အခန်း ၅၂၃
Vol. 53 Ch. 523
အခန်း (၅၂၃)
ကွေ့နင်နှင့် သခင်မကြီးထုရှန်းတို့ ထွက်ခွာသွားပြီးနောက် တစ်နေကုန် ထင်းတင်းကုပ်ထဲတွင် နေနေခဲ့သော ရှောင်မိုသည်လည်း လေကောင်းလေသန့်ရှူရှိုက်လိုသဖြင့် ထင်းတင်းကုပ်ခြံဝင်းထဲမှ ထွက်လာခဲ့လေ၏။
ထုရှန်းအိမ်တော်တွင် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ သိပ်မရှိလှပေ။
ပထမသခင်မကြီးနှင့် သခင်မလေးတို့၏ ခြံဝင်းများ၊ ထို့ပြင် သိုလှောင်ရုံများကဲ့သို့သော အရေးကြီးသည့်နေရာများမှလွဲ၍ အစေခံများသည် နေရာအများစုသို့ သွားလာခွင့်ရှိလေ၏။
လမ်းလျှောက်ရင်းဖြင့် ရှောင်မိုသည် လမင်းခြံဝင်းသို့ မသိမသာ ရောက်ရှိသွားချေပြီ။
လမင်းခြံဝင်းသည် ပြီးခဲ့သည့်ညက ရှောင်မိုနှင့် ထုရှန်းကျင်းစီတို့ တိုက်ခိုက်ခံခဲ့ရသော နေရာပင်ဖြစ်လေသည်။
သို့သော် တစ်ရက်ကြာပြီးနောက်တွင် လမင်းခြံဝင်းမှာ ပြုပြင်မွမ်းမံပြီးဖြစ်နေလေတော့သည်။
ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် ရှောင်မိုသည် လမင်းရေကန်ဘေးတွင် ထိုင်နေသော မိန်းကလေးငယ်တစ်ဦးကို မြင်လိုက်ရပေသည်။
ထိုမိန်းကလေးငယ်သည် ငါးမျှားကြိုးတပ်ထားသော ဝါးလုံးမျှားတံသေးသေးလေးတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ရေကန်ဘေးတွင်ထိုင်ကာ အလေးအနက် ငါးမျှားနေလေ၏။
"အစ်မယွဲ့ရှီ... ငါးတွေက ဘာလို့ ငါးစာမဟပ်ကြတာလဲဟင်"
ထုရှန်းကျင်းစီသည် သူမ၏မေးစေ့လေးကို ထောက်ထားကာ သူမ၏လေသံက အလွန်အမင်း ညှိုးငယ်နေချေပြီ။
"အဲဒါကလေ..." ယွဲ့ရှီသည် မည်သို့ရှင်းပြရမည်ကို မသိသော်လည်း နှစ်သိမ့်ပေးလိုက်လေ၏။ "သခင်မလေး... ကန်ထဲကငါးတွေက ကျေးဇူးမသိတတ်တာ နေမှာပါ။ သခင်မလေးက ငါးစားချင်တယ်ဆိုရင် မီးဖိုဆောင်ခြံဝင်းကလူတွေကို သွားလုပ်ခိုင်းလိုက်လို့ ရပါတယ်"
"အဲဒီလိုမဟုတ်ဘူးလေ" ထုရှန်းကျင်းစီက သူမ၏နှုတ်ခမ်းလေးကို ဆူလိုက်လေသည်။ "ငါးတစ်ကောင်မိတာနဲ့ ရှောင်မိုက သမီးကို မွေးနေ့လက်ဆောင် ပေးမယ်လို့ ပြောထားတာ။ ဒါပေမဲ့ အခုထိ တစ်ကောင်မှ မမိသေးဘူး..."
"..."
ယွဲ့ရှီသည် သခင်မလေးကသာ လိုချင်တယ်ဆိုရင် ငါးမမိရင်တောင် ဘာအရေးကြီးလို့လဲ။ သူက သခင်မလေးကို တကယ်ပဲ မပေးဘဲ နေမှာမို့လို့လား ဟု တကယ်ပင် ပြောလိုက်ချင်နေမိပေသည်။
သို့သော် သူမသခင်မလေး၏ အလေးအနက်ဖြစ်နေသော မျက်နှာထားကို ကြည့်ရင်း ထိုလူသားမျိုးနွယ်ကောင်လေးကို သခင်နှင့်အစေခံဆက်ဆံရေးထက် သူငယ်ချင်းတစ်ယောက်အဖြစ် တကယ်ပင် သတ်မှတ်ထားကြောင်းကိုလည်း ယွဲ့ရှီ သိရှိလိုက်လေ၏။
"ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ ကျွန်မ သခင်မလေးအတွက် ငါးတစ်ကောင်သွားဝယ်ပေးမယ်လေ။ သခင်မလေးက ကိုယ်တိုင်ဖမ်းမိတာလို့ ပြောလိုက်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်မိုမှ မသိနိုင်တာ" ယွဲ့ရှီက အကြံပေးလိုက်လေသည်။
"ဟင့်အင်း... မလုပ်ပါဘူး" ထုရှန်းကျင်းစီက သူမ၏ချစ်စရာကောင်းသော ခေါင်းလေးကို ခါရမ်းလိုက်လေ၏။ "သူ့ကို ဘယ်လိုလုပ် လိမ်လို့ရမှာလဲ။ အဲဒါ လုံးဝမဖြစ်ဘူး။ သူများသိသွားရင် သမီးနဲ့ သူငယ်ချင်းဆက်မလုပ်တော့ရင် ဘယ်လိုလုပ်မလဲ"
"ဒါပေမဲ့..." မိန်းကလေးငယ်၏ မျက်လုံးလေးများက ဟိုဟိုဒီဒီ လှည့်ပတ်သွားလေတော့သည်။ "အစ်မယွဲ့ရှီ... တကယ်လို့ ငါးက သူ့ဘာသာသူ ချိတ်မှာလာငြိရင်ကော သမီးဖမ်းမိတာလို့ သတ်မှတ်လို့ရလားဟင်"
"..." ယွဲ့ရှီသည် ခဏမျှ ကြက်သေရိုက်သွားပြီးနောက် သခင်မလေး၏ အကြံအစည်လေးကို ချက်ချင်းပင် နားလည်သွားချေပြီ။ သူမက ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်လေ၏။ "ဒါပေါ့ သတ်မှတ်လို့ရတာပေါ့။ ခဏလောက် စောင့်နေပေးပါဦး သခင်မလေး"
ထိုသို့ပြောပြီးနောက် ယွဲ့ရှီသည် အနည်းငယ် အရိုအသေပေးလိုက်ကာ သူမ၏မူလအသွင်သို့ ပြောင်းလဲသွားပြီး ရေကန်ထဲသို့ ခုန်ဆင်းသွားလေတော့သည်။
ရေကန်ထဲတွင် ယွဲ့ရှီသည် ငါးကြီးတစ်ကောင်ကို ဖမ်းမိပြီးနောက် ဖြည်းညင်းစွာ ကူးခတ်လာကာ ငါးမျှားကြိုးတွင် ငါးကိုချိတ်ဆွဲပေးလိုက်ပြီး သူမ၏လက်သည်းဖြင့် ကြိုးကို တစ်ချက်ဆွဲလှုပ်လိုက်လေ၏။
"ရပြီဟေ့" ထုရှန်းကျင်းစီက ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီးနောက် ဝါးမျှားတံကို ဆွဲတင်လိုက်လေသည်။
လရောင်အောက်တွင် ငါး၏အမြီးက အဆက်မပြတ် လှုပ်ယမ်းနေစဉ် ရေကန်မျက်နှာပြင်မှ ရေစက်ရေပေါက်များ လွင့်စင်ထွက်ပေါ်လာချေပြီ။
ငါးကို ရင်ခွင်ထဲပိုက်ထားရင်း ထုရှန်းကျင်းစီသည် ချိတ်ကိုဖြုတ်လိုက်ကာ ရှောင်မိုနေထိုင်ရာ ထင်းတင်းကုပ်ခြံဝင်းဆီသို့ ပျော်ရွှင်စွာ ပြေးသွားလေတော့သည်။
သို့ရာတွင် ခြေလှမ်းအနည်းငယ်မျှသာ ပြေးသွားပြီးနောက် ငါးကြီးကိုပိုက်ထားသော ထုရှန်းကျင်းစီသည် ခြံဝင်းအဝင်ဝတွင် ရပ်နေသော ရှောင်မိုကို မြင်တွေ့လိုက်ရလေ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရေထဲမှတက်လာသော ယွဲ့ရှီသည်လည်း ရှောင်လွှဲ၍မရနိုင်စွာပင် အံ့အားသင့်သွားခဲ့ပေသည်။
အခြားအကြောင်းအရင်းကြောင့်မဟုတ်ဘဲ သူမက သူ၏တည်ရှိမှုကို မခံစားလိုက်ရခြင်းအတွက် ယွဲ့ရှီ အံ့သြသွားရခြင်းဖြစ်လေ၏။
သို့သော် ယွဲ့ရှီသည် ရှောင်မို၏ခါးကို ကြည့်လိုက်ရာ ထိုကျောက်စိမ်းဆွဲပြားကို သတိပြုမိသွားပြီး အကြောင်းအရင်းကို လျင်မြန်စွာ နားလည်သွားချေပြီ။
သို့သော် သူမ၏ရင်ထဲတွင်မူ ပို၍ပင် အံ့အားသင့်သွားခဲ့ရပေသည်။
ထိုစီနီယာက ဤရတနာကို ရှောင်မိုအား တကယ်ပေးလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။
သခင်မကြီးနှင့် ထိုစီနီယာတို့က ဘာကြောင့် ဤကောင်လေးကို ဒီလောက်တောင် တန်ဖိုးထားနေကြရတာလဲ။
သခင်မလေးကို သူကယ်တင်ခဲ့လို့ ဆိုတဲ့အကြောင်းပြချက်သက်သက်ပဲ တကယ်ဟုတ်ရဲ့လား။
"ရှောင်မို... နင် ဘယ်အချိန်ကတည်းက ဒီကိုရောက်နေတာလဲ" ထုရှန်းကျင်းစီက ရှေ့သို့တိုးလာပြီး သူမ၏မျက်နှာလေးမှာ နီရဲနေလေတော့သည်။
"ဟင်" ရှောင်မိုက ခဏမျှ အံ့အားသင့်သွားပြီးနောက် ပြန်ဖြေလိုက်လေ၏။ "ငါလည်း အခုလေးတင် ရောက်လာတာပါ။ ပြီးတော့ သခင်မလေးက ငါးတစ်ကောင်ပိုက်ပြီး ပြေးလာတာကို မြင်လိုက်ရတယ်။ ဒါက သခင်မလေး ဖမ်းမိတဲ့ငါးလား"
"ဟုတ်တယ်... ဟုတ်တယ်" ရှောင်မို သတိမထားမိလိုက်ဘူးဟု တွေးကာ ထုရှန်းကျင်းစီက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်လေသည်။ "ဘယ်လိုလဲ... ကြီးတယ်မလား"
"အင်း... တကယ်ကို အတော်ကြီးတာပဲ" ဟု ရှောင်မိုက ပြန်ဖြေလိုက်ပေသည်။
"ဒါဆို ရှောင်မို... ငါ့ရဲ့မွေးနေ့လက်ဆောင်ကကော။ ငါ ငါးဖမ်းမိပြီလေ" ထုရှန်းကျင်းစီက ရှောင်မိုကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်ပြီး သူမ၏မျက်လုံးလေးများက တောက်ပသော လရောင်နှင့်အတူ အရောင်လက်နေလေ၏။ "နင် မေ့နေတာတော့ မဟုတ်ပါဘူးနော်"
"ငါ ဘယ်မေ့ရဲပါ့မလဲ။ သခင်မလေးက ငါနဲ့အတူ မီးဖိုဆောင်ခြံဝင်းကို လိုက်ခဲ့ပေးနိုင်မလား" ရှောင်မိုက အပြုံးတစ်ခုဖြင့် မေးလိုက်လေသည်။
"ရတာပေါ့။ မြန်မြန်သွားရအောင်... ဒီငါးက အတော်လေးသန်လွန်းတယ်"
ထုရှန်းကျင်းစီသည် သူမ၏လက်နှစ်ဖက်နှင့် အမြီးကိုပါ အသုံးပြုကာ ငါးကို ဖက်ထားပြီး ရှောင်မိုနောက်မှ မီးဖိုဆောင်ခြံဝင်းဆီသို့ ပျော်ရွှင်စွာ လိုက်ပါသွားလေတော့သည်။
ကလေးနှစ်ယောက်က အချင်းချင်း ပွတ်သီးပွတ်သပ်လျှောက်သွားပြီး သူတို့၏လက်မောင်းလေးများက တစ်ခါတစ်ရံ ထိမိနေကြသည်ကို ကြည့်ရင်း ယွဲ့ရှီ၏ မျက်ခုံးများက တွန့်ချိုးသွားချေပြီ။
ယွဲ့ရှီသည်လည်း ရှောင်မိုအပေါ် အလွန်ကျေးဇူးတင်နေခဲ့သည်။ သူသာမရှိလျှင် သခင်မလေး အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့သွားနိုင်သောကြောင့်ပင် ဖြစ်လေ၏။
သို့ရာတွင် သခင်မလေးက လူသားမျိုးနွယ်တစ်ဦးနှင့် ဤမျှရင်းနှီးနေသည်ကိုမူ သူမက လုံးဝအသားမကျနိုင်သေးပေ။
သို့သော် သူမ ဝင်စွက်ဖက်စရာမလိုဘဲ သခင်မလေး၏ လုံခြုံရေးကိုသာ ကာကွယ်ပေးရန် သခင်မကြီး ပြောခဲ့သည့်စကားများကို လျင်မြန်စွာ ပြန်လည်သတိရလိုက်သဖြင့် ယွဲ့ရှီက ခေါင်းခါယမ်းလိုက်ပြီး သူတို့နောက်သို့ လိုက်သွားလေတော့သည်။
မီးဖိုဆောင်ခြံဝင်းသို့ ရောက်ရှိသွားသောအခါ ရှောင်မိုသည် ထုရှန်းကျင်းစီ၏ လက်ထဲမှ ငါးကြင်းကြီးကို ယူလိုက်ပြီး လက်ခေါက်ဖြင့် တစ်ချက်တည်းရိုက်ကာ သတိလစ်သွားစေလိုက်လေ၏။
"ခဏလောက် စောင့်နေပေးပါဦး သခင်မလေး။ ခဏနေရင် ရပါတော့မယ်"
ရှောင်မိုက ခွေးခြေခုံတစ်ခုပေါ်သို့ တက်ကာ မီးဖိုရှေ့တွင်ရပ်လိုက်ပြီး ဟင်းနွှာဓားတစ်လက်ကို ကောက်ကိုင်လိုက်ကာ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ငါးကို စတင်ခွဲစိတ်လေတော့သည်။
"ရှောင်မို... နင်က ဟင်းချက်မလို့လား"
ရှောင်မို၏ ဟန်ပန်ကိုမြင်သောအခါ ထုရှန်းကျင်းစီက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေ၏။
"အင်း" ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး ငါးအပေါ်တွင် အလှအကွက်များဖော်ကာ ဓားရာပေးရန် အာရုံစိုက်ထားလေသည်။ "အရင်တုန်းက ငါ့မွေးနေ့ရောက်ရင် ငါ့မိသားစုက ငါ့အတွက် ငါးကြင်းချဉ်စပ် လုပ်ပေးလေ့ရှိတယ်။ စောစောက ဆရာနွားဆီမှာ ငါသွားမေးကြည့်ပြီး သူက ဟင်းချက်နည်းကို ပြန်ဖော်ထုတ်ပေးထားတယ်။ သခင်မလေးစားဖို့အတွက် ငါ စမ်းချက်ကြည့်မလို့ပါ"
တကယ်တမ်းတွင် ဤငါးကြင်းချဉ်စပ်ဆိုသည်မှာ သူ၏မွေးနေ့ရောက်တိုင်း မိဘမဲ့ဂေဟာ၏ ကျောင်းအုပ်ကြီးက ရှောင်မိုအတွက် ပြုလုပ်ပေးလေ့ရှိသော ဟင်းလျာပင် ဖြစ်လေ၏။
ရှောင်မို၏ မိဘမဲ့ဂေဟာမှ ကျောင်းအုပ်ကြီးမှာ အငြိမ်းစား စားဖိုမှူးတစ်ဦးဖြစ်ပြီး ကလေးတစ်ယောက် မွေးနေ့ရောက်တိုင်း သူတို့အတွက် အထူးဟင်းလျာတစ်ခွက်ကို အမြဲတမ်း ချက်ပြုတ်ပေးလေ့ရှိပေသည်။
"ငါးကြင်းချဉ်စပ် ဟုတ်လား။ ဒါဆို ရှောင်မို... ငါ နင့်အတွက် မီးမွေးပေးရမလား"
ထုရှန်းကျင်းစီသည် ငါးကြင်းချဉ်စပ်ဆိုသည်မှာ ဘာမှန်းမသိသော်လည်း ဟင်းချက်ရသည်က အလွန်ပျော်စရာကောင်းသည်ဟု ထင်မှတ်ထားသဖြင့် ရှောင်မိုကိုကူညီရန် ပျော်ရွှင်စွာဖြင့် ရှေ့သို့ ခုန်ဆွခုန်ဆွ သွားလိုက်လေတော့သည်။
"ဒီဟာက..." ရှောင်မို အနည်းငယ် တုံ့ဆိုင်းသွားချေပြီ။ "သခင်မလေးကို ဒီလိုကြမ်းတမ်းတဲ့ အလုပ်တွေ ဘယ်လိုလုပ် ပေးလုပ်လို့ရမှာလဲ"
"မှန်ပါတယ် သခင်မလေး" ထိုအချိန်တွင် ယွဲ့ရှီကလည်း သူမကိုဖျောင်းဖျရန် အလျင်အမြန် ရှေ့သို့တိုးလာခဲ့လေ၏။ "မီးမွေးတာကို ကျွန်မ လုပ်ပေးပါ့မယ်။ သခင်မလေးက ဟင်းချက်ပြီးတဲ့အထိ ဘေးကနေ ထိုင်စောင့်နေရုံပါပဲ"
"မလုပ်ဘူး။ မီးမွေးတာ ဘာဖြစ်လို့လဲ။ ငါလည်း လုပ်တတ်ပါတယ်။ အရင်တုန်းက ရှောင်မို မီးမွေးတာကို ငါ ခဏခဏ မြင်ဖူးတယ်လေ။ ဒါကြောင့် သူ့ကို ငါ ကူညီချင်တယ်"
ထုရှန်းကျင်းစီက သူမ၏နှုတ်ခမ်းလေးကို ဆူလိုက်ပြီး ခေါင်းမာချင်သည့်ဟန် အနည်းငယ် ပြသလိုက်လေသည်။
ထုရှန်းကျင်းစီ၏ ဇွတ်တရွတ်လုပ်ချင်နေသော အမူအရာကို မြင်သောအခါ ရှောင်မိုရော ယွဲ့ရှီပါ သူမ၏ခေါင်းမာတတ်သည့် အကျင့်ကို သိထားသဖြင့် ဘာမျှထပ်မပြောနိုင်တော့ဘဲ သူမသဘောအတိုင်းသာ လွှတ်ထားပေးလိုက်ရလေတော့သည်။
သူတို့ အလျှော့ပေးသွားသည်ကို မြင်သောအခါ ထုရှန်းကျင်းစီသည် မီးဖိုဆီသို့ အလျင်စလို ပြေးသွားပြီး အလုပ်ရှုပ်နေတော့ကာ ယွဲ့ရှီကလည်း ဘေးမှနေ၍ ကူညီပေးရလေ၏။
များမကြာမီ မီးဖိုထဲမှ မီးတောက်များက မြင့်တက်လာပြီး မိန်းကလေးငယ်၏ ဖြူဖွေးနူးညံ့သော မျက်နှာလေးပေါ်တွင် ရောင်ပြန်ဟပ်နေချေပြီ။
မိန်းကလေးငယ်က မီးဖိုထဲမှ မီးတောက်များကို ကြည့်ကာ တစ်ခါတစ်ရံ ထိုးဆွကစားနေရင်း အလွန်အမင်း ပျော်ရွှင်နေလေတော့သည်။
လမင်းရေကန်ထဲမှ ငါးကြင်းသည် တန်ဖိုးကြီးမားသော ဝိညာဉ်ငါးတစ်ကောင် မဟုတ်သော်ငြားလည်း သာမန်ငါးကြင်းတစ်ကောင်လည်း မဟုတ်သည့်အပြင် ညှီနံ့လုံးဝနီးပါး မရှိသောကြောင့် ရှောင်မိုအနေဖြင့် အနံ့ပျောက်အောင်ပင် လုပ်စရာ မလိုခဲ့ချေ။
ဓားရာများပေးပြီးနောက် ငါးကို ဂျုံမှုန့်များသိပ်ကာ မုန့်နှစ်များ ပြင်ဆင်ပြီးသွားသောအခါ ရှောင်မိုက ဒယ်အိုးထဲသို့ ဆီများကို တိုက်ရိုက်လောင်းထည့်လိုက်လေ၏။
ရှောင်မိုက ငါး၏ပါးစပ်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ နောက်လက်တစ်ဖက်ဖြင့် အမြီးကိုကိုင်ထားပြီး ဓားရာများပုံစံကျသွားစေရန် ငါး၏ကိုယ်လုံးကို ဆီထဲသို့ ဦးစွာနှိမ့်ချကာ စက္ကန့်အနည်းငယ်ခန့် ကြော်လိုက်ပြီးနောက် ငါး၏ခန္ဓာကိုယ်ကို လေးကိုင်းပုံသဏ္ဍာန်ဖြစ်အောင် ဖြည်းညင်းစွာ ကွေးညွှတ်လိုက်လေသည်။
သူက ဒယ်အိုးထဲတွင် ငါး၏ခေါင်းနှင့်အမြီးကို အပေါ်သို့မော့ထားစေပြီး ဟင်းခပ်ဇွန်းကို အသုံးပြု၍ ငါး၏ကိုယ်လုံးပေါ်သို့ ဆီပူများကို အဆက်မပြတ်လောင်းချနေခဲ့သည်။ တစ်ချိန်တည်းမှာပင် အနှံ့အစပ် ကြွပ်ရွသွားစေရန် ငါး၏ပါးစပ်၊ ပါးဟက်များနှင့် ဗိုက်တို့ကိုပါ သေချာစွာ ဟထားရန် အလွန်အမင်း ဂရုစိုက်နေခဲ့ပေသည်။
ဘေးတွင်ရပ်နေသော ယွဲ့ရှီကလည်း ရှောင်မို ဟင်းချက်နေသည်ကို သိချင်စိတ်အပြည့်ဖြင့် ကြည့်ရှုနေလေ၏။
ဤကဲ့သို့သော ဟင်းချက်သည့်ပုံစံမျိုးကို သူမ မြင်တွေ့ဖူးသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။
ရှောင်မိုက ကြော်ထားသောငါးကို ပန်းကန်ပြားတစ်ခုပေါ်တွင် တင်လိုက်ပြီး ချဉ်စပ်ဆော့စ်ရည်များကို အပေါ်မှ လောင်းချလိုက်သောအခါ အလွန်ပင် စားချင်စရာကောင်းနေတော့သည်။
"ဝါး... ရှောင်မို... ဒီငါးက တအားလှတာပဲ" ထုရှန်းကျင်းစီက သူမ၏လက်သေးသေးလေးကို ဆန့်တန်းကာ ဟင်းတစ်ခွက်အဖြစ် ပြောင်းလဲသွားပြီဖြစ်သော ငါးကြင်းကို ထိုးဆွလိုက်လေ၏။
"မဆိုးပါဘူး။ ဒီတစ်ခါ အတော်လေး အောင်မြင်ပုံရတယ်" ရှောင်မိုသည်လည်း သက်ပြင်းတစ်ချက် ချလိုက်ပေသည်။ အနည်းဆုံးတော့ အပြင်ပန်းအသွင်အပြင်အရ အရသာကလည်း ကောင်းမွန်မည့်ပုံပေါ်လေ၏။ "သခင်မလေး မြည်းကြည့်ချင်လား"
"စားမယ်လေ"