← Chapters

အခန်း (၂၀၆၀-၂၀၆၁)

Vol. 148 Ch. 2060-2061

အခန်း (၂၀၆၀-၂၀၆၁)

Vol. 148 Ch. 2060-2061

အပိုင်း ၂၀၆၀ ဘက်ရွေးလိုက်

"ကောင်းပြီ... ကောင်းတယ်... သိပ်ကောင်းတယ်"

ဟယ်နုန်ယင်း၏ စကားကြောင့် လျှိုရူဖုန်း ဒေါသူပုန်ထသွားသည်။ သူက သုံးကြိမ်တိတိ အော်ဟစ်၍ သူ့အနောက်ရှိ လူများကို လှည့်ကြည့်၍ ခံပြင်းစွာ ပြောလိုက်သည်။ "အားလုံးပဲ မြင်ကြတယ်မလား... ဒီသခင်မလေးဟယ်က ကျုပ်မိသားစုတစ်ခုလုံးကို မျိုးသုဉ်းသတ်ပစ်မယ်တဲ့လေ... ကျုပ်တို့က ရှင်းပြချက်လေးတစ်ခုပဲ လိုချင်တာ... ချီလင်းအရှင်မ ထွက်တွေ့ပေးဖို့ပဲ တောင်းဆိုတာ... သူတို့ကတော့ စကားပြောခွင့်တောင် မပေးဘဲ ချက်ချင်း သတ်ပစ်မယ်တဲ့.. ကောင်းပြီလေ... သခင်မလေးဟယ်... ကျုပ်ကို အရင်ဆုံး သတ်လိုက်ပါ... ဒီယန်ကိုးပါးမြို့တော်မှာ မျိုးနွယ်စုခေါင်းဆောင် သောင်းချီရှိတယ်... လူတိုင်းကို လိုက်သတ်နိုင်မလား ကြည့်ကြသေးတာပေါ့"

"အမှန်ပဲ"

ကျန်ရှိနေသော မျိုးနွယ်စုခေါင်းဆောင်များကလည်း တညီတညာတည်း ထောက်ခံလိုက်ကြသည်။ "သတ်ချင်ရင်လည်း ငါတို့အားလုံးကို သတ်လိုက်... မင်းတို့ ဘယ်နယောက် သတ်နိုင်မလဲ ကြည့်ကြတာပေါ့... ဘာပဲဖြစ်ဖြစ် လူသားမျိုးနွယ်က ပျက်စီးတော့မှာပဲ... မင်းတို့လည်း သိပ်အကြာကြီး နေရမှာမဟုတ်ဘူး... တမလွန်ဘုံစစ်တပ်ကြီး ရောက်လာတာနဲ့ အားလုံး သေရမှာပဲ"

"သတ်ချင်ရင် ငါတို့အားလုံးကိုသာ သတ်လိုက်"

"ချီလင်းအရှင်မနဲ့ မတွေ့ရဘူးဆိုရင် ငါတို့ ဒီနေ့ ဒီနေရာမှာပဲ သေမယ်... ဟယ်နုန်ယင်း၊ လုပ်လိုက်တော့"

ထောက်ခံသူတို့ ပိုမိုများပြားလာပြီး ရာချီသော မျိုးနွယ်စုခေါင်းဆောင််တို့က ခံပြင်းဒေါသထွက်စွာဖြင့် အော်ဟစ်နေကြ၏။ လျှိုရူဖုန်း၏ လှည့်စားနိုင်စွမ်းက အလွန်အားကောင်းလှသည်။ သူ့စကားများသည် အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ကြောင်း သိသာထင်ရှား၏။ အစပိုင်းတွင် ထောက်ခံခဲ့သူများမှာ သူ့နောက်လိုက်များ ဖြစ်နေသဖြင့် ပို၍ပင် လမ်းလွဲသွားစေသည်။ ထို့ကြောင့် သူ့နောက်လိုက်လာသော ခေါင်းဆောင်များပါ ဒေါသတကြီး ဖြစ်လာခဲ့ကြချေပြီ။

"သေချာပေါက် သတ်မှာပါ"

ဟယ်နုန်ယင်း၏ မျက်နှာအမူအရာက အနည်းငယ်မှ ပြောင်းလဲမသွားချေ။ ‌သူမက ကျောက်စိမ်းမိစ္ဆာအလား အေးစက်စွာ ဆိုသည်။ "ဒါပေမဲ့ ရှင်းရှင်းလင်းလင်း သိပြီးမှ သေခိုင်းမယ်... လျှိုရူဖုန်း၊ ရှင် ချီလင်းအရှင်မကို ဘာကိစ္စနဲ့ တွေ့ချင်တာလဲ... ပြောစရာရှိတာကို ကျွန်မနဲ့ အရင်ပြော... ကျွန်မရဲ့စကားက ချီလင်းအရှင်မရဲ့ အမိန့်ပဲ"

ဟယ်နုန်ယင်းက အနက်ရောင်နှင့် ရွှေရောင် ရောယှက်နေသည့် အမိန့်ပြားတစ်ခုကို ထုတ်လိုက်သည်။ ထိုတံဆိပ်ပြားပေါ်တွင် "ချီလင်း" ဟူသော စာလုံးကြီးတစ်လုံး ပါရှိ၏။ ယင်းက ချီလင်းအရှင်မ၏ ကိုယ်ပိုင်တံဆိပ်ပြားဖြစ်ပြီး အမြင့်မားဆုံးသော အာဏာကို ကိုယ်စားပြုသည်။

ဟယ်နုန်ယင်းသည် ဤတံဆိပ်ပြားကို ကိုင်ဆောင်၍ မျိုးနွယ်စုများစွာကို သတ်ဖြတ်ခဲ့ဖူး၏။ တံဆိပ်ပြား ထွက်ပေါ်လာသည်နှင့် ရဲတိုက်အပြင်ရှိ စစ်တပ်များ၏ အသတ်အဖြတ်စိတ်ဆန္ဒက ပိုမိုပြင်းထန်လာကြတော့သည်။

မျိုးနွယ်စုခေါင်းဆောင် ရာပေါင်းများစွာ တိတ်ဆိတ်သွားကြသည်။ ချီလင်းအရှင်မ၏ အာဏာသည် အားလုံး၏ အရိုးထဲအထိ စိမ့်ဝင်နေခဲ့ပြီးဖြစ်၏။ ချီလင်းတံဆိပ်ပြား ထွက်ပေါ်လာပြီဖြစ်ရာ ဟယ်နုန်ယင်း အမိန့်ပေးလိုက်ရုံဖြင့် စစ်တပ်ကား ဆူပူအုံကြွသူများကို သနားညှာတာမှုကင်းမဲ့စွာ တိုက်ခိုက်လာပေလိမ့်မည်။

လျှိုရူဖုန်း၏ မျက်လုံးများက တဖျတ်ဖျတ် တောက်ပသွားပြီး သူက အေးစက်စွာ ပြောသည်။ "ကောင်းပြီလေ...ကျုပ် ချီလင်းအရှင်မကို မေးချင်တာရှိတယ်... ရသေ့ကြီးက ရွှေအရှင်၊ ယန်အရှင်တို့နဲ့အတူ မိုးပြာမဟာဧကရာဇ်ကို ကယ်တင်ဖို့ သွားခဲ့တာကို မထောက်ပံ့တဲ့အပြင် ဘာလို့ စစ်တပ်အားလုံးကို ဆုတ်ခွာဖို့ အမိန့်ပေးခဲ့တာလဲ... ရသေ့ကြီး၊ ရွှေအရှင်၊ ပညာရှိအရှင်နဲ့ စစ်သူကြီးရှားတို့ စစ်တပ်ကြီးကို ဦးဆောင်ပြီး ပြန်ဆုတ်လာတဲ့အချိန်မှာ ဘာကြောင့် နေရာရွှေ့ပြောင်းမန္တန်အစီရင်တွေကို ဖျက်ဆီးပစ်ခဲ့တာလဲ... စစ်တပ်ကြီးကို ဦးဆောင်ပြီး ကောင်းကင်အထီးကျန်ဘုံကနေ ပျံသန်းလာရလို့ လမ်းမှာ တမလွန်ဘုံစစ်တပ်ရဲ့ လိုက်လံသတ်ဖြတ်ခံရတာ စစ်သည်ဘယ်လောက် သေဆုံးသွားလဲဆိုတာ ခင်ဗျားတို့ သိရဲ့လား... ပြီးတော့... ထျန်မိသားစု၊ ရုံမိသားစုနဲ့ ယန်မိသားစုကို ဘာလို့ သွေးချောင်းစီး သတ်ဖြတ်ခဲ့တာလဲ... မိုးပြာမဟာဧကရာဇ်ကို သစ္စာဖောက်ပြီး မိစ္ဆာကြယ်ကို ဧကရာဇ်အဖြစ် တင်မြှောက်ချင်နေတာမလား... ဒါကြောင့် မင်းတို့ကို မနာခံတဲ့ မိသားစုတွေကို နှိမ်နင်းခဲ့တာမလား"

မသေမျိုးတစ်ပိုင်းရသေ့ကြီး၌ ပြဿနာရှိနေသည်ကို သာမန်မျိုးနွယ်စုခေါင်းဆောင်များ သိပိုင်ခွင့် မရှိပေ။ အင်အားကြီး မျိုးနွယ်စုခေါင်းဆောင် ဒါဇင်အနည်းငယ်သာ ချီလင်းအရှင်မနှင့်အတူ အစည်းအဝေး တက်ရောက်နိုင်ကြ၏။ လျှိုရူဖုန်းကဲ့သို့ ယန်အရှင်၏ နောက်လိုက်ခွေးများ မပါဝင်ချေ။

ချီလင်းအရှင်မသည် မသေမျိုးတစ်ပိုင်းရသေ့ကြီးအကြောင်း ထုတ်ပြန်ကြေညာထားခြင်း မရှိပေ။ စကားတစ်လုံးမှ မပေါက်ကြားစေဘဲ ထိပ်တန်းခေါင်းဆောင်ကြီးများသာလျှင် သိရှိခွင့်ရသည်။

လျှိုရူဖုန်း၏ စကား‌ကြောင့် ယန်ကိုးပါးမြို့တော် ရင်ပြင်တစ်ခုလုံး ချက်ချင်း ဆူညံပွက်လောရိုက်သွား၏။ သာမန်မိသားစုများကတော့ အသေးစိတ် အခြေအနေများကို နားမလည်ကြချေ။

မိုးပြာမဟာဧကရာဇ်သည် တမလွန်ဘုံ၌ ပိတ်မိနေပြီး ရူးသွပ်အရှင် သေဆုံးသွားကြောင်း၊ မသေမျိုးတစ်ပိုင်းရသေ့ကြီးက မိုးပြာမဟာဧကရာဇ်ကို ကယ်တင်ရန် စစ်တပ်ကြီးအား ဦးဆောင်ကာ တမလွန်ဘုံသို့ သွားရောက်ခဲ့ပြီး ယခုအချိန်အထိ ထွက်မလာသေးကြောင်းသာ သိထားကြသည်။ စစ်တပ်ကြီးက စောစီးစွာ ဆုတ်ခွာလာခဲ့သည့်အပြင် ချီလင်းအရှင်မက လမ်းကိုဖြတ်တောက်၍ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တို့အား ဖျက်ဆီးခဲ့လိမ့်မည်ကိုတော့ မမျှော်လင့်ထားခဲ့ကြချေ။

နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များ ဖျက်ဆီးခံလိုက်ရသည်ကိုတော့ မျိုးနွယ်စုတိုင်း သိထားကြ၏။

ထိုအချိန်က သူတို့ အတော်လေး ဇဝေဇဝါ ဖြစ်ခဲ့ကြသည်။ တမလွန်ဘုံသည် နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တို့ကို အသုံးပြု၍ ကမ္ဘာဦးကောင်းကင်ဘုံသို့ တိုက်ခိုက်လာမည် စိုးသောကြောင့် ဖျက်ဆီးခဲ့ခြင်းဟု ထင်မှတ်ထားခဲ့ကြ၏။ သို့သော် မသေမျိုးတစ်ပိုင်းရသေ့ကြီးနှင့် အခြားသူများ၏ ဆုတ်ခွာခြင်းကို ဖြတ်တောက်ပြီး တမလွန်ဘုံ၏ သတ်ဖြတ်ခြင်း ခံရရန် ရည်ရွယ်ခဲ့သည့်အပြင် ချီလင်းအရှင်မနှင့် သူမ၏ မဟာမိတ်များက ကျန်းရီအား ခေါင်းဆောင်အဖြစ် တင်မြှောက်ချင်နေသည်ကိုတော့ မသိခဲ့ကြချေ။

သေချာပြန်တွေးကြည့်သည့်အခါ၌ မျိုးနွယ်စုခေါင်းဆောင်များမှာ နားလည်သွားကြ၏။ ဟယ်နုန်ယင်းက ကျန်းရီ၏ အမျိုးသမီးဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်က ကြာခဲ့လေပြီ။ ယန်ကိုးပါးစစ်တပ်ကလည်း ကျန်းရီ၏ လက်အောက်ခံ ဖြစ်ခဲ့ဖူးသည့်အပြင် ချီလင်းအရှင်မနှင့် ကျန်းရီတို့က ရင်းနှီးကြသည်။

ကျန်းရီသည် သူတို့ကို တိတ်တဆိတ် ထိန်းချုပ်၍ အင်အားစုအသစ် တည်ထောင်ကာ မိုးပြာမဟာဧကရာဇ်၏ လက်အောက်ငယ်သားအားလုံးကို သတ်ဖြတ်ရန် ကြံစည်နေကြောင်း ကောင်းစွာ နားလည်သွားကြ၏။

ရင်နာစရာပါတကား။

လူသားမျိုးနွယ်မှာ ဤမျှ အခြေအနေဆိုးနေသော်လည်း ကျန်းရီက အာဏာလုရန်အတွက် ကိုယ့်မျိုးနွယ်များကို ညှဉ်းပန်းနှိပ်စက်၍ လူသားမျိုးနွယ်စစ်တပ်ကြီးအား လျစ်လျူရှူထားချေသည်။ ကောင်းကင်အထီးကျန်ဘုံ၌ တမလွန်ဘုံစစ်တပ်၏ လိုက်လံသတ်ဖြတ်ခြင်းခံနေရသည်ကို ထိုင်ကြည့်နေရုံသာမက မသေမျိုးတစ်ပိုင်းရသေ့ကြီး၊ ရွှေအရှင်၊ ယန်အရှင်နှင့် စစ်သူကြီးရှားတို့ကိုပါ ချောက်ချရန် ကြံစည်နေခြင်းက အလွန်ယုတ်မာလှသည်။

လူသားများ၏ စိတ်ကူးယဉ် တွေးတောနိုင်စွမ်းမှာ အံ့မခန်းလိလိ အားကောင်းပေသည်။ အခြေအနေ မရှင်းမလင်းဘဲ ကောလာဟလတို့ ပျံ့နှံ့နေချိန်မျိုးတွင် ပို၍ဆိုးရွား၏။ ယန်ကိုးပါးမြို့တော်တွင် ကမ္ဘာဦးကောင်းကင်ဘုံရှိ မျိုးနွယ်စုခေါင်းဆောင် အားလုံးနီးပါး စုဝေးနေကြသည်။ အဆင့်နိမ့် ခေါင်းဆောင်လေးများက အမှန်တရားနှင့် အသေးစိတ်သတင်းအချက်အလက်များကို သိပိုင်ခွင့်မရှိကြသဖြင့် စိတ်ကူးဖြင့်သာ တွေးတောနေကြတော့သည်။

ထိုမျှသာမက မိုးပြာမဟာဧကရာဇ် ဒုက္ခရောက်ခဲ့ခြင်းမှာ ကျန်းရီနောက်ကွယ်မှ ကြိုးကိုင်မှုကြောင့် ဖြစ်နိုင်သည်ဟုပင် တွေးတောကြသူများ ရှိလာသည်။ သူသည် ကောင်းကင်ဧကရာဇ်နေရာကို လုယူရန် ကြံစည်နေခြင်း မဟုတ်ပါလော။

လျှိုရူဖုန်း၏ စကားများက ဝေဝါးဝါးသာ ဖြစ်သော်လည်း တစ်စုံတစ်ခုအား အရိပ်အမြွက်ပြနေပုံပင်။ မျိုးနွယ်စုခေါင်းဆောင်များနှင့် အကြီးအကဲများက ကိုယ့်ဖာသာ ဖြည့်တင်းတွေးတောလာကြ၏။ သို့သော် သူက အချက်တစ်ချက်ကိုတော့ အသေအချာ ဆုပ်ကိုင်ထားသည်။ ချီလင်းအရှင်မနှင့် အခြားသူများသည် မိစ္ဆာကြယ်ဖြစ်သည့် ကျန်းရီအား ခေါင်းဆောင်အဖြစ် တင်မြှောက်ချင်ကြသောကြောင့် မိုးပြာမဟာဧကရာဇ်၊ မသေမျိုးတစ်ပိုင်းရသေ့ကြီး၊ ယန်အရှင်၊ ရွှေအရှင်နှင့် အခြားသူများကို ဒုက္ခပေးသည့် အချက်ပင် ဖြစ်၏။

တစ်ဖက်တွင် ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေနှင့် ရှန်ကွေ့တိုသာ ရှိသော်လည်း အခြားတစ်ဖက်၌ မိုးပြာမဟာဧကရာဇ်၊ မသေမျိုးတစ်ပိုင်းရသေ့ကြီး၊ ယန်အရှင်၊ ရွှေအရှင်၊ ရူးသွပ်အရှင်၊ ငွေအရှင်နှင့် စစ်သူကြီးရှားတို့ ရှိနေသည်။ ထို့အပြင် မိုးပြာမဟာဧကရာဇ်၏ စွမ်းဆောင်ချက်များက လူသိထင်ရှား ထင်ပေါ်ကျော်ကြား၏။ လူသားမျိုးနွယ်ကို ဦးဆောင်ကာ အခြားကမ္ဘာဘုံများကို သိမ်းပိုက်နိုင်ခဲ့သည့် ဧကရာဇ်တစ်ပါးဖြစ်သော သူ၏အဆင့်အတန်းက သံသယဖြစ်စရာ မရှိချေ။

ကျန်းရီမှာမူ နာမည်ဆိုးဖြင့် ကျော်ကြားပြီး ကောက်ကျစ်စဉ်းလဲသူ ဖြစ်၏။ အမှန်တရားကို နားမလည်သော မျိုးနွယ်စုခေါင်းဆောင်များ အနေဖြင့် အခြားတစ်ဖက်ကိုသာ ယုံကြည်ရွေးချယ်ကြပေလိမ့်မည်။

တဖြည်းဖြည်းနှင့် ရင်ပြင်ပေါ်တွင် မျိုးနွယ်စုခေါင်းဆောင်များ ပိုမိုများပြားလာပြီး လျှိုရူဖုန်းအနောက်တွင် စုဝေးလာကြ၏။ ဧရာမ အတွင်းပဋိပက္ခကြီးတစ်ခု စတင်ဖြစ်ပွားတော့မည့်ပုံပင်။

မျိုးနွယ်စုငယ်တို့၏ ခေါင်းဆောင်များကိုလည်း အထင်သေး၍ မရချေ။ မျိုးနွယ်စုက သေးငယ်ပြီး ခေါင်းဆောင်များ၏ အတိုက်အခိုက်စွမ်းရည်က အားနည်းသော်လည်း ကမ္ဘာဦးကောင်းကင်ဘုံရှိ သန်းဆယ်ချီသော စစ်တပ်ကြီးအတွင်းမှ စစ်သည်များ၊ တပ်ကြပ်ကြီးများနှင့် တပ်မှူးအများစုမှာ ထိုမျိုးနွယ်စုများမှ ဖြစ်ကြ၏။ ထိုမျိုးနွယ်စုများသာ စုပေါင်းသွားပါက စစ်တပ်ကြီးအနေဖြင့် အလွယ်တကူ ပုန်ကန်လာပေလိမ့်မည်။

ဟယ်နုန်ယင်းသာ မျိုးနွယ်စုခေါင်းဆောင်တို့ကို သတ်ဖြတ်လိုက်ပါက ဧရာမကပ်ဘေးကြီး ဖြစ်လာပေလိမ့်မည်။ စစ်တပ်ကြီးက သတင်းရသည်နှင့် ချက်ချင်း ပုန်ကန်ကြမည်ဖြစ်သည်။ ထိုအချိန်၌ ကမ္ဘာဦးကောင်းကင်ဘုံအတွင်း အတောမသတ်နိုင်သော ပြည်တွင်းစစ်များ ဖြစ်ပွားကာ အခြေအနေကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။

အခြေအနေမှာ အလွန်တရာ စိုးရိမ်ဖွယ် ကောင်းလှ၏။ ရဲတိုက်အနီး စုစည်းလာသော စစ်တပ်ကလည်း ပိုမိုများပြားလာပြီး အင်အား တစ်သိန်းကျော်အထိ ရောက်ရှိလာပြီဖြစ်သည်။ အားလုံးမှာ ဟယ်မိသားစုနှင့် ယန်ကိုးပါးစစ်တပ်မှ ထိပ်တန်းစစ်သည်များ ဖြစ်ကြ၏။ ကောင်းကင်ဘုရင် ဒါဇင်ကျော်လည်း ထွက်ပေါ်လာကြသည်။ သို့သော် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ကတော့ ထွက်မလာကြချေ။ ဟယ်နုန်ယင်းကို အပြည့်အဝ ယုံကြည်၍ ပြဿနာဖြေရှင်းရန် လွှဲအပ်ထားပုံပင်။

ဟယ်နုန်ယင်းသည် အောင်မြင်မှုများစွာ ရရှိထားသည့် စစ်သူကြီးတစ်ဦးဖြစ်၏။ သူမ မရင်ဆိုင်ဖူးသည့် အခြေအနေဟူ၍ မရှိချေ။ ကျန်းရီ နောက်သို့ လိုက်ပါပြီးနောက် ကိုယ့်ကိုယ်ကို ပို၍ ယုံကြည်လာခဲ့သည်။ ကျန်းရီ၏ အမျိုးသမီးလည်း ဖြစ်ရာ ဤသို့အခြေအနေလေးက အသေးအဖွဲသာ ဖြစ်၏။

သူမက နှုတ်ခမ်းတွန့်၍ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ အမျိုးသားများစွာကို ငေးမောစေနိုင်သည့် အပြုံးမျိုး ဖြစ်သော်လည်း ရှင်းပြမည့်အစား တန်ပြန်မေးခွန်းထုတ်လိုက်၏။ "လျှိုရူဖုန်း၊ မသေမျိုးတစ်ပိုင်းရသေ့ကြီးနဲ့ တခြားသူတွေနဲ့ ပက်သက်တဲ့ သတင်းအချက်အလက်တွေက ထိပ်တန်းလျှို့ဝှက်ချက်လေ… ရှင်က ဘယ်လိုလုပ် သိနေရတာလဲ… နောက်ပြီး ကျန်းရီကို ခေါင်းဆောင်အဖြစ် တင်မြှောက်မယ်ဆိုပါလား... ကျန်းရီက အခု ဘယ်မှာလဲ... ရှင်တို့ကို အမှန်အတိုင်း ပြောပြမယ်... လူသားမျိုးနွယ်အတွက် ကျန်းရီကို ရှင်တို့ လာကူညီစေချင်ရင်တောင် သူက ထွက်လာမှာ မဟုတ်ဘူး"

"မိုးပြာမဟာဧကရာဇ်နဲ့ လူသားမျိုးနွယ်စစ်တပ်ကြီးကို ကျန်းရီက ချောက်ချခဲ့တယ်လို့ ရှင်တို့ သံသယရှိနေကြတယ်ပေါ့လေ... ပြီးခဲ့တဲ့တစ်ခေါက် ကောင်းကင်ထူးခြားဘုံအပြင်မှာ တမလွန်ဘုံနဲ့ စစ်ဖြစ်တုန်းက ကျန်းရီသာ ကောင်းကင်မသေမျိုးဘုံနဲ့ ကောင်းကင်ညီတူဘုံတို့ကို မဖျက်ဆီးခဲ့ရင် လူသားမျိုးနွယ်စစ်တပ်ကြီးရဲ့ အင်အားသန်းငါးဆယ်လုံး အမြစ်ပြတ်သွားလိမ့်မယ်… ဒီက မိသားစုဝင်‌တွေ အဲ့ဒီစစ်ပွဲမှာ ဝင်တိုက်ခဲ့ကြတယ်မလား... ရှင်တို့ သတင်းမရကြဘူးလား"

"နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တွေကို ဘာကြောင့် ဖျက်ဆီးခဲ့ရတာလဲ…. ရှင်တို့ကို ပွင့်ပွင့်လင်းလင်း ပြောပြမယ်... မသေမျိုးတစ်ပိုင်းရသေ့ကြီးက တမလွန်ဘုံဧကရာဇ်ရဲ့ လူဝင်စား ဖြစ်နေလို့ပဲ... အခုက သူက လူသားမျိုးနွယ်စစ်တပ်ရဲ့ အင်အားသန်းပေါင်းများစွာကို ထိန်းချုပ်ထားတဲ့အပြင် တမလွန်ဘုံစစ်တပ် သန်းရာချီကိုပါ ဦးဆောင်ပြီး ကမ္ဘာဦးကောင်းကင်ဘုံဆီ ချီတက်လာနေပြီ... သက်သေကိုတော့ ရှင်တို့အနေနဲ့ သိပိုင်ခွင့် မရှိဘူး... စစ်သူကြီးအများစုကတော့ အခြေအနေ အသေးစိတ်ကို သိထားကြတဲ့အပြင် သက်သေအထောက်အထားတွေကိုလည်း ရထားပြီးပြီ... ဒီနေ့ စစ်သူကြီးတွေ ထွက်လာကြတာ ရှင်တို့ မြင်လို့လား"

"လျှိုရူဖုန်း... ရှင်သိထားတဲ့ ကိစ္စတွေအားလုံးကို မသေမျိုးတစ်ပိုင်းရသေ့ကြီးက တိတ်တဆိတ် လူလွှတ်ပြီး သတင်းပေးထားတာမလား... ရှင့်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်ပြီးသားပါ... ကျွန်မတို့ကို သွေးခွဲပြီး ပြည်တွင်းစစ် ဖန်တီးချင်တာလေ”

ဟယ်နုန်ယင်းက တရစပ်ပြောပြီးနောက် သူမ၏လေသံက အလွန်တရာ အေးစက်လာခဲ့သည်။ "အခု... ရှင်တို့ကို ရွေးချယ်စရာ နှစ်ခုပေးမယ်... ပထမတစ်ခုက ကျွန်မတို့ဘက်ကို ရွေးချယ်ပြီး ရန်သူကို အတူတကွ တိုက်ခိုက်ဖို့ပဲ... ဒုတိယတစ်ခုကတော့ ရှင်တို့ကို ကမ္ဘာဦးကောင်းကင်ဘုံ အပြင်ဘက်ဆီ ပို့ပေးမယ်... ရှင်တို့ဘာသာ မသေမျိုးတစ်ပိုင်းရသေ့ကြီးဆီ သွားပူးပေါင်းကြ... အစောင့်တွေ၊ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တွေကို အသက်သွင်းလိုက်... ထွက်သွားချင်တဲ့သူ‌တွေက ကိုယ့်ဘာသာ ထွက်သွားကြ... ဒါပေမဲ့ ကမ္ဘာဦးကောင်းကင်ဘုံကနေ ထွက်သွားပြီးတာနဲ့ ရှင်တို့အားလုံးဟာ လူသားမျိုးနွယ်ရဲ့ ရန်သူအပြင် လူသားမျိုးနွယ်အပေါ် အပြုကျူးလွန်ကြတဲ့သူတွေ ဖြစ်သွားလိမ့်မယ်"

အပိုင်း ၂၀၆၁ ရန်သူတွေက တံခါးဝမှာ

ဟယ်နုန်ယင်းက သတင်းအချက်အလက်အားလုံး ထုတ်ပြော၍ လမ်းနှစ်သွယ်ထဲမှ ရွေးချယ်ခိုင်းလိုက်သည်။ “ရှင်တို့က မသေမျိုးတစ်ပိုင်းရသေ့ကြီးနဲ့ ရူးသွပ်အရှင်တို့အတွက် မကျေမနပ် ဖြစ်နေကြတာမလား... ကောင်းပြီလေ... သူတို့နောက် လိုက်သွားကြတော့”

ဟယ်နုန်ယင်း၏ စကားကြောင့် ရင်ပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ မသေမျိုးတစ်ပိုင်းရသေ့ကြီးက တမလွန်ဘုံဧကရာဇ်၏ ကိုယ်ပွားတဲ့လော။ စစ်သူကြီးအားလုံးက ဤကိစ္စကို သိထားသည့်အပြင် သက်သေအထောက်အထားတို့လည်း ရထားပါသည်လား။ ယနေ့တွင် မိသားစုများစွာသည် ဆူပူအုံကြွရန် ထွက်လာခဲ့ကြသော်လည်း သေချာတွေးကြည့်ပါက လျှိုရူဖုန်းနှင့် အမှောင်နယ်မြေသခင်တို့ကဲ့သို့ အင်အားကြီးမိသားစု အနည်းငယ်သာ ပါဝင်၏။ အခြား အင်အားကြီး မိသားစုကြီးများကတော့ ထွက်မလာခဲ့ကြချေ။

မျိုးနွယ်စုငယ်တို့၏ ခေါင်းဆောင်များမှာ တစ်ခဏမျှ အံ့ဩသံသယ ဖြစ်သွားကြပြီး စိတ်ထဲ၌ လွန်ဆွဲနေကြ၏။ မည်သူ့ကို ယုံကြည်ရမလဲ မသိသလို မည်သည့်ဘက်သို့ သွားရမည်လည်း မသိကြတော့ချေ။ ဟယ်နုန်ယင်း၏ စကားများက ထက်မြက်ခက်ထန်လွန်းလှသည်။

"ကောင်းပြီ... သွားကြစို့"

လျှိုရူဖုန်းက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ "လျှိုမိသားစုဝင်အားလုံး နားထောင်ကြ... နေရာရွှေ့ပြောင်းကြမယ်... ငါတို့ လျှိုမိသားစုက ကောင်းကင်ဧကရာဇ်ကိုပဲ သစ္စာခံမယ်... သေသေ၊ ရှင်ရှင် ကောင်းကင်ဧကရာဇ်ရဲ့ လူတွေပဲ"

ဖိအားပေးခံရပြီးနောက် လျှိုရူဖုန်းတွင် လွတ်လမ်း မရှိတော့သဖြင့် ဟိန်းဟောက်လိုက်ရတော့သည်။ လျှိုမိသားစု ခြံဝင်းအတွင်းမှ မိသားစုဝင်အားလုံး ပြေးထွက်လာကြပြီး ရင်ပြင်ပေါ်သို့ စုဝေးရောက်ရှိလာကြ၏။

ထိုအချိန်မှာပင် ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်သုံးဦးက ခြံဝင်းများထဲမှ ပျံသန်းထွက်ပေါ်လာ၏။ သူတို့က ဆံဖြူအဘိုးအို သုံးဦးဖြစ်ပြီး သုံးဦးလုံးက ဧကရာဇ်တစ်ပိုင်းအဆင့်များ ဖြစ်ကြသည်။ သူတို့သည် တစ်ဘုံလုံး၌ နာမည်ကျော်ကြားပြီး လေးစားခံရသည့် အင်အားကြီးမိသားစုများမှ ဖြစ်ကြ၏။

ခါးအနည်းငယ် ကုန်းနေသော အဘိုးအိုတစ်ဦးက လျှိုရူဖုန်းအား စူးစိုက်ကြည့်၍ အေးစက်စွာ အော်ဟစ်လိုက်သည်။ "လျှိုရူဖုန်း... မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ... လျှိုမိသားစုကိုတော့ အတူဆွဲမချနဲ့... အမှန်တရားကို တကယ်ပဲ မသိတာလား… ကျန်းရီကို ချောက်ချခဲ့မိလို့ နောင်တစ်ချိန်မှာ မင်းကို ပြန်ဒုက္ခပေးမှာကို ကြောက်နေတာမလား... မင်းရဲ့ တစ်ကိုယ်ကောင်းဆန်မှုအတွက်နဲ့ လျှိုမိသားစုကို ပျက်စီးစေတော့မယ်ပေါ့.. တမလွန်ဘုံကောင်တွေက ဘယ်လိုကောင်တွေလဲဆိုတာ မင်း သိမှာပါ... မင်းတို့ လျှိုမိသားစု ထွက်သွားတာနဲ့ မိသားစုဝင်အားလုံးက တမလွန်ဘုံရဲ့ ကျွန်တွေ၊ အလောင်းကောင်တွေ ဖြစ်သွားလိမ့်မယ်... တမလွန်ဘုံက မင်းတို့ လျှိုမိသားစုကို ကောင်းကောင်း ဆက်ဆံမယ်လို့ ထင်နေတာလား"

အခြား အဘိုးအိုတစ်ဦးကလည်း ဝင်ပြော၏။ "လျှိုရူဖုန်း၊ နောက်ဆုတ်လိုက်ပါတော့... အချိန်မီပါသေးတယ်... တမလွန်ဘုံဆိုတာ ကျားနဲ့ ဝံပုလွေတွေလို ကောင်တွေပဲ.. ကျားနဲ့ ဝံပုလွေတွေကို ယုံလို့ရလို့လား... သူတို့ အခု မင်းကို ကတိပေးထားတာတွေက အကုန် အလိမ်အညာတွေချည်းပဲ... လူသားမျိုးနွယ်ကို ဖျက်ဆီးပြီး လျှိုမိသားစုကို အသုံးချပြီးသွားရင် အဲ့ဒီကတိတွေကို တည်မယ်ထင်လို့လား... တမလွန်ဘုံဧကရာဇ်က မင်းတို့ကို မထိရင်တောင် တမလွန်ဘုံက တခြားမိသားစုတွေကရော... အဲ့ဒီအချိန်ကျ ငါတို့ လည်စင်းပေးရလိမ့်မယ်… နောက်ဆုံးတော့လည်း သေရမှာပဲ မဟုတ်ဘူးလား... တခြားဘုံက လူသားတွေထဲမှာ အသက်ရှင်နိုင်တဲ့သူ ရှိခဲ့ရဲ့လား စဉ်းစားကြည့်ပါဦး"

ဤဂုဏ်သရေရှိ အဘိုးအိုကြီးနှစ်ဦး ထွက်ပြောလာသဖြင့် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ လျှိုရူဖုန်း၏ မျက်လုံးတွင်လည်း လွန်ဆွဲနေသည့် အရိပ်အယောင်များ ယှက်ပြေးနေတော့သည်။

အဘိုးအိုနှစ်ဦး ပြောသည့်အတိုင်း လျှိုရူဖုန်းသည် မသေမျိုးတစ်ပိုင်းရသေ့ကြီးနှင့် အခြားသူများကို မယုံကြည်ချေ။ ကျန်းရီ ကလဲ့စားချေမည်ကို ကြောက်၍သာ စွန့်စားခဲ့ခြင်းဖြစ်၏။ ထို့အပြင် အခြားတစ်ဖက်မှ အကျိုးအမြတ်များစွာ ပေးမည်ဟုလည်း ကတိပြုခဲ့သည်။

ဟယ်နုန်ယင်း ပြောသည့်အတိုင်း မသေမျိုးတစ်ပိုင်းရသေ့ကြီးသာ တမလွန်ဘုံဧကရာဇ်၏ လူဝင်စားဖြစ်နေပါက ထိုကတိများက အကျုံးဝင်ပါဦးမည်လော။ ယခင်က လူသားမျိုးနွယ်၏ ဘုံများစွာကို တမလွန်ဘုံက ဖျက်ဆီးခဲ့ပြီး လူသားတစ်ယောက်မှ မရှင်သန်နိုင်ခဲ့ချေ။ အားလုံး‌ မျိုးသုဉ်းသတ်ဖြတ်ခံရကာ တမလွန်ဘုံကျွန်များ ဖြစ်သွားခဲ့ရသည်။ ဤနေရာရှိ လူသားမျိုးနွယ် ပျက်စီးသွားပါက သူတို့မိသားစုအနေဖြင့် အမှန်တကယ် ရှင်ကျန်နိုင်ပါမည်လော။

"ဖြောင်းဖျမနေပါနဲ့တော့... သူတို့ကို သွားခိုင်းလိုက်ပါ... ထွတ်သွားချင်တဲ့သူ အကုန်လုံး သွားလို့ရတယ်... တားဆီးနေစရာ မလိုဘူး"

ထိုအချိန်တွင် ရဲတိုက်ထဲမှ လူတစ်စု ထွက်လာခဲ့၏။ ချီလင်းအရှင်မက ကောင်းကင်ဘုရင်ဝေ၊ ရှန်ကွေ့နှင့် ကျန်စစ်သူကြီးများစွာကို ခေါ်ဆောင်၍ ထွက်လာခဲ့သည်။ သူတို့အားလုံးက လက်ရှိ ကမ္ဘာဦးကောင်းကင်ဘုံတွင် ဩဇာအာဏာ အကြီးမားဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြ၏။

ဟယ်နုန်ယင်းက ဘေးသို့ ဖယ်ပေးလိုက်သည်။ ယခု သူမတွင် လုပ်စရာ မရှိတော့ချေ။ ထိုအဘိုးအို သုံးဦးမှာလည်း သူမ၏ အစီအစဉ်ဖြစ်ပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ ချီလင်းအရှင်မ ထွက်လာ၍ ထိန်းချုပ်မည့်အချိန်ကိုသာ စောင့်‌ရပေတော့မည်။

ချီလင်းအရှင်မသည် ရဲတိုက်မုခ်ဝမှ ထွက်လာပြီး လျှိုရူဖုန်းနှင့် အခြားသူများအား အေးစက်စွာ ဝေ့ဝဲကြည့်လိုက်၏။ သူမက ဩရှရှ ပြောလိုက်သည်။ "လူသားမျိုးနွယ်ရဲ့ ဧရာမကပ်ဘေးကြီးက မကြာခင် ကျရောက်လာတော့မယ်... ဒီအခက်အခဲကို မကျော်ဖြတ်နိုင်ရင် ငါတို့လူသားမျိုးနွယ်က ဒီလောက,ကနေ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်... ဒီလိုအချိန်မျိုးမှာတောင် အချင်းချင်း ပြန်တိုက်ချင်နေကြသေးတာလား... ရန်သူကို အတူတကွ မတိုက်ထုတ်နိုင်ဘူးဆိုရင် ဒီလိုလူတွေကို ခေါ်ထားလို့လည်း အသုံးမဝင်ဘူး... အားလုံး ကမ္ဘာဦးကောင်းကင်ဘုံက ထွက်သွားကြ... မင်းတို့ရဲ့ သေရေးရှင်ရေးကို ကိုယ်တိုင် ဆုံးဖြတ်ကြ... ငါ မင်းတို့ကို မထိန်းချုပ်နိုင်သလို ထိန်းလည်း မထိန်းချုပ်ချင်ဘူး"

ချီလင်းအရှင်မ၏ ဂုဏ်သတင်းနှင့် အရှိန်အဝါမှာ ဟယ်နုန်ယင်းနှင့် နှိုင်းယှဉ်၍မရချေ။ သူမသည် ကမ္ဘာဦးကောင်းကင်ဘုံ၌ ဒုတိယမြောက် အာာဏာအကြီးဆုံးသူ ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။

သူမအပေါ် ပြည်သူပြည်သားများ၏ ရိုသေလေးစားမှုနှင့် ကြောက်ရွံ့မှုက အရိုးထဲအသားထဲအထိ စိမ့်ဝင်နေပြီး မသေမျိုးတစ်ပိုင်းရသေ့ကြီးထက်ပင် များစွာ သာလွန်၏။ သူမ ထွက်ပေါ်လာသည်နှင့် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သူမှ အသံမထွက်ရဲတော့ချေ။

"သွားကြမယ်"

ချီလင်းအရှင်မ၏ လေသံက အလွန်တရာ ပြတ်သားပြီး ဩဇာတိက္ကမတို့ဖြင့် ပြည့်နှက်နေသည်။ လျှိုရူဖုန်းမှာ အဖက်မဆယ်နိုင်တော့သဖြင့် မိသားစုဝင်အားလုံး ခေါ်ဆောင်ကာ ဟင်းလင်းပြင်အပြင်သို့ နေရာရွှေ့ပြောင်းသွားတော့၏။ အမှောင်နယ်မြေသခင်ကလည်း အံကြိတ်၍ နောက်လိုက်များဖြင့် ထွက်ခွာသွားတော့သည်။

ချီလင်းအရှင်မက ကျန်ရှိနေသော မိသားစုများအား ခံစားချက်ကင်းမဲ့စွာ ကြည့်လျက် အေးစက်စက် ပြောလိုက်၏။ "ထွက်သွားမယ့်သူ ရှိသေးလား... သွားချင်ရင် အခု သွားကြ... မသွားဘူးဆိုရင်တော့... နောက်တစ်ကြိမ် ဆူပူအုံကြွပြီး ကောလာဟလတွေ ဖြန့်လာခဲ့ရင် အားလုံးကို သတ်ပစ်မယ်"

"သွားကြစို့"

မျိုးနွယ်စုငယ်တို့၏ ခေါင်းဆောင်အချို့က အံကြိတ်၍ နောက်လိုက်များဖြင့် ထွက်ခွာသွားကြပြီး ကျန်သူများကတော့ နေခဲ့ရန် ရွေးချယ်လိုက်ကြသည်။ မည်သူမှ ထွက်မသွားတော့သည်ကို မြင်လျှင် ချီလင်းအရှင်မက အေးစက်လှသော အကြည့်များဖြင့် ဝေ့ဝဲကြည့်ရှုရင်း ခက်ထန်စွာ အော်ဟစ်လိုက်၏။ "နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တွေကို ပိတ်လိုက်... အခုကစပြီး အားလုံး ငါ့အမိန့်ကို နာခံရမယ်... သစ္စာဖောက်တွေ ရှိလာတော့မှ ဒီအရှင်မက ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

ချီလင်းအရှင်မက နောက်လိုက်များကို ခေါ်ဆောင်ကာ ရဲတိုက်ထဲသို့ ဝင်သွားသည်။ ဖရိုဖရဲဖြစ်နေသော အချိန်အခါမျိုး၌ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရန် လိုအပ်၏။ သူမအနေဖြင့် ဤကိစ္စများဖြင့် အချိန်ကုန်မခံနိုင်သလို ခွန်အားလည်း မဖြုန်းတီးနိုင်ချေ။ ဆူပူအုံကြွလာပါက အတင်းအကြပ် နှိမ်နင်းရမည်သာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက ယနေ့တွင် လူတစ်ယောက် ဆူပူအုံကြွလာပြီး နောက်တစ်နေ့၌ နောက်တစ်ယောက်က ဆူပူအုံကြွလာပါက တိုက်ခိုက်စရာပင် မလိုဘဲ အရှုံးပေးလိုက်ရမည်သာ ဖြစ်၏။

အခြေအနေများ တည်ငြိမ်သွားသော်လည်း ချီလင်းအရှင်မနှင့် ဟယ်နုန်ယင်းတို့မှာ အတော်လေး ပင်ပန်းနွမ်းနယ်နေကြသည်။ လက်ရှိတွင် ပြည်သူပြည်သူများအား ကမ္ဘာငယ်ခုနစ်ခုထံ နေရာရွှေ့ပြောင်းပြီးဖြစ်ကာ မသေမျိုးတစ်ပိုင်း ရသေ့ကြီး ကမ္ဘာဦးကောင်းကင်ဘုံသို့ လာတိုက်မည့်အချိန်ကိုသာ စောင့်နေရ၏။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဆယ့်သုံးရက် အကြာ၌ မသေမျိုးတစ်ပိုင်းရသေ့ကြီးသည် စစ်တပ်ကြီးအား ဦးဆောင်လျက် ကမ္ဘာဦးကောင်းကင်ဘုံ၏ အနောက်ဘက် မိုင်သန်းပေါင်းများစွာ အကွာသို့ ရောက်လာခဲ့ချေပြီ။ နှစ်ဖက်လုံးရှိ ကင်းထောက်များက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ထောက်လှမ်းနိုင်ကြပြီဖြစ်သည်။

ကမ္ဘာဦးကောင်းကင်ဘုံ၌ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များစွာ တည်ဆောက်ပြီး သန်းပေါင်းများစွာသော ပြည်သူပြည်သားများအား ကမ္ဘာငယ်များဆီသို့ ပို့ဆောင်နိုင်ခဲ့သည်။ ကမ္ဘာငယ်ခုနစ်ခုမှ အင်အားကြီးပုဂ္ဂိုလ်များနှင့် စစ်တပ်အားလုံးကိုလည်း စုစည်းထားပြီးဖြစ်ရာ ရှိသမျှ လူဦးရေအားလုံးက စစ်သည်များသာ ဖြစ်ကြသည်။

ယန်ကိုးပါးတောင်ကြားအတွင်းရှိ စစ်တပ်အင်အားက သန်းနှစ်ရာနီးပါး ရောက်ရှိလာပြီး ထိပ်တန်းအဆင့် စစ်တပ်အင်အားက သန်းခုနစ်ဆယ်ခန့် ရှိ၏။ ဤသည်က လူသားမျိုးနွယ်၏ စစ်အင်အား အလုံးစုံပင်။ ကံမကောင်းစွာဖြင့် အင်အားကြီးပုဂ္ဂိုလ်အရေအတွက်က အလွန်တရာ နည်းပါးလွန်းနေသေးသဖြင့် ကမ္ဘာဦးကောင်းကင်ဘုံ အပြင်ရှိ မဟာမန္တန်အစီအရင်ကြီးကိုသာ အားကိုးရပေလိမ့်မည်။

ကျန်းရီကား ထွက်မလာ‌‌သေးသလို မည်သည့်သတင်းမှလည်း မရချေ။ ဟယ်နုန်ယင်းက လူလွှတ်၍ ဆယ်ကြိမ်ကျော် မေးမြန်းခဲ့၏။ ထျန်းဖုန့်ဧကရာဇ်က မည်သည့်သတင်းမှ မရကြောင်းသာ ပြောခဲ့သည်။ သို့သော် မိစ္ဆာဧကရာဇ်သုံးပါး အသက်ရှင်နေသေးသဖြင့် ကျန်းရီလည်း အသက်ရှင်လျက် ရှိနေသေးသည်ကတော့ သေချာ၏။

ငါးရက်ကြာပြီးနောက်။

မသေမျိုးတစ်ပိုင်းရသေ့ကြီး၏ စစ်တပ်က ကမ္ဘာဦးကောင်းကင်ဘုံ အနီးသို့ ရောက်လာသည်။ စစ်တပ်ကြီးတစ်ခုလုံးက ကမ္ဘာဦးကောင်းကင်ဘုံနှင့် မိုင်တစ်သိန်းကွာဝေးသော ဆန်းကြယ်နယ်မြေ သုံးခု၌ တပ်စွဲထားကြ၏။

မသေမျိုးတစ်ပိုင်းရသေ့ကြီးက အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ ထိုအမိန့်ကို ရွှေမိသားစု၏ သူလျှိုများမှတဆင့် ထုတ်ပြန်ခဲ့ရာ ကမ္ဘာဦးကောင်းကင်ဘုံရှိ မိသားစုအားလုံးနှင့် စစ်တပ်များထံ ပျံ့နှံ့သွား၏။

ကောင်းကင်ဧကရာဇ် ဒုက္ခရောက်နေသဖြင့် မသေမျိုးတစ်ပိုင်းရသေ့ကြီးသည် ကောင်းကင်ဧကရာဇ်၏ တာဝန်များကို ကိုယ်စားထမ်းဆောင်ပြီး လူသားမျိုးနွယ်စစ်တပ် အင်အားသန်းခြောက်ဆယ်ဖြင့် ကောင်းကင်ဧကရာဇ်အား သွားရောက်ကယ်တင်ခဲ့သည်။ သို့သော် ချီလင်းအရှင်မက ဗြောင်ကျကျ ပုန်ကန်ကာ မိစ္ဆာကြယ်ကျန်းရီထံ ခိုလှုံသွားခဲ့၏။ စစ်တပ်ကြီး၏ ဆုတ်ခွာမည့် လမ်းကြောင်းကို ဖြတ်တောက်၍ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များအား ဖျက်ဆီးခဲ့ရုံသာမက လူသားမျိုးနွယ် စစ်တပ်ကြီးကိုပါ သစ္စာဖောက်ခဲ့သည်။ ၎င်းကြောင့် အကြီးအကျယ် ရှုံးနိမ့်ကာ ကောင်းကင်ဧကရာဇ်ကို မကယ်တင်နိုင်ခဲ့ချေ။ ချီလင်းအရှင်မ၏ အပြစ်မှာ အလွန်တရာ ကြီးလေးသဖြင့် သေဒဏ်ပေးသင့်သည်ဟူ၍ အမိန့်စာတွင် ပါရှိသည်။

မသေမျိုးတစ်ပိုင်းရသေ့ကြီးက လူသားမျိုးနွယ်မှ စစ်သည်အားလုံးကို စည်းလုံးညီညွတ်ကြရန်နှင့် ချီလင်းအရှင်မကို ချေမှုန်းကြရန် တိုက်တွန်း၏။ မိစ္ဆာကြယ်ကျန်းရီအား သတ်ဖြတ်ကာ ကောင်းကင်ဧကရာဇ်ကို အတူတကွ သွားရောက်ကယ်တင်၍ တမလွန်ဘုံနှင့် အသေအကြေ တိုက်ခိုက်ကြရန် ဆော်ဩလိုက်သေးသည်။

မသေမျိုးတစ်ပိုင်းရသေ့ကြီးကား စစ်ကြေညာလိုက်ခြင်းပင်။

မျက်နှာဖုံးကို ခွာချ၍ စတင် သွေးခွဲလိုက်ခြင်း ဖြစ်၏။ သို့သော် စစ်သူကြီးများနှင့် အခြားသူများသည် အဖြစ်အပျက် အကြောင်းစုံကို ရှင်းရှင်းလင်းလင်း သိထားကြသဖြင့် စိတ်ဓာတ်များ ယိမ်းယိုင်မသွားခဲ့ချေ။ မျိုးနွယ်စုငယ်များနှင့် သာမန်စစ်သည်များကတော့ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြပြီး မည်သူ့ကို ယုံကြည်ရမှန်းမသိ ဖြစ်နေကြ၏။

ချီလင်းအရှင်မကလည်း လျင်မြန်စွာ တုံ့ပြန်သည်။ သူမက ကိုယ့်ကိုယ်ကို သက်သေမပြခဲ့သလို မသေမျိုးတစ်ပိုင်းရသေ့ကြီး၏ သရုပ်မှန်နှင့် အပြစ်တို့ကိုလည်း မကြေညာခဲ့ချေ။ ဖိတ်စာတစ်စောင်သာ ပေးပို့ခဲ့၏။ မသေမျိုးတစ်ပိုင်းရသေ့ကြီး တစ်ယောက်တည်း ကမ္ဘာဦးကောင်းကင်ဘုံသို့ လာရောက်၍ မျိုးနွယ်စုခေါင်းဆောင်များနှင့် ပြည်သူပြည်သားများ၏ ရှေ့မှောက်တွင် အခြေအနေအလုံးစုံအား ရှင်းပြရန် ဖိတ်ခေါ်လိုက်လေသည်။

All Chapters