အခန်း ၅၂၄
Vol. 53 Ch. 524
အခန်း (၅၂၄)
ထုရှန်းကျင်းစီက ခေါင်းကို သွက်လက်စွာ ညိတ်ပြလိုက်လေ၏။
ရှောင်မိုက ငါးအသားအနည်းငယ်ကို ဖဲ့ယူကာ ချဉ်စပ်ဆော့စ်ရည်နှင့် ရောနယ်ပေးလိုက်ပြီးနောက် ထုရှန်းကျင်းစီက တူဖြင့်ညှပ်၍ တစ်လုတ် စားလိုက်လေတော့သည်။
ငါးအသားလေး သူမ၏ပါးစပ်ထဲသို့ ရောက်ရှိသွားသည်နှင့်တပြိုင်နက် ထုရှန်းကျင်းစီ၏ လှပသောမျက်လုံးလေးများက ပျော်ရွှင်ကြည်နူးစွာဖြင့် မှေးစင်းသွားချေပြီ။
"စားလို့ကောင်းရဲ့လား" ရှောင်မိုက မေးလိုက်လေ၏။
"အင်း... အရမ်းစားလို့ကောင်းတာပဲ" ထုရှန်းကျင်းစီက ပျော်ရွှင်စွာဖြင့် ပြောလိုက်ပေသည်။ "ဒီလောက်အရသာရှိတဲ့ငါးမျိုးကို ငါ တစ်ခါမှ မစားဖူးဘူး"
"သခင်မလေး စားလို့ကောင်းတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ"
ရှောင်မိုကိုယ်တိုင်လည်း တစ်လုတ်မျှ မြည်းစမ်းကြည့်လိုက်လေ၏။
သူ၏လက်ရာက တကယ်ပင် မဆိုးလှကြောင်း ခံစားမိသော်ငြားလည်း ကျင်းစီ ပြောသလောက်ကြီးတော့ အမွှမ်းတင်ချဲ့ကားစရာ မရှိလှပေ။
သို့ရာတွင် ဤငါးမှာ ကျင်းစီ ကိုယ်တိုင် ဖမ်းဆီးခဲ့သောငါးဖြစ်နေသည့်အပြင် မီးမွေးရာတွင်လည်း သူမကိုယ်တိုင် ပါဝင်အားဖြည့်ပေးခဲ့သဖြင့် ထိုသို့ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ရမှုခံစားချက်လေးက သဘာဝကျကျပင် အရသာကို ပိုမိုကောင်းမွန်သွားစေခြင်း ဖြစ်လေတော့သည်။
ထုရှန်းကျင်းစီတစ်ယောက် မြိန်ရေယှက်ရေ စားသောက်နေစဉ်မှာပင် ရှောင်မိုက သူ၏ဝတ်ရုံထဲမှ လက်ကောက်တစ်ကွင်းကို ထုတ်ယူလိုက်ချေပြီ။
ထုရှန်းကျင်းစီက မြစိမ်းရောင်လက်ကောက်လေးကို မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ကြည့်လိုက်ပြီးနောက် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေ၏။ "ရှောင်မို... ဒါက"
"ဒါကလည်း သခင်မလေးအတွက် ငါပေးတဲ့ မွေးနေ့လက်ဆောင်ပါပဲ"
ရှောင်မိုက အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် သူ၏ခေါင်းကို ကုတ်လိုက်ပေသည်။
"ဒီကာလတွေအတွင်းမှာ ငါ့လစာလေးနည်းနည်းကို စုဆောင်းထားပြီး ဆရာနျူကို အကူအညီတောင်းကာ ကျောက်စိမ်းလက်ကောက်ကြမ်းတစ်ကွင်း ဝယ်ခိုင်းလိုက်တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မီးဖိုဆောင်ခြံဝင်းထဲမှာ ကျောက်သွေးတဲ့ ဘူးသီးပုံစက်လေးတစ်ခု ရှိနေတာနဲ့ ငါ အဲဒါကိုသုံးပြီး ဒီလက်ကောက်လေးကို နေ့တိုင်း တိုက်ချွတ်အရောင်တင်ခဲ့တာလေ"
"ဒါပေမဲ့ ကြည့်ရတာ သိပ်တော့လှချင်မှ လှမှာပါ... ပြီးတော့ သုံးထားတဲ့ ကျောက်စိမ်းအမျိုးအစားကလည်း အတော်လေးကို သာမန်ဆန်လွန်းတယ်။ တကယ်လို့ သခင်မလေး မကြိုက်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ နောက်အခွင့်အရေးရရင် သခင်မလေးအတွက် ဒီထက်ပိုကောင်းတဲ့ဟာကို ငါ လက်ဆောင်ပေးပါ့မယ်"
"ဟင့်အင်း... အရမ်းလှတာပဲ"
ရှောင်မိုက လက်ကောက်ကို ပြန်သိမ်းသွားမည်ကို စိုးရိမ်သဖြင့် ထုရှန်းကျင်းစီက လျင်မြန်စွာပင် ဆွဲလုယူလိုက်ပြီးနောက် သူမ၏လက်ဖဝါးထက်တွင်တင်ကာ အလေးအနက် စူးစိုက်ကြည့်နေတော့သည်။ ကြည့်လေကြည့်လေ သူမ ပို၍သဘောကျလေပင် ဖြစ်လာချေပြီ။
"ရှောင်မို... ငါ့ကို ဝတ်ပေးပါဦး" ထုရှန်းကျင်းစီက ကြာစွယ်လေးအလား ဖြူဖွေးနူးညံ့နေသော လက်မောင်းလေးကို ဆန့်တန်းပေးလိုက်လေ၏။
"အင်းပါ"
ရှောင်မိုက ကျောက်စိမ်းလက်ကောက်လေးကို ကောက်ကိုင်လိုက်ပြီး သူမ၏လက်ကောက်ဝတ်လေးထက်သို့ ညင်သာစွာ စွပ်ပေးလိုက်ပေသည်။
"ဘယ်လိုလဲ... လှရဲ့လား"
ထုရှန်းကျင်းစီက သူမ၏လက်ကောက်ဝတ်လေးကို မြှောက်ကာ ပျော်ရွှင်စွာ ပြသလိုက်လေ၏။ မြစိမ်းရောင် ကျောက်စိမ်းလက်ကောက်လေးနှင့် ထုရှန်းကျင်းစီ၏ နှင်းပွင့်အလား ဖြူဖွေးနေသော လက်ကောက်ဝတ်လေးတို့က တစ်ခုနှင့်တစ်ခု အပြည့်အဝ အလိုက်ဖက်ဆုံးဖြစ်နေပြီး မှိန်ပျပျ လရောင်အောက်တွင် သိမ်မွေ့စွာ တောက်ပနေလေတော့သည်။
"အင်း... လှတယ်" ရှောင်မိုက ခေါင်းညိတ်ပြလိုက်ပေသည်။
"ဟီးဟီးဟီး..." ထုရှန်းကျင်းစီက အစေခံမလေးယွဲ့ရှီထံသို့ ပျော်ရွှင်စွာ ပြေးသွားပြီး ကြည်နူးစွာ မေးလိုက်လေ၏။ "အစ်မယွဲ့ရှီ... ကြည့်ပါဦး။ ရှောင်မိုပေးတဲ့ ငါ့ရဲ့မွေးနေ့လက်ဆောင်လေး လှရဲ့လားဟင်"
"လှတာပေါ့" ယွဲ့ရှီက အနည်းငယ် ပြုံးလိုက်ပေသည်။ "သခင်မလေးက ဘာပဲဝတ်ဝတ် လှပနေတာပါပဲရှင်"
ထုရှန်းကျင်းစီက ရှောင်မိုထံသို့ တစ်ဖန် ပြန်လည်ပြေးလာခဲ့ပြီး ပေါ့ပါးလန်းဆန်းစွာဖြင့် ပြောလိုက်ချေပြီ။ "ကြည့်... ရှောင်မို။ နင်ကလည်း လှတယ်လို့ ထင်တယ်။ အစ်မယွဲ့ရှီကလည်း လှတယ်လို့ပြောတယ်။ ပြီးတော့ ငါကိုယ်တိုင်ကလည်း အရမ်းလှတယ်လို့ ခံစားရတယ်။ ဒါကြောင့် ဒီလက်ကောက်လေးက လုံးဝကို အရုပ်မဆိုးပါဘူး။ ဒါက လောကကြီးပေါ်မှာရှိတဲ့ လက်ကောက်တွေအားလုံးထက်ကို ပိုလှတယ်။ ငါ ဒီလက်ကောက်လေးကို သေသေချာချာ တယုတယနဲ့ သိမ်းထားမှာပါ"
"သခင်မလေးကတော့ အရမ်းတွေ မြှောက်ပင့်ပြောနေပါပြီ။ ဒီလက်ကောက်လေး ကျိုးပဲ့သွားရင်တောင် ကိစ္စမရှိပါဘူး။ ဒါက သာမန်လက်ကောက်လေးတစ်ကွင်းပဲဟာကို" ရှောင်မိုက ပြုံးလျက် ပြောလိုက်လေ၏။
"လုံးဝ သာမန်မဟုတ်ပါဘူးနော်။ နင့်ဘာသာနင် အဲဒီလိုပြောတာကိုတောင် ငါ ခွင့်မပြုနိုင်ဘူး"
ထုရှန်းကျင်းစီက သူမ၏ပန်းသွေးရောင် ပါးမို့မို့လေးများကို ဖောင်းကားလိုက်ရာ အနည်းငယ် စိတ်ကောက်နေသည့်အသွင် ပေါက်နေလေတော့သည်။
"ဒါပေမဲ့ တကယ်ကို ဈေးထဲမှာ ပေါပေါများများတွေ့ရတဲ့ သာမန်လက်ကောက်ကြမ်းလေးပါပဲဆို" ရှောင်မိုက ပြောလိုက်ပေသည်။
"အဲဒီတော့ ဘာဖြစ်လဲ"
ထုရှန်းကျင်းစီက သူမ၏လှပသော ခေါင်းလေးကို မော့လိုက်ပြီး လက်ကောက်လေးဝတ်ဆင်ထားသော နှင်းပွင့်အလား ဖြူဖွေးသည့် လက်ကောက်ဝတ်လေးကို ရင်ခွင်ထဲတွင် မြတ်နိုးစွာ ပိုက်ထွေးထားလိုက်လေ၏။
"နင့်ဘာသာနင် ကိုယ်တိုင် ပြုလုပ်ထားတာလေ"
"ဒါကြောင့်မလို့ကို လုံးဝကို သာမန်မဆန်တော့တာပေါ့"
မိစ္ဆာကမ္ဘာ၏ မြောက်ဘက်ပိုင်းဒေသတွင် နယ်မြေတစ်ခုရှိလေ၏။
ဤနယ်မြေအတွင်း၌မူ မိုင်ပေါင်းတစ်သောင်းခန့် ရှည်လျားကျယ်ပြန့်စွာ သွယ်တန်းနေသော အကြီးအသေး တောင်ထွတ်ပေါင်း သောင်းနှင့်ချီ၍ ရှိနေပေသည်။
ပြီးတော့ ထိုတောင်ထွတ်ပေါင်းသောင်းချီထဲမှ တစ်ခုသောတောင်ထွတ်သည် မြင့်မားမတ်စောက်လှသော တောင်တန်းကြီးများ၏ အလယ်ဗဟိုတွင် တည်ရှိနေပြီး ပြင်ပလောကကြီးနှင့် အဆက်အသွယ်ပြတ်တောက်ကာ အထီးကျန်နေသည့်အလား ထင်မှတ်ရလေတော့သည်။
ထိုတောင်၏အမည်ကား ရွှင်ရှန်းတောင် ပင်ဖြစ်လေ၏။
ထိုတောင်ထွတ်၏အထွတ်အထိပ်တွင် တာအိုကျောင်းတော် တစ်ခုရှိပေသည်။
ထိုကျောင်းတော်မှာ ရွှင်ရှန်းကျောင်းတော် ပင်ဖြစ်ချေပြီ။
၎င်းကျောင်းတော်တွင် တပည့်များ သိပ်မများပြားလှပေ။
ကျောင်းထိုင်ဆရာတော် အပါအဝင်မှ စုစုပေါင်း လူငါးဆယ်ခန့်သာ ရှိလေ၏။
ဤကျောင်းတော်၏ ကိုးကွယ်ယုံကြည်သူ အလှူရှင်များက မည်မျှများပြားကြောင်း ပြောရမည်ဆိုပါက တကယ်တမ်းတွင် များပြားလှသည်တော့ မဟုတ်ချေ။
သို့ရာတွင် မည်မျှဆိုးရွားနေသနည်းဟု ပြောရမည်ဆိုလျှင်လည်း ပွဲတော်ရက်များနှင့် အားလပ်ရက်များ၌ ရွာသားအချို့က တောင်ပေါ်သို့တက်လာကာ ကျောင်းတော်၏ ပုံမှန်ကူညီစောင်မမှုများအတွက် ကျေးဇူးတင်ကြောင်း လာရောက်အရိုအသေပေးလေ့ရှိကြပြီး ဆန်၊ အသား အနည်းငယ်နှင့် အမွှေးတိုင်ဖိုး အနည်းငယ်ကို လှူဒါန်းလေ့ရှိကြပေသည်။
သို့သော်လည်း အချိန်အများစုတွင်မူ ကျောင်းတော်မှ တပည့်များသည် တောင်အောက်သို့ဆင်းကာ မကောင်းဆိုးဝါးများကို နှင်ထုတ်ပေးခြင်း၊ သားဖွားပေးခြင်းနှင့် ရွာသားများအတွက် ဆေးဝါးကုသပေးခြင်းတို့ကိုသာ ပြုလုပ်လေ့ရှိကြလေ၏။
ရွာသားများအနေဖြင့် တောင်ပေါ်မှ ထိုတာအိုကျင့်ကြံသူများက မည်မျှအထိ အစွမ်းထက်ကြကြောင်းကို အတိအကျ မသိရှိကြပေ။
သူတို့ သိရှိထားသည်မှာ တောင်ပေါ်ရှိ ထိုကျောင်းထိုင်ဆရာတော်သည် သူတို့အဘိုး၏ အဘိုး၏ အဘိုးခေတ်ကတည်းက ရှိနေခဲ့သည်ဆိုခြင်းကိုသာ ဖြစ်လေတော့သည်။
တစ်ည၌မူ ရွာသားများအားလုံး မိမိတို့၏အိမ်များသို့ ပြန်လည်ရောက်ရှိကာ အနားယူနေကြစဉ်တွင်ပင်။
ရုတ်တရက် ရွှင်ရှန်းတောင်ပေါ်မှ ကြက်သွေးရောင် အလင်းတန်းတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး တိမ်တိုက်များကြားထဲသို့ ပျောက်ကွယ်သွားချေပြီ။
"အဘိုးကြီး... မြန်မြန်ကြည့်စမ်း။ အဲဒါကြီးက ဘာကြီးလဲ"
ရွာထဲရှိ အမျိုးသမီးတစ်ဦးက ကုတင်တစ်ခုတည်း၌ အတူအိပ်ပျော်နေသော သူမ၏ခင်ပွန်းသည်ကို အလျင်စလို လှုပ်နှိုးလိုက်လေ၏။
"အို... ဘုရားရေ"
ခင်ပွန်းဖြစ်သူက အိပ်ချင်မူးတူးဖြင့် မျက်လုံးများကိုဖွင့်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သောအခါ အိပ်မက်မက်နေသကဲ့သို့ပင် ခံစားလိုက်ရပေသည်။
အရောင်အသွေးစုံလင်လှသော ကြက်သွေးရောင်အလင်းတန်းကြီးသည် ရေလှိုင်းဂယက်များအလား တိမ်လွှာများကြားထဲတွင် စက်ဝိုင်းတစ်ခုပြီးတစ်ခု ဖြတ်သန်းလှိုင်းထနေပြီး နောက်ဆုံးတွင်မှ ပျောက်ကွယ်သွားလေတော့သည်။
ကျောင်းတော်၏ ပင်မခန်းမဆောင်အတွင်း၌မူ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် သူမ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ကြက်သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာရာ အရပ်ဆီသို့ ကြည့်ရှုလိုက်ချေပြီ။
"ဆရာ... ဂိုဏ်းတူညီမလေးဘက်မှာ တစ်ခုခုများ ဖြစ်သွားလို့လား"
အကြီးဆုံးတပည့်ဖြစ်သူက ပင်မခန်းမဆောင်အတွင်းသို့ ပြေးဝင်လာကာ သူ၏ဆရာဖြစ်သူအား စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်လေ၏။
"ဘာမှမဖြစ်ပါဘူး။ မင်းတို့တာဝန် မင်းတို့ ဆက်လုပ်နေကြပါ"
အမျိုးသမီး ကျောင်းထိုင်ဆရာတော်က ခေါင်းခါယမ်းလိုက်ပြီး ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပေသည်။
ထိုခြေတစ်လှမ်းတည်းဖြင့်ပင် အမျိုးသမီးက ပင်မခန်းမဆောင်အတွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး တောင်ခါးပန်းရှိ ခြံဝင်းတစ်ခု၏ရှေ့မှောက်သို့ ရောက်ရှိသွားလေတော့သည်။
ခြံဝင်းအတွင်း၌ အသက်ခြောက်နှစ်ပြည့်ခါစ မိန်းကလေးငယ်တစ်ဦးက မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်နေလေ၏။
မိန်းကလေးငယ်၏ ဘေးပတ်လည်တွင်တော့ သူမ၏ကျင့်ကြံခြင်းလမ်းစဉ်ကို ကာကွယ်ပေးရန်နှင့် ဝိညာဉ်စွမ်းအင်များကို စုဆောင်းပေးရန်အတွက် မှော်ဝင်္ကပါ အစီအရင်အမျိုးမျိုးကို ခင်းကျင်းထားပေသည်။
ခြံဝင်းအတွင်းရှိ ဝိညာဉ်စွမ်းအင်များက တဖြည်းဖြည်း ငြိမ်သက်သွားသောအခါ မိန်းကလေးငယ်က သူမ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ချေပြီ။
"ဆရာ"
ဆရာဖြစ်သူ ရောက်ရှိလာသည်ကို မြင်သောအခါ မိန်းကလေးငယ်က ရှေ့သို့ အလျင်အမြန် ပြေးလာခဲ့ပြီး အရိုအသေပေးလိုက်လေ၏။
"မဆိုးပါဘူး။ အသက်ခြောက်နှစ်ပြည့်ခါစလေးနဲ့ ချီသန့်စင်ခြင်းအဆင့်ရဲ့ ဒသမအဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့အပြင် ဒီလိုမျိုး ထူးကဲတဲ့ရူပါရုံကိုတောင် ဖြစ်ပေါ်စေနိုင်ခဲ့တယ်။ ဒီလိုပါရမီမျိုးက မိစ္ဆာကမ္ဘာတစ်ခုလုံးမှာတောင် တကယ်ကို ရှားပါးလွန်းပါတယ်" ကျောင်းထိုင်ဆရာတော်က ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်ပေသည်။
"ဒါတွေအားလုံးက ဆရာရဲ့ ပုံမှန် သွန်သင်လမ်းညွှန်မှုတွေကြောင့်ပါပဲရှင်" မိန်းကလေးငယ်က ပြောလိုက်လေ၏။
"ဒါက မင်းရဲ့နေ့စဉ်ဘဝမှာ အလုံအလောက် ကြိုးစားအားထုတ်ခဲ့လို့ပါပဲကွယ်"
ထိုသို့ပြောဆိုပြီးနောက် ကျောင်းထိုင်ဆရာတော်က သူမ၏ဝတ်ရုံထဲမှ မှန်တစ်ချပ်ကို ထုတ်ယူကာ မိန်းကလေးငယ်အား ကမ်းပေးလိုက်လေတော့သည်။
"ဒီနေ့က သမီးရဲ့ မွေးနေ့ဆိုတော့ ဆရာ့မှာ သမီးအတွက်ပေးစရာ အထူးတလည် လက်ဆောင်ရယ်လို့ မရှိပါဘူး။ ဒါပေမဲ့ ဒီမှန်လေးကတော့ သမီးရဲ့ တာအိုနှလုံးသားကို နားလည်သဘောပေါက်ဖို့အတွက် အကျိုးရှိကောင်း ရှိလာနိုင်လိမ့်မယ်"
"ကျေးဇူးတင်ပါတယ် ဆရာ"
မိန်းကလေးငယ်က လက်ဆောင်ကို လှမ်းယူလိုက်ပြီး ဆရာဖြစ်သူပေးသော မှန်လေးထဲသို့ ပျော်ရွှင်စွာ ငုံ့ကြည့်လိုက်ချေပြီ။
မှန်ထဲရှိ မိန်းကလေးငယ်လေးသည် သိမ်မွေ့လှပသော မျက်နှာသွင်ပြင်၊ နီစွေးသော နှုတ်ခမ်းလေးများနှင့် ဖြူဖွေးသောသွားလေးများကို ပိုင်ဆိုင်ထားပြီး သူမ ကြီးပြင်းလာပါက တိုင်းပြည်ကိုပင် မှောက်မှားစေနိုင်လောက်သည့် အလှတရားမျိုး ဖြစ်လာမည်မှာ သေချာပေါက်ပင် ဖြစ်လေ၏။
သို့သော် ထူးဆန်းသည်မှာ မှန်ထဲရှိ မိန်းကလေးငယ်သည် မသေမျိုးမြေခွေးမြို့တော်တွင်ရှိနေသော သူမနှင့် ရွယ်တူမိန်းကလေးငယ်လေးနှင့် တစ်ထပ်တည်း တစ်ပုံစံတည်း တူညီနေခြင်းပင် ဖြစ်လေတော့သည်။