အခန်း (၂၀၅၂-၂၀၅၃)
Vol. 148 Ch. 2052-2053
အပိုင်း ၂၀၅၂ ပြန်ဆုတ်ခွာခြင်း
"ကျွန်တော့်ကို အားကိုးမှာလား"
ကျန်းရီ ကိုယ်တိုင်ပင် တမလွန်ဘုံဧကရာဇ်နှင့် လက်ရှိအခြေအနေအား မည်သို့ရင်ဆိုင်ရမလဲ မသိသလို ယုံကြည်ချက်လည်း မရှိချေ။ ယန်ကိုးပါး ကောင်းကင်ဧကရာဇ်တော့ လေလုံးထွားလိုက်လေပြီ။
"ကောင်း… ကောင်းကင်ဧကရာဇ်လား"
ချီလင်းအရှင်မသည် ဟိုဟိုဒီဒီ ကြည့်လိုက်ရင်း သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးမှာ တုန်ရီသွား၏။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ဒူးထောက်ခစားနေကြသည်ကို မြင်လျှင် ချီလင်းအရှင်မလည်း အမြန် ဒူးထောက်လိုက်၏။ သူတို့သုံးဦးစလုံး ပြိုင်တူ အရိုအသေပေးလိုက်ကြသည်။ "ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်"
ကျန်းရီလည်း ခါးကို အနည်းငယ် ကိုင်းညွတ်လိုက်၏။ ယန်ကိုးပါး ကောင်းကင်ဧကရာဇ်က ခေါင်းညိတ်၍ ပြောသည်။ "အခြေအနေတွေကို ငါ အတော်လေး နားလည်ထားပါတယ်... ကျန်းရီပြောတာ မှန်တယ်... မင်းတို့ ချက်ချင်း စစ်တပ်တွေ စုစည်းပြီး ကမ္ဘာဦးကောင်းကင်ဘုံကို အသေအလဲ ကာကွယ်သင့်တယ်... တခြားဘုံတွေကို ဖက်တွယ်ထားရင် မရှုမလှ အရေးနိမ့်သွားရုံပဲ ရှိမယ်... နောက်ဆုံးကျန်နေတဲ့ အင်အားလေးတောင် အမြစ်ပြတ်သွားလိမ့်မယ်"
"ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်အတိုင်းပါ"
ယန်ကိုးပါး ကောင်းကင်ဧကရာဇ်၏ ဉာဏ်ပညာကား တိုင်းဆမရနိုင်အောင် နက်ရှိုင်း ကျယ်ပြောလှချေသည်။ သူကိုယ်တိုင် ဝင်ပါသည့်အတွက် တပ်ဆုတ်ရန် မဆိုထားနှင့်၊ တမလွန်ဘုံသို့ စစ်ချီရန် အမိန့်ပေးလျှင်တောင်မှ ချီလင်းအရှင်မ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သူကား လူသားမျိုးနွယ်၏ အင်အားအကြီးဆုံး ဧကရာဇ်တစ်ပါး မဟုတ်ပါလော။
ယန်ကိုးပါး ကောင်းကင်ဧကရာဇ်၏ လက်ကျန်ဝိညာဉ် ထွက်ပေါ်လာသည်ကို မြင်လျှင် ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့မှာ ရေငတ်တုန်း ရေတွင်းထဲကျသွားသလို ခံစားလိုက်ကြရကာ စိတ်ပေါ့ပါးသွားကြသည်။ မှန်ပါသည်။ ယန်ကိုးပါး ကောင်းကင်ဧကရာဇ်၏ ဝိညာဉ် ကျန်ရှိနေသေး၏။ ကျန်းရီလည်း ရှိနေရာ လူသားမျိုးနွယ်အနေဖြင့် မျှော်လင့်ချက် ဥဿုံပျက်သုဉ်းသွားခြင်း မဟုတ်သလို တိုက်ခိုက်ရန် ခွန်အားလည်း ကျန်ရှိနေချေပြီ
"ကျန်းရီ"
ယန်ကိုးပါး ကောင်းကင်ဧကရာဇ်က ကျန်းရီကို ကြည့်ကာ အမိန့်ပေးလိုက်သည်။ "အခု စီစဉ်စရာရှိတာ စီစဉ်ပြီးရင် ကောင်းကင်တွင်းနက်ကြီးထဲ ဆင်းသွားတော့"
"ကောင်းကင်တွင်းနက်ကြီးထဲ ဆင်းရမယ်”
ထိုအခိုက်အတန့်တွင် ကျန်းရီ နားလည်သွား၏။ ယန်ကိုးပါး ကောင်းကင်ဧကရာဇ်သည် လျှပ်စီးဆန်းကြယ်မှုအပေါ် အလွန်တရာ ယုံကြည်မှုရှိနေပုံပင်။ ရွှေအရင်းအမြစ်ကိုသာ ရရှိနိုင်ပါက ဤလျှပ်စီးဆန်းကြယ်မှု အတတ်ပညာက အထွတ်အထိပ်သို့ ရောက်သွားနိုင်ပြီး အတိုက်အခိုက်စွမ်းရည်မှာလည်း လုံးလုံးလျားလျား ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်သည်။
"ဒီက ကိစ္စတွေကိုတော့ ခင်ဗျားတို့ကိုပဲ အပ်ထားခဲ့ပါမယ်... ကျွန်တော် ထွက်လာတဲ့အထိ တောင့်ခံထားပေးကြပါ"
ကျန်းရီလည် ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့ကို မှာကြားကာ ပျံသန်းထွက်ခွာသွား၏။ ဟယ်နုန်ယင်းမှာ လိုက်သွားချင်သော်လည်း ချီလင်းအရှင်မအတွက် အင်အားလိုအပ်နေချေသည်။ ကူညီရန် နေခဲ့ခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်ရင်း ကျန်းရီ ထွက်ခွာသွားသည်ကိုသာ ငေးကြည့်နေခဲ့သည်။
ဝှစ်…
ယန်ကိုးပါး ကောင်းကင်ဧကရာဇ်က ကျန်းရီ၏ နဝမမြောက်ကြယ်စက်လုံးထဲသို့ ဝင်ရောက်သွားသည်။ ကျန်းရီသည် ပင်မခန်းမထဲမှ ထွက်လာပြီး နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ဆီသို့ ပျံသန်းသွား၏။ ချီလင်းအရှင်မ၏ အသံက ရှေးမနှောင်းမှာပင် ပျံ့လွင့်လာသည်။ = "နေရာရွှေ့ပြောင်း မန္တန်အစီအရင်ကို အသက်သွင်းလိုက်... ကမ္ဘာဦးကောင်းကင်ဘုံကိုလည်း သတင်းပို့ထားကြ... ကျန်းရီကို မတားဆီးစေနဲ့"
ဝီ…
နေရာရွှေ့ပြောင်း မန္တန်အစီအရင် အသက်ဝင်လာပြီးနောက် ကျန်းရီ နေရာရွှေ့ပြောင်း ထွက်ခွာသွားသည်။ ချီလင်းအရှင်မ၏ အသံက ထပ်မံထွက်ပေါ်လာပြန်၏။ "စစ်သူကြီး အကုန်လုံး အတွင်းခန်းမထဲ လာခဲ့ကြပါ... အရေးပေါ် စစ်ရေးကိစ္စတွေ ဖြစ်နေပြီ"
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ထွက်မသွားခင် ဤကာလအတွင်း စစ်ရေးကိစ္စမှန်သမျှအား ချီလင်းအရှင်မမှ ဦးဆောင်ကွပ်ကဲမည်ဖြစ်ကြောင်း မှာကြားထားခဲ့သည်မဟုတ်လော။ ချီလင်းအရှင်မသည် ယခင်တည်းက ဩဇာအာဏာရှိသူ ဖြစ်ချေရာ မိုးပြာမဟာဧကရာဇ်နှင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးတို့ မရှိချိန်၌ သူမ၏အမိန့်အား မည်သူမှ မဆန့်ကျင်ရဲကြပေ။
ချီလင်းအရှင်မက စစ်သူကြီးအားလုံး ဆင့်ခေါ်ကာ အမိန့်များ တရစပ် ထုတ်ပြန်လိုက်သည်။ စစ်သူကြီး အတော်များများမှာ သံသယများဖြင့် စိတ်ထင့်နေကြသော်လည်း ချီလင်းအရှင်မ၏ အမိန့်ကိုတော့ မလွန်ဆန်ရဲကြချေ။
သတင်းစကားများစွာက နှင်းပွင့်များအလား ဘုံအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ ကောင်းကင်ဘုရင်ဝေအပါအဝင် ကောင်းကင်ဘုရင် ၃၆ ပါးက ချီလင်းအရှင်မ၏ တံဆိပ်ပြားကို သယ်ဆောင်လျက် ဘုံအသီးသီးသို့ သွားကြ၏။ လူသားမျိုးနွယ်ကို ပြောင်းရွှေ့ခြင်း၊ အရင်းအမြစ်များနှင့် တပ်ဖွဲ့များကို ရွှေ့ပြောင်းခြင်းစသဖြင့် စတင်ဆောင်ရွက်ကြသည်။
အမိန့်များ ဘုံအသီးသီးသို့ ပျံ့နှံ့သွားလျှင်ချင်း ဆူညံပွက်လောရိုက်ကုန်သည်။ ဘုံအသီးသီးရှိ ပြည်သူပြည်သားများမှာ ယခင်တည်းက ပြဿနာကြီးတစ်ခု ဖြစ်ပွားနေကြောင်း ခန့်မှန်းမိခဲ့ကြသောကြောင့် စိုးရိမ်ထိတ်လန့်နေခဲ့ကြလေသည်။ ယခု ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်လည်ပြောင်းရွှေ့ရန် ဖြစ်လာသည့်အခါ အခြေအနေ မည်မျှဆိုးရွားကြောင်း အတည်ပြုလိုက်သကဲ့သို့ပင်။
သို့သော် မိသားစုငယ်များစွာသည် ဘုံအသီးသီးတွင် ဧရာမနယ်မြေများနှင့် မရေမတွက်နိုင်သော အရင်းအမြစ်များအပေါ် ထိန်းချုပ်ထားကြ၏။ အရာအားလုံးကို စွန့်ပစ်၍ ရုတ်တရက် ပြောင်းရွှေ့ခိုင်းသည့်အခါ ထုံးစံအတိုင်း ဆူပုအုံကြွလာတော့သည်။
သူတို့သည် ဖုန်းဆိုးမြေများကို ခက်ခက်ခဲခဲ ရှင်းလင်းချဲ့ထွင်၍ မြို့များ တည်ဆောက်ခဲ့ကြရ၏။ အရင်းအမြစ် ပေါများသော နယ်မြေများတွင် စစ်တပ်များနှင့် ပြည်သူများကို နေရာချထားခဲ့ရသည့်အတွက် အဖိုးအခများစွာ ပေးခဲ့ရလေသည်။ အမြတ်မရခင်မှာပင် ပြန်လည်ဆုတ်ခွာရမည်တဲ့လော။ ဤသည်က အရာအားလုံးကို ဆုံးရှုံးလိုက်ရခြင်းပင်။ မိသားစုငယ်များအနေဖြင့် မည်သို့ ကျေနပ်နိုင်မည်နည်း။
ထို့ကြောင့် အမိန့်ဖီဆန်၍ စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်ကြရာ နေရာအတော်များများ၌ အဓိကရုဏ်းများနှင့် ပုန်ကန်မှုများ ပေါ်ပေါက်လာခဲ့သည်။
ချီလင်းအရှင်မက သတင်းများ ပြန်ကြားရသည်နှင့် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ မဆုတ်ခွာလိုသူများကို ချန်ထားခဲ့ပြီး ဆုတ်ခွာခြင်းနှင့် စစ်တပ်ကို နှောင့်ယှက်လာသူတိုင်းအား ချေမှုန်းနှိမ်နင်းရန် ဖြစ်သည်။
ချီလင်းအရှင်မ၏ အမိန့်ကား အတော်လေး ထိရောက်၏။ ပြဿနာရှာသော မိသားစုငယ်များ၏ ခေါင်းဆောင်အချို့ အသတ်ခံလိုက်ရသဖြင့် အဓိကရုဏ်းများ ချက်ချင်း ငြိမ်သက်သွားသည်။ ဆုတ်ခွာလိုသူများက စစ်တပ်နှင့်အတူ လိုက်ပါဆုတ်ခွာကြပြီး မဆုတ်ခွာလိုသူများကတော့ နေခဲ့ကာ သေမည့်အချိန်ကိုသာ စောင့်နေကြသည်။
စစ်တပ်ကြီးက သေမည့်အချိန်ကို စောင့်နေကြရန် မပြောခဲ့သော်လည်း ပင်မအင်အားကြီး ဆုတ်ခွာသွားပြီ မဟုတ်လော။ ကျန်ခဲ့သော မိသားစုငယ်များနှင့် သာမန်ပြည်သူများအတွက် သေဖို့စောင့်ရုံမှလွဲ၍ အခြားအဓိပ္ပာယ် မရှိချေ။ အဆင့်နိမ့် တမလွန်ဘုံသားအချို့ ရောက်လာပါက သူတို့ကို အလွယ်တကူ သတ်ဖြတ်သွားနိုင်သေးသည်။
ကမ္ဘာဦးကောင်းကင်ဘုံ၌ ပို၍ပင် ဆူညံပွက်လောရိုက်နေသည်။ ဘုံအားလုံးနှင့် ဆန်းကြယ်နယ်မြေတို့မှ စစ်တပ်များနှင့် ပြည်သူပြည်သားများက တရစပ် ဆုတ်ခွာလာကြသောကြောင့် ဤအခြေအနေက ကမ္ဘာဦးကောင်းကင်ဘုံ၏ လေထုကို အတော်လေး ဖိစီးလေးလံနေစေသည်။ မြို့တိုင်းရှိ မိသားစုဝင်များနှင့် သာမန်ပြည်သူများမှာ စိုးရိမ်ပူပန်နေမိကြတော့သည်။
ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ခဲ့ရသည့် ဘုံအားလုံးကို ယခု စွန့်လွှတ်လိုက်ရပါသည်လော။
မိုးပြာမဟာဧကရာဇ်၊ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် အခြားသူများက စစ်တပ်ကြီးကို ဦးဆောင်၍ တမလွန်ဘုံသို့ ဝင်ရောက်သွားခဲ့သော်လည်း မည့်သည့်သတင်းမှ မကြားရချေ။ ထိုအစား ချီလင်းအရှင်မက လူသားမျိုးနွယ်နှင့် စစ်တပ်အားလုံးကို ပြန်လည်ဆုတ်ခွာစေခဲ့၏။ ဘုံအားလုံးကို အမှန်တကယ် စွန့်လွှတ်လိုက်ခြင်းလော။
မည်သည်တို့ ဖြစ်ပျက်နေပါသနည်း။
မိုးပြာမဟာဧကရာဇ်နှင့် စစ်တပ်ကြီးတစ်ခုလုံး ချေမှုန်းခံလိုက်ရခြင်းလား။
ချေမှုန်းမခံရပါက ပင်ပင်ပန်းပန်း တိုက်ခိုက်သိမ်းပိုက်ခဲ့သော ဘုံများကို စွန့်လွှတ်မည် မဟုတ်ချေ။ ဤဘုံများကို စွန့်လွှတ်လိုက်ခြင်းက လူသားမျိုးနွယ် ပြန်လည်ထူထောင်နိုင်မည့် မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။
ချီလင်းအရှင်မသည် မည်သည့်ရှင်းလင်းချက်မှ မထုတ်ပြန်ခဲ့ချေ။ ဘုံတစ်ဘုံလုံးအား စစ်အုပ်ချုပ်ရေး ကြေညာ၍ အဓိကရုဏ်း ဖြစ်ပွားပါက ချက်ချင်း နှိမ်နင်း၏။ ကောလာဟလဖြန့်ခြင်းနှင့် ပြဿနာရှာခြင်းတို့ကို တင်းတင်းကြပ်ကြပ် တားဆီးထားသည်။ ဖီဆန်သူတိုင်း သေဒဏ်ပေးခံရလိမ့်မည်။
ဘုံများ၊ ဆန်းကြယ်နယ်မြေများ၊ ပြည်သူများ၊ စစ်တပ်များနှင့် အရင်းအမြစ်များက အလွန့်အလွန့် များချေသည်။ နေရာရွှေ့ပြောင်း မန္တန်အစီအရင်က အဆက်မပြတ် ရွှေ့ပြောင်းပေးနေသော်လည်း အားလုံးရောက်လာရန် အချိန်အတော်ကြာပေလိမ့်မည်။
ထို့အပြင် ရွှေ့ပြောင်းလာသော ပြည်သူများကို နေရာချရုံသာမက မြို့တိုင်း တည်ငြိမ်စေရန်၊ သူလျှိုများ ဖယ်ရှားရန်နှင့် အရာအားလုံး ငြိမ်သက်အောင် ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ကမ္ဘာဦးကောင်းကင်ဘုံရှိ စစ်သူကြီးများနှင့် တပ်မှူးများမှာ အတော်လေး အလုပ်များနေကြသည်။
ကျန်းရီကား စောစီးစွာ ရွှေ့ပြောင်းရောက်လာခဲ့သည်။ သူက ကောင်းကင်တွင်းနက်ကြီးထဲသို့ ချက်ချင်း မဆင်းဘဲ ဟင်းလင်းပြင်အလွန်သို့ ထွက်ခွာသွားခဲ့သည်။ ပထမဆုံးအနေဖြင့် ကောင်းကင်မိစ္ဆာဘုံ၏ အခြေအနေအား သွားရောက်စစ်ဆေးရန် လိုအပ်၏။ ဒုတိယအနေဖြင့် ကောင်းကင်ဘုံခုံရုံးရှိ လူများအား ထိုနေရာသို့ ပို့ဆောင်ရပေမည်။
ကောင်းကင်တွင်းနက်ကြီးထဲသို့ ယခုတစ်ကြိမ် ဆင်းသက်ခြင်းမှ မည်သည်သို့ ဖြစ်ပွားလာနိုင်သည်လဲ မည်သူမှ မသိချေ။ ကောင်းကင်တွင်းနက်ကြီးထဲတွင် ကောင်းကင်ဧကရာဇ်နှင့် ယှဉ်နိုင်သည့် ထူးဆန်းသော သားရဲကြီးတစ်ကောင် ရှိနေ၏။ ဆင်းသွားပြီး ပြန်မထွက်လာနိုင်လျှင်ရော။ ကောင်းကင်မိစ္ဆာဘုံက မဝေးလှချေ။ ကောင်းကင်ဘုံခုံရုံးဖြင့် အလျင်အမြန် အသွားအပြန် လုပ်နိုင်ပေသည်။ ထို့ကြောင့် ကျန်းရီအနေဖြင့် အခြားလူများ ထိခိုက်နစ်နာမှု မရှိစေရန် သေချာစီစဉ်ထားချင်၏။
ချီလင်းအရှင်မ၏ အမိန့်ကြောင့် မည်သူမှ ကျန်းရီကို မတားဆီးကြချေ။ သူသည် ဟင်းလင်းပြင်အလွန်သို့ အလွယ်တကူ နေရာရွှေ့ပြောင်းသွားပြီး ကောင်းကင်ဘုံခုံရုံးဖြင့် အဆိပ်မိစ္ဆာ မရဏနယ်မြေသို့ ပျံသန်းသွားသည်။
အဆိပ်မိစ္ဆာ မရဏနယ်မြေက ကမ္ဘာဦးကောင်းကင်ဘုံနှင့် မဝေးချေ။ ကောင်းကင်ဘုံခုံးရုံး၏ အမြန်နှုန်းကလည်း မြန်ဆန်လွန်းသဖြင့် နာရီနှစ်ဆယ်ကျော် ကြာပြီးနောက် အဆိပ်မိစ္ဆာ မရဏနယ်မြေသို့ ရောက်လာခဲ့သည်။ အနီးတစ်ဝိုက်၌ ကင်းထောက်များ မရှိကြောင်း အာရုံခံ အတည်ပြုပြီးနောက် ကျန်းရီက ကောင်းကင်ဘုံခုံရိုးကို သိမ်းဆည်းကာ အဆိပ်မိစ္ဆာ မရဏနယ်မြေထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ချောက်နက်ထဲ ခုန်ချကာ ကောင်းကင်မိစ္ဆာဘုံသို့ ရောက်သွား၏။
ကောင်ကင်မိစ္ဆာဘုံသို့ ရောက်လာသော်လည်း နဂါးတောင်ကြားသို့ ရောက်ရှိခြင်း မဟုတ်ပေ။ ကောင်းကင်ဘုံခုံရုံးဖြင့် ထိုနေရာသို့ ဆက်လက် ပျံသန်းသွားရဦးပေမည်။ သို့သော် နီးကပ်လွန်းသောကြောင့် ကျန်းရီသည် ဆယ်နာရီ အကြာတွင် နဂါးတောင်ကြားသို့ ရောက်လာခဲ့၏။
ဝှစ်
နဂါးတောင်ကြားကား တိတ်ဆိတ်ငြိမ်သက်ကာ အေးချမ်းနေသည်။ ကျင့်ကြံသူတို့က ကျင့်ကြံနေပြီး အခြားသူများက စကားစမြည် ပြောနေကြ၏။ ရီဖျောင်ဖျောင်သည် ကလေးငယ်တစ်ဦး၏ လက်ကို ဆွဲလျက် ခြံဝင်းအတွင်း၌ အေးအေးလူလူ ထိုင်နေသည်အား ကျန်းရီ ကောင်းကင်အာရုံဖြင့် အာရုံခံလိုက်မိသည်။ မိုဟွိုက်စန်း၊ ရီချန်နှင့် စုလော့ရွှယ်တို့က ဘေးမှ အဖော်ပြုပေးနေကြ၏။
ကောင်းကင်ဘုံခုံရုံး နဂါးတောင်ကြားတွင် ထွက်ပေါ်လာသည်နှင့် နဂါးတောင်ကြားအတွင်း ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ မရေမတွက်နိုင်သော လူများက ကောင်းကင်သို့ ပျံတက်လာပြီး ကျန်းရီကို ကြိုဆိုကြ၏။ ကျန်းရီက လူတချို့ကို ဦးဆောင်လျက် ကောင်းကင်ဘုံခုံရုံးထဲမှ ထွက်လာကာ ရင်းနှီးနေသော မျက်နှာများကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် အတော်လေး ကျေနပ်နေမိသည်။
သူ ကြိုးစားပန်းစား ကျင့်ကြံ၍ အသက်စွန့်ခဲ့ခြင်းက မိသားစုဝင်များ၊ မျိုးနွယ်ဝင်များနှင့် မိတ်ဆွေများ ကောင်းကောင်းမွန်မွန် နေထိုင်ရန်အတွက်သာ ဖြစ်သည်။ ပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင်ပါက ခြေသလုံးအိမ်တိုင်ဖြင့် ဒုက္ခခံ လှည့်လည်သွားလိုသူ ရှိမည်မဟုတ်ချေ။
အပိုင်း ၂၀၅၃ တွင်းနက်ကြီးထဲ ပြန်လည်ဝင်ရောက်ခြင်း
ကလေးငယ်မှာ ကျန်းရီလျှို၏ ကလေးဖြစ်ပြီး ရီဖျောင်ဖျောင်က ရတနာလေးတစ်ပါးသဖွယ် အလိုလိုက်ထား၏။ ကျန်းရီလျှိုမှာလည်း များစွာ ပြောင်းလဲသွားလေပြီ။ မကြာခဏ တံခါးပိတ်ကျင့်ကြံလေ့ရှိသလို မိုဟွိုက်စန်းနှင့် ဆက်ဆံရေးမှာလည်း အလွန်တရာ ကောင်းမွန်နေချေသည်။
ကောင်းကင်မိစ္ဆာဘုံကား အတော်လေး ငြိမ်းချမ်းနေ၏။ ရီဖျောင်ဖျောင်နှင့် ချမ်ဝမ်ကွမ်းတို့ ရှိနေသည့်အပြင် မီးမြေခွေးဧကရာဇ်နှင့် ပူနီဧကရာဇ်တို့က ကျန်းရီ၏ ဝိညာဉ်ကျွန်များဖြစ်ကြသောကြောင့် အပြည့်အဝ သစ္စာရှိကြသည်။
ဝိညာဉ်ကျွန် မဟုတ်လျှင်တောင်မှ ကျန်းရီကို မည်သည့်မိစ္ဆာကမှ မဖီဆန်ရဲကြချေ။ ကျန်းရီသည် ကောင်းကင်ဧကရာဇ်၏ အမွေဆက်ခံသူဖြစ်သည့်အပြင် အတိုက်အခိုက်စွမ်းရည်က ဧကရာဇ်အဆင့်များနှင့်ပင် ယှဉ်နိုင်သည်မဟုတ်ပါလော။
ကျန်းရီက ကောင်းကင်မိစ္ဆာဘုံရှိ မျိုးနွယ်အားလုံးကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည်။ ကျန်းရီ ရှိနေသရွေ့ ကောင်းကင်မိစ္ဆာဘုံ၌ မည်သည့်စစ်မီးမှ တောက်လောင်မည်မဟုတ်ချေ။ လူသားမျိုးနွယ်တချို့ကို ရွှေ့ပြောင်းခေါ်ဆောင်လာသော်လည်း အခြားမျိုးနွယ်စုများ၏ အရင်းအမြစ်ကို လုမယူကြပေ။ ကျန်းရီ၌ အရင်းအမြစ်များ မလိုအပ်သည့်အပြင် ကောင်းကင်ဘုံခုံရုံး၌ အရာအားလုံး ရှိချေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျန်းရီသည် မျိုးနွယ်စုများအား ရတနာနှင့် ဝိညာဉ်ဆေးလုံးများပင် ချီးမြှင့်ခဲ့သေး၏။ ကောင်းကင်မိစ္ဆာဘုံရှိ ကျန်းရီ၏ လက်ရှိဩဇာအာဏာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး မည်သည့်မိစ္ဆာကမှ မပုန်ကန်ရဲပေ။
ကျန်းရီသည် ကောင်းကင်မိစ္ဆာဘုံ၌ ခပ်ကြာကြာ မနေချေ။ ရီဖျောင်ဖျောင်တို့နှင့် နာရီအနည်းငယ်ကြာ စကားစမြည် ပြောပြီးနောက် လိုအပ်သည်တို့ မှာကြားကာ အလျင်စလို ထွက်ခွာသွား၏။
သူ သွားမည့်နေရာကို မပြောခဲ့သလို အပြင်ရှိ အခြေအနေများကိုလည်း အသိမပေးခဲ့ပေ။
သို့သော် ယခုတစ်ကြိမ်တွင် ပူနီဧကရာဇ်၊ မီးမြေခွေးဧကရာဇ်နှင့် ထျန်းဖုန့်ဧကရာဇ်တို့ကို ခေါ်ဆောင်သွားသည်။ ထိုမျှသာက ချီသံသားရဲ တစ်ကောင်ကိုလည်း ချန်ထားခဲ့၏။ ၎င်းက ချီသံသားရဲငယ်ဖြစ်ပြီး ရီဖျောင်ဖျောင်၏ အမိန့်ကို နာခံရန် မှာကြားခဲ့သည်။ ၎င်းချီသံသားရဲ၏ အတိုက်အခိုက်စွမ်းရည်ကို ဧကရာဇ်အဆင့်အောက် မည်သူမှ မယှဉ်နိုင်ချေ။
ကျန်းရီ ဤသို့ လုပ်ဆောင်ရခြင်းမှာ အကြောင်းအရင်း ရှိသည်။ သူ အပြင်တွင် သေဆုံးသွားခဲ့လျှင်တောင်မှ ရီဖျောင်ဖျောင်နှင့် အခြားသူများသည် ချီသံသားရဲအားကိုးကြောင့် မိစ္ဆာမျိုးနွယ်အပေါ် ဖိနှိပ်ထိန်းချုပ်ထားနိုင်ပေလိမ့်မည်။ ကြိုတင်ကာကွယ်ထားခြင်းက အရေးကြုံလာမှ လှုပ်ရှားခြင်းထက် ကောင်းမွန်၏။
ကျန်းရီက အားလုံးကို ထားရစ်ခဲ့သည်။ သူ ဘာမှမပြောသော်လည်း အခြေအနေ၏ လေးနက်မှုကို အားလုံး ခံစားမိကြသဖြင့် မည်သူမှ ပြဿနာ မရှာရဲကြချေ။ ကျန်းရီ၏ ဆုံးဖြတ်ချက်ကို လက်ခံ၍ တိတ်တဆိတ်သာ စောင့်ကျန်ခဲ့ကြသည်။
ကျန်းရီက ကမ္ဘာဦးကောင်းကင်ဘုံသို့ တန်းတန်းမတ်မတ် ပျံသန်းဝင်ရောက်သွားသည်။ ထိုမှတဆင့် အမှောင်နယ်မြေသို့ ရောက်သည်အထိ နေရာရွှေ့ပြောင်းကာ ကောင်းကင်တွင်းနက်ကြီးထံ တိုက်ရိုက်ပျံသန်းသွားချေသည်။
ယခုတစ်ကြိမ်တွင်တော့ မည်သူမှမသိရန် ဝိညာဉ်လျှပ်တံစွမ်းရည်ဖြင့် ရုပ်ဖျက်ထား၏။ ယွင်ပင်း၏နောက်လိုက် ဘုရင်အဆင့် စစ်သူကြီးတစ်ဦးအဖြစ် ရုပ်ဖျက်ထားပြီး ကောင်းကင်ဘုရင်ဝေ ပေးသည့် တံဆိပ်ပြားကို ကိုင်ဆောင်ထားရာ တော်တန်ရုံဖြင့် သတိမထားမိကြချေ။
ယခုတစ်ကြိမ်တွင် သူက ယခင်တစ်ခေါက်ကဲ့သို့ တုံးအစွာဖြင့် တန်းခုန်မချခဲ့ပေ။ ထျန်းဖုန့်ဧကရာဇ်၊ ပူနီဧကရာဇ်နှင့် မီးမြေခွေးဧကရာဇ်တို့ကို ကောင်းကင်တွင်းနက်ကြီးထိပ်၌ စောင့်ကြပ်စေ၍ ပြန်ထွက်လာနိုင်ရန် လမ်းကြောင်းတစ်ခု ထားခဲ့သည်။
အောက်ခြေရှိ ထိတ်လန့်ဖွယ်ရာ သားရဲကြီး၏ အတိုက်အခိုက်စွမ်းရည်မှာ ကောင်းကင်ဧကရာဇ်အဆင့်အထိ ရောက်နေချေပြီ။ မိစ္ဆာဧကရာဇ် သုံးပါးလုံး ဆင်းသွားလျှင်တောင်မှ အသုံးဝင်မည် မဟုတ်ချေ။ ကောင်းကင်တွင်းနက်ကြီးထိပ်မှ ပြန်ထွက်လာမည့် လမ်းကြောင်းကို စောင့်ကြပ်ခြင်းက ချုံခိုတိုက်ခိုက်ခံရမှုမှ ကာကွယ်နိုင်ပေလိမ့်မည်။
ဝှစ်
ကျန်းရီက အနက်ရောင်ကြိုးတစ်ချောင်းကို ဆွဲကိုင်ရင်း ဆင်းသက်သွားကာ ကောင်းကင်တွင်းနက်ကြီးထဲသို့ အလျင်အမြန် ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ ထျန်းဖုန့်ဧကရာဇ်နှင့် အခြားဧကရာဇ်နှစ်ပါးလည်း ကောင်းကင်တွင်းနက်ကြီး အနီးတွင် ဂူငယ်လေးတစ်ဂူ တူး၍ ကျန်းရီ ပြန်အလာ သို့မဟုတ် ကျဆုံးသွားမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ကျန်ခဲ့ကြသည်။
"ဟွင့်သွမ်ပိုးကောင်တွေ အများကြီးပဲ"
ကောင်းကင်တွင်းနက်ကြီးထဲ ရောက်သည်နှင့် အောက်တွင် ဟွင့်သွမ်ပိုးကောင်များဖြင့် ပြည့်နှက်နေပြီး သူ့ထံသို့ အစုလိုက်အပြုံလိုက် တိုးဝင်လာကြသည်ကို ကျန်းရီ တွေ့လိုက်ရသည်။ ကောင်းကင်ဝါးမြိုသားရဲလေး ထိန်းချုပ်ထားခဲ့သည့် ဟွင့်သွမ်ပိုးကောင်အားလုံး ပျောက်ကွယ်နေလေပြီ။ အားလုံး အစားခံလိုက်ရခြင်း ဖြစ်နိုင်၏။
"ရှောင်မုန့်... ထွက်လာပြီး အလုပ်လုပ်တော့"
ကျန်းရီ အော်ဟစ်လိုက်ရာ ကောင်းကင်ဝါးမြိုသားရဲလေးက အလင်းတန်းအဖြစ် ထွက်ပေါ်လာပြီး ဟွင့်သွမ်ပိုးကောင်များကို စတင် ယဉ်ပါးစေသည်။ ကောင်းကင်ဝါးမြိုသားရဲလေးသည် မကြာသေးမီက မိုးမြေအရင်းအမြစ်တချို့ကို စုပ်ယူထားခဲ့သဖြင့် အနည်းငယ် ကြီးထွားလာခဲ့၏။ လက်မောင်းတစ်ဖက်အရွယ်ထက် ပို၍ ကြီးမားလာသောကြောင့် ယဉ်ပါးစေသည့် အမြန်နှုန်းကလည်း ပို၍ မြန်လာခဲ့သည်။
ကောင်းကင်တွင်းနက်ကြီးထဲရှိ ဟွင့်သွမ်ပိုးကောင်များကို ယဉ်ပါးစေပြီးနောက် သားရဲလေးသည် ၎င်းတို့ကို ထိန်းချုပ်၍ လမ်းဖောက်ပေး၏။ ကျန်းရီလည်း ကောင်းကင်တွင်းနက်ကြီး အောက်ခြေရှိ မြေအောက်ပင်လယ်ဆီသို့ လျှောက်သွားသည်။
ကောင်းကင်ဝါးမြိုသားရဲလေး ရှိနေသဖြင့် ခရီးက အလွန်တရာ ချောမွေ့သော်လည်း ကျန်းရီ၏ စိတ်မှာတော့ အတော်လေး လေးလံနေသည်။ ထိုသားရဲကြီးသည် ယခင်က စိတ်ကောင်းပြ၍ လိုက်လံ မသတ်ဖြတ်ခဲ့သော်လည်း ကောင်းကင်ဧကရာဇ်အဆင့် သားရဲကြီး ဖြစ်ချေသည်။ တိုက်ခိုက်လာပါက မရှုမလှ သေရမည်ကို ကျန်းရီ ကြောက်နေမိ၏။
ပြဿနာမှာ ကျန်းရီ၌ ရွေးချယ်စရာ လမ်းမရှိတော့ချေ။ ရှိသမျှနေရာတိုင်း၌ ရှာဖွေခဲ့သော်လည်း ရွှေအရင်းအမြစ်ကို ရှာမတွေ့ခဲ့ချေ။
တမလွန်ဘုံဧကရာဇ် ပေါ်ထွက်သည့်အပြင် မိုးပြာမဟာဧကရာဇ်မှာလည်း ဒုက္ခရောက်နေလေပြီ။ သန်းခြောက်ဆယ်သော လူသားမျိုးနွယ် စစ်သည်များနှင့် အင်အားကြီးပုဂ္ဂိုလ်များအတွက် အပြန်လမ်း မရှိနိုင်တော့ချေ။ သူ့အတိုက်အခိုက်စွမ်းရည်ကို တဟုန်ထိုး တိုးတက်အောင် မစွမ်းဆောင်နိုင်ပါက လူသားမျိုးနွယ်ကား လွတ်လမ်း မရှိတော့ပေ။
ကမ္ဘာဦးကောင်းကင်ဘုံ ကျဆုံးသွားပါက ကမ္ဘာငယ် ခုနစ်ခု၊ မရေမတွက်နိုင်သော ကမ္ဘာများ၊ ကောင်းကင်ကြယ်စုဘုံနှင့် ကောင်းကင်မိစ္ဆာဘုံတို့အလှည့် ရောက်လာပေလိမ့်မည်။
၎င်းကို သမိုင်းကြောင်းက သက်သေပြနေ၏။
တမလွန်ဘုံမျိုးနွယ်တို့ ဖြတ်သန်းသွားသည့် နေရာတိုင်း၌ မည်သည်မှ မပေါက်ရောက်နိုင်ချေ။ လူသားမျိုးနွယ်အားလုံး တမလွန်ကျေးကျွန်များအဖြစ် ပြောင်းလဲခံရ၍ အလောင်းကောင်များ ဖြစ်သွားကြပေလိမ့်မည်။ လူသားမျိုးနွယ် မျိုးသုဉ်း၍ ကပ်လောက တစ်ခုလုံးတွင် “လူသား”ဟူသော စကားလုံးပင် ရှိတော့မည် မဟုတ်။
မျိုးသုဉ်းခြင်း။
ဤလောကမှ ဖယ်ရှားခံလိုက်ရခြင်းပင်။
မည်သည့်လူသားမှ မြင်တွေ့ချင်သည့် ကိစ္စမဟုတ်ချေ။ မျိုးနွယ်တိုင်း၌ ရှင်သန်ခွင့် ရှိသင့်သည်။ တမလွန်ဘုံမျိုးနွယ်သည် မိစ္ဆာမျိုးနွယ်များထက် ကြောက်မက်ဖွယ်ကောင်း၏။ မိစ္ဆာမျိုးနွယ်သာ တစ်လောကလုံးကို စိုးမိုးပါက လူသားမျိုးဆက်ကို ချန်ထားပေးလိမ့်မည်။ သို့သော် တမလွန်ဘုံမျိုးနွယ်ကတော့ လူသားအားလုံးကို တမလွန်ကျေးကျွန်များ၊ အလောင်းကောင်များအဖြစ် ပြောင်းလဲပစ်မည် ဖြစ်၏။
လက်ရှိအချိန်၌ ကျန်းရီသည် သူ၏မိသားစုဝင်များ၊ မျိုးနွယ်ဝင်များ၊ မိတ်ဆွေများအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သလို ကောင်းကင်ကြယ်စုဘုံ၊ မြေဘုံ၊ ကောင်းကင်မိစ္ဆာဘုံနှင့် လူသားမျိုးနွယ် တစ်ခုလုံးအတွက်ပါ တိုက်ပွဲဝင်နေရချေသည်။ သူ့တွင် အချိန်မရှိပေ။ အသက်စွန့်၍ ကောင်းကင်တွင်းနက်ကြီးထဲ ဆင်းသက်လျှင် ဆင်းသက်၊ မဆင်းသက်လျှင် သေရမည်ဖြစ်၏။
နီးလာပြီ…ရောက်တော့မယ်
မြေအောက်ပင်လယ်နှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ကျန်းရီ၏ နှလုံးခုန်သံမှာ ပိုပို၍ မြန်ဆန်လာခဲ့သည်။ သေမင်းဆီ လျှောက်သွားနေသည့် စစ်သည်တော် တစ်ဦးအလား ခံစားနေမိ၏။ သေမင်းမျက်စိအောက်တွင် သေမင်း၏ တံစဉ်းကို လုယူ၍ ကျားခံတွင်းထဲမှ သွားကို နှုတ်ယူရပေမည်။
ပေတစ်သောင်း၊ ပေငါးထောင်၊ ပေတစ်ထောင်၊ ပေတစ်ရာ။
အရှေ့မှ အဆုံးအစမရှိ ကျယ်ပြောလှသော မြေအောက်ပင်လယ်ကြီးကို ကြည့်ရင်း ကျန်းရီ၏ နှလုံးသားမှာ အံ့ဩဖွယ်ကောင်းစွာဖြင့် တည်ငြိမ်နေသည်။
ထိုသားရဲကြီးကား ပြိုင်ဘက်ကင်းသည်။ ယန်ကိုးပါး ကောင်းကင်ဧကရာဇ်၏ လက်ကျန်ဝိညာဉ်နှင့် ချီဟုန်တို့ ထွက်လာပြီး ရှိသမျှ နည်းလမ်းအားလုံးကို အသုံးပြုလျှင်တောင်မှ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ သားရဲကြီး သူ့ကို တိုက်ခိုက်လာပါက သေရမည်သာ။
ထို့ကြောင့် ကြောက်ရွံ့နေ၍ အသုံးမဝင်။ စိုးရိမ်ပူပန်နေပါကလည်း မည်သည်မှ ဖြစ်လာမည်မဟုတ်။ ယခု သူသည် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ချေ။ တည်ငြိမ်နေသော နှလုံးသားနှင့်အတူ ခိုင်မာပြတ်သားစွာဖြင့် မြေအောက်ပင်လယ်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားနေသည်။
"ရွှီး..."
ရွှံ့နှစ်များထဲမှ မရေမတွက်နိုင်သော ဟွင့်သွမ်ပိုးကောင်များ အလုအယက် ထွက်ပေါ်လာကြသည်။ ကောင်းကင်ဝါးမြိုသားရဲလေးက ကျန်းရီ၏ ပခုံးတွင် ကပ်နေ၏။ ၎င်း၏ဦးချိုမှ ရွှေရောင်အလင်းတန်းများ အဆက်မပြတ် တောက်ပကာ တိုးဝင်လာနေသည့် ဟွင့်သွမ်ပိုးကောင်များကို ယဉ်ပါးနေစေသည်။ ထို့နောက် ၎င်းတို့ကို ကျန်းရီ၏ ပတ်ပတ်လည်၌ ဝန်းရံနေစေသည်။
ထို့ကြောင့် အနောက်ဘက်မှ ကြည့်လျှင် ဤမြင်ကွင်းကို တွေ့မြင်နိုင်ပေလိမ့်မည်။ ကျန်းရီက ပင်လယ်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားနေပြီး မရေမတွက်နိုင်သော ဟွင့်သွမ်ပိုးကောင်များက သူ့ထံ တိုးဝင်လာကြ၏။ သို့သော် ကျန်းရီအရှေ့ ရောက်သည်နှင့် ပြိုကွဲသွားပြီး သူ့အတွက် လမ်းခင်းပေးနေသည့်အလား ဖြစ်နေတော့သည်။
ပင်လယ်ကား မဝေးတော့ချေ။
ခြေလှမ်းရာဂဏန်းမျှ လျှောက်လာပြီးနောက် ကျန်းရီ ကမ်းစပ်သို့ ရောက်လာခဲ့သည်။ သို့သော် သူက အလောတကြီး ဝင်မသွားဘဲ ခါးကိုင်းဦးညွတ်၍ လေးနက်စွာ နှုတ်ဆက်လေသည်။ "ကျွန်တော်က ကပ်လောကရဲ့ လူသားမျိုးနွယ် ကျန်းရီပါ... လူသားမျိုးနွယ်ဟာ မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်... ကျွန်တော့် အတိုက်အခိုက်စွမ်းရည် တိုးတက်ဖို့ ပင်လယ်ထဲက ရွှေအရင်းအမြစ်တချို့ကို စုပ်ယူဖို့ လိုအပ်နေပါတယ်... အနှောင့်အယှက် ပေးမိသလို ဖြစ်သွားရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါခင်ဗျာ"
ကျန်းရီ၏ အသံက ကောင်းကင်စွမ်းအားကြောင့် ပင်လယ်ပြင်တလျှောက် ပဲ့တင်ထပ်သွား၏။ သို့သော် ပင်လယ်မှာ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ သားရဲကြီး ထွက်ပေါ်မလာသလို မည်သည့် စကားသံမှလည်း ထွက်ပေါ်မလာခဲ့ချေ။
ကျန်းရီလည်း အမွှေးတိုင်တစ်တိုင်စာမျှ စောင့်ပြီးနောက် ခြေတစ်လှမ်း လှမ်း၍ ရွှံ့နှစ်များထဲ ဝင်ရောက်သွား၏။
ထိုအခိုက်အတန့်တွင် ပင်လယ်ထဲရှိ ရွှံ့နှစ်များက ပင်လယ်ရေအလား အဆက်မပြတ် ဆူပွက်လာသည်။ လှိုင်းတံပိုးကြီးများ ပေါ်ထွက်မလာသော်လည်း အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုက ပင်လယ်ထဲမှ နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ ကျန်းရီ တစ်ကိုယ်လုံးမှာ ရေခဲကန်ထဲ ကျသွားသည့်အလား အေးစက်သွားတော့သည်။
ဧရာမ ဗုံကြီးတစ်လုံးကို တီးခတ်လိုက်သကဲ့သို့ လေးလံလှသော အသံကြီးတစ်သံက ကျန်းရီ၏ ဝိညာဉ်ထဲတွင် တအုန်းအုန်း ပဲ့တင်ထပ်လာသည်။ "ဟွင့်သွမ်ရေကန်ထဲ ဝင်လာရဲတယ်ပေါ့လေ… သေပေတော့"