အခန်း (၂၀၅၈-၂၀၅၉)
Vol. 148 Ch. 2058-2059
အပိုင်း ၂၀၅၈ သေရေးရှင်ရေး
ကင်းထောက်များ၏ သတင်းများက ဆက်တိုက်ဆိုသလို ရောက်လာခဲ့ပြီး အများစုက စစ်တပ်ကြီးတွင် ပြဿနာမရှိကြောင်း အတည်ပြုပေးခဲ့ကြသည်။ ဟယ်မိသားစု၏ ထိပ်တန်းကင်းထောက်တစ်ဦးက စစ်တပ်ကြီးအတွင်း တိတ်တဆိတ် ဝင်ရောက်သွားခဲ့ပြီး ဟယ်မိသားစုတပ်မှူးအချို့နှင့် အောင်မြင်စွာ ဆက်သွယ်ကာ စစ်တပ်၏ အပြစ်ကင်းမှုကို အတည်ပြုနိုင်ခဲ့သည်။
အပေါ်ယံကြည့်ပါက စစ်တပ်ကြီး၌ ပြဿနာမရှိဟု ထင်ရသော်လည်း ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့ကတော့ အလွယ်တကူ မယုံကြည်ရဲချေ။ တမလွန်ဘုံဧကရာဇ်သည် အံ့မခန်းလိလိ နည်းလမ်းများကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ စစ်တပ်တစ်တပ်လုံးကို ထိန်းချုပ်၍ မိစ္ဆာအဖြစ် မပြောင်းခဲ့ခြင်းဆိုပါက စစ်သည်အားလုံး၏ စကားကို ယုံကြည်၍ မရနိုင်ပေ။
ဆယ်နာရီကျော် ကြာပြီးနောက် မသေမျိုးတစ်ပိုင်းရသေ့ကြီးထံမှ သတင်းပြန်ရောက်လာခဲ့သည်။ သူတို့အနေဖြင့် မိုးပြာမဟာဧကရာဇ်အား ကယ်ရန် ကျရှုံးသွားခဲ့ကြောင်းနှင့် စစ်တပ်ကြီးအား ဦးဆောင်ကာ ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်လာရန် ပြင်ဆင်နေကြောင်း ပြော၏။ ပြန်လည်ရောက်ရှိချိန်မှ နောက်ပိုင်းအစီအစဉ်များကို အတူတကွ တိုင်ပင်ဆွေးနွေးကြမည်ဟု ဆိုလေသည်။
နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များကို ပြန်လည်ပြုပြင်ခြင်းက အလွန်တရာ နှေးကွေးလွန်း၏။ သို့သော် ဟွင့်သွမ်နတ်ဘုရားလှေများဖြင့် ပြန်လာခြင်းက ပို၍ပင် နှေးကွေးသည်။ အနည်းဆုံး လပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။ စစ်တပ်ကြီးတွင် ဧကရာဇ်အဆင့်ပုဂ္ဂိုလ် အနည်းငယ်မျှသာ ပါဝင်သည်မဟုတ်ချေ။
ထို့ကြောင့် မသေမျိုးတစ်ပိုင်းရသေ့ကြီးက စစ်တပ်ကြီးအား ဦးဆောင်၍ ကောင်းကင်အထီးကျန်ဘုံမှ ထွက်ခွာလာခဲ့သည်။ သူတို့သည် ကောင်းကင်ထူးခြားဘုံသို့ ပျံသန်းသွားရင်း ထိုနေရာရှိ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ကို ပြုပြင်ထားရန် လူအချို့ ကြိုတင်စေလွှတ်ထားကြ၏။
ဤသို့ နည်းလမ်းနှစ်ခုဖြင့် တမလွန်ဘုံစစ်တပ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်း၍ လူသားမျိုးနွယ်၏ ခွန်အားကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။
ချီလင်းအရှင်မ စေလွှတ်ထားသော ကင်းထောက်များက လမ်းတစ်လျှောက် လူသားစစ်တပ်ကြီး၏ လှုပ်ရှားမှုများအား ထောက်လှမ်းနိုင်ကြသည်။ မသေမျိုးတစ်ပိုင်းရသေ့ကြီးက ချီလင်းအရှင်မ၏ ကင်းထောက်များကို မသတ်ဖြတ်သည့်အပြင် တိတ်တဆိတ် စောင့်ကြည့်နေသော ကင်းထောက်များအား ကမ္ဘာဦးကောင်းကင်ဘုံသို့ ဆုတ်ခွာကြရန် လူလွှတ်အမိန့်ပေးခဲ့သေး၏။
အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်နေပုံပင်။ သို့သော် ဘုရင်အဆင့် အကြီးအကဲသုံးဦး သေဆုံးသွားခြင်းနှင့် သတိပေးကျောက်စိမ်းပြား ကွဲအက်သွားခြင်းတို့က ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေ၊ ရှန်ကွေ့နှင့် အခြားသူများ၏ ရင်ထဲတွင် ဆူးတစ်ချောင်း စိုက်ဝင်နေသကဲ့သို့ တနုံ့နုံ့ ဖြစ်နေစေသည်။ ယန်ကိုးပါး ကောင်းကင်ဧကရာဇ်နှင့် ကျန်းရီတို့၏ စကားများပါ ထပ်ပေါင်းလိုက်ပါက မသေမျိုးတစ်ပိုင်းရသေ့ကြီးသည် သံသယဝင်စရာကောင်းကြောင်း အားလုံး ခံစားနေကြရ၏။
ကောင်းကင်ထူးခြားဘုံရှိ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ကို ပြုပြင်ရန် သတင်းပို့လာချိန်တွင် ချီလင်းအရှင်မက ပြတ်သားစွာ ငြင်းဆန်လိုက်သည်။ ယခု ကမ္ဘာဦးကောင်းကင်ဘုံ၌ ပုန်ကန်မှုအချို့ ဖြစ်ပွားနေပြီး နှိမ်နင်းနေရသဖြင့် မန္တန်အစီအရင်ကို ပြုပြင်ရန် အချိန်မရှိကြောင်း ပြောခဲ့၏။ ကောင်းကင်ကြယ်စုံဘုံရှိ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ဖြင့်သာ ချိတ်ဆက်ရန် သတင်းပြန်ပို့လိုက်သည်။
ကမ္ဘာဦးကောင်းကင်ဘုံ၌ အမှန်တကယ်ပင် ဆူပူအုံကြွမှုအချို့ ဖြစ်ပွားခဲ့၏။ ရွှေမိသားစုက ပေါ်တင် ပြဿနာမရှာရဲသော်လည်း အကြီးအကဲများကတော့ တိတ်တဆိတ် လူလွှတ်၍ ကောလာဟလများ ဖြန့်ဝေကာ ပြဿနာရှာခဲ့ကြသည်။ ချီလင်းအရှင်မထံ သတင်းရောက်လာချိန်၌ မည်သည့် ဆွေးနွေးမှုမှ မလုပ်ခဲ့ချေ။ ချေမှုန်းနှိမ်နင်းရန်သာ အမိန့်ပေးလိုက်သည်။
ကမ္ဘာဦးကောင်းကင်ဘုံတစ်ခုလုံးရှိ မိသားစုကြီးအားလုံးကို ယန်ကိုးပါးမြို့တော်သို့ ရွှေ့ပြောင်းရန် အမိန့်ပေးလိုက်သည်။ မြို့အသီးသီးရှိ မိသားစုများနှင့် စစ်တပ်များကိုလည်း လုံခြုံရေးအတွက် အနည်းငယ်သာ ချန်ထားခဲ့၏။ အားလုံးကို ယန်ကိုးပါးတောင်ကြား၌ စုစည်းစေခဲ့သည်။ အမိန့်ဖီဆန်သူမှန်သမျှ ရက်စက်ကြမ်းကြုတ်စွာ အသတ်ခံရ၏။
တောင်ပေါ်၌ ကျားမရှိပါက မျောက်များက ဘုရင် လုပ်တတ်ချေသည်။
ဤသည်ကား ချီလင်းအရှင်မအပေါ် မိသားစုကြီးများ၏ ဝေဖန်ချက် ဖြစ်၏။ ယခု ကမ္ဘာဦးကောင်းကင်ဘုံ တစ်ဘုံလုံးတွင် ဧကရာဇ်အဆင့်ပုဂ္ဂိုလ် တစ်ယောက်မှ မရှိတော့ဘဲ ချီလင်းအရှင်မ တစ်ပါးတည်းသာ ရှိချေသည်။ ချီလင်းအရှင်မသည် အမြဲ ဩဇာအာဏာကြီးမားခဲ့သည်သာမက မိုးပြာမဟာဧကရာဇ်လည်း ဘေးဒုက္ခကြုံကာ လူသားမျိုးနွယ် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသဖြင့် မည်သူမှ သူမကို မဖီဆန်ရဲကြချေ။ ခေါင်းဆောင်မဲ့နေချိန်တွင် ချီလင်းအရှင်မ၏ ထောက်ပံ့မှုသာ မရှိပါက လူသားမျိုးနွယ်မှာ ပို၍မြန်မြန် ပျက်သုဉ်းသွားပေလိမ့်မည်။
သံမဏိကဲ့သို့ တင်းကြပ်စွာ အုပ်ချုပ်နှိမ်နင်းပြီးနောက် ချီလင်းအရှင်မက ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။ မိုးပြာမဟာဧကရာဇ်သည် တမလွန်ဘုံ၌ ပိတ်မိနေပြီး တမလွန်ဘုံဧကရာဇ် ပေါ်ထွက်လာခဲ့ပြီဖြစ်၏။ လူသားမျိုးနွယ်မှာ သေရေးရှင်ရေး အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်သဖြင့် စည်းလုံးညီညွတ်ကြရန်နှင့် ကမ္ဘာပျက်ကပ်ဘေးကြီးအား အတူတကွ ရင်ဆိုင်ကြရန် တိုက်တွန်းနှိုးဆော်လိုက်သည်။
ကြေညာချက်က မိသားစုငယ်များ၊ စစ်တပ်များနှင့် ပြည်သူပြည်သားအားလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေ၏။ အားလုံးက ပြဿနာကြီးတစ်ခုခု ဖြစ်ပျက်နေပြီဟု သံသယဝင် ခန့်မှန်းခဲ့ကြသော်လည်း သတင်းထွက်ပေါ်လာချိန်တွင်တော့ မိုးပြိုသည့်အလား ခံစားလိုက်ကြရသည်။
သို့သော် ဤကြေညာချက်ကြောင့် ကောင်းကျိုးတစ်ခုလည်း ရှိလာခဲ့၏။ မည်သူမှ ရမ်းကား၍ အကြောင်းမဲ့ ပြဿနာမရှာရဲတော့ချေ။ ဤသို့ အချိန်ကာလမျိုး၌ ပြဿနာရှာနေပါကလည်း မည်သည့် အဓိပ္ပာယ်ရှိမှ မရှိပေ။ မိသားစုအားလုံးက ဘုံရန်သူကို ရင်ဆိုင်ရန် မကြုံစဖူး စည်းလုံးညီညွတ်သွားကြပြီး အသေခံတိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
သုံးရက်ကြာသွား၏။
ကြေညာချက် ထုတ်ပြန်ပြီး သုံးရက်အကြာတွင် ကမ္ဘာဦးကောင်းကင်ဘုံတစ်ခုလုံးမှာ ကြောက်ရွံ့တုန်လှုပ်ဖွယ် ဖိနှိပ်ခံထားရသည့်အလား တိတ်ဆိတ်ငြိမ်သက်နေကြသည်။ လူအတော်များများမှာ ဖိနှိပ်ခံရလွန်းသဖြင့် ရူးတော့မတတ် ခံစားနေကြရသည်။ သို့သော် သုံးရက်တိတိ တောင့်ခံပြီးသည့်အချိန်တွင်တော့ လူအများစုမှာ မကြောက်ရွံ့တော့ချေ။ မည်သို့ပင်ဖြစ်စေ သေရမည်ဖြစ်သောကြောင့် ကြောက်နေပါကလည်း မသုံးမဝင်ပေ။ အရာအားလုံးကို စွန့်လွှတ်၍ တိုက်ပွဲဝင်ရင်း သေဆုံးသွားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ပြည်သူအားလုံးက စစ်သည်များအဖြစ် စုစည်းသွားကြ၏။
ဘုရင်အဆင့်သို့ ရောက်ရှိနေကြသည့် ကျား၊ မ၊ ကြီး၊ ငယ် မရွေး ပြည်သူများက မြို့အရှင်စံအိမ်ရှေ့၌ စုဝေး၍ စစ်တပ်ထဲဝင်ရန် စာရင်းပေးသွင်းကြသည်။ စစ်သူကြီးများ၏ ကလေးငယ်များပင်လျှင် စာရင်းပေးလာကြ၏။ လူသားမျိုးနွယ်ကား ပျက်သုဉ်းတော့မည်ဖြစ်ရာ နောက်ဆုတ်စရာ လမ်းမရှိသလို ညှိနှိုင်းစရာလည်း မရှိတော့ချေ။ သေသည်အထိ တိုက်ပွဲဝင်ရန်သာ ကျန်တော့သည်။
ငါးရက်မြောက်နေ့။
မသေမျိုးတစ်ပိုင်းရသေ့ကြီး၏ စစ်တပ်က ကောင်းကင်ထူးခြားဘုံသို့ ရောက်ရှိလာခဲ့၏။ ကောင်းကင်ထူးခြားဘုံနှင့် ကောင်းကင်ကြယ်စုဘုံကြားရှိ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များကို ပြုပြင်ပြီးစီးသွားပြီဖြစ်သောကြောင့် မသေမျိုးတစ်ပိုင်းရသေ့ကြီးသည် စစ်တပ်ကြီးအား ကောင်းကင်ကြယ်စုဘုံသို့ အဆက်မပြတ် ရွှေ့ပြောင်းစေခဲ့သည်။
တစ်ချိန်တည်းမှာပင် တမလွန်ဘုံက စစ်တပ်များ စေလွှတ်၍ ကောင်းကင်ကြယ်စုဘုံအား သိမ်းပိုက်လိုက်၏။ တမလွန်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံ အနီးရှိ ကင်းထောက်အားလုံးကိုလည်း တစ်ယောက်မကျန် ရှင်းလင်းသတ်ဖြတ်လိုက်သည်။ ချီလင်းအရှင်မအနေဖြင့် တမလွန်ဘုံအနီးရှိ သတင်းအချက်အလက် အရင်းအမြစ်အားလုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရ၏။
မသေမျိုးတစ်ပိုင်းရသေ့ကြီးမှာ ကောင်းကင်ကြယ်စုဘုံသို့ ပထမဆုံးရောက်ရှိလာခဲ့ပြီး နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်အား ပြုပြင်ရန် ထပ်မံ သတင်းပို့လာခဲ့သည်။ သူက ကောင်းကင်ကြယ်စုဘုံရှိ စစ်တပ်နှင့် ပြည်သူအားလုံးကို ရွှေ့ပြောင်းလို၏။ အင်အားကြီးပုဂ္ဂိုလ် အားလုံးကိုပါ စုစည်း၍ လက်ရှိအခြေအနေကို ဆွေးနွေးလိုကြောင်း ပြောလာသည်။
ဘုံတိုင်း၌ ကောင်းကင်ကြယ်ကိုးပါးအစီအရင်များ ဖွဲ့တည်ထားသော်လည်း ကာကွယ်နိုင်စွမ်းကတော့ အတော်လေး ကွာခြား၏။
ကောင်းကင်ကြယ်ကိုးပါးအစီအရင်သည် ကောင်းကင်ဘုံရုံးများနှင့် ဆင်တူပြီး ကောင်းကင်ဧကရာဇ်ကိုယ်တိုင် ချန်ရစ်ထားခဲ့ခြင်းဖြစ်သည်။ ထိုအစီအရင်သည် ကြယ်တာရာစွမ်းအင်များကို စုပ်ယူသိုလှောင်ထားနိုင်၏။ များများစုပ်ယူနိုင်လေ၊ ကာကွယ်နိုင်စွမ်း မြင့်မားလေလေဖြစ်သည်။ ကောင်းကင်ကြယ်စုံဘုံ၊ ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ထူးခြားဘုံတို့ရှိ အစီအရင်များအား တည်ဆောက်ခဲ့သည်မှာ မကြာသေးသဖြင့် ကြယ်တာရာစွမ်းအင် များများစားစား စုယူမထားနိုင်ချေ။
ကမ္ဘာဦးကောင်းကင်ဘုံကတော့ ကွဲပြား၏။
၎င်းအစီအရင်အား လွန်ခဲ့သည့်နှစ်တစ်သောင်းတုန်းက ယန်ကိုးပါး ကောင်းကင်ဧကရာဇ်ကိုယ်တိုင် တည်ဆောက်ခဲ့သောကြောင့် စွမ်းအင်များ တွက်ဆမရနိုင်အောင် စုပ်ယူထားချေသည်။ ဤအစီအရင်ကို ဖျက်ဆီးရန်မှာ အလွန်ခက်ခဲလှပြီး စစ်သည်အင်အား သန်းပေါင်းများစွာဖြင့် အဆက်မပြတ် တိုက်ခိုက်လျှင်ဆောင်မှ အနည်းဆုံး တစ်လကြာပေလိမ့်မည်။
မသေမျိုးတစ်ပိုင်းရသေ့ကြီး၏ တောင်းဆိုမှုမှာက ကျိုးကြောင်းဆီလျော်နေသောကြာင့် ချီလင်းအရှင်မမှာ မည်သို့တုံ့ပြန်ရမည်လဲ မသိတော့ချေ။ သူမက ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများကို ခေါ်ယူကာ တိုင်ပင်ဆွေးနွေး၏။ နောက်ဆုံး၌ ဟယ်နုန်ယင်းက ရဲတင်းလွန်းသော အကြံပြုချက်တစ်ခုကို လျှောက်တင်လာသည်။
"သူတို့က ဒီကို လာချင်နေမှတော့လည်း လာခွင့်ပြုလိုက်ပါ... ဒါပေမဲ့... မသေမျိုးတစ်ပိုင်းရသေ့ကြီးကို ယန်အရှင်၊ ရှားယွီနဲ့ လူအနည်းငယ်ကိုပဲ ခေါ်လာခိုင်းရမယ်... စစ်တပ်ကြီးကို ခေါ်မလာခဲ့ဖို့ ပြောလိုက်ပါ... သူတို့ ဘယ်လောက်အထိ သတ္တိရှိလဲ စောင့်ကြည့်ရတာပေါ့"
ဟယ်နုန်ယင်း၏ အကြံပြုချက်ကြောင့် ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများမှာ အံ့အားသင့်သွားကြ၏။ မသေမျိုးတစ်ပိုင်းရသေ့ကြီးသာ အမှန်တကယ် တမလွန်ဘုံဧကရာဇ် ဖြစ်နေပြီး ကမ္ဘာဦးကောင်းကင်ဘုံထဲသို့ ဝင်ရောက်ပါက မည်သူက တားဆီးနိုင်မည်နည်း။ တမလွန်ဘုံဧကရာဇ်သာ ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများကို သတ်ပစ်လိုက်မည်ဆိုပါက ကမ္ဘာဦးကောင်းကင်ဘုံသည် ခေါင်းဆောင်မဲ့၍ ချက်ချင်း ပျက်သုဉ်းသွားပေလိမ့်မည်။
ချီလင်းအရှင်မကတော့ ဟယ်နုန်ယင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်၏။ တမလွန်ဘုံဧကရာဇ်သည် ပေါ်ပေါ်ထင်ထင် ထွက်မလာသေးသဖြင့် သေချာပေါက် အကြံအစည်တစ်ခုခု ရှိနေပေလိမ့်မည်။
သူသည် ထိုသို့ အလွယ်တကူ စွန့်စားမည်မဟုတ်ချေ။ သူတို့အား သတိထားနေမှန်း သိသာလှသဖြင့် အလောတကြီး ဝင်ရောက်လာပါက ချုံခိုတိုက်ခိုက်ခံရနိုင်၏။ ထို့ကြောင့် မသေမျိုးတစ်ပိုင်းရသေ့ကြီးအနေဖြင့် စစ်တပ်မပါဘဲ လာရဲမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ကျန်းရီနှင့် ယန်ကိုးပါး ကောင်းကင်ဧကရာဇ်တို့လည်း ရှိနေသည် မဟုတ်ပါလော။
ကျန်းရီကား ပျောက်ကွယ်နေပြီး သူ့တည်နေရာကို ချီလင်းအရှင်မတို့မှလွဲ၍ မည်သူမှ မသိကြချေ။ ကျန်းရီနှင့် ယန်ကိုးပါး ကောင်းကင်ဧကရာဇ်တို့ ထွက်မလာသရွေ့ တမလွန်ဘုံဧကရာဇ်အနေဖြင့် သတိကြီးကြီး ထားနေပေလိမ့်မည်။ အလောတကြီး လှုပ်ရှားလာမည်မဟုတ်။
ဟယ်နုန်ယင်း၏ ရည်ရွယ်ချက်က ရှင်းလင်းလှသည်။ မသေမျိုးတစ်ပိုင်းရသေ့ကြီး၌ ပြဿနာရှိ၊ မရှိ စမ်းသပ်ရန် ဖြစ်၏။ ပြဿနာရှိနေပါက မသေမျိုးတစ်ပိုင်းရသေ့ကြီးသည် ကမ္ဘာဦးကောင်းကင်ဘုံသို့ အလွယ်တကူ လာရောက်မည် မဟုတ်ချေ။
ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်၊ ရှန်ကွေ့နှင့် အခြားသူများလည်း ဟယ်နုန်ယင်း၏ ရည်ရွယ်ချက်ကို အလျင်အမြန်ပင် သဘောပေါက်သွားကြသည်။ သို့သော် ရှန်ကွေ့က အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်၏။ "မသေမျိုးတစ်ပိုင်းရသေ့ကြီးက စစ်တပ်မပါဘဲ တကယ်ရောက်လာခဲ့ရင်ရော... ငါတို့ ဘယ်လိုလုပ်ရမှာလဲ... တင်ခွင့်ပေးရမှာလား"
"ဝင်လာလို့ မဖြစ်ဘူး’
ဟယ်နုန်ယင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။ "ကျွန်မကို ယုံပါ... မသေမျိုးတစ်ပိုင်းရသေ့ကြီးက တစ်ယောက်တည်း စွန့်စားလာမှာ မဟုတ်ဘူး ... တမလွန်ဘုံဧကရာဇ်ဆိုတဲ့ မြေခွေးအိုကြီးက သိပ်ကို ကောက်ကျစ်တယ်... အခု သူတို့ အသာစီးရနေတာလေ... ဘယ်လိုလုပ် စွန့်စားမှာလဲ"
ချီလင်းအရှင်မက ဟယ်နုန်ယင်းအား ယုံကြည်ရန် ရွေးချယ်၍ လက်ဝှေ့ရမ်းကာ ပြောလိုက်၏။ "ကောင်းပြီ... နုန်ယင်း... သွားသတင်းပို့လိုက်ပါ... ယုံကြည်အောင် ဘယ်လိုပြောရမလဲ ကိုယ့်ဘာသာ စဉ်းစားလိုက်"
ဟယ်နုန်ယင်းက သတင်းပို့ရန် ထွက်ခွာသွားသည်။ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များကို ပြုပြင်ရန်မှာ နှေးကွေးလွန်းသဖြင့် မသေမျိုးတစ်ပိုင်းရသေ့ကြီးနှင့် အခြားသူများ ကမ္ဘာဦးကောင်းကင်ဘုံသို့ ဦးစွာ ပျံသန်းလာပြီး အရေးကြီးကိစ္စများကို တိုင်ပင်ဆွေးနွေးသင့်ကြောင်း သူမက သတင်းပို့လိုက်၏။
ငါးနာရီ ကြာပြီးနောက် မသေမျိုးတစ်ပိုင်းရသေ့ကြီးထံမှ သတင်းပြန်ရောက်လာခဲ့သည်။ ဟယ်နုန်ယင်း ခန့်မှန်းထားသည့်အတိုင်း မသေမျိုးတစ်ပိုင်းရသေ့ကြီးသည် ရွှေအရှင်၊ ယန်အရှင်နှင့် အခြားသူများကို ခေါ်ဆောင်၍ ရောက်မလာခဲ့ချေ။ တမလွန်ဘုံစစ်တပ်မှ ချုံခိုတိုက်ခိုက်လာမည် စိုးသောကြောင့် မျိုးနွယ်စုသုံးခုနှင့် စစ်တပ်ကြီးတစ်ခုလုံးကို ဦးဆောင်၍သာ ကမ္ဘာဦးကောင်းကင်ဘုံသို့ ရွှေ့ပြောင်းလာရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းပို့လာ၏။
"တစ်ခုခု မှားနေပြီ... မသေမျိုးတစ်ပိုင်းရသေ့ကြီးက လုံးဝ သံသယဝင်စရာပဲ"
ဤတစ်ကြိမ်တွင် မျိုးနွယ်စုခေါင်းဆောင်အားလုံး ယုံကြည်သွားကြလေပြီ။ မသေမျိုးတစ်ပိုင်းရသေ့ကြီး၏ လုပ်ရပ်များက ထူးဆန်းလွန်းနေ၏။ မျိုးနွယ်စုသုံးခုနှင့် စစ်တပ်ကြီးတစ်တပ်လုံးကို ခေါ်ဆောင်လာရသည့် ရည်ရွယ်ချက်က ရှင်းလင်းပေသည်။ သူတို့ကား ကမ္ဘာဦးကောင်းကင်ဘုံကို တိုက်ခိုက်တော့မည် ဖြစ်၏။
အပိုင်း ၂၀၅၉ ပဋိပက္ခများ
ကောင်းကင်ထူးခြားဘုံမှ စစ်တပ်အားလုံး ကောင်းကင်ကြယ်စုဘုံသို့ ရွှေ့ပြောင်းရောက်ရှိလာပြီးနောက် မသေမျိုးတစ်ပိုင်းရသေ့ကြီးသည် နေ့တစ်ဝက်ခန့်သာ အနားယူ၍ စစ်တပ်ကြီးနှင့်အတူ ထွက်ခွာသွားခဲ့၏။
ကောင်းကင်ကြယ်စုဘုံအတွင်း ပုန်းအောင်းနေသော ကင်းထောက်များ၏ သတင်းပို့မှုက ကမ္ဘာဦးကောင်းကင်ဘုံရှိ ခေါင်းဆောင်များကို မျှော်လင့်ချက် ကင်းမဲ့သွားစေသည်။ မသေမျိုးတစ်ပိုင်းရသေ့ကြီးက မျိုးနွယ်စုသုံးခုလုံးကို ကမ္ဘာဦးကောင်းကင်ဘုံသို့ ရွှေ့ပြောင်းမည်ဟု ပြောခဲ့သော်လည်း စစ်တပ်ကြီးကိုသာ စုစည်းခဲ့ပြီး မျိုးနွယ်စုသုံးခု၏ မျိုးနွယ်ဝင်တစ်ယောက်ကိုမှ ခေါ်ဆောင်မလာခဲ့ချေ။
အင်အားသန်းနှစ်ဆယ်ကျော်ရှိသော လက်ကျန်စစ်တပ်ကြီးနှင့် မျိုးနွယ်စုသုံးခုရှိ စစ်သည် သန်းပေါင်းများစွာ ပေါင်းစပ်သွားသဖြင့် စစ်အင်အားမှာ သန်းသုံဆယ်အထိ တိုးလာခဲ့သည်။ ထိုစစ်တပ်ကြီးက ကမ္ဘာဦးကောင်းကင်ဘုံဆီသို့ တခမ်းတနား ပျံသန်းလာနေသည်။
မသေမျိုးတစ်ပိုင်းရသေ့ကြီး မည်သည်ကို ကြံရွယ်နေပါသနည်း။
အရာအားလုံး ရှင်းလင်းနေချေပြီ။ မသေမျိုးတစ်ပိုင်းရသေ့ကြီးသည် တမလွန်ဘုံဧကရာဇ် မဟုတ်လျှင်တောင်မှ သူ့တွင် ပြဿနာကြီးတစ်ခု ရှိနေသည်ကတော့ သေချာ၏။
မသေမျိုးတစ်ပိုင်းရသေ့ကြီး လှုပ်ရှားသည်နှင့် ကောင်းကင်ထူးခြားဘုံတွင် ပုန်းအောင်းနေသော ကင်းထောက်များက သတင်းပို့လာ၏။ တမလွန်ဘုံစစ်တပ်ကြီးကလည်း စစ်သည်အင်အား အနည်းဆုံး သန်းသုံးရာကို စုရုံး၍ ကမ္ဘာဦးကောင်းကင်ဘုံသို့ ချီတက်လာနေပြီ ဖြစ်သည်။ နှစ်လအကြာ၌ ကမ္ဘာဦးကောင်းကင်ဘုံသို့ ရောက်လာပေလိမ့်မည်။
ကင်းထောက်များသည် မင်တဲနှင့် အခြားသူများ၏ အရိပ်အယောင်ကိုပါ ထောက်လှမ်းတွေ့ရှိခဲ့ကြသည်။ ဤတစ်ကြိမ်၌ တမလွန်ဘုံသည် အင်အားအလုံးစုံ ထုတ်သုံးလာပုံပင်။ မသေမျိုးတစ်ပိုင်းရသေ့ကြီးသာ တမလွန်ဘုံဧကရာဇ် မဟုတ်ပါက တမလွန်ဘုံဧကရာဇ် အစစ်အမှန်က တမလွန်ဘုံစစ်တပ်ကြီးထဲ၌ ရှိနေနိုင်သည်။ တမလွန်ဘုံ အင်အားအလုံးအရင်းဖြင့် ထွက်ပေါ်လာခြင်းက လူသားမျိုးနွယ်ကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားကြောင်း ပြသနေ၏။
"နှစ်လလား"
ခန်းမငယ်တစ်ခုအတွင်းတွင်
ဟယ်နုန်ယင်း၏ လျှောက်တင်ချက်ကို နားထောင်ပြီးနောက် ချီလင်းအရှင်မက သူမနဖူးရှိ ဆံနွယ်များကို သပ်တင်ရင်း သက်ပြင်းချလိုက်သည်။ "လူသားမျိုးနွယ်က အများဆုံး တောင့်ခံနိုင်ရင်တောင် နှစ်လ၊ သုံးလလောက်ပဲ ရတော့မှာပေါ့... ဟင်း... အခြေအနေတွေက တားမရဆီးမရ ဖြစ်နေပြီလား... မျှော်လင့်ချက် မရှိတော့ဘူး ထင်ပါတယ်"
ဟယ်နုန်ယင်းက ချီလင်းအရှင်အရှေ့တွင် ထိုင်ချ၍ သူမ၏ လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးသည်။ "ချီလင်းအရှင်မ... ကျွန်မတို့ လက်လျှော့လို့ မဖြစ်ဘူးနော်… အချိန်ရှိပါသေးတယ်... ကျန်းရီသာ ဒီနှစ်လ၊ သုံးလအတွင်း ထွက်လာနိုင်ရင် ကျွန်မတို့အတွက် မျှော်လင့်ချက် ရှိနေသေးတယ်"
"ကျန်းရီ"
ချီလင်းအရှင်မက ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းရမ်းသည်။ "နုန်ယင်းရယ်... ဒီအချိန်ရောက်နေမှတော့ ကိုယ့်ကိုယ်ကိုယ် မညာပါနဲ့တော့... တကယ်တမ်း ကျန်းရီ တစ်ယောက်တည်းကို အားကိုးဖို့ဆိုတဲ့ အတွေးက သိပ်ကို ရိုးအလွန်မှန်း တို့တွေ အသိဆုံးပဲမလား... ကျန်းရီက အခုထိ ဧကရာဇ်အဆင့်ကိုတောင် မရောက်သေးဘူးလေ... ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဧကရာဇ်အဆင့်ကို တက်နိုင်ခဲ့ရင်တောင်မှ ကောင်းကင်ဘုံကို အာခံတာပဲ... အဲ့ဒါက ဘာများ အသုံးဝင်မှာမလို့လဲ... ဧကရာဇ်အဆင့်ကို ရောက်ဖို့ မပြောနဲ့... အရင်တုန်းက မိုးပြာမဟာဧကရာဇ်ရဲ့ အတိုက်အခိုက်စွမ်းရည်နဲ့ လက်ရှိအဆင့်ကို ရောက်သွားရင်တောင် ဘာမှအဓိပ္ပာယ်ရှိလာမှာ မဟုတ်ဘူး... တမလွန်ဘုံဧကရာဇ်က သိပ်ကို ကြောက်စရာကောင်းတယ်... သူ့ကို ဘယ်လိုမှ အနိုင်မယူနိုင်ဘူး… တို့တွေ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေကြတာပဲ"
ဟယ်နုန်ယင်း၏ မျက်လုံးများမှေးမှိန်သွားချေပြီ။။ ချီလင်းအရှင်မ၏ စကားက မှန်၏။ ကျန်းရီသည် အံ့မခန်းဖြစ်ရပ်များကို ဖန်တီးနိုင်ခဲ့သော်လည်းလူသားမျိုးနွယ်၏ လက်ရှိ အခြေအနေဆိုးအပြင် ရွှေအရှင်၊ ယန်အရှင်နှင့် အခြားသူများပင် အန္တရာယ် ရှိနေသဖြင့် ကျန်းရီတစ်ယောက် မည်သို့တတ်နိုင်ပါမည်နည်း။
"လက်မလျှော့ပါနဲ့ဦး"
ဟယ်နုန်ယင်း၏ စိတ်ထဲတွင် ကျန်းရီ၏ မျက်နှာပေါ်လာပြီး သူ၏ တောက်ပ၍ ခိုင်မာပြတ်သားသော မျက်လုံးများကို တွေးမိလိုက်သည်။ သူမက ထပ်မံ တိုက်တွန်းလိုက်ပြန်သည်။ "ကျန်းရီကို ယုံကြည်လိုက်ပါ... သူ အံ့မခန်းဖြစ်ရပ်ကို ထပ်ပြီးဖန်တီးနိုင်မယ်လို့ ကျွန်မ ခံစားနေရတယ်"
ချီလင်းအရှင်မမှာ ခါးသီးစွာ ပြုံးလိုက်ပြန်သော်လည်း မည်သည့်စကားမှ မဆိုတော့ချေ။ ဟယ်နုန်ယင်းအား ထွက်ခွာသွားရန်သာ လက်ဝှေ့ရမ်းပြလိုက်သည်။ ချီလင်အရှင်မကား ဤအတောအတွင်း ဖိအားများစွာ ခံစားနေရသည်။ ကမ္ဘာဦးကောင်းကင်ဘုံတစ်ခုလုံးကို သူမတစ်ယောက်တည်း ထမ်းပိုးထားရသဖြင့် ပင်ပန်းနွမ်းနယ်နေချေပြီ။
ချီလင်းအရှင်မ မျက်လုံးမှိတ်၍ အနားယူနေသည်ကို မြင်လျှင် ဟယ်နုန်ယင်းက တိတ်တဆိတ် ထွက်လာ၍ တံခါးပိတ်လိုက်သည်။ ချီလင်းအရှင်မအား မနှောင့်ယှက်ရန်နှင့် အရာအားလုံးကို သူမထံသာ သတင်းပို့ရန် အစောင့်များအား မှာကြားခဲ့၏။
ဟယ်နုန်ယင်းလည်း အတော်လေး ပင်ပန်းနေရှာသည်။ ချီလင်းအရှင်မက အခြေအနေတစ်ခုလုံးကို ကွပ်ကဲအုပ်ချုပ်ပေးသော်လည်း အသေးစိတ် ကိစ္စရပ်အားလုံးကိုတော့ သူမကိုယ်တိုင် ဆောင်ရွက်ရသေးသည်။ သို့သော် သူမ သယ်ပိုးထားရသော ဖိအားက ချီလင်းအရှင်မလောက် မကြီးမားသဖြင့် အနိုင်နိုင် တောင့်ခံထားနိုင်သေးသည်။
သူမ ဘေးခန်းမမှ ထွက်လာသည်နှင့် ဟယ်မိသားစု၏ အကြီးအကဲတစ်ဦးက အလျင်အမြန် ဝင်လာသည်။ သူက ဟယ်နုန်ယင်းကို မြင်သည်နှင့် ချက်ချင်း လျှောက်တင်သည်။ "သခင်မလေး... ပြဿနာတက်ပြီ... လျှိုရူဖုန်းက မိသားစုကြီးတွေရဲ့ ခေါင်းဆောင်တွေကို ရင်ပြင်မှာ စုစည်းပြီး ကောလာဟလတွေ ဖြန့်နေတယ်… မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး ချီလင်းအရှင်မကို မေးခွန်းထုတ်မယ်လို့ ပြောနေကြပါတယ်"
"လျှိုရူဖုန်း"
ဟယ်နုန်ယင်း၏ မျက်လုံးများ အေးစက်သွား၏။ ထိုလူကို သူမ ခပ်ရေးရေး မှတ်မိနေသေးသည်။ သူသည် လျှိုနယ်မြေ၏ အရှင်သခင်ဖြစ်ပြီး ကျန်းရီ ကောင်းကင်တွင်းနက်ကြီးထဲသို့ ပထမဆုံးအကြိမ် ဆင်းသက်စဉ်က လျှိုရူဖုန်း၏ ချောက်ချခြင်းကို ခံခဲ့ရ၏။
"ဘာကောလာဟလတွေလဲ" ဟယ်နုန်ယင်းက ချက်ချင်း အပြင်မထွက်သေးဘဲ အသေးစိတ် မေးမြန်းလိုက်သည်။
ဟယ်မိသားစု အကြီးအကဲက ခါးသီးစွာ ပြန်ဖြေ၏။ "သူတို့က ကျွန်တော်တို့ မိစ္ဆာကြယ်ဘက် ပြောင်းသွားပြီလို့ စွပ်စွဲနေကြတာ… မိုးပြာမဟာဧကရာဇ်ကို သစ္စာဖောက်ပြီး ကမ္ဘာဦးကောင်းကင်ဘုံက မျိုးနွယ်စုအားလုံးကို လှည့်စားထားတာတဲ့... နောက်ထပ် ပြောသေးတယ်... ချီလင်းအရှင်မသာ စောစောစီးစီး ဆုတ်ခွာမလာခဲ့ဘဲ တမလွန်ဘုံထဲ ဝင်သွားတဲ့ စစ်တပ်ကြီးကိုသာ ထောက်ပံ့ခဲ့ရင် အခုလို အကြီးအကျယ် ရှုံးနိမ့်မှာ မဟုတ်ဘူးတဲ့... အခု မသေမျိုးတစ်ပိုင်းရသေ့ကြီး၊ ရွှေအရှင်၊ ယန်အရှင်နဲ့ စစ်သူကြီးရှားတို့က စစ်တပ်ကြီးကို ဦးဆောင်ပြီး ကမ္ဘာဦးကောင်းကင်ဘုံဆီ ပျံသန်းလာနေပြီ... သစ္စာဖောက်တွေကို နှိမ်နင်းဖို့ လာနေကြတာလို့ ပြောနေတယ်"
"အဟက်”
ဟယ်နုန်ယင်း အေးစက်စွာ နှာမှုတ်လိုက်သည်။ မြေခွေးက နောက်ဆုံးတော့ အမြီးထွက်လာခဲ့ချေပြီ။
လျှိုရူဖုန်းသည် မူလက ယန်အရှင်၏ လူဖြစ်ပြီး ကျန်းရီကို စော်ကားခဲ့ဖူး၏။ ကျန်းရီက အနှေးနှင့်အမြန် သတ်ဖြတ်လာမည်ဟု ကိုယ်တိုင် တွက်ဆထားသောကြောင့် လုံးလုံးလျားလျား သစ္စာဖောက်သွားခြင်း ဖြစ်ပေမည်။ ယခုကဲ့သို့ ကောလာဟလများ ဖြန့်၍ ပြဿနာရှာရန် ဦးဆောင်နေခြင်းက မသေမျိုးတစ်ပိုင်းရသေ့ကြီး၏ စေခိုင်းချက် ဖြစ်ကြောင်း သံသယဝင်စရာ မလိုချေ။
မသေမျိုးတစ်ပိုင်းရသေ့ကြီး၏ ရည်ရွယ်ချက်က ရှင်းလင်းလှသည်။ ကမ္ဘာဦးကောင်းကင်ဘုံရှိ မျိုးနွယ်စုများ စိတ်ဝမ်းကွဲ၍ ဆူပူမှုများ ဖြစ်လာစေရန် ဖြစ်သည်။ အတွင်းရေးပဋိပက္ခများ ဖြစ်ပေါ်လာပါက သူတို့စစ်တပ်ကြီး ရောက်လာချိန်၌ ကမ္ဘာဦးကောင်းကင်ဘုံအား အလွယ်တကူ တိုက်ခိုက်နိုင်ပေလိမ့်မည်။
ကမ္ဘာဦးကောင်းကင်ဘုံတွင် စစ်အင်အား အများအပြား ရှိနေသော်လည်း ထိပ်တန်းစစ်သည်က သန်းသုံးဆယ်ဝန်းကျင်သာ ရှိ၏။ အင်အားကြီးပုဂ္ဂိုလ်များကတော့ ပို၍ပင် နည်းပါးလှသည်။
အတွင်းဆူပူမှုများ ဖြစ်လာပါက စစ်သည်များ စိတ်ဓာတ်ကျ၍ တိုက်ပွဲအား အောင်နိုင်မည် မဟုတ်ချေ။ ထို့အပြင် အတွင်းလူများက မသေမျိုးတစ်ပိုင်းရသေ့ကြီး၏ စစ်တပ်ကို ခေါ်ဆောင်လာပါက ပို၍မြန်မြန် ကျဆုံးသွားပေလိမ့်မည်။
"အပြင်ထွက်ကြည့်ကြတာပေါ့”
ဟယ်နုန်ယင်းက ချီလင်းအရှင်မဆီ မလျှောက်တင်တော့ချေ။ ဤသည်ကို သူမ ကြိုတင်ခန့်မှန်းထားပြီး ဖြစ်၏။ မသေမျိုးတစ်ပိုင်းရသေ့ကြီးက သံသယဝင်စရာကောင်းကြောင်း သူမ တထစ်ချ ယုံကြည်ထားသည်။ ကမ္ဘာဦးကောင်းကင်ဘုံကိုလည်း သေချာပေါက် တိုက်ခိုက်လာပေလိမ့်မည်။ လျှိုရူဖုန်း၏ ဆူပူအုံကြွမှုက ထိုအချက်ကို ထပ်မံသက်သေပြနေ၏။
ဟယ်နုန်ယင်းက ဟယ်မိသားစု အကြီးအကဲ အချို့ကို ခေါ်ဆောင်၍ ပင်မခန်းမထဲမှ ထွက်လာခဲ့သည်။ အပြင်ရှိ ရင်ပြင်တွင် မိသားစုအသီးသီးမှ ခေါင်းဆောင်များနှင့် အကြီးအကဲ အတော်များများ စုဝေးနေကြ၏။ အားလုံးက ဒေါသတကြီး မျက်နှာများဖြင့် အာပေါင်အာရင်းသန်သန် ဆွေးနွေးနေကြသည်။
ဟယ်နုန်ယင်း ထွက်လာသည်ကို မြင်လျှင် လျှိုရူဖုန်း၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။ သူက ချက်ချင်း လက်ဝှေ့ရမ်း၍ မိသားစုခေါင်းဆောင်များနှင့် အကြီးအကဲများကို ခေါ်ဆောင်ကာ ရဲတိုက်ဆီ လျှောက်လာသည်။
ဟယ်နုန်ယင်းက တစ်ချက်မျှ ဝေ့ဝဲကြည့်လိုက်၏။ ရာချီသော မိသားစုခေါင်းဆောင်များနှင့် အကြီးအကဲများ ရှိနေပြီး အများစုမှာ ကမ္ဘာဦးကောင်းကင်ဘုံ၌ နာမည်ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်သည်။ သူမ မျက်မှောင်ကြုတ်လိုက်မိသည်။ လျှိုရူဖုန်း၏ ကောလာဟလဖြန့်မှုက အတော်လေး အောင်မြင်ခဲ့ပုံပင်။ ဤမျှများပြားသော ခေါင်းဆောင်များနှင့် အကြီးအကဲများကို လှည့်စားနိုင်ခဲ့ချေသည်။
ဝှစ်... ဝှစ်… ဝှစ်
ဟယ်မိသားစု၏ စစ်သည်တို့က ရဲတိုက်အပြင်တွင် အလျင်အမြန် စုစည်း၍ လက်နက်များ ထုတ်ကာ ကောင်းကင်စွမ်းအားတို့ကို တောက်ပစေလိုက်၏။ ဟယ်မိသားစု အကြီးအကဲတစ်ဦးက အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။ "လျှိုရူဖုန်း... မင်း ဘာလုပ်ချင်နေတာလဲ"
လျှိုရူဖုန်းက နှာနှစ်ချက်မှုတ်ကာ လူတစ်စုနှင့်အတူ ရဲတိုက်တံခါးဝသို့ လျှောက်လာနေဆဲပင်။ သူက ဟယ်နုန်ယင်းနှင့် ဟယ်မိသားစု အကြီးအကဲများကို ဝေ့ကြည့်ကာ ပြောသည်။ "ငါ ဘာလုပ်ချင်လဲဆိုတာ မင်း သိခွင့်မရှိဘူး... ချီလင်းအရှင်မကို ထွက်လာခိုင်းလိုက်… ဒီနေ့ ချီလင်းအရှင်မက ငါတို့ကို ရှင်းပြချက် မပေးဘူးဆိုရင် ကမ္ဘာဦးကောင်းကင်ဘုံမှာ ရှိတဲ့ မျိုးနွယ်စုပေါင်းစုံ စိတ်ပျက်သွားကြလိမ့်မယ်"
"အမှန်ပဲ"
လူတစ်ယောက်က ချက်ချင်းထောက်ခံ၍ အော်ပြောသည်။ "ချီလင်းအရှင်မကို ထွက်လာပြီး ရှင်းပြခိုင်းလိုက်... ငါတို့ အမှန်တရားကို သိချင်တယ်... ချီလင်းအရှင်မ ထွက်မလာဘူးဆိုရင် ဒီနေ့ ဒီနေရာမှာတင် သေဖို့ ငါတို့ ဆုံးဖြတ်ထားတယ်"
ကမ္ဘာဦးကောင်းကင်ဘုံရှိ မျိုးနွယ်စုခေါင်းဆောင်အများစုမှာ ယန်ကိုးပါးမြို့တော်၌ ရှိနေကြ၏။ ဤကိစ္စက ခေါင်းဆောင်အသီးသီးအား တုန်လှုပ်သွားစေသည်။ ခေါင်းဆောင်အတော်များများ ဤနေရာသို့ ရောက်မလာကြသော်လည်း ကောင်းကင်အာရုံတို့ဖြင် ကြည့်ရှုနေကြ၏။ တချို့ကတော့ ရင်ပြင်အဝေးမှနေ၍ ကြည့်နေကြသည်။
"ချီလင်းအရှင်မကို တွေ့ချင်တယ်ပေါ့"
ဟယ်နုန်ယင်း၏ နှုတ်ခမ်းလေးက လှောင်ပြောင်သရော်သော အမူအရာဖြင့် တွန့်ချိုးသွား၏။ သူမက ညင်သာစွာ ပြောလိုက်သည်။ "လျှိုရူဖုန်း၊ ရှင်က အရှင်မနဲ့တွေ့ဖို့ အဆင့်မမီဘူး... ပြောစရာရှိရင် ကျွန်မကိုပဲ ပြောပါ... ဒီနေ့ ကျွန်မကို ခိုင်လုံတဲ့ ရှင်းပြချက် မပေးနိုင်ရင်တော့ ရှင့်တို့ လျှိုမိသားစု တစ်စုလုံး မျိုးသုဉ်းသွားစေရမယ်လို့ ကျွန်မ အာမခံတယ်”
ရင်ပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားချေပြီ။ မကြာသေးမီက ချီလင်းအရှင်မသည် လူအတော်များများကို သတ်ဖြတ်ခဲ့သော်လည်း အမိန့်သာပေးခဲ့ခြင်း ဖြစ်သည်။ စစ်တပ်ကို ဦးဆောင်၍ လှုပ်ရှားခဲ့သူမှာတော့ အသက်ရှူမှားမတတ် လှပလွန်းသည့် ဤအမျိုးသမီးပင်။
ဟယ်နုန်ယင်း၏ မျက်နှာအမူအရာက အလွန်တရာ တည်ကြည်လေးနက်နေသည့်အပြင် လူပုံအလယ်၌ ပေါ်ပေါ်ထင်ထင် ထုတ်ပြောလာချေသည်။ အခြေအနေက လူအများ ထင်မှတ်ထားသည်ထက် ပို၍ဆိုးရွားနေပုံရ၏။ တစ်ခုခု မှားယွင်းသွားပါက ယန်ကိုးပါးမြို့တော်၌ သွေးချောင်းစီးပေလိမ့်မည်။
တမလွန်ဘုံစစ်တပ် ရောက်မလာသေးသော်လည်း လူသားမျိုးနွယ်၌ အတွင်းပဋိပက္ခများ ဖြစ်လုဆဲဆဲ အခြေအနေသို့ ရောက်နေချေပြီ။