အခန်း (၂၀၅၄-၂၀၅၅)
Vol. 148 Ch. 2054-2055
အပိုင်း ၂၀၅၄ ရွေးချယ်စရာမရှိသော အခြေအနေ
သားရဲကြီးသည် ခန္ဓာအစစ်အမှန်ကို ထုတ်ဖော်မပြသလို ခေါင်းပင် ပြူမထွက်လာခဲ့ချေ။ သို့သော် အသံလှိုင်းပို့လွှတ်၍ ဆက်သွယ်လာ၏။ ၎င်းက ကျန်းရီကို ထိတ်လန့်စေမည့်အစား ဝမ်းသာသွားစေသည်။ သားရဲကြီး အသံလှိုင်းပို့လွှတ်လာခြင်းက မည်သည့်အဓိပ္ပါယ်နည်း။
သားရဲကြီး၏ အသိဉာဏ်က အလွန်တရာ မြင့်မားသလို ယခင်တစ်ကြိမ်က ပြသခဲ့သည့် စိတ်ကောင်းစေတနာမှာလည်း အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနေသည်။ ထိုသို့မဟုတ်ပါက ဤမျှ အစွမ်းထက်သည့် ဖြစ်တည်မှုကြီးအနေဖြင့် သူ့အပေါ် စေတနာကောင်းစရာ မလိုချေ။
အသံလှိုင်း ပို့လွှတ်လာသဖြင့် ဆွေးနွှေးညှိနှိုင်းနိုင်ချေ ရှိ၏။ သားရဲကြီးက ချက်ချင်း မတိုက်ခိုက်ဘဲ ခြိမ်းခြောက်လာသဖြင့် အသက်ရှင်ရန် မျှော်လင့်ချက် ရှိပေသည်။
သူသည် နောက်မဆုတ်သလို လှုပ်လည်း မလှုပ်ဘဲ လက်ယှက်ကာ လျှောက်တင်သည်။ "အရှင်... ကျွန်တော့်မှာ စော်ကားလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး... ပင်လယ်ထဲက ရွှေအရင်းအမြစ် တချို့ကိုပဲ ယူချင်တာပါ... ရွှေအရင်းအမြစ် ရတာနဲ့ ချက်ချင်း ထွက်သွားပါ့မယ်"
သားရဲကြီးက စကားပြန်မပြောသလို မည်သည့်အသံမှလည်း ထွက်ပေါ်မလာဘဲ ကျန်းရီကို အသံတိတ် သတိပေးနေပုံပင်။ ယခင်စကားက ကျန်းရီကို ခြောက်လှန့်နေခြင်း မဟုတ်ဘဲ ထပ်လှုပ်ရှားပါက အမှန်တကယ် ညှာတာမည် မဟုတ်ကြောင်း ပြသနေသည်။
ကျန်းရီ အမွှေးတိုင်တစ်တိုင်စာမျှ စောင့်ဆိုင်းလိုက်သည်။ သားရဲကြီး လှုပ်ရှားမလာသည်ကို မြင်လျှင် အံကြိတ်၍ ထပ်ပြောလိုက်၏။ "အရှင်၊ ဒီကိစ္စက လူသားမျိုးနွယ် တစ်ခုလုံးရဲ့ အသက်သွေးကြောနဲ့ သက်ဆိုင်နေပါတယ်... အရှင့်ကို စော်ကားရုံကလွဲပြီး ကျွန်တော့်မှာ ရွေးချယ်စရာ မရှိပါဘူး… ကျွန်တော့်ကို သတ်ချင်တယ်ဆိုရင်လည်း သေဖို့အသင့်ပါပဲ"
ကျန်းရီက စကားအဆုံးတွင် ပြတ်သားစွာဖြင့် ရှေ့သို့ ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည်။ ရွှံ့နှစ်များကဲ့သို့ ပင်လယ်ရေ၏ ပင့်တင်အားက ပြင်းထန်လွန်းသဖြင့် ကျန်းရီမှာ ၎င်းအပေါ်တွင် ပေါလောပေါ်နေတော့သည်။
"သေစမ်း"
ခပ်ဩဩ ဟိန်းဟောက်သံကြီး တစ်သံ ထွက်ပေါ်လာပြီး ရေနက်ပိုင်းရှိ ရွှံ့နှစ်များ ဆူပွက်လာသည်။ ထို့နောက် ငါးကြင်းမြီးကြီးကဲ့သို့ ဧရာမ အမြီးကြီးတစ်ခုက ရုတ်တရက် ထိုးထွက်လာ၏။ ၎င်းက ဟင်းလင်းပြင်ကို အက်ကွဲသွားစေသည့်အပြင် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားတို့ဖြင့် ကျန်းရီအား အပြင်းအထန် ရိုက်ချလိုက်သည်။
ကျန်းရီမှာ ပင့်သက်ရှိုက်လိုက်မိသည်။ ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ သေရေးရှင်ရေး အန္တရာယ်တစ်ခု ပေါ်လာသည်။ ထိုအန္တရာယ်က အတုအယောင် မဟုတ်ချေ။ သူသာ ခုခံခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း မပြုပါက တစ်ခဏအတွင်း အမှုန့်ကြိတ်ခံရပေလိမ့်မည်။
"ကောင်လေး"
ချီဟုန်မှာ စိုးရိမ်ပူပန်သွားပြီး ဤတိုက်ခိုက်မှုကို ကာကွယ်ပေးလိုသဖြင့် ကျန်းရီထံ အသံလှိုင်း ပို့လွှတ်လိုက်သည်။ သို့သော် ကျန်းရီက အလျင်အမြန် တားသည်"မလှုပ်နဲ့"
ထိုအခိုက်အတန့်တွင် ယန်ကိုးပါး ကောင်းကင်ဧကရာဇ်သည် တည်ငြိမ်နေဆဲဖြစ်ပြီး ဝင်မပါချေ။ ထွက်မလာမလို စကားတစ်ခွန်းမှလည်း မဟပေ။ ကျန်းရီက ယန်ကိုးပါး ကောင်းကင်ဧကရာဇ်၏ အသိစိတ်အား ယုံကြည်ရန် ရွေးချယ်လိုက်ရင်း လက်ယှက်အရိုအသေပြုလျက် မလှုပ်ရှားဘဲ အသေခံရန် စောင့်နေလိုက်သည်။
ဝှစ်
ဧရာမ အမြီးကြီးက တုံ့ဆိုင်းမနေဘဲ လေကို ခွင်းလျက် ကျန်းရီ၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။ ကျန်းရီမှာ နောက်ဆုံးအခိုက်အတန့်၌ သက်ပြင်းချလိုက်မိ၏။ ဤအမြီးကြီးကား ရပ်တန့်သွားမည့် အရိပ်အယောင် မရှိချေ။ ဤတစ်ကြိမ် သူ၏ လောင်းကြေးထပ်မှုက မှားယွင်းသွားပုံပင်။
ဘုန်း
ကျန်းရီ ပြင်းထန်စွာ လွင့်ထွက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ကြေမွသွားတော့သည်။ ကျန်းရီ၏ နောက်ဆုံး ကျန်ရှိသော အသိစိတ်အရ သူ့တစ်ကိုယ်လုံး စိစိညက်ညက် ကြေသွားသည့်အပြင် ဝိညာဉ်ပါ ပြိုလဲပျောက်ကွယ်သွားကြောင်း သိလိုက်ရ၏။
"နေပါဦး"
ရုတ်တရက် ကျန်းရီ လန့်နိုးလာသည်။ ခန္ဓာကိုယ် စိစိညက်ညက် ကြေ၍ ဝိညာဉ်ပါ ပြိုလဲသွားပါက အသိစိတ် ကျန်ရစ်မည် မဟုတ်ချေ။ အဘယ်ကြောင့် သူ့ခန္ဓာကိုယ် ကြေမွသွားသည်ကို မျက်မြင်ကိုယ်ကျ တွေ့မြင်နေရသနည်း။
သူ အသည်းအသန် မျက်လုံးဖွင့်ကြည့်လိုက်ရာ ထိုအမြီးကြီး ရုတ်တရက် ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ သူကိုယ်တိုင်မှာလည်း ပင်လယ်ကမ်းစပ်တွင် အကောင်းပကတိအတိုင်း ရပ်နေသေး၏။
"ကြောက်စရာကောင်းလိုက်တာ"
ကျန်းရီ စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားသလို နဝမမြောက်ကြယ်စက်လုံးထဲရှိ ချီဟုန်ပင် အလွန်တရာ အံ့ဩမှင်သက်သွားတော့သည်။ ထိုအမြီးကြီး၏ တိုက်ခိုက်မှုက အစစ်အမှန်ဖြစ်ကြောင်း စောစောကလေးတင် ခံစားလိုက်ရသလို ကျန်းရီ အမှုန့်ဖြစ်သွားသည်ကိုလည်း သူ တွေ့လိုက်ရ၏။
ယန်ကိုးပါး ကောင်းကင်ဧကရာဇ် တစ်ဦးတည်းသာ ဟန်မပျက်ခဲ့ချေ။ ထိုအမြီးကြီးက အတုဖြစ်ကြောင်း သူလည်း မသိခဲ့ပေ။ သို့သော် သားရဲကြီး၏ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းသည့်တိုင် အသတ်အဖြတ်စိတ်ဆန္ဒ မပါသည်ကိုတော့ ခံစားမိခဲ့သည်။
ယန်ကိုးပါး ကောင်းကင်ဧကရာဇ်က ကျန်းရီထံ အသံမပို့လွှတ်ခဲ့ချေ။ ကျန်းရီမှာ တစ်ခဏ တုံ့ဆိုင်းနေပြီးနောက် နောက်တစ်ကြိမ် ဦးညွှတ်ကာ ကျေးဇူးတင်သည်။ "အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ”
ထိုသားရဲကြီးက ရှူးခနဲ နှာမှုတ်၍ အသံပို့လွှတ်လိုက်သည်။ "မင်းက ဒီလောကမှာ မိုးမြေအရင်းအမြစ်တွေကို စုပ်ယူနိုင်တဲ့ တစ်ဦးတည်းသောသူပဲ… ရှားပါးပါရမီရှင်လို့ ပြောလို့ရတယ်... ငါ မင်းအသက်ကို အခုတော့ ချမ်းသာပေးလိုက်မယ်... ရွှေအရင်းအမြစ်ကို ရယူဖို့ကတော့ အဲဒီလောက် မရိုးရှင်းဘူး... အချက်နှစ်ချက်ကို သဘောတူရမယ်"
"ဘယ်လိုအချက်လဲဗျ"
ကျန်းရီ တက်ကြွသွား၏။ အချက်နှစ်ချက် မပြောနှင့် တစ်ရာဆိုလျှင်တောင်မှ သူ သဘောတူပေလိမ့်မည်။ ရွှေအရင်းအမြစ်ကိုသာ ရခဲ့ပါက သူ၏ လျှပ်စီးအတတ်များသည် အထွတ်အထိပ်အထိ ရောက်သွားနိုင်ပြီး အတိုက်အခိုက်စွမ်းရည်မှာလည်း တဟုန်ထိုး တိုးတက်လာနိုင်သည်မဟုတ်လော။
"ပထမအချက်"
အသံက ဆက်လက်ထွက်ပေါ်လာသည်။ သို့သော် သားရဲကြီး၏ တောင်းဆိုချက်အား ကျန်းရီ နားမလည်ချေ။ "တစ်နေ့နေ့ မင်း မသေမျိုးဘုံတံခါးကို ဖွင့်နိုင်ခဲ့ရင် ငါ့ကိုပါ ခေါ်သွားဖို့ ရှိသမျှ နည်းလမ်းအားလုံးနဲ့ ကြိုးစားပေးရမယ်... ကျရှုံးခဲ့ရင် မင်းတို့ လူသားမျိုးနွယ်တစ်ခုလုံးကို မျိုးသုဥ်းသတ်ဖြတ်ပစ်မယ်"
"မသေမျိုးဘုံတံခါးတဲ့လား..."
ကျန်းရီမှာ မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်မိသည်။ ယင်းက အမှန်တကယ် တည်ရှိပါသည်လော။
အမှန်တကယ် တည်ရှိပြီး သူ မသေမျိုးဘုံသို့ ဝင်ခွင့်ရလျှင်တောင်မှ လူနှင့် သားရဲများကို ခေါ်သွားနိုင်သည်လား။ ခေါ်မသွားနိုင်ခဲ့လျှင်ရော။ ဤသားရဲကြီး သောင်းကျန်းလာပါက လူသားမျိုးနွယ် ကျိန်းသေပေါက် ပျက်စီးသွားပေလိမ့်မည်။
ကျန်းရီ တွေဝေတုံ့ဆိုင်းနေစဉ် ယန်ကိုးပါး ကောင်းကင်ဧကရာဇ်က ရုတ်တရက် အသံပို့လွှတ်လာသည်။ "သူတောင်းဆိုတာကို သဘောတူလိုက်... ဒါပေမဲ့... တမလွန်ဘုံဧကရာဇ်ကို ရင်ဆိုင်တဲ့အချိန်ကျ ပြန်ကူညီပေးရမယ်လို့ ပြောလိုက်"
"ဟုတ်ကဲ့"
ကျန်းရီ၏ မျက်လုံးများ တောက်ပလင်းလက်သွားသည်။ ယန်ကိုးပါး ကောင်းကင်ဧကရာဇ်၏ အကြံပြုချက်က ကောင်းမွန်လှပေသည်။ ဤသားရဲကြီးသာ တိုက်ခိုက်ပေးရန် သဘောတူပါက အနိုင်ရနိုင်ခြေက များစွာ အားကောင်းလာပေလိမ့်မည်။ ဤသားရဲကြီး၏ အတိုက်အခိုက်စွမ်းရည်က ကောင်းကင်ဧကရာဇ်များနှင့် ယှဉ်နိုင်သည် မဟုတ်ပါလော။
မှန်ပါသည်။ ကျန်းရီက သူ့တောင်းဆိုချက်ကို ချက်ချင်း ထုတ်မပြောခဲ့ချေ။ တစ်ခဏကြာ တွေးတောဟန်ပြုကာ ခေါင်းညိတ်လိုက်၏။ "ကျွန်တော် သဘောတူပါတယ်... ကျွန်တော်သာ မသေမျိုးဘုံတံခါးကို ဖွင့်နိုင်ခဲ့ရင် အရှင့်ကို ခေါ်သွားနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ ကြိုးစားပါ့မယ်... ဒါနဲ့ အရှင်... မသေမျိုးဘုံဆိုတာ တကယ်ရော ရှိလို့လား"
"မသေမျိုးဘုံတံခါး ရှိမှတော့ မသေမျိုးဘုံလည်း ရှိမှာပေါ့... ဘာများ ထူးဆန်းလို့လဲ"
သားရဲကြီးက အေးစက်စက် ပြန်ဖြေပြီးနောက် အသံပို့လွှတ်လာသည်။ "အခု မင်း သိဖို့မလိုသေးတဲ့ အရာတွေ အများကြီးရှိတယ်... အဲဒီအဆင့်ရောက်အောင် ကျင့်ကြံနိုင်မှ ဆက်ပြောကြတာပေါ့... အခု ဒုတိယအချက်ကို ပြောမယ်"
သားရဲကြီး၏ ပေါ့ပေါ့ပါးပါး စကားတို့က ကျန်းရီနှင့် ချီဟုန်တို့၏ ဝိညာဉ်အား လှုပ်ခတ်သွားစေသည်။ သားရဲကြီး၏ လေသံအရ မသေမျိုးဘုံကား အမှန်တကယ် ရှိနေပုံပင်။ ဤသားရဲကြီးသည် မသေမျိုးဘုံအကြောင်း ကောင်းကောင်းသိထားပုံ ရ၏။ သူ၏ဇာစ်မြစ်က မသေမျိုးဘုံများလော။
မသေမျိုးဘုံ။
ဒဏ္ဍာရီလာ အထွတ်အမြတ် နယ်မြေတစ်ခုပင်။ ထိုနေရာရှိ ပုဂ္ဂိုလ်အားလုံးမှာ အစစ်အမှန် အင်မော်တယ်များ ဖြစ်ကြပြီး မသေနိုင်သည့် ခန္ဓာကိုယ်များဖြင့် ထာဝရ ရှင်သန်နိုင်ကြသူများ ဖြစ်သည်။ လက်တစ်ချက် ဝှေ့ရမ်းလိုက်ရုံဖြင့် တစ်လောကလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားများ ပိုင်ဆိုင်ထားကြ၏။
"ဒုတိယအချက်"
သားရဲကြီးက ထပ်မံ အသံလှိုင်းပို့လာသဖြင့် ကျန်းရီ၏ အတွေးစများ ပြတ်တောက်သွားတော့သည်။ သားရဲကြီးက ဆက်ပြော၏။ "မင်း ဒီ ဟွင့်သွမ်စွမ်းအင်တွေကို စုပ်ယူနိုင်မယ့်နည်းလမ်း ရှာရမယ်... မစုပ်ယူနိုင်ဘူးရင်တော့ မင်းတစ်ဘဝလုံးကို ငါနဲ့အတူ ဒီနေရာမှာ ကုန်ဆုံးရလိမ့်မယ်"
"ဟွင့်သွမ်စွမ်းအင်”
ကျန်းရီလည်း မျက်တောင်ခတ်၍ ရွှံ့နှစ်နှင့်တူသော ပင်လယ်ရေများကို လက်ညှိုးထိုးကာ မေးလိုက်သည်။ "ဒါတွေကို ပြောတာလား"
"ဟုတ်တယ်"
သားရဲကြီးက ပြန်ဖြေ၏။ "မင်း လိုချင်တဲ့ ရွှေအရင်းအမြစ်က ဟွင့်သွမ်စွမ်းအင် အောက်မှာပဲ... စုပ်ယူချင်ရင် ဟွင့်သွမ်စွမ်းအင်ကို ဖြတ်သန်းသွားရမယ်... မင်း ဝင်သွားလို့ရအောင် ငါ အပေါက် ဖောက်ပေးလို့ရတယ်... ရွှေအရင်းအမြစ်တင်မကဘူး မိုးမြေအရင်းအမြစ် မျိုးစုံရှိတယ်.. မင်း စိတ်တိုင်းကျ စုပ်ယူလိုက်ပေါ့... ဒါပေမဲ့ ဝင်ဖို့ လွယ်သလောက် ပြန်ထွက်ဖို့ကတော့ ဟွင့်သွမ်ချီစွမ်းအင်တွေကို စုပ်ယူမှရလိမ့်မယ်… မဟုတ်ရင် ငါ မင်းကို ဒီအထဲမှာ သေတဲ့အထိ ပိတ်လှောင်ထားရလိမ့်မယ်... သဘောတူလား"
"ဒါက..."
ကျန်းရီ တွေဝေသွားမိသည်။ ဤသားရဲကြီးသည် မည်သည်ကိုမှ ဖုံးကွယ်မထားဘဲ အရာအားလုံးကို ပြတ်ပြတ်သားသား ရှင်းပြနေချေသည်။ ကျန်းရီ ရွှေအရင်းအမြစ်ကို စုပ်ယူချင်ပါက ဟွင့်သွမ်စွမ်းအင်အောက်သို့ သွားရပေလိမ့်မည်။ ဝင်ရန် လွယ်ကူသော်လည်း ပြန်ထွက်ဖို့ကတော့ ခက်ခဲ၏။ ကျန်းရီသာ ဟွင့်သွမ်စွမ်းအင်ကို မစုပ်ယူနိုင်ပါက အတွင်း၌ ပိတ်မိနေပေလိမ့်မည်။
အတွင်း၌ ပိတ်မိနေခြင်းက ပြဿနာ မဟုတ်ပေ။
တမလွန်ဘုံဧကရာဇ်သည် စစ်တပ်ကြီးဖြင့် အချိန်မရွေး လာရောက် တိုက်ခိုက်နိုင်ခြင်းက ပြဿနာဖြစ်၏။ လူသားမျိုးနွယ်မှာ ပျက်စီးလုဆဲဆဲ အနေအထားသို့ ရောက်နေချေသည်။ သူသာ အထဲတွင် လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ်ခန့် ပိတ်မိနေပါက ပြန်ထွက်လာချိန်တွင် လူသားမျိုးနွယ်မှာ မျိုးသုဉ်းပျောက်ကွယ်နေလိမ့်မည်။ ထိုအချိန်မှ တမလွန်ဘုံဧကရာဇ်ကို သတ်ဖြတ်နိုင်ပါက မည်သည့်အဓိပ္ပာယ်မှ မရှိတော့ချေ။
"လောင်းကြေးထပ်လိုက်တာပေါ့"
ကျန်းရီလည်း အမွှေးတိုင်သုံးတိုင်စာမျှ တွေးတောပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။ "ကောင်းပါပြီ အရှင်… ကျွန်တော် ဝင်သွားဖို့ ဒီဟွင့်သွမ်စွမ်းအင်တွေကို ဖောက်ပေးပါတော့"
ရွှေအရင်းအမြစ် မရရှိပါက ကျန်းရီအနေဖြင့် အတိုက်အခိုက်စွမ်းရည် တဟုန်ထိုး တိုးတက်လာရန် မျှော်လင့်ချက် မရှိချေ။ အခြေအနေများအရ တမလွန်ဘုံဧကရာဇ်သည် တစ်လအတွင်း ရောက်လာနိုင်၏။ သူ့တွင် အချိန်မရှိတော့သဖြင့် လောင်းကြေးထပ် စွန့်စားရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။
အပိုင်း ၂၀၅၅ ပြန်လာကြပြီ
"ကောင်းပြီ"
သားရဲကြီး၏ ဩရှရှအသံ ထွက်ပေါ်လာပြီးနောက် ဧရာမအမြီးကြီးက ပင်လယ်ပြင်အား တိုးထွက်လာသည်။ ၎င်းက ပင်လယ်ရေကို လှုပ်ရှားသွားစေသော်လည်း ဟွင့်သွမ်စွမ်းအင်တို့ဖြင့် လှိုင်းလုံးကြီးများ ထမလာသလို အပေါက်တစ်ပေါက်လည်း ပေါက်မသွားချေ။
ကျန်းရီ တစ်ခဏ ကြည့်နေပြီး ရုတ်တရက် သဘောပေါက်သွားသည်။
ဤသားရဲကြီး သူ့အပေါ် စိတ်ကောင်းထား၍ မသတ်သည်မှာ အံ့ဩစရာ မရှိချေ။ အဘယ်ကြောင့်ဆိုသော် သားရဲကြီးမှာ ဟွင့်သွမ်ရေကန်ထဲတွင် ပိတ်မိနေသောကြောင့် ဖြစ်၏။ မသတ်ဘဲ စိတ်ကောင်းထားနေခြင်းမှာ ကျန်းရီ ဟွင့်သွမ်ရေကန်အား ဖောက်ထွက်၍ သူ့အား ကယ်တင်ရန် မျှော်လင့်နေသောကြောင့်ပင်။
ကျန်းရီသည် မိုးမြေအရင်းအမြစ်များကို စုပ်ယူနိုင်သည့် လူထူးဆန်း တစ်ယောက်ဖြစ်သဖြင့် ဟွင့်သွမ်စွမ်းအင်များကိုပါ စုပ်ယူနိုင်သည့် အခွင့်အရေးရှိ၏။
ဝုန်း… ဝုန်း.. ဝုန်း
ဧရာမ အမြီးကြီးက ပို၍ ပြင်းထန်စွာ ရမ်းခါလာသည်။ ဟွင့်သွမ်စွမ်းအင်များက နောက်ဆုံးတွင် ဧရာမ လှိုင်းလုံးကြီးများအဖြစ် ပိုပို၍ လိမ့်တက်လာ၏။ တဖြည်းဖြည်း ဝဲတစ်ခု ဖြစ်ပေါ်လာပြီး ဝဲဗဟိုတွင် အမည်းရောင် အပေါက်လေးတစ်ခု ထွက်ပေါ်လာသည်။
"ကောင်လေး... ဝင်လာခဲ့တော့"
သားရဲကြီး၏ အသံ ထွက်ပေါ်လာသော်လည်း ကျန်းရီက ချက်ချင်း ဝင်မသွားချေ။ သူက တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောသည်။ "အရှင်... ကျွန်တော် ဒီဟွင့်သွမ်စွမ်းအင်တွေကို ဖောက်ထွက်ပြီး အရှင့်ကို လွှတ်ပေးနိုင်ခဲ့ရင် တမလွန်ဘုံသား သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖို့ ကူညီပေးနိုင်မလား... အရှင် တစ်ကြိမ်ပဲ တိုက်ခိုက်ပေးရမှာပါ"
"မရဘူး"
သားရဲကြီး၏ အေးစက်စက် အသံ ဟိန်းထွက်လာသည်။ "ငါ မင်းကို မကူညီချင်လို့ မဟုတ်ဘူး... ငါ ကိုယ်တိုင် ဝင်ပါလို့ မရလို့ပဲ... နောက်မှ ရှင်းပြမယ်... မြန်မြန်ဝင်ခဲ့... ငါ ဆက်တောင့်ခံမထားနိုင်တော့ဘူး"
"ကောင်းပါပြီလေ"
ကျန်းရီလည်း ခါးသီးစွာ ပြုံး၍ ဟွင့်သွမ်စွမ်းအင်များထံ ပျံသန်းသွားသည်။ ဤဟွင့်သွမ်စွမ်းအင်တို့၏ ပင့်တင်အားက ပြင်းထန်လွန်းသဖြင့် ကျန်းရီမှာ ကုန်းမြေပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရချေသည်။ သူ့မှာ ရေဝဲအနီးသို့ အလျင်အမြန် သွားကာ ခုန်ချလိုက်ရသည်။
ဝှစ်။
ကျန်းရီ အမည်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။ ရေဝဲလည်း ပျောက်ကွယ်သွားသလို ဧရာမ အမြီးကြီးမှာလည်း ပင်လယ်ကြမ်းပြင်အောက်သို့ ပြန်ဝင်သွားတော့၏။ ဟွင့်သွမ်ရေကန်က ပြန်လည် တည်ငြိမ်သွားပြီး ဟွင့်သွမ်ပိုးကောင်အားလုံး ငြိမ်ကျသွားသည်။ တွင်းနက်ကြီးအောက်၌ အပ်ကျသံပင် ကြားရနိုင်သည်အထိ တိတ်ဆိတ်သွား၏။
"ဟင်"
ကျန်းရီ ဟွင့်သွမ်စွမ်းအင်ထဲ ဝင်ရောက်သွားချိန်တွင် တွင်းနက်ကြီးအထက်ရှိ ထျန်းဖုန့်ဧကရာဇ်တို့က တပြိုင်နက် မျက်လုံးများ ဖွင့်လိုက်ကြသည်။ သူတို့သုံးဦးလုံး၏ ဝိညာဉ်များ ကျန်းရီနှင့် ဆက်နွယ်မနေတော့သလို သူ့အရှိန်အဝါကိုလည်း မခံစားရကြတော့ချေ။
ဤအခြေအနေက အလွန်တရာ ထူးဆန်းလှသည်။
သူတို့သုံးဦးစလုံးသည် မိစ္ဆာဧကရာဇ်များ ဖြစ်ကြသည့်အပြင် ကျန်းရီ၏ ဝိညာဉ်ကျွန်များ သို့မဟုတ် ဝိညာဉ်သားရဲများဟု ဆိုနိုင်သည်။ မည်သည့်နေရာတွင်ဖြစ်စေ ကျန်းရီ၏ ဝိညာဉ်ကို သူတို့ အာရုံခံနိုင်၏။ အာကာသ နတ်လက်နက်များထဲတွင်ဖြစ်စေ၊ အခြားဘုံများတွင် ဖြစ်စေ မည်မျှဝေးကွာပါစေ အာရုံခံနိုင်ချေသည်။
ကျန်းရီ သေဆုံးသွားပါက သူတို့သုံးဦးလည်း သေဆုံးသွားပေလိမ့်မည်။ သို့သော် သူတို့သုံးဦးလုံး အကောင်းပကတိ ရှိနေသေးသော်လည်း ကျန်းရီနှင့် ဝိညာဉ်ဆက်နွယ်မှုကတော့ ပြတ်တောက်သွား၏။ ယင်းက ဧကရာဇ်သုံးပါးကို အံ့ဩထိတ်လန့်သွားစေသည်။
သူတို့သုံးဦးက အောက်ခြေမမြင်ရသည်အထိ နက်ရှိုင်းသော တွင်းနက်ကြီးအား တုန်လှုပ်စွာ ကြည့်နေမိ၏။ ကျန်းရီ မည်သည့်နေရာသို့ ရောက်သွားသနည်း။ အခြားကမ္ဘာတစ်ခုလော။ ထိုသို့မဟုတ်ပါက သူတို့သုံးဦးနှင့် ဆက်နွယ်မှု ပြတ်တောက်မည်မဟုတ်ချေ။
"ဆက်စောင့်ကြတာပေါ့"
ထျန့်ဖုန်းဧကရာဇ်က တစ်ခဏမျှ တွေးတောပြီးနောက် မျက်လုံးမှိတ်ကာ ပြောလိုက်သည်။ "သခင်လေးရဲ့ အမိန့်မရဘဲ ငါတို့ ဘယ်မှ မသွားသင့်ဘူး... သခင်လေး ထွက်လာမယ့်အချိန် ဒါမှမဟုတ် တမလွန်ဘုံဧကရာဇ် လာတိုက်မယ့်အချိန်ကို စောင့်ရမယ်"
"ဟူး..."
ပူနီဧကရာဇ်နှင့် မီးမြေခွေးဧကရာဇ်တို့လည်း အခြေအနေကို သဘောပေါက်သွားသဖြင့် သက်ပြင်းချကာ အနောက်အရပ်သို့ လှမ်းကြည့်လိုက်ကြသည်။ မိုးပြာမဟာဧကရာဇ် အမှန်တကယ် တစ်ခုခုဖြစ်နေပြီး တမလွန်ဘုံဧကရာဇ်သာ စစ်တပ်ဖြင့် လာရောက်တိုက်ခိုက်ပါက လူသားမျိုးနွယ် မျိုးသုဉ်းပြီးနောက် မိစ္ဆာမျိုးနွယ်အလှည့် ရောက်လာပေလိမ့်မည်။
အချိန်များ တစ်စတစ်စ ကုန်ဆုံးသွားခဲ့ချေပြီ။ ကမ္ဘာဦးကောင်းကင်ဘုံကား ပိုမို စည်ကားလာ၏။ ဘုံအားလုံးရှိ ပြည်သူများနှင့် စစ်တပ်အားလုံး ဆုတ်ခွာလာကြသော်လည်း ဘုံတစ်ဘုံကတော့ မလှုပ်ရှားခဲ့ချေ။ ၎င်းက ကောင်းကင်ကြယ်စုဘုံပင်။
ကောင်းကင်ကြယ်စုဘုံကို မျိုးနွယ်စုသုံးစုအား ပေးအပ်ထားပြီး အတွင်း၌ ပန့်ကွမျိုးနွယ်၊ လင်ရှန်းမျိုးနွယ်နှင့် မေ့ရှင်းမျိုးနွယ်တို့၏ မျိုးဆက်များသာ ရှိကြသည်။
ဤမျိုးနွယ်စုသုံးစုကို ချီလင်းအရှင်မအနေဖြင့် ခေါ်ယူ၍ မရနိုင်သလို ရလျှင်တောင်မှ မခေါ်ချင်ပေ။ မသေမျိုးတစ်ပိုင်းရသေ့ကြီးက တမလွန်ဘုံဧကရာဇ် ဝင်စားသူဖြစ်သည်ဟု ကျန်းရီ ပြောခဲ့သောကြောင့် ဖြစ်၏။ ယင်းသာ အမှန်ဆိုလျှင် ထိုမျိုးနွယ်စုသုံးစု ကမ္ဘာဦးကောင်းကင်ဘုံသို့ ဝင်လာခြင်းက ဆိုးကျိုးများသာ ဖြစ်စေလိမ့်မည်။
ဆယ်ရက် ကြာသွားလေပြီ။
ကျန်းရီ တွင်းနက်ကြီးထဲ ဆင်းသွားပြီး ဆယ်ရက်အကြာတွင် တပ်ဖွဲ့များနှင့် ပြည်သူအားလုံး ရွှေ့ပြောင်းနိုင်ခဲ့သည်။ ကောင်းကင်အထီးကျန်ဘုံတွင် ချန်ထားခဲ့သော ကင်းထောက်အများအပြားမှ လွဲ၍ အခြားဘုံများတွင် ကင်းထောက်အနည်းငယ်သာ ချန်ထားခဲ့၏။ ကောင်းကင်ကြယ်စုဘုံ၏ မျိုးနွယ်စုသုံးစုက ထိုနေရာ၌ ရှိနေဆဲဖြစ်ကာ ကမ္ဘာဦးကောင်းကင်ဘုံသို့ ဆုတ်ခွာသင့်၊ မဆုတ်ခွာသင့်ကိုလည်း လူလွှတ်၍ မမေးမြန်းခဲ့ကြချေ။
ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့ ပြန်ရောက်လာကြပြီး ချီလင်းအရှင်မက ဒုတိယအသုတ် ရွှေ့ပြောင်းခြင်းကို စတင်ဆောင်ရွက်တော့သည်။ မရေမတွက်နိုင်သော သာမန်ပြည်သူများကို ကမ္ဘာငယ်ခုနစ်ခုသို့ ပြောင်းရွှေ့ခဲ့၏။
ကမ္ဘာဦးကောင်းကင်ဘုံကား စစ်မြေပြင် ဖြစ်လာနိုင်သည်။ သာမန်ပြည်သူများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများက ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်သည့်အတွက် ထိတ်လန့်တုန်လှုပ်နေကြပါက အခြေအနေကို ပို၍ ရှုပ်ထွေးသွားစေလိမ့်မည်။ ကမ္ဘာငယ်ခုနစ်ခုသို့ ပြောင်းရွှေ့လိုက်ခြင်းက ပိုကောင်း၏။ ကမ္ဘာဦးကောင်းကင်ဘုံ မပျက်စီးသရွေ့ စစ်မီးက ကမ္ဘာငယ်ခုနစ်ခုထံ ကူးစက်မည် မဟုတ်ချေ။
ဤတစ်ကြိမ် ရွှေ့ပြောင်းရမည့် လူဦးရေကား အလွန်များပြားလှသည်။ နေရာရွှေ့ပြောင်း မန္တန်အစီအရင်အားလုံးက ယန်ကိုးပါးမြို့တော်တွင် ဖြစ်၍ တစ်မြို့လျှင် တစ်ခုစီသာ ရှိသဖြင့် အဆက်မပြတ် ရွှေ့ပြောင်းပေးနေသည့်တိုင် အားလုံး ရောက်လာရန် နှစ်ဝက်ခန့် ကြာပေလိမ့်မည်။
ချီလင်းအရှင်မအနေဖြင့် အရင်းအမြစ်များ စုဆောင်း၍ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တို့ကို စတင်တည်ဆောက်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိချေ။ ထိုနေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တို့က တည်ဆောက်ရန် အလွန်နှေးကွေးခက်ခဲသည့်အပြင် ကုန်ကြမ်းများစွာ လိုအပ်သည်။
သို့သော် အခြေအရ မည်မျှခက်ခဲပါစေ တည်ဆောက်ရမည်သာ။ ချီလင်းအရှင်မ ခေါင်းကိုက်နေရသည့် နောက်ထပ်ကိစ္စတစ်ခုလည်း ရှိသေး၏။ ကျန်းရီ တွင်းနက်ကြီးထဲ ဆင်းသွားသည်မှာ အတော်ကြာပြီ ဖြစ်သော်လည်း သတင်းမရသေးချေ။ တွင်းနက်ကြီးအနီးသို့ လူလွှတ်မေးမြန်းခဲ့သော်လည်း မည်သည့်သတင်းမှ မကြားခဲ့ပေ။ ထျန်းဖုန်းဧကရာဇ်တို့ သုံးဦးက တွင်းနက်ကြီး အဝင်ဝကို စောင့်ကြပ်နေပြီး မည်သူမှ မဆင်းသက်အောင် တားဆီးထားချေသည်။
ဆယ့်သုံးရက်မြောက်နေ့။
ကောင်းကင်အထီးကျန်ဘုံမှ သတင်းတစ်ခု ရောက်လာသဖြင့် ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့ အလွန်တရာ တုန်လှုပ်သွားကြသည်။
ပေးပို့လာသော သတင်းအရ မသေမျိုးတစ်ပိုင်း ရသေ့ကြီး ပြန်ရောက်လာပြီး ကျန်ရစ်သည့် တပ်သား သန်းနှစ်ဆယ်နှင့်အတူ ယန်အရှင်၊ ရွှေအရှင်နှင့် ရှားယွီတို့လည်း ပါလာချေသည်။ မီးတောက်အရှင်၊ ကျောက်တုံးအရှင်နှင့် ငွေအရှင်တို့ကိုမူ မတွေ့ရကြောင်း သိလိုက်ရ၏။
ထို့အပြင် တမလွန်ဘုံအပြင်ရှိ ကင်းထောက်များ၏ စုံစမ်းမှုအရ စစ်တပ်ကြီးကို တမလွန်ဘုံစစ်တပ်ကြီးက လိုက်လံတိုက်ခိုက်ခံနေချေသည်။ ထိုလက်ကျန်စစ်တပ်က ကမ္ဘာဦးကောင်းကင်ဘုံထံ ထွက်ပြေးလာနေကြောင်း သိရ၏။
ဤသတင်းကို ကင်းထောက်တစ်ယောက်တည်း ပို့လာခြင်းမဟုတ်ဘဲ ကင်းထောက် ဒါဇင်ပေါင်းများစွာက တပြိုင်နက် ပေးပို့လာခြင်း ဖြစ်သည်။ ချီလင်းအရှင်မသည် ထွက်မခွာခင်က အခြေအနေ တစ်ခုခု ထူးခြားသည်နှင့် သတင်းပို့ရန် ကင်းထောက်တပ်မှူအားလုံးကို မှာကြားခဲ့၏။ ဤနည်းဖြင့် ကင်းထောက်များ ထိန်းချုပ်ခံရပြီး သတင်းအမှား ပြန်ပို့မည်ကို ကာကွယ်နိုင်ပေသည်။
သတင်းပေးပို့ချက် ဒါဇင်ပေါင်းများစွာ ရောက်လာသဖြင့် ဤကိစ္စမှာ အမှန်ဖြစ်ကြောင်း သက်သေပြနေ၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် တပ်ဖွဲ့များဖြင့် အမှန်တကယ် ဆုတ်ခွာလာနေသည်လော။ ၎င်းက ကျန်းရီ၏ ခန့်မှန်းချက်ကို လုံးဝ ဆန့်ကျင်နေသည်။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးသာ တမလွန်ဘုံဧကရာဇ် ဖြစ်ပါက လူသားမျိုးနွယ် စစ်တပ်ကြီးတစ်ခုလုံး ပျက်စီးသွားသင့်၏။ သန်းနှစ်ဆယ် ကျန်နေမည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေ ဤသတင်းက ချီလင်းအရှင်မတို့ကို လုံးလုံးလျားလျား စိတ်ဓာတ်ကျစေခဲ့သည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး ခေါ်သွားသည့် စစ်သည်သန်းခြောက်ဆယ်မှာ လူသားမျိုးနွယ်၏ ထိပ်တန်းစစ်သည်များ ဖြစ်ကြ၏။ ယခုတွင် သန်းခြောက်ဆယ်မှ သန်းနှစ်ဆယ်သာ ကျန်တော့သဖြင့် ထက်ဝက်ကျော် ဆုံးရှုံးသွားခဲ့ချေပြီ။
ထိုမျှသာမက ကျောက်တုံးအရှင်၊ မီးတောက်အရှင်နှင့် ငွေအရှင်တို့လည်း ပြန်မလာကြချေ။ သူတို့၏ ဝိညာဉ်ကျောက်စိမ်းပြားများ မကွဲသေးသော်လည်း အန္တရာယ်အတော် ကျရောက်နေကြပုံပင်။ ကံကောင်းထောက်မစွာဖြင့် မိုးပြာမဟာဧကရာဇ်၏ ဝိညာဉ်ကျောက်စိမ်းပြားက မကွဲသေးပေ။ မိုးပြာမဟာဧကရာဇ်ကား သက်ရှိထင်ရှား ရှိနေနိုင်သေး၏။
မိုးပြာမဟာဧကရာဇ်သည် သဘောထားမကြီးသလို နာမည်ဂုဏ်သတင်းအား မက်မောသူဖြစ်သည်။ သို့သော် လူသားမျိုးနွယ်၏ ကောင်းကင်ဧကရာဇ်အနေဖြင့် လူသားမျိုးနွယ်အား လုံးဝ သစ္စာဖောက်မည်မဟုတ်သလို တမလွန်ဘုံသားတို့၏ ကျွန်လည်း ဖြစ်လာမည်မဟုတ်ချေ။ ထိုသို့ အခြေအနေမျိုး ကြုံလာပါက မိုးပြာမဟာဧကရာဇ်သည် တုံ့ဆိုင်းမနေဘဲ ကိုယ့်ကိုကိုယ် ဖောက်ခွဲသတ်သေပေလိမ့်မည်။
ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့မှာ ဘာလုပ်ရမလဲ မသိတော့ချေ။ မသေမျိုးတစ်ပိုင်းရသေ့ကြီးကို ယုံကြည်သင့်၊ မယုံကြည်သင့် ဝေခွဲမရ ဖြစ်နေ၏။
မသေမျိူးတစ်ပိုင်း ရသေ့ကြီးသည် ကောင်းကင်အထီးကျန်ဘုံသို့ ပြန်ရောက်သည်နှင့် ဆုတ်ခွာရွှေ့ပြောင်းသွားရသည့်အကြောင်းကို မေးမြန်းလာပေလိမ့်မည်။ ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့အား လူလွှတ်၍ပင် ဆင့်ခေါ်လာနိုင်၏။ ရွှေအရှင်နှင့် ယန်အရှင်တို့နှင့်အတူ နေရာရွှေ့ပြောင်းရောက်လာ၍ ချီလင်းအရှင်မအနေဖြင့် မိုးပြာမဟာဧကရာဇ်အား သစ္စာဖောက်ခဲ့ခြင်း ရှိ၊ မရှိ မေးခွန်းထုတ်လာနိုင်သည်။
"နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တွေကို ပိတ်ဆို့လိုက်ပါ"
ချီလင်းအရှင်မ အနောက်မှ လိုက်ပါလာသော ဟယ်နုန်ယင်းက ရုတ်တရက် ပြော၏။ "အရှင်မ... မသေမျိူးတစ်ပိုင်း ရသေ့ကြီးနဲ့ တခြားသူတွေ ဒီနေရာကို နေရာရွှေ့ပြောင်းလာခွင့် ပေးလို့ မဖြစ်ဘူး... အပြင်လောကနဲ့ ဆက်သွယ်ထားတဲ့ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်အားလုံးကို ချိပ်ပိတ်ရင်ပိတ် မပိတ်ရင် ဖျက်ဆီးပစ်လိုက်ပါ... မသေမျိုးတစ်ပိုင်းရသေ့ကြီးက သိပ်ကို သံယဝင်စရာကောင်းတယ်… သူတို့ ကမ္ဘာဦးကောင်းကင်ဘုံထဲ ဝင်လာရင် ကျွန်မတို့အားလုံး သွားပြီပဲ"
ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတာိ့ မျက်မှောင်ကြုတ်သွားကြပြီး ချီလင်းအရှင်မက မေးလိုက်သည်။ "နုန်ယင်... ဘာလို့ ဒီလောက် သေချာနေရတာလဲ"
"အလိုလို သိစိတ်ပါပဲ"
ဟယ်နုန်ယင်းက အသာအယာ ခေါင်းခါလျက် ဖြေသည်။ "အတိအကျတော့ သေချာမရှင်းပြတတ်ဘူး... တစ်ခုခု မှားယွင်းနေတယ်လို့တော့ ခံစားရပါတယ်... ကျန်းရီကြောင့်လို့ အပြည့်အဝလည်း ပြောလို့မရဘူး… အရှင်မ သိတဲ့အတိုင်း ကျွန်မမှာ ယင်အခြေခံ ရှိတယ်လေ… ကျွန်မရဲ့ အလိုလိုသိစိတ်က တခြားသူတွေထက် ပိုပြီး အားကောင်းတယ်... သူတို့သာ ဝင်လာရင် ကမ္ဘာဦးကောင်းကင်ဘုံ သေချာပေါက် ပျက်စီးသွားလိမ့်မယ်လို့ ခံစားနေရတယ်"