အခန်း ၂၈၀
Vol. 28 Ch. 280
အခန်း (၂၈၀) စနစ်က ထပ်ပြီး ဒုက္ခပေးပြန်ပြီ
တစ်ဖက်တွင်။
လဲ့ယန်က နယ်စပ်ပြင်ပ စစ်မြေပြင်တွင် ဖြစ်ပျက်ခဲ့သမျှကို ချန်ဖုန်းထံ အလျင်အမြန် သတင်းပို့လိုက်ပေသည်။
လဲ့ယန်က အလျင်အမြန် ပြောဆိုလိုက်၏။
"နန်းတော်သခင်... လွန်ခဲ့တဲ့ နာရီဝက်လောက်က ပိုင်ရိဟန်ကို အဖွဲ့အစည်း ဒါဇင်ပေါင်းများစွာက အမဲလိုက်ခဲ့ပေမဲ့ သူ့ရဲ့ ခွန်အားက တော်တော်လေး အစွမ်းထက်နေပြီဖြစ်လို့ သူ့ကို ဘယ်လိုမှ ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ဘူး..."
"ပြီးတော့ ဝမ်လျန်က သူ့ကို ခဏတာ လာတွေ့သွားတာကိုလည်း ကျွန်တော်တို့ တွေ့ရှိခဲ့တယ်..."
"ဘာတွေ အတိအကျ ပြောသွားလဲဆိုတာတော့ ဘယ်သူမှ မသိဘူး... သူတို့နှစ်ယောက်က အရမ်း အစွမ်းထက်လွန်းနေတယ်လေ...ကျွန်တော်တို့လူတွေက အနားကို မကပ်ရဲကြဘူး..."
"ဝမ်လျန် လား..."
ထိုသူသည် ပိုင်ရိဟန်နှင့် ရန်ငြိုးရှိနေကြောင်းကို ချန်ဖုန်း မှတ်မိနေခဲ့ပေ၏။
‘ဘယ်လိုလုပ် အကုန်လုံး ရောယှက်သွားပြန်တာလဲ…’
လဲ့ယန်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
"ဝမ်လျန် ထွက်သွားပြီးနောက် ပိုင်ရိဟန်လည်း ပျောက်ကွယ်သွားတယ်... သူ ဘယ်သွားလဲဆိုတာ ကျွန်တော်တို့ ခြေရာခံလို့ မရတော့ဘူး..."
"လောလောဆယ်တော့ သူ့ရဲ့ လက်အောက်ငယ်သားတွေကိုပဲ ကျွန်တော်တို့ ခြေရာခံနိုင်တယ်..."
"ဒါပေမဲ့ ကျွန်တော် မြင်ရသလောက်တော့ အဲဒီလူတွေက ဒီအချိန်အတွင်းမှာတော့ ဘာလှုပ်ရှားမှုမှ ဆက်လုပ်လာမှာ မဟုတ်ဘူး..."
"ဆက်ပြီး စုံစမ်းစစ်ဆေးထားပါ..."
ချန်ဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
တစ်ဖက်လူက ကြီးမားသော လှုပ်ရှားမှုတစ်ခုကို ထိန်းချုပ်ထားသကဲ့သို့ သူ အဆက်မပြတ် ခံစားနေရပေသည်။
သို့သော်... မည်သို့ပင်ဖြစ်စေ သူ၏လက်ထဲတွင် စနစ်ရှိနေပေ၏။
အကြွင်းမဲ့ ခွန်အား၏ရှေ့တွင် အကြံအစည်များနှင့် နည်းဗျူဟာများအားလုံးမှာ အချည်းနှီးသာ ဖြစ်သည်။
လာမည့်ရက်များအတွင်း၌။
အိုယန်မိသားစု၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရန်အတွက် ၎င်းတို့၏ ပတ်ဝန်းကျင်၌ ပုန်းအောင်းနေရန် အဇူရာနန်းတော်မှ အဖွဲ့ဝင် အချို့ကို ချန်ဖုန်း နေရာချထားလိုက်လေ၏။
ထို့နောက် သူသည် ကျန်းထျန်ရှန်းကို သွားရောက်တွေ့ဆုံခဲ့သည်။
သူသည် ကျိုတိုမြို့တွင် စီးပွားရေးစင်တာတစ်ခု တည်ဆောက်ရန်နှင့် ထျန်ဖုန်းလုပ်ငန်းစု၏ ရုံးချုပ်ကို ထိုနေရာသို့ ပြောင်းရွှေ့ရန် စီစဉ်ထားပေ၏။
လက်ရှိတွင် ရနိုင်သော မြေနေရာမရှိသဖြင့် ပြဿနာကို ဖြေရှင်းပေးရန် ကျန်းထျန်ရှန်းကိုသာ အားကိုးရတော့မည် ဖြစ်သည်။
ကျန်းထျန်ရှန်းမှာလည်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။
"မင်း မြေတစ်ကွက်ရအောင် ငါ ကူညီပေးလို့ရပါတယ်... ဈေးကလည်း မကြီးပါဘူး... ယွမ် သန်းခြောက်ရာ ဒါမှမဟုတ် ခုနစ်ရာလောက်ပဲ ရှိမှာပါ..."
"ဒါပေမဲ့ ဒီစီးပွားရေးစင်တာကို တည်ဆောက်ဖို့က အနည်းဆုံး ယွမ် ဘီလီယံ ၁၀၀ လောက် ကုန်ကျမှာ မဟုတ်ဘူးလား..."
"မင်းဆီမှာ အဲဒီလောက် ပိုက်ဆံ အများကြီး ရှိလို့လား..."
"ကျွန်တော် တွက်ကြည့်ရဦးမယ်..."
ချန်ဖုန်းက သူ၏ လက်ချောင်းများဖြင့် အလျင်အမြန် ရေတွက်ကာ ပြောလိုက်၏။
"အရင်တစ်ခေါက်တုန်းက ခင်ဗျားတို့ အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ အတွက် ယွမ် ၅၀ ဘီလီယံ ချပေးထားတယ်လေ... ကျွန်တော့်ရဲ့ ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ထုတ်ကုန်က ပထမအသုတ်မှာ ယွမ် ၉ ဘီလီယံ အမြတ်ရခဲ့တယ်..."
"ဒုတိယအသုတ်ကို အခု ကြိုတင်ရောင်းချနေပြီး လာမယ့်လမှာ ယွမ် ၄၀ ကနေ ၅၀ ဘီလီယံအထိ အမြတ်ရနိုင်မယ်လို့ ခန့်မှန်းထားတယ်..."
"ပြီးတော့ ကျွန်တော့်ရဲ့ ဆေးဝါးကုမ္ပဏီကလည်း အခု ထုတ်ကုန်တွေကို အမြောက်အမြား ထုတ်လုပ်နေပြီ..."
"လာမယ့်လအတွက် အမြတ်က ယွမ် ၆ ဘီလီယံ ကနေ ၇ ဘီလီယံအထိ ခန့်မှန်းထားတယ်..."
"လေကြောင်းလိုင်းတွေ၊ ဆေးရုံတွေနဲ့ ရုပ်ရှင်ကုမ္ပဏီတွေလည်း ရှိသေးတယ်..."
"..."
ကျန်းထျန်ရှန်းသည် သူ့ကို သေချာ ရိုက်နှက်ပစ်ချင်စိတ် ပေါက်သွားလေ၏။
‘သောက်…လခွမ်း…မင်းက စာရင်းတွက်ဖို့ ကြိုးစားနေတာလား... ဒါမှမဟုတ် လာကြွားနေတာလားဟ…’ဟု
စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
စစ်ဘက်ဆိုင်ရာဌာနတွင် ဝန်ကြီးတစ်ဦးအဖြစ် တစ်သက်လုံး နေသွားလျှင်ပင် သူ့အနေဖြင့် ထိုမျှလောက် ငွေအများကြီး ရှာနိုင်မည် မဟုတ်ချေ။
"ကောင်းပြီလေ... မင်းဆီမှာ ရန်ပုံငွေ ပြဿနာ မရှိဘူးဆိုတော့ မင်းဘာသာမင်း ဆုံးဖြတ်လိုက်ပါ... နောက်ကျရင် သူတို့ကို ငါ သတိပေးထားလိုက်မယ်... မင်းတို့ အသေးစိတ်ကို နောက်မှ ဆွေးနွေးကြပေါ့..."
ကျန်းထျန်ရှန်း၏ မျက်နှာအမူအရာ ရုတ်တရက် လေးနက်သွားပြီး ဆက်ပြောလိုက်သည်။
"နည်းပြချန်... မကြာသေးခင်က ထူးထူးခြားခြား မရှိခဲ့ပေမဲ့ နယ်စပ်က အခြေအနေကို မင်း သိပါတယ်..."
"ဒါပေမဲ့ နိုင်ငံဆယ်ခု မဟာမိတ်တပ် က သေချာပေါက် လက်လျှော့မှာ မဟုတ်ဘူး..."
"နောက်တစ်ကြိမ် သူတို့ တိုက်ပွဲစတင်တဲ့အခါ အဇူရာနန်းတော်ကိုပဲ ပစ်မှတ်ထားမှာ မဟုတ်လောက်ဘူး..."
"ဟွာရှနိုင်ငံ လည်း တိုက်ခိုက်ခံရလိမ့်မယ်..."
"မကြာသေးခင်က ငါတို့ ကုန်ကြမ်းတွေ စုဆောင်းနေခဲ့တယ်... မင်းက အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ နောက်ထပ် လေးစုံလောက် ထပ်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
"ခင်ဗျားတို့ ကုန်ကြမ်းတွေ အဆင်သင့်ရှိနေသရွေ့ ကျွန်တော် အချိန်မရွေး လုပ်ပေးနိုင်ပါတယ်..."
ချန်ဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
သူ၏ဖခင်မှာ စစ်ဘုရင်တစ်ဦး ဖြစ်ခဲ့ကြောင်း သိရှိပြီးကတည်းက ဟွာရှနိုင်ငံအပေါ် သူ၏ တာဝန်သိစိတ်က ပိုမို အားကောင်းလာခဲ့လေ၏။
'ငါတို့ဟွာရှနိုင်ငံကို စော်ကားတဲ့သူ ဘယ်လောက်ပဲ ဝေးဝေး သေချာပေါက် အပြစ်ပေးခံရမယ်' ဆိုတဲ့ စကားပုံတစ်ခု ရှိတယ်လေ…။
သူက အဇူရာနန်းတော်သခင် မဟုတ်လျှင်ပင်...သူ၏အမျိုးသမီးက စစ်ဘက်ဆိုင်ရာဌာန၏ အကြီးအကဲ မဟုတ်လျှင်ပင်…
ဟွာရှနိုင်ငံ အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် သူ စွမ်းဆောင်နိုင်သရွေ့ ရှေ့သို့ ထွက်ရပ်မည်သာ ဖြစ်ပေသည်။
ချန်ဖုန်းသည် စစ်ဘက်ဆိုင်ရာဌာနတွင် အချိန်အနည်းငယ် လှည့်လည်ကြည့်ရှုခဲ့သော်လည်း ရှန်ကွမ်ယွဲ့ကို မတွေ့ခဲ့ချေ။ သူမ ဘယ်ရောက်သွားမှန်း မည်သူမျှ မသိကြပေ။
ထို့နောက် မြေကိစ္စကို ယွင်ထင်ထံ လွှဲအပ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ နားမလည်သောအရာများစွာ ရှိနေသောကြောင့် ယွင်ထင်ကသာ ကိုင်တွယ်ရမည် ဖြစ်ပေသည်။
တစ်ခုတည်းသော ပြဿနာမှာ ယွင်ထင်သည် ပေ့ဟူမြို့မှ အလျင်အမြန် လာရောက်ရန် လိုအပ်နေခြင်းပင်။
မြို့တော်မှာ ဗီလာတစ်လုံး ဝယ်ဖို့ လိုလာပြီနဲ့ တူတယ်။
သို့မဟုတ်ပါက ယွင်ထင်နှင့် ရှန်ယန်းယန်းတို့ ကျိုတိုသို့ လာတိုင်း တည်းခိုစရာ နေရာမရှိ ဖြစ်နေပေလိမ့်မည်။
[ဒင်... ပိုင်ရှင်ရဲ့ စနစ်ပွိုင့်များ အရမ်းများပြားလာပါပြီ... စနစ်က Great Wall Real Estate ရဲ့ ရှယ်ယာ ၄၅ ရာခိုင်နှုန်းကို အလိုအလျောက် လဲလှယ်လိုက်ပါပြီ...]
[ဒင်... Great Wall Real Estate ရှယ်ယာ လဲလှယ်ခြင်း အောင်မြင်ပါတယ်... စနစ်ပွိုင့် ၂၀,၀၀၀ နှုတ်ယူလိုက်ပါပြီ...]
[ဒင်…ပိုင်ရှင် လက်ရှိ ကျန်ရှိသော စနစ်ပွိုင့်များ - ၄၃,၈၀၀]
"..."
ချန်ဖုန်း ချက်ချင်းပင် အံ့အားသင့် မှင်တက်သွားလေ၏။
“ချီးပဲ…စနစ်က ထပ်ပြီး ဒုက္ခပေးနေပြန်ပြီလား...
စနစ်ပွိုင့်တွေ အရမ်းများပြားလာတယ်
ဆိုတာ ဘာအဓိပ္ပာယ်လဲ...
ဒါဆို ငါက စနစ်ပွိုင့်တွေ မသုံးရင် မင်းကပဲ ငါ့ကိုယ်စား သုံးပေးလိုက်မယ်ပေါ့လေ…”
"စနစ်... ငါတို့ စကားနည်းနည်းလောက် ပြောကြမလား..."
"စနစ်ပွိုင့်တွေကို နှုတ်ယူတဲ့ စံနှုန်းက ဘာလဲဆိုတာ ငါ့ကို ပြောပြပါလား... ဒါဆို ငါ ရှာရတာ ပိုလွယ်လေလေ မင်းက ပိုနှုတ်လေလေပေါ့... ဟုတ်လား..."
"ပြီးတော့ နောက်တစ်ခါ ပစ္စည်းတွေ လဲလှယ်ရင် ကျေးဇူးပြုပြီး ငါ့ကို အသိပေးလို့ ရမလား..."
[ဒင်…ပိုင်ရှင်၏ လက်ရှိ တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်ပါ...]
"ငါ..."
ချန်ဖုန်းမှာ သွေးအန်တော့မတတ် ဆွံ့အသွားခဲ့ပေ၏။
ဒီစနစ်က ဘာလို့ ပိုပိုပြီး ဒုက္ခပေးလာရတာလဲ။
ဝိညာဉ်ဝင်ပူးသွားတာများလား။
လွန်ခဲ့သော လအနည်းငယ်ကလည်း စနစ်သည် သူ့ကို အကြိမ်အနည်းငယ် ဒုက္ခပေးခဲ့ဖူးပေသည်။ မကြာသေးမီကတော့ အတော်လေး တည်ငြိမ်နေခဲ့၏။
သို့သော် ဒီနေ့ ထပ်ပြီး ပြဿနာရှာလာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။
စနစ်ပွိုင့် ၂၀,၀၀၀ ကို Great Wall Real Estate ရှယ်ယာ ၄၅ ရာခိုင်နှုန်းနှင့် လဲလှယ်ရခြင်းက အတော်လေး တန်သည်ဟု ဆိုရမည် ဖြစ်သော်လည်း…
ဘာပဲဖြစ်ဖြစ် ဤကုမ္ပဏီ၏ စုစုပေါင်း ဈေးကွက်တန်ဖိုးမှာ ယွမ် ၆၀ ဘီလီယံမှ ၇၀ ဘီလီယံအထိ ရှိနေပေ၏။
ပြီးတော့ သူက ရှယ်ယာ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်ဆိုတော့ ယွမ် ၃၀ ဘီလီယံလောက် ပိုင်ဆိုင်ထားတာနဲ့ ညီမျှတယ်လေ။ အတော်လေး အမြတ်ထွက်တဲ့ အရောင်းအဝယ်တစ်ခုပါပဲ။
သို့သော် စနစ်၏ တစ်ခါတစ်ရံ ဒုက္ခပေးမှုက သူ့ကို တကယ်ပင် အနည်းငယ် စိုးရိမ်ပူပန်သွားစေခဲ့သည်။
“ထားလိုက်ပါတော့လေ…”
ချန်ဖုန်းက ခေါင်းခါလိုက်၏။
“ငါ စနစ်ပွိုင့်တွေ ပိုရှာထားမှရမယ်... မဟုတ်ရင် စနစ်က ဖြုန်းတီးဖို့တောင် လောက်မှာ မဟုတ်ဘူး…”
ချန်ဖုန်းက ဖုန်းကိုထုတ်ကာ Douyin (TikTok) ကို ဖွင့်လိုက်သည်။
နယ်စပ်သို့ နောက်ဆုံးအကြိမ် သွားပြီးကတည်းက သူ Douyin ကို အသုံးမပြုခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပေ၏။ လက်ရှိတွင် ချန်ဖုန်း၏ အကောင့်၌ Follower ဆယ်သန်းကျော် ရှိနေလေပြီ။
သို့သော်... အစ်ကိုဖုန်း၏ နာမည်ကျော်ကြားမှုမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။
သူသည် စစ်ဘက်ဆိုင်ရာဌာန ရုံးခန်းအတွင်း နေရာတစ်ခုကို ရှာတွေ့ပြီးနောက် Live လွှင့်နေသော ကောင်မလေးများထံသို့ လက်ဆောင်များ စတင်ပေးပို့လိုက်တော့၏။
"အို ဘုရားရေ... အစ်ကိုဖုန်း ထပ်ပေါ်လာပြီ... သူ ပြန်လာပြီဟေ့..."
"မင်းသိလား... မကြာသေးခင်က Douyin ပေါ်မှာ သူဌေးတစ်ယောက် ပေါ်လာပြီး သူ ဘယ်လောက် မိုက်တယ်ဆိုတာကို နေ့တိုင်း ကြွားလုံးထုတ်နေတာ..."
"ဒါပေမဲ့ သူပေးတဲ့ လက်ဆောင်ပမာဏကို ငါ စစ်ကြည့်တော့ စုစုပေါင်း ယွမ်သန်း ငါးဆယ်တောင် မပြည့်ဘူး... အစ်ကိုဖုန်းပေးတဲ့ ပမာဏရဲ့ အစွန်းထွက်လောက်တောင် မရှိဘူး..."
"မှန်တာပေါ့... အစ်ကိုဖုန်း ကမှ သူဌေးအစစ်... သူ လက်ဆောင်ပေးတာ ယွမ်သန်း ရာနဲ့ချီ ရှိနေပြီ..."
"ကောင်မလေးတွေ... ဘာရပ်လုပ်နေကြတာလဲ... မြန်မြန် Live လွှင့်ကြတော့လေ..."
ချန်ဖုန်း Douyin ပေါ် မတက်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့်လည်း ဖြစ်နိုင်ပေ၏။ သူက ပွဲတော် (Carnival) ဆယ်ခုကို လက်ဆောင်ပေးလိုက်ရုံဖြင့် Douyin ပေါ်တွင် ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
Douyin တွင် Live လွှင့်နေသူများအတွက် အစ်ကိုဖုန်း ဟူသော နာမည်သည် ငွေတွင်းကြီးတစ်ခုကဲ့သို့ပင်။ သူ ပေါ်လာတိုင်း နေရာတိုင်းတွင် ပွဲတော် (Carnival) များဖြင့် ပြည့်နှက်နေသကဲ့သို့ ဖြစ်နေပေ၏။
မကြာမီမှာပင် ချန်ဖုန်းသည် ရေပန်းစားမှု စာရင်းထဲသို့ ချက်ချင်း ရောက်ရှိသွားလေသည်။
ချန်ဖုန်းအတွက်တော့ လူမှုကွန်ရက်တွင် ရေပန်းစားမှု ဖြစ်ခြင်းမှာ ပုံမှန်ကိစ္စတစ်ခုကဲ့သို့ ဖြစ်လာခဲ့ပြီ ဖြစ်၏။
သူ့ကို စကားပြောစရာမဲ့ ဖြစ်သွားစေသောအရာမှာ... ရှာဖွေမှုတွင် ရေပန်းစားမှု ဖြစ်နေသော ခေါင်းစဉ်များက အနည်းငယ်…
《အံ့မခန်း... အစ်ကိုဖုန်း တစ်ညတည်းနဲ့ အမျိုးသမီး Live လွှင့်သူ ရာဂဏန်းနဲ့ တွေ့ဆုံခဲ့လို့ ကျောက်ကပ် အားနည်းသွားခဲ့ပြီး လဝက်အကြာမှ ခွန်အားပြန်လည်ပြည့်ဖြိုးလာ...》
ဤ Clickbait ခေါင်းစဉ်များအကြောင်းကို ချန်ဖုန်း ဘာမှမပြောချင်တော့ချေ။
ပွဲတော် (Carnival) တွေကို ဆက်ပြီး ပေးပို့နေလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူလိုချင်တာက စနစ်ပွိုင့်တွေပဲလေ…
[တန်ရှောင်ကျီ ထံမှ ကျေးဇူးတင်စကား ရရှိပါသည် +၅... စနစ်ပွိုင့် +၅ ရရှိပါသည်…]
[လိမ္မော်သီးလေး ထံမှ ကျေးဇူးတင်စကား ရရှိပါသည် +၁၀... စနစ်ပွိုင့် +၁၀ ရရှိပါသည်…]
[ရှောင်ရှူး ထံမှ ကျေးဇူးတင်စကား ရရှိပါသည် +၁၅... စနစ်ပွိုင့် +၁၅ ရရှိပါသည်…]
…