ရင်း သူ၏လက်က သူမ၏ ခါးကို အလိုအလျောက် ဖက်တွယ်လိုက်သည်။

ရှန်ကွမ်ယွဲ့သည် သူမ၏ ခါးမှ သေနတ်တစ်လက်ကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး စားပွဲပေါ်ကို တင်လိုက်လေသည်။

“နင် ခုနက ဘာပြောလိုက်တာလဲ... နောက်တစ်ခေါက် ပြန်ပြောပြပါဦး..."

"ဘာ... ဘာမှမဟုတ်ပါဘူး..."

ချန်ဖုန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။ သူ၏လက်ကို အလျင်အမြန် ဖယ်ရှားလိုက်၏။

‘ရှန်ကွမ်ယွဲ့...နင်က တကယ်ကို ဟန်ဆောင်ကောင်းတာပဲ... ခုနလေးတင် နင်က ငါ့ရဲ့ စေ့စပ်ထားသူလို့ ပြောနေခဲ့ပြီး အခုကျတော့ ချက်ချင်း ငြင်းဆိုနေပြန်ပြီ…’ဒါပေါ့ သူ့အနေနဲ့ စိတ်ထဲမှာပဲ ပြောရဲတာလေ အပြင်မှာပြောလို့တော့ ဘယ်ဖြစ်ပါ့မလဲ…

ချန်ဖုန်း၏ အနေရခက်နေသော မျက်နှာအမူအရာကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့သည် စိတ်ထဲမှ မရယ်ဘဲ မနေနိုင်တော့ချေ။

"ငါ သွားတော့မယ်..."

ကောင်းကင်ကြီးသည် တဖြည်းဖြည်း မှောင်မိုက်လာခဲ့ပြီ ဖြစ်သည်။ ရှန်ကွမ်ယွဲ့သည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်၏။

အကယ်၍ သူမ အမြန်မထွက်သွားပါက အဘွားအိုယန်က သူမကို ယခုညတွင် ဤနေရာ၌ ဆက်နေစေရန် ဖိအားပေးလာနိုင်ပေသည်။

အဘိုးကြီးအိုယန်နှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် သူမသည်လည်း အိုယန်မိသားစု နေအိမ်မှ ထွက်ခွာသွားလေ၏။

…

နောက်တစ်နေ့။

ချန်ဖုန်းသည် အတော်လေး နောက်ကျမှ အိပ်ရာထခဲ့သည်။ ယွမ် ၅ ဘီလီယံ ရန်ပုံငွေ ထည့်ဝင်မှုနှင့်အတူ အိုယန်မိသားစုသည် ယခုအခါ လမ်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မိတ်ဖက်များ ပိုမိုများပြားလာခဲ့ပေ၏။

အဘိုးကြီးသည် သူ့အား ကုမ္ပဏီသို့ အလည်အပတ်သွားရန် အတင်းအကျပ် ခေါ်ဆောင်သွားခဲ့သည်။ အိုယန်မိသားစု ၏ ကုမ္ပဏီတွင်လည်း အဆောက်အအုံတစ်ခု ပိုင်ဆိုင်ထားပေ၏။

သို့သော် တည်နေရာမှာ အတော်လေး ခေါင်ပြီး အဆောက်အအုံတစ်ခုလုံးတွင် အထပ်နှစ်ဆယ်ခန့်သာ ရှိလေသည်။

တကယ်တော့ ဒီအရွယ်အစားဆိုရင် ပေ့ဟူမှာတော့ အတော်လေး ကြီးမားတဲ့ ကုမ္ပဏီတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ သို့သော် ကျိုတိုတွင်မူ ၎င်းမှာ လက်ခံနိုင်ရုံ အဆင့်လောက်သာ ရှိပေ၏။

ချန်ဖုန်းက"အဘိုး... အဘိုးရဲ့ ကုမ္ပဏီက ဇီဝနည်းပညာ သုတေသနကို အဓိက လုပ်တာလား..."ဟု မေးလိုက်သည်။

"ဟုတ်တယ်လေ..."

အဘိုးကြီးအိုယန်က ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။

"ကုမ္ပဏီရဲ့ လုပ်ငန်းနယ်ပယ်က တော်တော်ကျယ်ပြန့်ပေမဲ့ အဓိက အာရုံစိုက်တာကတော့ ဇီဝဗေဒဆိုင်ရာ သုတေသနပဲ... ဒီအတွက် ငွေကြေး အများကြီး လိုအပ်တယ်... မင်းရဲ့ ယွမ် ၅ ဘီလီယံသာ မရှိခဲ့ရင် အိုယန်မိသားစု က သေချာပေါက် ရပ်တည်နိုင်ခဲ့မှာ မဟုတ်ဘူး..."

"အော်... နားလည်ပါပြီ..."

လွန်ခဲ့သော လအနည်းငယ်က မျိုးဗီဇကိုယ်ပွားဖန်တီးခြင်း နည်းပညာ ကို သူ လဲလှယ်ရယူခဲ့ကြောင်းကို ချန်ဖုန်း ရုတ်တရက် သတိရသွားလေ၏။ ဤအရာသည်လည်း ဇီဝဗေဒဆိုင်ရာ သုတေသန ကဏ္ဍတွင် ပါဝင်ပေသည်။

ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်၏။

"ကျွန်တော့်ဆီမှာ အဘိုးအတွက် အသုံးဝင်မယ့် နည်းပညာတစ်ခု ရှိတယ်... တကယ်လို့ အဘိုးတို့သာ အဲဒါကို ကျွမ်းကျင်အောင် လုပ်နိုင်မယ်ဆိုရင် ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးက အဆပေါင်းများစွာ တိုးတက်လာလိမ့်မယ်..."

All Chapters