အခန်း ၅၂၁
Vol. 53 Ch. 521
အခန်း (၅၂၁)
"အို... ကျင်းစီလေးက အတော်တောင် ကြီးပြင်းလာပါလား"
မိမိ၏မြေးမလေးက ချစ်စဖွယ်ပြေးလာသည်ကို မြင်သောအခါ ကွေ့နင်အမည်ရသော အဘိုးအိုကလည်း ရယ်မောရင်း အလျင်အမြန်ရှေ့သို့ တိုးသွားလေ၏။
သို့သော် မြေးမလေး၏ မျက်ခုံးနှစ်ခုကြားရှိ ဟင်္သာပြဒါးရောင်မှဲ့နီလေး ပျောက်ကွယ်သွားသည်ကို သူက လျင်မြန်စွာသတိပြုမိသွားချေပြီ။
ခြေဆွံ့နေသောအဘိုးအိုသည် ရင်ထဲမှအံ့သြမှုကို မျိုသိပ်လိုက်ကာ မြေးမလေးကိုချီမလိုက်ပြီး သူမ၏ဖြူဖွေးနူးညံ့သော ပါးပြင်လေးများကို ဆွဲညှစ်လိုက်လေတော့သည်။ "ဘယ်လိုလဲ... သမီးလေး ဒီရက်ပိုင်း အဆင်ပြေရဲ့လား။ သမီးအမေက သမီးကို ဆူမနေဘူးမလား"
"ဆူတာပေါ့ ဘိုးဘိုးရဲ့။ အမေက သမီးကို ခဏခဏဆူတယ်" ထုရှန်းကျင်းစီက နှုတ်ခမ်းဆူကာ ဝမ်းနည်းပက်လက် ပြောလေ၏။ "ဘိုးဘိုး... ရက်အနည်းငယ်လောက် ထပ်နေပေးရမယ်နော်။ ဘိုးဘိုးရှိနေသရွေ့ အမေက သမီးကို ဆူမှာမဟုတ်ဘူး"
"ဟာဟားဟား... ကောင်းပါပြီကွာ၊ ဒါဆိုလည်း ဘိုးဘိုးက ရက်အနည်းငယ်လောက် ထပ်နေပေးပါ့မယ်"
ခြေဆွံ့နေသောအဘိုးအိုက ခေါင်းညိတ်လိုက်ပြီးနောက် ထုရှန်းအိမ်တော်အတွင်းရှိ ဧည့်သည်များကို ကြည့်လိုက်လေ၏။
"ခြေတစ်ဖက် မြေကြီးထဲရောက်နေပြီဖြစ်တဲ့ ငါလိုအဘိုးအိုတစ်ယောက်ကို မင်းတို့အားလုံးက ဘာလို့ အရိုအသေပေးနေကြတာလဲ။ ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး။ အားလုံးပဲ ထိုင်ကြပါ။ ဒီနေ့ရဲ့ ဇာတ်လိုက်က ငါ့ရဲ့မြေးမလေးပဲ"
"ဟုတ်ကဲ့ပါ စီနီယာ"
တောင်ဝှေးကိုင်ထားသောအဘိုးအို ထိုသို့ပြောလိုက်သည်ကို ကြားသောအခါ အားလုံးက နေရာတွင်ပြန်လည်ထိုင်လိုက်ကြပေသည်။
"အဖေ"
ထုရှန်းရှင်းဟွာက ရှေ့သို့တိုးလာခဲ့ပြီး သူမ၏မျက်နှာထားတွင် ရှုပ်ထွေးသောအမူအရာတစ်ခု စွန်းထင်းနေလေ၏။
"အင်း" ခြေဆွံ့နေသောအဘိုးအိုက ခေါင်းညိတ်လိုက်ပြီး ချွေးမဖြစ်သူ ဘာပြောချင်သည်ကို သိနေချေပြီ။ "ငါ အရင်ကပြောခဲ့သလိုပဲလေ... ဒီနေ့က ငါ့မြေးမလေးရဲ့ မွေးနေ့ပဲ။ ကောင်းကင်ကြီး ပြိုကျလာရင်တောင် နောက်မှပဲ အေးအေးဆေးဆေး ပြောကြတာပေါ့"
"ဟုတ်ကဲ့ပါ အဖေ"
ထုရှန်းရှင်းဟွာက ခေါင်းညိတ်လိုက်ပြီး ထပ်မပြောတော့ဘဲ ယောက္ခမဖြစ်သူအား ပင်မထိုင်ခုံ၌ ထိုင်စေရန် ဦးဆောင်ခေါ်သွားလေတော့သည်။
မွန်းတည့်ချိန်သို့ ချဉ်းကပ်လာသောအခါ ဧည့်သည်အားလုံး ရောက်ရှိလာကြပြီး ထုရှန်းအိမ်တော်မှ အစေခံမလေးများက ဟင်းလျာများကို တစ်ပွဲပြီးတစ်ပွဲ သယ်ဆောင်လာကြပေသည်။
မသေမျိုးမြေခွေးမြို့တော်ရှိ အဓိကပြည့်တန်ဆာအိမ်များမှ ထိပ်တန်းအလှမယ်များအားလုံးသည် ပါးလွှာပေါ့ပါးသော စကတ်များကိုဝတ်ဆင်ထားကြပြီး သေရည်ဝိုင်းများကြားနှင့် ပင်မစင်မြင့်ရှေ့တွင် ကျက်သရေရှိစွာ ကပြဖျော်ဖြေနေကြလေ၏။
ပိုးကြိုးနှင့်ဝါးဖြင့်ပြုလုပ်ထားသော တူရိယာများ၏ တေးဂီတသံများက လေထုထဲတွင် ပျံ့လွင့်နေပြီး အိမ်တော်တစ်ခုလုံးသည် အလွန်အမင်း သက်ဝင်လှုပ်ရှားနေလေတော့သည်။
သေရည်သုံးပတ်လည်ပြီးနောက် လက်ဆောင်ပစ္စည်းများ ကြေညာသည့် အခမ်းအနားကို စတင်ရန် အချိန်ကျရောက်လာချေပြီ။
"ကောင်းကင်မိစ္ဆာနိုင်ငံတော်ရဲ့ ဘုရင်ထံမှ ဂုဏ်ပြုလက်ဆောင်... တစ်ပိုင်းမသေမျိုးလက်နက် သမာဓိစီးဆင်းမီးလျှံဓား တစ်လက်"
"လဲ့ဟောက်ဂိုဏ်း၏ ဂိုဏ်းချုပ်ထံမှ ဂုဏ်ပြုလက်ဆောင်... ကောင်းကင်မိုးကြိုးပုလဲ တစ်လုံး"
"မိစ္ဆာတစ်သောင်းနိုင်ငံတော်ထံမှ ဂုဏ်ပြုလက်ဆောင်... တစ်ပိုင်းမသေမျိုးလက်နက် ချောက်နက်ရေခဲအရိုးဓား တစ်လက်"
"သစ်ရွက်မြွေနိုင်ငံတော်ထံမှ ဂုဏ်ပြုလက်ဆောင်... အရိပ်ကိုးပါးဝင်္ကပါမြေပုံ တစ်ချပ်"
"..."
အုပ်ချုပ်ရေးမှူးရှုံက တစ်ခုပြီးတစ်ခု ကြေညာနေစဉ် ဧည့်သည်တိုင်းက သူတို့၏လက်ဆောင်များကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ရန် ရှေ့သို့ထွက်လာကြလေ၏။
ထုရှန်းအိမ်တော်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ရန်အတွက် မသေမျိုးမြေခွေးမြို့တော်ရှိ မိသားစုအသီးသီးနှင့် ထင်ရှားကျော်ကြားသူများအားလုံးသည် သူတို့ပေးအပ်သော လက်ဆောင်များက လုံလောက်စွာ တန်ဖိုးရှိသည်ဟု ယုံကြည်ထားကြပေသည်။
သူတို့သည် ပွဲခံစားပွဲ၌ မိမိတို့၏လက်ဆောင်များကို ကိုင်ဆောင်၍ ထိုင်နေကြပြီး မိမိကိုယ်ကိုယ် အတော်လေး ဂုဏ်ယူနေကြလေ၏။
သို့သော် ထိုဘုရင်များနှင့် ဂိုဏ်းချုပ်များထံမှ လက်ဆောင်များကို ကြားလိုက်ရသောအခါ သူတို့၏ကိုယ်ပိုင်လက်ဆောင်များက တကယ်တမ်းတွင် ဘာမှမဟုတ်ကြောင်း သဘောပေါက်သွားကြလေတော့သည်။
သူတို့သည် ထိုအရာများကို ထုတ်ပြရန်ပင် အနည်းငယ် ရှက်ရွံ့သွားကြပေသည်။
အုပ်ချုပ်ရေးမှူးရှုံက သူတို့၏လက်ဆောင်များကို ဖတ်ပြသောအခါ သူတို့၏မျက်နှာများပင် အနည်းငယ်နီရဲသွားကြချေပြီ။
သူတို့က သခင်မကြီးထုရှန်းအနေဖြင့် သေချာပေါက် စိတ်ထဲထားမည်မဟုတ်ဟု ယုံကြည်ကာ စေတနာကသာအဓိက ဟုဆိုကာ မိမိကိုယ်ကိုယ် ဖြေသိမ့်နိုင်ရုံသာ ရှိလေတော့သည်။
ထို့အပြင်...
မသေမျိုးမြေခွေးမြို့တော်မှ ဧည့်သည်များသည် ထိုလူများခေါ်ဆောင်လာသော မျိုးဆက်သစ်လူငယ်များကို ကြည့်လိုက်ကြပြီး ဤလက်ဆောင်ပေးခြင်းက သခင်မလေး၏မွေးနေ့ကို ကျင်းပရုံသက်သက်မျှ ရိုးရှင်းမနေကြောင်း သိရှိလိုက်ကြပေသည်။
ဖြစ်နိုင်ချေအများဆုံးမှာ ဤလက်ဆောင်များတွင် စေ့စပ်ကြောင်းလမ်းလိုသော ရည်ရွယ်ချက်တစ်ခုလည်း ပါဝင်နေခြင်းပင် ဖြစ်လေ၏။
မည်သို့ပင်ဆိုစေ ယခုအခါ အမြီးကိုးချောင်း ကောင်းကင်မြေခွေးမျိုးနွယ်စုတွင် ဤသားအမိနှစ်ယောက်သာ ကျန်ရစ်တော့သည်မဟုတ်ပါလော။
သခင်မကြီးထုရှန်းကတော့ သဘာဝကျစွာပင် မေးခွန်းထုတ်စရာမလိုပေ။ မျိုးဆက်တစ်ခုတွင် အမြီးကိုးချောင်း ကောင်းကင်မြေခွေး တစ်ကောင်သာရှိပြီး သခင်မကြီးထုရှန်းသည် မုဆိုးမတစ်ဦးဖြစ်သော်လည်း မည်သည့်အခါမှ နောက်အိမ်ထောင်ပြုနိုင်မည် မဟုတ်ချေ။
သို့သော် တစ်စုံတစ်ယောက်ကသာ သခင်မကြီးထုရှန်း၏ သမီးဖြစ်သူနှင့် စေ့စပ်ကြောင်းလမ်းနိုင်ခဲ့လျှင် အမြီးကိုးချောင်း ကောင်းကင်မြေခွေး၏ သွေးဆက်နွယ်မှုက မည်မျှမွန်မြတ်ကြောင်းကို ဘေးဖယ်ထားဦးတော့...
စီနီယာကွေ့၏ မြေးမက်ဖြစ်လာရန်ဆိုသည်ကပင် အဓိကအင်အားစုကြီးများအားလုံး အိပ်မက်မက်နေကြသည့် အရာတစ်ခုဖြစ်လေတော့သည်။
နာရီဝက်တိတိ ကြာမြင့်ပြီးနောက်တွင်မှ လက်ဆောင်ကြေညာခြင်းအစီအစဉ်က အဆုံးသတ်သွားချေပြီ။
ထုရှန်းကျင်းစီသည် သူမ၏မိခင်နောက်သို့လိုက်ကာ ကျေးဇူးတင်စကားဆိုရန် စားပွဲတစ်ခုချင်းစီသို့ တစ်ဖန် ပြန်လည်သွားရောက်ခဲ့လေ၏။
ဤအခွင့်အရေးကိုရယူ၍ ထိုမိစ္ဆာနိုင်ငံများမှ ဘုရင်များနှင့် ဂိုဏ်းချုပ်များက သူတို့ခေါ်ဆောင်လာသော မျိုးဆက်သစ်လူငယ်များဘက်သို့ စကားလမ်းကြောင်းကို အဆက်မပြတ် လှည့်နေကြပြီး သခင်မကြီးထုရှန်းနှင့် ထုရှန်းကျင်းစီတို့အတွက် ရင်းနှီးသောမျက်နှာများ ဖြစ်လာစေရန် ဆန္ဒရှိနေကြပေသည်။
တကယ်တမ်းတွင် သခင်မကြီးထုရှန်းသည် ထိုကလေးများအားလုံးက ရုပ်ဆင်းသဏ္ဌာန်၊ ပါရမီ၊ သို့မဟုတ် သွေးဆက်နွယ်မှု အဆင့်အတန်းအရဖြစ်စေ အတော်လေး ထူးချွန်ကြကြောင်း ဝန်ခံရမည်ဖြစ်လေ၏။
သူတို့သာ မည်သည့်မတော်တဆမှုမျှမရှိဘဲ ကြီးပြင်းလာမည်ဆိုပါက အနာဂတ်တွင် မိစ္ဆာကမ္ဘာ၏ မဏ္ဍိုင်ကြီးများ သေချာပေါက် ဖြစ်လာကြပေမည်။
ထို့ကြောင့် သခင်မကြီးထုရှန်းသည် သူမ၏သမီးအတွက် အောင်သွယ်ပေးရန် ကြိုးစားနေကြသည်ကို စိတ်အနှောင့်အယှက်မဖြစ်ဘဲ သူတို့ထဲမှ အနာဂတ်သမက်တစ်ဦးကို တကယ်တမ်း ရွေးချယ်နိုင်ကောင်းသည်ဟုပင် တွေးတောမိလေတော့သည်။
သို့သော် လူသားမျိုးနွယ်မှ ထိုကောင်လေးကို သခင်မကြီးထုရှန်း သတိရလိုက်သည်နှင့်တပြိုင်နက် ထိုအတွေးများကို ဘေးဖယ်ထားလိုက်ချေပြီ။
အရာအားလုံးက သူမ၏သမီးဖြစ်သူ ဆုံးဖြတ်ရမည့်ကိစ္စသာ ဖြစ်ပေသည်။
အိမ်ရှင်များနှင့် ဧည့်သည်များအားလုံး ပျော်ရွှင်စွာ ဆင်နွှဲပြီးနောက်တွင်...
မွေးနေ့စားသောက်ပွဲကြီးသည် မွန်းလွဲပိုင်းအထိ ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် အဆုံးသတ်သွားလေတော့သည်။
ထွက်ခွာချိန်တွင် မိစ္ဆာနိုင်ငံမှ ဘုရင်များနှင့် ဂိုဏ်းချုပ်များအားလုံးက ထုရှန်းမိသားစုနှင့် လက်ထပ်မဟာမိတ်ဖွဲ့လိုသည့် သူတို့၏ဆန္ဒကို သီးသန့်နှင့် လိမ္မာပါးနပ်စွာ ထုတ်ဖော်ပြောဆိုခဲ့ကြလေ၏။
ထုရှန်းရှင်းဟွာက လက်ခံခြင်းလည်းမရှိသလို ငြင်းဆန်ခြင်းလည်းမပြုဘဲ သူမ၏သမီးဖြစ်သူ ငယ်ရွယ်သေးကြောင်းနှင့် အရွယ်ရောက်လာပြီး ကိုယ်ပိုင်အမြင်များရှိလာချိန်မှသာ ထိုကိစ္စကို ဆွေးနွေးကြမည်ဖြစ်ကြောင်းသာ ပြောကြားခဲ့ပေသည်။
"အဖေ"
ဧည့်သည်အားလုံးကို လိုက်လံပို့ဆောင်ပြီးနောက် ထုရှန်းရှင်းဟွာက အနောက်ဘက်ခြံဝင်းသို့ လာခဲ့ကာ အဘိုးအိုထံသို့ လျှောက်သွားပြီး အရိုအသေပေးလိုက်လေ၏။
"အင်း" ကွေ့နင်က ခေါင်းညိတ်လိုက်ပြီး သူ၏ကြင်နာလှသော အကြည့်များက ခပ်လှမ်းလှမ်းတွင် လိပ်ပြာများကို လိုက်ဖမ်းနေသည့် သူ၏မြေးမလေးအပေါ်တွင်သာ စူးစိုက်ထားဆဲဖြစ်ပေသည်။ "ဧည့်သည်တွေ အားလုံး ပြန်သွားကြပြီလား"
"ပြန်သွားကြပါပြီ" ဟု ထုရှန်းရှင်းဟွာက ပြန်လည်ဖြေကြားလေ၏။
"ဒီတစ်ကြိမ် ဘုရင်တွေ၊ ဂိုဏ်းချုပ်တွေနဲ့ အခြားလူတွေအားလုံးက သူတို့ရဲ့ကလေးတွေကို ခေါ်လာပြီး လက်ထပ်ဖို့ စီစဉ်ချင်နေကြတယ်။ မင်း ဘယ်လိုထင်လဲ" ဟု အဘိုးအိုက မေးလိုက်ပေသည်။
"ဒီမျိုးဆက်သစ်လူငယ်တွေက တကယ်ကို တော်ကြပါတယ်" ဟု ထုရှန်းရှင်းဟွာက စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် ပြောလိုက်လေ၏။ "ဒါပေမဲ့ ကျင်းစီကလေ..."
"အေးလေ" အဘိုးအိုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "ငါ ဆိုလိုတာက ကျင်းစီရဲ့မျက်ခုံးကြားက ဟင်္သာပြဒါးရောင်မှဲ့နီလေး ရှိနေသေးတယ်ဆိုရင်တောင် မင်းက ဘယ်လိုတွေးမိမလဲ"
"ကျွန်မကတော့ ချန်ကျွယ်... ချန်ကျွယ်ဘက်ကို တိမ်းညွတ်မိမှာပါပဲ" ထုရှန်းရှင်းဟွာက အမှန်အတိုင်း ပြန်လည်ဖြေကြားလေ၏။
"ဒါဆို ကျင်းစီကို ထိတွေ့ခဲ့တဲ့ အထီးလေးကကော။ သူက ရွေးချယ်စရာတစ်ခု မဟုတ်ဘူးလား" ဟု အဘိုးအိုက မေးလိုက်ချေပြီ။
ထုရှန်းရှင်းဟွာက သူမ၏အောက်နှုတ်ခမ်းကို ဖွဖွလေး ကိုက်လိုက်လေ၏။ "အဖေ... ကျင်းစီကို ထိတွေ့ခဲ့တဲ့ ကောင်လေးက လူသားတစ်ယောက်ပါ"
"လူသားမျိုးနွယ်လား... မိစ္ဆာမျိုးနွယ်လား... ဟီးဟီးဟီး..."
အဘိုးအိုက ရယ်မောလိုက်ပြီး အဖြေမပေးတော့ဘဲ ခပ်လှမ်းလှမ်းရှိ သူ၏မြေးမလေးထံသို့သာ လက်ဝှေ့ယမ်းပြလိုက်လေ၏။ "ကျင်းစီ... ကစားတာကို ခဏရပ်ပြီး ဒီကို လာခဲ့ပါဦး"
အဘိုးဖြစ်သူ၏ ခေါ်သံကို ကြားသောအခါ ထုရှန်းကျင်းစီသည် သူမ၏ခြေတံတိုလေးများဖြင့် သူ၏ထံသို့ ပြေးလာခဲ့ပြီး သူမ၏အမြီးလေးက ဟိုဘက်ဒီဘက် ယိမ်းနွဲ့နေလေတော့သည်။
"ဘိုးဘိုး... ဘာကိစ္စရှိလို့လဲ"
"ဘာမှကြီးကြီးမားမား မဟုတ်ပါဘူး" အဘိုးအိုက သူ၏မြေးမလေး၏ ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေးလိုက်လေ၏။ "ဒီနေ့က မြေးလေးရဲ့မွေးနေ့ဆိုတော့ မြေးလေးနဲ့ ရွယ်တူကောင်လေးတွေ အများကြီး လာခဲ့ကြတယ်မလား။ သူတို့ကို ရုပ်ဖြောင့်တယ်လို့ ထင်လား"
"အင်း..."
ထုရှန်းကျင်းစီက သူတို့၏ရုပ်ဆင်းသဏ္ဌာန်များ မည်သို့ရှိသည်ကို တွေးတောလိုက်ပြီးနောက် သူမ၏ခေါင်းလေးကို ခါယမ်းကာ ပြန်ဖြေလိုက်လေ၏။
"ရုပ်မဖြောင့်ပါဘူး"
"ဒီကလေးတွေက ရုပ်မဖြောင့်ဘူးလား" အဘိုးအိုက ပြုံးကာ ပြောလိုက်ချေပြီ။ "ဒါဆို ကျင်းစီအတွက် ဘယ်လိုကောင်လေးမျိုးက အချောမောဆုံးလဲ"
"အင်း..."
မိန်းကလေးငယ်က သူမ၏လက်ချောင်းလေးကို ကိုက်ကာ ထပ်မံတွေးတောလိုက်လေ၏။
ခဏအကြာတွင် မိန်းကလေးငယ်၏ မျက်လုံးများထဲ၌ အလင်းရောင်တစ်ခု လက်တောက်ပသွားတော့သည်။ "ကျင်းစီ သဘောကျတဲ့သူတွေလေ။ သူတို့က အချောမောဆုံးပဲ"
"ဟာဟားဟား..."
အဘိုးအိုက ပါးစပ်ပိတ်မရသည်အထိ ပြင်းထန်စွာ ရယ်မောလိုက်လေ၏။ သူက လှည့်လိုက်ပြီး အရွယ်အိုမင်းနေသော လက်ချောင်းဖြင့် ချွေးမဖြစ်သူကို လက်ညှိုးထိုးပြလိုက်ပေသည်။
"အဲဒါကို ကြည့်လိုက်စမ်း... အဲဒါကို ကြည့်လိုက်စမ်းပါဦး"
"မိစ္ဆာမျိုးနွယ်က ဘာဖြစ်လဲ။ လူသားမျိုးနွယ်က ဘာဖြစ်လဲ"
"ငါတို့ရဲ့ ကျင်းစီလေးက မင်းထက်တောင် အရာရာကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်သေးတယ်"