← Chapters

အခန်း (၂၀၅၆-၂၀၅၇)

Vol. 148 Ch. 2056-2057

အခန်း (၂၀၅၆-၂၀၅၇)

Vol. 148 Ch. 2056-2057

အပိုင်း ၂၀၅၆ ခလုတ်ထိမှ အမိတ

အလိုလိုသိစိတ်တဲ့လော။

ဤအရာက ယုံကြည်၍ မရနိုင်ချေ။ ယင်အခြေခံက သာမန်လူများနှင့် မတူသည်မှာ မှန်သော်လည်း အလိုလိုသိစိတ် တစ်ခုတည်းအပေါ် ယုံကြည်၍ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များကို ချိပ်ပိတ်လိုက်ခြင်းကား လုံးဝ အဆက်အသွယ် ဖြတ်လိုက်ခြင်းနှင့် အတူတူပင်။

ကျန်းရီ၏ ခန့်မှန်းချက်က မှားယွင်းနေခဲ့လျှင်ရော။ နှစ်ဖက်စလုံး ရန်သူတော်များ ဖြစ်သွားပေလိမ့်မည်။ ထိုမျှသာမက မသေမျိုးတစ်ပိုင်းရသေ့ကြီး၏ ဩဇာတိက္ကမက ကြီးမားလှသည်။ ဤနေရာရှိ လူသားမျိုးနွယ်များကို ပုန်ကန်ထကြွရန် သတင်းပို့လာပါက ပြည်တွင်းစစ်ဖြစ်ကာ လူသားမျိုးနွယ် တစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွားပေလိမ့်မည်။

ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့၏ မျက်နှာအမူအရာကြောင့် ဟယ်နုန်ယင်းမှာ စိုးရိမ်တကြီး ဖြစ်လာမိသည်။ သူမက မျက်လုံးများက တဖျတ်ဖျတ် လှုပ်ခတ်သွားကာ အေးစက်စွာ ပြောလိုက်သည်။ "အရှင်မနဲ့ ကောင်းကင်ဘုရင်ဝေတို့ စဉ်းစားကြည့်ပါဦး... ဘာလို့ မီးတောက်အရှင်၊ ကျောက်တုံးအရှင်နဲ့ ငွေအရှင်တို့ ပြန်မလာခဲ့တာလဲ... ယန်အရှင်၊ ရွှေအရှင်နဲ့ ရှားယွီတို့ကျတော့ ဘာလို့ ဘေးကင်းကင်း ပြန်ရောက်လာတာလဲ... စစ်သည် သန်းခြောက်ဆယ်ကျော်မှာ ဘာလို့ သန်းနှစ်ဆယ်ကျော် ကျန်ခဲ့ရတာလဲ"

"အရေးအကြီးဆုံးကတော့ သူတို့ ဝင်သွားတာ ကြာလှနေပြီလေ... အနိုင်ရခဲ့ရင် မိုးပြာမဟာဧကရာဇ်ကို ကယ်တင်ပြီးလောက်ပြီ... ရှုံးနိမ့်ခဲ့တယ်ဆိုရင်လည်း ဒီလောက်ကြာတဲ့ အချိန်အတွင်း စစ်သည် သန်းပေါင်းများစွာထဲက သန်းနှစ်ဆယ် အသက်ရှင်ကျန်နေဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား"

ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့ တိတ်ဆိတ်သွားကြသည်။ မသေမျိုးတစ်ပိုင်းရသေ့ကြီး စစ်တပ်ကို ဦးဆောင်၍ ဝင်သွားခဲ့သည်မှာ လဝက်ခန့် ကြာခဲ့ပြီဖြစ်၏။ ဤမျှကြာမြင့်သော အချိန်ကာလအတွင်း မည်သည့်ကိစ္စမဆို ဖြစ်ပျက်သွားနိုင်သည်။ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါက စစ်သည် သန်းပေါင်းများစွာထဲမှ တစ်ဦးတစ်ယောက်မှ ထွက်လာနိုင်မည် မဟုတ်ချေ။

ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့မှာ စိတ်ထဲတွင် လွန်ဆွဲလျက် ဆုံးဖြတ်ချက်မချနိုင်တော့ပေ။ ဟယ်နုန်ယင်းက ရုတ်တရက် အကြံတစ်ခု ရသွားပြီး ပြောလိုက်သည်။ "ဒီလိုလုပ်ရင်ရော... ကျွန်မတို့ ကောင်းကင်အထီးကျန်မြို့ဆီ ဘုရင်အဆင့် အကြီးအကဲ နည်းနည်း လွှတ်လိုက်မယ်... ပြီးတော့ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တွေကို ချိပ်ပိတ်လိုက်မယ်... အဲ့ဒီက စစ်တပ်မှာ တစ်ခုခု ထူးခြားတာရှိရင် ချက်ချင်း သတိပေးတဲ့အနေနဲ့ ကျောက်စိမ်းပြားကို ခွဲခိုင်းမယ်... ပြဿနာ မရှိဘူးဆိုရင်တော့ မန္တန်အစီအရင်ကို ပြန်ဖွင့်ပေးလိုက်မယ်လေ"

"ကောင်းပြီ"

ဟယ်နုန်ယင်း၏ အကြံကို ချီလင်းအရှင်မက လက်ခံလိုက်၏။ သူမက တစ်ခဏ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။ "နုန်ယင်း... သမီးကိုယ်တိုင်ပဲ သွားစီစဉ်လိုက်ပါ... ဟယ်မျိုးနွယ်စုထဲက ဘုရင်အဆင့် အကြီးအကဲ သုံးယောက်ကို ရှာလိုက်... သေချာပေါက် သစ္စာမဖောက်မယ့်သူမျိုးတွေပေါ့"

"ဟုတ်ကဲ့ပါ"

ဟယ်နုန်ယင်းလည်း ချက်ချင်း ထွက်သွားကာ စီစဉ်တော့သည်။ သူမသည် သက်တမ်းကုန်ဆုံးလုနီးပါး ဖြစ်နေသည့် ဘုရင်အဆင့် အကြီးအကဲ သုံးယောက်ကို ရှာတွေ့ခဲ့၏။ ထိုအကြီးအကဲများမှာ အချိန်မရွေး သေတော့မည်ဖြစ်သည့်အပြင် သံယောဇဉ် တွယ်စရာမရှိသလို သစ္စာလည်း ‌ဖောက်ကြမည်မဟုတ်ချေ။ လုံးလုံးလျားလျား သစ္စာရှိသူများ ဖြစ်သည်။

အကြီးအကဲသုံးဦး နေရာရွှေ့ပြောင်း ထွက်ခွာသွားပြီးနောက် ဟယ်နုန်ယင်းက ချီလင်းအရှင်မကိုယ်စား အမိန့်ပေးခဲ့၏။ အပြင်လောကနှင့် ဆက်သွယ်ထားသော နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်အားလုံးကို ချိပ်ပိတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ကင်းထောက်အားလုံးအား အခြေအနေအရပ်ရပ်ကို စုံစမ်းရန် သတင်းပေးပို့လိုက်သည်။ ကောင်းကင်ကြယ်စုဘုံအတွင်း၌ နေရာချထားသော ကင်းထောက်များကိုလည်း မျိုးနွယ်စုသုံးစု၌ ထူးခြားဏာ လှုပ်ရှားမှုများ ရှိ၊ မရှိ စောင့်ကြည့်စေသည်။

အရာအားလုံး ဆောင်ရွက်ပြီးနောက် ဟယ်နုန်ယင်းသည် ကျန်းရီနှင့် ဆက်သွယ်နိုင်ရန် တွင်းနက်ကြီးထံ လူလွှတ် စစ်ဆေးခိုင်းလိုက်သေး၏။ ထို့နောက်မှ ယန်ကိုးပါးမြို့သို့ ပြန်လာကာ နောက်ဆက်ဆွဲ အခြေအနေများအား တိတ်ဆိတ်စွာ စောင့်နေတော့သည်။

ကောင်းကင်ဘုရင် သုံးဆယ့်ခြောက်ပါး၊ ရှန်ကွေ့၊ ချီလင်းအရှင်မနှင့် ကမ္ဘာဦးကောင်းကင်ဘုံမှ မိသားစုကြီးများ၏ ခေါင်းဆောင်များသာမက ထိပ်တန်းစစ်သူကြီးများနှင့် တပ်မှူးကြီးများကို ဆင့်ခေါ်ထားလိုက်သည်။

ချီလင်းအရှင်မက အခြေအနေကို အသိပေးခဲ့ပြီး ဟယ်နုန်ယင်း၏ အစီအစဉ်များကိုပါ ထုတ်ပြန်ကြေညာလိုက်သည်။ သူမ၏ ရည်ရွယ်ချက်ကား ရှင်းလင်းလှ၏။ ထိုနေရာတွင် ပြဿနာရှိနေပါက သူလျှိုများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဤနေရာ၌ စည်းလုံးညီညွတ်စေရန် ဖြစ်သည်။ ပြည်တွင်းစစ် ဖြစ်မလာရန် တားဆီးရပေမည်။

အချိန်များ တစ်စတစ်စ ကုန်ဆုံးသွားပြီး ကင်းထောက်များထံမှ သတင်းများ ဆက်တိုက် ဝင်လာသည်။ ကျန်ရစ်သော စစ်တပ်သည် ကောင်းကင်အထီးကျန်ဘုံထံ လျင်မြန်စွာ ချဉ်းကပ်လာနေပြီး တမလွန်ဘုံစစ်တပ်က နောက်မှ လိုက်လံတိုက်ခိုက်နေဆဲ ဖြစ်သည်။ လူသားမျိုးနွယ်ဘက်မှ ရံဖန်ရံခါ စစ်တပ်များ စေလွှတ်၍ တားဆီး‌သော်လည်း နောက်တန်းစစ်တပ်အားလုံး သုတ်သင်ခံခဲ့ရ၏။

နေ့တစ်ဝက်ကြာပြီးနောက်။

မသေမျိုးတစ်ပိုင်းရသေ့ကြီးသည် စစ်တပ်ကို ဦးဆောင်၍ ကောင်းကင်အထီးကျန်ဘုံထဲသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း ကင်းထောက်များက သတင်းပို့လာကြ၏။ ချီလင်းအရှင်မအပါအဝင် အားလုံးမှာ သတင်းရသည်နှင့် စိုးရိမ်တကြီး ဖြစ်လာကြပြီး ဟယ်နုန်ယင်းလက်ထဲရှိ သတိပေးကျောက်စိမ်းပြားသုံးပြားနှင့် ဝိညာဉ်ကျောက်စိမ်းပြား သုံးပြားကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေမိကြသည်။

ခွမ်း... ခွမ်း

ရုတ်တရက် ဝိညာဉ်ကျောက်စိမ်းပြား နှစ်ပြား တပြိုင်နက် ကွဲကြေသွားသဖြင့် အားလုံး၏ မျက်နှာများ ချက်ချင်း မှိုင်းညို့သွားကြသည်။ ဝိညာဉ်ကျောက်စိမ်းပြား ကွဲကြေသွားခြင်းက ဘုရင်အဆင့် အကြီးအကဲနှစ်ဦး အသတ်ခံလိုက်ရကြောင်း ဖော်ပြနေသည်။

ခွမ်း။

မကြာမီ ဟယ်နုန်ယင်းလက်ထဲရှိ သတိပေးကျောက်စိမ်းပြားတစ်ပြား ကွဲကြေသွားပြီး နောက်ဆုံးကျန်သည့် ဝိညာဉ်ကျောက်စိမ်းပြားပါ ပေါက်ကွဲသွားတော့သည်။ နောက်ဆုံးကျန်သည့် ဘုရင်အဆင့် အကြီးအကဲလည်း သေဆုံးသွားခဲ့ချေပြီ။

ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့မှာ ဟန်မပျက် အမူအရာ ထိန်းထားနိုင်‌သော်လည်း ကျန်သူများကတော့ သွေးဆုတ်ဖြူလျော့သွားကြ၏။

ဝိညာဉ်ကျောက်စိမ်းပြား သုံးပြားနှင့် သတိပေးကျောက်စိမ်းပြားတစ်ပြား ကွဲကြေသွားခြင်းကြောင့် အင်အားကြီးပုဂ္ဂိုလ်အားလုံး အမှန်တရားတစ်ခုအား နားလည်သွားခဲ့ကြသည်။ ထိုနေရာရှိ လူသားမျိုးနွယ် စစ်တပ်ကား ယခုတွင် လူသားမျိုးနွယ် စစ်တပ် မဟုတ်တော့ချေ။

အဆိုးရွားဆုံး အခြေအနေ ဖြစ်ပွားလာခဲ့လေပြီ။

လူသားမျိုးနွယ် စစ်တပ်ကြီး ကောင်းကင်အထီးကျန်ဘုံသို့ ဝင်ရောက်လာသည်နှင့် ဘုရင်အဆင့် အကြီးအကဲနှစ်ဦး ချက်ချင်း သေဆုံးကာ ဝိညာဉ်ကျောက်စိမ်းပြားများ ကွဲကြေသွား၏။ ထို့နောက် သတိပေးကျောက်စိမ်းပြား ကွဲကြေသွားပြီး နောက်ဆုံးအကြီးအကဲ၏ ဝိညာဉ်ကျောက်စိမ်းပြားပါ ကွဲကြေ၍ သေဆုံးသွားခဲ့ချေသည်။

ဤသည်က မည်သည့်အဓိပ္ပာယ်နည်း။

မသေမျိုးတစ်ပိုင်းရသေ့ကြီးနှင့် နောက်လိုက်များသည် ကောင်းကင်အထီးကျန်ဘုံထဲသို့ ဝင်ရောက်လာသည်နှင့် ဘုရင်အဆင့် အကြီးအကဲ နှစ်ဦးအား ချက်ချင်းသတ်ဖြတ်ခဲ့သည့် အဓိပ္ပာယ်ပင်။ ကျန်ရစ်သည့် အကြီးအကဲတစ်ဦးမှာလည်း သတိပေးကျောက်စိမ်းပြားကို ခွဲပြီးနောက် အသတ်ခံလိုက်ရ၏။

မသေမျိုးတစ်ပိုင်းရသေ့ကြီးတို့သာ အပြစ်ကင်းပါက ကောင်းကင်အထီးကျန်ဘုံသို့ ဝင်ရောက်လာလျှင်ချင်း ဘုရင်အဆင့် အကြီးအကဲသုံးဦးကို သတ်ဖြတ်မည် မဟုတ်ချေ။ ထိုအကြီးအကဲတို့ အပြစ်ကျူးလွန်ခဲ့လျှင်တောင်မှ သူတို့မှာ ဟယ်မိသားစုဝင်များ ဖြစ်ကြသည်။ သာမန်အခြေအနေတွင် ဖမ်းဆီး၍ ချီလင်းအရှင်မထံ အပ်နှံကာ ကိုင်တွယ်ဖြေရှင်းစေမည် ဖြစ်၏။ ချက်ချင်း သတ်ဖြတ်ပစ်မည် မဟုတ်ချေ။ လူသားမျိုးနွယ်တွင် သိုင်းပညာရှင်များ အလွန်တရာ နည်းပါးနေသည့်အပြင် ဘုရင်အဆင့် အကြီးအကဲ သုံးဦးဆိုသည်က မပြောပလောက်သော အရေအတွက် မဟုတ်ပေ။

"အစောင့်တွေ လာကြစမ်း" ချီလင်းအရှင်မက တစ်ခဏမျှ ရပ်နေပြီးနောက် ချက်ချင်း အမိန့်ပေးလိုက်သည်။ "နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင် အားလုံး အခုချက်ချင်း ဖျက်ဆီးပစ်လိုက်ကြ"

နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များကို ချိပ်ပိတ်ထားပြီး ဖြစ်သော်လည်း တမလွန်ဘုံဧကရာဇ်သည် စွမ်းအားကြီး နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထား၏။ တိုက်ရိုက် နေရာရွှေ့ပြောင်းနိုင်ပါက ဒုက္ခရောက်သွားလိမ့်မည်။

"နုန်ယင်း... ငါတို့ဘက်က ကင်းထောက်တပ်မှူးဆီ သတင်းပို့လိုက်... အဲ့ဒီက စစ်တပ်မှာ ပြဿနာ ရှိ၊ မရှိ ဘာပဲ ပေးဆပ်ရ ပေးဆပ်ရ သွားစုံစမ်းခိုင်း... ပြဿနာရှိတယ် ဆိုတာနဲ့ ချက်ချင်း သတင်းပို့ခိုင်းလိုက်"

"ကောင်းကင်ဘုရင်ဝေနဲ့ တခြားသူတွေလည်း လုံးဝ သစ္စာရှိတာ အာမခံနိုင်တဲ့ ကင်းထောက်တွေကို သတင်းသွားပို့ခိုင်းကြပါ... စစ်တပ်ကို ထိန်းချုပ်ခံထားရလား၊ မထားရဘူးလားဆိုတာ နည်းလမ်းပေါင်းစုံ သုံးပြီး စုံစမ်းရမယ်... အင်အားကြီးပုဂ္ဂိုလ်တွေကို မစုံစမ်းနဲ့... စစ်တပ်ကိုပဲ စုံစမ်း"

"ပြီးတော့ ကမ္ဘာငယ်ခုနစ်ခုဆီ သွားမယ့် နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တွေ တည်ဆောက်နေတာကို အရှိန်တင်လိုက်ပါ… သာမန်ပြည်သူတွေကို မြန်မြန် ရွှေ့ပြောင်းရမယ်"

"ကမ္ဘာဦးကောင်းကင်ဘုံ အပြင်ဘက်က ဆန်းကြယ်နယ်မြေ အားလုံးထဲ ဝင်ရောက်ဖို့ ကင်းထောက်တွေကိုလည်း စုဆောင်းလိုက် ... ကောင်းကင်ကြယ်စုဘုံ မျိုးနွယ်သုံးစုထဲမှာ နေရာချထားတဲ့ အတွင်းလူတွေနဲ့ သူလျှိုတွေကို ရနိုင်သမျှ သတင်းမှန်သမျှ စုံစမ်းခိုင်းပါ"

"အခုကစလို့ စစ်တပ်အားလုံး ဘုံသခင်မြို့တော်မှာ စုဝေးပြီး တစ်သွေးတစ်သံတစ်မိန့်နဲ့ ညွှန်ကြားကွပ်ကဲရမယ်... ပုန်ကန်မယ့် အရိပ်အယောင် တွေ့တာနဲ့ အပြတ်ချေမှုန်းပစ်လိုက်"

ချီလင်းအရှင်မက အမိန့်များစွာ တရစပ် ထုတ်ပြန်လိုက်သည်။ ခန်းမအတွင်းရှိ အင်အားကြီးပုဂ္ဂိုလ်တို့၏ မျက်နှာများသည် လေးနက်တည်ကြည်နေပြီး တောင်ကြီးတစ်လုံး ဖိချထားသကဲ့သို့ အသက်ရှူမဝ ဖြစ်နေကြ၏။

လူသားမျိုးနွယ်၏ သေရေးရှင်ရေး အချိန်ကာလကား ရောက်ရှိလာပေတော့မည်။ ဤကပ်ဘေးကို မကျော်လွှားနိုင်ပါက လူသားမျိုးနွယ် မျိုးသုဉ်းပျောက်ကွယ်သွားပြီး ဤလောကမှ ဖယ်ရှားခံရမည်ဖြစ်သည်။

သေရေးရှင်ရေး အချိန်အခါဖြစ်သဖြင့် မည်သူမှ မပေါ့ဆရဲကြချေ။ အားလုံးက ရေခဲလွှာပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ သတိထားနေကြ၏။ ခြေတစ်လှမ်း မှားသွားသည်နှင့် ချောက်နက်ကြီးထဲ ကျသွားပေလိမ့်မည်။

"ဒါနဲ့..."

မိသားစုကြီးတစ်ခု၏ ခေါင်းဆောင်တစ်ဦးက ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ချီလင်းအရှင်မအား ကြည့်ကာ မေးလိုက်၏။ "ကျန်းရီရော... အရှင်မ... ကျန်းရီ ဘယ်မှာလဲ... လူသားမျိုးနွယ် ဒီဘေးဒုက္ခကနေ လွတ်မြောက်အောင် သူ့ကို ထွက်လာပေးဖို့ တောင်းဆိုလို့ မရဘူးလား"

"ကျန်းရီလား"

မိသားစု ခေါင်းဆောင်ကြီးများနှင့် အင်အားကြီးပုဂ္ဂိုလ်များ၏ မျက်လုံးများ တောက်ပသွားကြသည်။ သူတို့၏ စိတ်ထဲ၌ ချောမောခံ့ညားသော လူငယ်လေးတစ်ဦး၏ မျက်နှာ ပေါ်လာ၏။ ‌မျှော်လင့်ချက်ရောင်ခြည်များကလည်း သူတို့၏ မျက်နှာပေါ်၌ တောက်ပလာတော့သည်။

သာမန်ပြည်သူများအတွက် ကျန်းရီသည် မိစ္ဆာကြယ်၊ နတ်ဆိုး၊ ခွင့်လွှတ်၍မရနိုင်သော လူယုတ်မာဖြစ်၏။ သို့သော် အင်အားကြီး ပုဂ္ဂိုလ်များကတော့ ကျန်းရီသည် ဧကရာဇ်နေရာ လုယူရာ၌ ရှုံးနိမ့်သွားသူတစ်ဦးသာ ဖြစ်ကြောင်း သိထားကြသည်။

အောင်နိုင်သူက ဘုရင်ဖြစ်ပြီး ရှုံးနိမ့်သူက သူပုန်ဖြစ်၏။

သမိုင်းတစ်လျှောက်လည်း ထိုအတိုင်းသာ ဖြစ်ပွားခဲ့သည်။ ကျန်းရီကား ကြီးလေးသော အပြစ်များကို မကျူးလွန်ခဲ့ချေ။ သူ့အကြောင်း စုံစမ်းထားကြသဖြင့် သူတို့အားလုံး ရှင်းလင်းစွာ သိထားကြသည်။ မိုးပြာမဟာဧကရာဇ် အနိုင်ရသွားသောကြောင့်သာ ကျန်းရီမှာ အလိုအလျောက် သစ္စာဖောက်တစ်ဦးနှင့် ခွင့်လွှတ်မရနိုင်သော လူယုတ်မာ ဖြစ်သွားရ၏။

သူတို့သည် ကျန်းရီကို ဝေဖန်ရှုံ့ချခဲ့သော်လည်း ဤအခိုက်အတန့်တွင်တော့ ကျန်းရီကို သတိရလာကြသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းရီသည် ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ ဖြစ်ပြီး ကောင်းကင်ဘုံခုံရုံးကိုလည်း ပိုင်ဆိုင်ထား၏။ စွမ်းရည်များကလည်း အံမခန်းလိလိ အားကောင်းချေသည်။ သူတစ်ယောက်တည်း ဘုံနှစ်ဘုံကို သတ်ဖြတ်ကာ တမလွန်ဘုံစစ်တပ်ကို ဆုတ်ခွာသွားစေ၍ မိုးပြာမဟာဧကရာဇ်ကိုပင် ယှဉ်နိုင်သူဖြစ်၏။

ယခုအချိန်တွင် ကျန်းရီ ထွက်လာပါက လူသားမျိုးနွယ်အတွက် မျှော်လင့်ချက် အနည်းငယ် ရှိပေလိမ့်မည်။ ယန်ကိုးပါး ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်ကလည်း ကျန်းရီနှင့်အတူ ရှိနေသည် မဟုတ်ပါလော။

"အဟက်"

ဟယ်နုန်ယင်းက လှောင်ပြောင်သရော်စွာ ပြုံးလိုက်ကာ မကျေနပ်မှုကို အနည်းငယ်မှ ဖုံးကွယ်မထားချေ။ ချီလင်းအရှင်မ စကားပြောမည်ကိုပင် မစောင့်ဘဲ ခပ်ရွဲ့ရွဲ့ ပြောလိုက်တော့သည်။ "ကျန်းရီက ကျွန်မတို့ကို ဂရုစိုက်မှာ မဟုတ်ဘူး... သူနဲ့ မိုးပြာမဟာဧကရာဇ်ကြားမှာ ကတိတစ်ခု ရှိတယ်... လူသားမျိုးနွယ် ကိစ္စတွေကို ဝင်ပါမှာ မဟုတ်ဘူး... သူ့ကို မမျှော်လင့်ကြပါနဲ့... သူ့နှလုံးသားက အတော်လေး နာကျင်ခဲ့ရပြီးပြီ"

အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာများ တဖန် မည်းမှောင်သွားကြပြန်၏။ စီမံစရာရှိသည်များကို စီမံရန် အသီးသီး ထွက်ခွာသွားကြတော့သည်။ ကျန်းရီ ထွက်မလာပါက ချီလင်းအရှင်မနှင့် သူတို့ကား တမလွန်ဘုံဧကရာဇ်ကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

အပိုင်း ၂၀၅၇ အဆိုးဝါးဆုံး အခြေအနေ

ဟယ်နုန်ယင်းက တမင်သက်သက် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သော်လည်း ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့က မည်သည်မှ ဝင်မပြောခဲ့ကြချေ။

ဟယ်နုန်ယင်း၏ စကားများကြောင့် လူတိုင်း၏ စိတ်ထဲတွင် မျှော်လင့်ချက် မရှိသလို ခံစားသွားရသည်။ ထို့မှသာ ကျန်းရီ ထွက်ပေါ်လာပြီး လူသားမျိုးနွယ်ကို ကူညီသည့်အခါတွင် အတိုင်းမသိ ကျေးဇူးတင်ကြမည် ဖြစ်ပြီး ကျန်းရီ၏ ဆုံးဖြတ်ချက်မှန်သမျှကို ဆန့်ကျင်ရဲကြမည် မဟုတ်ချေ။ တစ်သွေးတစ်သံတစ်မိန့်ဖြင့် ရန်သူကို တွန်းလှန်နိုင်ကြပေလိမ့်မည်။

သို့သော်... ကျန်းရီ အချိန်တိုအတွင်း ထွက်လာနိုင်ပါ‌မည်လော။

လဝက်နီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ကျန်းရီ ထွက်မလာသေးရာ ပြဿနာကြီးကြီးမားမား ရင်ဆိုင်နေရကြောင်း ဖော်ပြနေ၏။ ယင်ကိုးပါး မရဏနယ်မြေသို့ သွားခဲ့စဉ်ကအတိုင်း ပြန်ထွက်လာနိုင်မည့် အချိန်ကို မည်သူမှ မသိကြချေ။

ဟယ်နုန်ယင်းနှင့် ကောင်းကင်ဘုရင်ဝေတို့က လိုအပ်သည်များကို စီစဉ်ရန် အသီးသီး ထွက်ခွာသွားကြသည်။ ချီလင်းအရှင်မက ယန်ကိုးပါးမြို့တော်၌ နေ၍ အခြေအနေ အရပ်ရပ်ကို ကြီးကြပ်ကွပ်ကဲနေ၏။ သူမ၏ မျက်နှာပေါ်တွင် ခံစားချက်ကင်းမဲ့နေသော်လည်း စိတ်ထဲတွင်တော့ တစ်နေ့တာသည် တစ်နှစ်မျှ ကြာရှည်သကဲ့သို့ ခံစားနေရသည်။ ကင်းထောက်များ၏ စုံစမ်းမှု ရလဒ်များကိုသာ အမြန်ဆုံး သိချင်နေလေသည်။

နေ့တစ်ဝက်ခန့် ကြာသွားလေပြီ။

စုံစမ်းမှု ရလဒ်များ ရောက်မလာသော်လည်း မသေမျိုးတစ်ပိုင်းရသေ့ကြီးထံမှ သတင်းစကားတော့ ရောက်လာခဲ့သည်။ ရွှေအရှင်က မျိုးနွယ်ဝင်များထံမှတဆင့် မသေမျိုးတစ်ပိုင်းရသေ့ကြီး၏ အမိန့်ကို လွှဲပြောင်းပေးပို့လာခြင်း ဖြစ်၏။ ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေနှင့် ရှန်ကွေ့တို့အား အရေးကြီးကိစ္စများ တိုင်ပင်ဆွေးနွေးရန် ကောင်းကင်အထီးကျန်မြို့သို့ ချက်ချင်း လာခိုင်းနေချေသည်။

ထိုအမိန့်ကြောင့် ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများ၏ စိတ်များမှာ ပို၍ လေးလံသွားကြ၏။ မသေမျိုးတစ်ပိုင်းရသေ့ကြီးက အပြစ်တင် ကြိမ်းမောင်းခြင်း မရှိသလို မေးခွန်းလည်းမထုတ်ဘဲ လာရောက်ကြရန်သာ သတင်းပို့လာခဲ့သည်။

ဘုရင်အဆင့် အကြီးအကဲသုံးဦး သေဆုံးသွားခဲ့သည့် ကိစ္စသာ မဖြစ်ခဲ့ပါက ချီလင်းအရှင်မနှင့် အခြားသူများသည် ရိုးအစွာ နေရာရွှေ့ပြောင်းသွားပေလိမ့်မည်။ ချက်ချင်း ချုံခိုတိုက်ခိုက်၍ အသတ်ခံရမည်မှာ သေချာ၏။

နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များကို အစောကတည်းက ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်သည်။ ဤနေရာမှ ဖျက်ဆီးလိုက်သည်နှင့် ထိုနေရာရှိ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များပါ ပေါက်ကွဲပျက်စီးသွားပေမည်။ မသေမျိုးတစ်ပိုင်းရသေ့ကြီး မသိစရာ အကြောင်းမရှိပေ။ သို့ထိတိုင် သူက မည်သည်မှ မေးခွန်းမထုတ်ဘဲ ချီလင်းအရှင်မတို့ကိုသာ ခေါ်နေသည်လော။

နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များ ပျက်စီးသွားသဖြင့် ချီလင်းအရှင်မတို့က မည်သို့ သွားရမည်နည်း။ ဤကိစ္စကို မသေမျိုးတစ်ပိုင်းရသေ့ကြီးက ထည့်မပြောခဲ့ချေ။ ၎င်းက ပုံမှန်ဟုတ်ပါရဲ့လော။

လုံးဝ ပုံမှန်မဟုတ်ပေ။

ချီလင်းအရှင်မက မည်သည့် သတင်းစကားမှ လက်ခံမရသလို ဟန်ဆောင်၍ ထိုကိစ္စကို လျစ်လျူရှုထားလိုက်ပြီး ကင်းထောက်များထံမှ သတင်းကိုသာ စောင့်ဆိုင်းနေလိုက်သည်။

သုံးနာရီ ကြာပြီးနောက် စုံစမ်းမှု ရလဒ်နှစ်ခု ဆက်တိုက် ထွက်ပေါ်လာခဲ့၏။

တစ်ခုမှာ ကောင်းကင်ဘုရင်ဝေ၏ လူများထံမှ ဖြစ်ပြီး နောက်တစ်ခုက ဟယ်မျိုးနွယ်စု၏ ကင်းထောက်တပ်မှူးထံမှ ဖြစ်သည်။ သူတို့သည် အသက်စွန့်၍ စစ်တပ်ကြီးအား စုံစမ်းရန် လူလွှတ်ခဲ့သော်လည်း ရလဒ်ကြောင့် ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများအားလုံး ကြက်သေသေသွားခဲ့ရ၏။

စစ်တပ်၌ မည်သည့် ပြဿနာမှ မရှိချေ။

သူတို့သည် ကောင်းကင်အထီးကျန်ဘုံထဲသို့ သူလျှိုများကို အသက်စွန့် ပို့လွှတ်၍ စစ်စခန်းထဲ ဝင်ရောက်စစ်ဆေးခဲ့၏။ ပြန်လည်ရောက်ရှိလာသော စစ်တပ်မှာ ယခင်စစ်တပ်နှင့် တစ်ပုံစံတည်း တူနေ၏။ သက်ရှိထင်ရှား လူသားစစ်စစ်များသာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုမျှသာမက စစ်သည်များထံမှ စစ်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက် အချို့ကိုလည်း ရရှိခဲ့၏။

"ပြဿနာ မရှိဘူးတဲ့လား"

ချီလင်းအရှင်မနှင့် အခြားသူများ ဇဝေဇဝါ ဖြစ်သွားကြသည်။ ထိုကင်းထောက်တပ်မှူး နှစ်ဦး၏ သစ္စာရှိမှုက သံသယဖြစ်စရာ မရှိသလို ပုန်ကန်ရန် မဖြစ်နိုင်ချေ။ သူတို့သာ မိစ္ဆာအဖြစ် ပြောင်းလဲခံလိုက်ရပါက ချက်ချင်း ဖောက်ခွဲသေဆုံးကြပေလိမ့်မည်။

ယခင် တွက်ဆမှုများက မှားယွင်းခဲ့ပြီး မသေမျိုးတစ်ပိုင်းရသေ့ကြီးနှင့် နောက်လိုက်များမှာ အမှန်တကယ် အပြစ်ကင်းနေပါသည်လော။ ထိုစစ်သည် သန်းနှစ်ဆယ်ကျော်လုံး မိစ္ဆာအဖြစ် ‌မပြောင်းလဲသွားသည်က အမှန်လော။ ထိုသို့ဆိုပါက ဘုရင်အဆင့် အကြီးအကဲသုံးဦး သေဆုံးသွားခြင်းနှင့် သတိပေးကျောက်စိမ်းပြား ကွဲအက်သွားခြင်းကို မည်သို့ ရှင်းပြရမည်နည်း။

"ပြဿနာက ကြီးလွန်းတယ်... သံသယဖြစ်စရာတွေကလည်း သိပ်များတယ်..."

ဟယ်နုန်ယင်းက သတင်းများကို အဆက်မပြတ် စစ်ဆေးနေသည်။ သူမက ခေါင်းမော့၍ သက်ပြင်းချလိုက်ရင်း ပြောသည်။ "ရလာတဲ့ သတင်းတွေအရ ဖြစ်နိုင်ခြေ အတော်များများ ရှိတယ်... ပထမတစ်ခုက ကျွန်မတို့ရဲ့ ကင်းထောက်တွေကို အင်အားကြီးပုဂ္ဂိုလ်တွေက ချက်ချင်း ထိန်းချုပ်လိုက်လို့ ပြန်ပို့လာတဲ့ သတင်းတွေက အတုတွေ ဖြစ်နေတာပဲ"

"ဒုတိယတစ်ခုကတော့ စစ်တပ်က မိစ္ဆာအဖြစ် ပြောင်းလဲမခံရတာ ဖြစ်နိုင်တယ်... ဘာလို့လဲဆိုတော့ သတင်းတွေအရ ဒီစစ်တပ်တွေက တမလွန်ဘုံထဲကို ဝင်မသွားခဲ့ကြဘူး… အပြင်မှာပဲ တမလွန်ဘုံစစ်တပ်တွေနဲ့ တိုက်ခိုက်နေခဲ့ကြတာ... မသေမျိုးတစ်ပိုင်းရသေ့ကြီးက အရှင်တွေအပြင် မိုးပြာမဟာဧကရာဇ်စစ်တပ်နဲ့အတူ မိုးပြာမဟာဧကရာဇ် ပိတ်မိနေတဲ့ တမလွန်ချောက်နက်ထဲ ဝင်သွားခဲ့လို တမလွန်ဘုံစစ်တပ် အများစုက သူတို့ကိုပဲ အာရုံစိုက် တိုက်ခိုက်ခဲ့ကြတယ်… ဒါကြောင့် ကျန်ခဲ့တဲ့ စစ်တပ်တွေက အခုအချိန်ထိ တောင့်ခံနိုင်ခဲ့တာပဲ”

"နောက်ပိုင်း မသေမျိုးတစ်ပိုင်းရသေ့ကြီးတို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့် မိုးပြာမဟာဧကရာဇ်ရဲ့ စစ်တပ်ကတော့ အလုံးစုံ ပျက်သုဉ်းသွားခဲ့တယ်... မီးတောက်အရှင်တို့လည်း ပျောက်သွားတယ်… မသေမျိုးတစ်ပိုင်းရသေ့ကြီးက ကျန်နေသေးတဲ့ စစ်သည် သန်းနှစ်ဆယ်ကျော်နဲ့အတူ တမလွန်ဘုံကနေ ထွက်ပြေးလာခဲ့ကြတယ်တဲ့... ဒါတွေက ကင်းထောက်တွေ စစ်တပ်ဆီက ရလာတဲ့ သတင်းတွေပဲ..."

"ကင်းထောက်တွေသာ မိစ္ဆာအဖြစ် ပြောင်းလဲမခံရဘူးဆိုရင် ဒီစစ်တပ်တွေက အကောင်းအတိုင်း ရှိနေနိုင်တယ်... မသေမျိုးတစ်ပိုင်းရသေ့ကြီးတို့ပဲ ပြဿနာရှိနေတာ ဖြစ်နိုင်တယ်... သူတို့က အင်အားကြီးမားတဲ့အပြင် တမလွန်ဘုံဧကရာဇ်ရဲ့ နည်းလမ်းတွေကလည်း များလွန်းတယ်… သာမန်စစ်တပ်ရဲ့ အင်အားကြီးပုဂ္ဂိုလ်တွေအနေနဲ့ ပြဿနာရှိနေတာကို အာရုံမခံနိုင်ခဲ့တာလည်း ဖြစ်နိုင်တယ်”

ဟယ်နုန်ယင်းက ခွဲခြမ်းစိတ်ဖြာလိုက်သည်။ ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့လည်း တစ်ခဏ စဉ်းစားပြီးနောက် သဘောတူလိုက်၏။ ကောင်းကင်ဘုရင်ဝေက ဟယ်နုန်ယင်းကို ကြည့်ကာ မေးလိုက်သည်။ "နုန်ယင်း... အခု ငါတို့ ဘာဆက်လုပ်သင့်လဲ"

"အချိန်ဆွဲရမယ်"

ဟယ်နုန်ယင်းက တည်ငြိမ်စွာ ဖြေသည်။ "မသေမျိုးတစ်ပိုင်းရသေ့ကြီးဆီ သတင်းပြန်ပို့လိုက်ပါ... ကမ္ဘာဦးကောင်းကင်ဘုံမှာ ပုန်ကန်မှုကြီးတွေ ဖြစ်နေပြီး တမလွန်ဘုံဘုရင် အများအပြား ခိုးဝင်နေတယ်လို့ ပြောရမယ်... ဒါကြောင့် နောက်တန်း တည်ငြိမ်အောင်လို့ လူသားမျိုးနွယ်နဲ့ စစ်တပ်ကြီးကို ပြန်ရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ… မကြာသေးခင်က သူလျှိုတွေ ပုန်ကန်ထကြွလို့ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တွေကတော့ အကုန် ပျက်စီးသွားတယ်…. အရှင်မတို့အနေနဲ့ နေရာရွှေ့ပြောင်းလို့ မရတော့ဘူး… သူတို့ကိုသာ ဆုတ်ခွာလာခဲ့ဖို့ ပြောလိုက်ပါ"

"အကြံကောင်းပဲ"

ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ချီးကျူးလိုက်ကြသည်။ ဟယ်နုန်ယင်း၏ စကားက ကိုယ့်ကိုကိုယ် ကာကွယ်ရှင်းပြပြီးသား ဖြစ်ရုံသာမက ဘောလုံးအား တစ်ဖက်လူဆီ ပြန်ကန်‌ပေးလိုက်သ၏။ မသေမျိုးတစ်ပိုင်းရသေ့ကြီး၏ တုံ့ပြန်မှုကိုပါ စောင့်ကြည့်နိုင်ပေလိမ့်မည်။

နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များ ပျက်စီးသွားသဖြင့် သူတို့ နေရာမရွှေ့ပြောင်းနိုင်တော့ချေ။ ထို့ကြောင့် မသေမျိုးတစ်ပိုင်းရသေ့ကြီးတို့အနေဖြင့် ပြန်လည်ဆုတ်ခွာမလာပါက ကောင်းကင်အထီးကျန်ဘုံ၌ ဆက်နေရန်သာ ရှိသည်။ မည်သည်ကို ရွေးချယ်သည်ဖြစ်‌စေ အားနည်းချက် ပေါ်လာနိုင်၏။ ဤနေရာကတော့ အရှုံးမရှိဘဲ ရပ်တည်နိုင်ပေလိမ့်မည်။

"ဒါပေမဲ့"

ချီလင်းအရှင်မက မျက်မှောင်ကြုတ်ကာ နောက်ထပ် ပြဿနာတစ်ခုကို ထောက်ပြလိုက်၏။ "အဲ့ဒီ စစ်သည် သန်းနှစ်ဆယ်ကျော်က တကယ် မိစ္ဆာပူးကပ်ခံထားရတာ မဟုတ်ရင်ရော... ဒီအတိုင်း ပစ်ထားလိုက်ရင် သူတို့အားလုံး သေကုန်လိမ့်မယ်... စစ်သည် သန်းနှစ်ဆယ်ကျော်တောင်နော်"

"ကျွန်မတို့ ဘာမှ မတတ်နိုင်ဘူးလေ..."

ဟယ်နုန်ယင်းက ခပ်ဖွဖွ သက်ပြင်းချသည်။ "မသေမျိုးတစ်ပိုင်းရသေ့ကြီးတို့သာ အကောင်းအတိုင်းဆိုရင် စစ်သည်တွေနဲ့ သူတို့အသက်ကို ကာကွယ်ဖို့ သေချာပေါက် နည်းလမ်းရှာကြမှာပဲ... ဒီတစ်ခေါက် ကယ်တင်ရေးအစီအစဉ်က ရှုံးနိမ့်သွားခဲ့ပြီမလား... မိုးပြာမဟာဧကရာဇ်ကို ကယ်တင်ဖို့က မဖြစ်နိုင်တော့ဘူး... သူ့ကိုယ်သူပဲ အားကိုးရလိမ့်မယ်... မသေမျိုးတစ်ပိုင်းရသေ့ကြီးသာ ပါဝင်ပက်သက်နေတယ်ဆိုရင် နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တွေကိုလည်း ဖျက်ဆီးပြီးပြီမလို့ အဲ့ဒီစစ်တပ်ကို ကယ်ချင်ရင်တောင် ကယ်လို့ရမှာ မဟုတ်တော့ဘူး"

"ကောင်းပြီလေ"

ချီလင်းအရှင်မလည်း အားပျော့စွာ လက်ဝှေ့ရမ်းလိုက်၏။ "နုန်ယင်းပဲ သတင်းပို့လိုက်တော့... ငါတို့ ဘာမှမလုပ်ဘဲ ကမ္ဘာဦးကောင်းကင်ဘုံကို သေချာကာကွယ်ကြမယ် မသေမျိုးတစ်ပိုင်းရသေ့ကြီး ဘယ်လိုလှုပ်ရှားလာမလဲ စောင့်ကြည့်ကြတာပေါ့"

"နောက်တစ်ခု ရှိသေးတယ်"

ဟယ်နုန်ယင်း၏ မျက်လုံးများ၌ အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး သူမက ခပ်ဩဩလေသံဖြင့် ပြော၏။ "ရွှေ၊ တောက်နဲ့ ယန်မိသားစုတွေကို ကျွန်မတို့ စောင့်ကြည့်ဖို့ လိုအပ်လိမ့်မယ်… မသေမျိုးတစ်ပိုင်းရသေ့ကြီးနဲ့ ရွှေအရှင်တို့ဘက်က သတင်းတွေ ပို့လာလို့ လျှို့ဝှက်အကောက်ကြံခဲ့ရင် ပြဿနာကြီး ဖြစ်လာလိမ့်မယ်"

"မှန်တယ်"

ကောင်းကင်ဘုရင်ဝေက မတ်တတ်ရပ်၍ ခေါင်းညိတ်ကာ ပြောသည်။ "ကောင်းပြီ... ဒီကိစ္စတွေကို ငါ သွားစီစဉ်လိုက်မယ်... ကမ္ဘာဦးကောင်းကင်ဘုံ လုံးဝ ဖရိုဖရဲ ဖြစ်လို့မရဘူး... ဒါက ငါတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ... အတွင်းမှာသာ ကသောင်းကနင်း ဖြစ်သွားရင် မတိုက်ခင်ကတည်းက သေကုန်လိမ့်မယ်"

"နေဦး"

ချီလင်းအရှင်မက ဝင်ပြော၏။ "ကမ္ဘာဦးကောင်းကင်ဘုံက တကယ်ကို ဖရိုဖရဲ ဖြစ်သွားလို့မရဘူး... ကောင်းကင်ဘုရင်ဝေ... တစ်ဘုံလုံးက စစ်တပ်တွေကို ယန်ကိုးပါးမြို့နား ခေါ်လိုက်ပါ... မိသားစုကြီးတွေကိုလည်း ယန်ကိုးပါးမြို့မှာ နေရာချထားလိုက်… ဒီလိုနည်းနဲ့ဆို တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်ပြီး ထိန်းချုပ်နိုင်လိမ့်မယ်... ရှင် ဘယ်လိုထင်လဲ"

"ကောင်းတယ်"

ယန်ကိုးပါးမြို့တွင်းရှိ သာမန်ပြည်သူများနှင့် မိသားစုများမှာ ကမ္ဘာငယ်ခုနစ်ခုသို့ ရွှေ့ပြောင်းသွားခဲ့ပြီး ဖြစ်၏။ မိသားစုကြီးများ၏ ခေါင်းဆောင်များနှင့် အင်အားကြီးပုဂ္ဂိုလ်များကို နေရာချထားရန် လွယ်ကူပေသည်။ စစ်တပ်အားလုံးကို ဆင့်ခေါ်ပြီး နေရာချထားရန်မှာလည်း လွယ်ကူ၏။ ယန်ကိုးပါးတောင်ကြားအတွင်း၌ စစ်သည် သန်းရာချီအား နေရာချထားရန် ပြဿနာ မရှိချေ။ အားလုံးကို တစ်နေရာတည်းတွင် စုစည်းထားပါက တပြိုင်နက် ကွပ်ကဲ၍ စောင့်ကြည့်နိုင်ပေလိမ့်မည်။

“သဘောမတူတဲ့သူရှိရင်”

ချီလင်းအရှင်မက ထပ်ပြောလိုက်ပြီး သူမ၏ လေသံ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ လွှမ်းခြုံနေ၏။ "ကျွန်မရဲ့ အမိန့်လို့သာ ပြောလိုက်... ဖီဆန်ရဲတဲ့သူမှန်သမျှ ချက်ချင်း သတ်ပစ်လိုက်ပါ... လူသားမျိုးနွယ်ရဲ့ သေရေးရှင်ရေး အချိန်ကာလမှာ သစ္စာမရှိတဲ့သူတွေကို အသက်ရှင်ခွင့်ပေးစရာ အကြောင်းမရှိဘူး"

All Chapters