အခန်း ၅၂၂
Vol. 53 Ch. 522
အခန်း (၅၂၂)
သခင်မကြီးထုရှန်းကို နှုတ်ဆက်ပြီးနောက် ရှောင်မိုက ထင်းတင်းကုပ်သို့ ပြန်လာခဲ့ပြီး သူမပေးထားသော ဆန်ဝါမဟာအိပ်မက် စာအုပ်ကို ဖွင့်လိုက်လေ၏။
အစပိုင်းတွင် ရှောင်မိုက သူသည် အသက်ငါးနှစ်အရွယ်သာ ရှိသေးသဖြင့် သခင်မကြီးထုရှန်းက ဤစာအုပ်ကို ပေးလာချိန်တွင် သူစာတတ်ကြောင်းကို သိရှိမထားသင့်ဟု တွေးတောမိခဲ့ပေသည်။
စာမတတ်သော အစေခံတစ်ယောက်က ဆန်ဝါမဟာအိပ်မက်ကို မည်သို့လျှင် ကိုယ်တိုင်သင်ယူနိုင်ပါမည်နည်း။
သို့သော် ရှောင်မို ၎င်းကို ဖွင့်လိုက်သောအခါ ဤစာအုပ်သည် အလွန်အမင်း ထူးဆန်းနေကြောင်း တွေ့ရှိလိုက်ရလေတော့သည်။
ရှောင်မိုက စာဖတ်တတ်သော်ငြားလည်း ဤစာအုပ်ကို ကြည့်ရှုရာတွင် စာမတတ်လျှင်တောင်မှ ပြဿနာရှိမည်မဟုတ်ကြောင်း သူခံစားလိုက်ရချေပြီ။
၎င်းကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် စာလုံးများသည် သဘာဝတရားကြီး၏ ပန်းများ၊ မြက်ခင်းများ၊ တောင်တန်းများနှင့် မြစ်ရေများအလား ထင်မှတ်ရကာ သဘာဝကျကျပင် နားလည်သဘောပေါက်သွားမည် ဖြစ်လေ၏။
သို့သော် အကြည့်လွှဲလိုက်သည်နှင့်တပြိုင်နက် ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်မှတ်ဉာဏ်မှ ကျန်ရစ်တော့မည် မဟုတ်ပေ။
"ကနဦးဟင်းလင်းပြင်ကြီး စတင်ကွဲကွာသွားချိန်၌ ဖြစ်တည်ခြင်းနှင့် မဖြစ်တည်ခြင်းတို့က အပြန်အလှန် ပေါက်ဖွားလာကြသည်။ တာအိုသည် အခြေခံအားဖြင့် စကားလုံးမရှိဘဲ အိပ်မက်များမှတစ်ဆင့် ၎င်း၏အနှစ်သာရကို ဖော်ထုတ်ပြသလေ့ရှိ၏။ ဤကျင့်စဉ်ကို ဆန်ဝါမဟာအိပ်မက်ဟု ခေါ်ဆိုသည်။ ဟင်းလင်းပြင်ကို ခေါင်းအုံးပြု၍ နက်နဲမှုကို အိပ်ရာလုပ်ကာ အမှားကိုအသုံးပြုပြီး အမှန်တရားကို ကျင့်ကြံရမည်။"
"ဗလာဟင်းလင်းနှင့် ကြည်လင်မှုစံအိမ်... ဘာမျှမရှိခြင်းထဲတွင် နေထိုင်ရာဗိမာန်ကို တည်ဆောက်ရမည်။"
"အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်နက်ယံအချိန်တွင် ကုလားကာများကိုချကာ အာရုံပေါက်များကို ပိတ်ထားရမည်။ မျက်ခုံးနှစ်ခုကြားရှိ အဖြူရောင်အလင်းတန်းကို အာရုံပြုကာ ကျောက်စိမ်းခေါင်းအုံးကို ထောက်ပံ့ပေးမည့် ကြာစိမ်းတစ်ပွင့်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားစေရမည်။"
"ခဏတဖြုတ်အတွင်း ခန္ဓာကိုယ်သည် ညှိုးရော်နေသောသစ်ခြောက်တုံးနှင့်တူသွားပြီး စိတ်နှလုံးက အေးစက်နေသောပြာများကဲ့သို့ ဖြစ်သွားရမည်။ တံခါးခြောက်ပေါက်ကို တင်းကျပ်စွာ ပိတ်ထားပြီး ချီတစ်ပွင့်တည်းကသာ လျှို့ဝှက်စွာ သွားလာလှုပ်ရှားနေရမည်။ နားထဲတွင် ဒီရေလှိုင်းသံများ မြင့်တက်လာမှသာ ဤခန္ဓာကိုယ်က ယောင်ကျင်းစံအိမ်တွင် ရှိနေကြောင်း သိရှိနိုင်ပေမည်။"
ရှောင်မိုက စာအုပ်ထဲရှိ စာလုံးတိုင်းကို ဂရုတစိုက် ဖတ်ရှုလိုက်လေ၏။
ရှောင်မိုသည် တာအိုပညာရပ်များကို တစ်ခါမျှ မကျင့်ကြံဖူးသော်လည်း ဤကျင့်စဉ်ပညာရပ်ကို ဖတ်ရှုလိုက်ရခြင်းက သူ့အား သိမ်မွေ့သော ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်ခဲ့ပေသည်။ ၎င်းက ဤအရာထက် ပို၍စစ်မှန်နိုင်စရာမရှိတော့သည့် တာအိုကျင့်စဉ်တစ်ခု ဖြစ်နေသောကြောင့်ပင်။
မည်သို့ပင်ဆိုစေ တချို့သောကျင့်စဉ်များသည် စတင်သင်ယူလိုက်သည်နှင့်တပြိုင်နက် မှားယွင်းနေသကဲ့သို့ (သို့မဟုတ်) အလွန်အမင်း ဆိုးယုတ်နေသကဲ့သို့ ခံစားရတတ်သည် မဟုတ်ပါလော။
သူ၏ လွင့်မျောနေသော အတွေးများကို ရပ်တန့်လိုက်ပြီးနောက် ရှောင်မိုက စိတ်ကိုစုစည်းကာ တစ်လုံးချင်းစီကို အလေးအနက်ထား၍ ဖတ်ရှုလိုက်လေတော့သည်။
တဖြည်းဖြည်းနှင့် ရှောင်မိုသည် လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲလှသော အတ္တကင်းမဲ့သည့် အခြေအနေတစ်ခုသို့ ဝင်ရောက်သွားချေပြီ။
ရှောင်မို၏ အသိစိတ်များက တဖြည်းဖြည်း ဝေဝါးလာလေ၏။
သူက စာဖတ်နေခြင်းမဟုတ်ဘဲ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရပေသည်။
သူသည် ကောင်းကင်နှင့်မြေကြီးကြားရှိ သစ်ရွက်တစ်ရွက်အဖြစ်သို့ ပြောင်းလဲသွားကာ လေနှင့်အတူ နိမ့်ချည်မြင့်ချည် လွင့်မျောနေကြောင်း အိပ်မက်မက်နေခဲ့၏။
သူက လေနှင့်အတူ လွင့်စင်သွားပြီး ကျဆင်းရာအရပ်တွင် အမြစ်တွယ်သွားတတ်သော ဒန်ဒီလိုင်းယွန်ပန်းလေး တစ်ပွင့်နှင့်လည်း တူနေပေသည်။
အိပ်မက်ထဲမှနေ၍ ရှောင်မို ထွက်ပေါ်လာပြီး အသိစိတ်ပြန်ဝင်လာသောအခါ နေဝင်သွားပြီး ညဉ့်နက်တော့မည်ဖြစ်ကြောင်း သူသဘောပေါက်သွားလေတော့သည်။
ပြီးတော့ သူသည် ဆန်ဝါမဟာအိပ်မက် စာအုပ်၏ စာမျက်နှာဆယ်မျက်နှာကို လှန်ဖတ်ပြီးသွားခဲ့ချေပြီ။
ရှောင်မိုက အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီးနောက် ညစ်ညမ်းသောလေများကို မှုတ်ထုတ်လိုက်လေ၏။
မတ်တတ်ရပ်လိုက်သောအခါ ရှောင်မိုက သူ၏ခန္ဓာကိုယ် အတော်လေး ပေါ့ပါးသွားကြောင်း ခံစားလိုက်ရပေသည်။
"ငါ ချီသန့်စင်ခြင်း ပထမအဆင့်ကို ရောက်သွားပြီလား"
ရှောင်မိုက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်လေ၏။
ချီသန့်စင်ခြင်း ပထမအဆင့်က သာမန်လူတစ်ယောက်နှင့် အခြေခံအားဖြင့် ကွာခြားမှုမရှိသော်ငြားလည်း သူသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ တစ်ရက်တည်းသော လေ့ကျင့်မှုဖြင့် ခြေချနိုင်ခဲ့ပြီဖြစ်လေတော့သည်။
ရှောင်မိုအနေဖြင့် ထိုကျင့်စဉ်က အစွမ်းထက်လွန်းနေခြင်းလား (သို့မဟုတ်) တာအိုကျင့်ကြံခြင်းအတွက် သူ၏ပါရမီက တကယ်ပင် ထူးကဲလွန်းနေခြင်းလားဆိုတာကိုမူ မသိရှိခဲ့ပေ။
ရှောင်မိုက ဆန်ဝါမဟာအိပ်မက် ကို ထပ်မံဖွင့်လိုက်ပြီး ဆက်ဖတ်ချင်နေသော်လည်း ပထမစာမျက်နှာဆယ်မျက်နှာလောက် ချောမွေ့မှုမရှိတော့ကြောင်း တွေ့ရှိလိုက်ရလေ၏။
ထို့အပြင် သူကြည့်လိုက်သော စာလုံးတိုင်းတွင် တောင်ကြီးတစ်လုံးက သူ၏စိတ်နှလုံးပေါ်သို့ ဖိချထားသကဲ့သို့ ခံစားရစေပြီး ပင်ပန်းနွမ်းနယ်ကာ လေးလံမှုကို ဖြစ်ပေါ်လာစေချေပြီ။
တာအိုကျင့်စဉ်တွေက စိတ်နှလုံးကို လိုက်နာတယ်၊ သဘာဝတရားအတိုင်း ဖြစ်ပါစေ ဟူ၍ ဆန်ဝါမဟာအိပ်မက် တွင် ရေးသားထားသော စကားလုံးများကို ရှောင်မို ပြန်လည်သတိရလိုက်ပေသည်။
သူ၏ နတ်ဘုရားဝိညာဉ်သည် ခံနိုင်ရည်ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ရှောင်မို သိလိုက်လေ၏။
ကျင့်ကြံခြင်းကို ဖြည်းဖြည်းချင်းသာ ပြုလုပ်ရမည်ဖြစ်ပြီး အလောတကြီးနှင့် အတင်းအကျပ် လုပ်ဆောင်၍မရပေ။
"ဘယ်လိုပဲဖြစ်ဖြစ် သခင်မကြီးထုရှန်းကလည်း ငါ့ကို အချိန်အတိုင်းအတာတစ်ခုအထိ ကောင်းကောင်းအနားယူဖို့ ပြောထားတာပဲ။ ဒါကြောင့် ငါ ဖြည်းဖြည်းချင်းပဲ သင်ယူတော့မယ်"
ရှောင်မိုက စာအုပ်ကို ပိတ်လိုက်ပြီး ဗိုက်အနည်းငယ်ဆာလာသလို ခံစားလိုက်ရလေတော့သည်။
ပေါက်စီအနည်းငယ် ရှာစားရန်အတွက် မီးဖိုဆောင်ခြံဝင်း သို့ သွားတော့မည့်ဆဲဆဲတွင် ထင်းတင်းကုပ် တံခါးမှာ ခေါက်သံထွက်ပေါ်လာချေပြီ။
ရှောင်မိုက တံခါးကိုဖွင့်လိုက်ရာ အဘိုးအိုတစ်ဦးနှင့်အတူ သူ၏ရှေ့တွင် ရပ်နေသော သခင်မကြီးထုရှန်းကို မြင်တွေ့လိုက်ရလေ၏။
"ကျွန်တော်မျိုး သခင်မကြီးကို ဂါရဝပြုပါတယ်"
ရှောင်မိုက လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးလိုက်ပေသည်။
"အင်း"
ထုရှန်းရှင်းဟွာက ခေါင်းညိတ်လိုက်ပြီး ရှောင်မိုကို ကြည့်လိုက်ကာ ထူးဆန်းသောအရာတစ်ခုကို ခံစားလိုက်ရသဖြင့် သူ၏အပေါ်သို့ ဝိညာဉ်စွမ်းအင် လှိုင်းဂယက်တစ်ခုကို ဖြန့်ကျက်လွှမ်းခြုံလိုက်လေ၏။
"မင်းက ချီသန့်စင်ခြင်း ပထမအဆင့်ကို ရောက်သွားပြီလား" ထုရှန်းရှင်းဟွာက အံ့အားသင့်စွာဖြင့် မေးလိုက်လေတော့သည်။
အစောပိုင်းက ရှောင်မိုကို ကုသပေးစဉ်အခါတည်းက ထုရှန်းရှင်းဟွာသည် သူ၏မွေးရာပါပါရမီက ကောင်းမွန်ကြောင်းနှင့် တာအိုကျင့်စဉ်များကို သင်ယူရာတွင် ချောမွေ့သင့်ကြောင်း သိရှိထားခဲ့ပေသည်။
သို့သော် သူက တစ်ရက်ပင်မပြည့်မီ ချီသန့်စင်ခြင်း ပထမအဆင့်သို့ ဝင်ရောက်သွားလိမ့်မည်ဟု သခင်မကြီးထုရှန်း မျှော်လင့်မထားခဲ့ချေ။
"ချီသန့်စင်ခြင်း ပထမအဆင့် ဟုတ်လား" ရှောင်မိုက မသိချင်ယောင်ဆောင်လိုက်လေ၏။ "သခင်မကြီး... ချီသန့်စင်ခြင်း ပထမအဆင့်ဆိုတာ ဘာကိုပြောတာလဲ"
"အဲဒါက မင်း ခြေလှမ်းသေးသေးလေးပဲဖြစ်ဖြစ် ကျင့်ကြံခြင်းလမ်းစဉ်ထဲကို ဝင်ရောက်သွားပြီလို့ ဆိုလိုတာပဲ" ကွေ့နင်က ပြုံးလိုက်ရင်း ခါးကိုကိုင်းကာ ကောင်လေးကို ကြည့်လိုက်ပေသည်။ "မင်းက ရှောင်မို ဖြစ်ရမယ်မလား။ ငါက ကျင်းစီရဲ့အဘိုးပဲ။ ပြီးခဲ့တဲ့ညက မင်း ကျင်းစီကို ကာကွယ်ပေးခဲ့တယ်လို့ ကြားတယ်။ ကျေးဇူးတင်ပါတယ်ကွာ"
"သခင်ကြီး ဖြစ်နေတာကိုး။ ကျွန်တော်မျိုး သခင်ကြီးကို ဂါရဝပြုပါတယ်" ရှောင်မိုက နောက်ထပ်တစ်ကြိမ် အရိုအသေပေးလိုက်လေ၏။
"ထုရှန်းအိမ်တော်က ကျွန်တော်မျိုးကို လက်ခံပြီး နေထိုင်ခွင့်ပြုခဲ့တာကတင် အသက်ကယ်ကျေးဇူး ဖြစ်နေပါပြီ။ သခင်မလေး အန္တရာယ်ကြုံရချိန်မှာ သူမရဲ့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးဖို့ဆိုတာ ကျွန်တော်မျိုး လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ သခင်ကြီးရဲ့ ကျေးဇူးတင်စကားကို ကျွန်တော်မျိုး မခံယူဝံ့ပါဘူး"
"ဟာဟားဟား... မင်းက စကားပြော အတော်လေးတတ်တာပဲ။ မင်းက ကလေးတစ်ယောက်နဲ့မတူဘဲ လူကြီးပေါက်စလေးတစ်ယောက်လိုပဲ ခံစားရတယ်"
ကွေ့နင်က သူ၏ဝတ်ရုံထဲမှ ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူကာ ရှောင်မိုအား ကမ်းပေးလိုက်လေတော့သည်။
"ဒီကျောက်စိမ်းဆွဲပြားက အတော်လေးကောင်းတယ်။ မင်းနဲ့အတူ သိမ်းထားပါ။ ဒါက မင်းရဲ့ဝိညာဉ်စွမ်းအင်ကို အာဟာရဖြစ်စေနိုင်ပြီး အနာဂတ်မှာ မင်းရဲ့ကျင့်ကြံခြင်းအတွက် အကျိုးရှိလိမ့်မယ်"
"ဒါက..." ရှောင်မိုက သခင်မကြီးထုရှန်းဘက်သို့ လှည့်ကြည့်လိုက်လေ၏။
"ယူလိုက်ပါ။ ငါ မင်းကို ဆုချမယ်လို့ အရင်က ပြောခဲ့ပြီးသားပဲ။ ငါ့စကားကို ဘယ်လိုလုပ် ဖျက်လို့ရမှာလဲ။ ဒါက မင်းရသင့်ရထိုက်တဲ့အရာပါ" သခင်မကြီးထုရှန်းက ခေါင်းညိတ်ပြလိုက်ပေသည်။
"ဟုတ်ကဲ့ပါ" ရှောင်မိုက လက်နှစ်ဖက်ဖြင့် ကျောက်စိမ်းဆွဲပြားကို လှမ်းယူလိုက်လေ၏။ "ကျေးဇူးတင်ပါတယ် သခင်ကြီး။ ကျေးဇူးတင်ပါတယ် သခင်မကြီး"
"သေချာကျင့်ကြံပါ။ မင်းရဲ့ပါရမီက တကယ်ကို ထူးချွန်တယ်။ အနာဂတ်မှာ ကြီးကျယ်မြင့်မြတ်တဲ့ အရာတွေကို မင်း သေချာပေါက် ရရှိမှာပါ" ဟု သခင်မကြီးထုရှန်းက ရှောင်မိုအား ပြောလိုက်ချေပြီ။
"ဒါ့အပြင် မနက်ဖြန်ကစပြီး မင်း ဒီမှာ ဆက်နေစရာမလိုတော့ဘူး။ မင်းအတွက် ခြံဝင်းတစ်ခုကို ငါ ပြင်ဆင်ထားပေးတယ်"
"နောက်နှစ်ရက်နေရင် ကျင်းစီက စာသင်ဖို့အတွက် အကယ်ဒမီကို သွားရတော့မယ်။ အဲဒီအခါကျရင် မင်းက သူမရဲ့ စာကြည့်ဆောင်အစေခံအဖြစ် နေပေးရမယ်။ ဒီနေ့ကစပြီး သူမရဲ့အနားမှာ မင်း အမြဲရှိနေပေးရမယ်... နားလည်လား"
ရှောင်မို အနည်းငယ် အံ့အားသင့်သွားလေတော့သည်။
ပြီးခဲ့သည့်ညက သူသည် ထုရှန်းကျင်းစီကို ကယ်တင်ခဲ့ပြီး သူတို့အနေဖြင့် ဆုချီးမြှင့်သင့်သည်မှာ မှန်သော်ငြားလည်း သူတို့က သူ့ကို အများကြီး ပေးလွန်းနေသည် မဟုတ်ပါလော။
"ဘာဖြစ်လို့လဲ။ မင်းက သဘောမကျလို့လား" ဟု ကွေ့နင်က ပြုံးလျက် မေးလိုက်ပေသည်။
"သဘောကျပါတယ်... ကျွန်တော် အနည်းငယ် အံ့အားသင့်သွားလို့ပါ" ရှောင်မိုက ထိတ်လန့်သွားဟန်ဆောင်ကာ အလျင်အမြန် ပြောလိုက်လေ၏။
"ဟာဟားဟား" အဘိုးအိုက အားပါးတရ ရယ်မောလိုက်ပြီး ရှောင်မို၏ ပခုံးကို ပုတ်ပေးကာ ခါးကိုပြန်မတ်လိုက်လေတော့သည်။ "သွားကြစို့။ ကောင်းကောင်းအနားယူပါကွာ... ကောင်လေး။ ငါတို့ မင်းကို ဆက်ပြီး မနှောင့်ယှက်တော့ဘူး"
"သခင်ကြီးနဲ့ သခင်မကြီးကို ကျွန်တော်မျိုး လိုက်ပို့ပေးပါ့မယ်" ဟု ရှောင်မိုက ပြောလိုက်ချေပြီ။
"ဒီလောက် ဒုက္ခခံစရာ မလိုပါဘူး" အဘိုးအိုက ခေါင်းခါပြလိုက်ပေသည်။
အဘိုးအို စကားပြောဆိုပြီးသည်နှင့်တပြိုင်နက် ရှောင်မို မော့ကြည့်လိုက်သောအခါ သူရော သခင်မကြီးထုရှန်းပါ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေတော့သည်။
ကွေ့နင်နှင့် ထုရှန်းရှင်းဟွာတို့သည် မီးဖိုဆောင်ခြံဝင်းမှ ထွက်ခွာလာခဲ့ကြပြီး အိမ်တော်၏ ကျောက်စရစ်ခင်းထားသော လမ်းလေးအတိုင်း လျှောက်လှမ်းလာခဲ့ကြလေ၏။
အဘိုးအိုက သူ၏ဝတ်ရုံထဲမှ မိတ်ဆက်စာတစ်စောင်ကို ထုတ်ယူကာ ထုရှန်းရှင်းဟွာအား ကမ်းပေးလိုက်ပေသည်။ "ရှောင်မို ရွှေအမြူတေအဆင့်ကို ရောက်သွားတဲ့အခါ ဒီစာကို သူ့ကို ပေးလိုက်ပါ။ သူသာ ဆန္ဒရှိမယ်ဆိုရင် ကျင့်ကြံဖို့အတွက် သူ့ကို ရွှင်ရှန်းတောင်ဆီ သွားခွင့်ပြုလိုက်ပါ"
ရွှင်ရှန်းတောင် ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ထုရှန်းရှင်းဟွာ၏ မျက်နှာက အနည်းငယ် ဖြူရော်သွားပြီး သူမ၏လက်သေးသေးလေးက ဝတ်ရုံလက်စကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေ၏။ "အဖေ... ရွှင်ရှန်းတောင်ပေါ်မှာက..."
"ငါသိတယ်... သူမက ရွှင်ရှန်းတောင်ပေါ်မှာ ရှိတယ်လေ" အဘိုးအိုက သူ၏ဝတ်ရုံလက်စကို ခေါက်တင်လိုက်ပေသည်။
"ဒါပေမဲ့ ကျင်းစီက မင်းရဲ့မြေးမလေး ဖြစ်နေသလိုပဲ သူမကလည်း မင်းရဲ့သွေးသားအရင်း သမီးလေးပဲ မဟုတ်ဘူးလား"
"အကယ်၍ ရှောင်မိုကသာ အနာဂတ်မှာ ကျင်းစီရဲ့ စိတ်နှလုံးမိစ္ဆာဘေးဒဏ် တကယ်ပဲ ဖြစ်လာမယ်ဆိုရင်..."
"...အဲဒီအခါကျရင် သူမမှာလည်း သူမရဲ့ အနာဂတ်ခင်ပွန်းသည်နဲ့ တွေ့ဆုံခွင့် ရှိသင့်တယ်လေ"