အခန်း (၂၀၆၂-၂၀၆၃)
Vol. 148 Ch. 2062-2063
အပိုင်း ၂၀၆၂ မဟာစစ်ပွဲကြီး စတင်ပြီ
ရှေ့ဆက်တိုးရန် နောက်ဆုတ်ရမည်။
ကျန်းရီ ထွက်မလာသေးသလို ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ လက်ကျန်ဝိညာဉ်လည်း ပေါ်မလာသဖြင့် မသေမျိုးတစ်ပိုင်းရသေ့ကြီး ဝင်လာရဲမည်မဟုတ်ဟု ချီလင်းအရှင်မက လောင်းကြေးထပ်ထား၏။ မသေမျိုးတစ်ပိုင်းရသေ့ကြီးက တမလွန်ဘုံဧကရာဇ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စွန့်စားလိမ့်မည် မဟုတ်ချေ။
ဉာဏ်ရည်ထက်မြက်သူတို့သည် စိတ်လိုက်မာန်ပါ စွန့်စားရသည်ထက် ကြံစည်တွက်ချက်၍ ဆောင်ရွက်ရသည်ကို ပိုမိုနှစ်သက်ကြစမြဲ မဟုတ်လော။ တမလွန်ဘုံဘက်က အသာစီးရနေပြီး လူသားမျိုးနွယ်က အနှေးနှင့်အမြန် ပျက်စီးပေတော့မည်။ ထို့ကြောင့် မသေမျိုးတစ်ပိုင်းရသေ့ကြီးကား အသက်ရင်း၍ စွန့်စားလာမည်မဟုတ်ပေ။
ယခင်က ချီလင်းအရှင်မသည် မသေမျိုးတစ်ပိုင်းရသေ့ကြီးအား ယန်အရှင် ရွှေအရှင်တို့နှင့်အတူ ကမ္ဘာဦးကောင်းကင်ဘုံသို့ လာရန် ဖိတ်ခေါ်ခဲ့ဖူးသော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ယခုတစ်ကြိမ်၌ မသေမျိုးတစ်ပိုင်းရသေ့ကြီး တစ်ယောက်တည်း ဝင်လာရန်မှာ ပို၍မဖြစ်နိုင်ချေ။
ချီလင်းအရှင်မ၏ ဖိတ်ကြားချက်က ကမ္ဘာဦးကောင်းကင်ဘုံရှိ လူအားလုံးကို ပြသရန် ဖြစ်သည်။ မသေမျိုးတစ်ပိုင်းရသေ့ကြီးသာ အပြစ်ကင်းပါက မည်သည်ကို ကြောက်နေမည်နည်း။ သူ၏ အတိုက်အခိုက်စွမ်းရည်က ချီလင်းအရှင်မထက် သာလွန်၏။ လက်ရှိ ကမ္ဘာဦးကောင်းကင်ဘုံတွင် ချီလင်းအရှင်မမှလွဲ၍ အခြားဧကရာဇ်အဆင့်ပုဂ္ဂိုလ် မရှိလေရာ မည်သူက သူ့ကို အန္တရာယ်ပြုနိုင်မည်နည်း။
ချီလင်းအရှင်မနှင့် အခြားသူများ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့၏။
မသေမျိုးတစ်ပိုင်းရသေ့ကြီးက ဖိတ်ခေါ်စာကို ငြင်းပယ်ပြီး ကမ္ဘာဦးကောင်းကင်ဘုံရှိ မိသားစုများထံ ထပ်မံ အမိန့်ထုတ်ပြန်၍ ကျန်းရီနှင့် ချီလင်းအရှင်မတို့ကိုသာ ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့နောက် ကမ္ဘာဦးကောင်းကင်ဘုံအား တိုက်ခိုက်ရန် စစ်တပ်တစ်ခုလုံးကို အမိန့်ပေးလိုက်၏။ သူသည် ကမ္ဘာဦးကောင်းကင်ဘုံ၏ မဟာမန္တန်အစီအရင်ကို ဖောက်ထွက်၍ စစ်တပ်ကြီးနှင့်အတူ သစ္စာဖောက်များကို သတ်ဖြတ်ရန် ဝင်ရောက်လာပေမည်။
ကမ္ဘာဦးကောင်းကင်ဘုံ၏ မဟာမန္တန်အစီအရင်ကို အသက်သွင်းထားပြီးဖြစ်ကာ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင် အားလုံးကိုလည်း ချိပ်ပိတ်၍ စစ်တပ်ကြီးက စောင့်ကြပ်နေကြ၏။ ကမ္ဘာဦးကောင်းကင်ဘုံမှာ ထိုးဖောက်ဝင်ရောက် မရနိုင်သည့် ခံတပ်ကြီးတစ်ခုအလားပင်။ ကမ္ဘာဦးကောင်းကင်ဘုံအတွင်း ဝင်ရောက်လိုပါက ကောင်းကင်ကိုးပါးကြယ်အစီအရင်ကို ဖျက်ဆီးရပေလိမ့်မည်။ နှစ်တစ်သောင်းကျော် စုဆောင်းထားသည့် ကမ္ဘာဦးစွမ်းအင်များကို ထိုးဖောက်နိုင်မှသာ ကမ္ဘာဦးကောင်းကင်ဘုံအတွင်း ဝင်ရောက်နိုင်ပေလိမ့်မည်။
စစ်သည်အင်အား သန်းသုံးဆယ်က ကမ္ဘာဦးကောင်းကင်ဘုံအား အဆက်မပြတ် တိုက်ခိုက်နေကြသဖြင့် အပြင်ဘက် ကောင်းကင်၌ အလင်းတန်းများ တတင်းဝင်း တောက်ပနေ၏။ ကမ္ဘာဦးကောင်းကင်ဘုံ အတွင်း၌ မည်သည့် တုန်ခါမှုမှ မရှိသော်လည်း ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်တို့ ပုံပျက်၍ ဖရိုဖရဲဖြစ်နေသည်ကိုတော့ အင်အားကြီးပုဂ္ဂိုလ်များ ခံစားနေကြရသည်။ အပြင်ရှိ မရေမတွက်နိုင်သော တပ်ဖွဲ့များက ကမ္ဘာဦးကောင်းကင်ဘုံအပေါ် တိုက်ကွက်များစွာ ပစ်လွှတ်နေသည်ကို စိတ်ကူးကြည့်နိုင်၏။
နောက်ဆုံးတော့ စစ်ပွဲကြီး စတင်လေပြီ။
အပြင်မှ အဆက်မပြတ် တိုက်ခိုက်မှုများက လူသားမျိုးနွယ် စစ်သည်အားလုံး၏ နားထဲတွင် သေမင်းခေါင်းလောင်းကဲ့သို့ တဝီဝီ မြည်ဟည်းနေကြသည်။ မည်သူမှ တွေဝေမနေကြတော့ချေ။
မသေမျိုးတစ်ပိုင်းရသေ့ကြီးကား သေချာပေါက် သံသဝင်စရာ ကောင်းလှသည်။
ထိုသို့မဟုတ်ပါက ကမ္ဘာဦးကောင်းကင်ဘုံ အပြင်ရှိ မဟာမန္တန်အစီအရင်ကို တိုက်ခိုက်ရန် အမိန့်ပေးမည် မဟုတ်ချေ။ တမလွန်ဘုံ၏ သန်းရာချီသော စစ်တပ်ကြီးက ဤနေရာသို့ ပျံသန်းလာနေပြီး ကမ္ဘာဦးကောင်းကင်ဘုံ အပြင်ရှိ မဟာမန္တန်အစီအရင်သည် လူသားမျိုးနွယ်၏ နောက်ဆုံး အကာအကွယ် ဖြစ်၏။ မသေမျိုးတစ်ပိုင်းရသေ့ကြီးကား ဤအကာအကွယ်ကို ဖျက်ဆီးချင်နေသည်။ သူ အပြစ်ကင်းသည်ဟု မည်သူက ယုံကြည်တော့မည်နည်း။
ဆုတ်ခွာစရာ လမ်း မရှိတော့ချေ။ တိုက်လျှင်တိုက် မတိုက်လျှင် သေရမည်သာ။
ကမ္ဘာဦးကောင်းကင်ဘုံအတွင်းရှိ မျိုးနွယ်စုအားလုံးသည် ရန်သူအပေါ် မုန်းတီးစိတ်ကြောင့် စည်းလုံးညီညွတ်သွားကြပြီး တိုက်ခိုက်ရန် စိတ်ဆန္ဒပြင်းထန်နေကြ၏။ ကမ္ဘာဦးကောင်းကင်ဘုံ၏ မဟာမန္တန်အစီအရင်က အားကောင်းသော်လည်း အဆက်မပြတ် တိုက်ခိုက်ခံရနေပါက တစ်လကျော်အတွင်း ပျက်စီးသွားပေလိမ့်မည်။ ထိုအချိန်၌ လူသားမျိုးနွယ်အနေဖြင့် တမလွန်ဘုံ စစ်တပ်ကြီးအား မည်သည့်အရာဖြင့် ခုခံနိုင်တော့မည်နည်း။
မသေမျိုးတစ်ပိုင်းရသေ့ကြီးက တမလွန်ဘုံဘက်သို့ ကူးပြောင်းသွားပြီဖြစ်ရာ အပြင်ရှိ အင်အားသန်းချီသော စစ်တပ်ကြီးမှာလည်း လူသား မဟုတ်တော့ချေ။ လူသားမဟုတ်သဖြင့် စစ်ပွဲစတင်ပါက လူသားမျိုးနွယ်ဘက်မှ ညှာတာနေမည် မဟုတ်။
ချီလင်းအရှင်မသည် စစ်တပ်ကြီးအား အဆက်မပြတ် တိုက်ခိုက်ခွင့် မပေးနိုင်သဖြင့် သူမကိုယ်တိုင် စစ်ပွဲအား ထိန်းချုပ်နေ၏။ စစ်တပ်များကို နေရာအနှံ့အပြားမှ ရွှေ့ပြောင်းလာစေပြီး မသေမျိုးတစ်ပိုင်းရသေ့ကြီး၏ စစ်တပ်ကို အရပ်မျက်နှာ အသီးသီးမှ နှောင့်ယှက်စေသည်။
ကမ္ဘာဦးကောင်းကင်ဘုံ အပြင်ဘက်တွင် မရေမတွက်နိုင်သော နေရာရွှေ့ပြောင်းစစ်စခန်းများ ရှိ၏။ စစ်စခန်းတစ်ခုစီ၌ ကမ္ဘာဦးကောင်းကင်ဘုံဖြင့် ချိတ်ဆက်ထားသော နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များ ရှိကြသည်။ ဆန်းကြယ်နယ်မြေများတွင်လည်း နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များကို လျှို့ဝှက်စွာ တည်ဆောက်ထားခဲ့၏။ ကမ္ဘာဦးကောင်းကင်ဘုံဘက်မှ စစ်တပ်များ အချိန်မရွေး စေလွှတ်နိုင်သလို နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များကိုလည်း အချိန်မရွေး ပိတ်သိမ်းနိုင်သည်။
ချီလင်းအရှင်မက တပ်ဖွဲ့ငယ်ထောင်ပေါင်းများစွာကို စေလွှတ်လိုက်၏။ ထိုတပ်ဖွဲ့များတွင် အင်အားရာဂဏန်းမှ ထောင်ဂဏန်းထိသာ ပါဝင်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်က စစ်တပ်ကြီးနှင့် အသေအကြေ တိုက်ခိုက်ရန် မဟုတ်ဘဲ ချုံခိုတိုက်ခိုက်၍ နှောင့်ယှက်ရန်သာ ဖြစ်သည်။ ကမ္ဘာဦးကောင်းကင်ဘုံ၏ မဟာမန္တန်အစီအရင်အား တိုက်ခိုက်နေသည်ကို တားဆီး၍ အချိန်ဆွဲရပေမည်။
အချိန်ဆွဲရသည့် ရည်ရွယ်ချက်က နှစ်ခု ရှိ၏။ တစ်ခုက တမလွန်ဘုံ စစ်တပ်ကြီး ရောက်လာမည်ကို စောင့်ဆိုင်း၍ မသေမျိုးတစ်ပိုင်းရသေ့ကြီး၏ သရုပ်မှန်ကို ဖော်ထုတ်ရန် ဖြစ်သည်။ ဒုတိယတစ်ခုကတော့ ကျန်းရီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာရန် စောင့်ဆိုင်းနေခြင်း ဖြစ်၏။ ချီလင်းအရှင်မအနေဖြင့် ကြီးကြီးမားမား မျှော်လင့်မထားသော်လည်း ကျန်းရီမှ အံ့ဩဝမ်းသာစရာများ ဆောင်ကျဉ်းလာနိုင်ရန် အနည်းငယ်မျှ မျှော်လင့်နေမိသည်။
စေလွှတ်လိုက်သော တပ်ဖွဲ့ငယ်များက အတော်လေး အသုံးဝင်သည်။ ထိုတပ်ဖွဲ့လေးများက လျှပ်တပျက် တိုက်ခိုက်ပြီးသည်နှင့် ထွက်ပြေးကြသည်။ မသေမျိုးတစ်ပိုင်းရသေ့ကြီးက စစ်တပ်ကို စုစည်း၍ လိုက်လံတိုက်ခိုက်ပါက လျှို့ဝှက် နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များဖြင့် ချက်ချင်း ပြန်လာကြ၏။ ကမ္ဘာဦးကောင်းကင်ဘုံကလည်း နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များကို ချက်ချင်း ပိတ်သိမ်းလိုက်သဖြင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် ဒေါသူပုန်ထစွာဖြင့် မန္တန်အစီအရင်များကို ဖျက်ဆီးရုံမှတစ်ပါး မည်သည်မှ မတတ်နိုင်ခဲ့ချေ။
ပြဿနာက နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တို့ကား များပြားလွန်းနေ၏။ ချီလင်းအရှင်မသည် ယခုအခိုက်အတန့်အတွက် ရည်ရွယ်၍ အလွန်တရာ သေးငယ်သော နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင် ထောင်သောင်းများစွာကို တည်ဆောက်ရန် တိတ်တဆိတ် အမိန့်ပေးခဲ့သည်။
ချီလင်းအရှင်မက တစ်ဖက်ရှိ စစ်တပ်ထံ သတင်းစကားပါးရန် ကင်းထောက်များ စေလွှတ်လိုက်သေး၏။ မသေမျိုးတစ်ပိုင်းရသေ့ကြီးသည် တမလွန်ဘုံဧကရာဇ်၏ လူဝင်စားဖြစ်ပြီး ကမ္ဘာဦးကောင်းကင်ဘုံ၏ မဟာမန္တန်အစီအရင်ကို ဖျက်ဆီးကာ တမလွန်ဘုံစစ်တပ် အနိုင်ရရန် ဆောင်ရွက်နေကြောင်း အသိပေးကာ စစ်တပ်အားလုံး အသိစိတ်ဝင်၍ အလင်းဝင်ရန် ဆော်ဩခဲ့သည်။
ထိုစစ်တပ်များကို တမလွန်ဘုံက ထိန်းချုပ်ထားခြင်း ရှိ၊ မရှိ မသိရသော်လည်း ကြိုးစား၍ အရှုံးမရှိချေ။ စစ်တပ်ကြီးသည် အမှန်တကယ် လှည့်စားခံထားရပြီး ထိန်းချုပ်မခံရသေးလျှင်ရော။
"သတင်းကောင်းပဲ"
နေ့တစ်ဝက်ခန့် အကြာတွင် စစ်တပ်များက သတင်းကောင်းများနှင့်အတူ ပြန်လာကြသည်။ မသေမျိုးတစ်ပိုင်းရသေ့ကြီးဘက်မှ စစ်တပ်များကား ပုန်ကန်မည့် အရိပ်အယောင်များ ပြသနေ၏။ အချို့စစ်တပ်များဆိုလျှင် ချီလင်းအရှင်မ၏ သတင်းစကားကို ကြားသည်နှင့် လိုက်လံမတိုက်ခိုက်ကြတော့ချေ။
"အပြင်က စစ်တပ်ကြီးက ထိန်းချုပ်မခံရသေးတဲ့ လူသားတွေများလား"
ချီလင်းအရှင်မနှင့် အခြားသူများမှာ အလွန်တရာ အားတက်သွားကြပြီး တပ်ဖွဲ့ငယ်များကို ထပ်မံ စုစည်း၍ သတင်းစကားများ ဖြန့်ဝေရန် အမိန့်ပေးလိုက်၏။ တစ်ချိန်တည်းမှာပင် ဟယ်နုန်ယင်းက ကောင်းကင်တွင်းနက်ကြီးထံ ကိုယ်တိုင်သွားရောက်၍ ကျန်းရီအား သွားခေါ်သည်။
ကျန်းရီသာ ထွက်လာ၍ မသေမျိုးတစ်ပိုင်းရသေ့ကြီးအား တိုက်ခိုက်ရန် စစ်တပ်ကို ဦးဆောင်နိုင်ပါက သန်းပေါင်းများစွာသော စစ်သည်များက အလင်းဝင်လာနိုင်၏။ ထိုသို့ဆိုပါက လူသားမျိုးနွယ်၏ အနိုင်ရနိုင်ခြေက များစွာ တိုးတက်လာပေလိမ့်မည်။
ကျန်းရီ ကောင်းကင်တွင်းနက်ကြီးထဲ ဆင်းသွားသည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်ရာ ပိတ်မိနေခြင်း ဖြစ်နိုင်သည်။ မိစ္ဆာဧကရာဇ်သုံးပါးက ကောင်းကင်တွင်းနက်ကြီး အပြင်၌ စောင့်ကြပ်နေကြပြီး မည်သူ့ကိုမှ ဝင်ခွင့်မပြုချေ။ ဟယ်နုန်ယင်းမှာ ကျန်းရီ၏ အမျိုးသမီး ဖြစ်သဖြင့် သူမသာ ဧကရာဇ်သုံးပါး တွင်းနက်ကြီးထဲ ဆင်း၍ ကျန်းရီအား ရှာဖွေရန် ဖြောင်းဖျနိုင်လိမ့်မည်။
ဟယ်နုန်ယင်းက အမှောင်နယ်မြေဆီသို့ နေရာရွှေ့ပြောင်းသွားပြီး ဟယ်မိသားစုမှ အကြီးအကဲနှစ်ဦးဖြင့် ကောင်းကင်တွင်းနက်ကြီးဆို့ အလျင်အမြန် ပျံသန်းလာခဲ့၏။ လေးနာရီ၊ ငါးနာရီအကြာ၌ ကောင်းကင်တွင်းနက်ကြီးအပြင်သို့ ရောက်လာခဲ့သည်။
မိစ္ဆာဧကရာဇ်သုံးပါးက ချက်ချင်းပင် မျက်လုံးများ ပွင့်လာကြသည်။ ထျန်းဖုန့်ဧကရာဇ်က ဟယ်နုန်ယင်းကို မြင်သည်နှင့် ချက်ချင်း ထရပ်၍ ကျန်ဧကရာဇ်နှစ်ပါးနှင့်အတူ ဂူထဲမှ ထွက်လာ၏။ သူက လက်ယှက်၍ အရိုအသေပေးလိုက်သည်။ "သခင်မလေးကို ဂါရဝပြုပါတယ်"
ထျန်းဖုန့်ဧကရာဇ်သည် ဟယ်နုန်ယင်းနှင့် ကျန်းရီတို့၏ ပတ်သက်မှုကို သိထားပြီး ဖြစ်၏။ ဤမိန်းမလှလေးသည် ကျန်းရီ၏ နှလုံးသားထဲတွင် နေရာတစ်ခု ယူထားသည်။ ထို့ကြောင့် လေးစားစွာ ဆက်ဆံရပေမည်။
"ကျန်းရီဆီက ဘာသတင်းမှ မရသေးဘူးလား" ဟယ်နုန်ယင်းက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
ထျန်းဖုန့်ဧကရာဇ်က ခေါင်းခါသည်။ "မရသေးပါဘူး"
"သူ့နောက်လိုက်သွားမယ်"
ဟယ်နုန်ယင်းက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ "ရှင်တို့ သုံးယောက် ကျွန်မနဲ့အတူ လိုက်ခဲ့ပါ... ကျွန်မမိသားစုရဲ့ အကြီးအကဲနှစ်ယောက်က ကောင်းကင်တွင်းနက်ကြီးထိပ်မှာ စောင့်နေလိမ့်မယ်"
"မဖြစ်ပါဘူး”
ထျန်းဖုန့်ဧကရာဇ်က ခပ်ယဲ့ယဲ့ ပြုံး၍ ခေါင်းရမ်းပြလိုက်၏။ "ကျုပ်တို့ကို အပြင်မှာ စောင့်နေဖို့ အမိန့်ပေးခဲ့တာပါ... ဘယ်သူ့ကိုမှ တွင်းနက်ကြီးထဲ အဝင်ခံလို့ မဖြစ်ဘူး”
"အခု ဘယ်အချိန် ရှိနေပြီလဲ"
ဟယ်နုန်ယင်း၏ မျက်နှာက အေးစက်သွားပြီး မာန်မဲလိုက်သည်။ "ကမ္ဘာဦးကောင်းကင်ဘုံက ပျက်စီးတော့မှာ… ဘာလို့ လက်ပေါက်ကပ်နေရတာလဲ... ကျန်းရီ ဝင်သွားတာက ကြာလှနေပြီ… အောက်မှာ ပိတ်မိနေရင်ရော.. ကျန်းရီက ရှင်တို့ရဲ့ သခင်၊ ကျွန်မက ကျန်းရီရဲ့ ဇနီးဖြစ်သလို ရှင်တို့ရဲ့ သခင်မပဲ... ကျွန်မအမိန့်က သူ့အမိန့်ပဲ.. သူ အပြစ်တင်ရင် ကျွန်မ တာဝန်ယူမယ်"
ထျန်းဖုန့်ဧကရာဇ်မှာ တွေဝေသွားမိသည်။ ကောင်းကင်တွင်းနက်ကြီးက အလွန်တရာ အန္တရာယ်များလှသည်။ မိစ္ဆာဧကရာဇ်သုံးပါး ရှိသော်လည်း ဖြစ်လာနိုင်သည့် အရာများကို မည်သူမှ မသိချေ။
ဟယ်နုန်ယင်းက တစ်ခဏ စောင့်ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်၏။ “ကျန်းရီသာ အောက်မှာ တစ်ခုခုဖြစ်နေရင် ရှင်တို့လည်း သေရမှာပဲ... ရှင်တို့ မဆင်းရင် ကျွန်မ ဘာသာ ဆင်းမယ်... တားချင်ရင် ကျွန်မကိုသာ သတ်လိုက်"
"ကောင်းပါပြီ"
ထျန်းဖုန့်ဧကရာဇ်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ကျန်းရီသည် ကောင်းကင်တွင်းနက်ကြီး အဝင်ဝကို စောင့်ကြပ်ရန်သာ အမိန့်ပေးခဲ့၏။ အောက်သို့ ဆင်းမလာရန် မပြောခဲ့ချေ။ ဟယ်မိသားစုမှ အကြီးအကဲနှစ်ဦး စောင့်ကြပ်ပေးမည်ဆိုသဖြင့် ပြဿနာ မရှိနိုင်ချေ။
ကျန်းရီ ဝင်သွားသည်မှာ အတော်ကြာမြင့်နေချေပြီ။ ဝိညာဉ်ဆက်နွယ်မှုလည်း ပြတ်တောက်သွားဖြင့် ထျန်းဖုန့်ဧကရာဇ်တို့မှာ အတော်လေး စိုးရိမ်ပူပန်နေကြ၏။ ကျန်းရီတစ်ယောက် မည်သို့သော အခက်အခဲမျိုးနှင့် ကြုံတွေ့နေရပါသနည်း။
အပိုင်း ၂၀၆၃ ကောင်းကင်စည်းမျဉ်း
ကျန်းရီတစ်ယောက် အမှန်တကယ်ပင် ဧရာမ ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည်။ အလွန်တရာ ကြီးမားသည့် ပြဿနာကြီးပင်။
သူ ဟွင့်သွမ်စွမ်းအင်ထဲသို့ ရောက်နေသည်မှာ တစ်လကျော်ပြီဖြစ်သဖြင့် အတော်လေး ကြာနေချေပြီသူ့မှာ ထွက်မလာလိုခြင်း မဟုတ်ဘဲ ထွက်လာ၍ မရခြင်းသာ ဖြစ်သည်။
လက်ရှိအချိန်၌ သူသည် ထူးဆန်းသော နေရာတစ်ခု၌ တင်ပျဉ်ခွေထိုင်နေ၏။ ထိုနေရာက သိပ်မကြီးမားဘဲ မိုင်တစ်ထောင်ခန့်သာ ကျယ်ဝန်းသည်။ ပင်လယ်အောက်ခြေနှင့် မတူဘဲ စက်လုံးကြီးတစ်ခု၏ အတွင်းပိုင်းနှင့် တူချေသည်။
ထိုစက်လုံး၏ အရပ်မျက်နှာအသီးသီးတွင် ဟွင့်သွမ်စွမ်းအင်များ ဖုံးလွှမ်းနေသည်။ အတွင်း၌ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ စသည့် မိုးမြေအရင်းအမြစ် အစုံအလင်ရှိနေပြီး အတော်လေး များပြားချေသည်။ ယခင်က သူ စုပ်ယူခဲ့သည့် ပမာဏထက် ဆယ်ဆပိုများ၏။
မြေအရင်းအမြစ်များက အလွန်တရာ များပြားလွန်းလေရာ ကောင်းကင်တွင်းနက်ကြီးအောက်ရှိ ဆွဲငင်အား ပြင်းထန်နေခြင်းက အံ့ဩစရာ မရှိတော့ချေ။
မိုးမြေအရင်းအမြစ်များမှလွဲ၍ အတွင်းတွင် မည်သည့်အရာမှ မရှိချေ။ ခရမ်းရောင်သံကြိုးများဖြင့် ချည်နှောင်ခံထားရသော ဧရာမသားရဲကြီး တစ်ကောင်သာ ရှိသည်။
ထိုခရမ်းရောင်သံကြိုး၏ အစွန်းတစ်ဖက်က ဟွင့်သွမ်စွမ်းအင်များထဲတွင် ရှိနေပြီး အခြားတစ်ဖက်က သားရဲကြီး၏ ခါးတွင် ရစ်ပတ်နေသည်။ ၎င်းကြောင့် သားရဲကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ထွက်ပေါ်မလာခဲ့ဘဲ ခေါင်း သို့မဟုတ် အမြီးသာ တိုးထွက်နိုင်ခြင်း ဖြစ်မည်။ လုံးဝ ထွက်မလာနိုင်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
သားရဲကြီး၏ ခန္ဓာကိုယ်က သိပ်မကြီးမားဘဲ ပေရာဂဏန်းခန့်သာ ရှည်လျားသည်။ ၎င်း၏ တစ်ကိုယ်လုံးက မည်းနက်နေပြီး ပုံပန်းသဏ္ဌာန်က အတော်လေး ထူးဆန်းသည်။ သမင်ဦးခေါင်းကဲ့သို့ ဦးခေါင်းထက်၌ ဦးချိုတစ်ချောင်း ပေါက်နေလေသည်။ ခန္ဓာကိုယ်က မိကျောင်းနှင့်တူသော်လည်း အကြေးခွံများ မရှိချေ။ ခြေလက်လေးဖက်နှင့် ရှည်လျားသော အမြီးတစ်ချောင်းလည်း ရှိ၏။ မျက်လုံးများ အပါအဝင် တစ်ကိုယ်လုံးက မည်းနက်နေသောကြောင့် အလွန်တရာ ထူးဆန်းချေသည်။
ကျန်းရီနှင့် သားရဲကြီးတို့မှာ စက်လုံးအောက်ခြေတွင် ထိုင်နေကြ၏။ ကျန်းရီက တင်ပျဉ်ခွေ၍ ကျင့်ကြံနေပြီး သားရဲကြီးကတော့ မျက်လုံးမှိတ်၍ အိပ်ငိုက်နေသည်။
ကျန်းရီအနေဖြင့် မိုးမြေအရင်းအမြစ်အားလုံး စုပ်ယူပြီးထားသည်။ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ အားလုံးကို စုဆောင်းပြီးဖြစ်သည်။ သို့သော် လျှပ်စီးဆန်းကြယ်မှုကိုတော့ မကျွမ်းကျင်သေးချေ။ ဟွင့်သွမ်စွမ်းအင်တို့ကို စုပ်ယူရန်ကတော့ ထည့်ပြောနေစရာပင် မလိုပေ။
ဟွင့်သွမ်စွမ်းအင်က မည်သည့်အရာဖြစ်ကြောင်း မသိသဖြင့် မည်သို့နည်းဖြင့် စုပ်ယူနိုင်မည်နည်း။ ဟွင့်သွမ်စွမ်းအင်များကို မစုပ်ယူနိုင်ပါက သားရဲကြီးက ကျန်းရီကို လွှတ်ပေးမည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီမှာ အထဲတွင် ပိတ်မိနေရ၏။
ထို့အပြင် ရွှေအရင်းအမြစ်ကို စုပ်ယူပြီးသော်လည်း အတိုက်အခိုက်စွမ်းရည်က များများစားစား တိုးတက်မလာသည်ကို ကျန်းရီ သတိပြုမိလိုက်သည်။ လျှပ်စီးဆန်းကြယ်မှုအတတ်ကလည်း မပြီးပြည့်စုံသေးချေ။ သူ၏ အတိုက်အခိုက်စွမ်းရည်က ကွာခြားမှုမရှိသဖြင့် အပြင်ထွက်သွားပါက မည်သည်မှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ တမလွန်ဘုံဧကရာဇ်၏ သတ်ဖြတ်ခြင်းကိုသာ ခံရပေလိမ့်မည်။
ထို့ကြောင့် ဟွင့်သွမ်စွမ်းအင်ကို မည်သို့စုပ်ယူရမည်လဲ သိပ်မတွေးတော့ဘဲ လျှပ်စီးဆန်းကြယ်မှုကိုသာ တံခါးပိတ် ကျင့်ကြံနေလိုက်၏။ အတိုက်အခိုက်စွမ်းရည် တိုးတက်စေနိုင်မည့် နည်းလမ်းမျိုးစုံကို ကြိုးစားကြည့်နေတော့သည်။
"ဟူး..."
ဟယ်နုန်ယင်းနှင့် မိစ္ဆာဧကရာဇ်သုံးပါးတို့ ကောင်းကင်တွင်းနက်ကြီးထဲ ဆင်းသွားပြီး နာရီဝက်အကြာတွင် ကျန်းရီ၏ မျက်လုံးများ ပွင့်လာခဲ့သည်။ သူ၏ မျက်လုံးများ၌ စိတ်ပျက်အားငယ်မှုများတို့ ပြည့်နှက်နေသည်။ အချိန်အတော်ကြာ ကျင့်ကြံခဲ့သော်လည်း မည်သည့်အရာမှ မအောင်မြင်ခဲ့ချေ။
ဤနေရာတွင် ကျင့်ကြံရသည့် အမြန်နှုန်းက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး ကောင်းကင်ဘုံခုံရုံးရှိ ဆန်းကြယ်နယ်မြေထက် အဆပေါင်းများစွာ ပိုမြန်၏။ ဤနေရာကား တစ်လောကလုံးတွင် အသန်မာဆုံး ဆန်းကြယ်နယ်မြေ၊ ဟွင့်သွမ်ဆန်းကြယ်နယ်မြေ ဖြစ်သည်။ နတ်ဘုရားသစ်ရွက်ကို ကိုင်ထားသဖြင့် ကျင့်ကြံခြင်းအမြန်နှုန်းက ကောင်းကင်ဘုံခုံရုံးရှိ ဆန်းကြယ်နယ်မြေထက် အဆပေါင်းများစွာ ပိုမြန်နေသည်။
ဤနေရာတွင် တစ်လကျော် ကျင့်ကြံခြင်းက အပြင်လောက၏ ဆယ်နှစ်တာကာလနှင့် ညီမျှသည်။ နတ်ဘုရားသစ်ရွက်၏ အစွမ်းကိုပါ ထည့်တွက်လိုက်ပါက နှစ်တစ်ရာနှင့် ညီမျှ၏။
ဤမျှ ကြာမြင့်စွာ ကျင့်ကြံသော်လည်း တိုးတက်မှု ရှိမလာသောကြောင့် ကျန်းရီမှာ စိတ်ပျက်နေမိသည်။ အပြင်ရှိ အခြေအနေများကို မတွေးမိရန် ကိုယ့်ကိုယ်ကို ဖိအားပေးထားသော်လည်း နှလုံးသားမှာတော့ လေးလံကာ စိုးရိမ်ပူပန်နေမိသည်။
"ကောင်လေး... ဘာမှ မထူးသေးဘူးလား"
ချီဟုန်က အသံပို့လွှတ်၍ မေးလာသဖြင့် ကျန်းရီ ခေါင်းခါပြလိုက်သည်။ သစ်သားအရင်းအမြစ်ထဲတွင် ပုန်းအောင်းနေကြသည့် ချီဟုန်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်တို့မှာလည်း စိတ်ဓာတ်ကျသွားကြ၏။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့သည် လျှပ်စီးဆန်းကြယ်မှု၏ အစွမ်းထက်မှုကို နားလည်ထားကြသည်။ ပြဿနာက ကျန်းရီသည် ၎င်းကို ပြီးပြည့်စုံသည့်အဆင့်ထိ သိမြင်နားမလည်နိုင်ခြင်းပင်။ သူတို့သည် ဤဟွင့်သွမ်စွမ်းအင်များကို အကြိမ်ကြိမ် စစ်ဆေး၍ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း ဖောက်မထွက်နိုင်ခဲ့ချေ။ စုပ်ယူရန်ကတော့ ဝေးလွန်းချေသည်။
လမ်းဆုံးသွားပြီလော။
ကျန်းရီ၊ ချီဟုန်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်တို့၏ နှလုံးသားများ အေးခဲသွားကြသည်။ ကျန်းရီမှာ အချိန်အတော်ကြာ ကျင့်ကြံခဲ့ရသဖြင့် ပင်ပန်းနေရှာသည်။ ဟွင့်သွမ်စွမ်းအင်များပေါ်တွင် လှဲချ၍ နားထင်ကို ဖြည်းညင်းစွာ ပွတ်နေ၏။
ထိုအခိုက်အတန့်တွင် မလှမ်းမကမ်းရှိ သားရဲကြီးက မျက်လုံးပွင့်လာသည်။ သူက ရုတ်တရက် အသံပို့လွှတ်၍ ပြော၏။ "ကောင်လေး... ဟွင့်သွမ်စွမ်းအင်တွေကို စုပ်ယူမယ့်နည်းလမ်း မတွေ့သေးဘူးလား... ကြည့်ရတာ တစ်သက်လုံး ငါနဲ့အတူ ပိတ်မိနေတော့မယ် ထင်တယ်"
ဤမျှ အစွမ်းထက်သော သားရဲကြီးသည် ဧကန်မုချ ကတိတည်ပေလိမ့်မည်။ ကျန်းမှာ ဟွင့်သွမ်စွမ်းအင်များကို စုပ်ယူမည့်နည်းလမ်းအား မစဉ်းစားနိုင်သေးချေ။ သားရဲကြီးကလည်း ကျန်းရီကို အပြင်သို့ ထုတ်ပေးလိမ့်မည်မဟုတ်။ မစဉ်းစားနိုင်ပါက တစ်သက်လုံး ဤနေရာ၌ ပိတ်မိနေပေလိမ့်မည်။
ကျန်းရီ နည်းလမ်းအချို့ ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ချေ။ ထို့ကြောင့် လျှပ်စီးဆန်းကြယ်မှုကိုသာ အာရုံစိုက်နေခဲ့ပြီး ဟွင့်သွမ်စွမ်းအင်များအကြောင်း သိပ်မတွေးခဲ့ပေ။
ယခုတွင် သားရဲကြီးက အသံပို့လွှတ်၍ သတိပေးလာခဲ့လေပြီ။ သူက ကုန်းရုန်းထ၍ သားရဲကြီးကို ကြည့်ကာ မေးလိုက်သည်။ "အရှင်... ဒီဟွင့်သွမ်စွမ်းအင်တွေက ဘာတွေလဲ... ကျွန်တော် ဟွင့်သွမ်စွမ်းအင်တွေကို စုပ်ယူနိုင်မယ့် နည်းလမ်းစဉ်းစားလို့ရအောင် အရိပ်အမြွက်နည်းနည်း ပြောပြပါလား"
လျှပ်စီးဆန်းကြယ်မှုကို ပြီးပြည့်စုံအောင် မလုပ်နိုင်သေးသဖြင့် ဟွင့်သွမ်စွမ်းအင်များကို စုပ်ယူနိုင်ရန် ဦးစွာ ကြိုးစားရပေမည်။ ဟွင့်သွမ်စွမ်းအင်များကို စုပ်ယူနိုင်ပါက လျှပ်စီးဆန်းကြယ်မှုတွင် အဆင့်တက်ကောင်း တက်သွားနိုင်၏။
"ဟမ်"
သားရဲကြီး၏ မည်းနက်နေသော မျက်လုံးများက ဖျတ်ခနဲ လက်သွားသည်။ တစ်ခဏ တိတ်ဆိတ်နေပြီးနောက် အသံပို့လွှတ်လာ၏။ "ဟွင့်သွမ်စွမ်းအင်တွေအကြောင်း ငါလည်း သိပ်မသိဘူး... သိပ်ကို မာကြောပြီး ဖောက်ထွက်ဖို့ ခက်ခဲတာကိုတော့ သိတယ်... ငါ့ခွန်အားနဲ့တောင် လုံးဝ ဖောက်ထွက်လို့မရဘူး... ဒါကြောင့် ငါ ဒီမှာ ပိတ်မိနေတာပဲ... အေး... ငါ့ကို ချည်နှောင်ထားတဲ့ ဒီကောင်းကင်ဒဏ်ခတ်သံကြိုးကြောင့်လည်း ပါတာပေါ့... မင်းသာ ဟွင့်သွမ်စွမ်းအင်တွေကို စုပ်ယူနိုင်ရင် ငါ ကောင်းကင်ဒဏ်ခတ်သံကြိုးကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းရှိတယ်... အသေးစိတ်တော့ ပြောပြလို့မရဘူး... မဟုတ်ရင် ကောင်းကင်စည်းမျဥ်းကို ချိုးဖောက်ရာကျလိမ့်မယ်"
"ကောင်းကင်စည်းမျဉ်းတဲ့လား"
ကျန်းရီ၊ ချီဟုန်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်တို့ တစ်ပြိုင်နက် စိတ်လှုပ်ရှားသွားကြသည်။ သားရဲကြီးက များများစားစား မပြောခဲ့သော်လည်း သူ့စကားမှ အဓိပ္ပာယ်များစွာကို နားလည်လိုက်ကြ၏။
သားရဲကြီးသည် ကောင်းကင်စည်းမျဉ်းကို ချိုးဖောက်ခဲ့သောကြောင့် အပြစ်ပေးခံရပြီး အင်အားကြီးပုဂ္ဂိုလ်တစ်ဦးက ဤနေရာ၌ ပိတ်လှောင်ထားခြင်း ဖြစ်ပေလိမ့်မည်။
မသေမျိုးဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးသာလျှင် ကောင်းကင်ဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်သည့် သားရဲကြီးကို ပိတ်လှောင်ထားနိုင်၏။ သားရဲကြီး တောင်းဆိုခဲ့သည့် အချက်နှစ်ချက်ကို တွေးကြည့်ပါက မသေမျိုးဘုံ အမှန်တကယ် တည်ရှိသည်က သေချာသည်။ ၎င်း၌ ပိုမိုအစွမ်းထက်သည့် ပုဂ္ဂိုလ်များ ရှိနေလိမ့်မည်။ ဤသားရဲကြီးသည် မသေမျိုးဘုံမှ သားရဲကြီးဖြစ်ကာ ကောင်းကင်စည်းမျဉ်းကို ချိုးဖောက်ခဲ့သောကြောင့် အကျဉ်းချခံခဲ့ရ၏။
သားရဲကြီးပြောပြသည့် စကားများမှ သင်ယူနိုင်မည့် အခွင့်အရေးကို ကျန်းရီလည်း လက်လွှတ်မခံချေ။ မသေမျိုးဘုံနှင့် ပက်သက်သည့် အကြောင်းအရာ အနည်းငယ်ကပင် သူ့ကို သန်မာလာစေရန် လုံလောက်သည်။
သူက သားရဲကြီးကို စူးစိုက်ကြည့်ကာ ပြောသည်။ "အရှင်၊ အရှင်က အများကြီး ပြောပြလို့မရဘူးဆိုတော့ ကျွန်တော်ပဲ မေးပါ့မယ်...ခေါင်းညိတ်၊ ခေါင်းခါလောက်ပဲ လုပ်ပေးပါ... အဲဒီလိုဆိုရင် အဆင်ပြေမလားဗျ... ဒါက ကျွန်တော့်အတွက် သိပ်ကိုအရေးကြီးလို့ပါ... ကျွန်တော် ပိုနားလည်လေလေ ဒီဟွင့်သွမ်စွမ်းအင်တွေကို ဖောက်ထွက်နိုင်မယ့် အခွင့်အရေးက ပိုများလေလေပါပဲ"
"ကောင်းပြီလေ”
သားရဲကြီးက ခေါင်းညိတ်၍ အသံပို့လွှတ်လိုက်သည်။ "ဒါပေမဲ့ သိပ်အရေးပါတဲ့ မေးခွန်းတွေကိုတော့ ငါ ဖြေမှာမဟုတ်ဘူး... ပြီးတော့ မေးခွန်းဆယ်ခုပဲ ဖြေနိုင်မယ်"
"ဆယ်ခုဆိုရင် လုံလောက်ပါတယ်"
ယန်ကိုးပါးကောင်းကင်ဧကရာဇ်၊ ကျန်းရီနှင့် ချီဟုန်တို့ အသံပို့လွှတ်ကာ တိုင်ပင်နေကြသည်။ သေချာမေးမြန်းနိုင်ပါက မေးခွန်းဆယ်ခုဖြင့် အချက်အလက်များစွာ သိနိုင်မည်ဖြစ်ရာ အလွန်တရာ အရေးကြီးချေသည်။
တစ်ခဏကြာပြီးနောက် ကျန်းရီက ပထမဆုံးမေးခွန်းကို မေးလိုက်သည်။ "အရှင်၊ အရှင်က ကောင်းကင်စည်းမျဉ်းကို ချိုးဖောက်ခဲ့လို့ မသေမျိုးဘုံက ပုဂ္ဂိုလ်တွေ အပြစ်ပေးတာခံရပြီး ဒီဟွင့်သွမ်ရေကန်ထဲမှာ ပိတ်မိနေတာလား"
မေးခွန်းတစ်ခုတည်းဟု ထင်ရသော်လည်း မေးခွန်းငယ်များစွာ ပါဝင်နေ၏။ ထိုသားရဲကြီးက အလွယ်တကူ ခေါင်းညိတ်ပြလိုက်ရာ ကျန်းရီတို့၏ ယူဆချက်ကို အတည်ပြုပြီးသား ဖြစ်သွားသည်။
ဤမေးခွန်းမှတဆင့် ကျန်းရီ၊ ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့သည် မသေမျိုးဘုံ အမှန်တကယ် တည်ရှိကြောင်း သိလိုက်ရ၏။ မသေမျိုးဘုံ၌ အစွမ်းထက်သော ပုဂ္ဂိုလ်များရှိပြီး အစစ်အမှန် အင်မော်တယ်များနှင့် ယှဉ်နိုင်လိမ့်မည်။ သားရဲကြီးသည် ကောင်းကင်စည်းမျဉ်းကို ချိုးဖောက်ခဲ့သဖြင့် ဤနေရာတွင် ပိတ်မိနေ၏။
ကျန်းရီက ဒုတိယမေးခွန်းကို အကြိမ်ကြိမ် စဉ်းစားနေချေသည်။ သူ မေးခွန်းမေးတော့မည့် အချိန်၌ သားရဲကြီးက ဦးစွာ အသံပို့လွှတ်လာသည်။ “လူသားမိန်းကလေးတစ်ယောက်နဲ့ မိစ္ဆာသုံးကောင် ရောက်နေတယ်... မင်း သူတို့ကို သိလား... သူတို့ ကြည့်ရတာ အလောတကြီး ဖြစ်နေကြသလိုပဲ… တစ်ယောက်ယောက်ကို ရှာနေတာထင်တယ်... ကောင်လေး... သူတို့ကိုပါ ဒီထဲ ခေါ်လိုက်ရမလား"
"မိစ္ဆာသုံးကောင်နဲ့ လူသားမိန်းကလေးတစ်ယောက်လား”
ကျန်းရီ မျက်နှာပျက်သွားပြီး ချက်ချင်း သဘောပေါက်သွားသည်။ မိစ္ဆာသုံးကောင်က ထျန်းဖုန့်ဧကရာဇ်တို့ဖြစ်ပြီး လူသားမိန်းကလေးမှာ ဟယ်နုန်ယင်း ဖြစ်လိမ့်မည်။ သူတို့ ကောင်းကင်တွင်းနက်ကြီးထဲ စွန့်စား၍ ဆင်းလာကြခြင်းက အပြင်တွင် ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်နေပြီး အခြေအနေ မဟန်တော့ကြောင်း ပြသနေချေသည်။